Chapter 147
သူက တစ်ဖက်လူအတွက် နှင်းလူသားလေး နှစ်ခုကို လုပ်ကာ သူငယ်ချင်းဖြစ်ချင်ခဲ့သည်။
ထို့နောက်တွင် သူ ဓားဂိုဏ်းကို ကြာမြင့်သည်အထိ မသွားခဲ့ပဲ တစ်ဖက်လူ၏ အကြောင်းကိုသာ ရံဖန်ရံခါ ကြားခဲ့ရသည်။ ဓားဂိုဏ်းတွင် ဉာဏ်ကြီးရှင်တစ်ယောက်ထွက်ပေါ်ခဲ့ပြီး အလွန်အင်အားကြီးသည်ဟူ၍။
ရှန်းလျိုရှန့်က မျက်လွှာချ၍ သွားရန်လှည့်လိုက်သော်လည်း အနောက်မှ နာနာကျင်ကျင် ညည်းညူသည့်အသံ ထွက်လာသည်။
သူ လှည့်ကြည့်လိုက်သောအခါ ယဲ့ပင်းရန်၏ မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေသည်ကို တွေ့လိုက်ရသည်။ ထိုသူ၏ နှုတ်ခမ်းပါးနှင့် အဝတ်အစားများက နီရဲသည့်သွေးများစွန်းထင်းနေလျက် ခန္ဓာကိုယ်ပတ်လည်ရှိ ဝိညာဉ်စွမ်းအားများ ရှုပ်ထွေးနေသည်။
ရှန်းလျိုရှန့်က နောက်ပြန်လှည့်ကာ ယဲ့ပင်းရန်ကို လက်တစ်ဖက်ဖြင့် တွဲ၍ အခြားတစ်ဖက်ဖြင့် ထိုသူ၏ခါးကို ပွေ့လိုက်သည်။ ယဲ့ပင်းရန်၏ ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်စွမ်းအားများက ဂနာမငြိမ်ဖြစ်၍ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာမည့် ပုံပေါ်နေသည်။
ရှန်းလျိုရှန့်၏ အမူအရာပြောင်းလဲသွားသည်။ မူလဇာတ်ကြောင်းတွင် ယဲ့ပင်းရန်က တစ်ကြိမ် ရူးသွပ်သွားဖူးသည်။
သူက ရက်စက်သည့်နည်းလမ်းဖြင့် ကျင့်ကြံ၍ ထပ်မံချစ်မိသွားခဲ့သည်။
ကျင့်ကြံသူတစ်ယောက်အတွက် နှလုံးသားနှင့် တာအိုလမ်းစဉ်၏ ပဋိပက္ခမှာ ကပ်ဘေးတစ်ခုထက်မပိုပေ။ တာအိုခရီးလမ်းက ရေခဲပြင်ပါးပါးပေါ်တွင် လျှောက်လှမ်းနေရသည့်နှယ်ပင် ဂရုမစိုက်မိပါက ရူးသွပ်မှုနှင့် အဆုံးသတ်သွားလိမ့်မည်။
ရှန်းလျိုရှန့်က မျက်မှောင်ကြုတ်၍ မျက်နှာပေါ်တွင် အေးစက်နေသည့်အမူအရာနှင့် ယဲ့ပင်းရန်ကို ရပ်တန့်ရန် မန္တန်ရွတ်လိုက်သည်။ ယဲ့ပင်းရန်ပေါ်သို့ လက်ဝါးနှင့်ဖိ၍ သူ့ကိုယ်ပိုင် ဝိညာဉ်စွမ်းအားဖြင့် ခန္ဓာကိုယ်တွင်းမှ ဂနာမငြိမ်သည့် ဝိညာဉ်စွမ်းအားများကို ဖိနှိပ်လိုက်သည်။
နေဝင်ဆည်းဆာချိန်၌ ရှန်းလျိုရှန့်က ကျောပေါ်တွင် လူသယ်၍ သစ်ရွက်ကြွေများပေါ်သို့ နင်းကာ ဓားဂိုဏ်းသို့ အပြေးအလွှားလာခဲ့သည်။
တောင်ဝင်ပေါက်သို့ မရောက်မီတွင် ကျောက်စိမ်းကဲ့သို့ လှပသည့် လူငယ်လေးကို ဦးစွာ မြင်လိုက်ရသည်။ ရှန်းလျိုရှန့်က ရပ်တန့်ကာ ခဏမျှစဉ်းစားပြီးနောက် နှုတ်ခမ်းများကွေး၍ ပြောလာသည်။
"အစ်ကိုနျဉ်...အဆင်ပြေနေတာပဲ..."
