Chapter 145
လရောင်လွှမ်းနေသည့် တောင်တန်းက တိတ်ဆိတ်အေးချမ်းနေသော်လည်း အပြင်လောကတွင် အချိန်အတန်ကြာ အပေါ်အောက်ပြောင်းပြန်လှန်နေခဲ့သည်။
ရှန်းလျိုရှန့်က ထူးထူးဆန်းဆန်း နတ်ဆိုးသားရဲများကို ဆင့်ခေါ်၍ ချင်းလင်ဂိုဏ်းကို တိုက်ခိုက်ခဲ့သည့် သတင်းက ပျံ့နှံ့သွားခဲ့ပြီး ကျောက်တုံးတစ်တုံးက ထောင်ချီသော ရေလှိုင်းများကို ဖြစ်စေခဲ့သည်။
ဂိုဏ်းချုပ်လင်ယဲ့၏ ကျင့်ကြံဆင့်များက ဤနှစ်များတွင် ရုတ်တရက်တိုးတက်လာခဲ့သည်။ သူက ကျင့်ကြံရေးလောက၏ ထိပ်ဆုံးလူတစ်ယောက်ဖြစ်သည်ကို လူအများ ဖွင့်မပြောသော်လည်း လက်ခံထားကြသည်။ သို့သော် ထိုသို့သောလူမှာ ချုန်းချီကိုသန့်စင်ထားသည့် ရှန်းလျိုရှန့်နှင့် တိုက်ခိုက်ချိန်၌ ပြင်းပြင်းထန်ထန်ဒဏ်ရာရကာ အသတ်ခံရလုနီးပါး အခြေအနေဖြင့် အဆုံးသတ်သွားခဲ့သည်။
ကျင့်ကြံရေးလောကရှိလူတိုင်းက အန္တရာယ်ရှိနေ၍ ပင်မအင်မော်တယ်ဂိုဏ်းများကလည်း မတောင့်ခံနိုင်ချေ။ အဆုံးတွင် ဓားဂိုဏ်းက ကျင့်ကြံရေးလောကရှိ ပင်မဂိုဏ်းများကို ခေါ်ယူကာ နတ်ဆိုးများကိုနှိမ်နင်းဖမ်းဆီးရန် တန်ပြန်အစီအစဉ်အတွက် ဆွေးနွေးခဲ့ကြသည်။
အရုဏ်တက်ချိန်တွင် ဓားဂိုဏ်း၏ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းတွင် လူအုပ်များပြည့်လာသည်။ သူတို့အားလုံးမှာ ယမန်နေ့ညက ဖြစ်ပျက်သွားသည့်ကိစ္စကြောင့် ရောက်ရှိနေကြခြင်းဖြစ်သည်။ တစ်ယောက်က တစ်ယောက်ကို စကားပြောနေသဖြင့် လူအုပ်ကြီးက ဆူညံလာသည်။
ဂိုဏ်းချုပ်များမှ တစ်ယောက်က ဘေးပတ်လည်သို့ ကြည့်လိုက်သည်။
"ရှီးယန်ဂိုဏ်းက ဘာလို့မလာတာလဲ...အရင်တုန်းကတော့ သူတို့တွေက ဂုဏ်သိက္ခာရှိတယ်ဆိုပေမဲ့ ဒီလိုအနောက်မှာရပ်တာကတော့ အရှက်မရှိတာပဲ..."
ထိုသူ၏ဘေးမှ ကျင်ခပ်ဝတ်ရုံနှင့်လူက ပြောလာသည်။
"မအံသြပါနဲ့...ဂိုဏ်းချုပ်ချန်... အကူအညီတောင်းထားတဲ့စာ ရထားတယ်...ဒီမနက်တင် ထူးဆန်းတဲ့ နတ်ဆိုးသားရဲသုံးကောင်က ရှီးယန်ဂိုဏ်းကို ကသောင်းကနင်းလုပ်ပြီးဖျက်ဆီးသွားကြတယ်...သူတို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး အခုထိမသက်သာကြသေးဘူး..."
ဂိုဏ်းချုပ်ချန်က တုန်လှုပ်သွားသည်။
"ထူးဆန်းတဲ့ နတ်ဆိုးသားရဲသုံးကောင်...သူတို့က နတ်ဘုရားအသွင်ပြောင်းအဆင့် သုံးဦးနဲ့ ညီနေတာလား...သူတို့က ကပ်ဘေးပဲ...ကျုပ်တို့ ကူညီဖို့ လိုနေလား..."
