အပိုင်း ၁၄၆
Viewers 30k

Chapter 146



ရှုရှင်းချန်က အေးခဲသွားကာ လက်ထဲမှ ဇာမဏီငှက်မွေးကိုစိုက်ကြည့်၍ ရှန်းလျိုရှန့်ကို ကြည့်လိုက်ပြီးနောက် ဧကရာဇ်ရှင်းချန်ဟူသည့် စကားလုံးကို နားထဲတွင် ကြားနေရကာ ရေနွေးပူနှင့် လောင်းချခံရသည့်နှယ် လက်ကို အမြန်ပြန်ရုတ်လိုက်သည်။


"ခင်ဗျား ဘာလုပ်တာလဲ...အဲဒါက ခင်ဗျားကို ခမည်းတော်က ပေးတာလေ...သူက ခင်ဗျားကို ဧကရာဇ်ဖြစ်စေချင်တာ...ခင်ဗျား ကျွန်တော့်ကို လာစမ်းသပ်နေတာလား...ကျွန်တော့်မှာ ဧကရာဇ်ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ရှိပေမဲ့ နာခံပြီးတော့ ခင်ဗျားနဲ့ ရန်ဖြစ်မှာမဟုတ်ဘူး..."


"မြန်မြန်လေး...ကျွန်တော့်ကို လွှတ်..."


ရှန်းလျိုရှန့်က ကျင့်ကြံဆင့်မြင့်သဖြင့် ရှုရှင်းချန်ကို အချိန်ကြာကြာ အော်ဟစ်ရုန်းကန်ခွင့်ပြုထားသော်လည်း ခိုင်ခိုင်မာမာ ထိန်းကိုင်ထား၍ ဇာမဏီငှက်မွေးကို လက်ဖြင့် ထပ်မံဖိစေလိုက်သည်။ ရှုရှင်းချန် ပင်ပန်းသွား၍ ဟောဟဲလိုက်နေချိန်မှ လွတ်ပေးလိုက်ကာပြောလာသည်။

"မင်း စိတ်ငြိမ်သွားရင် ငါပြောတာ နားထောင်..."


ရှုရှင်းချန်၏ မျက်နှာက နီရဲလာကာ နဖူးပေါ်ရှိဆံစ အနည်းငယ်ကို လေတိုက်ခတ်သွားကာ ဒေါသမျက်ဝန်တစ်စုံရှေ့တွင် ညင်ညင်သာသာ ယိမ်းယိုင်သွားသည်။


ရှန်းလျိုရှန့်က လက်ဆန့်ထုတ်၍ ဆံပင်ကို ကူညီသပ်တင်ပေးပြီးနောက် ပြောလာသည်။

"မင်းက အဲဒီအချိန်တုန်းက အနားမှာ မရှိတော့ ဧကရာဇ်က ရွေးချယ်စရာမရှိပဲ ငါ့ကို လွှဲပေးခဲ့ရပေမဲ့ မင်းကို နောက်မှပေးခိုင်းခဲ့တာ..."


ဆံပင်များ၏ ပိတ်ဆို့မှုမရှိတော့သဖြင့် ရှုရှင်းချန်၏အမြင်က ပို၍ ရှင်းလင်းလာသည်။ သူက ရှေ့ရှိလူငယ်လေးကို စိုက်ကြည့်၍ တစ်ဒင်္ဂမျှ ကြက်သေသေနေကာ ယုံကြည်မှုတစ်ဝက်ခန့်နှင့် မေးလာခဲ့သည်။

"တကယ်...တကယ်လား..."


ရှန်းလျိုရှန့် : "ဒါပေါ့...အမှန်ပဲလေ..."


သူက ရှုရှင်းချန်၏လက်ကို မ၍ ဇာမဏီငှက်မွေးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်စေသည်။

"ဒီမှာ ခမည်းတော်ရဲ့ ကျင့်ကြံရေးတွေပါတယ်...မင်းမွမ်းမံပြီးသွားရင် မင်းရဲ့ ကျင့်ကြံဆင့်ကို အများကြီး တိုးတက်စေလိမ့်မယ်...ဒီနည်းနဲ့ ဧကရာဇ်ဆိုတဲ့ နေရာမှာ မြဲမြဲ ထိုင်နိုင်ရမယ်..."