နျဉ်ယွင်ရှင်းက ခဏမျှကြက်သေသေသွားကာ မပြုံးပဲမနေနိုင်ချေ။ ရှေ့တွင်ရှိသော အနီရောင်နှင့် လူငယ်လေးက သူ့မှတ်ဉာဏ်ထဲမှ အရှေ့ပိုင်းကျတ်တီးမြေတွင် တွေ့ခဲ့သည့်လူငယ်လေးနှင့် အတိအကျတူညီနေသည်။
ခဏကြားပြီးချိန်တွင် ရယ်မောနေသည်ကို သူရပ်တန့်လိုက်သည်။
အချိန်ကုန်နေသည်ကို ရှန်းလျိုရှန့်ခံစားနေရကာ ထပ်မံတားဆီးခံရမည်ကို စိုးရိမ်လာသဖြင့် တိုက်ရိုက်ပင် နျဉ်ယွင်ရှင်းအား တိတ်ဆိတ်ခြင်းမန္တန်ကို ရွတ်ဆိုလိုက်သည်။
သတိမေ့နေသော ယဲ့ပင်းရန်ကို နျဉ်ယွင်ရှင်းကျောပေါ်သို့ တင်ပေး၍ စိတ်သက်သာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် နျဉ်ယွင်ရှင်း၏ ပုခုံးကို ပုတ်၍ အရေးကြီးတာဝန်ကို ယုံကြည်စွာ အပ်နှံလိုက်သည်။
"သူ မတော်တဆ ပြဿနာတက်သွားလို့...သေရေးရှင်ရေးအခြေအနေကို ဖြေရှင်းပြီးပြီဆိုပေမဲ့ နောက်ပိုင်း ရင်ဆိုင်ရမှာတွေ ရှိနေနိုင်တယ်...သူ့ကို ဂရုစိုက်ဖို့အတွက် ငါမင်းကို အပ်ထားလိုက်မယ်..."
နျဉ်ယွင်ရှင်းက ထိတ်လန့်သွားပုံရသော်ငြား စကားလုံးများက လည်ချောင်းအတွင်း၌ ပိတ်ဆို့နေသည်။ သူက မန္တန်ကြောင့် စကားတစ်ခွန်းမျှ မဆိုနိုင်သဖြင့် လက်ဝှေ့ယမ်းကာ နောက်လှည့်၍ ချောချောမွေ့မွေ့ ထွက်ခွာသွားသည့် အနီရောင်ပုံရိပ်လေးကိုသာ ကြည့်နေနိုင်သည်။
.....
ညပို၍နက်မှောင်လာချိန်တွင် အောင်းယွဲ့က သူ၏မီးခိုးရောင် တောင်ပံများကို ခတ်၍ လေထုထဲမှ တဖျပ်ဖျပ်ခတ်သံများ ထွက်ပေါ်လာစေသည်။ ပါးစပ်တွင် အစားအစာ ပူပူနွေးနွေးများထည့်ထားသည့် ခြင်းတောင်းတစ်လုံးနှင့်အတူ မြို့မှ ပျံသန်းလာသည်။
လူတစ်စုကိုမြင်သောအခါ အောင်းယွဲ့က မြေပြင်ပေါ်သို့ သက်ဆင်း၍ လူပုံစံပြောင်းလိုက်သည်။ ခြင်းတောင်းအဖုံးကို လှန်၍ ကြက်ခြေထောက် ကိုယူကာ တစ်ကိုက်ကိုက်လိုက်သည်။ ဆာလောင်မှုကို ကျေနပ်စေပြီးနောက်တွင် ကျန်ရှိနေသည့် အစားအစာများကို လော့ယွီ၊ ရှစ်ဖန့်နှင့် အခြားသူများဆီသို့ ပစ်ပေးလိုက်သည်။
အောင်းယွဲ့က သူ၏ ဝမ်းဗိုက်ကို ပုတ်ပြီး ပြောလာသည်။
"ငါဆိုတဲ့ အောင်းယွဲ့က တစ်နေ့ကျရင် လူသားမျိုးနွယ်ကြားမှာ လူကြိုက်များလာပြီးတော့ သူတို့က ငါ့ကို အစားအစာတွေပေးချင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး...ငါက ငြင်းဆန်တဲ့ နေရာမှာ မတော်တော့ ဝန်လေးပေမဲ့ လက်ခံပေးရတာပဲ..."