"အဲဒါက တည်ငြိမ်သွားပါပြီ..."
ကျင်ခပ်ဝတ်ရုံနှင့် အမျိုးသားကပြောလာသည်။
"ဒါပေမဲ့ သူတို့ကို ကူညီခဲ့တဲ့သူက... ခင်ဗျားမယုံလောက်ဘူး...အဲဒါ နတ်ဆိုးနယ်မြေက နဝမနတ်ဆိုးဘုရင်တဲ့....
ဂိုဏ်းချုပ်ချန်၏ အမူအရာက ပြောင်းလဲသွား၍ ပြာတစ်လှည့်နီတစ်လှည့် ဖြစ်နေသည်။
"နတ်ဆိုးမျိုးနွယ်က လူရဲ့ အကူအညီကို ယူနေရတဲ့အထိ တကယ်ပဲ ကျုပ်တို့ ကျင့်ကြံရေးလောကမှာ လူမရှိတော့ဘူးလား...ဒါပေမဲ့ ဒီနဝမနတ်ဆိုးဘုရင်ကတော့...မနေ့ညက ချင်းလင်ဂိုဏ်းကို သူတစ်ယောက်တည်း ကယ်ခဲ့တာလို့ ကြားတယ်...ဒီသွေးစွန်းတဲ့ကပ်ဘေးက သာမန် မိစ္ဆာသားရဲတွေနဲ့မတူဘူး..."
ဖြတ်လျှောက်သွားသည့် အမျိုးသမီးတစ်ဦးက အသံကြားသောအခါ ရပ်တန့်သွားသည်။
"ကျွန်မ နဝမနတ်ဆိုးဘုရင်အကြောင်း သိတယ်...အရင်တုန်းက ကျွန်မတို့ဂိုဏ်းရဲ့ တပည့်ဖြစ်ခဲ့တာ...ကျိုးရွှမ်လန်တဲ့...အင်မော်တယ်ရှန်းရဲ့ အချစ်ဆုံးတပည့်လေးလေ..."
ထိုလူနှစ်ယောက် လှည့်ကြည့်လိုက်သောအခါ ချင်းလင်ဂိုဏ်းအကြီးအကဲတစ်ဦးကို တွေ့လိုက်ရသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ထိုအမျိုးသမီးထွက်သွားချိန်၌ အသံတိုးတိုးဖြင့် တတွတ်တတွတ်ပြောနေခဲ့ကြသည်။
နဝမနတ်ဆိုးဘုရင်မှာ တစ်ချိန်က ချင်းလင်ဂိုဏ်း၏ တပည့်ဖြစ်ခဲ့ပုံရသည်။ အနှီချင်းလင်ဂိုဏ်းက ဖုန်းရွှေ ကောင်းအဆိုး ရောနှောနေသည့်နေရာမျိုးဖြစ်သည်။
စကားဝိုင်းအတောအတွင်း သက်တန့်တစ်ခုက ကောင်းကင်ကိုဖြတ်၍ လက်သွားသည်။
လူတိုင်း မော့ကြည့်လိုက်ချိန်တွင် နတ်ဆိုးနယ်မြေမှ ပြန်လာသည့် ယဲ့ပင်းရန်ကို တွေ့လိုက်ရသည်။
ယဲ့ပင်းရန်က ဓားကိုသိမ်း၍ လန်ရှောင်ရှန့်ထံသို့ တည့်တည့်လျှောက်လာကာ အသံတိုးတိုးဖြင့်ပြောသည်။
"တပည့် ခြေတစ်လှမ်းနောက်ကျသွားပါတယ်...ကျွန်တော် နတ်ဆိုးဂူကို ရောက်တော့ သူမရှိတော့ပါဘူး..."
လန်ရှောင်ရှန့်က သက်ပြင်းချလိုက်သည်။
"ငါ သိပြီးပါပြီ..."
ယဲ့ပင်းရန်က သူ့အမူအရာ မှားနေသည်ကို တွေ့သွားသည်။
"ဘာဖြစ်သွားလို့လဲ..."
