Chapter 150
သူ ရှုပ်ထွေးသွား၍ သူဒေါသတကြီး စဉ်းစားနေခဲ့ချိန်တွင် ရှေ့ရှိအမျိုးသမီးနှင့် နောက်ဘက်ရှိ မိန်းကလေးက စတင်ငြင်းခုန်နေခဲ့ကြသည်။
ရှန်းလျိုရှန့်နှင့် ဂျုံမုန့်လူငယ်လေးက ကြားညှပ်မိနေကာ ဆူညံသံများကြောင့် နား၌ တဝီဝီမြည်နေခဲ့သည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက်ကြည့်၍ စစ်ပွဲအတွင်းမှ အလျင်အမြန် ထွက်ခွာလိုက်ကြသည်။
ရှန်းလျိုရှန့်က မထွက်သွားမီတွင် ကျန်ရှိနေသော လိမ္မော်သီးများကို နောက်ရှိ မိန်းကလေးကို ပေးခဲ့လိုက်သည်။
"ကျေးဇူးပဲ..."
လူငယ်လေးက ဂျုံမုန့်စားပြီးနောက်တွင် လက်ခုပ်တီး၍ မေးလာသည်။
"ဘာလို့ သူ့ကို ကျေးဇူးတင်တာလဲ...သူက ရှန်းလျိုရှန့်အတွက်ပြောပေးတာလေ...မင်းအတွက်မှ မဟုတ်တာ..."
ရှန်းလျိုရှန့်က ရယ်မောလိုက်သော်လည်း မည်သည်မျှ မပြောချေ။
ဂျုံမုန့် လူငယ်လေးက နောက်လှည့်၍ စင်ပေါ်ရှိလူကို အတွေးနက်စွာကြည့်ပြီးနောက် ဗိုက်ကို ထိကာ သက်ပြင်းချလိုက်သည်။
"ငါ အရမ်းဗိုက်ဆာနေပြီ..."
ရှန်းလျိုရှန့်က မျက်ခုံးများပင့်ကာ ရှေ့တွင် စားသောက်ဆိုင်တစ်ဆိုင်ကို တွေ့နေသဖြင့် မေးခွန်းတစ်ချို့မေးမြန်းချင်သောကြောင့် အချိန်မီ သူနှင့်အတူလိုက်ပါရန်ဖိတ်ခေါ်လိုက်သည်။
ဂျုံမုန့်လူငယ်လေးက ဝမ်းနည်းစွာကြည့်လာသည်။
"ငါ့မှာ ဝိညာဉ်ကျောက်တုံးမရှိဘူး..."
ရှန်းလျိုရှန့် : "ငါ့မှာရှိတယ်..."
လူငယ်လေးက တုံ့ဆိုင်းစွာကြည့်လာသည်။
"ငါက အများကြီးစားတာ..."
ရှန်းလျိုရှန့်က ငွေအိတ်ကို ထုတ်၍ လက်ဖဝါး၌ ချိန်ကြည့်လိုက်သည်။
"လောက်မှာပါ..."
သူ စကားဆုံးသည်နှင့်တစ်ပြိုင်နက် လူငယ်လေးက သူ့ခါးကိုဖက်၍ လေပြင်းတစ်ချက်နှင့် သယ်ဆောင်သွားသည်။
"ငါ့ကို ညစာဝယ်ကျွေးတဲ့သူတိုင်းက လူကောင်းတွေပဲ...ငါ့နာမည်က ကုထောင်ထောင်ပါ...ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦး..."
