Chapter 142
သူကြောက်ရွံ့နေစဉ်မှာပင် နတ်ဆိုးဂူအတွင်းသို့ ဆင်းလာသည့် အပြာရောင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
လင်ယဲ့က ဘေးပတ်လည်သို့ တစ်ချက်ဝေ့ကြည့်လိုက်သော်လည်း ကျိုးရွှမ်လန်၏ ပုံရိပ်ကို မတွေ့ရပေ။ အနက်ရောင်ဝတ်ဆင်ထားသည့်လူကို ကြည့်လိုက်သောအခါ ထိုသူ၏ကျင့်ကြံဆင့်မှာ ယခင်ကဲ့သို့ မဟုတ်ကြောင်း နားလည်သွားသည်။ သူ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားကာ သတ်ဖြတ်လိုသော ရည်ရွယ်ချက်မှာ ဖြေးညှင်းစွာ ထွက်ပေါ်လာသည်။
သို့သော် သူအလျင်အမြန်ဖိနှိပ်၍ မေးလိုက်သည်။
"သူ ဘယ်မှာလဲ..."
ကျိုးရွှမ်လန်က ဘေးသို့တစ်ချက်ကြည့်ကာ အေးစက်နေသည့် လေသံနှင့်ပြောလာသည်။
"ခင်ဗျားနဲ့ မဆိုင်ဘူး..."
သူက ရှန်းလျိုရှန့်ကို ရှာဖွေရမည်ဖြစ်သဖြင့် ထိုလူကို အာရုံစိုက်ရန် အချိန်မရှိပေ။ စကားဆုံးပြီးနောက်တွင် အရပ်ရှည်ရှည်ပုံရိပ်က ပျောက်ကွယ်သွားသည်။
.....
ညလည်ပိုင်းတွင် အနက်ရောင်ပိုးကောင်ငယ်လေးက သစ်ရွက်ကြွေပေါ်တွင် တွားသွားနေသည်။ လေပြည်အေးက မြေပြင်နှင့်နီးကပ်စွာ တိုက်ခတ်နေသည်မှာ သစ်ရွက်လေး လွင့်သွားလုနီးပါးပင်။
ရှန်းလျိုရှန့်က ဆောင့်ကြောင့်ထိုင်၍ ဝတ်ရုံလက်များ အသုံးပြုကာ လေကို ပိတ်ဆို့လိုက်သည်။ ၎င်းပိုးကောင်ကို အနီးကပ်ကြည့်လိုက်သောအခါ သူ၏အမြင်မှာမှုန်ဝါးနေပြီး မရှင်းလင်းပေ။
ချုန်းချီ၏စိတ်ထဲ၌ အနှီသူက ပိုးကောင်များအပေါ် စွဲလမ်းနေသည်ဟု တိတ်တိတ်လေးတွေးနေသည်။
နတ်ဘုရားပျက်သုဉ်းအိုးအတွင်း၌ ရှိနေချိန်ကလိုပင်ဖြစ်သည်။ လူက သေခါနီးဆဲဆဲမှာပင် အနက်ရောင်ပိုးကောင်ကို တွေ့ရတိုင်း နှုတ်ခမ်းများ တွန့်ကွေးကာ ပြုံးနေနိုင်သေးသည်။ နောက်ပိုင်း အခြေအနေများပိုကောင်းလာချိန်၌ အချိန်ရှိခဲ့လျှင် တောအုပ်သို့သွားလိမ့်မည်။ ပိုးကောင်တစ်ကောင်မျှ ရှာမတွေ့ခဲ့လျှင် လက်များနှင့် မြေကြီးကို ကိုယ်တိုင်တူးလိမ့်မည်ဖြစ်သည်။
နတ်ဘုရားပျက်သုဉ်းအိုးအတွင်း၌ အသက်ရှင်နေသည့်သူ မရှိပေ။ အားလုံးက သွေးဆာနေသော မကောင်းဆိုးဝါးဝိညာဉ်များသာဖြစ်သဖြင့် ချုန်းချီက ရှန်းလျိုရှန့်တစ်ယောက် ညှင်းပန်းခံရကာ ရူးသွပ်သွားလိမ့်မည်ဟုထင်ခဲ့သည်။ ဤသို့ဖြင့် သူ့အား နောက်ဆက်တွဲသန့်စင်ရန် အုတ်မြစ်ချနေသည့် ရန်သူကို လျှော့တွက်ခဲ့မိသည်။
"မင်းကိုယ်မင်း ကာကွယ်ဖို့တောင် ခက်ခဲနေတာ...အခုထိပိုးကောင်တွေကို ကြည့်နေတုန်းပဲ...မင်း မသေချင်သေးရင် အထဲဝင်ပြီး ငါနဲ့စကားလာပြော..."
