အပိုင်း ၁၄၄
Viewers 30k

Chapter 144




ဖြေရှင်းနည်းရှိသည်ဟု ကြားသောအခါ ကျိုးရွှမ်လန်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။

"ဘာနည်းလမ်းလဲ..".


"နတ်ဆိုးသန့်စင်ခြင်း..."

ရှန်းလျိုရှန့်က သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။

"တကယ်တော့ နတ်ဆိုးသန့်စင်ခြင်းက နတ်ဆိုးသားရဲကို ပိတ်လှောင်ထားနိုင်ရုံတင်မကပဲ ဝိညာဉ်ကိုပါ သတ်နိုင်တယ်...ဒါက သန့်စင်နည်း အပြည့်အစုံပဲ...ဒါပေမဲ့ ငါ့ရဲ့ ကျင့်ကြံဆင့်က မလုံလောက်လို့ နှလုံးသားအကျဉ်းထောင်ထဲမှာ ပိတ်ထားတာထိပဲ လုပ်နိုင်တယ်..."


ကျိုးရွှမ်လန်က ခပ်ဖြေဖြေး လက်ပြန်ရုတ်လိုက်သည်။

"ရှစ်စွမ်းပြောချင်တာက နတ်ဆိုးသန့်စင်ခြင်းနည်းစနစ်ရဲ့ နောက်ဆုံးအဆင့်က စွမ်းအားလုံလောက်ရင် သားရဲနတ်ဆိုးရဲ့ ဝိညာဉ်ကို အပြည့်အဝသန့်စင်နိုင်တယ်ပေါ့..."


ရှန်းလျိုရှန့်က ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ ချုန်းချီရဲ့ ဝိညာဉ်ကို သန့်စင်တာက ကောင်းကင်ဘုံကို တက်ရသလိုပဲ ခက်ခဲတယ်...ဘယ်သူ့ရဲ့ဝိညာဉ်ကမှ ချုန်းချီထက်ပိုပြီး စွမ်းအားကြီးပြီး ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး..."


ကျိုးရွှမ်လန်က ချက်ချင်းပြောလာသည်။

"ကျွန်တော်လုပ်နိုင်လောက်တယ်..."


ရှန်းလျိုရှန့် နှလုံးသားက ရုတ်တရက် တုန်ယင်သွားကာ ပါးစပ်ဖွင့်လိုက်သော်ငြား လည်ချောင်းထဲမှ စကားလုံးတစ်လုံးမျှထွက်မလာခဲ့ချေ။


ကျိုးရွှမ်လန်က သူ့အမူအရာအနည်းငယ် ပြောင်းလဲသွားသည်ကို တွေ့သောအခါ တစ်ခုခုမှားနေသည်ဟု ခံစားမိလာသည်။

"ဘာဖြစ်လို့လဲ...ရှစ်စွမ်း ကျွန်တော့်ကို မယုံတာလား...ဒါမှမဟုတ် ချုန်းချီရဲ့ ဝိညာဉ်ကို သန့်စင်တာမှာ တစ်ခြားဆိုးကျိုးတွေရှိနေလို့လား..."


"အန္တရာယ်မရှိပါဘူး..."

ရှန်းလျိုရှန့်က လျှာကိုကိုက်၍ အမူအရာကို ပုံမှန်ပြန်ပြောင်းလိုက်သည်။

"ငါက မင်းမသန့်စင်နိုင်မှာ စိုးရိမ်လို့ပါ...အဲဒါဆို အချိန်ဖြုန်းသလို ဖြစ်သွားမှာစိုးလို့..."


ကျိုးရွှမ်လန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် သံသယအကြည့်တစ်ခုရှိနေကာ စကားတစ်လုံးမျှ ပြန်မဖြေလာပေ။


သူ နတ်ဆိုးသန့်စင်သည့်နည်းအကြောင်း သိပ်မသိသဖြင့် ရှန်းလျိုရှန့်ပြောသည်က အမှန်ဟုတ်မဟုတ် မပြောနိုင်ပေ။ ထိုအချိန်တွင် ရှန်းလျိုရှန့် ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။

"စုပိုင်ချယ့်က ကျူးယန်ကို သန့်စင်ခဲ့တယ်...ပြီးတော့ ဝိညာဉ်ကို သန့်စင်ပေးပြီး ကျူးယန်ကို သူ့ ခန္ဓာကိုယ်ကနေ ငါဖျက်ဆီးပေးခဲ့တာ..."