ကျိုးရွှမ်လန်က ကျင့်ကြံရေးလောကတွင် ထူးဆန်းသည့် နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်နေချိန်တွင် အောင်းယွဲ့က နတ်ဆိုးနယ်မြေမှ လူအချိို့ကို သယ်လာခဲ့သည်။ သူတို့က အလုပ်မလုပ်သော်လည်း လကို ဆုပ်ကိုင်၍ ကြယ်များ ဝန်းရံနေသည့် ခံစားချက်ကို နှစ်ခြိုက်ကြလေသည်။
မူလတွင် သူတို့က နတ်ဆိုးသားရဲများ ဖြစ်သဖြင့် ကျင့်ကြံရေးလောကတွင် မည်သို့ လွယ်လွယ်ကူကူ ဖော်ပြရဲမည်နည်း။
သို့သော် ယခုတွင် ကျိုးရွှမ်လန်နောက်သို့ လိုက်နေသဖြင့် စိုးရိမ်စရာမရှိပေ။
ယမန်နေ့ညတွင် ရှန်းလျိုရှန့်က ထူးထူးဆန်းဆန်း နတ်ဆိုးသားရဲများကိုဦးဆောင်၍ ချင်းလင်ဂိုဏ်းအား တိုက်ခိုက်စေသည်ဟူသော သတင်းထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ချင်းလင်ဂိုဏ်း၏ တပည့်ဟောင်းတစ်ဖြစ်လည်း နတ်ဆိုးလောက၏ နဝမနတ်ဆိုးဘုရင် ကျိုးရွှမ်လန်က ဂိုဏ်းကို ကယ်တင်ခဲ့သည်။
လူတိုင်းက ထိတ်လန့်သွားပြီးနောက် နဝမနတ်ဆိုးဘုရင်က သားရဲနတ်ဆိုးကြီးထံမှ လွတ်မြောက်နိုင်ကြောင်း နားလည်သွားကြသည်။ ချင်းလင်းဂိုဏ်းကို ကယ်တင်ပေးပြီးနောက်တွင် သူ၏ခွန်အားမှာ ၎င်းနှင့် ယှဉ်ပြိုင်နိုင်ပေသည်။
ရုတ်တရက်ပင် ကျိုးရွှမ်လန်က ဧကရာဇ်ပြီးလျှင် နတ်ဆိုးသားရဲများကို တားဆီးနိုင်မည်ဟု မျှော်လင့်နိုင်သည့် မီးတောက်တစ်ခုနှယ် ပြောင်းလဲသွားသည်။
ပြင်းထန်သည့် ထူးထူးဆန်းဆန်း နတ်ဆိုးသားရဲများနှင့် ပတ်သတ်၍ ကျိုးရွှမ်လန်က ၎င်းတို့ကို နှိမ်နင်းရန် ကျင့်ကြံရေးလောကကို လှည့်လည်နေရသည်။ အချိန်တစ်ခုကြာသောအခါ သူက နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သော်ငြား မျိုးစုံသော ချီးမွှမ်းမှုများက လိမ့်ဝင်လာခဲ့သည်။
ယခုတွင် ကျိုးရွှမ်လန်က မြို့ထဲရှိ ထူးထူးဆန်းဆန်း နတ်ဆိုးသားရဲများကို ကိုင်တွယ်ပြီး၍ တစ်ခုခုယူကာ အလျင်စလိုဖြင့် နောက်တစ်နေရာသို့ သွားလေသည်။ မြို့ထဲရှိ လူများက ကျေးဇူးတင်ချိန်မရှိမီတွင် သူက ပျောက်ကွယ်သွားခဲ့သဖြင့် စားသောက်ဆိုင်အပြင်တွင် နှာခေါင်းတွန့်နေသည့် အောင်းယွဲ့ကို တားကာ ကောင်းမွန်သည့် အစားအသောက်များစွာ ပေးလိုက်ကြသည်။
အောင်းယွဲ့က ပျော်ရွှင်မှုနှင့် လျှာသပ်လိုက်ပြီး နေရာတွင်ရပ်နေသော ကျိုးရွှမ်လန်ကို ရှာရန်လှည့်ကာ အံအားသင့်စွာပြောလာသည်။
"မင်း ဘာလို့ ရပ်လိုက်တာလဲ...ထူးထူးဆန်းဆန်း အကောင်တွေနဲ့ ရင်ဆိုင်အဆုံးသတ်ဖို့ အလျင်လိုနေတာ မဟုတ်ဘူးလား..."