၎င်းကို ကြားသောအခါ ရှန်းလျိုရှန့်က အာရုံစုစည်း၍ နှလုံးသားအကျဉ်းထောင်အတွင်းသို့ ဝင်လာသည်။
"မင်းရဲ့ ဝိညာဉ်က အားနည်းနေတယ်...ဒီရက်တွေထဲမှာ ငါသတ်ဖြတ်ပြီး မင်းဆီကနေယူထားတာ..."
ချုန်းချီကပြောလာသည်။
"မင်း မသေချင်ဘူးဆိုရင် ငါပြောတဲ့အတိုင်းလုပ်..."
ရှန်းလျိုရှန့် မျက်လုံးများအနည်းငယ် မှေးကျဉ်းလိုက်သည်။ ချုန်းချီက အမြဲလိုလို တန်ပြန်တိုက်ခိုက်ချင်နေခဲ့သော်လည်း ယခုတွင် ခန္ဓာကိုယ်ကို ယူသွားရမည့်အစား သူ့ကို အသက်ရှင်ရန် အခွင့်အရေးပေးနေသည်မှာ အမှန်တကယ်ပင် ထူးဆန်းနေသည်။
သူက သတိရှိရှိနှင့်မေးလာသည်။
"မင်း ဘာပြောချင်တာလဲ..."
ချုန်းချီက မေးလာသည်။
"မင်း အချိန်နေရာမန္တန် အကြောင်းသိလား..."
ရှန်းလျိုရှန့်၏ အမူအရာက ပြောင်းလဲသွားသည်။ အချိန်နေရာမန္တန်မှာ ပင်မကုန်းမြေတွင် ဒဏ္ဍာရီလာ မန္တန်တစ်ခုဖြစ်သည်။ ၎င်းက အချိန်ကို ခြယ်လှယ်နိုင်ပြီး အတိတ်နှင့်အနာဂတ်ကို ပြောင်းပြန်လှန်နိုင်သည်။ သို့သော်ငြား ၎င်းမန္တန်က ပါးစပ်ရာဇဝင်အဖြစ်တည်ရှိခဲ့သည်မှာ နှစ်ဆယ်သန်းခန့်ရှိပြီဖြစ်ကာ မရေမရာ တည်ရှိနေခဲ့သည်။
ချုန်းချီက ရုတ်တရက်မေးလာတယ်ဆိုတော့ အဲဒီမန္တန်က တစ်ကယ်ရှိတာများလား...
ချုန်းချီက သူ့အမူအရာကိုမြင်သောအခါ ပြောလာသည်။
" အချိန်နေရာမန္တန်ကို မင်းမယုံသလို ငါလည်းမယုံခဲ့ဘူး...ဒါပေမဲ့ ငါက နဂိုတည်းက ရှေးဟောင်းနတ်ဆိုးသားရဲဆိုပေမဲ့ လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက လူတစ်ချို့နဲ့ ဒီကို ရောက်ခဲ့ဖူးတယ်...အဲဒီမန္တန်ကလွဲလို့ တစ်ခြားရှင်းပြလို့မရဘူး..."
ရှန်းလျိုရှန့်က ထိတ်လန့်သွားကာ စိတ်နှလုံးထဲမှ သံသယကို အတည်ပြုလိုက်သည်။
ကျိုးရွှမ်လန်က နတ်ဆိုးသားရဲလေးကောင်နှင့် အတူမွေးဖွားခဲ့သည်ဟု တိယွင်ယွီ တစ်ခါပြောဖူးသည်။ သူနှင့် လင်ယဲ့နှစ်ယောက်လုံးက ကျိုးရွှမ်လန်မှာ ယနေ့အချိန်အထိ မတည်ရှိသင့်ဟု ခန့်မှန်းမိသော်ငြား ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကိုမူ အကြောင်းအရင်း မရှင်းပြနိုင်ခဲ့ချေ။
သို့သော်လည်း ရှေးဟောင်းသမိုင်းဦးကာလက လာခဲ့လျှင်လည်း ကိစ္စမရှိပေ။ ယခု ဤနေရာ၌ ကျိုးရွှမ်လန် ရှိနေရုံနှင့် လုံလောက်သည်။
ရှန်းလျိုရှန့်က ချုန်းချီကို ကြည့်လိုက်သည်။
"မင်းက အချိန်နေရာမန္တန်ကိုသိတယ်လား..."