သူ မယုံကြည်ကြောင်းတွေ့သောအခါ ရှန်းလျိုရှန့်က သန့်စင်ခြင်းနည်းစနစ်ကို လွှဲပေးလာသည်။

"မင်းလေ့လာသင့်တယ်...မင်းနှံ့နှံ့စပ်စပ် လေ့လာပြီးရင် အဲဒါက ချုန်းချီကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းဆိုတာ သိလိမ့်မယ်..."


ကျိုးရွှမ်လန်က နည်းစနစ်ကို လက်ခံပြီးနောက် ရှန်းလျိုရှန့်၏မျက်နှာ ဖြူဖျော့လာသည်ကို သတိထားမိသွားသည်။


သူက ကူညီထောက်ကန်ပေးရန် လက်ဆန့်ထုတ်လိုက်သော်ငြား ကြားလိုက်ရသည့်အသံမှာ မြွေကင်းများကို ရှောင်ရှားနေသည့်နှယ်ပင်ဆင်တူနေခဲ့သည်။ ရှန်းလျိုရှန့်က အနောက်ဆုတ်၍ နှလုံးကို ဖုံးအုပ်၍ ပြောလာသည်။

"အနားမလာနဲ့...မင်းနဲ့ အရမ်းနီးနေရင် အာရုံထွေပြားစေတယ်...ချုန်းချီကို ထိန်းချုပ်ဖို့က လွယ်တာမဟုတ်ဘူး..."


ကျိုးရွှမ်လန်၏လက်များက လေထဲတွင် အေးခဲသွားသည်။

"ဒါဆို အနားမကပ်ခင် ကျွန်တော် ဒီမှာ ရပ်နေပြီး ရှစ်စွမ်း နတ်ဆိုးသားရဲကို ထိန်းချုပ်နိုင်သွားတဲ့ အထိစောင့်နေမယ်..."


ရှန်းလျိုရှန့်က မျက်လွှာချ၍ စကားတစ်ခွန်းမျှမဆိုပဲ နှုတ်ခမ်းစူလိုက်သည်။


ချုန်းချီက သူ့ရည်ရွယ်ချက်ကို ရှာတွေ့သွားပုံရကာ အတွင်း၌ ရူးသွပ်နေသည်။ ဒေါသတကြီး ဟိန်းဟောက်၍ ရှေးဟောင်းအက္ခရာကို ချိုးဖျက်ရန် ကြိုးစားနေသည်။ သို့သော် ချုန်းချီက သူ့ကို တစ်ကြိမ်သာ လုယူနိုင်လိမ့်မည်။ ယခုအချိန်တွင် မည်မျှ ဆူညံနေသော်လည်း အောင်မြင်နိုင်မည်မဟုတ်ချေ။

 

ကျိုးရွှမ်လန်ကို အနားကပ်ခွင့်မပြုရခြင်းမှာ သူ၏ဝိညာဉ်စွမ်းအားက နှလုံးသားအကျဉ်းထောင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်၍ ချုန်းချီနှင့် တွေ့ဆုံမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ အခြားတစ်ဖက်က သေချာပေါက် အချိန်နှင့် အာကာသနည်းစနစ်အကြောင်း ပြောပြလိမ့်မည်။


ချုန်းချီ၏ အခြေအနေများအား ကျိုးရွှမ်လန်က တွေးပင်မတွေးပဲသဘောတူမည်ကို ရှန်းလျိုရှန့် သံသယမဖြစ်ချေ။ အချိန်နှင့်အာကာသ နည်းစနစ်ကို မသိခဲ့လျှင်ပင် ရှာဖွေရန် အကောင်းဆုံး ကြိုးစားပေလိမ့်မည်။


၎င်းက သူမြင်ချင်သောအရာ မဟုတ်ပေ။


အကြာကြီး တိတ်ဆိတ်နေပြီးနောက် ရှန်းလျိုရှန့်က ဝတ်ရုံပေါ်မှ လက်ချောင်းများကို တင်းကြပ်လိုက်သည်။

"ငါမင်းကို တောင်းဆိုစရာရှိတယ်...တကယ်လို့ ငါ ချုန်းချီထိန်းချုပ်တာ ခံခဲ့ရရင် ဘယ်သူမှ ငါ့ကို မရပ်တန့်နိုင်ဘူး...မင်းတစ်ယောက်တည်းပဲ ရပ်တန့်ပေးနိုင်တာ..."