ရှန်းလျိုရှန့်က မူးဝေနေသည့် ရှုရှင်းချန်ကို ကြည့်လိုက်သည်။ ထိုသူက မယုံကြည်သေးသဖြင့် မတတ်နိုင်ပဲ ခေါင်းကို လက်ဝါးဖြင့် ရိုက်လိုက်သည်။


"အရမ်းမတုံးနဲ့...အနာဂတ်မှာ ပိုပြီး ထက်မြက်လာဖို့ သင်ယူဦး...မင်းမှာ ကာကွယ်စရာတွေရှိနေသေးတယ်...ရှင်းလျန် ရယ်...နန်းတွင်းရယ်..ပြီးတော့ အများကြီးပဲ..."


သူက စိတ်ပူပန်စွာ ထပ်မံပြောလိုက်သည်။

"တစ်ခြားသူရဲ့ အချစ်လေးကို ခိုးယူဖို့ မကြိုးစားနဲ့နော်..."


ကျိုးရွှမ်လန် မရှိခဲ့လျှင်ပင် စုပိုင်ချယ့်၏နောက်တွင် သုံးလေးယောက် ရှိနေသေးသည်။

တကယ်လို့ ငါဒီမှာမရှိရင်...ရှုရှင်းချန်က စုပိုင်ချယ့်ကို ကြိုက်သွားပြီး...တူညီတဲ့ အမှားတွေ ထပ်လုပ်နိုင်သေးတယ်... 


ရှုရှင်းချန်က ထိတ်လန့်မှုမှ ပြန်သက်သာပြီး မပျော်ရွှင်ရသေးချိန်တွင် ရှန်းလျိုရှန့် ပြောနေသည်ကို ကြားသောအခါ သူ့အမူအရာမှာ ပြောင်းလဲသွားသည်။


"ခင်ဗျား ဘာတွေပြောနေတာလဲ...ခင်ဗျားကိုယ်ခင်ဗျား ထည့်ဖို့ ဘာလို့မေ့နေတာတုန်း..."


ရှုရှင်းချန်က မတ်တပ်ရပ်၍ ရှန်းလျိုရှန့်၏ ဝတ်ရုံလက်ကို ကိုင်၍ သူ့ကိုဆွဲရန် ကြိုးစားလိုက်သည်။ ထိုလှုပ်ရှားမှုက ရင်ဘက်မှ ဒဏ်ရာကို ပြန်ပွင့်သွားစေကာ မျက်နှာမှာ နာကျင်မှုကြောင့် ဖြူဖျော့သွားသည်။


သူက အသံတစ်ချက်ပြုကာ ဆက်ပြောလာသည်။

"ဧကရာဇ်အနေနဲ့ ကျွန်တော့်အတွက် အရေးအကြီးဆုံးက ခင်ဗျားနဲ့ ရှင်းလျန်ကို ကာကွယ်ဖို့ပဲ..."


ရှုရှင်းချန်က အလွန်စိတ်ပူနေလျက် ထိုသူကို နန်းတွင်းသို့သာ ဆွဲခေါ်သွားချင်နေသည်။ သို့သော် သူမည်မျှ ဆွဲခေါ်နေနေ ရှန်းလျိုရှန့်က ခံစားချက်မဲ့စွာ မတ်တပ်ရပ်နေခဲ့သည်။


သူလှည့်လိုက်ချိန်တွင် ဝတ်ရုံမှာ သွေးများနှင့် နီရဲသွား၍ ဒေါသတကြီးပြောလာသည်။


"ခင်ဗျား ဘာလုပ်နေတာလဲ...ကျွန်တော်နဲ့ မြန်မြန် ပြန်လိုက်ခဲ့...ခင်ဗျားက နတ်ဆိုးသားရဲကို သန့်စင်ခဲ့တာမလား...ခမည်းတော်တောင် ရှင်းလျန်ကိုယ်ထဲက နတ်ဆိုးသားရဲကို ဖယ်ထုတ်နိုင်တာပဲ...ကျွန်တော်က ဘာလို့ မလုပ်နိုင်ရမှာလဲ..."


ရှန်းလျိုရှန့်က ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရှုရှင်းချန်ကို ကသိကအောက်ဖြင့် လှမ်းဖက်လိုက်သည်။

"ငါက စိတ်ပိုင်းဆိုင်ရာ နေမကောင်းဖြစ်နေတာ...မန္တန်တွေက မထိရောက်ဘူး..."