"ငါလည်းမသိဘူး..."
ချုန်းချီကပြောလာသည်။
"ဒါကြောင့် မင်းကို ပူပေါင်းဖို့ပြောနေတာပေါ့...မင်းက နဂါးကောင်လေးကို အချိန်နေရာမန္တန်ကို အသုံးပြုပြီး ငါ့ကို အိမ်ပြန်ပို့ခိုင်းလိုက်...ငါလည်း မင်းကို လွှတ်ပေးမယ်လေ...ဘယ်လိုလဲ..."
ရှန်းလျိုရှန့်၏မျက်နှာမှာ ပြင်းပြင်းထန်ထန်ပြောင်းလဲသွားသည်။
"သူက အချိန်နေရာမန္တန်ကို ဘယ်လိုလုပ်သိမှာလဲ..."
"သူသိလိမ့်မယ်လို့ ငါထင်တယ်...နဂါးမျိုးနွယ်က လူအိုကြီးတွေက သူ့ကို ဒီကို ပို့နိုင်တဲ့အထိ အရမ်းစွမ်းဆောင်နိုင်တာ...သူ့အတွက် ကောင်းတဲ့အရာတွေ အများကြီး ပြင်ဆင်ပေးထားမှာ သေချာတယ်...အချိန်နေရာမန္တန်လိုမျိုး မှော်မန္တန်ကို သူတို့က မပေးထားပဲဘယ်နေမှာလဲ..."
ချုန်းချီက ပြောလာသည်။
"မင်းက ငါ့စကားတွေကို သူ့ဆီပို့ပေးရုံပဲ..."
ရှန်းလျိုရှန့်က ပြောလာသည်။
"ငါ ငြင်းတယ်..."
ချုန်းချီက မယုံကြည်နိုင်ဖြစ်သွားသည်။
"အသက်ရှင်ဖို့ နည်းလမ်းပေးတာတောင် မင်းက မလိုချင်ဘူးပေါ့..."
ရှန်းလျိုရှန့်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
"ကောင်းကင်ကိုတောင် လှုပ်ခတ်နိုင်တဲ့ မန္တန်ကို အသုံးပြုတဲ့အတွက် ပေးရမယ့်အဖိုးအခလည်း တော်တော်မြင့်မယ်ထင်တာပဲ...မင်းက သူ့ကို မန္တန်ကိုအသုံးပြုဖို့ပဲ မရမကပြောနေတယ်...မန္တန်အစအဆုံးကို သင်ပေးဖို့တော့ မတွေးဘူး...လူကိုယ်တိုင် ရောက်လာတာကို ကြည့်ရင် အဖိုးအခကြီးတယ်ဆိုတာ ဖော်ပြတာပဲမဟုတ်ဘူးလား...ပြီးတော့ မင်းကိုယ်တိုင်လဲ ဘယ်တော့မှ လာမှာ မဟုတ်ဘူးလေ..."
အကျဉ်းထောင်ထဲ၌ တစ်ဒင်္ဂမျှ တိတ်ဆိတ်သွားပြီးနောက် ချုန်းချီကပြောလာသည်။
"မင်း မြန်မြန်တုံ့ပြန်လာတာပဲ..."
သူက ရှန်းလျိုရှန့်ကို နီရဲနေသော မျက်လုံးများနှင့် စိုက်ကြည့်လာသည်။
"မင်း မပူးပေါင်းမှတော့...ငါကိုယ်တိုင်လုပ်ရမှာပဲ..."
ချုန်းချီက သွားဖြူဖြူများဖော်ပြ၍ အံကြိတ်လာသည်ကို မြင်သောအခါ ရှန်းလျိုရှန့်၏ စိတ်ထဲတွင် တင်းကြပ်လာသည်။
"မင်းရဲ့ သဘောထားက အရေးမကြီးဘူး...နဂါးမျိုးနွယ်ရဲ့ မျိုးဆက်လေးက မင်းအတွက် ငါပြောတာကို နားထောင်မလားဆိုတာပဲသိချင်တာ..."