လရောင်က သစ်ရွက်များကြားမှတစ်ဆင့် ဖြတ်သန်းလာ၍ အနက်ရောက်ဝတ်ရုံနှင့် ပုံရိပ်၏ တင်းမာနေသည့် မျက်ခုံးများပေါ်သို့ ကျရောက်လာသည်။
သူ၏ ပြောင်းပြန်အကြေးခွံက တစ်မိုင်အကွာရှိ ခြုံနောက်တွင် တည်ရှိနေကြောင်း ခံစားမိသောအခါ ကျိုးရွှမ်လန်၏ နှလုံးသားမှာ အနည်းငယ်လှုပ်ရှားသွားသည်။
ရှစ်စွမ်းက ဒီမှာရောက်နေပြီးတော့ ငါ့ကို တိတ်တိတ်လေးကြည့်နေတယ်...
ဤတစ်ကြိမ်၌ တောအုပ်တွင် ရပ်နေသည့် ကျိုးရွှမ်လန်မှာ ကိုယ်ပွားတစ်ခုဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အစစ်မှာ နတ်ဆိုးသားရဲဝိညာဉ်သန့်စင်ခြင်းကို လေ့လာ၍ နတ်ဆိုးသားရဲများကို ထပ်ခါထပ်ခါသန့်စင်လျက် လက်ခံထားသည့် ခန္ဓာကိုယ်အား အန္တရာယ်မဖြစ်စေပဲ ကြမ်းကြုတ်သည့် နတ်ဆိုးသားရဲဝိညာဉ်ကို ဖျက်ဆီးနိုင် မနိုင် စမ်းသပ်နေခဲ့သည်။
ကျိုးရွှမ်လန်၏ ကိုယ်ပွားက မျက်တောင်နက်နက်လေးများကို ပေါ့ပေါ့ပါးပါး နိမ့်ချ၍ ခန္ဓာကိုယ်အစစ်၏ ညွှန်ကြားချက်အရ မြို့ထဲမှ ဝယ်ယူခဲ့သည့် လိမ္မော်သီးတစ်လုံးနှင့် သကြားလုံးကို ထုတ်ယူလိုက်သည်။
သူက နှုတ်ခမ်းပါးများ ကွေး၍ လက်မြှောက်ကာ ထိုအရာနှစ်ခုကို သစ်ပင်ပေါ်သို့ တင်လိုက်သည်။
လူတစ်စုထွက်သွားပြီးနောက်တွင် ခြုံပုတ်လေးက လှုပ်ရှားသွားသည်။
ရှန်းလျိုရှန့်က ခေါင်းထုတ်လိုက်သောအခါ သစ်ရွက်နှစ်ရွက် သုံးရွက် ခေါင်းပေါ် ကပ်ငြိနေသဖြင့် လက်မြှောက်ကာ ဖယ်လိုက်သည်။ ထို့နောက် ကျိုးရွှမ်လန် ပစ္စည်းထားခဲ့သည့် နေရာသို့ သိချင်စိတ်ပြင်းပြစွာ လျှောက်လာသည်။
သူ၏မြင်ကွင်းတွင် ပစ္စည်းနှစ်ခုကို တွေ့လိုက်ရသည်။
ရှန်းလျိုရှန့်က တစ်ဒင်္ဂမျှ ကြက်သေသေသွားပြီးနောက် သစ်ကိုင်းပေါ်မှ လိမ္မော်သီးနှင့် သကြားလုံးကို ယူလိုက်ကာ ပွတ်သုတ်၍ အဝါရောင်တောက်တောက် လိမ္မော်သီးကို တစ်ကိုက်ကိုက်လိုက်သည်။
သူ ဖြေရှင်းရန်နည်းလမ်း ရှာမတွေ့သေးသော်လည်း မတတ်နိုင်ပဲ ကျိုးရွှမ်လန်ကို တစ်ချက် လာကြည့်မိသည်။ သူ၏တည်ရှိမှုကို တမင်တကာ ဖုံးကွယ်ထားခဲ့သော်ငြား သူ မရောက်ရှိမီကပင် ရှာတွေ့သွားသေးသည်။