ရှုရှင်းချန်၏ မျက်နှာက ပြောင်းလဲသွားသည်။ ချုန်းချီက ရှန်းလျိုရှန့်၏ ခန္ဓာကိုယ်တွင်း၌ ရှိနေသည်။ မည်မျှပင် အင်အားကြီးသူဖြစ်ဖြစ် ရှန်းလျိုရှန့်က ချုန်းချီ၏ ဝိညာဉ်ကို မန္တန်နှင့် ဖယ်ရှားခဲ့သည်ဟု ဆိုလာချိန်တွင် သူလုံးဝမငြင်းဆန်နိုင်ခဲ့ပေ။


တကယ်လို့ ချုန်းချီရဲ့ ဝိညာဉ်က မပျက်ဆီးသေးဘူးဆိုရင် ဘယ်လို ဖယ်ရှားရမှာလဲ...


ရှန်းလျိုရှန့်က သူ့ကို လွှတ်ပေးလိုက်သည်။

"မင်း ဖြစ်နိုင်သမျှ မြန်မြန် ပြန်သင့်တယ်... နန်းတွင်းက တစ်ရက်တောင် ပိုင်ရှင် မရှိလို့ မဖြစ်ဘူး..."


ရှုရှင်းချန်က နည်းလမ်းတစ်ခုရှိလိမ့်မည်ဟု ပြော၍ သူနှင့်အတူ ပြန်ခေါ်သွားချင်ခဲ့သည်။


ရှန်းလျိုရှန့်က ရွေးချယ်စရာ မရှိပဲ မလှုပ်ရှားနိုင်သည့် မန္တန်ကို အသုံးပြု၍ အပြင်ဘက်၌ အကာအကွယ် တည်ဆောက်ပေးခဲ့သည်။


"ခင်ဗျား ကျွန်တော့်ကို ဒီမှာ ထားခဲ့ရင် ခင်ဗျားကို လာရှာပြီး ပြန်ခေါ်သွားဦးမှာပဲ..."


ရှန်းလျိုရှန့်က သူမျက်ခုံးကိုပွတ်သပ်၍ ပြောလာသည်။

"ငါ့မှာ အစီအစဉ်ရှိတယ်...နန်းတွင်းကို ပြန်ပြီးတော့ သာစောင့်နေ..."


သူက လေးနက်သော အမူအရာနှင့်ပြောလာသည်။

"ဧကရာဇ်ရဲ့ နေရာကို ဟာသလုပ်မနေနဲ့...မင်းအဲဒီနေရာမှာ ထိုင်ချင်ရင် မြဲမြဲထိုင်ထားတာ ပိုကောင်းမယ်...မင်းမှာ သင်ယူစရာတွေ အများကြီးရှိတယ်...ငါနဲ့ အချိန်လာမဖြုန်းနဲ့..."


ရှုရှင်းချန်က ပြောလာသည်။

"အဲဒါ အချိန်ဖြုန်းတာမှ မဟုတ်တာ...ကျွန်တော်..."


"မင်းက ဘာလဲ...အခုမင်းရဲ့ ကျင့်ကြံဆင့်က ငါ့လောက် မမြင့်ပဲ ငါ့ကို ဘယ်လို ပြန်ခေါ်သွားမှာလဲ..."


ရှန်းလျိုရှန့်က လက်ပြန်ချ၍ အကြည့်များက အေးစက်စူးရှနေလျက် တစ်လုံးချင်းပြောလာသည်။

"မင်းရဲ့ ကျင့်ကြံဆင့်က ငါ့ထက်မြင့်သွားရင်... နန်းတွင်း ခမည်းတော်လို ဦးဆောင်နိုင်ရင် မင်း ဒီစကားလုံးတွေ ထပ်ပြောလို့ရတယ်..."


ရှုရှင်းချန်က ကြက်သေသေနေလျက် မျက်လုံးများ တဖြည်းဖြည်း နီရဲလာသည်။


ရှန်းလျိုရှန့်က လှည့်ထွက်သွားသည်။ ထိုအချိန်၌ အနောက်မှ လူက တီးတိုးပြောလာသည်ကို ကြားလိုက်ရသည်။

"ပြီးခဲ့တဲ့ ရက်တွေတုန်းက နန်းတွင်းမှာ ညအချိန်ကျရင် အရမ်းတိတ်ဆိတ်ပြီး ဗလာဖြစ်နေခဲ့တာ...အဲလို တစ်ယောက်တည်း ခန်းမမှာရှိနေရတာက အရမ်းအေးစက်နေတာပဲ...ခမည်းတော်က ကောင်းကင်ဘုံကို တက်သွားပြီ...ခင်ဗျားပြန်မလာရင် ကျွန်တော်က နေ့ရောညရော အေးစက်နေတဲ့ နန်းတွင်းကို ရင်ဆိုင်ကျန်ရစ်ခဲ့ရမှာ..."


