အပိုင်း ၁၄၈
Viewers 30k

Chapter 148




ညမိုးရေထဲတွင် မှင်ကဲ့သို့ နက်မှောင်နေသော်လည်း သွေးရောင်စွန်းနေသည့် မျက်ဝန်းတစ်စုံကို ရှန်းလျိုရှန့်တွေ့လိုက်ရသည်။ ထိုမျက်လုံးများ ပိတ်လိုက်ချိန်တွင် အလွန်အမင်းနာကျင်သည့် မကျေမချမ်းမှု၏ အရိပ်အယောင်ရှိနေခဲ့သည်။


ရှန်းလျိုရှန့် အထိတ်တလန့် ထထိုင်မိလိုက်ကာ ဘေးပတ်လည်တွင် အလင်းနုနုရှိနေ၍ ကျောက်စိမ်းဖြူရောင်လက်က သူ၏နဖူးပေါ်တွင်ရှိနေခဲ့သည်။ အေးစက်သည့် အထိအတွေ့က သူ့ကို အမူးပြေသွားစေသည်။


ရှန်းလျိုရှန့်က တစ်ခဏမျှ ကြောင်အမ်းနေပြီးနောက် သူ့ရှေ့ရှိ မသေမျိုးတစ်ပါးနှင့်တူသော ပုဂ္ဂိုလ်ကို ကြည့်လိုက်သည်။ နှလုံးသားထဲမှ ရင်းနှီးနေမှုက လှိုင်းခတ်လာ၍ ထိုသူ၏ခါးကို လက်မောင်းများဖြင့် မနေနိုင်ပဲ ဖက်တွယ်လိုက်ကာ မကျေနပ်မှုတစ်စွန်းတစ်စပါသော လေသံနှင့် 'ရှစ်စွမ်း' ဟူသော စကားလုံးကို ခေါ်လိုက်သည်။

 

ဤအခြေအနေမှာ လူငယ်လေး၏ မှတ်ဉာဏ်နှင့် ဆင်တူနေသည်။ အရှေ့ပိုင်းကျတ်တီးမြေမှ ပြန်လာပြီးနောက်တွင် သူ၏ရှစ်စွမ်း ထွက်ခွာသွားကြောင်း သိရသောအခါ ဝမ်းပမ်းတစ်နည်းဖြင့် ရက်ပေါင်းများစွာ ငိုကြွေးခဲ့ရသည်။


ဖန်ကျုံးချင်းက မျက်ခုံးများ အနည်းငယ်ပင့်လိုက်သည်။

"အခုထိ ကလေးလေးနဲ့ တူနေတုန်းပဲ..."


သူကခေါင်းကို ခပ်ဖွဖွခါယမ်းကာ ရှန်းလျိုရှန့်၏ ခေါင်းကို ထိ၍ ပြောလာသည်။

"ဒါက ငါ မင်းနှလုံးသားမှာ ထားခဲ့တဲ့ ဝိညာဉ်အမှတ်အသားပဲ...ပျောက်ကွယ်တော့မှာမို့လို့ ငါပြောတာကို နားထောင်ပါ..."


လူနှစ်ယောက်ရှိနေသည့် ဘေးပတ်ဝန်းကျင်တွင် အဖြူရောင်မြူများ ဖုံးလွှမ်းနေ၍ မည်သည့်အရာဝတ္ထုမျှ မရှိပေ။ ဖန်ကျုံးချင်း၏ နှုတ်ခမ်းပါးများက အနည်းငယ်ရွေ့လျားသွားသော်ငြား နေရာတစ်ခုလုံးက တိတ်ဆိတ်နေခဲ့သည်။


ရှန်းလျိုရှန့်က ထိုလူကို မလွှတ်တမ်း ဖက်ထားလျက် သူနားထောင်လေလေ သူ၏မျက်လုံးများ ပြူးကျယ်သွားကာ နှလုံးသားတွင် ကြီးမားသော လှိုင်းများရိုက်ခတ်လာသည်။