ရှန်းလျိုရှန့်၏ မျက်နှာက ရုတ်တရက် မှောင်မည်းလာသည်။ ချုန်းချီက အရိုင်းဆန်စွာ ရယ်မောလာချိန်၌ သူ့သတိအာရုံကို ပြန်သိမ်းလိုက်သည်။
သစ်ရွက်ပေါ်မှ အနက်ရောင် ပိုးကောင်လေးက တစ်စုံတစ်ရာကြောင့် ပျောက်ကွယ်သွားသည်။ ရှန်းလျိုရှန့်က ထိုနေရာတွင် အချိန်ကြာမြင့်စွာ ရပ်နေခဲ့ပြီးနောက် အခြေတည်ဝိညာဉ်ကို ထုတ်လိုက်သည်။
ယွမ်ယင်းက ဝင့်ကြွားနေသည့် ဆယ်ကျော်သက်တစ်ဦးနှင့် တူသည်။ သူက မျက်ခုံးများ ပေါ့ပေါ့ပါးပါး ပင့်တင်၍ မေးလာသည်။
"မင်း ချောင်းယွင်တောင်ထွတ်ကို ဘယ်တော့ပြန်မှာလဲ..."
"ချောင်းယွင်တောင်ထွတ်(အာရုဏ်ဦးတိမ်လွှာတောင်ထွတ်)... "
ရှန်းလျိုရှန့်က တိတ်ဆိတ်နေသည်။
ချင်းလင်ဂိုဏ်း၏ တောင်ထွတ်အိုကြီးက တာအိုပညာရှင် ဝူယွမ်၏အဆောင်ခဲ့ဖြစ်ကာ အကြောင်းသင့်စွာပင် ရှန်းလျိုရှန့် ကြီးပြင်းလာသည့် နေရာဟု ဆိုနိုင်ပေသည်။
ရှန်းလျိုရှန့်၏ အမူအရာက ရှုပ်ထွေးနေသည်။ သူက နတ်ဘုရားပျက်သုဉ်းအိုးအတွင်း၌ ဆယ်နှစ်မျှနေခဲ့ပြီး ကျင့်ကြံဆင့်လည်း တိုးတက်လာခဲ့သည်။ အပြင်ဘက်ရှိ ယွမ်ယင်းကလည်း အတော်ပင် ကြီးပြင်းလာခဲ့၍ သူ၏မှတ်ဉာဏ်အများစုကို ပြန်ရလာသည်။
၎င်းအရာများက မူလပိုင်ရှင်၏ မှတ်ဉာဏ်များသာဖြစ်ပြီး သူက ဖြတ်သွားရုံမျှသာဟူ၍ ရှန်းလျိုရှန့်တစ်ယောက် မူလကတွေးခဲ့သည်။ သူက ၎င်းမှတ်ဉာဏ်အတွင်း၌ လုံးဝနစ်မြုပ်သွားမည်ဟု မထင်ထားခဲ့ပေ။
သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့်နှယ်ပင် ခံစားရသည်။
သူ ငယ်စဉ်က ချင်းလင်ဂိုဏ်းသို့ရောက်ကာ တာအိုပညာရှင်ဝူယွမ်၏ တပည့်ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ အင်မော်တယ်ကဲ့သို့သော ရှစ်စွမ်းနှင့်အတူ ချောင်းယွင်တောင်ထွတ်တွင် နေထိုင်ခဲ့သည်။ ရှစ်စွမ်းက နက်မှောင်ရှည်လျားသော ဆံနွယ်များရှိကာ မျက်ခုံးများကြား အနည်းငယ် တွန့်ကွေးနေလျက် မျက်လုံးများက ဖန်ရေခဲများကဲ့သို့ လှပကာ စူးရှနေသည်။
ပထမဆုံး ဆုံတွေ့ချိန်၌ ရှစ်စွမ်းက အေးစက်စက်ဖြစ်နေကာ မိုင်ထောင်ချီအကွာအဝေးရှိ တစ်စုံတစ်ယောက်ကဲ့သို့ပင် ရှန်းလျိုရှန့်ကို မတတ်နိုင်ပဲ ရှက်ရွံ့စေသည်။