ရှန်းလျိုရှန့်က လက်ရှိတွင် အခြေခံအုတ်မြစ်တည်အဆင့်၌သာရှိ၍ ကုထောင်ထောင်၏ ကျင့်ကြံဆင့်ကို မပြောနိုင်သော်ငြား စားသောက်ဆိုင်အတွင်းသို့ မျက်တောင်တစ်ခတ်တွင် ရောက်ရှိနိုင်မှုအပေါ်မူတည်ပြီး တစ်ဖက်လူက ကျင်းတန်နှင့်အထက်ဟု သူခန့်မှန်းနိုင်သည်။ ထို့အပြင် ထိုသူက မည်သူမည်ဝါ ဖြစ်ကြောင်းကို သူမသိချေ။
ညနေခင်းအချိန်ဖြစ်သဖြင့် စားသောက်ဆိုင်အတွင်း၌ ခုံအလွတ်မရှိနေခဲ့ချေ။ သို့သော် သူတို့နှစ်ဦးက ကံကောင်းသွား၍ ဒုတိယထပ်မှ စားသုံးသူတစ်ချို့ ထွက်ခွာသွားပြီး ခုံလွတ်များကျန်နေခဲ့သည်။
ရှန်းလျိုရှန့်က ထိုင်ချ၍ တိမ်ရှုခင်းစင်မြင့်မှ လှုပ်ရှားမှုများကို မြင်နိုင်သည့် ပြတင်းပေါက်မှ ကြည့်လိုက်သည်။
မြို့အရှင်က အောင်းယွဲ့ကို ဖိတ်ခေါ်ထားသည်ဟု ကြားသဖြင့် ဤနေရာတွင့် စောင့်ဆိုင်းကာ စားသောက်နိုင်လိမ့်မည်။ ကုထောင်ထောင်က စားပွဲထိုးကို ခေါ်လိုက်၍ အထူးဟင်းပွဲများကို မေးမြန်းပြီးနောက်တွင် နှုတ်ခမ်းစူကာ သားရေကျမည်ကို ကြောက်၍ မျိုချလိုက်သည်။
"တစ်မျိုးကိုတစ်ပွဲစီမှာလိုက်တယ်...လျိုလျို... မင်းမှာ ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက်ရှိရဲ့လား..."
ရှန်းလျိုရှန့် : "လောက်တယ်...မင်း ဗိုက်ဝရဲ့လား..."
ကုထောင်ထောင်က စားပွဲအတွက် ဟင်းပွဲသုံးမျိုးအပြည့် မှာခိုင်းလိုက်၍ ရှန်းလျိုရှန့်က သူတို့နှစ်ဦး အကုန်မစားနိုင်လောက်ဟု ခံစားနေရသည်။
ကုထောင်ထောင်က ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်၍ ပြောလာသည်။
"တကယ်တော့ ငါ့အစာအိမ်က တကယ်ကြီးတယ် အဲဒါကို လုံလောက်တယ်လို့ မခံစားရဘူး...ဒီလိုဆိုမှတော့ တစ်မျိုးကို နှစ်ပွဲစီမှာကျတာပေါ့..."
ရှန်းလျိုရှန့် : "....."
ဟင်းပွဲပြင်ဆင်ခန်း၌ စားပွဲထိုးလေးက လက်ဖက်ရည်သောက်စရာနှင့် အချို့သော နှုတ်မြိန်စာများ ယူလာခဲ့သည်။
ရှန်းလျိုရှန့်က လက်ဖက်ရည်တစ်ခွက်ကိုမ၍ ကျောက်စိမ်းတူများကို ကောက်ကိုင်ကာ အသားကျစပြုနေသည့် ကုထောင်ထောင်ကိုမေးရန်ပြင်လိုက်သည်။ မနီးမဝေးစားပွဲ၌ ကျင့်ကြံသူတစ်စုက ဝိုင်းထိုင်၍ သူ့အကြောင်းကို တီးတိုးပြောနေကြသည်ကို ကြားသောအခါ သူ့နားရွက်များ အနည်းငယ်တွန့်သွားသည်။
ရှန်းလျိုရှန့်က လက်ဖက်ရည်သောက်၍ နားစွင့်နေလိုက်သည်။
ထိုစကားများ ကြားသောအခါ ပါးစပ်တွင်းမှ လက်ဖက်ရည်ကို ထွေးထုတ်လုနီးပါး ဖြစ်သွားရသည်။
"တိမ်ရှုခင်းစင်မြင့်က လူအများစုကတော့ နစ်မြှုပ်နေကြပြီ...ဘယ်လိုလုပ်ကြမလဲ..."
"ဘာတွေ ကြောက်နေတာလဲ...နတ်ဆိုးဧကရာဇ်က ဒီမှာ ရှိတာကို မပြောနဲ့ဦး နတ်ဆိုးသားရဲကလည်း သေသွားပြီလေ...အလကားစိတ်ပူစရာ မလိုပါဘူး..."
"မှားလိမ့်မယ်...မမေ့နဲ့ဦး...သူက လှေမြောက်များစွာကို ခြေတစ်ချောင်းနဲ့ပဲ နင်းထားနိုင်တယ်ဆိုတာ...အဲဒီလှေတွေ မှောက်သွားခဲ့ရင်တောင် သူကရေလှိုင်းစီးနေနိုင်ဦးမှာပဲ..."