"စိတ်လှုပ်ရှားရတာကို ကြိုက်ပေမဲ့ ကျွန်တော် အသားမကျသေးဘူး..."


"ရှန်းလျိုရှန့် ...အစ်ကိုတော်...ကျွန်တော့်မှာ ခင်ဗျားပဲ ကျန်တော့တာ...သူတို့လို မလုပ်ပါနဲ့ ...ကျွန်တော့်ကို မစွန့်ပစ်ပါနဲ့..."


ရှန်းလျိုရှန့်က ခြေလှမ်းများကို ရပ်တန့်၍ တစ်စုံတစ်ခုက တင်းတင်းကြပ်ကြပ် ရစ်တွယ်ထားသည့်နှယ် မလှုပ်ရှားနိုင်ခဲ့ပေ။


အချိန်အတန်ကြာပြီးနောက်မှ ရှန်းလျိုရှန့် သူ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။ သွေးနံ့ တစ်စွန်းတစ်စ ရမှသာလျှင် နောက်လှည့်မကြည့်ပဲ ထွက်ခွာလာခဲ့သည်။


ရှုရှင်းချန်၏ မျက်လုံးများက ချက်ချင်းနီရဲသွားကာ ဇာမဏီငှက်မွေးမှာလည်း လက်ဖဝါးအတွင်းသို့ နစ်မြှုပ်သွားခဲ့သည်။


ချက်ချင်းဆိုသလိုပင် ကြမ်းကြုတ်သည့် အနီရောင်သွေးများက ရွှေရောင်အလင်းနှင့်အတူ တောက်ပလာ၍ လူငယ်လေး၏ လက်ချောင်းများကြားမှ စီးထွက်လာကာ မြေပြင်ပေါ်သို့ တစ်စက်ချင်းစီ စီးကျသွားသည်။


*******


ရှန်းလျိုရှန့်က လမ်းဆုံတွင် ရပ်တန့်လိုက်၍ သွားကြား၌ ဖိကြိတ်ထားမိသော နှုတ်ခမ်းပါးများကို ဖြေလျော့လိုက်ကာ မျက်ခုံးများ နိမ့်ဆင်းသွားသည်။


သူက ပြန်သွားရန် ငြင်းဆန်နေခြင်းမျိုးမဟုတ်ပေ။ ခမည်းတော် မရှိတော့သဖြင့် ပုပုတစ်ယောက်တည်းသာ ကျန်ခဲ့၍ သူပြန်သွားချင်သော်လည်း ချုန်းချီ၏ ထိန်းချုပ်မှုကို ခံခဲ့ရပါက ဧကရာဇ်ယွင်ယွီအပေါ် မုန်းတီးမှုကြောင့် ချုန်းချီက ရှုရှင်းချန်နှင့် ရှုရှင်းလျန်ကို တိုက်ခိုက်၍ နန်းတွင်းကို ဖျက်ဆီးပေလိမ့်မည်။


ငါ ဘယ်နေရာကို ပြန်သွားနိုင်မှာလဲ...


ရှန်းလျိုရှန့် နောက်ပြန်ကြည့်လိုက်သည်။ ဧကရာဇ်ယွင်ယွီ၏ ကျင့်ကြံရေးများကို မွမ်းမံမှုကြောင့် ရှုရှင်းချန်နှင့် ယှဉ်ပြိုင်နိုင်သူ ရှိလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်၍ ရှင်းချန်နှင့် ရှင်းလျန်၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်စရာမလိုပဲ စိတ်ချလက်ချ အနားယူနိုင်သည်။


အကြည့်များကို ပြန်ရုတ်ပြီး ထွက်ခွာရန်ပြင်လိုက်ချိန်တွင် ရှေ့၌ အဖြူရောင်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ဆံပင်ရှည်များကို သေသေသပ်သပ် စည်းနှောင်ထား၍ ထင်ရှူးပင်ကဲ့သို့ မြင့်မားစွာ မတ်တပ်ရပ်နေခဲ့သည်။


၎င်းက ယဲ့ပင်းရန်ဖြစ်သည်။


ထိုသူ နောက်မှ လိုက်လာမည်ဟု ရှန်းလျိုရှန့် မမျှော်လင့်ထားချေ။ သူ ခဏမျှ ကြက်သေသေသွားကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက ငါနဲ့ ရန်သူဖြစ်ချင်တာလား..."


