Chapter 149
နန်ယောင်ချွမ်က အဘယ့်ကြောင့် ငိုပြီးပြန်မလာနှင့်ဟု ပြောသည်ကို သူနားလည်သွားသည်။ ထိုသို့သော ခွန်အားမျိုးနှင့် နတ်ဆိုးနယ်မြေအတွင်းသို့ တစ်ယောက်တည်း ထွက်သွားခဲ့လျှင် ကျိုးရွှမ်လန်ကို မတွေ့နိုင်မီတွင် သူ ပျောက်ကွယ်သွားနိုင်သည်။
နောက်ဆုံးမှ သူ၏အသက်ကို ပြန်ရခဲ့ပြီးနောက် ထိုအကြောင်းကို စဉ်းစားလိုက်လျှင် တစ်ကိုယ်လုံးတုန်ယင်လာခဲ့သည်။
သူက နန်ယောင်ချွမ်ကို ကြည့်၍ မျက်တောင်ခတ်လိုက်သည်။
"ကျွန်တော့် မွေးစားအစ်ကိုက နတ်ဆိုးနယ်မြေကို သွားဖို့ သိပ်မကြာလောက်ပါဘူး...ဘာလို့ မ..."
"ငါ နတ်ဆိုးနယ်မြေကို လတ်တလော မသွားချင်သေးဘူး..."
နန်ယောင်ချွမ်က လက်နောက်ပစ်ထား၍ သူ့ကို တစ်ချက်ကြည့်လာသည်။
"မင်းသွားတော့မလို့ မဟုတ်ဘူးလား...ဘာလို့ မသွားသေးတာလဲ..."
ရှန်းလျိုရှန့်က အံကြိတ်လိုက်သည်။ သူ၏သိုလှောင်အိတ် မည်သည့်နေရာသို့ ရောက်သွားကြောင်းလည်း သူမသိသလို သူ့ခန္ဓာကိုယ်ပေါ်တွင် ကာကွယ်ရေးလက်နက်ပင် ရှိမနေချေ။ သူက သန့်ရှင်းပြီး ခိုးကိုးရာမဲ့နေသည်။
သူက ဗိုက်ကိုထိ၍ ဆာလောင်မှုကို ခံစားလာရသည်။ ဤခန္ဓာကိုယ်က အစားအစာမရှိလျှင်ပင် မရှင်သန်နိုင်ချေ။
နန်ယောင်ချွမ်က သူ ကျိုးရွှမ်လန်ကိုသွားမရှာစေချင်သဖြင့် ဖိအားပေးနေခြင်းဖြစ်လိမ့်မည်။
ရှန်းလျိုရှန့်က အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် ပြောလာသည်။
"ဒီလိုဆိုမှတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ မွေးစားအစ်ကို...ကျွန်တော်သွားတော့မယ်..."
အပြင်လောကတွင် မည်မျှကြာမြင့်သွားသည်ကို မသိသော်လည်း ဤနေရာ၌ပင် တစ်သက်လုံးမနေနိုင်ချေ။ နီရဲနေသည့် အနက်ရောင်မျက်ဝန်းများက တစ်ခဏမျှပင်သူ့ကို စိတ်မချမ်းသာစေခဲ့ပေ။
အခြေခံအုတ်မြစ်တည်အဆင့်ဆိုတော့ ဘာဖြစ်လဲ...တာအိုပညာရှင်တွေကရော အခြေခံအုတ်မြစ်တည်အဆင့်ကို မဖြတ်သန်းရလို့လား...
ဝါးရုံတောတွင် လမ်းရှာနေသော ပုံရိပ်လေးကို တွေ့သောအခါ နန်ယောင်ချွမ်၏မျက်နှာက မှောင်မည်းသွားသည်။ ထိုပုံရိပ်လေးက လမ်းရှာတွေ့သွားပြီးနောက်တွင် နောက်လှည့်ကာလက်ပြ၍ ဖျပ်ခနဲ ပျောက်ကွယ်သွားလေသည်။
နန်ယောင်ချွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဒီလောက်ဝေးတဲ့ နတ်ဆိုးနယ်မြေကို ဝိညာဉ်ကျောက်တုံးလည်းမရှိ ကျင့်ကြံဆင့်လည်း မရှိပဲနဲ့ ဘယ်လောက်ကြာကြာ သွားနိုင်မလဲ ကြည့်ရအောင်..."