အဆုံးတွင် ဖန်ကျုံးချင်းက ပြောလာသည်။

"မင်း ပါ့ဟွမ်မှာတုန်းက ကောင်းကင်ဘုံတာအိုကို ဒေါသထွက်အောင် တစ်ခုခုလုပ်ခဲ့လို့ ကောင်းကင်ဘုံတာအိုက မင်းကို အပြစ်ပေးခဲ့တယ်လို့ ငါထင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် စည်းမျဉ်းပြုလုပ်ပြီး ကာကွယ်ပေးရတဲ့ အတွက် ကောင်းကင်ဘုံတာအိုကလည်း စည်းမျဉ်းဖောက်ဖျက်ပြီး အပြစ်မရှိတဲ့ လူကို သတ်လို့မရဘူးလေ...အဲဒီတော့ အပြင်စွမ်းအားကို အသုံးပြုပြီး မင်းရဲ့အသက်ကို အပြစ်ပေးတဲ့အနေနဲ့ အဝေးကို ခေါ်သွားလိုက်တာ..."


ရှန်းလျိုရှန့်၏ နှုတ်ခမ်းပါးများက အနည်းငယ် တုန်ယင်နေသည်။

"ရှစ်စွမ်းပြောချင်တာက နဂိုထဲက ကျွန်တော်က ဒီမှာရှိနေခဲ့တာပေါ့..."


မူလမှတ်ဉာဏ်များပြန်ရပြီးနောက်တွင် ၎င်းမှတ်ဉာဏ်များက သူ၏မှတ်ဉာဏ်များဟု ပင်ကိုအားဖြင့် ခံစားခဲ့ရသော်လည်း ဖန်ကျုံးချင်း၏ ရှင်းလင်းသော စကားလုံးများကို ကြားပြီးချိန်၌ သူ၏စိတ်ထဲတွင် ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။


ဖန်ကျုံးချင်း : "မင်းက ငါ့ကို ရှစ်စွမ်းလို့ ခေါ်ပြီးတော့ ငါကလည်း မင်းကို ငါ့တပည့်လေးအဖြစ် အသိအမှတ်ပြုတယ်လေ...မင်းဘယ်လို ထင်လဲ..."


ရှန်းလျိုရှန့်၏ နှလုံးသားက လှုပ်ခါသွားသည်။ သူ၏ မှတ်ဉာဏ်များ ပြန်ရလုနီးပါးဖြစ်နေသော်လည်း နောက်ဆုံးနေရာဖြစ်သည့် အရှေ့ပိုင်ကျတ်တီးမြေသို့ သွားသော သူ၏ ဒုတိယအကြိမ်ခရီးတွင် ရပ်တန့်နေခဲ့သည်။


နတ်ဆိုးသားရဲလှိုင်းများကြား၌ သူ ကလေးတစ်ယောက်ကို ကယ်တင်ခဲ့ပုံရကာ ၎င်းနောက်တွင် မည်သည်ကိုမျှ မမှတ်မိတော့ချေ။


"ရှစ်စွမ်းရဲ့အပြောအရဆိုရင် ကျွန်တော့် ဝိညာဉ်က မရှိတော့ဘူးလေ...ဒါဆို ဘာလို့ ကျွန်တော်က အသက်ရှင်နေပြီး ဆယ်နှစ်ကြာမှ ပြန်လာရတာလဲ..."


ဖန်ကျုံးချင်းက ပြောလာသည်။

"မင်းရဲ့ ဝိညာဉ်က တစ်ကယ်ပဲ မရှိတော့ဘူး...ဒါပေမဲ့ ဒီလောကကြီးမှာ မင်းရဲ့ ဝိညာဉ်ရှိနေသေးတယ်... တစ်ယောက်ယောက်က မင်းရဲ့ ပျံ့ကျဲနေတဲ့ ဝိညာဉ်အပိုင်းအစတွေကို စုစည်းပြီးတော့ အားဖြည့်ဖို့အတွက် တစ်ခြားနေရာကို ရွှေ့ပေးလိုက်တာထင်တယ်..."