နောက်ပိုင်းတွင် သူ၏ရှစ်စွမ်းက နှလုံးသားနူးညံ့ကြောင်းသိရှိသွား၍ သူပိုပြီးရဲတင်းလာကာ ရှစ်စွမ်းကို မကြာခဏသွားရှုပ်နေခဲ့သည်။ စင်စစ်မှာ ဖန်ကျုံးချင်းက ဒေါသထွက်သည့်အခါတွင် လူများအား မည်သို့အပြစ်ပေးရမည်ကိုပင် မသိချေ။ သူ၏အေးစက်နေသော အကြည့်အောက်တွင် အနှီဆူညံလှသည့်တပည့်လေးအား မည်သို့ပြုလုပ်ရမည်ကို မသိတော့သည့်နှယ် လုံးဝပျောက်ဆုံးနေခဲ့ပုံရသည်။
နောက်ပိုင်းတွင်မှ ရှစ်စွမ်းက လင်ယဲ့ကို ရှစ်ရှုန်းတစ်ယောက်အနေနှင့် အနှီမထီမဲ့မြင်ပြုတတ်သော တပည့်လေးအား အချိန်တိုင်းခေါ်ဆောင်သွားစေကာ ဆုံးမစေခဲ့သည်။
တစ်ခါတစ်ရံတွင်လည်း ထိုတပည့်လေးက အလွန်ပင်ကောင်းစွာ ပြုမူနေတတ်သည်။ တပည့်လေးက ဆရာဖြစ်သူ၏ ဒူးပေါ်တွင် ခေါင်းတင်ထားလျက် သူ၏ပါးစပ်လေးမှ ပျားရည်များ လိမ်းကျံထားသည့်နှယ် ကပ်တွယ်၍ ချိုသာသော စကားလုံးများ ပြောတတ်လေသည်။ တစ်ခါတစ်ရံ အနှီတပည့်လေးကြောင့် ဖန်ကျုံးချင်းရယ်မောမိချိန်တွင် အနီရောင်နှုတ်ခမ်းပါးများက အနည်းငယ်တွန့်ကွေးလျက် အေးစက်စက်မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားသည်။
ကလေးဘဝမှ အရွယ်ရောက်သည်အထိ နေ့ရက်များတွင် ရှန်းလျိုရှန့်က လေ့ကျင်ရန် ရှစ်ရှုန်းနောက်သို့ လိုက်ခဲ့သည်။ဆရာတပည့်သုံးယောက်က အစားစားချိန်တွင် အတူတကွဝိုင်းဖွဲ့ထိုင်ကြသည်။ ညဘက်တွင် သူက ရှစ်စွမ်းကို ကပ်တွယ်ကာ ရယ်မောစေလိမ့်မည်။ ခဏခဏပြဿနာတက်၍ အပြစ်ပေးခံရသည်မှ လွဲလျှင် သူအချိန်တိုင်း ပျော်ရွှင်နေခဲ့သည်။
ရှစ်စွမ်း ၊ ရှစ်ရှုန်းနှင့်အတူ ချောင်းယွင်တောင်ထွတ်တွင် တစ်သက်လုံးနေရမည်ဟု ပင်ကိုအားဖြင့် သူထင်ခဲ့သော်လည်း ဖန်ကျုံးချင်းက အရင် ထွက်သွားခဲ့သည်။
ကျင့်ကြံဆင့်တစ်ခုသို့ ရောက်သောအခါ ဖန်ကျုံးချင်းက လောကကြီး၏ အကြောင်းအကျိုးများကို ဖြတ်တောက်၍ ကောင်းကင်ဘုံသို့ အောင်အောင်မြင်မြင် တက်ရောက်နိုင်သည်ဟုတ်မဟုတ် မည်သူမျှ မသိနိုင်ချေ။
လင်ယဲ့က ဂိုဏ်းချုပ်အသစ်ဖြစ်လာကာ ပင်မတောင်ထွတ်နှင့် ချောင်းယွင်တောင်ထွတ်ကို အပြန်အလှန်သွားလာနေခဲ့သည်။ လင်ယဲ့တစ်ယောက် အလုပ်ရှုပ်ပြီး ပင်ပန်းနေသည်ကို ကြည့်၍ ရှန်းလျိုရှန့်က ချောင်းယွင်တောင်ထွတ်တွင် မနေတော့ပဲ ပင်မတောင်ထွတ်သို့ ပြောင်းလာခဲ့သည်။ အင်မော်တယ်သခင် အဖြစ်တက်ရောက်လာချိန်တွင် သူ့ကိုယ်ပိုင်တောင်ထွတ်ရလာ၍ သူတို့ ခွဲခဲ့ကြသည်။
ထို့နောက်တွင်...