နန်ယောင်ချွမ်က ဝတ်ရုံလက်ကို ခွာ၍ ဝိညာဉ်စုဝေးစင်မြင့်ရှေ့တွင် တစ်ယောက်တည်း မတ်တပ်ရပ်နေခဲ့သည်။ အတန်ကြာမြင့်ပြီးနောက်တွင် လက်အောက်ငယ်သားတစ်ဦးက တင်ပြလာသည။
"အရှင် နတ်ဆိုးလေးက ဝါးကိုင်းတစ်ချို့ကို ခုတ်နေပါတယ်..."
နန်ယောင်ချွမ်က နှာခေါင်းရှုံ့လိုက်သည်။
"ဘာလို့လဲ... ခရီးလမ်းမှာ အစာခြောက်အဖြစ် ထားမလို့လား..."
မကြာမီတွင် သူ၏လက်အောက်ငယ်သားက ထပ်မံရောက်ရှိလာ၍ တင်ပြလာသည်။
"အရှင် နတ်ဆိုးလေးက နန်တော်ကနေ ထွက်သွားပြီးတော့ လမ်းပေါ်မှာ ဝါးလက်စွပ်၊ ဝါးကျာပွတ်နဲ့ ဝါးပုစဉ်းရုပ်လေးတွေ ရောင်းချနေပါတယ်..."
နန်ယောင်ချွမ်က မျက်ခုံးများပင့်၍ အနည်းငယ် အံအားသင့်သွားသည်။
"တွက်ချက်မှုလေးကတော့ ကောင်းပါတယ်...ဒါပေမဲ့ အဲဒါနဲ့ ဝိညာဉ်ကျောက်တုံးအနည်းငယ်ပဲ ရနိုင်တာကတော့ နှမျောစရာပဲ..."
နောက်ဆုံးတွင် သူ၏လက်အောက်ငယ်သားက ကြောက်ရွံ့စွာပြောလာသည်။
"အရှင်...နတ်ဆိုးလေးက နေရာရွှေ့ပြောင်းအစီအရင်နဲ့ နတ်ဆိုးနယ်မြေကို သွားလိုက်ပါပြီ..."
နန်ယောင်ချွမ်က ကြက်သေသေသွားကာ မျက်မှောင်ကြုတ်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ..."
လက်အောက်ငယ်သားက တုန်တုန်ယင်ယင်နှင့်ပြောလာခဲ့သည်။
"ပီယိုကျူးဝါးက နန်တော်ထဲမှာပဲ ရှိတာပါ...နတ်ဆိုးလေးက ဒီပစ္စည်းတွေက အရှင်နေ့တိုင်း နန်းတော်ထဲမှာ ကစားနေကျလို့ ပြောပါတယ်...သူတို့က အရှင့်ရဲ့ နတ်ဆိုးစွမ်းအင်တွေကို ဆုပ်ယူထားပြီး အရမ်း အင်အားဖြည့်စွက်နိုင်တယ်ဆိုပြီးတော့ ဝါးလက်စွပ်၊ ဝါးကျာပွတ်နဲ့ ဝါးပုစဉ်းတွေက အမြင့်ဆုံးစျေးနဲ့ ရောင်းထွက်သွားပါတယ်..."
နန်ယောင်ချွမ် : "....."
သူ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်း၍ တစ်စုံတစ်ယောက်ကို ဆင့်ခေါ်ရန် သတင်းပါးလိုက်သည်။
ခဏကြာပြီးနောက် မီးခိုးရောင်ဝတ်ဆင်ထားသည့် ပုံရိပ်လေးက သူ့ရှေ့တွင် ဆင်းသက်လာကာ ပြောလာသည်။
"အမိန့်ရှိပါ သခင်..."
နန်ယောင်ချွမ်က ဝတ်ရုံလက်များကို ခါ၍ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ပြန်ဖမ်းလာခဲ့... ဒါပေမဲ့ လွယ်လွယ်တော့ မဖော်ပြနဲ့...အသက်နဲ့ရင်းပြီးတော့ လုပ်ဆောင်ပါ..."