ရှန်းလျိုရှန့်တစ်ယောက် ချုန်းချီကို သန့်စင်လိုက်သည်ဟူသော သတင်းကို ကြားသောအခါ လန်ရှောင်ရှန့်က ချက်ချင်းပင် ယဲ့ပင်းရန်ကို နတ်ဆိုးနယ်မြေသို့ သွားစေ၍ ပြဿနာကြီးကြီးမားမား မဖြစ်ပွားမီတွင် သူ့ကို ပြန်ခေါ်လာခိုင်းခဲ့သည်။ သို့သော် ယဲ့ပင်းရန်ရောက်ရှိသွားချိန်တွင် ခြေတစ်လှမ်းနောက်ကျနေခဲ့သည်။ ထိုအချိန်တွင် ရှန်းလျိုရှန့်က နတ်ဆိုးမြို့တော်တွင် မရှိတော့ချေ။
လန်ရှောင်ရှန့်က ယဲ့ပင်းရန်ကို ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည်များကို ပြောပြလာပြီး နောက်ဆုံးတွင် စကားဆိုလာသည်။
"မင်း အပြင်မှာ နစ်မြုပ်နေတဲ့ ရေစီးကြောင်းကို ဆက်ခွင့်ပြုထားရင် နောက်ဆက်တွဲတွေ ဆိုးဝါးလိမ့်မယ်...”
ယခု ပင်မဂိုဏ်းသုံးဂိုဏ်းတွင် ချင်းလင်ဂိုဏ်းမှာ ခေါင်းဆောင်မဲ့နေ၏။ ရှီးယန်ဂိုဏ်းခေါင်းဆောင်က သူ၏သားဖြစ်သူကို ဆုံးရှုံးထားသဖြင့် ခက်ထန်ရက်စက်လာပြီး အရေးကြီးသည့်တာဝန်ကို မယူနိုင်ပေ။ ဤအချိန်၌ ဓားဂိုဏ်းသာလျှင် ရပ်တည်နိုင်သည်။
ယဲ့ပင်းရန်က အနှီစကားကို ကြားသောအခါ သူ၏မျက်နှာ အနည်းငယ်ဖြူဖျော့သွားသည်။
"ဆရာ့ရဲ့ အစီအစဉ်က ဘာလဲ... သူ့ရဲ့ မူလရည်ရွယ်ချက်က ဂိုဏ်းချုပ်လင်ကို ဒဏ်ရာရစေဖို့ မဟုတ်လောက်ပါဘူး..."
"အကောင်းဆုံး ဖြေရှင်းနည်းက သူ့ကိုဖမ်းပြီး ဂိုဏ်းဆီပြန်မယ်...ပြီးရင် အသက်ကိုကယ်ပြီး ပိတ်လှောင်ထားမယ်..."
လန်ရှောင်ရှန့်က မလုပ်ချင်သော်လည်း တာဝန်ရှိနေသဖြင့် သူတတ်နိုင်သည့်အရာမရှိပေ။
"အဆိုးဆုံးကတော့ သူ့ကို သေတဲ့အထိ တိုက်ခိုက်တာပဲ..."
ချုန်းချီက ရှန်းလျိုရှန့်ထံသို့ သန့်စင်ခြင်းခံလိုက်ရသည်။ မည်သို့ဖြစ်သွားသည်ကို မည်သည့်အပြင်လူမျှ မသိရှိခဲ့ပေ။ သူတို့မြင်သည့်အရာအားလုံးမှာ ရှန်းလျိုရှန့်က မဟာနတ်ဆိုးဘုရင်ကို သတ်၍ လင်ယဲ့ကို ဒဏ်ရာရစေကာ ချင်းလင်ဂိုဏ်းကို ပျက်ဆီးလုနီးပါး ဖြစ်စေခဲ့ခြင်းပင်။ ၎င်းအဖြစ်အပျက်များက လူတိုင်း၏အကြောက်တရားကို မြင့်တက်စေသည်။ လန်ရှောင်ရှန့်က သတ်ရန်ခွင့်မပြုသော်လည်း ရှန်းလျိုရှန့်က အဖမ်းခံခဲ့လျှင်ပင် သုံးလောကရှိမည်သူမျှ လွယ်လွယ်အလျှော့ပေးမည်မဟုတ်ချေ။
ယဲ့ပင်းရန်က လက်သီးဆုပ်၍ စကားပြောရန်ပြင်ချိန်တွင် အပြင်ဘက်မှ ဆူညံသံထွက်လာသည်။
သူက လန်ရှောင်ရှန့် နောက်သို့လိုက်သွားပြီး လူငယ်တစ်ယောက်နှင့် ရန်ဖြစ်နေသော ရှီးယန်ဂိုဏ်းချုပ် ကျင်းရှန်ထျန်းကို တွေ့လိုက်ရသည်။ အသေအချာကြည့်လိုက်သည့်အခါ အနှီလူငယ်လေးက နန်းတွင်းမှမင်းသားလေး ရှုရှင်းချန်ဖြစ်နေသည်။
လန်ရှောင်ရှန့်က အော်လိုက်သည်။
"ရပ်ကြစမ်း..."