ရှန်းလျိုရှန့်က ရုတ်တရက် ကျိုးရွှမ်လန်၏ အခြေတည်ဝိညာဉ်ကို စဉ်းစားမိသွားသည်။ ၎င်းအသေးလေးက အသက်စွမ်းအင်ကို အသုံးပြု၍ ရှန်းလျိုရှန့်၏ အခြေတည်ဝိညာဉ်အား ထောက်ပံ့ပေးခဲ့သည်။

မူလဇာတ်ကြောင်းမှာ ငါ့ကို ပျက်ဆီးစေတဲ့ လူက ကျိုးရွှမ်လန်ဆိုပေမဲ့ သူက ဘာလို့ ဒီလိုလုပ်တာလဲ...


မူလဇာတ်ကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ သူမြင်လိုက်ရတာလား...ဒါမှမဟုတ် အဲဒါက အခြေအနေအစစ်အမှန်နဲ့ မတူပဲ မှားနေတာလား...


အဆုံးတွင် မူလဇာတ်ကြောင်းက စာအုပ်တစ်အုပ်သာဖြစ်၍ ဤလောကကြီးဖြစ်စေ ကျိုးရွှမ်လန်နှင့် အခြားသူများဖြစ်စေ အမှန်တကယ် တည်ရှိကြသည်။


ရှန်းလျိုရှန့်က ခေါင်းမော့၍ ဖန်ကျုံးချင်း၏ မျက်ခုံးကြားမှ တွန့်ချိုးနေမှုကိုတွေ့သောအခါ ရုတ်တရက်သက်ပြင်းချလိုက်သည်။

"ဒါပေမဲ့ ရှစ်စွမ်း...ကျွန်တော်ထပ်ပြီး ထွက်သွားရဦးမယ်..."


သူ့ကို ပြန်လာနိုင်ရန် အလွန်အမင်းကြိုးစားနေသူမှာ မူလကျိုးရွှမ်လန် ဟုတ်မဟုတ်သူမသိပေ။ ယခုတွင် သူ၏ဝိညာဉ်က အလွန်အားနည်းနေ၍ ချုန်းချီ၏ ဝါးမျိုခြင်းကို အနှေးနှင့်အမြန်ခံရလိမ့်မည်။ အဆုံးတွင် ကျိုးရွှမ်လန်၏ အားထုတ်မှုများ အချည်းနှီးဖြစ်သွားမည်ကို သူကြောက်ရွံ့မိသည်။


သူ သေရမည်ကို မကြောက်သော်ငြား သေတော့မသေချင်သေးပေ။


ဖန်ကျုံးချင်းက တိတ်ဆိတ်နေသည်။

"ငါချုန်းချီကို ကူညီဖြေရှင်းပေးခဲ့တဲ့အကြောင်း မင်းကို ပြောပြဖို့မေ့သွားတယ်ထင်တယ်..."


ရှန်းလျိုရှန့်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒီတပည့်ရဲ့ ဝိညာဉ်က မရှိတော့ဘူးလား..."


သူက အနှီမျက်ဝန်းများကို အိမ်မက်ထဲ၌ မြင်တွေ့ခဲ့သည်ဟူ၍သာ တွေးခဲ့မိသည်။ မျက်နှာဖြူဖျော့သွားကာ ဘေးပတ်လည်သို့ ကြည့်၍ ထွက်သွားရန်နေရာ ရှာဖွေလိုက်သည်။


"ဝိညာဉ်က ဒီမှာ ရှိနေသေးပေမဲ့ မရှိတော့တာနဲ့ အတူတူပဲ..."


ဖန်ကျုံးချင်းပြောပြီးသောအခါ သူ၏ပုံရိပ်မှာ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

"ငါ မင်းရဲ့ ဝိညာဉ်ကို နေရာကောင်းဆီပို့ပေးခဲ့တယ်...မင်းထွက်မလာခင်အထိ အဲဒီမှာနေပြီး ဝိညာဉ်ကို အားဖြည့်ပါ..."


ရှန်းလျိုရှန့်က သူ၏ ပြောင်းလဲမှုကို သတိပြုမိသောအခါ အနည်းငယ် တောင့်တင်းသွားသည်။

"ရှစ်စွမ်းက ထွက်သွားတော့မလို့လား..."


