Chapter 143
ချင်းလင်ဂိုဏ်းအတွင်း၌ တစ်ဒင်္ဂမျှ တိတ်ဆိတ်သွားသည်။
လေထဲမှ ၎င်းမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသော တပည့်များက ခြေထောက်များ အားနည်းလာ၍ တစ်ကိုယ်လုံးတုန်ယင်သွားသည်။
၎င်းကြမ်းကြုတ်သည့် ရှေဦးဗီဇနှင့် နတ်ဆိုးသားရဲတစ်ကောင်ချင်းစီကို ရင်ဆိုင်ခြင်းကပင် အကြီးအကျယ် ဆုံးရှုံးခြင်းကို ခံစားရနိုင်သည်။
ချင်းလင်ဂိုဏ်းရှိလူတိုင်းက အလွန်အမင်း ထိတ်လန့်နေကြသည်။
ထိုအချိန်တွင် သူတို့မျက်လုံးထဲ၌ ၎င်းနတ်ဆိုးသားရဲများကို ထိန်းချုပ်ထားသည့် အင်မော်တယ်သခင်က ကြောက်စရာကောင်းသော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာသည်။
ချုန်းချီက အေးစက်စွာပြုံး၍ အစီအရင်ကို ရိုက်ချက်တစ်ချက်ဖြင့် ဖျက်ဆီးပစ်လိုက်သည်။ သူလင်ယဲ့ကို တိုက်ခိုက်နေသည့် တစ်ချိန်တည်းမှာပင် လူတိုင်းကို သတ်ရန် နတ်ဆိုးသားရဲများအား အမိန့်ပေးလိုက်သည်။
ဒီည သူ ချင်လင်းဂိုဏ်းကို အမဲဖျက်ပစ်မယ်...
အစီအရင်က တစ်စစီကွဲထွက်သွားကာ လူတိုင်းက နတ်ဆိုးသားရဲများ ကောင်းကင်ပေါ်မှ ဆင်းလာသည်ကို စောင့်ကြည့်နေချိန်တွင် သွေးများ ရုတ်တရက် ဆုံးရှုံးသွားသည်။
လင်ယဲ့က သွေးအန်သွားကာ ချက်ချင်းရောက်ရှိလာသည့် တိုက်ခိုက်မှုကို ရင်ဆိုင်နေလျက် ရေခဲချောက်အတွင်းသို့ ကျရောက်သွားသည့်နှယ် တစ်ကိုယ်လုံးအေးစက်သွားသည်။
မရဘူး...
သူ သေလို့မရဘူး...
လင်ယဲ့ ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့ရာ မြေပြင်ပေါ်တွင် သွေးစွန်းရာများချန်ထားခဲ့မိသည်။ သူရှောင်ရှားရန် အကောင်းဆုံးကြိုးစားသော်ငြား နောက်ကျသွားခဲ့သည်။
လက်သီးကျစ်ကျစ်ဆုပ်ကာ သူ၏ မြင်ကွင်းက တဖြည်းဖြည်း အမှောင်ထုအတွင်းသို့ ကျရောက်သွားသည်။
လင်ယဲ့၏ နောက်ဆုံးသတိရှိနေချိန်တွင် ရင်းနှီးသော်လည်း မရင်းနှီးနေသည့် မျက်နှာပေါ်သို့ အကြည့်ရောက်ကာ အမြဲတည်ငြိမ်နေလေ့ရှိသည့် နှလုံးသားက ရုတ်တရက် နာကျင်သွားသည်။
သူသေရင်တောင်...
ရှန်းလျိုရှန့် လက်ထဲမှာ သေမှာပဲ...
ရှန်းလျိုရှန့်ရဲ့ ဘဝတစ်လျှောက်လုံး ဖယ်ရှားလို့မရတဲ့ အိမ်မက်ဆိုးဖြစ်လာလိမ့်မယ်...
ဘုန်း...
ထိုအချိန်တွင် အနက်ရောင်ဝတ်ဆင်ထားသော ပုံရိပ်က ရုတ်တရက် ရောက်ရှိလာပြီး ချုန်းချီ၏တိုက်ခိုက်မှုကို လက်ပြန်နှင့် ပိတ်ဆို့၍ သတိမရှိသော လင်ယဲ့ကို ခေါ်ဆောင်သွားသည်။ တစ်ချိန်တည်းမှာပင် မွန်းကြပ်ဖွယ် ပြင်းထန်သည့် ဖိအားကို ထုတ်ကာ ချင်းလင်ရှိလူများကို တိုက်ခိုက်နေသော နတ်ဆိုးသားရဲများ ကြောက်ရွံသွားစေသည်။
"လိမ့်လိုက်..."