ကျင်းရှန်ထျန်းက သားဖြစ်သူလက်ထပ်ပွဲတွင် ရုတ်တရက် တိုက်ခိုက်ခံရပြီးကတည်းက လုံးဝပြောင်းလဲသွားခဲ့သည်။ကြမ်းတမ်းသည့်အော်ရာကို ထုတ်ဖော်၍ မည်သူ့ကိုမျှ စကားအကောင်းမဆိုချေ။ သူနှင့် သဘောမတူညီခဲ့လျှင် နေ့နေ့ညညခင်မင်လာသူများကိုပါ အပိုင်းပိုင်းရိုက်ပစ်လိမ့်မည်။ တပည့်များသာမက အပြင်လူများပင် သူ့ကိုကြည့်၍ ကြောက်ရွံနေကြသည်။
သို့သော် သူ၏မြင့်မားလှသည့် ကျင့်ကြံဆင့်ကြောင့် ယှဉ်ပြိုင်ရဲသူမရှိပေ။
ရှန်းလျိုရှန့်က နတ်ဆိုးသားရဲကို သန့်စင်လိုက်ကြောင်းကြားချိန်တွင် ကျင်းရှန်ထျန်း၏ ကြာရှည်တည်ရှိနေသည့် မကျေနပ်မှုများက ရင်းမြစ်ရှာတွေ့သွားကာ ရှန်းလျိုရှန့်ကို တိုက်ခိုက်ရန် တက်ကြွနေခဲ့သည်။ သို့သော် သူက လူအများ၏စိတ်နှလုံးကိုဆုံးရှုံးခဲ့သဖြင့် ဂိုဏ်းအနည်းငယ်ကသာ တုံ့ပြန်လာခဲ့သည်။
ယနေ့တွင် သူက ဓားဂိုဏ်း၏ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရသည်။ သူ ချက်ချင်းပင် စင်မြင့်တွင် ရပ်၍ အတိတ်တွင် ရှန်းလျိုရှန့်က နတ်ဆိုးတပည့်ကို မည်သို့ကာကွယ်ခဲ့ကြောင်းနှင့် မင်းသားလေးဟူသည့် ဂုဏ်ပုဒ်ကိုသုံးကာ လူအများကို အနိုင်ကျင့်ခဲ့ကြောင်း ထင်ထင်ရှားရှားပြောပြလာခဲ့သည်။ ရှန်းလျိုရှန့်၏လုပ်ရပ်များက အလွန်ယုတ်မာ၍ ဧကရာဇ်ကျီ အောင်မြင်သွားချိန်တွင် လုံးဝလူစိတ်ပျောက်သွားခဲ့သည်ဟုဆိုလျက် အနှီရှန်းလျိုရှန့်ကို အတူတကွအပြစ်ပေးရန် တာအိုမိတ်ဆွေများကို ဖိတ်ခေါ်နေခဲ့သည်။
ကံမကောင်းစွာပင် ယင်းစကားလုံးများကို ဤနေရာသို့ လာနေသော ရှုရှင်းချန်က ကြားသွားခဲ့ရာ အလွန်ဒေါသထွက်သွားခဲ့သည်။
"ရှန်းလျိုရှန့်က နန်းတွင်းက လူပဲ...မင်းက သူ့ကို ထိရဲတယ်ပေါ့...သူတို့အားလုံးကို ဖယ်ရှားလိုက်စမ်း..."