"မင်း ဆိုလိုတာက..."
"ဟမ့်...ရှန်းလျိုရှန့်က သုံးလောကတစ်ခုလုံးရဲ့ ငါးဆားနယ်တစ်ကောင်ပဲ...တကယ်လို့ သူ အသက်ရှင်နေရင် တစ်ခြားသွေးမုန်တိုင်းတစ်ခု ဖြစ်စေနိုင်တယ်..."
စကားပြောနေသောသူက ကောင်းကင်သို့ မော့ကြည့်၍ စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်သည်။
"စဉ်းစားကြည့်ရင် သူ မသေခင်က နတ်ဆိုးဧကရာဇ်ရယ် ဧကရာဇ်ရှင်းချန်နဲ့ အင်မော်တယ်လင်ယဲ့အပြင် ပေလွင်ဓားသခင်ရယ် နတ်ဆိုးသခင်နဲ့ တချမ်ဂိုဏ်းချုပ်မင်ထန်တို့နဲ့ပါ ပတ်သက်ခဲ့မယ်လို့ ဘယ်သူသိမှာလဲ... သူ့ ကျော့ကွင်းက တကယ်ကိုကျယ်ပြန့်တာပဲ...သုံးလောကထဲက ဘယ်သူမှ မလွတ်ဘူး..."
ရှန်းလျိုရှန့်က ရေသီးသွားကာ ပါးစပ်အုပ်၍ ချောင်းဆိုးလိုက်သည်။
အခြားတစ်ဖက်တွင် ထိုစကားက စကားဝိုင်းတစ်ခုကို ဖွင့်လှစ်လိုက်ပုံရပြီး စားသောက်တိုင်းအတွင်းရှိ အခြားလူများထံမှ ပြင်းထန်သောပဲ့တင်သံကို နှိုးဆော်ခဲ့သည်။
"ဟုတ်တယ်...တကယ်လို့ ပေလွင်ဓားသခင်သာ ရှန်းလျိုရှန့်ရဲ့ အုတ်ဂူဖုန်မတင်စေဖို့အတွက် မိုင်ထောင်ချီခရီးသွားပြီး အုတ်ဂူကို မကြာခဏ လာမလည်ဘူးဆိုရင် သူတို့နှစ်ယောက် အဲလောက်ရင်းနှီးမှန်း ဘယ်သူမှ သိမှာ မဟုတ်ဘူး..."
"အဲဒါအပြင် ငါတစ်ခါမှ ဓားသခင်က ဒီလောက်ထိ ကြင်နာယုယတာ မမြင်ခဲ့ဖူးဘူး...သနားစရာပဲ..."
"ငါကတော့ သူ့အကြောင်း နည်းနည်း ကြားထားတယ်...တကယ်တော့ သူ့ရဲ့ ရှစ်တိအပြင် ဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်အသစ် နျဉ်ယွင်ရှင်းရော...အားလုံးက ရှန်းလျိုရှန့်နဲ့ ရှုပ်ထွေးနေကြတာ...ဒါပေမဲ့ နတ်ဆိုးသခင်က ရှန်းလျိုရှန့်သေဆုံးပြီးတော့ အရမ်းဝမ်းနည်းပြီး နတ်ဆိုးနန်းတော်ကနေ ဆယ့်ခြောက်နှစ်ကြာအောင် ထွက်မလာဘူးလို့တော့ မထင်ထားခဲ့ဘူး..."
"ဒါက... အာ..."
"မင်းပြောတာက တကယ်တော့ နာလည်နိုင်ပါတယ်...ဒါပေမဲ့ ငါ တချမ်ဂိုဏ်းချုပ်မင်ထန်ကို နားမလည်နိုင်ဘူး...သူက ဂိုဏ်းကို တစ်ဦးတည်း တည်ထောင်ပြီး ပင်မအင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းရဲ့ ရှီးယန်ဂိုဏ်းနေရာမှာ အစားထိုးတက်ရောက်လာတဲ့ ဂိုဏ်းပဲလေ...ဘာလို့ အုတ်ဂူကို မကြာခဏလာလည်ပြီးတော့ အကြိမ်တိုင်း ပြင်းပြင်းထန်ထန် ငိုနေရတာလဲ...ငါအခုထိ ရှန်းလျိုရှန့်ကို အဲဒီမှာ မြှုပ်ထားတာကို မယုံနိုင်သေးဘူး..."