ဖန်ကျုံးချင်းက ခေါင်းညိတ်ပြလာ၍ ရှန်းလျိုရှန့်၏ ဆံပင်ထိပ်လေးကို ထိလိုက်သည်။

"ကောင်းကင်ဘုံတာအိုက မင်းကို ဆန့်ကျင်ဖို့ ရုတ်တရက် လှုပ်ရှားလိုက်တာ...ဘယ်သူမှလဲ မသိသလို ဘယ်သူမှလည်း မတားနိုင်ဘူး...ငါ့ဝိညာဉ်ချိတ်စည်းကလည်း အသုံးမဝင်ခဲ့ဘူး...ကံကောင်းစွာနဲ့ ဒီတစ်ကြိမ်မှာတော့ အသုံးဝင်သွားတယ်..."


ဖန်ကျုံးချင်းက ငုံ့ကြည့်ကာ ပြောလာသည်။

"မင်းရဲ့ ရှစ်ရှုန်း ခန္ဓာကိုယ်ထဲမှာ ကောင်းကင်တာအိုရဲ့ အလင်းတန်းရှိပေမဲ့ မင်းကို မထိခိုက်စေခဲ့ဘူး...သူ့အပေါ် မကျေမနပ်ဖြစ်မနေနဲ့..."


ရှန်းလျိုရှန့်က ခေါင်းခါလိုက်သည်။

"ဒီတပည့်က အဲဒီလို ဘယ်တော့မှ မလုပ်ပါဘူး..."


သူက ပြောပြီးနောက်တွင် ထိုသူကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားချင်သော်ငြား သူ၏လက်များက အဖြူရောင် ပုံရိပ်လေးကို ဖြတ်သန်းသွားသည်။


ရှန်းလျိုရှန့်က တစ်ဒင်္ဂမျှ ကြက်သေသေသွားသည်။ ရှစ်စွမ်း၏ ဝိညာဉ်ချိတ်စည်း ပျောက်ကွယ်သွားမည့်အချိန်တွင် သူတစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ အလျင်အမြန်ပြောလိုက်သည်။

"ဓားသခင်ကျန့်ကျန်းက တပည့်ရဲ့ ဝိညာဉ်ကို ရှာဖွေပြီးတော့ ရှစ်စွမ်းနဲ့တွေ့ဖို့ ဝိညာဉ်ချိတ်စည်းကို ရှာချင်နေတယ်..."


ဖန်ကျုံးချင်း၏ မျက်တောင်ရှည်များ တုန်ယင်သွားကာ အမူအရာအနည်းငယ်ပြောင်းလဲသွားသည်။ ၎င်းက မနှစ်မြို့ခြင်း၊ လွမ်းဆွေးခြင်းသို့မဟုတ် အခြားတစ်ခုခုဟုတ်မဟုတ် မရှင်းလင်းပေ။


"သူ့ကို အာရုံမစိုက်နဲ့...ငါ သူ့ကို မိတ်ဆွေကောင်းအနေနဲ့ ဆက်ဆံခဲ့ပေမဲ့ ငါ မှားသွားတယ်...သူ အဓိပ္ပါယ်မရှိတဲ့ အရာတွေလုပ်နေနိုင်တယ်...ဒါပေမဲ့ ငါ့ကို ထောက်ပြီးတော့ သူ့ဝမ်းသူကျောင်းစေလိုက်ပါ..."


ရှန်းလျိုရှန့်က ကျယ်လောင်စွာပြောလိုက်သည်။

"ကျွန်တော် ရှစ်စွမ်းပြောတာ နားထောင်ပါ့မယ်...ရှစ်စွမ်း...ရှစ်စွမ်း ကောင်းကင်ဘုံကို အောင်အောင်မြင်မြင် တက်ရောက်နိုင်ခဲ့လား..."


ဖန်ကျုံးချင်း၏ အေးစက်နေသော မျက်ခုံးများက မှိန်ဖျော့သော အပြုံးတစ်ခုကို ဖော်ပြလာသည်။ ထို့နောက် သူ၏ ပျောက်ကွယ်နေသည့် လက်ညိုးလေးဖြင့် ရှန်းလျိုရှန့်၏ နဖူးသို့ ထိလိုက်သည်။

"မင်း ဝီရိယရှိရှိ လေ့ကျင့်ရင် သိလိမ့်မယ်..."


