အပိုင်း ၁၄၁
Viewers 30k

Chapter 141



ညအချိန်က မှင်ကဲ့သို့ နက်မှောင်လာသည်။


ပင်မ ခန်းမကြီးတွင် ညလင်းပုလဲများက အလင်းမှိန်ဖျော့ဖျော့နှင့် အနွေးဓာတ်ကို ထုတ်ပေးနေသဖြင့် နတ်ဆိုးဘုရင်များ၏မျက်နှာပေါ်ရှိ အမူအရာများကို ရှင်းလင်းပြတ်သားစွာ ထွန်းလင်းပေးနေသည်။


ဟမ်ကျု့ယင်က မြင်းကွင်းကျယ်ကျယ်မှ ကြည့်နေခဲ့သည်။ လူတိုင်းက နတ်ဆိုးသန့်စင်နည်းစနစ် တည်ရှိခဲ့ကြောင်းသိကြသည်။ ရှန်းလျိုရှန့်က အောင်အောင်မြင်မြင် သန့်စင်ပြီးနောက်တွင် သူတို့၏ ရည်ရွယ်ချက်များက မျက်နှာပေါ်တွင် ရေးသားထားကြသည်။ သူတို့က ရှန်းလျိုရှန့်ကို ချက်ချင်းဖမ်းဆီး၍ ချုန်းချီကို လွှတ်ပေးကာ သူတို့ကိုယ်တိုင် သန့်စင်ချင်ကြသည်။


ဟမ်ကျု့ယင်က စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်သည်။

အရူးတစ်သိုက်တွေ... ချုန်းချီကို သန့်စင်တာ အောင်မြင်တော့ ဘာဖြစ်လဲ...အနှေးနဲ့ အမြန် တန်ပြန်တိုက်ခိုက်မှုကို ခံစားရမှာပဲလေ...


ရှန်းလျိုရှန့်က ချုန်းချီထံမှ တန်ပြန်တိုက်ခိုက်ခံရကာ ဝိညာဉ်ပျက်ဆီးသွားသည်မှာ ကြာလောက်ပြီဖြစ်လိမ့်မည်။ ဟမ်ကျု့ယင်စိတ်ပူလျက်ရှိသည်မှာ ချုန်းချီကို ဖြစ်နိုင်သမျှမြန်မြန် ရှာဖွေရန်သာ ဖြစ်သည်။


ခန်းမက အချိန်အတန်ကြာ တိတ်ဆိတ်နေသဖြင့် ဟမ်ကျု့ယင်က ချောင်းဟမ့်လိုက်သည်။ 

"လက်ရှိအစီအစဉ်အရ အဲဒီလူယုတ်မာကို ဖြစ်နိုင်သမျှ မြန်မြန်ရှာဖွေရမယ်...ဒါပေမဲ့ ရှာတွေ့ခဲ့ရင် အလျင်စလို မပြုမူဖို့ သတိရပြီးတော့ အရင် သတင်းပေးရမယ်...မဟုတ်ရင် မင်းတို့ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ရှန်းလျိုရှန့်က သေချာပေါက် လွတ်သွားလိမ့်မယ်..."


စကားတစ်ဝက်ခန့်တွင် ရုတ်တရက် အသံတိတ်သွားသည်။


နန်းတော်တံခါးက ခပ်ကျယ်ကျယ်ပွင့်ဟသွား၍ ထိုနေရာတွင် ပုံရိပ်တစ်ခုက မတ်တပ်ရပ်နေသည်။


လူငယ်လေးက သွေးစွန်းနေသော အရောင်ဖျော့ဖျော့ဝတ်ရုံကို ဝတ်ဆင်ထားသည်က ညအချိန်တွင် အနီရောင်ဝတ်ဆင်ထားသည့်နှယ် ထင်ရသည်။ မျက်ခုံးများ အနည်းငယ်မြင့်တက်သွားလျက် နှုတ်ခမ်းထောင့်များ တွန့်ကွေးလာပုံမှာ ဟမ်ကျု့ယင်နှင့် အထူးတလှယ်ရင်းနှီးနေပေသည်။


ဟမ်ကျု့ယင်၏ အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားကာ ထိုင်ခုံပေါ်မှ ထရပ်လိုက်သည်။

ချုန်းချီကိုက်တာ မခံရသေးဘူးလား...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


ခန်းမထဲမှ အခြားသူများက ရှန်းလျိုရှန့်ကို တိုက်ခိုက်ချင်နေလျက် လှုပ်ရှားရန်ပြင်လိုက်ချိန်တွင် မမြင်နိုင်သော ဖိနှိပ်မှုတစ်ခုက သူတို့ကို လွှမ်းထားလျက် မလှုပ်နိုင်ကြောင်းကို တွေ့လိုက်ရသည်။

ဒီလိုအင်အားမျိုးက လုံးဝမကျော်လွှားနိုင်ဘူး...