ကျိုးရွှမ်လန်က ခဏမျှကြက်သေသေသွားသည်။

"ရှစ်စွမ်းက ကျွန်တော့်ကို ..."


"ဟုတ်တယ်...မင်း ငါ့ကို ရပ်တန့်ပေးစေချင်တယ်..."

ရှန်းလျိုရှန့်က ခေါင်းမော့၍ ကျိုးရွှမ်လန်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လာသည်။

"ငါ မကောင်းတာ တစ်ခုခုလုပ်ရင် မင်းတစ်ယောက်ပဲ ငါ့ကို တားနိုင်မှာ...ဒီကိစ္စကို မင်းဆီ အပ်ထားမယ်..."


ကျိုးရွှမ်လန်၏ နှုတ်ခမ်းပါးများက အနည်းငယ် တုန်ယင်နေသည်။

ရှစ်စွမ်းနဲ့ ရန်သူဖြစ်ပြီး ဆန့်ကျင်ဘက်မှာရပ်နေရတာက...အဲဒါမျိုးက...


"ငါ မင်းကိုတောင်းဆိုတာပါ..."

ရှန်းလျိုရှန့်က စကားလုံးတိုင်းကို သူ့အား ကြည့်၍ ပြောလာသည်။


ကျိုးရွှမ်လန်၏ အမူအရာက အေးခဲနေသည်။ လေပြည်ညှင်းက တောအုပ်တစ်လျှောက် ဖြတ်သန်းသွားကာ လေးတိုးသံများကို တစ်ချက်တစ်ချက်ကြားနေရသည်။ သူ၏သွားကြားမှ စကားလုံးတစ်လုံးကို ဖျစ်ညှစ်ထွက်လာချိန်တွင် အချိန်မည်မျှကြာမြင့်သွားသည်ကို မသိနိုင်ခဲ့ချေ။


"ကောင်းပါပြီ..."


ရှန်းလျိုရှန့်က စိတ်သက်သာသွားသည့် သက်ပြင်းကိုရှိုက်လိုက်သည်။ နှုတ်ခမ်းများတွန့်ကွေး၍ ပြုံးမည့်အချိန်တွင် ကျိုးရွှမ်လန်ကဝတ်ရုံကို ဆွဲချ၍ သူ၏ပုခုံးသားအများစုကို ဖော်ပြလာသည်။


ရှန်းလျိုရှန့်က စိတ်ရှုပ်ထွေးသွားသည်။

ဒီအချိန်ကြီးမှာ ကျိုးရွှမ်လန်က ငါ့ကို ဖြားယောင်းချင်နေတာလား...


ရှန်လျိုရှန့်၏ နှာခေါင်းထိပ်များက အနည်းငယ် တွန့်သွားလျက် ရှုပ်ထွေးနေခဲ့သည်။ သူက ဝတ်ရုံလက်ဖြင့် မျက်လုံးများကို ကာရန် မြှောက်လိုက်ချိန်တွင် အကြည့်များအနည်းငယ်ပြောင်းလဲသွား၍ မျက်နှာမှာ ရုတ်ချည်းဖြူဖျော့လာသည်။


ကျိုးရွှမ်လန်၏ပုခုံးပေါ်တွင် အနက်ရောင်အကြေးခွံအပိုင်းအစက ညအချိန်တွင် နူးညံ့စိုစွတ်စွာ တောက်ပနေသည်။