မီးခိုးရောင်လူက တုံ့ပြန်သည့်အနေနှင့် ခေါင်းငုံ့၍ နေရာမှ ပျောက်ကွယ်သွားသည်။
အခြားတစ်ဖက်တွင် ရှန်းလျိုရှန့်က နေရာကူးပြောင်းအစီအရင်အပြင်ဘက်သို့ ထွက်ကာ နတ်ဆိုးနယ်မြေအတွင်းသို့ ဝင်ရောက်လိုက်ချိန်၌ သူ့ဘေးမှ ကျယ်လောင်သည့် အော်သံကို ကြားလိုက်ရသည်။
"ရှန်းလျိုရှန့်..."
ရှန်းလျိုရှန့်က တစ်ကိုယ်လုံး တုန်ယင်ကာ အေးခဲသွားသည်။
အချက်အလက်များအရ သူက ညအချိန် ကလေးများငိုသည်အား တားမြစ်နိုင်သည့် "မဟာနတ်ဆိုးနတ်ဘုရား"အဖြစ် လူသိများလေသည်။ ထို့ကြောင့် သူ ရုပ်ဖျက်ခြင်းနည်းစနစ်ကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့သည်။
ရှာတွေ့သွားတာများလား...
ဤနေရာမှာ အရှေ့ပိုင်းကျတ်တီးမြေရှိ ယန်မင်မြို့ဖြစ်သည်။ မကြာသေးမီအချိန်က မြို့အပြင်ဘက်ရှိ ကျုံးလင်းတောင်တွင် ကိစ္စကြီးတစ်ခု ဖြစ်ပွားသွားခဲ့သည်။ ချုန်းချီနှင့်အတူသေသွားသဖြင့် ထိုနေရာတွင် ဆယ့်ခြောက်နှစ်ကြာမြှုပ်နှံထားသည့် မဟာနတ်ဆိုးနတ်ဘုရားက ပြန်ရှင်လာသည်ဟူ၍ ပြောဆိုနေကြသည်။
ကောလဟာလထွက်လာသည်နှင့်အမျှ အမြင်ကွဲလွဲမှုများဖြစ်လာကာ သက်ရှိအလွှာပေါင်းစုံ၏ အလုပ်မရှိ အသုံးမကျသူများကို ဆွဲဆောင်လျက်ရှိနေသည်။
လူအများအပြားက မဟာနတ်ဆိုးနတ်ဘုရားကို ရှာဖွေရန် ယန်မင်မြို့သို့ ရောက်ရှိလာကြသည်။ ထိုသူ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူ၏သေဆုံးမှုအပြီးတွင် သုံးလောက၌ ကြီးကြီးကျယ်ကျယ်ပါဝင်ပတ်သက်နေခဲ့သေးသည်။
လတ်တစ်လောတွင် ယန်မင်မြို့၏ နေရာကူးပြောင်းအစီအရင်မှာ ရပ်တန့်နေခြင်းမရှိဘဲ လူများဆက်တိုက်လာနေခဲ့သဖြင့် ကွင်းပြင်၌ လူများနှင့် ပြည့်နှက်နေပြီး အလွန်ဆူညံနေကြသည်။
ရှန်းလျိုရှန့်က ထောင့်ရှိ နေရာရွှေ့ပြောင်းအစီအရင်မှ ထွက်လာချိန်၌ သူ့နာမည်ကို တစ်စုံတစ်ယောက် ခေါ်နေသည်ကို ကြားသောအခါ ကြောင်အမ်းသွားသည်။
ခေါင်းလှည့်ကြည့်လိုက်သောအခါ သူ၏ မျက်စောင်းထိုးနေရာ၌ စုံတွဲတစ်တွဲက သိပ်မဝေးသောနေရာရှိ ကလေးလေးအား မပျှော်မရွှင် စိုက်ကြည့်နေကြကြောင်း တွေ့လိုက်ရသည်။ ယောကျာ်းဖြစ်သူက အော်ပြောလိုက်သည်။
"ရှန်းလျိုရှန့်...မဟာနတ်ဆိုးကြီး ဒီမှာ ရှိတယ်...ပြန်လာခဲ့တော့..."