ရှန်းလျိုရှန့်က ဟမ်ကျု့ယင်ဆီသို့ ဖြေးညှင်းစွာ လမ်းလျှောက်လာသည်။ သူက သူ့ပုံရိပ်ကို မဖုံးကွယ်ခဲ့သဖြင့် ခန်းမအပြင်ရှိလူတိုင်းက သူ့ကိုမြင်သည်နှင့် ချက်ချင်းကြောက်ရွံ့ထိတ်လန့်ကာ အုတ်အုတ်သဲသဲဖြစ်သွားကြသည်။


"မကောင်းဆိုးဝါး ရှန်းလျိုရှန့် ဒီကိုရောက်နေတယ်..".


"ပြေးကြ...ပြေးကြ..."


"မဟုတ်ဘူး...မဟာနတ်ဆိုးဘုရင်ကို ကာကွယ်ကြ..."


သေရမည်ကို မကြောက်သော လူတစ်စုက ခန်းမဆီသို့ ပြေးလွှားသွားကြသော်ငြား တံခါးရှိအတားအဆီးသို့ တိုးတိုက်မိမည်ဟု မမျှော်လင့်ထားကြပေ။ သူတို့က ဒေါသတကြီး ခေါင်းမော့လိုက်ချိန်တွင် အဖမ်းခံရကာ သွေးစွန်းနေသည့် သတ်ဖြတ်မှုကို မျက်မြင်ကြုံလိုက်ရသည်။


နန်းတော်အတွင်းရှိ နတ်ဆိုးဘုရင်များမှာလည်း အပြင်လူများကဲ့သို့ပင် ဖြစ်သော်လည်း ပို၍အနီးကပ်မြင်ရချိန်တွင် အကြောက်တရားကြောင့် ဖြူဖျော့လာကြသည်။


ဟမ်ကျု့ယင်၏အော်သံမှာ ခန်းမ၏အတွင်းအပြင်သို့ ပဲ့တင်ထပ်နေ၍ နတ်ဆိုးဂူအပေါ်၌ ရစ်ဝဲနေလျက် လူတိုင်း၏ခြေထောက်များကို အားနည်းသွားစေကာ နှလုံးသားအတွင်းမှ အေးစိမ့်လာစေခဲ့သည်။


နန်းတော်၏ဝင်ပေါက်တွင် အော်ဟစ်နေကြသူများက တဖြေးဖြေး ငြိမ်သက်သွားသည်။ သူတို့ကြားမှ ဟမ်ဖေးရှန့်က ဖြူဖျော့နေလျက် အလွန်ထိတ်လန့်နေသဖြင့် အတွင်းခံထဲတွင် သေးပေါက်ချမိကာ ဦးစွာထွက်ပြေးသွားလေသည်။


အဖေက ရှန်းလျိုရှန့်ရဲ့ လက်ကိုတောင် ပြန်မတိုက်ခိုက်နိုင်ဘူး... ရှန်းလျိုရှန့်က ငါ့ကိုသိထားတယ်...ဟမ်ကျု့ယင်ရဲ့ သားမှန်းသိတယ်...နောက်တစ်ခေါက်က ငါ့အလှည့်ဖြစ်နိုင်တယ်...


ဟမ်ဖေးရှန့် ထွက်ပြေးသွားသည်နှင့်တစ်ပြိုင်နက် သစ္စာရှိ လက်အောက်ငယ်သားများလည်း ထွက်ပြေးကုန်ကြလျက် နတ်ဆိုးဂူတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။


ဟမ်ကျု့ယင်ကို ဖြေရှင်းပြီးနောက် ရှန်းလျိုရှန့်မှာနတ်ဆိုးသားရဲထံမှ အကျိုးသက်ရောက်မှု ခံနေရခြင်းဟုတ်မဟုတ် မသိတော့ချေ။ သူက နန်းတော်ထိပ်သို့ သွားလိုက်ကာ အလွန်အမင်း ရုတ်ရုတ်သဲသဲဖြစ်နေသော မြင်ကွင်းကို အလျင်မလိုစွာ စောင့်ကြည့်နေလိုက်သည်။