ချင်းလင်ဂိုဏ်း အပေါ်တွင် ရာချီသည့် ထူးထူးဆန်းဆန်း နတ်ဆိုးသားရဲများက သွေးရောင်ရဲနေသော မျက်လုံးများရှိနေကာ ၎င်းတို့၏ ကြီးမားသောအတောင်ပံများက အေးစိမ့်နေသည့် ညလေအေးထဲတွင် အရှိန်အဟုန်နှင့် ပျံသန်းနေကြသည်။ သူတို့က အချက်ပေးသည့်နှယ် အော်ဟစ်လာကာ ကြမ်းကြုတ်သည့်အော်ရာက ကောင်းကင်ကို ထိုးဖောက်သွားသည်။
၎င်းနတ်ဆိုးသားရဲများက အသိဉာဏ်မဖွင့်ဖြိုးသေးသဖြင့် ရှေးဟောင်းဗီဇအပေါ်မှီခို၍ ရှာဖွေလှုပ်ရှားကြသည်။ ၎င်းတို့က ယခင်နှစ်များအတောအတွင်း နတ်ဆိုးနယ်မြေ၌ အမြစ်တွယ်နေခဲ့သည်။ နတ်ဘုရားအသွင်ပြောင်းအဆင့်တွင် ရောက်နေသော်လည်း စွမ်းအားနှင့် ခန္ဓာကိုယ်ကြီးမားမှုက သူတို့ကို အန္တရာယ်ကြုံကာ အခက်တွေ့စေသည်။
ထိုအချိန်တွင် ချုန်းချီထံမှ ဆင့်ခေါ်ခံရကာ ချင်းလင်ဂိုဏ်းအပေါ်မှ မည်းမှောင်စွာ ရစ်ဝဲနေရသည်။ ၎င်းမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသော ချင်းလင်ဂိုဏ်း တပည့်များက ကမ္ဘာပျက်ကပ်ကို မြင်တွေ့လိုက်ရသည့်နှယ် ခံစားနေရသည်။
အထူးသဖြင့် ဂိုဏ်းခေါင်းဆောင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရ၍ မြေပေါ်သို့ လဲကျနေချိန်တွင် မည်သို့တားဆီးရမည်ကို မသိတော့ချေ။
မွန်းကြပ်ဖွယ်လေထုက ချင်းလင်ဂိုဏ်းကို ဝန်းရံထားသည်။ အကာအကွယ်အစီအရင် ကျိုးပျက်သွားချိန်တွင် လူတိုင်း၏ မျှော်လင့်ချက်ပျက်ဆီးမှုနှင့် အကြောက်တရားက အထွတ်အထိပ်ကို ရောက်ရှိသွားကာ အော်ဟစ်ငိုကြွေးသံများ ပေါ်ထွက်လာသည်။
ရှေ့သို့ အလျင်စလို ဦးတည်လာသည့် နတ်ဆိုးသားရဲများက ရုတ်တရက် ရပ်တန့်သွားပြီး လေထဲတွင် တောင်ပံကြီးများတဖျပ်ဖျပ်ခတ်၍ ချဉ်းကပ်လာသည့် အနက်ရောင်ပုံရိပ်ကို ကြောက်ရွံ့တစ်ဝက် ရှုပ်ထွေးတစ်ဝက်နှင့် စိုက်ကြည့်နေကြသည်။
သူတို့က အသိဉာဏ်မရှိသဖြင့် နတ်ဆိုးမျိုးနွယ်၏ ဗီဇကိုသာလိုက်နာကြသည်။ သူတို့ ချုန်းချီ၏ အမိန့်ကို လိုက်နာကြသည်မှာ ချုန်းချီက အင်အားကြီးနေ၍ဖြစ်သည်။ ဤနေရာသို့ လာနေသည့်သူမှာလည်း အင်အားကြီးလှသဖြင့် သူတို့ မလှုပ်ရှားကြပေ။
နတ်ဆိုးသားရဲများက လေထဲတွင် တစ်စုတစ်စည်းတည်း ရပ်တန့်နေလျက် မည်သည်ကို လိုက်နာသင့်ကြောင်း ဆုံးဖြတ်နေပုံရသည်။ ကျိုးရွှမ်လန်က "ထွက်သွား..."ဟု အေးစက်စွာ အော်လာချိန်တွင် ဆုံးဖြတ်ချက်ချကာ ပျံပြေးသွားကြသည်။
လွှမ်းမိုးထားသည့် နတ်ဆိုးသားရဲများက ဒီရေအလား ပျောက်ကွယ်သွားပြီး နှောင့်ယှက်ပိတ်ဆို့ထားခြင်းမရှိသော တောက်ပသည့်လရောင်က ပြိုပျက်လုနီးပါးဖြစ်နေသည့် ချင်းလင်ဂိုဏ်းပေါ်သို့ ကျရောက်နေသည်။
တပည့်အားလုံးက သတိပြန်ဝင်လာ၍ ကပ်ဘေးကြီးမှ လွတ်မြောက်လာရသည့် ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားသည်။
"ထွက်ပြေးသွားပြီ...ထွက်ပြေးသွားပြီ..."