ရှန်းလျိုရှန့် ခေါင်းကိုက်လာ၍ မျက်ခုံးအလည်ကို ပွတ်သပ်လိုက်သည်။ ၎င်းက သူ့မှတ်ဉာဏ်တွင်းရှိ တစ်ခုတည်းသော မှတ်ဉာဏ်သာဖြစ်သည်။
ယွမ်ယင်းကို ပြန်သိမ်းချိန်တွင် သူက ချောင်းယွင်တောင်ခြေသို ရောက်နေခဲ့ချေသည်။
ဤမှတ်ဉာဏ်များက စစ်မှန်လွန်းသဖြင့် ရှန်းလျိုရှန့်ပြန်စဉ်းစားချိန်၌ သူတို့ထံမှ နွေးထွေးမှု အနည်းငယ်ကိုပင် ခံစားမိသည်။ သူ၏မှတ်ဉာဏ်လော မူလပိုင်ရှင်၏ မှတ်ဉာဏ်လောပင် သူ မခွဲတတ်ချေ။
ရှန်းလျိုရှန့်က အဖြေရှာရန် ချောင်းယွင်တောင်ထွတ်ကို လာခဲ့သည်။
သို့သော် မမျှော်လင့်ထားစွာပင် တောင်ထိပ်သို့ရောက်၍ မော့ကြည့်လိုက်ချိန်၌ ကျောက်တုံးထောင်ပေါင်းများစွာ၏ အဆုံးတွင် အစိမ်းရောင်ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက် ရပ်နေခဲ့သည်။ လေပြည်ညှင်းထက်ပင် ပို၍သိမ်မွေ့မည့် ကျောက်စိမ်းသဖွယ် နူးညံ့သော မျက်နှာထက်ရှိ နှုတ်ခမ်းပါးပေါ်တွင် နူးညံ့သိမ်မွေ့သည့်အပြုံးကို ပန်ဆင်ထားသည်။
"နောက်ဆုံးတော့ ပြန်လာချင်ပြီလား..."
ရှန်းလျိုရှန့်က လမ်းတစ်ဝက်တွင်ရပ်တန့်လိုက်သည်။ လေထဲတွင် ဝတ်ရုံစများအနည်းငယ် လှုပ်ခတ်နေလျက် နှုတ်ခမ်းပါးများက အနည်းငယ်တုန်ယင်လာသည်။
"ရှစ်ရှုန်း..."
လင်ယဲ့က လှေကားမှဆင်းလာခဲ့သည်။
ကြောက်လန့်နေသည့် ငှက်လေးတစ်ကောင်နှယ် ရှန်းလျိုရှန့် နောက်ဆုတ်မိသွားသည်။
လင်ယဲ့က အနည်းငယ်မျက်မှောင်ကြုတ်၍ သိမ့်သိမ့်တုန်နေသော ရှန်းလျိုရှန့် ရှေ့တွင်ပေါ်လာကာ ပိန်ပါးသည့်ခါးဖြူဖြူလေးကို ဆုပ်ကိုင်၍ ပြောလာသည်။
"မင်းဘာလို့ ပြန်ဆုတ်သွားတာလဲ...ငါက မင်းရဲ့ ရှစ်ရှန်းပါ...မင်းကို နာကျင်စေမှာ ကြောက်နေတာလား..."
ရှန်းလျိုရှန့်က ခေါင်းကိုပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
"မဟုတ်ဘူး...ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးသားရဲရှိတယ်..."
သူက ကြိုးစားရုန်းကန်နေသည်။
"ကျွန်တော် မထိန်းချုပ်နိုင်ဘူး...ရှစ်ရှုန်း ဝေးဝေးနေပါ...ကျွန်တော်နဲ့ မြန်မြန်ဝေးဝေးနေပါ..."
ရှန်းလျိုရှန့်က အကြောင်းအရင်းကို မသိသော်ငြား လင်ယဲ့ပေါ်လာချိန်တွင် ချုန်းချီ၏သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်လာသည်။ ရှေးဟောင်းအက္ခရာကို ပဲ့လာသည်အထိ ချက်ချင်းပင်တိုက်ခိုက်လာသည်မှာ နှလုံသားတွင်းမှ ရူးသွပ်နေသည့်နှယ် ခံစားရသည်။
မထိန်းချုပ်နိုင်တော့ဘူး...
"မြန်မြန်..."
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရှန်းလျိုရှန့်၏ချောမောသည့် မျက်နှပေါ်တွင် ရက်စက်သည့် အော်ရာများထွက်ပေါ်လာ၍ လင်ယဲ့ကို ရုတ်တရက်တိုက်ခိုက်လာသည်။
လင်ယဲ့၏အမူအရာက ပြောင်းလဲသွားသည်။
"ရှစ်တိ...ချုန်းချီ..."