အဝေးမှကြည့်လျှင် နန်းတော်၏တံစက်မြိတ်ပေါ်ရှိ လူငယ်လေးမှာ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားလျက် ဝတ်ရုံလက်များက လေထဲတွင် တဖျပ်ဖျပ်လှုပ်ခါနေသည်။


လရောင်အောက်တွင် တစ်ယောက်တည်းထိုင်နေလျက် သန္ဓေသားကိုးခုနတ်ဆိုးသားရဲ အမြုတေကို ကျောက်စိမ်းဖြူသဖွယ်လက်ထဲတွင် ကိုင်ထားသည်။ ၎င်းပေါ်မှ သွေးများက မခြောက်သွားသေးသော်လည်း သူက ၎င်းနှင့် အားရပါးရ ကစားနေခဲ့သည်။


ခေါင်းအနည်းငယ် ငုံ့လိုက်ချိန်တွင် သူ၏မျက်နှာမှာ အနည်းငယ်ဖြူဖျော့နေလျက် နှုတ်ခမ်းပါးများက သွေးကဲ့သို့ ရဲစွေးနေသည်။


နှုတ်ခမ်းထောင့်များ မြင့်တက်လာ၍ မျက်ခုံးများ တွန့်ကွေးလာသော်ငြား သူ၏မျက်လုံးထဲတွင် အပြုံးမရှိနေပေ။ အကြမ်းဖက်မှု အနည်းအကျဉ်းကို ဖော်ပြရမည့်အစား အမြုတေကို အချိန်အတန်ကြာ စိုက်ကြည့်နေခဲ့သည်။ ထို့နောက်တွင် စိတ်လွတ်လက်လွတ်သတ်ဖြတ်ရန် ပြင်လိုက်သည်။ 


ခံစားချက်အပြည့်နှင့် အကြည့်ကို ရှန်းလျိုရှန့်တစ်ယောက် သတိထားမိသွားခဲ့သည်။


အနက်ရောင်ဝတ်ဆင်ထားသည့် အမျိုးသားက မသိလိုက်သောအချိန်တွင် ရောက်ရှိနေခဲ့ကာ ရှန်းလျိုရှန့်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။ ရှန်းလျိုရှန့် ကြောက်ရွံ့သွားမည်ကို စိုးရိမ်နေသည့်အလား ညင်သာတိုးဖျော့သောအသံနှင့် ပြောလာသည်။


"ရှစ်စွမ်း...မကြောက်ပါနဲ့...တပည့် ဒီမှာ ရှိပါတယ်..."


ရှန်းလျိုရှန့်က ကြက်သေသေသွားကာ အမှားလုပ်ထားသော ကလေးတစ်ဦးကဲ့သို့ နတ်ဆိုးသားရဲအမြုတေကို နောက်ကျော၌ သတိလက်လွတ်ဖွက်လိုက်မိသည်။


နှလုံးသားက စူးခနဲ နာကျင်သွားသဖြင့် ကျိုးရွှမ်လန် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

ငရဲလိုပဲ နာတယ်...


ရှန်းလျိုရှန့်က လက်ကိုနောက်ကျောဘက်တွင်ထား၍ ရှည်သွယ်သော လက်ချောင်းဖြူလေးဖြင့် အမြုတေကို ဆုပ်ကိုင်ထားသည်မှာ အားနှင့်ချေမွလုနီးပါးဖြစ်နေသည်။


ကျိုးရွှမ်လန် နတ်ဆိုးမြို့တော်မှ ထွက်ခွာလာသည်မှာ နှစ်ရက်သုံးရက်သာရှိသေးသော်လည်း အချိန်အကြာကြီး ကုန်ဆုံးသွားခဲ့သည့်နှယ် သူ ခံစားနေရသည်။ နတ်ဘုရားပျက်သုဉ်းအိုးအရ တွက်ကြည့်လျှင် ကျိုးရွှမ်လန်ကို မတွေ့ရသည်မှာ ဆယ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်သည်။


နန်းတော်၏မီးရောင်အောက်တွင် ပိန်သွယ်သောပုံရိပ်လေးကိုတွေ့၍ ထိုသူ့ ဖမ်းမိသွားသောအခါ သူက အခြားကမ္ဘာတစ်ခုတွင်ရှိနေသည့်နှယ် ခံစားလိုက်ရသည်။


သို့ရာတွင် ရှန်းလျိုရှန့်က ဤအခိုက်အတန့်၌ ကျိုးရွှမ်လန်ကို မတွေ့ချင်ခဲ့ပေ။

ဟမ်ကျု့ယင်ကို အခုလေးတင်မှ ဖြေရှင်းထားတာကို...လက်ထဲကသွေးတွေတောင် နွေးနေတုန်းရှိသေးတယ်...