သူ စကားပြောပြီးသောအခါ အဖြူရောင်ပုံရိပ်လေးက ပျောက်ကွယ်သွားသည်။


ရှန်းလျိုရှန့်၏ မျက်လုံးများ တစ်ဖျပ်ဖျပ်လှုပ်ခတ်၍ ထပ်မံဖွင့်ကြည့်လိုက်ချိန်တွင် မမျှော်လင့်ထားသည့် မျက်နှာချောချောကို တွေ့လိုက်ရသည်။


ကောင်းကင်က အုံ့မှိုင်းနေ၍ ဝိညာဉ်စုဝေးစင်မြင့် ပတ်လည်ရှိဝါးပင်များမှ လေတိုးသံများထွက်ပေါ်နေသည်။


နန်ယောင်ချွမ်က မျက်ခုံးများနှိမ့်၍ စင်မြင့်ပေါ်တွင် ခြေချိတ်ထိုင်နေသော လူသေးသေးလေးကို ကြည့်လိုက်သည်။ သူက လက်တစ်ဖဝါးစာခန့် အရွယ်သာရှိသည်။ သူက မျက်တောင်ခတ်၍ ညာမျက်ခုံးကို ပင့်လိုက်ကာ နောက်ဆုံးတွင် အဖြစ်မှန်ကို လက်ခံလိုက်သည့်နှယ် နှုတ်ခမ်းစူသွားသည်။


သူ၏ မွေးစားအစ်ကိုဖြစ်သူကို ခေါ်ချင်သဖြင့် ပါးစပ်ဖွင့်လိုက်သည်။


သူ စကားမပြောနိုင်ကြောင်း ရှာတွေ့သွားသောအခါ မျက်နှာလေးက ရှုပ်ထွေးသွားသည်။ သူ၏ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများက မလှုပ်ရှားနိုင်ကြောင်းတွေ့သောအခါ ပို၍ပင် ရှုပ်ထွေးသွားသည်။


နန်ယောင်ချွမ်က ပြောလာသည်။

"တာအိုပညာရှင်ဝူယွမ်က မင်းကို ဒီနေရာ ပို့လိုက်တာ...မင်းရဲ့ဝိညာဉ်အားဖြည့်ပြီးလို့ ပုံမှန်ပြန်ဖြစ်သွားရင် ဝိညာဉ်စုဝေးစင်မြင့်ကနေ ထွက်သွားနိုင်တယ်..."


မူလတွင် သူ၏ ညီငယ်လေးအတွက် စင်မြင့်ကို ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ စုပိုင်ချယ့်ကို ဖမ်း၍ ခန္ဓာကိုယ်အစစ်ကို အသုံးပြုကာ ညီဖြစ်သူ၏ ဝိညာဉ်ကို ရှာဖွေချင်ခဲ့ပြီး အသက်ပြန်သွင်းချင်ခဲ့သည်။ သို့သော် သူ့ညီလေး၏ ဝိညာဉ်မှာ ပြန်လည်မွေးဖွားပြီးသည်မှာ ကြာမြင့်နေပြီဖြစ်ကာ ယခုအချိန်၌ ကောင်းမွန်သောဘဝတွင် နေထိုင်နေသည်ဟု တာအိုပညာရှင်ဝူယွမ်က ပြောခဲ့သည်။


မရမက ကြားဖြတ်နှောင့်ယှက်ခြင်းက ကောင်းမွန်သည့် အရာမဟုတ်ပေ။


နန်ယောင်ချွမ်က အပြစ်ရှိစိတ်ခံစားရကာ သူ အချိန်မီ မရောက်ရှိနိုင်သဖြင့် တစ်ဦးတည်းသော ဆွေမျိုးကို ဆုံးရှုံးလိုက်ရသည့်အတွက် နောင်တရနေသည်။