"အဲဒါဘယ်သူလဲဟ...သူက ဘာလို့ ငါတို့ကို ကယ်ချင်တာလဲ...ငါသူ့ကို ဘာလို့ အရင်က တစ်ခါမှ မတွေ့ဘူးတာတုန်း..."
"သူက...နတ်ဆိုးနယ်မြေက နဝမနတ်ဆိုးဘုရင်ပဲ...ငါကြားတာတော့ သူက အရင်တုန်းက ငါတို့ချင်းလင်ဂိုဏ်းရဲ့ တပည့်ဖြစ်ခဲ့တာတဲ့...."
"ဘာ...နတ်ဆိုးဘုရင်လား..."
"နတ်ဆိုးဘုရင်က ဘာဖြစ်သွားတာလဲ...ငါတို့ကိုလည်း ကယ်ထားသေးတယ်...ချင်းလင်ဂိုဏ်းရဲ့ တပည့်တောင် ဖြစ်လိုက်သေးတယ်..."
"သူက တကယ်ကြီး အဲဒီ နတ်ဆိုးသားရဲတွေကို လွယ်လွယ် တွန်းလှန်နိုင်တာပဲ...အင်မော်တယ်ရှန်း...ချုန်းချီကို သန့်စင်ထားတဲ့ မကောင်းဆိုးဝါးကြီးကိုလည်း တားဆီးနေသေးတယ်...အဲလိုအင်အားမျိုးနဲ့ဆိုရင် သုံးလောကကို လွှမ်းမိုးနိုင်မှာပဲ..."
ကျိုးရွှမ်လန်က အနားရောက်လာသည့် လင်မူရှန်းနှင့် လင်ကျင်းယဲ့ဆီသို့ လင်ယဲ့ကို ပစ်ပေးလိုက်သည်။
သူတို့သုံးဦးက ငယ်စဉ်တည်းကပင် သူငယ်ချင်းကောင်းများ ဖြစ်ခဲ့ကြသည်။ ချင်းလင်ဂိုဏ်းတွင် အတူတကွ လေ့ကျင့်ကြ၍ အချင်းချင်းယှဉ်ပြိုင်ကြလေ့ရှိသည်။ ဤမျှ ကွာခြားလှသည့် အခြေအနေဖြင့် ထပ်မံတွေ့ဆုံရမည်ဟု သူတို့ မမျှော်လင့်ထားချေ။
လင်ကျင်းယဲ့က ရပ်တန့်သွားပြီး သူ၏ခါးရှိ ဘူးသီးခြောက်ခွံမှာ အနည်းငယ် လှုပ်ယမ်းသွားသည်။ သူ တစ်ဒင်္ဂမျှ ကြက်သေသေနေလျက် အတန်ကြာ ဆွံ့အနေခဲ့သည်။
လင်မူရှန်းက လင်ယဲ့ကို ကျောတွင်သယ်လျက် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ကျိုးရွှမ်လန်က တိတ်တဆိတ်ပြောလာသည်။
"မလိုဘူး...ငါက ချင်းလင်ဂိုဏ်းအတွက် လုပ်ပေးနေတာ မဟုတ်ဘူး..."