အတိတ်အချိန်၌ နန်းတော်၏ မင်းသားငယ်လေးက ထိုသို့ဆိုလာခဲ့လျှင် လူတိုင်းက ထပ်မံမစဉ်းစားပဲ လိုက်နာရန်အကောင်းဆုံးကြိုးစားကြမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ဧကရာဇ်က ကောင်းကင်ဘုံသို့ တက်သွားသဖြင့် သူ၏ အကြီးမားဆုံးသော အထောက်အပံ့ကမရှိတော့ချေ။ ထို့ကြောင့် လူတိုင်း၏ နန်းတွင်းအပေါ်ရှိ အကြောက်တရားက တစ်ဝက်မျှ လျော့ကျသွားသည်။ ရှုရှင်းချန်က ထိုသို့သော စကားလုံးများကို ယခုပြောလာချိန်၌မူ ကိစ္စများက ရုတ်တရက်ပြောင်းလဲသွားသည်။
ရှုရှင်းချန်က ခြယ်လှယ်လွန်းသည်ဟု သူတို့အားလုံးခံစားလာရသည်။ နန်းတွင်းကဖြစ်သော်ငြား ရှန်းလျိုရှန့်က သုံးလောကကို အန္တရာယ်ဖြစ်စေသဖြင့် သူတို့က အဘယ့်ကြောင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်၍ ပြန်မတိုက်ခိုက်ရမည်နည်း။
သို့သော် လူတိုင်းက တီးတိုးသာပြောကြသော်ငြား ကျင်းရှန်ထျန်းသာလျှင် တိုက်ရိုက်တုံ့ပြန်ခဲ့ကာ ရှန်းလျိုရှန့်ကို ကျိန်ဆဲ၍ နန်းတွင်းကို အသရေပျက်စေခဲ့သည်။ ရှုရှင်းချန်က ၎င်းကို ကြားသောအခါ ဒေါသအပြင်းအထန်ထွက်လာပြီး ကျင်းရှန်ထျန်းနှင့် စတင်တိုက်ခိုက်ခဲ့သည်။
ကျင်းရှန်ထျန်းက သန်မာသော်ငြား ရှုရှင်းချန်ကလည်း အားမနည်းပေ။ သူ့လက်တွင်းရှိ ဓား၏ကောင်းချီးကြောင့် အကျိုးယုတ်မည်မဟုတ်ပေ။
၎င်းကိုမြင်သောအခါ ကြည့်နေသူများက ရှုရှင်းချန်ကို ပို၍ လေးလေးနက်နက်ကြည့်လာသည်။ ထိုမျှငယ်ရွယ်သောအသက်တွင် ထိုမျှသောကျင့်ကြံဆင့်ရှိနေသဖြင့် အနာဂတ်၌ နန်းတွင်းကို ထိန်းချုပ်ရာတွင် အခက်အခဲရှိမည်မဟုတ်ပေ။
ဤတိုက်ခိုက်ပွဲအတွင်းတွင် ရှေ့တိုး၍ နှောင့်ယှက်ရဲသူမရှိခဲ့ပေ။
လန်ရှောင်ရှန့်က အေးစက်စွာအော်လာသည့်အချိန်တွင် ရှုရှင်းချန်တွေးလိုက်သည်။ သူဤနေရာသို့လာသည်မှာ ရန်သူလုပ်ရန်မဟုတ်ပေ။ လန်ရှောင်ရှန့်နှင့် အခြားသူများ၏ ရှန်းလျိုရှန့်နောက်လိုက်မည့်အကြံကို လက်လျှော့စေကာ နန်းတွင်းကို ကိုင်တွယ်ခိုင်းစေရန်ဖြစ်သည်။ ထို့ကြောင့် သူက လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်လိုက်သည်။
သို့သော် သူရပ်တန့်လိုက်သည်နှင့် ဆန့်ကျင်၍ ကျင်းရှန်ထျန်းက အကြည့်များစူးရှသွားကာ ရုတ်တရက်သေစေနိုင်သော တိုက်ခိုက်မှုတစ်ခုပြုလုပ်လိုက်သည်။
ရှုရှင်းချန်က အလျင်အမြန်တုံ့ပြန်လိုက်သော်လည်း ရင်ဘက်မှအေးစက်မှုကို ခံစားနေရသေးသည်။ သေစေနိုင်သောနေရာကို ရှောင်ရှားလိုက်ကာ မြေပြင်ပေါ်သို့ ဘမ်းခနဲ ပြုတ်ကျသွားသည်။
ကွင်းပြင်ရှိလူတိုင်းက တုန်လှုပ်သွားကာ ကြောက်ရွံ့သွားကြသည်။
လန်ရှောင်ရှန့်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး ရှုရှင်းချန်၏ဘေးတွင် ပေါ်လာ၍ လက်ဖဝါးနှင့် တိုက်ခိုက်ရန်ပြင်နေသော ကျင်းရှန်ထျန်းကို ပိတ်ဆို့လိုက်သည်။
"ခင်ဗျား ဦးနှောက်မရှိတော့ဘူးလား..."