ယဲ့ပင်းရန်က ပြန်မဖြေလာပဲ ပြောလာသည်။

"ဂိုဏ်းချုပ်လင်ကို ဒဏ်ရာရအောင် လုပ်တာ မင်းမဟုတ်ဘူး...အဲလိုလုပ်ဖို့ ရည်ရွယ်ချက်လည်း မရှိဘူး...မင်းခန္ဓာကိုယ်ထဲက နတ်ဆိုးသားရဲကို မထိန်းချုပ်နိုင်တာ မှတ်လား..."


"ဟုတ်ရင်ရော ဘာဖြစ်မှာလဲ...မဟုတ်ရင်ရော ဘာဖြစ်လဲ..."


ဓားဂိုဏ်းက ကျိုးရွှမ်လန်ကို မှောင်မိုက်နေသည့် အကျဉ်းထောင်တွင် ပိတ်လှောင်ခဲ့ဖူးကြောင်း သတိရသွားသောအခါ ရှန်းလျိုရှန့်တစ်ယောက် ရွံရှာစက်ဆုပ်လာသည်။


"အခု ငါ့ခန္ဓာကိုယ်ထဲမှာ ချုန်းချီရှိနေတော့ ငါ့ကိုဖမ်းပြီး အမှောင်ထဲမှာ ပိတ်ထားချင်လို့လား...ငါမင်းကိုပြောမယ် အိမ်မက်သာမက်နေလိုက်..."


"ငါမင်းကို မပိတ်ထားပါဘူး..."


ယဲ့ပင်းရန်၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွား၍ ရှင်းပြလာသည်။

"နတ်ဆိုးသားရဲကို ထိန်းချုပ်တဲ့ ရှေးဟောင်းစာအုပ်တော်တော်များများကို ငါဖတ်ဖူးတယ်...တစ်ချို့နည်းလမ်းတွေက အကျိုးသက်ရောက်မှု နည်းပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အသုံးဝင်လာနိုင်တယ်...နေဖို့အတွက်ကတော့ မင်းနဲ့ငါ ဓားဂိုဏ်းကို သွားကြမယ်...သေချာပေါက် ငါမင်းကို အဲလိုနေရာမျိုးမှာ မပိတ်လှောင်ထားပါဘူး...တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရှာပြီးတော့ မင်း ချုန်းချီကို ထိန်းချုပ်နိုင်တဲ့အထိ စိတ်အေးအေးနဲ့ လေ့ကျင့်လို့ရတယ်..."


ရှန်းလျိုရှန့် ကြက်သေသေနေလျက် ဆွံ့အသွားသည်။


ယဲ့ပင်းရန်က သူ့ကိစ္စများကို စိုးရိမ်နေမည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ အေးခဲနေသည့်အနေအထားမှ အသိအကျွမ်းအဆင့်သို့ မြင့်တက်လာရုံသာရှိသည်ကို သူမှတ်မိသည်။ ထိုသူက အလွန်ပူပန်ပြီး ကြင်နာတတ်သည့်စိတ်ရှိနေသည်။


ကံမကောင်းစွာပင် ထိုကဲ့သို့သောနည်းလမ်းမျိုးက သူ့အပေါ်တွင် အသုံးမဝင်ပေ။ ချုန်းချီက မကြာမီတွင် သူ့ကိုအသုံးချနိုင်သွားကာ ဝိညာဉ်ကိုပင် ဖျက်ဆီးပစ်လိမ့်မည်။


သူ တစ်နေ့တစ်ခြား ကြီးထွားလာမည်ကို မစောင့်ဆိုင်းနိုင်ပေ။


"ကျေးဇူးတင်ပေမဲ့ ငါ..."


စကားတစ်ဝက်တွင် ရှန်းလျိုရှန့် နှလုံးတွင်းမှ နာကျင်မှုခံစားရကာ ဖြူဖျော့သွားသည်။


ယဲ့ပင်းရန်က သူ့ကိုကူညီပေးရန် ရှေ့တိုးလာပြီး သူ၏ခန္ဓာကိုယ် တုန်ယင်လာသည်ကို သတိထားမိသွားသည်။ ထို့နောက် ဘေးပတ်လည်သို့ကြည့်၍ သူကို မီးခိုးရောင်ကျောက်တုံးဆီသို့ ခေါ်သွားပေးသည်။


ကျောက်တုံးက ရွှံ့များဖုန်များ ဖုံးလွှမ်းနေသဖြင့် ယဲ့ပင်းရန်က ဝတ်ရုံလက်နှင့် သုတ်ဖယ်လိုက်သည်။


"ဒီမှာ ခဏလောက်ထိုင်ဦး..."