ရှန်းလျိုရှန့်က နှုတ်ခမ်းစူ၍ နှလုံးသားထဲတွင် မည်သို့ ခံစားနေရသည်ကို မသိတော့ချေ။ လိမ္မော်သီးက အလွန်ချိုသည်ဟု ခံစားနေရသည်။ သူက လက်နှင့် တင်းတင်းဆုပ်ကိုင်ထား၍ အကုန်လုံးတစ်ကြိမ်တည်းဖြင့် အပြီးသတ်ရန် တုံ့ဆိုင်းနေခဲ့သည်။
သူ့နှလုံးသားက ပို၍ ပို၍နာကျင်လာသည်။
ချုန်းချီကလည်း နှလုံးသားထဲမှ ချိတ်စည်းကို တိုက်ခိုက်ကာ ခန္ဓာကိုယ်ကို ယူချင်နေသည်။
ချုန်းချီသာ အောင်မြင်သွားခဲ့လျှင် ကျိုးရွှမ်လန်ကို ခြိမ်းခြောက်ရန် သေချာပေါက် သူ့ကို အသုံးပြုလိမ့်မည်။ အချိန်နေရာမန္တန်ကို အသုံးပြု၍ဖြစ်စေ အခြားသော ယုတ်မာသည့် လုပ်ရပ်များ ပြုလုပ်၍ ဖြစ်စေ အဆုံးမရှိသော တွင်းနက်ကဲ့သို့ ကျိုးရွှမ်လန်ကို ဆွဲချလိမ့်မည်။
ရှန်းလျိုရှန့်၏ လက်ချောင်းသွယ်သွယ်လေးများ တင်းကြပ်သွားကာ လက်ချောင်းထိပ်များ ဖြူဖျော့သွားသည်။
ချုန်းချီ သူ့ခန္ဓာကိုယ်ကို မယူနိုင်မီ ကျိုးရွှမ်လန်အား ချုန်းချီ၏ ဝိညာဉ်ကို သန့်စင်စေရမည်။ သို့သော်လည်း သူ၏ဝိညာဉ်ပါ ပျောက်ကွယ်သွားလိမ့်မည်။
အမှန်တရားကို သိသွားခဲ့ရင် ကျိုးရွှမ်လန် ဘယ်လောက် ဝမ်းနည်းလိမ့်မလဲ...
ရှန်းလျိုရှန့်က သစ်ပင်အောက်တွင် ဆောင့်ကြောင့်ထိုင်၍ ခေါင်းကို မြှုပ်ထားကာ တစ်ခဏမျှ ဘာလုပ်ရမည်မသိ ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းပြားက လှုပ်ရှားသွားသဖြင့် ရှန်းလျိုရှန့်က ထုတ်ယူလိုက်သည်။ ညလေပြည်နှင့်ရောနှေလျက် အသံတစ်သံလွင့်မျောလာသည်။
"ရှစ်စွမ်း...ရှစ်စွမ်းအရင်က ပြောခဲ့တဲ့ နည်းလမ်းက ဖြစ်နိုင်ချေရှိတယ်... ကြမ်းကြုတ်တဲ့ နတ်ဆိုးသားရဲဝိညာဉ်တွေကို သန့်စင်ပြီးတော့ ကျွန်တော် ထပ်ခါထပ်ခါ စမ်းသပ်ပြီးသွားပြီ...နတ်ဆိုးသားရဲဝိညာဉ်ကို ခန္ဓာကိုယ်ကနေ လုံးဝဖျက်ဆီးပစ်နိုင်တယ်...ရှစ်စွမ်းရဲ့ ဝိညာဉ်ကို နည်းနည်းလောက်တော့ ထိခိုက်စေလိမ့်မယ်...ဝိညာဉ်ရှာဖွေခြင်းနည်းစနစ်ကိုတော့ ခံစားရမယ်...အဲဒါကို တောင့်ခံနိုင်လား..."
