🧑⚕️Chapter 59
ခွဲခန်းအတွင်းတွင်မူ အမှန်တကယ်ပင် ပူပန်နေရန်အတွက် အချိန်မရှိခဲ့ပေ။ ဆက်တိုက်ဆိုသလို ရင်ဘတ်ဖိနေခြင်းမှာ ရှန့်ဖန်းယွိ၏ခွန်အားကို ကုန်ဆုံးလုမတတ်ပင်ဖြစ်နေခဲ့ရသည်။
ဆရာဝန်တိုင်းလိုပင် ခွဲစိတ်ရာ၌ ကိုယ်ပိုင်အလေ့အကျင့်များရှိတတ်ကြရာ အမြဲလို အေးအေးချမ်းချမ်းဖြစ်နေခဲ့သော ရှန့်ဖန်းယွိ၏ခွဲစိတ်ခန်းမှာမူ ယခုတစ်ကြိမ်၌ အတော်လေးကြမ်းတမ်းနေခဲ့သည်။ ခွဲခန်းထဲရှိလူတိုင်း၏မျက်နှာများပေါ်တွင် လေးနက်သည့်အကြည့်များ ရှိနေကြကာ ဘယ်သူထံတွင်မှ ရယ်မောရန် အားအင်ကျန်မနေပေ။
ကယ်တင်ခြင်းလုပ်ငန်းစဉ်မှာ ယခုအချိန်၌ မယုံနိုင်လောက်အောင် ရှည်လျားပုံရသော်လည်း မျှော်လင့်ချက်ရောင်ခြည်သန်းမလာသေးချေ။
ဆေးဝါးအမျိုးမျိုးကို ထိုးပေးထားသောကြောင့် လူနာ၏အသိစိတ်မှာ မှုန်ဝါးနေခဲ့သည်။ ရှန့်ဖန်းယွိ သူ၏လက်နှစ်ဖက်စလုံးကို မခံစားနိုင်တော့သည့်အချိန်သို့ ရောက်သွားချိန်၌ ECG မော်နီတာပေါ်ရှိ နံပါတ်များမှာ နောက်ဆုံးတွင် တည်ငြိမ်သွားခဲ့သည်။
" ပြန်တက်လာပြီ…" ကျန်းချန် ပျော်ရွှင်မှုကြောင့် မျက်ရည်များပင် ကျဆင်းလာကာ " နှလုံးခုန်နှုန်းကော သွေးပေါင်ကော ပြန်တက်လာပြီ…"
ခုနစ်မိနစ်ဆက်တိုက် အသက်ကယ်ခြင်းလုပ်ငန်းစဉ်အပြီးတွင် လူနာ၏နှလုံးခုန်နှုန်းမှာ ပြန်လည်ကောင်းမွန်လာကာ သွေးပေါင်ချိန်လည်း 150/110 mmHg သို့တက်လာခဲ့ပြီး အချင်းမှာ သူ့အလိုလိုပြတ်သွားခဲ့သည်။
" သူတို့ကို vasoactiveဆေးတွေနဲ့ ထိန်းသိမ်းထားလိုက်…" ရှန့်ဖန်းယွိ လက်ကို လွှတ်လိုက်ချိန်၌ သူ၏ရှည်လျားသော မျက်တောင်များမှပင် မတားဆီးနိုင်ဘဲ သူ၏မျက်လုံးထဲသို့ ချွေးများစီးကျလာခဲ့သည်။ စူးစူးရှရှခံစားချက်ကြောင့် မျက်လုံးများကိုမှိတ်ထားလိုက်ရာ အသက်ကို ဖြည်းညင်းစွာ ရှုသွင်းရှုထုတ်လိုက်ပြီး ဘေးတွင်ရှိနေသောအကူကို ပြောလိုက်သည်။
" ချွေးသုတ်ပေးဦး…"
သူနာပြုမှ သူ၏နဖူးနှင့်မျက်လုံးမှ ချွေးများကိုသုတ်လာပေးသောကြောင့် အမြန်ပြန်လည်ကြည်လင်သွားသဖြင့် ရှန့်ဖန်းယွိ သူ၏လက်များကိုကို ပြန်လည်ပိုးသတ်လိုက်ကာ ချုပ်အပ်ကို ကောက်ယူလိုက်သည်။
Haymanသားအိမ်ပတ်တီးများမှ လူနာ၏သွေးထွက်ခြင်းကို တားဆီးပေးထားကာ ကယ်တင်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်လိုက်သည်နှင့် မော်နီတာမှဝမ်ချီ၏အချက်ပြနှုန်းများမှာ အဆုံးတွင် တည်ငြိမ်သွားခဲ့ပြီး အောက်စီဂျင်မှာ ပြန်လည်တက်လာခဲ့သည်။