ရှန်းလျိုရှန့်က နှလုံးကိုဖိကိုင်ထားလျက် ဖုန်ပေနေသည့် နှင်းဖြူရောင် ဝတ်ရုံလက်သို့ အမှတ်တမဲ့ အကြည့်ရောက်သွားသည်။ တစ်ဒင်္ဂမျှ ကြက်သေသေသွားကာ ကြည်လင်တောက်ပသည့် ရေခဲကဲ့သို့ မျက်ဝန်းတစ်စုံကို မြင်ရန် မော့ကြည့်လိုက်သည်။


အနှီမျက်ဝန်းများကို အနီးကပ်ကြည့်လျှင် ၎င်းတို့က အမှန်တကယ် အေးစက်မနေခဲ့ပေ။


ထိုအချိန်တွင် ကျောက်တုံးပေါ်ရှိ အနီရောင်ဝတ်ဆင်ထားသည့် လူငယ်လေးက အလင်းပြန်နေခဲ့သည်။ နက်ရှိုင်းသည့် မျက်ဝန်းများတွင် သူ မပြောပြချင်ခဲ့သော်ငြား သတိမမူမိစွာ ဖော်ပြမိနေသည့် တစ်စုံတစ်ရာရှိနေခဲ့သည်။


ရှန်းလျိုရှန့်က ရုတ်တရက် အကြည့်လွှဲကာ မျက်လွှာချလိုက်၍ မယုံကြည်နိုင်သည့်လှိုင်းတစ်ခုကို နှလုံးသားထဲ၌ ခံစားလိုက်ရသည်။


သူ စိတ်အေးအေးထား၍ ယဲ့ပင်းရန်ကိုင်ထားသည့် လက်မောင်းကို ပြန်ဆွဲယူလိုက်သည်။

"ကြင်နာမှုကို နားလည်ပေမဲ့ ပိတ်လှောင်ထားတယ်လို့ ယူဆလို့ရနေတုန်းပဲလေ...ငါ အပြင်လောကမှာ လွတ်လွတ်လပ်လပ်နေရတာကို ကြိုက်နေတုန်းပဲ...ဝတ္ထုစာအုပ်တွေဖတ်နိုင်တယ်...သကြားလုံးလဲ စားနိုင်တယ်...ပြီးတော့..."


"ငါ ဝတ္ထုစာအုပ်တွေ ဝယ်ပေးနိုင်တယ်..."

ယဲ့ပင်းရန်က စဉ်းစားချိန်မယူပဲ ပြောလာသည်။

"သကြားလုံးလည်း နေတိုင်းတောင်အောက်ဆင်းပြီး မင်းအတွက် ပူပူနွေးနွေးလေး ဝယ်ပေးနိုင်တယ်..."


ရှန်းလျိုရှန့်၏ နှလုံးသားက နှစ်မြုပ်သွားသည်။


ယဲ့ပင်းရန်က သူ့ကို ကြိုက်နေသည်။ မည်သည့်အချိန်က စတင်ခဲ့သည်ကို သူ မသိခဲ့ကာ လုံးဝသတိမထားမိခဲ့ပေ။


"မလိုဘူး..."

ရှန်းလျိုရှန့် ကျောက်တုံးပေါ်မှ ထရပ်လိုက်သည်။


"တကယ်တော့ ဝတ္ထုစာအုပ်ဖတ်ရတာရော သကြားလုံးစားရတာရော မကြိုက်ပါဘူး...ငါ့ကို စာအုပ်ဖတ်ပြပြီး အတူတူ သကြားလုံး စားပေးမဲ့ တစ်စုံတစ်ယောက်ကို ကြိုက်ရုံပဲ..."


ယဲ့ပင်းရန်က တစ်ဒင်္ဂမျှ ကြက်သေသေသွားပြီးနောက် ပြောလာသည်။

"ငါ မင်းကိုဖတ်ပြနိုင်တယ်...သကြားလုံးက...ငါမစားဖူးပေမဲ့ မင်းနဲ့အတူ စားနိုင်ပါတယ်..."


ရှန်းလျိုရှန့်က သူ့စိတ်ထဲမှာ အပိုင်းအစများကို ပြန်သတိရလာပြီး ငြီးငွေ့လာသလို ခံစားရသည်။

"တစ်ယောက်ယောက်က ငါ့ကို ခုနစ်နှစ်တောင် စာအုပ်ဖတ်ပြလာခဲ့တာ...ငါက သူ့အသံနဲ့ပဲ အသားကျနေပြီ...တစ်ခြားဟာတွေကို အသားမကျတော့ဘူး...မင်းနားလည်ပြီလား..."