"ဒါက...အာ..."
"ပြီးတော့..."
"ကောင်းပြီ..."
ပြတင်းပေါက်မှ ခရမ်းရောင်ဝတ်ဆင်ထားသည့် လူငယ်လေးက လက်ဖက်ရည်ကို တိတ်တဆိတ်မျိုချလိုက်သည်။ ကုထောင်ထောင်က၎င်းကိုကြည့်၍ ထူးခြားသောအမူအရာနှင့် ဘယ်ညာမှ စကားဝိုင်းကို နားထောင်ကာ တီးတိုးပြောလာသည်။
"မင်း ရှန်းလျိုရှန့်ကို သဘောကျနေလို့ သူတို့က သူ့ကို အသရေဖျက်နေတယ်လို့ ခံစားနေရတာလား..."
ရှန်းလျိုရှန့်က ဆွံ့အနေသော အမူအရာကို ပြသလာသည်။
ကုထောင်ထောင်က ပြတင်းပေါက်အပြင်သို့ ကြည့်၍ တိမ်ရှုခင်းစင်မြင့်ပေါ်မှ အနီရောင် လူငယ်လေးကို ညွှန်ပြကာ နှစ်သိမ့်လိုက်သည်။
"ဝမ်းမနည်းပါနဲ့...ငါသိသလောက်ဆိုရင် ဒီလူတွေတစ်ယောက်မှ မဟုတ်ဘူး...သူချစ်တဲ့ လူက တစ်ယောက်ထဲပဲ...နတ်ဆိုးဧကရာဇ်လေ..."
ရှန်းလျိုရှန့်က ထိုသူ့ထံလက်ညှိုးထိုးပြနေသော ကုထောင်ထောင်၏ လက်ချောင်းများကို ဆိတ်ဆွဲမိသွားသည်။
"တွေ့ကရာ လက်ညှိုးမထိုးနဲ့လေ..."
"မထိုးပါဘူး..."
ကုထောင်ထောင်က အခြားလက်တစ်ဖက်ကို ဆန့်ထုတ်၍ ညွှန်ပြလိုက်သည်။
"နတ်ဆိုးဧကရာဇ်ရဲ့ ချစ်သူက သူပဲလေ..."
ရှန်းလျိုရှန့်က မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းလိုက်ကာ ကုထောင်ထောင်၏လက်ကို ဆုပ်ကိုင်လာချိန်တွင် ကုထောင်ထောင်ကပြောလာသည်။
"မင်း ဘာလုပ်နေတာလဲ..."
"တွေ့ကရာ လက်ညှိုးမထိုးပြနဲ့...မင်းထိုးပြချင်ရင် ငါ့ကို ပြ..."
ရှန်းလျိုရှန့်က ကျယ်လောင်စွာ ပြောလာသည်။
"ငါက ကျိုးရွှမ်လန်ရဲ့ ချစ်သူပဲ..."
ကုထောင်ထောင်က ဘေးပတ်လည်ကို အလျင်အမြန်ကြည့်လိုက်သည်။
"ရှူး...မင်း ဘယ်လိုတောင် နတ်ဆိုးဧကရာဇ်ရဲ့ နာမည်ကို လူကြားထဲမှာ ပြောနိုင်ရတာလဲ..."
ရှန်းလျိုရှန့်က ကျယ်လောင်စွာပြောလာသည်။
"အဲဒါ တကယ် ငါပဲလေ..."
ကုထောင်ထောင်က လက်ပြန်ရုတ်ပြီး လူအုပ်ထဲရောက်လျှင် ရှာမတွေ့နိုင်သည့် ရုပ်ရည်နှင့် လူငယ်လေးကို ကြည့်လိုက်သည်။ သူက မြေပဲတစ်စေ့ကို ကောက်၍ ရှန်းလျိုရှန့်ပန်းကန်တွင်းသို့ ထည့်ပေးပြီးနောက် ဝိုင်ပုလင်းကို လက်ချောင်းထိပ်များနှင့် ထိလိုက်သည်။
"လျိုလျို...ငါမင်းကို အစောထဲက မြေပဲပေးခဲ့မယ်ဆိုရင် မင်း အရက်မူးသွားမှာ မဟုတ်ဘူး..."
ရှန်းလျိုရှန့် : " ထွက်သွား..."