သူက ဝိညာဉ်စုဝေးစင်မြင့်ကို နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့သည်မှာ ညီဖြစ်သူ၏ဝိညာဉ် ထိခိုက်နေပြီး အထီးကျန်နေသော သရဲအဖြစ် လောကကြီးတွင် လှည့်လည်နေရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ဖန်ကျုံးချင်းက သူယုံကြည်သည့် လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည့်အလျောက် ထိုသူ့ထံမှ ညီဖြစ်သူ ကောင်းကောင်းမွန်မွန်ရှိနေသည်ဟု သိရသောအခါ သူစိတ်သက်သာရာရသွားခဲ့သည်။


စစ်စစ်တွင် ဝိညာဉ်စုဝေးစင်မြင့်ကို ငှားပေးချင်ခဲ့သည်။ သူထုတ်မပြောသော်ငြား ရှန်းလျိုရှန့်၏ ယွမ်ယင်းကို ၎င်းအတွင်း၌ နေခွင့်ပြုခဲ့သည်။


တိယွင်ယွီက သူ့အပေါ်တွင် ကြီးမားသော ကြင်နာမှုကို ပြသခဲ့ဖူးသည်။ နတ်ဆိုးနယ်မြေကို အပြေးအလွှားသွား၍ သူ၏မွေးစားအဖေကို မကူညီနိုင်ခဲ့ခြင်းကို သူအရှက်ရခဲ့ကာ ရှန်းလျိုရှန့်က မွေးစားအဖေ၏ သွေးသားဖြစ်သဖြင့် သဘာဝကျကျပင် အနှီသူကို ကာကွယ်ပေးမည်ဖြစ်သည်။


နန်ယောင်ချွမ်က ကျောက်စိမ်းတူကို ကောက်ယူ၍ ပန်းကန်တွင်းမှ ထမင်းစေ့တစ်စေ့ယူကာ ယွမ်ယင်းလေးကို ကျွေးလိုက်သည်။


"ပါးစပ်ဟ..."


ရှန်းလျိုရှန့်က မျက်မှောင်ကြုတ်လျက် ကျိုးရွှမ်လန်၏သတင်းကို မေးချင်နေခဲ့သည်။ သို့မဟုတ် သူ့သတင်းကို ဖြန့်စေချင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သူလုပ်နိုင်သည့်အရာမရှိသဖြင့် သူ၏ ပါးစပ်လေးကိုဖွင့်ကာ ကောက်ညှင်းဆန်ဖြူစေ့ကို ငုံထား၍ ဝါးပြီးမျိုချလိုက်သည်။


၎င်းက ဆန်ဖြစ်ပုံမရပေ။ မျိုချလိုက်သောအခါ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားကာ ထူးထူးခြားခြား သက်သောင့်သက်သာ ဖြစ်သွားသည်။


ရှန်းလျိုရှန့်က မတတ်နိုင်ပဲ ပါးစပ်ထပ်ဟလိုက်ချိန်တွင် နန်ယောင်ချွမ်က လက်ညှိုးဆန့်ထုတ်၍ သူ၏မေးရိုးကို ပင့်မကာ ပါးစပ်ကို ပိတ်ပေးလာသည်။


"တစ်နေ့ကို တစ်စေ့ပဲ..."


နွေးထွေးသည့် ထမင်းစေ့အများအပြား စားပြီးနောက်တွင် ရှန်းလျိုရှန့်က တဖြည်းဖြည်း လှုပ်ရှားနိုင်လာသော်ငြား ဝိညာဉ်စုဝေးစင်မြင့်မှ မထွက်သွားနိုင်ချေ။ သူက စင်မြင့်ပေါ်တွင် သူ၏ လက်ချောင်းဖြူဖြူသွယ်သွယ်လေးဖြင့် စာရေးပြသော်လည်း နန်ယောင်ချွမ်က မမြင်ချင်ယောင်ဆောင်နေခဲ့သည်။ ရှန်းလျိုရှန့်က ထမင်းစေ့ကို စားရန် ခုခံငြင်းဆန်သော်လည်း သူ၏ကျိုးကျေလွယ်သော မေးစေ့လေးကို ဖိညှစ်၍ စားရန် တွန်းအားပေးလေသည်။