ယဲ့ပင်းရန်က တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဓားကျင့်ကြံသူ၏ စိတ်ရှည်သည်းခံမှုနှင် ဇွဲလုံ့လက ထိုအချိန်၌ လုံးဝဆွဲယူခံလိုက်ရသည်။


"ကျင့်ကြံသူတစ်ယောက်အနေနဲ့ ခုနစ်နှစ်ဆိုတာ မျက်တောင်တစ်ခတ်စာပဲရှိတယ်...ငါမင်းကို စာအုပ် တစ်နေ့ပြီးတစ်နေ့ ဖတ်ပြနိုင်တယ်...ခုနစ်နှစ်ပြီးရင် နောက်ခုနစ်နှစ်...မင်းအသားကျသွားမှာပါ..."


ရှန်းလျိုရှန့် : "ငါအသားမကျနိုင်ဘူး..."


ယဲ့ပင်းရန် : .ဒါဆိုလည်း အသားမကျနဲ့...အဲဒါပဲ နားထောင်..."


စကားလုံးများထွက်ကျလာပြီးနောက်တွင် ရှန်းလျိုရှန့်က အသက်ပြင်းပြင်းရှူလိုက်ကာ နောက်ဆုံး၌ အကြည့်တို့ မြင့်တက်လာသည်။

"တောင်းပန်ပါတယ်...ငါမှားပြောလိုက်တာ...အသားမကျတာမဟုတ်ဘူး...ငါ မကြိုက်တာ..."


ထိုသို့ပြောပြီးနောက် ယဲ့ပင်းရန်က သူဆိုလိုချင်သည်ကို နားလည်သွားမည်ဟု ရှန်းလျိုရှန့် ထင်ခဲ့သည်။ သို့သော် တစ်ဖက်လူ၏ အတွေးအခေါ်ကို သူနားလည်မှု လွဲသွားခဲ့သည်။


ယဲ့ပင်းရန်က ၎င်းပွင်းလင်းပြတ်သားလုနီးပါး စကားလုံးများကို နားထောင်၍ မျက်တောင်များ အနည်းငယ်နှိမ့်ချကာ ရေခဲမျက်ဝန်းအတွင်းမှ တလိပ်လိပ်တက်လာသော ခံစားချက်များကို ဖုံးကွယ်ပြီး ဖြေးညှင်းစွာပြောလာသည်။


"ငါသိတယ်...ငါအဲဒါကို သိနေတာ တော်တော်ကြာပြီ...အဲဒီ မိုးရွာနေတဲ့ညက...မင်းရပ်နေခဲ့ပြီးတော့ ငါ သစ္စာဆိုခဲ့တယ်.."


ရှန်းလျိုရှန့်၏ နှလုံးသားက တုန်လှုပ်သွားကာ မိုးကြိုးပစ်ခံရသည့်နှယ် ရုတ်ချည်းနိုးကြားလာသည်။


ထိုအချိန်၌ ယဲ့ပင်းရန်က စုပိုင်ချယ့်ရှေ့တွင် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ရှင်းလင်းလိုစိတ် ထက်သန်နေသဖြင့် သစ္စာဆိုခဲ့သည်ဟု သူထင်ခဲ့သည်။

ဖြစ်နိုင်ပါ့မလား...ယဲ့ပင်းရန်က...


"မဟုတ်ဘူးမှတ်လား..."


မသိစိတ်အရ တောင်းပန်လိုသော်ငြား "ချီ" ဟူသည့်စကားလုံးကို အဆုံးထိ မပြောနိုင်ခဲ့ချေ။ ၎င်းက ရှန်းလျိုရှန့်၏ ပါးစပ်အတွင်းသို့ ပျံ့လွင့်လာပြီးနောက် ပြန်မျိုချလိုက်သည်။


မဖြစ်နိုင်သည့် မျှော်လင့်ချက်များ ပေးမိခြင်းအတွက် သူ မတောင်းပန်နိုင်ပေ။


ရှန်းလျိုရှန့် နောက်ဆုတ်လိုက်သည်။


ယဲ့ပင်းရန်က သူ့လှုပ်ရှားမှုများကို စောင့်ကြည့်နေသဖြင့် ဘေး၌ချထားသော လက်ကို အနည်းငယ်ကွေးကာ ပါးစပ်ဖွင့်လိုက်ချိန်တွင် သူ၏အသံက အနည်းငယ်ခန့် အက်ကွဲနေကြောင်းတွေ့လိုက်ရသည်။