ကျင်းရှန်ထျန်းက ရပ်တန့်၍ သွေးအလွန်အကျွံထွက်နေသည့် ရှုရှင်းချန်ကို ကြည့်ကာ နှာခေါင်း ရှုံ့လိုက်သည်။
"ငါ့ကို ရက်စက်တဲ့အတွက် အပြစ်မတင်နဲ့...ကိုယ့်ဘာသာ အင်အား မလုံလောက်တာ...ကိုယ့်အသက်နဲ့ဘဝအတွက် ဘယ်သူ့ကို အပြစ်တင်ရမှာလဲ..."
စကားဆုံးသောအခါ ကျင်းရှန်ထျန်းက ဝတ်ရုံလက်ကို ခါ၍ ထွက်သွားရန်ပြင်လိုက်သည်။ ထိုအချိန်တွင် သူ့ခြေလှမ်းများ ရုတ်ချည်းရပ်တန့်သွားကာ အမူအရာမှာ အနည်းငယ် အေးခဲသွားသည်။
လေ့ကျင့်ရေးကွင်းက ရုတ်တရက်တိတ်ဆိတ်သွားသည်။
အနီရောင်ပုံရိပ်လေးက ဆင်းသက်လာပြီး ကျောက်စိမ်းဖြူရောင် လက်ကိုမြှောက်၍ ကျင်းရှန်ထျန်း၏ လည်ပင်းကို ညှစ်လိုက်သည်။
မွန်းကြပ်တုန်လှုပ်ဖွယ် အကျပ်ကိုင်မှုက ဓားဂိုဏ်းကို ဖြတ်သန်းသွားလျက် လူတိုင်းက ထိတ်လန့်သွားကြသည်။ စင်မြင့်ပေါ်ရှိလူငယ်လေးကို ကြည့်၍ ခြေထောက်များ မရည်ရွယ်သော်လည်း အားနည်းလာပြီး ထိုသူ၏ ဝိညာဉ်စွမ်းအားက အကျဉ်းချထားပုံရကာ သူတို့ မလှုပ်ရှားနိုင်ချေ။
ကျင်းရှန်ထျန်း၏ခြေထောက်က မြေကြီးပေါ်မှလွတ်သွား၍ လည်ချောင်းမှာလည်း ရုန်းကန်နေရသဖြင့် မျက်နှာပေါ်တွင် အနီရောင်မှ ခရမ်းရောင်ပြောင်းသွားလျက် စကားပြောနိုင်ရန်ကြိုးပမ်းနေသည်။
"ဘယ်လိုတောင်....ဒီလောက် လူအများကြီးရှေ့မှာ ဘယ်လိုတောင် လုပ်ရဲ..."
"ဘာလို့ မလုပ်ရဲရမှာလဲ..."
ရှန်းလျိုရှန့်၏ မျက်လုံးများက သွေးရောင်တောက်ပနေလျက် နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသည်။
"ငရဲသွားတဲ့လမ်းမှာ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့...ကိုယ့်ဘာသာအင်အားမလုံလောက်တာ ကိုယ့်ဘဝနဲ့ အသက်အတွက် ဘယ်သူ့ကို အပြစ်တင်ရမှာလဲ... "
သူ့စကားဆုံးသောအခါ လက်ကိုလှည့်၍ ကျင်းရှန်ထျန်း၏ လည်ပင်းကို ချိုးလိုက်ချိန်တွင် တစ်စုံတစ်ယောက်က အော်လာသည်။
"ရပ်လိုက်..."