သူက ရှစ်စွမ်းနိုးလာချိန်တွင် လင်ယဲ့ကိုသတ်ကာ ဂိုဏ်းကို ဖျက်ဆီးခဲ့မိကြောင်း ရှာတွေ့သွားသည်ကို မလိုလားသောကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရှစ်စွမ်း ဝမ်းနည်းသွားမည်ကို မလိုချင်ရုံသာဖြစ်သည်။
သူက မကောင်းမှုကို ကြင်နာမှုနှင့် တုံ့ပြန်နေခြင်းမဟုတ်သည့်အပြင် သူက ထိုမျှလောက် စေတနာရှိသူ မဟုတ်ချေ။
ကျိုးရွှမ်လန်က နောက်လှည့်မကြည့်ပဲ ချုန်းချီပျောက်ကွယ်သွားသည့် ဦးတည်ရာအတိုင်းလိုက်သွားခဲ့သည်။
ချုန်းချီက ကျိုးရွှမ်လန်ကို မြင်သောအခါ စကားပြောချင်နေခဲ့သော်လည်း ရှန်းလျိုရှန့်၏ ဝိညာဉ်ကို ယာယီသာဖိနှိပ်ထားနိုင်သည်။ အတန်ကြာမြင့်ပြီးနောက် သူက ထပ်မံ မဖိနှိပ်နိုင်သဖြင့် ရှန်းလျိုရှန့်ထံမှ တစ်ဝက်ခန့် ထိန်းချုပ်ခံလိုက်ရသည်။
ဘုန်း...
ပုံရိပ်တစ်ခုက ပြုတ်ကျလာ၍ တောင်တန်း၏ ငြိမ်သက်မှုကို ဖျက်ဆီးလိုက်သည်။
ရှန်းလျိုရှန့်၏ မျက်ခုံးပေါ်မှ နတ်ဆိုးအမှတ်အသားများက ပျောက်ကွယ်သွားကာ နိုးကြားလာသည့် အခိုက်အတန့်တွင် သတိအာရုံက နှလုံးသားအကျဉ်းထောင်အတွင်းသို့ အလျင်စလို ဝင်ရောက်သွားသည်။
သူက ရှေးဟောင်အက္ခရာများနှင့်ပြုလုပ်ထားသည့် တံခါးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် အတွင်း၌ အကြောင်းမဲ့သက်သက်ရယ်မောနေသော ချုန်းချီကို စိုက်ကြည့်နေသည်။ အားများလွန်းသဖြင့် လက်ချောင်းများဖြူဖျော့လာကာ ဇာမဏီမျက်ဝန်းများ နီရဲလာ၍ မကြုံစဖူးသတ်ဖြတ်လိုသည့်ရည်ရွယ်ချက်ကို ဖော်ပြလာသည်။
ချုန်းချီကပြောသည်။
"မင်းရဲ့ အမူအရာက ဘာဖြစ်နေတာလဲ...ငါ့ကို သတ်ချင်နေတာလား...ဒါပေမဲ့ မင်း မလုပ်နိုင်ဘူးလေ..."
သူ့ကိုသတ်ရန် သူ၏ဝိညာဉ်ကို ဖျက်ဆီးရမည်ဖြစ်သည်။
သို့သော် သူ့ဝိညာဉ်က သမိုင်းဦးကာလတည်းက တည်ရှိနေခဲ့ပြီး နှစ်ထောင်ချီဖြတ်သန်းခဲ့ပြီးဖြစ်သည်။ ၎င်းက သေဆုံးရန်ခက်ခဲပြီး မပျက်ဆီးနိုင်ပေ။
ဒီလောကကြီးထဲမှာ ဘယ်သူကလုပ်နိုင်မှာလဲ...