လမ်းလျှောက်နေသည့် ကလေးလေးက ဒေါသပျောက်ဆုံးကာ တစ်ကိုယ်လုံး တုန်ယင်နေလျက် ချက်ချင်းပင် နောက်လှည့်၍ မိဘများထံသို့ ပြန်ပြေးသွားသည်နှင့် ခေါင်းတွင် ချည်ထားသည့် ဘောလုံးလေးမှာ လွှဲယမ်းသွားသည်။
ကလေးလေးက ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ဟွန်း...မုန်းလိုက်တာ..."
ရှန်းလျိုရှန့် : "....."
သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်လိမ်သွာသော်ငြား ကံကောင်းစွာပင် ရုပ်ဖျက်နည်းစနစ်ကို ကြိုတင် အသုံးပြုခဲ့သည်။ မဟုတ်ပါက မိုင်တစ်ရာအကွာမှစ၍ ရုတ်ရုတ်သဲသဲဖြစ်သွားပေလိမ့်မည်။
ရှန်းလျိုရှန့်က နတ်ဆိုးနယ်မြေတွင် ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက်ရှာဖွေခဲ့ပြီး သတင်းအချို့ စုဆောင်းခဲ့သည်။
နတ်ဆိုးနယ်မြေက ယခုတွင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ ကျိုးရွှမ်လန်က အန္တရာယ်များဝန်းရံနေသဖြင့် သာမန်ကျင့်ကြံသူများပင် လွယ်လွယ်မချဉ်းကပ်နိုင်သည့် ရွှမ်ယောင်နန်းတော်တွင် နေထိုင်နေသည်။
ရှန်းလျိုရှန့်က အခြေခံအုတ်မြစ်တည်အဆင့်တွင်ရှိနေသော သူ၏ကျင့်ကြံဆင့်အကြောင်းစဉ်းစားပြီးနောက် မကျူးကျော်ရဲတော့ပေ။ သူက ဘေးကင်းကင်းနှင့် လူများကို တွေ့ဆုံချင်ပေသည်။ အောင်းယွဲ့က အရှေ့ပိုင်းကျတ်တီးမြေရှိ ယန်မင်မြို့တွင် ရှိသည်ဟု ကြားထားခဲ့သည်။ သူဤနေရာသို့ လာ၍ အောင်းယွဲ့အား ရွှမ်ယောင်နန်းတော်သို့ ခေါ်ဆောင်သွားခိုင်းရန် စီစဉ်ထားသည်။
ရှန်းလျိုရှန့်က လမ်းလျှောက်လာကာ တစ်ချက်မျှ ဝေ့ကြည့်လိုက်ချိန်တွင် မသေမျိုးဂိုဏ်းတပည့်များစွာနှင့် အခြားကျင့်ကြံရေးလောကမှ လူများက တစ်ဦးနှင့်တစ်ဦး ဖြတ်သန်းသွားလာနေကြသည်။
အတိတ်အချိန်က ထိုကဲ့သို့သော မြင်ကွင်းမျိုး မရှိခဲ့၍ လူသားကျင့်ကြံသူများကလည်း နတ်ဆိုးနယ်မြေတွင် ခမ်းခမ်းနားနား မပေါ်လာရဲကြပေ။ သို့သော်ငြား လူတိုင်းက နတ်ဆိုးသားရဲများကြောင့်ဖြစ်သည့် ကပ်ဘေးများကို တွေ့ကြုံခဲ့ကြရကာ လွန်ခဲ့သော ဆယ်နှစ်ခန့်က အထူးသဖြင့် ကျိုးရွှမ်လန် နတ်ဆိုးဧကရာဇ်ဖြစ်လာပြီးနောက်တွင် သုံးလောကကြားရှိ ဆက်ဆံရေးမှာ အလွန်လွယ်ကူလာခဲ့သည်။
ယခုနေ့ရက်များတွင် သာမန်ကျင့်ကြံသူများက နတ်ဆိုးနယ်မြေ၌ ပေါ်လာခြင်းဖြစ်စေ နတ်ဆိုးမျိုးနွယ်က အခြားလောက၌ ပေါ်လာခြင်းဖြစ်စေ ၎င်းက သိပ်မရှားပါးတော့ချေ။