ကုထောင်ထောင်က ရယ်မောလိုက်သည်။ အစားအသောက်များ ရောက်ရှိလာသဖြင့် သူစားရန် မစောင့်နိုင်တော့ချေ။ သို့သော် သူ ငါးအသားကို ယူလိုက်ချိန်တွင် ရှန်းလျိုရှန့်၏ အမူအရာပြောင်းလဲသွားကာ ပြတင်းပေါက်မှ ခုန်ချသွားကြောင်း တွေ့လိုက်ရသည်။
"ရှန်းလျိုလျို..."
တိမ်မည်းများက တိမ်ရှုခင်းစင်မြင့်ပေါ်သို့ လွင့်မျောလာသည်။
ကြီးမားသည့် ပုံရိပ်တစ်ခုက မီးခိုးရောင်အတောင်ပံများကို ရုတ်သိမ်း၍ လူပုံစံပြောင်းကာ မြေပြင်ပေါ်သို့ သက်ဆင်းလိုက်သည်။ လူတိုင်းက ဦးညွှတ်လိုက်ကြပြီး အောင်းယွဲ့ဟု ခေါ်ဆိုလိုက်ကြသည်။
အောင်းယွဲ့ : "သူက မမှားပါဘူးလို့ ဘယ်လိုလုပ် သေချာမှာလဲ..."
ယန်မင်မြို့အရှင်က အလျင်အမြန်ပြောလာသည်။
"သူက တကယ်ပဲ ပုံတူပန်းချီနဲ့ တူညီပါတယ်...ပြီးတော့ ရုပ်ဖျက်ထားတာ မဟုတ်ပါဘူး...ဒါ့ကြောင့် ကျွန်တော်က ဖိတ်ခေါ်ရဲတာပါ...တကယ်လို့ သူသာဆိုရင် မစိုးရိမ်ပါနဲ့...အရှင်မင်းကြီးရှေ့မှာသာ ငယ်သားအတွက် စကားနည်းနည်းလောက်ပြောပေးပါ..."
အောင်းယွဲ့က သက်ပြင်းချလိုက်သည်။ သူအမှန်တကယ် စိုးရိမ်နေသည်။
မကောင်းဆိုးဝါးအင်မော်တယ်သခင် ထွက်သွားပြီးနောက်တွင် ကျိုးရွှမ်လန်က မတူညီသော လူတစ်ယောက်ဖြစ်သွားသည်။ သူ၏ဖိအားနှင့် အော်ရာက လူများကို မထိန်းချုပ်နိုင်စွာ ကြောက်ရွံ့စေပြီး ဤနှစ်များအတွင်းတွင် သူ ကျိုးရွှမ်လန်ကို မနှောင့်ယှက်ရဲခဲ့ပေ။ သူ ကြက်ခြေထောက်ပင် နေ့နေ့ညည မစားနိုင်တော့ပေ။
လတ်တစ်လောတွင် ရှန်းလျိုရှန့်က ယန်မင်မြို့၌ ပေါ်လာသည်ဟု ကြားခဲ့ရသည်။ အမှန်ဟုတ်မဟုတ်မသိနိုင်သဖြင့် အောင်းယွဲ့က သူ့ဆီသို့ အပြေးအလွှားလာခဲ့သည်။
ရက်အနည်းငယ် စောင့်ဆိုင်းနေပြီးနောက်တွင် အားလုံးက ရုပ်ဖျက်ထားခြင်းသာ ဖြစ်သည်မှာ နှမျောစရာကောင်းလှသည်။ မြို့အရှင်က ရုပ်ဖျက်ထားခြင်းမဟုတ်ဟု ပြောသဖြင့် ၎င်းကို သူစတင် မျှော်လင့်လာသည်။
"အကျည်းတန်တဲ့ စကားတွေကြိုပြောနေတယ်... တကယ်လို့မှားရင်...ငါ..."