တစ်စုံတစ်ယောက်က လုပ်နိုင်ခဲ့သည်ဆိုပါက ရှန်းလျိုရှန့် ခန္ဓာကိုယ်အတွင်းသို့ ပုန်းအောင်းနေရုံသာဖြစ်ပြီး ဝိညာဉ်ဖျက်ဆီးခြင်းနည်းစနစ်ကို သူ့အပေါ်သုံးရဲခဲ့လျှင်လည်း သူက မသေဆုံးသေးပေ။ သို့သော် သာမန်ထက်ပို၍အားနည်းသော ရှန်းလျိုရှန့်၏ ဝိညာဉ်က ဦးစွာ မတောင့်ခံနိုင်မည်ကို ကြောက်ရသည်။ ရှန်းလျိုရှန့်၏ ဝိညာဉ်ကပြိုကွဲသွားနိုင်သည်။
ချုန်းချီက ယုံကြည့်ချက်ရှိရှိ အနားတိုးလာ၍ အံကြိတ်လျက်ပြောလာသည်။
"ဒီနေ့ဖြစ်ခဲ့တာတွေက အစပဲရှိသေးတယ်...မင်းရဲ့ဝိညာဉ်က အရမ်းအားနည်းလို့ ငါနဲ့ မယှဉ်နိုင်ဘူး...မင်းရဲ့ဝိညာဉ်ကို ငါခြယ်လှယ်ဝါးမျိုတာမခံချင်ရင် အချိန်နေရာမန္တန်ကို သုံးပြီး ငါ့ကို အိမ်ပြန်ပို့ဖို့ နဂါးလေးကို အကြံပေးလိုက်..."
ချုန်းချီက ခန္ဓာကိုယ်ကို တစ်ခါယူခဲ့ပြီးလျှင် ရှန်းလျိုရှန့်က မျှော်လင့်ချက်မဲ့ကာ အကူအညီမဲ့နေ၍ သူ့ကိုငြင်းဆန်ရန် အကြောင်းမရှိဟု ထင်ခဲ့သည်။ မမျှော်လင့်ထားစွာ ရှန်းလျိုရှန့်က သူ့ကို စကားလုံးနှစ်လုံးသာပြောလာသည်။
"အိမ်မက်မက်နေလိုက်..."
ချုန်းချီက ရှုံ့မဲ့သွားကာ ရှန်းလျိုရှန့်၏နှုတ်ခမ်းပါးများ အေးစက်စက်တွန်ချိုးလာသည်ကို ကြည့်လိုက်သည်။
"မင်း လိမ်နေတာ..."
ချုန်းချီ၏ ရဲနေသောမျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ရှန်းလျိုရှန့်က ချုန်းချီ၏ အိမ်ပြန်ချင်သည်ဟူသော စကားကို ယခုအချိန်မတိုင်မီအထိယုံကြည်ခဲ့သည်။ သမိုင်းဦးကာလက နတ်ဆိုးသားရဲများမှာ သဘာဝကပ်ဘေးကို ရင်ဆိုင်ခဲ့ရသဖြင့် သေလမ်းသာရှိကြောင်း နောက်မှ သူမှတ်မိသွားသည်။
ချုန်းချီက ဖြစ်နိုင်သမျှ လွတ်လမ်းကို ရှာချင်နေတာ...သူက ဘယ်လိုလုပ်ပြန်သွားချင်မှာလဲ...
"မင်း အချိန်နေရာမန္တန်ကို သုံးချင်တာက ပြန်သွားချင်လို့မဟုတ်ပဲ ကပ်ဘေးကြောင့် ပျက်ဆီးသွားတဲ့ ချုန်းချီမျိုးနွယ်ကို ခေါ်လာချင်နေတာ...အဲဒါမှ နိဗ္ဗာန်လိုပဲ မင်းဘာမဆို လုပ်နိုင်မှာပေါ့...အဲဒါကမှ မင်းရဲ့ရည်ရွယ်ချက်ပဲ..."
ချုန်းချီ၏ မျက်လုံးများက အနည်းငယ်ပြောင်းလဲသွားကာ နှုတ်ခမ်းများ အတန်ကြာ တွန့်ကွေးသွားသည်။
"အရမ်းမတုံးဘူးပဲ..."
ရှန်းလျိုရှန့် နှလုံးသားထဲမှ အေးစိမ့်မှုကို ခံစားလိုက်ရသည်။ ချုန်းချီတစ်ယောက်တည်းကိုပင် သူ မကိုင်တွယ်နိုင်တွယ်နိုင်ဖြစ်နေသည်။ အကယ်၍ ပိုပြီးအရေအတွက်များနေခဲ့လျှင် ကုန်းမြေကြီးကို သူတို့ အုပ်စိုးသွားလိမ့်မည်။
"မင်းလိုချင်တာကို မလုပ်နိုင်စေရဘူး..."
"သနားစရာကောင်းတာက မင်း ဘာပြောပြော အသုံးမဝင်ဘူး..."