၎င်းက အပြင်လူများ သိ၍မရသော ကောင်းကောင်းကာကွယ်ပြီး ဖုံးကွယ်ထားရမည့် ကျိုးရွှမ်လန်၏ အားနည်းချက်ဖြစ်သည့် ပြောင်းပြန်အကြေးခွံဖြစ်ကြောင်း ရှန်းလျိုရှန့်သိထားသည်။


နောက်တစ်ခဏတွင် သူ၏အကြည့်အောက်မှာပင် ပြောင်းပြန်အကြေးခွံအပိုင်းအစက လက်၏ဖိနှိပ်ခြင်းကို ခံရကာ မြန်မြန်ဆန်ဆန် စုတ်ပြဲသွားသည်။


ရှန်းလျိုရှန့်က ကြက်သေသေသွားကာ သူ၏မြင်ကွင်းတွင် ချက်ချင်းသွေးများ စွန်းထင်းသွားခဲ့သည်။


ကျိုးရွှမ်လန်က သူ့ထံသို့ ချဉ်းကပ်လာသည်။


သွေးစွန်းနေသည့် အကြေးခွံကို ရှန်းလျိုရှန့် လက်တွင်းသို့ ထည့်ပေးလိုက်သည်။


"နတ်ဆိုးသားရဲတိုင်းမှာ အသက်သွေးကြောရှိတယ်...ဒီပြောင်းပြန်အကြေးခွံက ကျွန်တော့်ရဲ့ အသက်သွေးကြောပဲ...ကျွန်တော် ရှစ်စွမ်းကိုပေးထားမယ်... ကိုယ်ရဲ့အသက်ကို ကာကွယ်သလို သူ့ကိုလည်း ကာကွယ်ပေးရမယ်နော်...နှစ်ခုလုံးကို လက်မလျှော့ပါနဲ့..."


ကျိုးရွှမ်လန်၏အသံက တိုး၍အက်ကွဲနေသည်။

"တကယ်လို့ ရှစ်စွမ်း နှစ်ခုထဲက တစ်ခုခုကို ဆုံးရှုံးခဲ့ရင် ဒီတပည့် ရှင်သန်နိုင်မှာမဟုတ်ဘူး..."


ရှန်းလျိုရှန့်၏ မျက်နှာပေါ်တွင် အရောင်မရှိတော့ချေ။ အတန်ကြာပြီးနောက် အကြေးခွံကို ဂရုတစိုက်သိမ်းလိုက်သည်။

" ငါသိပြီ..."


သိုလှောင်အိတ်အတွင်းမှ ဆေးထုတ်ယူ၍ ကျိုးရွှမ်လန်၏ သွေးထွက်နေသည့် ဒဏ်ရာပေါ်သို့ လိမ်းပေးလာသည်။ လိမ်းပြီးနောက်တွင် ဝတ်ရုံကိုပြန်ဝတ်ပေးလိုက်၍ သူ၏ဒေါသကို ဖွင့်ထုတ်ရန် ဝတ်ရုံပေါ်မှတစ်ဆင့် ခပ်ဖွဖွကိုက်ခဲလာသည်။


ကျိုးရွှမ်လန်၏ မျက်လုံးများ မှိန်ဖျော့လာပြီး ရှန်းလျိုရှန့်၏ မေးစေ့ကိုပင့်၍ ခေါင်းငုံ့ကာ နူးညံ့သည့်အနီးရောင် နှုတ်ခမ်းများကို နမ်းရှိုက်လာသည်။


အနီရောင်နှင် လူငယ်လေးက သစ်ပင်တွင် ဖိထားခံနေရသည်။ အသက်ရှူကြပ်လာသဖြင့် အနက်ရောင် ရင်ခွင်ကျယ်ကြီးကို ပုတ်လိုက်သော်လည်း သူ၏ခါးဖြူဖြူလေးမှာ ဖမ်းဆွဲခံလိုက်ရကာ ပို၍နက်နက်ရှိုင်းရှိုင်း အနမ်းခံလိုက်ရသည်။


မြေပြင်ပေါရှိ သစ်ကိုင်းသစ်ရွက်များပေါ်တွင် ကွတ်တိကွက်ကျားပေါ်နေသော အရိပ်များက ရုတ်တရက် လှုပ်ယမ်းလာသည်။