ပင်မခန်းမအောက်ခြေတွင် ဟမ်ကျု့ယင်၏ နှလုံးခုနစ်ခုကို အတန်းလိုက်စီထားလျက် ၎င်းက အော်ဟစ်ငိုကြွေးနေကာ သူ၏သေခြင်းမှ နာကျင်မှုကို အချိန်ဆွဲနေဟန်ရှိသည်။


ဤအချိန်တွင် ဟမ်ကျု့ယင်၏ မန္တန်မှန်သမျှက အသုံးမဝင်တော့ချေ။ သူနောက်ဆုံး ပြန်ရှင်လာချိန်၌ ကြောက်ရွံ့၍မျှော်လင့်ချက် ကင်းမဲ့နေခဲ့သည်။ နတ်ဆိုးဘုရင်ဟူသည့် မျက်နှာကိုပင် အောက်ချကာ မြေပြင်ပေါ်သို့ဒူးထောက် တောင်းပန်ခဲ့သော်ငြား သူ့ကိုစောင့်ဆိုင်းနေသည့် တစ်ခုတည်းသောအရာမှာ ခက်ထန်သည့်အပြုံးတစ်ခုသာဖြစ်ခဲ့သည်။


ရှန်းလျိုရှန့်က အမြုတေကို ထုတ်ယူလိုက်သဖြင့် ဟမ်ကျု့ယင်၏ နတ်ဆိုးပုံစံများနှင့်ဖုံးနေသည့် မျက်နှာမှာ ပုံပျက်လာသည်။ အတူတကွထွက်ပေါ်လာသော အော်ဟစ်သံများက ခန်းမအတွင်းနှင့်အပြင်တွင် ပဲ့တင်ထပ်နေသည်မှာ ရက်စက်ကြမ်းကြုတ်ပုံပေါ်ကာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်နေခဲ့သည်။


နန်းတော်အတွင်းရှိ အခြားသော နတ်ဆိုးဘုရင်များက အလွန်ထိတ်လန့်နေကာ မလှုပ်ရဲပေ။ 


သူတို့ မည်သည်ကို ကြောက်ရွံ့နေကြောင်း ရှန်းလျိုရှန့်မသိပေ။ အမှားလုပ်ထားသည့် လူတိုင်း အကျိုးဆက်ကိုခံစားရမည်ဖြစ်ကာ အပြစ်မရှိသောသူများကို လက်လွတ်စပယ် သတ်ဖြတ်မည်မဟုတ်သော်ငြား အနှီလူများ၏ မျက်နှာက အလွန်ထိတ်လန့်နေပုံပေါ်ကာ မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေသည့်နှယ် သူ့ကိုကြည့်နေကြသည်။


ရှန်းလျိုရှန့်က မကြိုက်လျှင် မကြိုက်ကြောင်း မလွဲဧကန် ဖော်ပြတတ်သည်။ မကျေနပ်ချက်များပို၍ စုပုံလာလေလေ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ပို၍ပြည့်လျှံလာသည်။


သူဖိနှိပ်ရန် ကြိုးစားသော်လည်း နတ်ဆိုးဘုရင်များအားလုံးကို လွင့်ထွက်သွားစေခဲ့ပြီး သူ ခန်းမတွင်းမှ လမ်းလျှောက်ထွက်လာခဲ့သည်။ သူအပြင်ထွက်လာချိန်တွင် အပြင်မှလူများက အထိတ်တလန့်ဖြစ်နေသည်ကို မြင်ရသည့်အခါ သူပျော်ရွှင်သွားကြောင်းကို တအံ့တသြခံစားလိုက်ရသည်။ ထို့ကြောင့် ခေါင်မိုးပေါ်တွင် ထိုင်ကာ စောင့်ကြည့်နေခဲ့သည်။ ထိုလူများ ကြောက်ရွံ့နေသည်မှာ သူ့မျက်လုံးထဲတွင် အလွန်အရသာရှိနေခဲ့သည်။ 


တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိသော်လည်း ရှန်းလျိုရှန့်မှာ မထိန်းချုပ်နိုင်သဖြင့် မျက်ခုံးများတွင် ဒေါသများနှင့် ပြည့်နှက်လာသည်။


သူထိုအချိန်က မည်သည်နှင့်တူနေမည်ကိုသိနေ၍ စိတ်ငြိမ်သွားစေရန် အချိန်တစ်ခုအထိ တစ်ယောက်တည်းနေကာ သူ၏ငြီးငွေ့နေမှု ပျောက်ကွယ်သွားမှ ထွက်သွားချင်ခဲ့သည်။ မမျှော်လင့်ထားစွာပင် ကျိုးရွှမ်လန်က ထိုအချိန်၌ ရောက်ရှိလာခဲ့သည်။


ရှန်းလျိုရှန့်က အမြုတေကို သတိလက်လွတ်ဖွက်လိုက်မိသည်။ ချဉ်းကပ်လာသော ပုံရိပ်ကို တွေ့သောအခါ ခန်းမကြမ်းပြင်ရှိ အလောင်းများနှင့် သတ်ဖြတ်ထားသည့် အရိပ်အယောင်များကို ဖျက်ဆီးပစ်လိုက်သည်။


ချက်ချင်းပင် နောက်ကျောမှ လက်ကို ထုတ်၍ နှုတ်ခမ်းထောင့်များကို မြှင့်လိုက်ကာ ကျိုးရွှမ်လန်ကို ပြုံးပြလာသည်။

"မင်းက ဒီရောက်နေတာပဲ...ဘယ်လိုလဲ မင်းရဲ့နိုး..."


သူ စကားမဆုံးမီမှာပင် ကျိုးရွှမ်လန်၏ရင်ခွင်အတွင်းသို့ ပြင်းပြင်းထန်ထန် ဆွဲသွင်းခံရကာ အလွန်အမင်း သည်းခံဖိနှိပ်ထားရသည့် အသံကို ကြားလိုက်ရသည်။

"ကျွန်တော့်ကို ပြုံးပြဖို့ ကိုယ့်ကိုယ်ကို တွန်းအားမပေးပါနဲ့...တောင်းပန်ပါတယ် ရှစ်စွမ်း...ဒါ တပည့်ရဲ့ အပြစ်တွေပါ...တပည့်လာတာ နောက်ကျသွားလို့..."


ရှန်းလျိုရှန့်ကို သူ့ရင်ခွင်အတွင်း၌ ထပ်မံပွေ့ဖက်ထားလျက် အသူတရာနက်သောချောက်၏ အစွန်တွင်ရှိနေသည့် ကျိုးရွှမ်လန်၏ နှလုံးသားလေးက တဖြည်းဖြည်း ပြန်လည် လည်ပတ်လာသည်။ သူ့လက်မောင်းများကို စက်ဝိုင်းပုံစံတင်းကြပ်လိုက်ကာ ထိုသူကို သူ၏အရိုးအတွင်းသို့ ပျော်ဝင်သွားစေချင်နေသည့်နှယ်ပင်။

ရှိနေသေးတယ်...


အခုထိ ရှိနေသေးတယ်...ရှစ်စွမ်းက အခုထိရှိနေသေးတယ်...


ကျိုးရွှမ်လန် ဂူပိတ်ကျင့်ကြံနေရာမှ ပြန်ထွက်လာ၍ သတင်းကြားသည့်အခိုက်အတန့်တွင် ခန္ဓာကိုယ်တွင်းမှ သွေးများ စီးဆင်းသွားကာ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိနေသည်။


ရှစ်စွမ်းဘာမှ မဖြစ်ပါစေနဲ့...


ဘယ်လို အောက်လမ်းသန့်စင်ခြင်းနည်းလမ်းလဲ...အကုန်လုံးရတယ်...ဘာပဲဖြစ်ဖြစ်...ရှစ်စွမ်းသာ အသက်ရှင်ပြီး အဆင်ပြေနေသရွေ့...


ရှစ်စွမ်း အလိုအပ်ဆုံးအချိန်မှာ သူရှိမနေခဲ့ဘူး...ရှစ်စွမ်းနဲ့အတူ ရှိမနေခဲ့ဘူး...