လမ်းဘေးစျေးဆိုင်များတွင် လိမ္မော်သီးလတ်လတ်ဆတ်ဆတ်များ ရောင်းချနေခဲ့သည်။ ရှန်းလျိုရှန့်ထံတွင် သိုလှောင်အိတ်မရှိသဖြင့် ဆာလောင်မှုကို ဖြေသိမ့်ရန် လိမ္မော်သီးနှစ်လုံးသာ ဝယ်ယူလိုက်သည်။
သူက တစ်ကိုက်ပြီးတစ်ကိုက်စားလျက် သူစားနေစဉ်တွင် ဘေးပတ်လည်သို့ တစ်ချက်ကြည့်လိုက်သည်။ အတန်ကြာ လှည့်ပတ်ကြည့်ပြီးနောက် နက်နက်နဲနဲ ကွဲလွဲမှုကို ခံစားလိုက်ရသည်။
လမ်းပေါ်တွင် အမျိုးသား အမျိုးသမီး နှစ်ယောက်လုံး အနီရောင်ဝတ်ဆင်ထားသည့် လူအမြောက်အများရှိနေသည်။ ထိုမျှသာ မဟုတ်ပေ။ လမ်းပေါ်ရှိ ဆယ်ယောက်မှာ တစ်ယောက်က သူနှင့် ဆင်တူနေသည်။ မျက်ခုံး ၊နှာခေါင်း၊ အနီရောင်ခေါင်းစည်းကြိုး စသဖြင့် ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ထားကြပုံရသည်။
ရှန်းလျိုရှန့်က မျက်တောင်ခတ်၍ ပဟေဠိဖြစ်သွားသည်။ ထိုအချိန်တွင် သူ့ရှေ့၌ ဆူညံသံ ကြားလိုက်ရသည်။
မြို့လယ်တွင် တိမ်ရှုခင်းစင်မြင့် တည်ရှိ၍ ၎င်းပေါ်တွင်ရပ်နေချိန်၌ ယန်မင်တစ်မြို့လုံးကို ခြုံကြည့်နိုင်လေသည်။ ရှုခင်းကို ခံစားရန် အကောင်းဆုံးသော နေရာဖြစ်သည်။ ပိတ်ရက်များတွင် အပြင်ဘက်မှ လာလည်သူအမြောက်အများရှိကာ ၎င်းတွင် ရပ်ရန်လူအုပ်ကြီး အစဉ်အမြဲ ရှိနေတတ်သည်။
သို့သော်ယနေ့တွင် တိမ်ရှုခင်းစင်မြင့်ကို မြို့အရှင်က ချိတ်ပိတ်ထားကာ အစောင့်အများအပြား ချထားလေသည်။ ဤအခြေအနေက မြို့ထဲရှိလူများ၏ သိချင်စိတ်ကို နိုးဆွနေခဲ့ပြီး ရာထူးကြီးကြီးပုဂ္ဂိုလ်တစ်ဦး လာမည်ဟု ခန့်မှန်းနေကြသည်။
ပိန်သွယ်သော ပုံရိပ်တစ်ခုဖြစ်သော ရှန်းရှစ်က အနီရောင်ဝတ်ရုံနှင့် အနက်ရောင်မျက်နှာကာ ဝတ်ဆင်ထားလျက် မြို့အရှင်ကိုယ်တိုင်နှင့် အစောင့်အုပ်စုတစ်စု၏ စောင့်ရှောက်မှုနှင့်အတူ ကျောက်တုံးများပေါ်သို့ တဖြည်းဖြည်းတက်နင်းကာ တိမ်ရှုခင်းစင်မြင့်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်လိုက်သည်။
ကြည့်ရှူနေသူများက တစ်ဒင်္ဂမျှ တိတ်ဆိတ်သွားပြီးနောက် ထွက်ပေါ်နေသည့် ကောလဟာလကို တွေးမိသွားကာ မယုံကြည်နိုင်သော အမူအရာများပေါ်လာသည်။
"သူတကယ်ပဲ ပြန်ရှင်လာတာလား..."
"ဖြစ်လိမ့်မယ်...အဲဒီကောလဟာလက လွန်ခဲ့တဲ့ သုံးနှစ်ထဲက ပျံ့နေခဲ့တာလေ...အဲဒီအချိန်တည်းက ဓားသခင်ယဲ့ပင်းရန်ဆိုရင် အုတ်ဂူကိုတောင် ထူးထူးခြားခြားသွားမလည်ခဲ့ဘူး...ပြီးတော့ အင်မော်တယ်သခင်လင်ယဲ့လည်း ကျုံးလင်းတောင်ကို ဒီပိတ်ရက်တွေထဲ မလာခဲ့ဘူးလေ..."