" အတွင်းပိုင်းသွေးထွက်နေတာတွေကို ရှာလိုက်…"
ကြွက်သားများမှာ ခရမ်းရင့်ရောင်သန်းနေပြီး ဒဏ်ရာမျက်နှာပြင်ပေါ်တွင် ထိခိုက်မိကြောင့် သွေးထွက်နေခဲ့ရာ ကျန်းချန် ပြန်ဖြေလိုက်သည်။ " ဒီမှာ ကြွက်သားတွေကနေ သွေးထွက်နေတာရှိတယ်…အရေပြားအောက်မှရောပဲ…"
ရှန့်ဖန်းယွိ ခဏကြာ တိတ်ဆိတ်သွားပြီးမှ " သားအိမ်အစိတ်အပိုင်းဖယ်ထုတ်ဖို့အတွက် ပြင်ထားလိုက်… မိသားစုကိုခွဲစိတ်မှုအတွက် လက်မှတ်ထိုးခိုင်းလိုက်ချည်…"
နှစ်နာရီကြာပြီးနောက် သေဆုံးခြင်းတံခါးဝသို့ပင် ရောက်သွားခဲ့ရသည့်လူနာမှာ ခွဲခန်းထဲမှ ထွက်လာနိုင်ကာ သူမကို အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်လိုက်ကြသည်။
ဝမ်ချီလျင်မြန်စွာထွက်လာပြီးနောက် လူအုပ်ကြီးမှာ တဖြည်းဖြည်းကွဲသွားခဲ့သည်။
တံခါးဝမှ ဆူညံသံများထွက်ပေါ်လာချိန်တွင် ကျန်းရွှိ မော့ကြည့်လိုက်ရာ သူ၏မျက်လုံးများမှာ အဝတ်လဲခန်းအတွင်းဝင်လာသောရှန့်ဖန်းယွိနှင့် ရုတ်တရက်ဆုံတွေ့သွားခဲ့သည်။
ရှန့်ဖန်းယွိ ပင်ပန်းနေပုံရကာ သူ၏အစိမ်းရောင်ဝတ်စုံမှာ ချွေးများရွှဲနစ်နေသည်။ သူ၏ဆံပင်များကို ဖုံးကွယ်ထားသည့် အပြာရောင် ခွဲစိတ်ခန်းသုံးခေါင်းဆောင်းတွင်မူ ချွေးစေးများ အနည်းငယ်ထွက်နေခဲ့သည်
ရှန့်ဖန်းယွိ ကျန်းရွှိကို တွေ့လိုက်ချိန်၌ အသံထွက်မလာခဲ့ရုံသာမက အံ့ဩသွားသည့်အမူအယာပင် မပြခဲ့ချေ။ သူ ကျန်းရွှိထံသို့ တည့်တည့်မလျှောက်သွားမီ နေရာတွင် ခေတ္တရပ်နေခဲ့ကာ အသာအယာထိုင်ချလိုက်ပြီး အကြည့်ချင်းဆုံတွေ့လိုက်သည်။
လူနှစ်ယောက်မှာ အဝတ်လဲခန်းထောင့်တွင် တစ်ဦးကိုတစ်ဦး တိတ်တဆိတ် စိုက်ကြည့်နေကြကာ မည်သူကမျှ စကားစမပြောခဲ့ပေ။
အချိန်အတန်ကြာပြီးနောက် ကျန်းရွှိ လက်ကိုဆန့်ကာ ရှန့်ဖန်းယွိ၏နှာခေါင်းစီးကို ညင်သာစွာချွတ်ပေးလိုက်သည်။ ရှန့်ဖန်းယွိ ၏ဖြူဖျော့နေသောမျက်နှာတွင် နှာခေါင်းစည်းကြောင့် အနီရောင်အမှတ်များကျန်ခဲ့နေခဲ့ကာ အပူဒဏ်ကြောင့် သူ၏မျက်နှာအောက်ပိုင်းတစ်ခြမ်းလုံးမှာ ပုံမှန်မဟုတ်စွာ နီမြန်းနေခဲ့သည်။
ရှန့်ဖန်းယွိ သူ့ကိုသာဆက်ကြည့်နေကာ စကားမပြောမိခင်အထိ ကျန်းရွှိမှာ နှာခေါင်းစည်းချွတ်ပေးခြင်းနှင့် သူ၏မျက်နှာကို လက်ဖဝါးဖြင့်ထိလာသည်ကို ခွင့်ပြုပေးထားခဲ့သည်။
" ကျန်းရွှိ ငါအရမ်းပင်ပန်းတာပဲ…"
" သူ့ကိုကယ်ခဲ့လား…" ကျန်းရွှိ နူးညံ့စွာမေးလိုက်သည်။
ရှန့်ဖန်းယွိ မျက်လုံးကိုလှိမ့်ကာ ပြောလိုက်သည်။ " ဒါပေါ့ သူ့ကိုကယ်နိုင်ခဲ့တယ်…"