ကျိုးရွှမ်လန်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေခဲ့သည်။ ခေါင်မိုးပေါ်တွင် ရပ်နေသော ပုံရိပ်လေးကို မြင်မှသာ သူ၏တောင့်တင်းနေသည့် အာရုံကြောများ တဖြည်းဖြည်း ပြေလျော့လာသည်။ သို့သော် ရှန်းလျိုရှန့်က ယခင်ကဲ့သို့ မပျော်ရွှင်နေခဲ့သဖြင့် ကျိုးရွှမ်လန်၏နှလုံးသားမှာ ပြင်းပြင်းထန်ထန် နာကျင်နေခဲ့သည်။


သွေးစွန်းနေသည့် အမြုတေမှ လေးလံသည့်အသံကို ကြားနေရသည်။ ရှန်းလျိုရှန့်က စက်ဆုပ်ဖွယ်ရာ တစ်ခုခုလုပ်မိထား၍ ၎င်းအား သူ ရှာတွေ့သွားမည်ကို ကြောက်ရွံ့နေကြောင်း တွေ့သောအခါ သူ၏မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အမူအရာမျိုးပေါ်လာလေသည်။


"ရှစ်စွမ်း မကြောက်ပါနဲ့..."

ကျိုးရွှမ်လန်၏နှလုံးသားကို ဓားသွားဖြင့်မွမ်းနေသည့်နှယ် သူ၏တိုးညှင်းအက်ကွဲနေသောအသံမှာ တုန်ယင်နေသည်။

"ကျွန်တော် ဒီမှာရှိတယ်...ရှစ်စွမ်းကို နောက်ထပ်မထိခိုက်စေရဘူး..."


ကျိုးရွှမ်လန်က အလျင်စလို ရောက်ရှိလာသဖြင့် အဝတ်အစားများက မိုးရေများ စိုစွတ်နေလျက် ခန္ဓာကိုယ်က အနည်းငယ်အေးစက်နေသော်ငြား သူ၏အသက်ရှူငွေ့မှာ နွေးထွေးနေသည်။


ရင်းနှီးနေသည့် အငွေ့အသက်က သူ့ကို လွှမ်းခြုံသွားချိန်တွင် ရှန်းလျိုရှန့်က ကြက်သေသေနေခဲ့သည်။ ကွေးညွှတ်နေသည့် နှုတ်ခမ်းများက တဖြည်းဖြည်းအောက်ကျလာကာ သတိကို လျှော့ချလာသည်။


ကျိုးရွှမ်လန်၏ ပုခုံးပေါ်တွင် ခေါင်းတင်လိုက်ပြီး ပါးများအနည်းငယ်ဖောင်းလာ၍ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက်တွင် သူ၏မျက်လုံးရဲရဲများက ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။

"ငါအဆင်ပြေပါတယ်... ဒဏ်ရာလည်းမရဘူး...ခမည်းတော်လည်း ကောင်းကင်ဘုံကို တက်နိုင်သွားတယ်..."


ရှန်းလျိုရှန့်က သန္ဓေသားကိုးခုနတ်ဆိုးသားရဲ၏ အမြုတေကို ပစ်ချကာ သူ့ရှေ့ရှိလူကို ပွေ့ဖက်ချင်ခဲ့သည်။ သူလက်မြှောက်လိုက်ချိန်တွင် လက်ဖဝါးများက သွေးများစွန်းထင်းလျက်စိုစွတ်နေကြောင်း တွေ့လိုက်ရသည်။


သူ၏ ဝတ်ရုံများနှင့် ပွတ်သပ်လိုက်သည်။ ပွတ်သပ်ပြီးချိန်၌ ရုတ်ချည်း သတိရသွားကာ အနည်းငယ်တုန်ယင်လာသည်။

"ဝတ်ရုံပေါ်က သွေးတွေ...ဝတ်ရုံပေါ်က သွေးတွေက ငါ့ဟာမဟုတ်ဘူး...ချုန်းချီဟာတွေ..."


ရှန်းလျိုရှန့် တုန်ယင်နေသည်ကို သတိထားမိသွားသောအခါ ကျိုးရွှမ်လန်က အနည်းငယ်မျက်လွှာချ၍ လက်များကိုတင်းတင်းဆုပ်ကိုင်မိသွားသည်။ ရှန်းလျိုရှန့်ကို ခဏမျှ လွှတ်ထားပေးလိုက်၍ ဖြေးညှင်းစွာပြောလာသည်။

"ပါ့ဟွမ်ကို ပြန်ရအောင်...အခုကစပြီးတော့ စန့်ရွှယ်အိမ်တော်မှာ နေကြမယ်လေ..."