အသံတွင် ဝမ်းနည်းနေမှု လျော့နည်းသွားစေရန် အနည်းငယ်ချောင်းဟမ့်၍ ရှင်းပြလာသည်။

"မင်း ဓားဂိုဏ်းကို ငါနဲ့အတူသွားသ၍ ငါ့ကိုကြိုက်စရာ မလိုပါဘူး...မင်းအပြင်မှာရှိနေပြီး ချုန်းချီထိန်းချုပ်တာ ခံလိုက်ရရင် အခြေအနေတွေ ပိုပြီးဆိုးလာလိမ့်မယ်..."


ရှန်းလျိုရှန့်က နှုတ်ခမ်းစူမိသွားသည်။

"မင်းရဲ့ ချုပ်လှောင်တဲ့ နည်းလမ်းက ချုန်းချီကို ရင်ဆိုင်ဖို့ အသုံးမဝင်ဘူး..အင်အားကို မဖြုန်းနဲ့...ငါက နတ်ဆိုးသားရဲကို မထိန်းချုပ်နိုင်တာမဟုတ်ဘူး...ငါ့ရဲ့ ဝိညာဉ်က နည်းနည်းအားနည်းနေလို့ အုတ်မြစ်တည်တုန်းက တစ်ခုခုမှားသွားတာ..."


"ကျေးဇူးပဲ..."

သူက ယဲ့ပင်းရန်ကို မော့ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။

"ငါသွားတော့မယ်..."


ယွမ်ရှန့်(အခြေတည်ဝိညာဥ်)၏ပြန်ကောင်းလာသည့် မှတ်ဉာဏ်ထဲတွင် ယဲ့ပင်းရန်၏ အရိပ်အယောင်အချို့ကို တွေ့ရသည်။ ၎င်းက နှင်းကျနေသည့် ကွင်းပြင်တစ်ခုဖြစ်သည်။


ရှန်းလျိုရှန့်က ကလေးဘဝတည်းက သွက်သွက်လက်လက်ဖြစ်ခဲ့သဖြင့် သူ နှင်းလူသားလုပ်၍ မျိုးစုံသော စက္ကူရုပ်များ ခေါက်ခဲ့သည်။ ကောက်ရိုးဦးထုပ်နှင့် ပန်းကုံးများကိုလည်း ရက်လုပ်ခဲ့ကာ တစ်နာရီမျှပင် မရပ်တန့်နိုင်ခဲ့ချေ။


ထိုအချိန်၌ ရှန်းလျိုရှန့် တွေးခဲ့သည်မှာ အနှီလူက ဓားရေးသာ လေ့ကျင့်တတ်သည့် သစ်သားကဲ့သို့ ပျင်းစရာ ကောင်းလိမ့်မည်ဟုပင်။ ထို့ကြောင့် ထိုသူ၏ကိုယ်ပေါ်သို့ ကြွေကျနေသည့် နှင်းချပ်များကို ပုတ်၍ ရှစ်စွမ်းဆီသို့ ပြန်လာခဲ့သည်။


ရလဒ်အနေနှင့် ဓားသခင်ကျန့်ကျန်းက သူ့ကို ဝေးဝေးသွားခိုင်းလေသည်။


လန်ရှောင်ရှန့် ရောက်လာသောကြောင့် သူ့ကို လန်ရှောင်ရှန့်နှင့် ထားသွားခဲ့ကြသည်။ တစ်ဝက်အိပ်တစ်ဝက်နိုးဖြင့် သူ သိခဲ့ရသည်မှာ ထိုကလေးက နှင်းတောထဲ၌ ဓားလေ့ကျင့်နေခြင်းမှာ သ

စ်သားဖြစ်သွားခြင်းလည်းမဟုတ်သလို အ နေ၍လည်းမဟုတ်ခဲ့ပေ။ သူ့တွင် အမေနှင့်အဖေ မရှိတော့၍သာဖြစ်သည်။


ထိုအချိန်၌ ရှန့်လျိုရှန့်ထံတွင်လည်း အမေ အဖေ မရှိခဲ့ပေ။ ထို့ကြောင့် ထိုကလေးအား ပြုံး၍ စကားပြောရန် နှင်းတောထဲသို့ ပြန်ပြေးသွားခဲ့သည်။