ကျန်းရွှိ တစ်ခုမှမပြောနိုင်ခင် ပင်ပန်းသည်ဟု ညည်းညူထားသောရှန့်ဖန်းယွိမှ ရုတ်တရက်သူ၏လက်ကိုကိုင်ကာ ကြမ်းပြင်ပေါ်မှဆွဲထူလိုက်သည်။ ကျန်းရွှိ ရုတ်တရက်လန့်သွားရပြီး " ဘာလုပ်နေတာလဲ…"
" ဘယ်သူကမင်းကိုကြမ်းပေါ်မှာ ထိုင်ခိုင်းထားလို့လဲ.." တိတ်ဆိတ်နေသည့်အချိန်မှာ သက်တမ်းတိုခဲ့ပြီး ရှန့်ဖန်းယွိရုတ်တရက်ဆိုသလို အားအင်ပြည့်ဝလာပုံပင်။ " အဝတ်လဲခန်းထဲမှာ ခုံတွေအများကြီးရှိတာကို ကြမ်းပေါ်မှာမှ ထိုင်နေရတယ်လို့… ငါကြားခဲ့တာက ငါ့ကိုကာကွယ်ပေးရင်းကနေ လူနာရှင်မိသားစုနဲ့စကားများခဲ့သေးတယ်ဆို…အဲဒီလူနာနဲ့မှန်း ငါဘယ်လိုလုပ်ပြီး မသိဘဲနေမှာလဲ… မားဟောင်သာသိသွားရင်တော့ ငိုနေတော့မယ်…"
" ငါ့ကိုချပေး…" ကျန်းရွှိ မျက်မှောင်ကြုတ်ကာ ကြည့်နေပြီး သူ၏လက်များမှာ လက်သီးဆုပ်ရန်ပြင်နေခဲ့သည်။
အလွန်စိတ်ပင်ပန်းရသောခွဲစိတ်မှုပြီးပြီးချင်း အထိုးမခံချင်သောကြောင့် ရှန့်ဖန်းယွိ အနောက်သို့အနည်းငယ်ဆုတ်ကာ ကျန်းရွှိကို ခုံပေါ်တင်ပေးလိုက်ပြီး ခြိမ်းခြောက်ရန်လည်း မမေ့လျော့ခဲ့ချေ။ " နောက်တစ်ခါကြမ်းပြင်ပေါ်ထိုင်ရဲလို့ကတော့ ငါမင်းကိုချီပြီး တစ်ဆေးရုံလုံးပတ်ပေးလိုက်မယ်…"
" အသက်ရှင်ရတာပင်ပန်းနေရင်လည်း ပြောလေ… ဒေါသကြီးတဲ့လူနာရှင်တွေနဲ့စကားများတာ ဘာအကျိုးရှိလို့လဲ…သူတို့သာတကယ်ကွန်ပလိန်းတက်ချင်ရင် ကျန်းမာရေးကို သွားလိမ့်မှာပေါ့…အဲဒီမိသားစုက ပေါက်ကွဲလွယ်တာကို လီရှန့်ရဲ့သွားတောင် ကျွတ်တေ့ာမလိုဖြစ်သွားခဲ့တာကွ…" ရှန့်ဖန်းယွိ၏ နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားရသည်။ " ကံကောင်းလို့ မင်းမထိခိုက်သွားတာပေါ့…"
ကျန်းရွှိသည်လည်း လူနာရှင်မိသားစုနှင့်စကားမများချင်ပေ။ လူနာမှာ ခွဲခန်းအတွင်းသို့ ဝင်သွားချိန်အထိ အဆင်ပြေနေခဲ့ပြီး ရုတ်တရက် အသက်အန္တရာယ်ရှိသည့်အခြေအနေသို့ ရောက်လာခြင်းဖြစ်သည်။ မိသားစုဝင်များအနေဖြင့် လက်ခံရန်ခက်ခဲခြင်းနှင့် ဒေါသထွက်လာခြင်းမျိုးမှာ ဖြစ်လေ့ဖြစ်ထမရှိသောအရာမျိုးမဟုတ်ချေ။
သို့သော်လည်း အချို့သောအချက်များကြောင့် ဝမ်ချီ၏အမျိုးသားမှ ရှန့်ဖန်းယွိအကြောင်းပြောလာချိန်တွင် သူမကာကွယ်ဘဲမနေနိုင်ခဲ့ပေ။
သိသိသာသာပင် သူသည်ထိုကဲ့သို့စကားဖြင့် အချင်းများတတ်သူမျိုး မဟုတ်ချေ။
ကျန်းရွှိ ရှန့်ဖန်းယွိကို အကြည့်တစ်ချက်ပေးကာ မေးလိုက်သည် " လီရှန့်ကော ဘယ်လိုနေလဲ.."