အောင်းယွဲ့က တတွတ်တွတ်ခြိမ်းခြောက်လိုက်သော်လည်း ခေါင်းမော့လိုက်သောအခါ စင်မြင့်ပေါ်မှ ပုံရိပ်လေးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရချိန်၌ စကားလုံးများ ရပ်တန့်သွားသည်။
တိမ်ရှုခင်းစင်မြင့်ပေါ်တွင် အနီရောင်နှင့် လှပသည့်လူငယ်လေးက လိမ္မော်သီးကိုင်ထားလျက် အခွံမခွာပဲ ကိုက်ချလိုက်သည်။ ထို့နောက်တွင် အကြည့်ကို သတိထားမိသွားပုံရပြီး ဇာမဏီမျက်လုံးများနှင့် ပြန်ကြည့်လာကာ နှုတ်ခမ်းများ ကွေးညွှတ်၍ ပြောလာသည်။
"အောင်းယွဲ့ ...ဘာလဲ...မင်းငါ့ကို မမှတ်မိဘူးလား..."
"အူး..."
အောင်းယွဲ့က အံ့သြပျော်ရွှင်စွာ ကျယ်ကျယ်လောင်လောင် ဟိန်းလိုက်ပြီး တစ်ချက်ယိမ်းကာ တိမ်ရှုခင်းစင်မြင့်ပေါ်၌ ပေါ်လာသည်။
"မကောင်းဆိုးဝါးအင်မော်တယ်သခင်...တကယ်ကြီး မင်းပဲ..."
ဆယ့်ခြောက်နှစ်ကြာ ရှာမတွေ့ခဲ့သည့်နောက်တွင် မကောင်းဆိုးဝါးအင်မော်တယ်သခင်က အနည်းငယ်ပြောင်းလဲသွားပုံရသော်လည်း သူက လူအများကြီးတွေ့ဖူးခဲ့ပြီးကာ ရှန်းလျိုရှန့်တစ်ဦးတည်းသာလျှင် လိမ္မော်သီးအခွံမခွာပဲ စားခြင်းဖြစ်သည်။
"ဒါ တကယ်သူပဲ..."
အောင်းယွဲ့က စိတ်လှုပ်ရှားစွာ အနီရောင်လူငယ်လေး၏ လက်မောင်းကို ဆွဲ၍ စင်မြင့်ပေါ်မှ အောက်ဆင်းသွားခဲ့သည်။
"မင်းက ဘယ်လိုလုပ် ချီသန့်စင်အဆင့်မှာပဲ ရှိနေသေးတာလဲ...ဒါပေမဲ့ အဆင်ပြေပါတယ်...ကျိုး...မင်းတပည့်မှာ သေချာပေါက် နည်းလမ်းရှိလိမ့်မယ်..."
အနီရောင်လူငယ်လေး၏ မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားသည်။
"တကယ်လား...ငါ နတ်ဆိုးအင်ပါယာရဲ့ အရှင်မင်းကြီးကို ဘယ်အချိန်တွေ့ရမလဲ သိချင်မိတယ်..."
အောင်းယွဲ့က ကြက်သေသေသွားပြီး မျက်မှောင်ကြုတ်လျက်ပြောလာသည်။
"မင်း ဘာလို့ အရှင်မင်းကြီးလို့ ခေါ်နေတာလဲ...မင်း အရမ်းစိမ်းနေတာပဲ..."
လူငယ်လေးက ချက်ချင်းပြောလာသည်။
"ငါက သူ့ကို အပျော်သဘောနဲ့ခေါ်တာပါ...ငါတို့ဆုံရင် သဘာဝကျကျပဲ ကျိုး...ကျိုးရွှမ်လန်လို့ ခေါ်မှာပေါ့..."
အောင်းယွဲ့က စိတ်ကျေနပ်စွာ ပြုံးလျက် ပြောလာသည်။
"သိပ်နောက်မကျသေးဘူး...ငါ မင်းကိုရွှမ်ယောင်နန်းတော်ဆီခေါ်သွားပြီးတော့ ကျိုးရွှမ်...နတ်ဆိုးဧကရာဇ်ကို သိအောင်ပြောရမယ်...သူ အရမ်းပျော်သွားမှာ..."