ရှန်းလျိုရှန့် : " ကောင်းပြီ..."
နှလုံးသားအကျဉ်းထောင်အတွင်းရှိ ချုန်းချီက ရုတ်ချည်းရူးသွပ်သွားကာ ရှေးဟောင်းအက္ခရာကို ဆုတ်ဖြဲ၍ တွန်းထွက်လာရန် ကြိုးစားနေသည်။
ကျိုးရွှမ်လန်က ပြောလာသည်။
"ရှစ်စွမ်း...ကျွန်တော့်ကို စောင့်နေပါ..."
ရှန်းလျိုရှန့်က ညင်သာစွာ တုံ့ပြန်လိုက်သည်။
ချုန်းချီ၏ ဝိညာဉ်ကို သန့်စင်၍ လွင့်ပါးစေခြင်းက နတ်ဆိုးသားရဲကို လုံးဝဖျက်ဆီးပစ်နိုင်သည်။ သုံးလောကကို ခြိမ်းခြောက်နိုင်မည်မဟုတ်သကဲ့သို့ ကျိုးရွှမ်လန်ကိုလည်း ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။
ထို့အပြင် နတ်ဆိုးသားရဲကို ဖယ်ရှားခြင်းက ကြီးမြတ်သည့်အတွက် သုံးလောက၌ ကျိုးရွှမ်လန်၏ ဂုဏ်သတင်းက ပို၍ပို၍ ကောင်းမွန်လာမည်။ အနာဂတ်တွင် ကောင်းကင်ဘုံတာအိုက ကျိုးရွှမ်လန်ကို သတ်ရန် အကြောင်းအရင်းရှိတော့မည်မဟုတ်ပေ။
ဒါ့ထက် ပိုကောင်းတာမရှိတော့ဘူး...
သို့သော် ကျောက်စိမ်းပြားကို အောက်ချလိုက်ပြီးနောက်တွင် ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများစီးဆင်းသွားကာ အေးစိမ့်လာသည်။
မဟုတ်ဘူး...
သူ ကျိုးရွှမ်လန်ကို ဒီလိုမလုပ်နိုင်ဘူး...
ရှန်းလျိုရှန့်က ကျောက်စိမ်းပြားကို အလျင်အမြန်ကောက်ကိုင်လိုက်သည်။ ထိုအချိန်တွင် နှလုံးသားမှ ပြင်းပြင်းထန်ထန်နာကျင်သွားကာ တစ်စုံတစ်ခုက ချိုးဖောက်လွတ်မြောက်သွားသည်။
သူက ဖြူဖျော့နေသော မျက်နှာဖြင့် အံတင်းတင်းကြိတ်၍ ကျောက်စိမ်းပြားအတွင်းသို့ ဝိညာဉ်စွမ်းအင် ထုတ်လွှင့်ကာ တုန်ယင်နေသည့်အသံနှင့်ပြောလာသည်။
"တောင်းပန်ပါတယ်...တကယ်တော့ ငါ..."
စကားမဆုံးမီတွင် ကျောက်စိမ်းပြားက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ရှန်းလျိုရှန့်က ကြက်သေသေသွားကာ ခေါင်းကို ဖြေးဖြေးမြှောက်လိုက်သည်။ သူ၏ မြင်ကွင်းတွင် လျော့ရဲနေသည့် အနက်ရောင်ဆံနွယ်နှင့် ရှည်သွယ်သည့် ပုံရိပ်လေးက ပေါ်လာသည်။ ထိုပုံရိပ်လေးက ဒူးထောက်၍ သူ၏ခေါင်းကို ထိကာ အသံမှာ ကြည်သာရှင်းလင်းနေလျက် ကြင်နာမှု တစ်စွန်းတစ်စပါဝင်နေခဲ့သည်။
"တပည့်လေး...မင်းဘာလို့ ဒီလိုအရှုပ်အထွေးတွေလုပ်နေတာလဲ..."