" အိုး ငါ့ကြောင့်လို့ထင်နေတာ သူ့ကြောင့် လူနာရှင်မိသားစုနဲ့စကားများခဲ့တာပေါ့လေ …" ရှန့်ဖန်းယွိ ပြုံးလျက် နောက်ပြောင်လိုက်ကာ " သူကအဆင်ပြေပေမယ့် သူ့သွားကတော့ ဆိုးဆိုးဝါးဝါးထိသွားတယ်…နာမှာကော ကျွတ်ထွက်လာမှာကော ကြောက်နေတာနဲ့ အခုသူ့ရဲ့အပေါ်သွားအသစ်လုပ်ဖို့ပဲ လိုတော့တာ…"
ရှန့်ဖန်းယွိ စားပွဲပေါ်မှ ပါဆယ်ဘူးကို ကြည့်လိုက်ချိန်၌ ခေါင်းကိုငုံ့ကာ မေးလိုက်သည် " စားတော့မလား…"
ရှန့်ဖန်းယွိ ဘူးကိုယူကာ ပြန်နွှေးရန် အဖုံးကိုဖွင့်လိုက်ချိန်မှသာ ကျန်းရွှိဟင်းများအားလုံးဝမထိရသေးသည်ကို တွေ့ရှိသွားသည်။ " ဘာလို့မစားတာလဲ…မကောင်းလို့လား…"
ကျန်းရွှိ မျက်နှာသေဖြင့်သာ ကြည့်နေလိုက်သည်။
ရှန့်ဖန်းယွိ ချက်ချင်းလိုပင် သဘောပေါက်သွားခဲ့ကာ အနည်းငယ်သိမ်မွေ့စွာ ပြုံးလိုက်သည်။ " ကျန်းရွှိ မင်းဘာလို့ငါ့ကိုအရမ်းကြင်နာနေတာလဲ…"
ကျန်းရွှိ ထသွားမည်အလုပ်တွင် ရှန့်ဖန်းယွိ သူ့ကိုပြန်ဆွဲချလိုက်ပြီး " အိမ်ပြန်ရအောင်…" သူ၏ခန္ဓာကိုယ်ကို မတ်မတ်ထားကာ ကျန်းရွှိကိုကြည့်နေသည့် သူ၏မျက်လုံးများ လေးနက်နေခဲ့သည်
" ဟုတ်ပြီလား…"
ကျန်းရွှိ၏နှလုံးတစ်ချက်ထခုန်သွားကာ ရှန့်ဖန်းယွိ မျက်လုံးထဲမှအကြည့်ကြောင့် အနည်းငယ်ရှုပ်ထွေးနေသလို ခံစားလိုက်ရသည်။
မည်သို့ပင်ဖြစ်စေ ရှန့်ဖန်းယွိမှာ ဆက်၍ပြောနေတုန်းပင် " မင်းရဲ့အစာအိမ်လေး နည်းနည်းပိုကောင်းလာဖို့ အများကြီးအားထုတ်ခဲ့ရတာကို…အခုတော့ မင်းနေ့တိုင်း အစာအိမ်ကိုအပုပ်ခံနေတာ မြင်ရတာခက်ခဲလွန်းတယ်…ပြန်လာပြီးတော့ ဆရာဝန်မှာတဲ့အတိုင်း ကောင်းကောင်းစားပါနော် ဟုတ်ပြီလား…"
"....."
ကျန်းရွှိမှ " ဘယ်သူကမင်းကိုငါ့အစာအိမ်အကြောင်းစိုးရိမ်ခိုင်းနေလို့လဲ…"
" ဆရာဝန်ရဲ့အသိစိတ်ပေါ့ဟ ကျန်းရွှိရဲ့…ငါလည်းမတတ်နိုင်ဘူးလေ.."