အောင်းယွဲ့ရောက်ရှိလာမှုနှင့် အနှီလူက နတ်ဆိုးဧကရာဇ်၏ ဆရာဖြစ်သူ ရှန်းလျိုရှန့်ဖြစ်ကြောင်း သူ၏ကိုယ်ပိုင် အတည်ပြုချက်ကြောင့် တိမ်ရှုခင်းစင်မြင့်ပတ်လည်ရှိ စူးစမ်းနေသည့်လူအုပ်ကြီးက ချက်ချင်းပင် အဆပေါင်းများစွာ ပျံ့ကျဲသွားကာ လူပင်လယ်ကြီးဖြစ်လာလျက် အခြားလမ်းသို့ ဖိညှစ်လုနီးပါး ဖြစ်သွားသည်။
ရှန်းလျိုရှန့်က စားသောက်ဆိုင်မှ ထွက်လာသောအခါ လူအုပ်အလယ်တွင် ပိတ်မိနေလျက် အကျပ်ရိုက်နေခဲ့သည်။
သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ချင်သော်ငြား ဘေးပတ်လည်တွင် အလွန်ဆူညံနေသဖြင့် အဆုတ်ကွဲသည်အထိအော်သော်လည်း အသုံးမဝင်ချေ။ ထို့နောက် အောင်းယွဲ့က စိတ်လှုပ်ရှားနေသည့် မျက်နှာနှင့် အတုအယောင်လူကို ဆုံတွေ့နေသည်ကို တွေ့ရချိန်တွင် ဒေါသထွက်လွန်းသဖြင့် သွေးသုံးလီတာခန့် အန်ချလုနီးပါး ဖြစ်သွားသည်။
အတုအယောင်ကောင်က တကယ်ပဲ ငါနဲ့ တူတယ်ဆိုပေမဲ့ သူတကယ်ကြီး ဘယ်လို လက်ခံသွားနိုင်ရတာလဲ...
အဲဒီကြက်ခြေထောက်တွေက တကယ်ကြီး ခွေးကျွေးမိခဲ့တာပဲ...
အောင်းယွဲ့က ပြင်းပြင်းထန်ထန် နှာချေ၍ ဘေးပတ်လည်သို့ကြည့်လိုက်သည်။ မှောင်မိုက်နေသော လူအုပ်ကြီးက သူ့ထက်ပင်ပို၍ စိတ်လှုပ်ရှားသော အမူအရာများ သူတို့၏မျက်နှာပေါ်တွင် ရှိနေကြသည်။
"သခင်အောင်းယွဲ့က သူ့ကို ရွှမ်ယောင်နန်းတော်ကိုခေါ်သွားချင်တာလား...နတ်ဆိုးအင်ပါယာရဲ့ အရှင်မင်းကြီးကို တွေ့ဖို့လား...သူကတကယ်ပဲ ငါတို့ရဲ့ နတ်ဆိုးဘုရင်မလား..."
"အဓိပ္ပါယ်မရှိတာတွေမပြောစမ်းနဲ့....လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်ထဲမှာ ကျုံးလင်းတောင်ကို အရှင်မင်းကြီးက တစ်ခါတောင် သွားဖူးလို့လား...သူက ဟိုးအရင်တည်းက လက်လျှော့ခဲ့ပုံရတယ်..."
"ဒါ လုံးဝမှန်နေတာပဲ...နတ်ဆိုးအင်ပါယာရဲ့အရှင်မင်းကြီးက လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်ကလူနဲ့ မတူတော့ဘူး...ဘာလို့ သူ့ကိုဂရုစိုက်နေဦးမှာလဲ...ဒါ့ပြင် အရှင်မင်းကြီးက ဘက်လိုက်တာမြင်ဖူးလို့လား..."
ထိုစကားများ ထွက်လာပြီးနောက်တွင် ဘေးပတ်လည်ရှိလူတိုင်းက ခေါင်းများ ခါယမ်း၍ သဘောတူလိုက်ကြသည်။
"နတ်ဆိုးဧကရာဇ်နား မကပ်နိုင်ခင်မှာ အဲဒီလူ ပြာဖြစ်သွားမှာ စိုးတယ်..."
အောင်းယွဲ့က သူ့ဘေးရှိ လူငယ်လေး၏ စိုးရိမ်နေသော မျက်နှာကို ကြည့်၍ ပြောလိုက်သည်။
"အဓိပ္ပါယ်မရှိတာတွေ နားမထောင်နဲ့..နတ်ဆိုးဧကရာဇ်က..."