နေသာသည့်အချိန် သို့မဟုတ် တိမ်ထူသည့်အချိန်ဖြစ်စေ လဆန်း သို့မဟုတ် လဆုတ်ဖြစ်စေ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာသည်။ ရှန်းလျိုရှန့်တစ်ယောက် မည်မျှကြာကြာ ဝိညာဉ်စုဝေးစင်မြင့်တွင် ရှိနေခဲ့သည်ကို မမှတ်မိနိုင်တော့ချေ။ ဤနေရာတွင် ထာဝရနေရမည့်နှယ်ပင် ခံစားလာရသည်။


တစ်နေ့တွင် နန်ယောင်ချွမ်က ထမင်းစေ့ကျွေးနေသည်ကို ရပ်တန့်ကာ အတားအဆီးကို ဖယ်ရှား၍ သူ့ကို ဝိညာဉ်စုဝေးစင်မြင့်မှ ထုတ်ပေးခဲ့သည်။


ရှန်းလျိုရှန့်က နန်ယောင်ချွမ်၏ လက်ဖဝါးပေါ်တွင် ထိုင်၍ ခေါင်းမော့ကာ ရှုပ်ထွေးနေသည့် အမူအရာရှိနေသည်။


နန်ယောင်ချွမ်က မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။


မြေကြီးပေါ်သို့ ကျသွားပြီးနောက် ရှန်းလျိုရှန့်က မျက်လုံးကို ခပ်ဖြေးဖြေးဖွင့်၍ ရှေ့ရှိနန်ယောင်ချွမ်ကို ကြည့်လိုက်ချိန်၌ ခေါင်းခေါက်ခံလိုက်ရသည်။


"စကားပြောကြည့်..."


ရှန်းလျိုရှန့်က ခေါင်းကို အုပ်၍ အနည်းငယ်ချောင်းဆိုးလိုက်သည်။ သူစကားမပြောခဲ့ရသည်မှာ ဆယ့်ခြောက်နှစ်ခန့်ကြာမြင့်နေ၍ သူ့အသံမှာ အနည်းငယ်အက်ကွဲနေသည်။

"ဟေး...အာ...ကျိုး...."


နန်ယောင်ချွမ်က ဖြတ်ပြောလာသည်။

"ရပြီ...ပါးစပ်ပိတ်တော့..."


ရှန်းလျိုရှန့်က မျက်တောင်ခတ်ကာ ပြုံးလိုက်၍ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားရသော်ငြား သင့်လျော်သော အပြုအမူနှင့် ဦးညွှတ်လိုက်သေးသည်။

"ကျွန်တော့်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး...ကျွန်တော်သွားတော့မယ်...နောက်နေ့ကျရင် ထပ်တွေ့ကြရအောင်..."


နန်ယောင်ချွမ် : "ဘယ်သွားမလို့လဲ..."


ရှန်းလျိုရှန့် : "နတ်ဆိုးနယ်မြေမှာ မှင်စာလေးကို ရှာရမယ်..."


နန်ယောင်ချွမ် : " အခု နတ်ဆိုးနယ်မြေမှာ ဘာ မှင်စာမှ မရှိတော့ဘူး..."


နန်ယောင်ချွမ်တစ်ယောက် မှင်စာလေးက မည်သူဖြစ်ကြောင်း နားမလည်ဟုထင်လိုက်သဖြင့် ရှန်းလျိုရှန့်က ရှင်းပြလာသည်။

"နဝမနတ်ဆိုးဘုရင်ကို ပြောတာပါ..."


နန်ယောင်ချွမ်၏မျက်နှာက ပြုံးနေသည်ဟု ထင်ရသော်လည်း ပြုံးမနေခဲ့ချေ။

"နဝမနတ်ဆိုးဘုရင်လည်း မရှိဘူး..."


ရှန်းလျိုရှန့်က ကြက်သေသေသွားသည်။


"လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က နတ်ဆိုးမျိုးနွယ်က ဘုရင်တစ်ပါးတည်းနဲ့ လုံလောက်တယ်လို့ မင်းရဲ့ မှင်စာလေးက ပြောခဲ့တာ...ဒါကြောင့် အခု နဝမနတ်ဆိုးဘုရင်ဆိုတာ နတ်ဆိုးလောကမှာ မရှိတော့ဘူး..."