" ယွီစန်းလည်း ကောင်းကောင်းစားတာမဟုတ်ဘူးလေ သူ့သွားပြီး ထိန်းချုပ်ပါလားနော်…"
" အပေါ်ကပဲကအနေအထားမမှန်ဘူးဆို အောက်ကပဲလည်း ကောင်းကောင်းကျက်မှာမဟုတ်ဘူးလေ…သူကဘယ်အရာမဆို မင်းရဲ့နမူနာအတိုင်းပဲလိုက်နေတာကို…အဲဒီတော့ ဒေါက်တာကျန်းရေ မင်းရဲ့ကျောင်းသားတွေအတွက် နမူနာကောင်းဖြစ်ဖို့ ပိုကောင်းတဲ့ရည်ရွယ်ချက်ပဲနော်…"
ကျန်းရွှိ သူ့ကိုကြည့်ကာ ပြောလိုက်သည် " ဒါဆိုလည်း နောက်တစ်ခါကြရင် မင်းရဲ့ကုတ်အင်္ကျီကို သေချာကြယ်သီးတပ်ဖို့ အမှတ်ရလိုက်ပေါ့… မင်းရဲ့ကျောင်းသားတွေက မင်းစီကပဲ သင်ယူနေကြတာလေ…ဒါရိုက်တာစီကတောင် အကြိမ်ရေတစ်ချို့ ဝေဖန်ခံရသေးတယ်.."
" မင်းက မှန်ကန်တဲ့နည်းလမ်းကိုသိနေတော့လည်း…" ရှန့်ဖန်းယွိ ပျင်းတိပျင်းရွဲ့ဖြင့် ပြောလိုက်သည် " ငါ့ကိုကူလုပ်ပေးလေ…"
" မင်းဒီလောက်အရှက်မရှိမှ ဖြစ်မှာလား…"
" ငါ့အတွက် ချွတ်ပေးလို့ရပြီးတော့ ပြန်ဝတ်ပေးဖို့တော့ မဖြစ်နိုင်ဘူးပေါ့…"
" ရှန့် ဖန်း ယွိ "
ကျန်းရွှိ ထရပ်လိုက်ချိန်၌ ရှန့်ဖန်းယွိ၏သူ့ကိုအောင်အောင်မြင်မြင်စနောက်နိုင်သောအပြုံးကြီးနှင့် ဆုံတွေ့လိုက်ရသည်။ ထို့နောက် ရှန့်ဖန်းယွိမှ " ကောင်းပြီ ကောင်းပြီ ကောင်းပြီ မင်းအဲဒီနေ့တုန်းက မချွတ်ခဲ့ပါဘူး ငါ့ဟာငါပဲ ချွတ်ခဲ့တာပါ…"
ကျန်းရွှိ အသက်ရှူကျပ်လာသလို ခံစားလိုက်ရသည်။
ရှန့်ဖန်းယွိ သူ၏ရှေ့တွင်ရပ်ကာ စနောက်နိုင်သည်အထိ သူတို့ချင်းရင်းနှီးနေပြီဟူသော အထင်မှားမှုမျိုးဖြစ်အောင် သူမည်သည့်အရာကိုလုပ်ခဲ့မိသည်အား မသိတော့ပေ။
သူ့ကိုပို၍စိတ်တိုစေသည့်အချက်မှာ ယခုအချိန်၌ ရှင်းရှင်းလင်းလင်းပင်အရာအားလုံးကို မေ့သွားခဲ့သည့်ထိုသူမှာ မှတ်ဉာဏ်များပြန်လည်ရရှိလာပြီး သူလုံးဝပြန်သတိမရချင်သောအရာအချို့ကို အမှန်တကယ်သိရှိသွားပုံပင်။
ဥပမာအားဖြင့် ရှန့်ဖန်းယွိ၏ အဝတ်များမှာ အမှန်တကယ်ပင်…ချီးပဲ…
ကျန်းရွှိ အလွန်ဒေါသထွက်နေရသောကြောင့် အနောက်သို့ပြန်လှည့်မကြည့်ဘဲ ထွက်လာခဲ့လိုက်သည်။ ရှန့်ဖန်းယွိသည်လည်း ထရပ်ကာ သူ၏နောက်မှပြေးလိုက်လာသည်။
ကျန်းရွှိ၏ဒေါသများ လုံးလုံးမပေါက်ကွဲသွားခင်အချိန်၌ ရှန့်ဖန်းယွိ၏အသံမှာ ပျော့ပြောင်းသွားပြီး မှန်ကန်သည့်စကားလုံးများကိုသာ ရွေးချယ်ပြောလိုက်သည်
" ငါတကယ်မှားသွားပါတယ်… ကျန်းရွှိ ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါဦး…"
ထို့နောက် ထပ်ပေါင်းပြောလိုက်သည်။" ငါမင်းကို အရမ်းလွမ်းနေခဲ့တာ…"