သူက မကောင်းဆိုးဝါးအင်မော်တယ်သခင်ကို နှစ်သိမ့်ရန် စကား အနည်းငယ်ပြောမည့်အချိန်တွင် ရုတ်တရက်တစ်စုံတစ်ခုကို ခံစားမိကာ ခေါင်းမော့လိုက်သည်။
ပုံရိပ်သွယ်သွယ်လေးက ကောင်းကင်ပေါ်တွင် ပေါ်လာခဲ့သည်။ နေဝင်နေသည်ကို နောက်ကျောပေးထားသဖြင့် မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်ငြား လူအုပ်ကြီးကိုကြည့်နေသည့် အန္တရာယ်ရှိ၍ အေးစက်နေသော မျက်ဝန်းတစ်စုံကိုမူ ခံစားနိုင်သည်။
လေပြင်းတစ်ချက်တိုက်ခတ်၍ အနက်ရောင်ဝတ်ရုံအနားစများကို လှုပ်ခတ်သွားစေသည်။
လမ်းတစ်လမ်းလုံး ရုတ်ချည်း တိတ်ဆိတ်သွားသည်။
နတ်ဆိုးဧကရာဇ်...
ဘာလို့ ရုတ်တရင်ကြီး ယန်မင်မြို့ကို လာတာလဲ...ရှန်းလျိုရှန့်ကြောင့်များလား...
လူတိုင်း၏ စိတ်ထဲတွင် သံသယများထွက်ပေါ်လာသော်လည်း နှလုံးတုန်လှုပ်စေသည့် ဖိအားအောက်တွင်မည်သူမျှ အသံမထွက်ရဲပေ။ သူတို့ရှေ့ရှိ မြို့အရှင်နှင့် အောင်းယွဲ့ကိုသာ ချောင်းကြည့်ရဲကြလေသည်။
မြို့အရှင်နှင့် သူ့လက်အောက်ငယ်သားများက အလျင်အမြန် အရိုအသေပြုကာ တစ်ပြိုင်နက်ပြောလာကြသည်။
"အရှင်းမင်းကြီးကို နှုတ်ဆက်ပါတယ်..."
အောင်းယွဲ့က ကျိုးရွှမ်လန်ကို သတင်းပေးရန် အလျင်စလိုဖြစ်နေခဲ့လေသည်။ အရိုအသေမပေးပဲ တိုက်ရိုက်ပင် လက်ဝေ့ယမ်းပြကာ အော်ပြောလိုက်သည်။
"ဒီမှာ...မကောင်းဆိုးဝါး အင်မော်တယ်သခင်က..."
အောင်းယွဲ့ စကားမဆုံးမီတွင် လေတစ်ချက်ဝေ့သံကို ကြားလိုက်ရ၍ သူမော့ကြည့်လိုက်ချိန်တွင် ခရမ်းရောင်လူငယ်လေးက သူ့ခေါင်းပေါ်မှ ဖြတ်သွားကြောင်း တွေ့လိုက်ရသည်။
အခြေခံအုတ်မြစ်တည်အဆင့်မှာ ရှိသူတစ်ယောက်က လေထဲတွင် မရပ်နိုင်သေးချေ။
လူငယ်လေးက မည်သည့်နေရာမှ ကောက်လာမှန်းမသိနိုင်သော သစ်ကိုင်းကျိုးပေါ်သို့နင်း၍ လမ်းပေါ်ရှိ လူတိုင်း၏ ခေါင်းပေါ်မှ ဖြတ်သန်းသွားသည်။ ဝတ်ရုံက ပျံသန်းနေပြီး မျက်ခုံးများတွင် ကလိမ်ကကျစ်အပြုံးလေးရှိကာ သာမန်ဆန်သော မျက်နှာတွင် အော်ရာအနည်းငယ် ပေါင်းထည့်ထားသည့်နှယ် တစ်နည်းနည်းနှင့် မျက်စိပဒါသ ဖြစ်နေသည်။
သူတို့ထပ်မံမကြည့်ရသေးမီတွင် လူငယ်လေးက သူ့ကိုယ်သူ နတ်ဆိုးဧကရာဇ်ထံသို့ ပြေးဝင်လိုက်ကြောင်း မြင်လိုက်ရသည်။
သူက ရေဘဝဲတစ်ကောင်ကဲ့သို့ နတ်ဆိုးဧကရာဇ်၏ လည်ပင်း၌ လက်များနှင့် ချိတ်တွယ်ကာ ပွေ့ဖက်လိုက်သည်။ ထို့နောက် ခေါင်းလှည့်၍ နတ်ဆိုးဧကရာဇ်၏ ပါးကို ပျော်မြူးစွာ နမ်းလိုက်သည်။
"ကျိုးရွှမ်လန်...ငါပြန်လာပြီ..."
အောက်ဘက်ရှိ လူအုပ်ကြီး : " ....."