အတော်အတန်ကြာမြင့်ပြီးသောအခါ ရှန်းလျိုရှန့်တစ်ယောက် လွတ်မြောက်သွား၍ မျက်နှာတစ်ဖက်စောင်းပြီး အမောတကောအသက်ရှူနေရသည်။


ကျိုးရွှမ်လန်၏ ဝိညာဉ်စွမ်းအား ထိုးဖောက်လာမည်ကို သတိထားနေခဲ့သဖြင့် တစ်ဖက်လူ သတိပြုမိသွားသည်အထိ အာရုံထွေပြားနေခဲ့မိသည်။ သို့ဖြစ်၍ ကျိုးရွှမ်လန်က သူ့ကို ရင်ခွင်ထဲ၌ ချုပ်ထားလျက် အနည်းငယ် ဒေါသသံစွက်စွာဖြင့်ပြောပြီး နမ်းလိုက်သည်။

"ရှစ်စွမ်း...ဘာတွေ စဉ်းစားနေတာလဲ..."


ရှန်းလျိုရှန့်က အကြည့်ကိုရှောင်၍ တစ်ဒင်္ဂမျှ စဉ်းစားပြီးနောက် ပြောလာသည်။

"အဲဒီ ထူးထူးဆန်းဆန်း နတ်ဆိုးသားရဲတွေ မင်းဆီကနေ ခြိမ်းခြောက်ခံရပြီး ထွက်သွားတယ်ဆိုရင်တောင် ချင်းလင်က နတ်ဆိုးနယ်မြေနဲ့ တော်တော်ဝေးတယ်လေ...သူတို့ ဖြတ်သွားတဲ့ လမ်းတစ်လျှောက်လုံးမှာ သေချာပေါက် ရုတ်ရုတ်သဲသဲဖြစ်နေတော့မှာပဲ...မင်းသွားပြီးတော့ ကူထိန်းချုပ်ပေးနော်...ဟုတ်ပြီလား..."


ကျိုးရွှမ်လန်က သူ့ကို ကြည့်လာသည်။

"ရှစ်စွမ်းကရော..."


"ငါ ချုန်းချီကို ဖိနှိပ်ဖို့ တစ်ခြားနည်းလမ်းတွေ ရှာကြည့်ချင်သေးတယ်..."

ရှန်းလျိုရှန့်က သူ့နှလုံးကိုအုပ်၍ မျက်မှောင်ကြုတ်လာသော်လည်း ထို့နောက်တွင် နှုတ်ခမ်းများမြင့်တက်သွားကာ ပြုံးပြလာသည်။

"ငါ့မျက်နှာကို မပြနိုင်ပေမဲ့...ငါမင်းကို တိတ်တိတ်လေး လာတွေ့မှာပါ..."


ကျိုးရွှမ်လန်၏ မျက်တောင်နက်နက်များက အောက်သို့ နိမ့်ဆင်းနေလျက် အတန်ကြာ တိတ်ဆိတ်နေခဲ့သည်။

"ချုန်းချီကို ရှစ်စွမ်း ဘယ်လောက်ကြာကြာ ထိန်းချုပ်နိုင်လဲ..."


သူ နတ်ဆိုးသန့်စင်ခြင်းနည်းစနစ်ကို လေ့လာပြီးနောက်တွင် ချုန်းချီ၏ ဝိညာဉ်ကို သန့်စင်ရန် ဖြစ်နိုင်မဖြစ်နိုင်ကို သိရလိမ့်မည်။ ယခုတွင် ရှန်းလျိုရှန့်ကြာကြာမထိန်းနိုင်တော့မည်ကိုသာ သူစိုးရိမ်နေသည်။


ရှန်းလျိုရှန့်က ပြောလာသည်။

"သူက အခုလေးတင် ခန္ဓာကိုယ်ကို သုံးထားတာဆိုတော့ သူ့ဝိညာဉ်က ပင်ပန်းနေတယ်...ဒီအတောအတွင်းတော့ လှုပ်ရှားနိုင်ဦးမှာမဟုတ်ဘူး...ကျောက်စိမ်းပြားကို မင်းနဲ့အတူယူသွားလေ...ငါ့ဆီမှာ တစ်ခုခုဖြစ်ရင် မင်းကို အချိန်မရွေး အကြောင်းကြားမယ်လေ..."