ချုန်းချီက သူ့ခန္ဓာကိုယ်ကို ယူလိုက်၍ နီရဲနေသော မျက်လုံးများနှင့် ထူးဆန်းသည့် နတ်ဆိုးအမှတ်အသားများက မျက်ခုံးပေါ်မှ ထွက်ပေါ်လာသည်။ ရက်စက်ကြမ်းကြုတ်သည့်အမူအရာဖြင့် ရှေ့ရှိအစိမ်းရောင်ဝတ်ဆင်ထားသည့် အမျိုးသားအား စိုက်ကြည့်နေသည်မှာ ထိုသူ၏သွေးကိုသောက်၍ အသားကို ဝါးမြိုချင်သည့်နှယ်ပင်ဖြစ်သည်။
"နတ်ဘုရား ရွေ့လျားခြင်း..."
လင်ယဲ့ပေါ်လာချိန်တွင် နတ်ဆိုးဂူ၌ ချုန်းချီသတိထားမိခဲ့သော အသက်ရှူသံက ပြန်ပေါ်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ၎င်းကို သူကြာကြာ အာရုံခံကြည့်လိုက်ရသည်။ ၎င်းကအကြင်နာမဲ့သော ကောင်းကင်ဘုံ၏ အသက်ရှူသံဖြစ်ကြောင်း သိရှိရန် လုံလောက်သည်။
ရှေးဟောင်းသမိုင်းဦးကာလများတွင် နတ်ဆိုးသားရဲများ ထကြွသောင်းကျန်းနေခဲ့ကြသည်။ ထူးချွန်သည့် သူများမှ လွဲ၍ လူသားမျိုးနွယ်က နတ်ဆိုးမျိုးနွယ်အတွက် ပုရွက်စိတ်များနှင့်တူညီခဲ့သည်။
ကောင်းကင်ဘုံက ကြင်နာမှုမရှိသည့်အလျောက် ကမ္ဘာကြီးကို ကပ်ဘေးများ ယူဆောင်လာကာ လောကကြီးရှိ သားရဲကြီးများနှင့် နတ်ဆိုးအများစုက ပျက်ဆီးသွားခဲ့ကြသည်။ နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို သုတ်သင်သည့် ကပ်ဘေးကြီးတစ်ခုဖြစ်ခဲ့သည်။
ချုန်းချီနှင့် အခြားသူများက နဂါးမျိုးနွယ်၏ မပြင်ဆင်ထားမှုကို အခွင့်ကောင်းယူကာ အချိန်နေရာမန္တန်သို့ ဖောက်ဝင်၍ ထွက်ခွာခဲ့သည်။ သို့မှသာ မျှော်လင့်ချက်ပျက်သုဉ်း၍ ငိုကြွေးမြည်တမ်းမှုများပြည့်နှက်နေသည့် ကပ်ဘေးကြီးမှ လွတ်မြောက်နိုင်ခဲ့သည်။
လင်ယဲ့၏ ကိုယ်ပေါ်တွင် ကောင်းကင်ဘုံမှအော်ရာကို သူ သတိထားမိခဲ့သည်။ အမျှင်တန်းလေးမျှသာဖြစ်သော်ငြား ချုန်းချီ၏ အပိုင်းပိုင်းကိုက်ဖြတ်၍ လူသတ်လိုသော ရည်ရွယ်ချက်ကို နိုးဆော်ပေးနိုင်သေးသည်။
ထိုလူနှစ်ဦး တိုက်ခိုက်နေသဖြင့် နေရာတစ်ခုလုံး တုန်ခါသွားသည်။ ချင်းလင်ဂိုဏ်းတပည့်သားများက အိပ်ရာမှနိုးလာ၍ အပြင်ထွက်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်ကြချိန်တွင် သူတို့၏မျက်နှာများက အကြောက်တရားကြောင့် ဖြူဖျော့ကုန်ကြသည်။
"အင်မော်တယ်ရှန်း...မဟုတ်...မဟုတ်ဘူး...နတ်ဆိုးသားရဲပဲ..."
"ဂိုဏ်းချုပ် ပြဿနာတက်နေပြီ..."
အကြိမ်အနည်းငယ်မျှတိုက်ခိုက်ပြီးနောက် ကောင်းကင်တာအိုက ကမ္ဘာမြေပေါ်သို့ ရောက်လာ၍ ရှေ့ရှိ အစိမ်ရောင်ဝတ်ရုံနှင့် သူက ပိုင်ဆိုင်ထားကြောင်း ချုန်းချီ ပို၍ပို၍သေချာလာသည်။
အချိန်တစ်ခုကြာပြိိိီးနောက်တွင် သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်က ပို၍ပြင်းထန်လာခဲ့သည်။
သို့သော်ငြား ကောင်းကင်အလင်းတန်းက သူ့ကိုမသတ်ပဲ တစ်စုံတစ်ခုကို စိုးရိမ်နေခြင်းက ချုန်းချီကို အံသြစေသည်။
ချုန်းချီက စဉ်းစားမိသွားကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကောင်းကင်ဘုံတာအိုက တစ်ခါတစ်ရံတော့ ကြင်နာတတ်သွားတာပဲ...မဟုတ်ဘူး ငါငြင်းလိုက်မယ်....သူက မင်းကြောင့် ခုခံနေတာပဲ...ဟာဟားဟား...နတ်ဘုရားတွေက ငါ့ကို ကူညီနေတာပဲ..."