ရှန်းလျိုရှန့်က အနည်းငယ်ကြောင်အသွားသည်။

"စန့်ရွှယ်အိမ်တော်..."


"အဲဒါ ဟိုးအရင်တည်းက တပည့်ပြင်ဆင်ထားခဲ့တဲ့နေရာပါ...သစ်ပင်၊ပန်းပင်တိုင်းကို ရှစ်စွမ်း သဘောကျတဲ့ပုံစံပြင်ဆင်ထားတယ်...ရှစ်စွမ်း သေချာပေါက် ကြိုက်မှာပါ..."

ကျိုးရွှမ်လန်က နက်မှောင်သော အကြည့်များနှင့် သူ့ကိုကြည့်လာခဲ့သည်။

"ဧကရာဇ် ထွက်သွားပြီဆိုတော့ အနာဂတ်မှာ ရှစ်စွမ်းက ကျွန်တော်နဲ့အတူတူ နေရမှာပေါ့..."


"အကုန်လုံး ငါ့အကြိုက်ပဲပေါ့..."


ရှန်းလျိုရှန့်က တစ်ဒင်္ဂမျှကြက်သေသေနေလျက် ရှည်လျားနက်မှောင်သည့် မျက်တောင်များက အနည်းငယ်တုန်ယင်သွားသည်။

"ဒါဆို မင်းရော အဲဒီမှာ ရှိမှာလား..."


ကျိုးရွှမ်လန်၏ နှလုံးသားလေး တုန်ယင်သွားသည်။

"ရှိမှာ...ကျွန်တော်က ရှစ်စွမ်းဘေးမှာ အမြဲတမ်းရှိနေမှာပါ..."


"ကောင်းပြီ...ဒါဆို ငါ..."

ရှန်းလျိုရှန့်၏ နှလုံးက တုန်ယင်လာလျက် ရုတ်တရက် မျက်နှာဖြူဖျော့သွားသည်။

အဲဒါ ချုန်းချီပဲ...


မိစ္ဆာအရိုးဆေးက ရှန်းလျိုရှန့် ခန္ဓာကိုယ်တွင်းရှိ ချီသွေးကြောများကို ကျယ်စေပြီး လူမဆန်စွာပြင်းထန်သည့် နတ်ဆိုးစွမ်းအားကို ခံနိုင်ရည်ရှိစေကာ ပေါက်ကွဲသေဆုံးခြင်းမှ ကာကွယ်ပေးသော်လည်း ထိုမျှသာ ဖြစ်သည်။ ချုန်းချီက နှလုံးသားအကျဉ်းထောင်မှ မထွက်သွားနိုင်သော်ငြား ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်၍လည်း မရပေ။


ရှန်းလျိုရှန့်၏ သတိအာရုံက နှလုံးသားအကျဉ်းထောင်ကို ထိုးဖောက်ဝင်ရောက်လိုက်သည့်အခါ တံခါးကို လက်နှစ်ဖက်ဖြင့်ကိုင်ထားသည့် ချုန်းချီကိုတွေ့လိုက်ရသည်။ သူ့အမူအရာက ယခင်ကဲ့သို့ ဒေါသမထွက်သော်ငြား စိတ်လှုပ်ရှားနေပုံရသည်။


"နဂါးမျိုးနွယ်...သူက နဂါးမျိုးနွယ်ကပဲ...အခုထိအသက်ရှင်နေသေးတယ်...တိယွင်ယွီက တကယ်ပဲ သူ့ကို လွှတ်ပေးခဲ့တာလား..."


"မဟုတ်ဘူး...မဖြစ်နိုင်ဘူး...ထန်ထူကို မသတ်ခဲ့တာလား ဒါမှမဟုတ် မရှာတွေ့နိုင်အောင် ပုန်းနိုင်ခဲ့တာလား..."


"မြန်မြန်လေး...သူ့ကိုတွေ့ခွင့်ပေး...တသက်လုံး အတူတူ ရှိဖို့ စီစဉ်ကြတာပေါ..."