နန်ယောင်ချွမ်က သူ့ကို ကြည့်ကာ တိတ်တဆိတ်ပြောလာသည်။


"နတ်ဆိုးဧကရာဇ်တစ်ဦးပဲ ရှိတယ်..."


"....."


ရှန်းလျိုရှန့် စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်လာသော်ငြား နန်ယောင်ချွမ်က လက်မြှောက်၍ ထပ်ပြီး စကားလုံးများ မဖြုန်းတီးချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြသလာသည်။


ရှန်းလျိုရှန့်က ပါးစပ်ပိတ်လိုက်ပြီး ထွက်သွားရန် ပို၍ သောကရောက်လာခဲ့သည်။


နန်ယောင်ချွမ်က သူ့ကို ကြည့်ကာ ပြောလာသည်။

"ငါ မင်းထွက်သွားမှာနဲ့ ပတ်သက်ပြီး သဘောမတူပေမဲ့ မင်းက မရမက တောင်းဆိုနေမှတော့သွားပါ ငိုပြီးသာ ပြန်မလာခဲ့နဲ့..."


ရှန်းလျိုရှန့်က သူပြောလာသည်ကို နားမလည်ပေ။ ဝါးရုံတောကို တစ်ချက်မျှ ကြည့်ပြီးနောက်တွင် သူ၏သတိအာရုံကို ထုတ်လွှတ်၍ လမ်းရှာလိုက်သည်။


ထိုအချိန်မှ တစ်စုံတစ်ခုမှားယွင်းနေကြောင်း နောက်ဆုံးတွင် သူ သတိပြုမိသွားသည်။


သူ့ကျင့်ကြံဆင့်က...


ရှန်းလျိုရှန့်က ဝိညာဉ်စွမ်းအားကို အသုံးပြု၍ အဝေးမှ ကျောက်တုံးကို ရိုက်လိုက်သည်။ ဖောက်ခနဲမြည်သံနှင့်အတူ ကျောက်တုံးအမှုန့်အဖြစ်လည်းမပြောင်းသွားသည့်အပြင် နှစ်ခြမ်းလည်းမကွဲသွားခဲ့ပေ။ ၎င်းက လှုပ်ခတ်သွားပြီး မီးခိုးရောင်မြူခိုးအနည်းငယ်မျှသာ ထွက်လာကာ ထို့ထက်ပို၍ မည်သည်မျှ ဖြစ်မလာခဲ့ချေ။


ရှန်းလျိုရှန့်က သူ့လက်ဖဝါးကို ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။

"ကျောက်တုံးက နည်းနည်းလေး မာနေလို့နေမှာပါ...ပုံမှန်ကျောက်တုံးနဲ့ အစားထိုးလိုက်ရင်ရမှာပါ..."


နန်ယောင်ချွမ်က သူ့ပုခုံးကိုကိုင်ကာ လက်ဖြင့်ပုတ်ကာ နှစ်သိမ့်လိုက်သည်။

"မင်းရဲ့ အခြေခံအုတ်မြစ်တည်အဆင့်နဲ့ဆိုရင် မင်းအဲဒါကို ချေမွနိုင်မှာပါ... "


ဝုန်း...


ရှန်းလျိုရှန့်က မိုးကြိုးပစ်ချသည့်နှယ် နေရာတွင် ရပ်တန့်နေခဲ့သည်။


အခြေခံအုတ်မြစ်တည်အဆင့်...


ဒီနေရာကနေ ထွက်သွားတာနဲ့ လူတိုင်းက ငါ့ကို သတ်နိုင်နေမှာတောင် စိုးတယ်...


နန်ယေ

ာင်ချွမ်က ပြောလာသည်။

"ထပ်ပြီး စတင်ဖို့ ခက်ခဲတယ်ဆိုပေမဲ့ မင်းမှာ ပါရမီကောင်းရှိတယ်...မင်းကြိုးစားရင် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ပြန်ရောက်နိုင်မှာပါ..."


ရှန်းလျိုရှန့် : "....."