ကျိုးရွှမ်လန်က အနည်းငယ် စိတ်သက်သာသွားသည်။

"ဒီလိုဆိုရင် ရှစ်စွမ်း ကျွန်တော့်ကို စောင့်နေပါ..."


၎င်းနတ်ဆိုးသားရဲများက ကျင့်ကြံရေးလောကတွင် ဆိုးဝါးသည်များပြုလုပ်နေခဲ့ပါကအကျိုးဆက်ကို ရှန်းလျိုရှန့်သာ တာဝန်ယူရလိမ့်မည်။ ကျိုးရွှမ်လန်က ထိုပြဿနာများကို ရှင်းလင်းရပေမည်။


ရှန်းလျိုရှန့်က အနည်းငယ် ခေါင်းညိတ်ပြလာခဲ့သည်။ ကျိုးရွှမ်လန် ထွက်သွားချိန်တွင် သူက နှလုံးသား အကျဉ်းထောင်၏ ရှေ့တွင်ရှိနေကြောင်း သတိပြုမိသွားသည်။


ချုန်းချီက တံခါးကို ဆုပ်ကိုင်ထားလျက် ဒေါသတကြီး မျက်လုံးဖွင့်ကာ အပြင်ထွက်၍ အရှေ့မှလူကို အပိုင်းပိုင်း ကိုက်ဖြတ်ချင်နေသည်။

"မင်းက နဂါးမျိုးနွယ်ကို ငါ့ဝိညာဉ်သန့်စင်စေချင်နေတာလား...မမေ့နဲ့ဦး...ငါက မင်းခန္ဓာကိုယ်ထဲမှာရှိနေတာ...မင်းရဲ့ဝိညာဉ်က အရမ်းအားနည်းနေတယ်...ဝိညာဉ်ကို ထိခိုက်စေတဲ့ ဘယ်မန္တန်မှ ခံနိုင်မှာမဟုတ်ဘူး..."


ရှန်းလျိုရှန့်က စကားတစ်ခွန်းမျှမဆိုပဲ ခြေချိတ်ထိုင်၍ မန္တန်ကို တစ်ယောက်တည်း လေ့လာနေခဲ့သည်။


နတ်ဘုရားပျက်သုဉ်းအိုးအတွင်း၌ အသက်ရှင်ရန်အတွက် ချုန်းချီကို ကြိုးစားသန့်စင်ခဲ့ပြီး နောက်ပိုင်းမှ လက်မတင်လေး အသက်ရှင်နိုင်ခဲ့သည်။ ရှုရှင်းလျန်မှလွဲ၍ မည်သူ၏နှလုံးသားအကျဉ်းထောင်ကမျှ နတ်ဆိုးသားရဲကို မပိတ်လှောင်ထားနိုင်ပေ။ သူကသာ နတ်ဆိုးအရိုးဆေးကို မျိုချ၍ နတ်ဆိုးသားရဲကို တင်းတင်းကြပ်ကြပ် ပိတ်လှောင်ထားနိုင်ခဲ့သည်။


နောက်ပိုင်းတွင် ဝိညာဉ်များသာ ကျန်ရှိနေနိုင်သည်။


ယျေဘုယျအားဖြင့် ပြောရလျှင် ချုန်းချီ၏ ဝိညာဉ်က မည်သို့သော မုန်တိုင်းမျိုးမျှ မမွှေနိုင်ချေ။ မန္တန်အကူအညီမရှိပါက ခန္ဓာကိုယ်ကို အားနှင့်အသုံးချရန် ခက်ခဲသည်။


သို့သော် ရှန်းလျိုရှန့်၏ ဝိညာဉ်က အတူရှိနေရုံသာဖြစ်သည့် နုနယ်သော ပစ္စည်းတစ်ခုနှင့် ဆင်တူ၏။ နတ်ဘုရားအသွင်ပြောင်းအဆင့်ရှိ သာမန်ကျင့်ကြံသူနှင့် ယှဉ်ရန်မဆိုထားနှင့် အခြေခံအုတ်မြစ်တည်အဆင့်ကျင့်ကြံသူများနှင့်ပင် မယှဉ်နိုင်ချေ။ ၎င်းက ချုန်းချီအတွက် အကျိုးအမြတ်တစ်စုံတစ်ရာ ရယူရန် အခွင့်အရေးဖြစ်ခဲ့သည်။