၎င်းသတ်ဖြတ်သည့်မြင်ကွင်းကို တွေ့လိုက်ရသူများက လည်ပင်းများအေးစိမ့်သွားကာ သူတို့၏ နှလုံးသားတွင် အေးစက်မှုကို ခံစားလိုက်ရသည်။ ကိုယ်တိုင်မျက်လုံးနှင့် မြင်ရသည်က ကြားရသည်ထက် အဆတစ်ရာခန့် ပိုကြောက်စရာကောင်းနေခဲ့သည်။ ဤကဲ့သို့သော စွမ်းအားမျိုးကို မထိန်းချုပ်နိုင်ခဲ့လျှင် ကမ္ဘာကြီးက ထပ်မံ အေးချမ်းနိုင်မည် မဟုတ်ပေ။
ရှန်းလျိုရှန့်က ကျင်းရှန်ထျန်း၏ခန္ဓာကိုယ်ကို မြေကြီးပေါ်သို့ ပစ်ချ၍ စကားပြောချင်သော်လည်း တုံ့ဆိုင်းနေသည့် လန်ရှောင်ရှန့်ကို ကြည့်လိုက်သည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်လျက် ရှုရှင်းချန်ဒဏ်ရာကို လက်နှင့်ဖိကာ ဝိညာဉ်စွမ်းအင်သုံးပြီးကိုင်တွယ်၍ မေ့မျောလုနီးပါးဖြစ်နေသည့်သူကို ကျောတွင်သယ်ထားလိုက်သည်။
"မင်းတို့ ငါ့အတွက်လာတာဆိုရင်...ငါ့အတွက်ပဲလာကြ..."
ရှန်းလျိုရှန့်က စင်မြင့်ပေါ်တွင် ရပ်၍ လေ့ကျင့်ရေးကွင်းပြင်ရှိ လူများကို ငုံ့ကြည့်ကာ ရေခဲကဲ့သို့ အေးစက်သည့်မျက်နှာနှင့် ပြောလာသည်။
"ငါ့ဘေးနားက လူတွေကို ထိခိုက်အောင် လုပ်ရဲရင် မင်းတို့ရဲ့ ဝိညာဉ်တွေကို ဖျက်ဆီးပစ်မယ်..."
အနီရောင်နှင့် လူငယ်လေးက စကားပြောပြီးသောအခါ ကျောပေါ်ရှိလူနှင့်အတူ ပျောက်ကွယ်သွားသည်။
လူတိုင်း တုန်ယင်မှုမှ ပြန်လည် သက်သာလာသောအခါ စင်မြင့်ပေါ်ရှိလူက ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။
ရှန်းလျိုရှန့်က တိတ်ဆိတ်သည့်နေရာသို့ ရောက်သောအခါ ရှုရှင်းချန်ကို အောက်ချ၍ ဆေးတိုက်ကာ ဝိညာဉ်စွမ်းအားသုံးလျက် ဒဏ်ရာများကို ကုသပေးလိုက်သည်။
ရှုရှင်းချန်က သူ့ဘေးတွင် အစောင့်ပင်မပါချေ။ သူက ခိုးထွက်လာပုံရသည်။ အစောပိုင်းက သူ၏နှလုံးပေါ်သို့ တိုက်ခိုက်သည်မှ သီသီလေးလွတ်မြောက်သွားသောအခါ ရှန်းလျိုရှန့် အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။
ရှုရှင်းချန်၏ခွန်အားများ အနည်းငယ် ပြန်ပြည့်လာချိန်တွင် ရှက်ရွံ့နေသောမျက်နှာဖြင့် သူ၏နာမည်ကိုခေါ်လာသည်။
"ရှန်းလျိုရှန့်..."
ရှန်းလျိုရှန့်က ချက်ချင်းပင် ဒေါသတကြီးအော်လိုက်သည်။
"အစ်ကိုတော်လို့ခေါ်..."
ရှုရှင်းချန်က ချောင်းဆိုးသွားကာ ဖြူဖျော့လာသည်။
"နန်းတွင်းကို ပြန်လာဖို့တောင် မစီစဉ်ထားဘူးမှတ်လား...ကျွန်တော် ခင်ဗျားကို မခေါ်ဘူး..."
ရှန်းလျိုရှန့်က စကားပြောရန် ငြင်းဆန်လိုက်ကာ သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နေသော ဝိညာဉ်စွမ်းအားကို အနည်းငယ် နှေးစေလိုက်သည်။
"ရှင်းလျန်က အိပ်မောကျစေတဲ့ မန္တန်ထိသွားတာ...တော်ဝင်သမားတော်ကို အဲဒီအပိုင်းမှာ ပိုပြီး အာရုံစိုက်ဖို့ ပြောပေး...ထိသွားတဲ့ မန္တန်ကို ရှာတွေ့ရင် ဖြေရှင်းနိုင်လိမ့်မယ်..."