ချုန်းချီက နှာခေါင်းရှုံ့လိုက်သည်။
"ငါပြောမယ်...အဲဒါက နဂါးမျိုးနွယ်လေး အချိန်နေရာမန္တန် သိ မသိရယ် သူရွတ်ဆိုဖို့ ဆန္ဒရှိ မရှိရယ်ပေါ်ပဲမူတည်တယ်..."
ရှန်းလျိုရှန့် : "ငါ သူ့ကို အဲလို လုပ်ခွင့်မပြုဘူး..."
၎င်းကိစ္စသာ အောင်မြင်သွားခဲ့လျှင် သက်ရှိအားလုံး အကြီးအကျယ်ပျက်ဆီးလိမ့်မည်။ အချိန်နှင့်နေရာကို အသုံးပြု၍ ၎င်းတို့ကို လက်ရှိကုန်းမြေကို ခေါ်လာပေးသော ကျိုးရွှမ်လန်လည်း လူထောင်ပေါင်းများစွာ၏ အပြစ်တင်ခြင်းကို ခံရလိမ့်မည်။ လျှော်ဖွတ်၍မပြောင်နိုင်သည့် အမျိုးမျိုးသော အပြစ်တို့အတွက် ခေါင်းခံရလိမ့်မည်။
ရှန်းလျိုရှန့်က ဧကရာဇ်ယွင်ယွီ၏ ကောင်းကင်သို့တက်သည်ကို တွေ့ဖူးသဖြင့် ကောင်းမှုနှင့် ထိုက်တန်သည့် စွမ်းအား အမှန်တကယ် တည်ရှိကြောင်းသိသည်။
ထိုကဲ့သို့ ကြီးလေးသည့်ကောင်းမှုများက ဉာဏ်အလင်းပွင့်စေပြီး ကောင်းကင်ဘုံသို့ တက်ရောက်နိုင်သော်လည်း ကြီးလေးသည့်အပြစ်ကမူ သေခြင်းမကောင်းနိုင်၍ အဆုံးမရှိသော ငရဲသို့ ပို့ဆောင်လိမ့်မည်။
သမိုင်းဦးကာလတွင် ကောင်းကင်ဘုံကပ်ဘေးက လောကကြီးသို့ လာရောက်ခဲ့သည်။ ၎င်းမှာ ရှေးဟောင်း နတ်ဆိုးသားရဲများက အလွန်မောက်မာကာ ရက်စက်ကြမ်းကြုတ်လွန်း၍ ဖြစ်သည်။ လွှမ်းမိုးနိုင်သည့် မျိုးနွယ်ကသာလျှင် ကောင်းကင်ဘုံတာအိုကို ရန်စခဲ့သဖြင့် လောကကြီးကို ဖျက်ဆီးမည့် ကပ်ဘေးကြီးပို့လွှတ်ပေးခဲ့သည်။ စွမ်းအားကြီးနတ်ဆိုးသားရဲများက မြေအောက်တွင် ပုပ်သိုးနေကာ နတ်ဆိုးသားရဲအကုန်လုံး သေကြေပျက်သုဉ်းသွားကြသည်။ တစ်ချို့တစ်လေသာ လွတ်မြောက်ခဲ့ကြသည်။
လင်ယဲ့က ကျိုးရွှမ်လန်အား အဘယ့်ကြောင့် သတ်ချင်ခဲ့သည်ကို ရှန်းလျိုရှန့် ယခင်ကနားမလည်ခဲ့ပေ။ ယခုတွင် ချုန်းချီ၏ စကားများ နားထောင်ပြီးသောအခါ လင်ယဲ့ထံတွင် ကောင်းကင်ဘုံအလင်းတန်းရှိနေကြောင်း သူနားလည်သွားသည်။
ဤနည်းဖြင့် ကျိုးရွှမ်လန်က ကောင်းကင်ဘုံ၏ ပစ်မှတ်ထားခြင်းကို ခံနေရသည်။ အကယ်၍ ကျိုးရွှမ်လန်က ကောင်းကင်ဘုံ၏ ဆန္ဒကို ဆန့်ကျင်သည့် တစ်ခုခုပြုလုပ်ခဲ့လျှင် သူကုန်းမြေပေါ်တွင် ရှိနေသရွေ့ ကောင်းကင်ဘုံက အလွတ်ပေးမည် မဟုတ်ချေ။
သူ၏ ဘိုးဘေးဘီဘင်များကပင် ကောင်းကင်ဘုံ၏ ရန်သူများ ဖြစ်နေခဲ့သည်။
လောကကြီးကို လွှမ်းမိုးခဲ့ဖူးတဲ့ ရှေးဟောင်းနတ်ဆိုးသားရဲတွေတောင် မလုပ်နိုင်တာ...သူကဘယ်လိုလုပ် ခုခံနိုင်မှာလဲ...