ရှန်းလျိုရှန့်၏ အနီရောင်နှုတ်ခမ်းပါးများကို ဖွင့်လိုက်သော်လည်း 'ရှစ်စွမ်း' ဟူသည့် စကားလုံး မဆိုနိုင်မီတွင် အမှောင်ထုအတွင်းသို့ ကျရောက်သွားသည်။
ကျိုးရွှမ်လန်က ချက်ချင်းရောက်ရှိလာသော်ငြား သူမည်သည်မျှ မလုပ်နိုင်မီတွင် ငွေရောင်ဆံနွယ်၊ မျက်လုံးနီနီများနှင့် ချုန်းချီ၏ အလောင်းက မြေပြင်ပေါ်တွင်လဲလျောင်းနေကာ အသက်မရှိတော့ချေ။
လိမ္မော်သီးနှင့် သကြားလုံးများထားခဲ့သော သစ်ပင်အောက်တွင် အနီရောင်ပုံရိပ်လေးက ထိုင်နေလျက် သူ၏ ချောမောဖြူဝင်းသော မျက်နှာလေးက အနည်းငယ်စောင်းနေကာ အိပ်ပျော်နေသည့်နှယ် မျက်လုံးများကို ငြိမ်သက်အေးချမ်းစွာ ပိတ်ထားခဲ့သည်။
ကျိုးရွှမ်လန်က နေရာတွင်ပင် အေးခဲသွားသည်။ အချိန်ကြာမြင့်စွာ လမ်းလျှောက်ပြီးနောက်တွင် ရှန်းလျိုရှန့်ကို ရင်ခွင်အတွင်းသို့ ဂရုတစ်စိုက်ပွေ့လိုက်သည်။
"ရှစ်စွမ်းက ချုန်းချီကို ဖြေရှင်းပြီးသွားပြီလား...အဲဒါအရမ်းအံ့သြစရာကောင်းတာပဲ...ဘယ်လိုလုပ်လိုက်တာလဲ..."
တောအုပ်ထဲတွင် မည်သူမျှ မတုံ့ပြန်လာခဲ့ချေ။
ကျိုးရွှမ်လန်က သူ၏အေးစက်နေသည့် လက်ကို ရှန်းလျိုရှန့်၏ လက်မောင်းများအပေါ်တင်၍ အတန်ကြာသည်အထိ ဖုံးအုပ်ထားခဲ့သည်။
"ဒါဆိုရင် ကျွန်တော် ရှစ်စွမ်းရဲ့ ဝိညာဉ်ကို စစ်ဆေးဖို့ အရင်ကူညိီပေးမယ်နော်..."
သူက ဝိညာဉ်စွမ်းအားဖြင့် ထိုးဖောက်ဝင်ပြီးနောက်တွင် သူ၏ရင်ခွင်တွင်းရှိလူမှာ အခွံလွတ်တစ်ခုကဲ့သို့ အတွင်း၌ မည်သည်မျှ ကျန်ရှိမနေပေ။
ဝိညာဉ်...မရှိဘူး...
ယွမ်ရှန့်...မရှိဘူး...
ကျိုးရွှမ်လန်က အနီရောင်နှင့် လူငယ်လေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်၍ မပင်ပန်းမီအထိ တစ်ကြိမ်ပြီးတစ်ကြိမ် ကြိုးစားခဲ့သည်။
တောအုပ်ထဲရှိ တစ်ခုတည်းသော အသံမှာ လေကြောင့်ဖြစ်ပေါ်လာသည့် သစ်ပင်ထိပ်မှ လေတိုးသံများသာဖြစ်သည်။
လေတိုက်နေခြင်းရပ်တန့်သွားသည့်အခါ ပတ်ဝန်းကျင်က ချောက်ချားဖွယ် တိတ်ဆိတ်သွားသည်။
ကျိုးရွှမ်လန်က သူ့ရင်ခွင်တွင်းရှိလူကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထား၍ နောက်ဆုံး၌ တစ်စုံတစ်ခုကို သဘောပေါက်သွားသောအခါ သူ့အမူအရာမှာ တွေဝေသွားလျက် ဆုံးရှုံးနစ်နာသွားသည့်ပုံပေါ်လာခဲ့သည်။
အရိပ်အယောင်အားလုံးကို ဖျောက်ဖျက်၍ မည်သည့်ဝိညာဉ်မျှ မချန်ခဲ့ပေ။ ကိုယ်တိုင် ဖျက်ဆီးခြင်းမှလွဲ၍ လုံးဝပျောက်ကွယ်သွားရန် အခြားသော နည်းလမ်းမရှိချေ။
ကျိုးရွှမ်လန်၏ မျက်ခုံးများနိမ့်ဆင်းသွားကာ ရင်ခွင်တွင်းမှ ဖြူဖျော့နေသည့်သူကို ကြည့်လိုက်သည်။
ရှစ်စွမ်းက ချုန်းချီကို ဖယ်ရှားဖို့ သူ့ရဲ ဝိညာဉ်ကို ဖျက်ဆီးလိုက်တာလား...