ရှုရှင်းချန်က ခေါင်းညိတ်ကာ မော့ကြည့်လာသည်။
"ခင်ဗျား ရှင်းလျန်ကို ထိခိုက်စေမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်...ဒါပေမဲ့ တကယ်ကြီး နတ်ဆိုးသားရဲကို သန့်စင်လိုက်တာလား..."
"ငါ အန္တရာယ်တစ်ချို့နဲ့ ကြုံသွားတာ...သန့်စင်လိုက်ရုံကလွဲပီး ရွေးချယ်စရာမရှိလို့..."
ရှန်းလျိုရှန့်က အသေးစိတ်မပြောချင်သဖြင့် ပေါ့ပေါ့ပါးပါး ပုခုံးတွန့်ပြကာ စိတ်လှုပ်ရှားနေသည့် ရှုရှင်းချန်ကို အောက်ချလိုက်သည်။
"မင်းဒဏ်ရာရနေတယ်...လျှောက်လှုပ်မနေနဲ့...ငါမင်းကို ပေးစရာရှိတယ်..."
ရှုရှင်းချန်က သူ့ကို ဖမ်းဆွဲလိုက်သည်။
"ဒီလိုဆိုရင် ကျွန်တော်နဲ့ ပြန်ရအောင်...အပြင်မှာ အန္တရာယ်များတယ်..."
ရှန်းလျိုရှန့်က ခေါင်းခါ၍ လက်မြှောက်ကာ နေရောင်အောက်တွင် ရွှေရောင်ကြဲထားသည့် ဇာမဏီငှက်မွေးကို လက်ဖဝါးပေါ်တွင် လွင့်မျောနေစေသည်။
ရှုရှင်းချန်က တစ်ဒင်္ဂမျှ ဆွံအသွားသည်။ သူက ဤမှော်လက်နက်ကို မှတ်မိနေသည်။ ထိုနေ့က ရှန်းလျိုရှန့်ယွမ်ယင်း၏ဆံပင်တွင် စိုက်ထားသည့်အရာဖြစ်ကာ ခမည်းတော်ကို ရည်ရွယ်သည့် ကိုယ်ပိုင်အမှတ်အသားဖြစ်သည်။
သူက မျက်ခုံးများနိမ့်ဆင်းသွား၍ သက်ပြင်းချလိုက်ပုံပေါ်သော်လည်း စိတ်သက်သာရာရသွားသည်နှင့် တူနေသည်။
"ဒီလိုဆိုရင် ခင်ဗျားမှာ ကျွန်တော်နဲ့အတူပြန်ဖို့ အချိန်ပိုတောင်ရှိရဦးမယ်...ဧကရာဇ်အနေနဲ့ပေါ့ ဒီရက်တွေထဲမှာ လူတွေက ကျွန်တော့်နားထဲ တကျည်ကျည်နဲ့ စိတ်ရှုပ်ဖို့ကောင်းတယ်..."
"ဒါတွေကြားရတာ ပင်ပန်းနေတာလား..."
ရှန်းလျိုရှန့်က ရှုရှင်းချန် လက်ကို ယူ၍ လက်ဖဝါးတွင်းမှ ဇာမဏီငှက်မွေးပေါ်သို့ တင်လိုက်သည်။ ထို့နောက် မျက်လုံးများပင့်၍ ပြုံးလာသည်။
"အနာဂတ်မှာ သူတို့ပြောတာတွေကို နေ့တိုင်း နားထောင်နေရမှာ...အဲဒါက ဧကရာဇ်ရှင်းချန်ကို ပိုပြီး စိတ်ရှုပ်စေမှာပဲ..."
ရှုရှင်းချန်က အေးခဲသွားကာ လက်ထဲမှ ဇာမဏီငှက်မွေးကိုစိုက်ကြည့်၍ ရှန်းလျိုရှန့်ကို ကြည့်လိုက်ပြီးနောက် ဧကရာဇ်ရှင်းချန်ဟူသည့် စကားလုံးကို နားထဲတွင် ကြားနေရကာ ရေနွေးပူနှင့် လောင်းချခံရသည့်နှယ် လက်ကို အမြန်ပြန်ရုတ်လိုက်သည်။