"အဲဒီထဲက လူတွေက ရှန်းလျိုရှန့်ပါဆိုပြီး ချင်းလင်မဟုတ်ရင် ပေလွင်ကို သွားနေကြပေမဲ့ ရွှမ်ယောင်နန်းတော်နဲ့ နန်းတွင်းကိုတော့ ဘယ်သူမှ မသွားရဲကြဘူးလေ..."
"အိုး...သူတို့ ဘယ်လိုလုပ် သွားရဲမှာလဲ...အင်မော်တယ်ဂိုဏ်းတွေကို သွားခဲ့ရင် အဆုံးမှာတော့ နှင်ထုတ်ရုံပဲရှိမှာလေ...ကျန်တဲ့နှစ်နေရာက သေရင်သေ မဟုတ်ရင် ပြန်မလာနိုင်တော့တာပဲရှိတယ်..."
"ပြောရရင် စင်မြင့်ပေါ်က လူက မာကူမြို့အရှင်ကိုတောင် လှုံဆော်နိုင်တယ်ဆိုတော့ သူကတူကောင်းတူနိုင်တယ်..."
"ဘယ်သူသိမှာလဲ...ဝါးခါးမောက်နဲ့ အနက်ရောင်ဇာမျက်နှာကာ...ပုံတူပန်းချီနဲ့ တူမယ်လို့ ဘယ်သူပြောနိုင်မှာလဲ..."
စကားတစ်ဝက်တွင် ထိုလူက ရပ်တန့်သွားသည်။
သို့သော် တိမ်ရှုခင်းစင်မြင့်ပေါ်တွင် တရားထိုင်နေသူက ရုတ်တရက် မျက်နှာကာခါးမောက်ကို ချွတ်လိုက်သည်။ ပိတ်ကျဲစက သူ၏ဖြူသောမျက်နှာပေါ်သို့ ဖြတ်တိုက်သွားကာ ဇာမဏီမျက်ဝန်းများနှင့် စင်အောက်ရှိ လူထုကို ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး လှပသော အပြုံးလေးနှင့် လှပသောမျက်နှာလေးကို ဖော်ပြလာခဲ့သည်။
"ရှန်း...ရှန်းလျိုရှန့်..."
"ပုံတူပန်းချီနဲ့ တကယ်တူတာပဲ...သူတကယ် အသက်ရှင်နေခဲ့တာပဲ..."
"နောက်ထပ် ရုပ်ဖျက်ထားတာဖြစ်နေဦးမယ်..."
"မဖြစ်နိုင်ဘူး...မြို့အရှင်က အဲလို မန္တန်မျိုးကို သေချာပေါက် ထိုးဖောက်မြင်မှာပေါ့...သူ့ကို ဘယ်လိုလုပ်ဒီလိုမျိုးဆက်ဆံမှာလဲ..."
"အာ..အာ...ပုံတူပန်းချီက ချဲ့ကားထားတာလို့ ထင်နေခဲ့တာ...ဒါပေမဲ့ ကြည့်ရတာ တကယ်ပဲ ပုံတူပန်းချီအတိုင်းလှတာပဲ..."
စင်မြင့်က ဆူပွက်လာသည်။
လူအုပ်၏ အပြင်ဘက်တွင် ရပ်နေသော ရှန်းလျိုရှန့် : " ......"
သူက ခေါင်းလှည့်၍ မေးလိုက်သည်။
"တာအိုရောင်းရင်း...အဲဒါ ဘယ်သူလဲ သိလား..."
သူ၏ဘေး၌ ရပ်နေသူမှာ ခါးတွင် ဓားတိုတစ်ချောင်းနှင့် လူငယ်လေးတစ်ဦးဖြစ်ပြီး ဖြူသောမျက်နှာနှင့် ငယ်ရွယ်သောအသံရှိလေသည်။
သူက လက်ထဲ၌ ပူနွေးသော ဂျုံမုန့်ကို ကိုင်ထားကာ တစ်ကိုက်ကိုက်မည့်အချိန်တွင် ထိုအမေးစကားကြားလိုက်ရသဖြင့် အံ့သြစွာပြောလာသည်။
"မင်းသူ့ကို မသိဘူးလား...ရှန်းလျိုရှန့်လေ...လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်က ချုန်းချီကို သန့်စင်ခဲ့တဲ့ တစ်ယောက်လေ..."