"သူ့ကို လှည့်စားဖို့ မကြိုးစားနဲ့..."
ရှန်းလျိုရှန့်က မှုန်မှိုင်းနေသည့် မျက်နှာဖြင့် ပြောလာသည်။
"မင်း နွေဦးနဲ့ ဆောင်းဦးအကြောင်းကို ဆက်ပြီး အိမ်မက်မက်နိုင်ပေမဲ့ အနှေးနဲ့ အမြန် ငါမင်းကို နှိုးမှာပဲ..."
ချုန်းချီက အေးဆေးသက်သာစွာ ပြုံးပြလာကာ မျက်နှာပေါ်မှ နတ်ဆိုး အမှတ်အသားများ နွယ်တက်လာ၍ ထူးဆန်းသည့် ပုံစံဖြစ်ပေါ်လာစေသည်။
"ဒီလိုဆိုရင် မင်းပဲ ငါ့ကို သတ်နိုင်မလား ငါကပဲမင်းကို အသုံးချနိုင်မလား ဆိုတာ စောင့်ကြည့်တာပေါ့...ဒါပေမဲ့ ငါက အခုချိန်မှာ မင်းရဲ့ဝိညာဉ်ကို မဝါးမျိုချင်သေးဘူး...နဂါးမျိုးနွယ်ရဲ့ နောက်မျိုးဆက်လေးက မင်းကို အရမ်းဂရုစိုက်ပုံပဲ...ငါမင်းကို ခြိမ်းခြောက်ဖို့ သုံးမယ်ဆိုရင် အကျိုးသက်ရောက်မှုက တော်တော်ကောင်းမှာပဲ..."
ရှန်းလျိုရှန့်က ရှေးဟောင်းအက္ခရာများကို တစ်ချက်ကြည့်၍ ပြန်ထွက်သွားလိုက်သည်။
သူ မျက်လုံးဖွင့်လိုက်ချိန်တွင် အနက်ရောင်မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့သွားသည်။ ရှန်းလျိုရှန့်၏ နှလုံးသားက တုန်ယင်နေလျက် ပြောလာသည်။
"ရှစ်ရှုန်း ဘယ်လိုနေသေးလဲ..."
ကျိုးရွှမ်လန် : "အသက်ရှင်တယ်...ဒါပေမဲ့ အနားယူဖို့ လိုနေသေးတယ်..."
ရှန်းလျိုရှန့်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ကျိုးရွှမ်လန်၏ ဝတ်ရုံလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
"ချုန်းချီက ငါ့အထဲမှာရှိနေတယ်...မင်း..."
"ရှစ်စွမ်း...ဘာပြောချင်တာလဲ..."
ကျိုးရွှမ်လန်က မျက်နှာပေါ်တွင် အုံ့မှိုင်းနေသောအကြည့်နှင့် စကားမဆုံးမီဖြတ်ပြောလာသည်။
"ရှစ်စွမ်းပြောချင်တာက ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးသားရဲရှိလို့ ကျွန်တော့်ကို ဝေဝေးနေစေချင်တဲ့ အကြောင်းလား...ဒါမှမဟုတ် ကျွန်တော့်ကို ထပ်ပြီး အဝေးကို တွန်းပို့ မလို့လား..."
ရှန်းလျိုရှန့်၏ မျက်တောင်နက်နက်များက အနည်းငယ်တုန်ယင်သွားကာ ကျိုးရွှမ်လန်၏ လည်ပင်းကို အလျင်အမြန်ချိတ်ဆွဲလိုက်သည်။ သစ်ရွက်များ ကြွေကျသံနှင့်အတူ ရှန်းလျိုရှန့်က မေးစေ့ကို မြှောက်၍ အေးစက်နေသည့် နှုတ်ခမ်းပါးများကို နမ်းလိုက်သည်။
ကျိုးရွှမ်လန်က ကြက်သေသေသွားကာ မျက်လုံးများ အနည်းငယ်ဖွင့်ကြည့်လာသည်။
သူ့မျက်ခုံးကြားမှ ဒေါသကပျောက်ကွယ်သွား၍ နှုတ်ခမ်းပါးများကြားမှ အေးစက်မှုကလည်း တဖြည်းဖြည်း အရည်ပျော်ကျသွားသည်။
"မဟုတ်ဘူး..."