၎င်းကို ရှာတွေ့ပြီးနောက်တွင် ချုန်းချီက ပိုပြိိီးကောက်ကျစ်လာကာ သူ့အကာအကွယ်ကို လုံးဝရုတ်သိမ်းလိုက်၍ တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအင်များကို ရွေ့လျားစေလျက် တစ်ချက်တည်းဖြင့် သတ်ဖြတ်ချင်ခဲ့သည်။
"ကောင်းကင်ဘုံရဲ့ အလင်းတန်းတစ်ခုပဲဆိုရင်တောင် ငါမင်းကို မလွှတ်ပေးနိုင်ဘူး..."
ဘုန်း...
လင်ယဲ့က သေစေသည့် လှုပ်ရှားမှုမျိုးမလုပ်ရဲသဖြင့် ကြပ်တည်းနေခဲ့ကာ လုံးဝအကျိုးယုတ်နေလျက် ချက်ချင်းပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။ ထိုတိုက်ခိုက်ကို မရှောင်နိုင်ကြောင်းသိသော်လည်း ချုန်းချီတိုက်ခိုက်သည်က လွဲသွားမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ချုန်းချီ၏မျက်နှာက မှောင်မည်းလာကာ လက်မြှောက်၍ ကြည့်လိုက်သည်။
ပင်ကိုအားဖြင့် သူ၏တိုက်ခိုက်မှုက အမှားမရှိနိုင်ပေ။ ၎င်းမှာ ရှန်းလျိုရှန့်၏ဝိညာဉ်က သူ့ကို နှောင့်ယှက်ခဲ့ခြင်းဖြစ်သည်။
ချုန်းချီက အလွန်ဒေါသထွက်သွား၍ ဒေါသတကြီးမျက်လုံးဖွင့်ကာ နောက်တစ်ချက် ထပ်မံတိုက်ခိုက်လိုက်သည်။
လင်ယဲ့က မျက်လုံးအနည်းငယ်ဖွင့်လာချိန်တွင် သေခြင်းတရားကို သတိပြုမိသွားသည်။ ထိုအရေးတကြီးအချိန်တွင် နိုးကြားသွားရန် လျှာကို ကိုက်ချလိုက်သည်။
မသေနိုင်ဘူး....
သူသေလို့မရဘူး...
အစိမ်းရောင်ပုံရိပ်က အကာအကွယ်အစီအရင်ကို အသက်သွင်းလိုက်ကာ ချုန်းချီကိုပိတ်မိသွားစေသည်။ ခဏချင်းပင် ချင်းလင်ဂိုဏ်း၏ကောင်းကင်က ယိုယွင်းသွားကာ မြေကြီးမှာတုန်ခါသွားသော်လည်း ချင်းလင်းဂိုဏ်း၏ နှစ်ထောင်ချီနေသည့် အကာအကွယ်အစီအရင်က တည်ရှိနေသေးသည်။
ချုန်းချီ၏မျက်နှာက ညိုမည်းနေလျက် အစီအရင်ကို ကြည့်လိုက်သည်။ ချင်းလင်ဂိုဏ်းတပည့်များ၏ စိတ်လှုပ်ရှားနေသည့် အမူအရာကိုတွေ့သောအခါ သူ၏လေသံက အေးစက်လာသည်။
"ဘာတွေ ပျော်နေကြတာလဲ...ပုရွက်ဆိတ်တစ်သိုက်နဲ့...အစီအရင်လေးတစ်ခုပဲကို..."
ချုန်းချီက
နှာခေါင်းရှုံ၍ လက်ကို ဝေ့ယမ်းလိုက်ချိန်တွင် ရာချီသော ထူးထူးဆန်းဆန်းနတ်ဆိုးသားရဲများက လေထဲတွင်ပေါ်လာသည်။ တစ်ကောင်ချင်းစီတွင် သွေးနီရောင်မျက်လုံးပြူးပြူးများနှင့် ဓားသွားကဲ့သို့ အေးစက်ထက်ရှသည့် လက်သည်းများရှိကြသည်။