နတ်ဆိုးသန့်စင်နည်းစနစ်ကို အသုံးပြု၍ နတ်ဆိုးသားရဲဝိညာဉ်ကို သန့်စင်ခြင်းက ၎င်း၏ဝိညာဉ်ကို ခန္ဓာကိုယ်မှ လွင့်ပါးသွားစေသည့် နည်းလမ်းဖြစ်သည်။ ၎င်းက စုပိုင်ချယ့် ခန္ဓာကိုယ်တွင်းမှ ကျူးယန်ကို ဖြေရှင်းပေးခဲ့သော နည်းလမ်းလည်းဖြစ်သည်။


သို့သော် ရှန်းလျိုရှန့်ကမူ ထိုသို့ မလုပ်နိုင်ချေ။


သူ့ဝိညာဉ်က အလွန်အမင်းအားနည်းနေပြီး ၎င်းကိုပိုဆိုးစေသော ဝိညာဉ်ရှာဖွေခြင်းနည်းစနစ်ကိုပင် ကျော်ဖြတ်ခဲ့ရသည်။ ယခုတွင်မူ သူ၏ဝိညာဉ်က မည်သည့်အကျိုးသက်ရောက်မှုအောက်တွင်မဆို ဖျက်ဆီးပစ်နိုင်သည့် ရေခဲအပိုင်းအစပါးပါးလေးနှင့် တူညီနေသည်။


နတ်ဆိုးသန့်စင်ခြင်းနည်းစနစ်ကို ကျိုးရွှမ်လန်ထံသို့ ပေးခဲ့ပြီး ချုန်းချီဝိညာဉ်ကို သန့်စင်နိုင်မည့်နည်းကို သိစေခဲ့သည်မှာ အရံအစီအစဉ်အတွက်သာဖြစ်သည်။ 

ငါသာ တကယ် ရူးသွပ်သွားခဲ့ရင် ကျိုးရွှမ်လန်က...


ရှန်းလျိုရှန်၏ နှလုံးသားက တင်းကြပ်သွား၍ သက်ပြင်းရှိုက်လိုက်မိသည်။ 

ဒီလိုသာ တကယ်ဖြစ်ခဲ့ရင် ကျိုးရွှမ်လန် အရမ်း ဝမ်းနည်းသွားလိမ့်မယ်...


ရှန်းလျိုရှန့်က ရုန်းကန်နေပြီးနောက် ခေါင်းခါလိုက်သည်။


အခြားသောနည်းလမ်းများ ရှိနိုင်သေးသည်။ သူ၏ ဝိညာဉ် ပို၍သန်မာလာလျှင် ကောင်းမည်။ ချုန်းချီထက် ပိုသန်မာရန်မလိုအပ်သော်လည်း ပုံမှန်ဝိညာဉ်ဖြစ်သည်နှင့်အမျှ အားလုံး လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မည်။


နှလုံးသားအတွင်း၌ ဟိန်းဟောက်နေသော ချုန်းချီက သူ့ကိုလျစ်လျူရှူထားသည့် ရှန်းလျိုရှန့်ကို ခက်ထန်သောအကြည့်နှင့် ကြည့်နေခဲ့သည်။


ရှန်းလျိုရှန့်က နဂါးမျိုးဆက်လေး၏လက်ကို သုံး၍ သူ့အားဖယ်ရှားချင်နေသည်ကို သူရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ကျောက်စိမ်းနှင့် ကျောက်တုံးသာ ပုပ်သိုးချင် ပုပ်သိုးသွားလိမ့်မည်။ ရှန်းလျိုရှန့်အတွက် ပြောင်းပြန်အကြေးခွံကိုပင် ပေးနိုင်သော နဂါးမျိုးဆက်လေးက သူ့ကို သေခွင့်ပြုနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ရှန်းလျိုရှန့်က ၎င်းကို ဖုံးကွယ်ထားချင်နေသည်။