ဘာလို့လဲ...
ကျွန်တော် ကောင်းကောင်းမလုပ်နိုင်တာ တစ်ခုခုရှိလို့လား...
သူ ရှစ်စွမ်းပြောသည်ကို နားထောင်၍ ဖြောင့်မှန့်သည့် လူတစ်ယောက်လုပ်ကာနတ်ဆိုးသားရဲများကို သတ်ပြီး နေရာတိုင်းရှိ လူများကို ကယ်တင်ခဲ့သည်။
ရှစ်စွမ်းက မကျေနပ်သေးတာလား...
ရှန်းစွမ်းက ကျောက်စိမ်းပြားထဲမှ တောင်းပန်ပါသည်ဟု ပြောခဲ့သည်။
ဘာအတွက်တောင်းပန်တာလဲ...
ဘာလို့ဆို သူက သူ့ဝိညာဉ်ကို ဖျက်ဆီးရရင်တောင် ချုန်းချီကိုသေစေချင်နေလို့ပဲ...
ချုန်းချီက သုံးလောကကို အန္တရာယ်ပြုမှာကို ကြောက်တယ်ပေါ့...
ကျွန်တော် ဝမ်းနည်းမှာကိုရော မကြောက်ဘူးလား...
ကျိုးရွှမ်လန်က နေရာတွင် အေးခဲသွား၍ မျက်လုံးများက အနီရောင် စွန်းထင်းလာကာ မှုန်ဝါးဝါး ဖြစ်လာသည်။ ညကောင်းကင်က မိုးစတင်ရွာသွန်းလာသည်။ ဘေးပတ်လည်မှ လူများက ချန်းချီကို သူသတ်လိုက်သည် ဟူသော အထင်နှင့် သူ့နာမည်ကို ခေါ်၍ ချီးကျူးဝမ်းမြောက်နေပုံရသည်။
ကျိုးရွှမ်လန်က တစ်ကိုယ်လုံးစိုရွှဲသွားလျက် သူ၏ ရင်ခွင်တွင်းမှ လူကိုသာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။ သူ၏သတိအာရုံမှာလည်း သူ၏မြင်ကွင်းကဲ့သို့ပင် တစ်ဖြည်းဖြည်း ဝေဝါးလာကာ အမှောင်ထုအတွင်းသို့ ကျရောက်သွားသည်။
ဘယ်လိုတောင်...
ဝိညာဉ်ဖျက်ဆီးခြင်းက ခန္ဓာကိုယ်အလွတ်မှလွဲ၍ အရိပ်အယောင်ပင် မချန်ပဲ ပျောက်ကွယ်သွားမည်ဖြစ်သည်။
ဘာမှ ရှာမတွေ့ဘူး...ဘာမှ မရှာနိုင်ဘူး...နည်းလမ်းမရှိတော့ဘူး...
ရှစ်စွမ်းက သူ့အပေါ် ဘယ်လိုတောင် ရက်စက်နိုင်တာလဲ...
ရှစ်စွမ်းရဲ့ နှလုံးသားထဲမှာ သုံးလောကရဲ့ ဘေးကင်းမှုက ကျွန်တော့်ထက်ပိုပြီးအရေးကြီးတာလား...မဟုတ်ရင်ကျွန်တော့်ကို ပြင်ဆင်ဖို့ အခွင့်အရေးတောင်မပေးဘဲ ဘာလို့ အရမ်းရက်စက်ရတာလဲ...
ကျွန်တော့်ကို ချက်ချင်းကြီး ထားခဲ့တယ်ပေါ့...