"ဟမ်..."
ရှန်းလျိုရှန့်က ခေါင်းမော့ကာ တိမ်ရှုခင်းစင်မြင့်ပေါ်ရှိ အနီရောင်နှင့် လူကို ကြည့်လိုက်သည်။ သူက ဘေးပတ်လည်သို့ကြည့်၍ မည်သူမျှ ရန်လိုခြင်းမရှိသည်ကို တွေ့လိုက်ရသည်။
"သူက မဟာနတ်ဆိုးနတ်ဘုရားမဟုတ်ဘူးလား...ညဘက် ကလေးတွေငိုနေတာကိုတောင် ရပ်စေတဲ့သူလေ...မင်းတို့ သူ့ကို မကြောက်ကြဘူးလား..."
ဂျုံမုန့်စားနေသော လူငယ်လေးက နှုတ်ခမ်းစူ၍ ပြောလာသည်။
"လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က မင်းသမီးနိုးလာတော့ မဟာနတ်ဆိုးဘုရင်က သွေးညစ်တွေဖျန်းပြီး သူ့အစ်ကိုတော်ကို အသရေဖျက်တယ်လို့ ပြောခဲ့တယ်...မဟာနတ်ဆိုးဘုရင် ချုန်းချီကို ထိန်းချုပ်တာကနေ ကာကွယ်ဖို့ ရှန်းလျိုရှန့်က ချုန်းချီကို သန့်စင်လိုက်ရတာတဲ့..."
ရှန်းလျိုရှန့်က ခဏမျှ ကြက်သေသေသွားသည်။
"လူတိုင်းက အဲဒါကို ယုံတယ်ပေါ့..."
လူငယ်လေးက ပုခုံးတွန့်ပြသည်။
"တစ်ဝက်တစ်ဝက်ပေါ့..."
ထိုအချိန်တွင် သူတို့နှစ်ယောက်ရှေ့ရှိ အမျိုးသမီးက လှည့်၍ တီးတိုးပြောလာသည်။
"အဲဒါကို ဘယ်သူက ယုံမှာလဲ...နန်းတွင်းက သိက္ခာမကျအောင်ကာကွယ်ဖို့ မဟုတ်ဘူးလား...နောက်ဆုံးတော့လည်း သူက တစ်ချိန်က နန်းတွင်းရဲ့ မင်းသားလေးပဲလေ...အခု ဧကရာဇ်ရှင်းချန်ရဲ့ အစ်ကိုတော်ပဲဟာ..."
သူမ စကားဆုံးသောအခါ ရှန်းလျိုရှန့်၏နောက်မှ ရှင်းလင်းသည့် အသံတစ်သံထွက်ပေါ်လာသည်။
"ဘာလို့ မယုံရမှာလဲ...တကယ်လို့ သူသာ လောဘကြောင့် ချုန်းချီကို သန့်စင်ခဲ့တာဆိုရင် သုံးလောကရဲ့ အရေးပါတဲ့သူတွေက သူသေတော့ ဘာလို့ ဝမ်းနည်းနေကြမှာလဲ...သူ့ရဲ့အုတ်ဂူက နှစ်ပေါင်းများစွာ အေးစက်မသွားခဲ့ဖူးဘူး..."
ရှန်းလျိုရှန့် မျက်လုံးများ ပြူးကျယ်သွားသည်။
ငါ့ရဲ့ အုတ်ဂူလား...
"ဘယ်မှာ မြှုပ်ထားတာလဲ...."
ဂျုံမုန့်လူငယ်လေးက ပြန်ပြောလာသည်။
"မြို့ပြင်က ကျုံးလင်းတောင်မှာ..."
ရှန်းလျိုရှန့် ခေါင်းငုံ့၍ သူ့ကိုယ်သူ ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်အစစ်က နတ်ဆိုးနန်းတော်မှာ ရှိနေခဲ့ခြင်းဖြစ်သည်။
ဘယ်သူက သူ့ကို မြှုပ်တာလဲ...ဘာကို မြှုပ်ထားတာလဲ...ဘာလို့အဲဒီမှာ မြှုပ်တာလဲ...