ပြောင်းပြန်အကြေးခွံက နဂါးတစ်ကောင်အတွက် အရေးအကြီးဆုံးနှင့် အဖိုးအတန်ဆုံးပစ္စည်းဖြစ်သည်။


သမိုင်းဦးကာလ အစောပိုင်းတွင် ပြောင်းပြန်အကြေးခွံက နဂါးတစ်ကောင်၏ အားနည်းချက်ဟု လောကရှိသက်ရှိအားလုံး သိရှိထားသော်ငြား မည်သူကမျှ ပြောင်းပြန်အကြေးခွံကို အာရုံမစိုက်ခဲ့ပေ။


နဂါးမျိုးနွယ်မှ လူများကလည်း ထိုမျှလောက် မတုံးအသောကြောင့်ဖြစ်သည်။ သူတို့ငယ်စဉ်တည်းကပင် ပြောင်းပြန်အကြေးခွံကို ကာကွယ်၍ အားနည်းချက်ကို ဖုံးကွယ်ထားသင့်ကြောင်း သိကြသည်။ သို့ဖြစ်၍ မျိုးနွယ်အတွင်း၌ ပြောင်းပြန်အကြေးခွံကို ကာကွယ်သည့် မန္တန်မျိုးစုံက အဆုံးမရှိသော ရေစီးကြောင်းကဲ့သို့ ပေါ်လာခဲ့သည်။


ရွေးချယ်မှုမြောက်များစွာအောက်တွင် နဂါးတစ်ကောင်စီက သူ့တို့၏ပြောင်းပြန်အကြေးခွံပေါ်တွင် မတူညီသောမန္တန်များကို ရွတ်ဆိုထားကြသည်။ သို့သော် သူတို့အားလုံး ဤစာကြောင်းကို ချွင်းချက်မရှိ တုံ့ပြန်ကြသည်။


နဂါးတစ်ကောင်မှာ ပြောင်းပြန်အကြေးခွံရှိတယ်...တကယ်လို့ မင်းသွားထိခဲ့မယ်ဆိုရင် သေရလိမ့်မယ်...


ထို့ကြောင့် သမိုင်းဦးကာလတွင် ပြောင်းပြန်အကြေးခွံက အားနည်းချက်ဟု သိရှိထားသော်ငြား မည်သူမျှမထိရဲပေ။ နဂါးများက ပြောင်းပြန်အကြေးခွံကို အမာကြောဆုံး ချပ်ဝတ်တန်ဆာနှင့် အေးစက်ထက်ရှသည့် ဓားသွားများ အပြည့်အစုံတပ်ဆင်လျက် ကလိမ်ကျစွာ ကိုယ်တိုင်ထောင်ချောက်တွင်းသို့ ခုန်ဝင်လာမည့် ရန်သူကို စောင့်ဆိုင်းနေတတ်ကြသည်။ 


နဂါးမျိုးနွယ်လေးက ရှန်းလျိုရှန့်အား ပြောင်းပြန်အကြေးခွံကို ဘေးကင်ညင်သာစွာ ထိတွေ့ခွင့်ပြုသည်ကိုကြည့်လျှင် ရှန်းလျိုရှန့်သေဆုံးမည်ကို လိုလားမည်မဟုတ်ပေ။ ဝိညာဉ်သန့်စင်ခြင်း၏ နောက်ဆက်တွဲများကို ပြောပြခဲ့လျှင် တစ်ဖက်လူက သူ့ကိုသန့်စင်မည့်အကြံအား သဘာဝကျကျ လက်လျှော့သွားလိမ့်မည်။



ရှန်းလျိုရှန့်က သူ့ကို စကားပြောခွင့် လုံးဝမပေးပဲ လျှို့ဝှက်ထားသဖြင့် သူ၏ ဝိညာဉ်စွမ်းအား မြန်မြန်ပြန်ကောင်းလာပြီး မသန့်စင်မီတွင် ကျိုးရွှမ်လန်ကို ပြောပြရန် အခွင့်အရေးရှာရုံသာရှိတော့သည်။