ရှန်းလျိုရှန့်က နမ်းရှိုက်ပြီးချိန်တွင် ကျိုးရွှမ်လန်၏ လည်တိုင်၌ ခေါင်းမြှုပ်ထားလျက် တုန်ယင်နေသော အသံနှင့်ပြောလာသည်။
"ငါ ပြောချင်တာက ငါ့ခန္ဓာကိုယ်ထဲမှာ ချုန်းချီရှိနေပေမဲ့ ငါ့ကို မကြောက်ပါနဲ့လို့...ငါနဲ့ ဝေးဝေးမနေပါနဲ့...ငါအခု သူ့ကို ထိန်းချုပ်နိုင်တယ်...ဒါပေမဲ့ မလုပ်နိုင်တဲ့ အချိန်ကျရင် ငါ့လမ်းကို ငါသွားမယ်..."
ကျိုးရွှမ်လန်က နှလုံးသားထဲမှာ နာကျင်လာသည်။လက်များကို တင်းကြပ်လိုက်ကာ ရင်ခွင်တွင်းမှလူကို မြဲမြံစွာ ပွေ့ဖက်ထားလိုက်သည်။
ရှန်းလျိုရှန့်က သူ့ကို စိတ်ပူပန်အောင် ပြုလုပ်ရာတွင် ထူးထူးခြားခြား အရည်အချင်းရှိပုံရသည်။ ကိုယ်တိုင်သင်ကြားပြီး မလွဲချော်ပဲ အမြဲအမှတ်ရနေတတ်သည်။
"မကြောက်ပါနဲ့ ...ကျွန်တော့်ကို အကုန်လုံးအပ်ထားလိုက်ပါ..."
ကျိုးရွှမ်လန်က ခေါင်း အနောက်ဘက်ကို လက်ဖြင့်ဖိကာ အနက်ရောင်ဆံနွယ် ပျော့ပျော့များ အတွင်းသို့ လက်မြှုပ်၍ နူးနူးညံ့ညံ့ ပွတ်သပ်ပေးလာသည်။
"ကျွန်တော် ချုန်းချီနဲ့ ရင်ဆိုင်မယ်..."
ထိုသို့ပြောပြီးနောက် ကျိုးရွှမ်လန်က ဝိညာဉ်စွမ်းအင်နှင့် စူးစမ်း၍ နှလုံးသားအကျဉ်းထောင်ကို စစ်ဆေးချင်ခဲ့သည်။
ရှန်းလျိုရှန့်၏ အမူအရာက ပြောင်းလဲသွားကာ ကျိုးရွှမ်လန်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများက ပြောင်းလဲသွား၍ အပြင်မှ ထိုးဖောက်ဝင်ရောက်လာသည့် ဝိညာဉ်စွမ်းအားကို တွန်းလှန်ကာ စစ်ဆေးမှုကို တားမြစ်လိုက်သည်။
ကျိုးရွှမ်လန်ကး ပဟေဠိဖြစ်သွားသည်။ ရှန်းလျိုရှန့်က ရင်ခွင်အတွင်းမှထွက်၍ အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"ငါမင်းကို အရေးတကြီး ပြောစရာရှိတယ်..."
ကျိုးရွှမ်လန်က မျက်မှောင်ကြုတ်၍ အရူးလုပ်မခံပေ။
"ရှစ်စွမ်း...ဘာလို့ ကျွန်တော့်ကို ချုန်းချီနဲ့ ပေးမတွေ့တာလဲ..."
ရှန်းလျိုရှန့်က လက်ချောင်းထိပ်များ တင်းကြပ်သွားကာ ကျိုးရွှမ်လန် လက်လှမ်းသည့်အချိန်တွင် ထပ်မံတားဆီးလိုက်သည်။
"တွေ့လည်း အသုံးမဝင်ဘူး...ချုန်းချီရဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိပေမဲ့ ဘယ်သူမှ မလုပ်နိုင်ဘူး..."
ဖြေရှင်းနည်းရှိသည်ဟု ကြားသောအခါ ကျိုးရွှမ်လန်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။
"ဘာနည်းလမ်းလဲ..".