ချုန်းချီက ရူးသွပ်လုနီးပါး ပျော်ရွှင်နေလျက် ခန္ဓာကိုယ်ကို ခိုးယူရန် ရှန်းလျိုရှန့်၏ဝိညာဉ်နှင့် ယှဉ်ပြိုင်နေခဲ့သည်။


ရှန်းလျိုရှန့်၏နှလုံးသားက လှုပ်ယမ်းသွားကာ ကျိုးရွှမ်လန်ကို လက်ဝါးဖြင့် ချက်ချင်းတွန်းလွှတ်လိုက်သည်။


ကျိုးရွှမ်လန်က မပြင်ဆင်ထားသဖြင့် ပြင်းထန်သော ဝိညာဉ်စွမ်းအားကြောင့် အတွန်းခံလိုက်ရသည်။ သူ လက်လွှတ်ပေးလိုက်ရကာ ရင်ခွင်တွင်းရှိသူက လေထဲသို့ပျံတက်သွားသည်။


"ရှစ်စွမ်း..."


ရှန်းလျိုရှန့် : "မလာခဲ့နဲ့...."


သူ့ကိုယ်သူ ကြာကြာထိန်းချုပ်နိုင်မည်မဟုတ်သဖြင့် ကျိုးရွှမ်လန်ကို အနားကပ်ခွင့်မပြုနိုင်ချေ။


ထို့အပြင် နတ်ဆိုးသားရဲလေးကောင် လောကကြီးတွင် ပေါ်လာချိန်၌ နဂါးဥတစ်လုံးလည်း ရှိနေခဲ့သည်။ ချုန်းချီက ကျိုးရွှမ်လန်ကို မှတ်မိနေသည်မှာ သိသာသည်။။ သူက ကျိုးရွှမ်လန်ကို မည်သည့်စကားပြောမည်ကို မသိသော်ငြား ကောင်းသည့်အရာ မဟုတ်လောက်ပေ။ ကျိုးရွှမ်လန်ကိုချုန်းချီနှင့် ဖြစ်နိုင်သမျှ ဝေးဝေးတွင် နေစေချင်သည်။


အမူအရာ ရုတ်ချည်းပြောင်းလဲသွားကာ မျက်လုံးများတဖြည်းဖြည်းနီရဲလာသည့် ကျိုးရွှမ်လန်ကို ကြည့်၍ ရှန်လျိုရှန့် အံကြိတ်လိုက်သည်။ သူ ကျိုးရွှမ်လန်ကို နှင်ထုတ်ပြီးနောက်တွင် နေရာကို တစ်ပိုင်းစီခွဲခြားပစ်ကာ နတ်ဆိုးဂူမှ ထွက်ခွာသွားသည်။ 


တစ်ချိန်တည်းမှာပင် နှလုံးသားအကျဉ်းထောင်အတွင်းရှိ ချုန်းချီမှာ ရုတ်တရက် ငြိမ်သက်သွားကာ မျက်နှာပေါ်တွင် ရှုပ်ထွေးနေပုံရသည်။


"ဒါ ဘယ်လို အသက်ရှူပုံမျိုးလဲ..."


အလွန်အမင်း ပါးလွှာနေကာ ၎င်းတည်ရှိနေသည့် အမျှင်တန်းလေး တစ်ခုသာ ရှိသည်။ ၎င်းက ချုန်းချီထံတွင် ဖမ်းမိသွားပြီး ရင်းနှီးနေကာ ရွံစရာကောင်းလှသည်။


"ရှစ်စွမ်း..."

ကျိုးရွှမ်လန်က လေထဲသို့ ပျံတက်လိုက်ကာ အကြည့်များက ရုတ်တရက် မှုန်မှိုင်းလာသည်။


ရှန်းလျိုရှန့်၏ လက်ရှိ ကျင့်ကြံဆင့်အရ မျက်စိတစ်မှိတ်အတွင်း မိုင်ထောင်ချီသွားလာနိုင်သည့်အပြင် သူမည်သည့်နေရာတွင်ရှိကြောင်း မသိစေရန် အသက်ရှူသံကို ရည်ရွ

ယ်ချက်ရှိရှိ ဖုံးထားနိုင်သည်။


အမှောင်ထဲ၌ ပုန်းနေသော အောင်းယွဲ့က တစ်ကိုယ်လုံး တုန်ယင်နေသည်။

မကောင်းဆိုးဝါးအင်မော်တယ်သခင်က ထွက်ပြေးသွားပြီ...ကျိုးရွှမ်လန်က ငါ့အပေါ် ဒေါသတွေ ပုံချတော့မှာပဲ...