အပိုင်း ၁၅၁
Viewers 30k

Chapter 151




အောင်းယွဲ့၏ စကားလုံးများက လည်ချောင်းအတွင်း၌ ပိတ်ဆို့သွားကာ ကောင်းကင်ပေါ်မှ မြင်ကွင်းကို မယုံကြည့်နိုင်စွာ ကြည့်နေမိသည်။


ကျိုးရွှမ်လန်က အမှန်တကယ်ပင် ထိုလူအား ကပ်တွယ်ခွင့် ပြုထားသဖြင့် လူတိုင်း တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြောဆိုမိသွားကြသည်။


မကောင်းဆိုးဝါး အင်မော်တယ်သခင်က ဒီမှာရှိနေသေးတယ်လေ...


အောင်းယွဲ့က ထိတ်လန့်သွားပြီး မပြင်ဆင်ထားမိသည်ကို မပြောနှင့် အနှီလူငယ်လေး၏ ချောင်းမြောင်းတိုက်ခိုက်မှုကိုပင် ခွင့်ပြုထားမိသွားသည်။ ထိုသူက အခြေခံအုတ်မြစ်တည်အဆင့်သာရှိသည့် လူငယ်ကျင့်ကြံသူလေးဖြစ်သည်။


သစ်ကိုင်းနဲ့ ပျံသန်းလာတာက လျှပ်တစ်ပြက်ဆိုပေမဲ့ ကျိုးရွှမ်လန်ရဲ့ ကျင့်ကြံဆင့်ကို အသာထားဦး...ရွှေအမြုတေအဆင့်ကျင့်ကြံသူကတောင် လုံးဝတုံ့ပြန်ငြင်းဆန်နိုင်တာကို...


ကျိုးရွှမ်လန်က မရှောင်ခဲ့သည့်အပြင် ခရမ်းရောင်နှင့် လူငယ်လေးအား လိုက်လျောသည့်ပုံပြ၍ ငြင်းပယ်သည့်အပြုအမူမျိုးလည်း မပြုလုပ်ခဲ့ချေ။ 


အောင်းယွဲ့က လက်ချောင်းများ ကျစ်ကျစ်ဆုပ်ထား၍ သူ့မျက်လုံးကို ဓားနှင့် ထိုးဖောက်ချင်သွားသည့်နှယ် ကောင်းကင်ပေါ်မှ ပိန်ပါးသောပုံရိပ်လေးအား စိုက်ကြည့်နေခဲ့သည်။


မကြာသေးမီနှစ်များအတွင်းတွင် ကျိုးရွှမ်လန်၏စိတ်နေစိတ်ထားက ကြီးကြီးမားမားပြောင်းလဲသွားခဲ့သော်လည်း ပါ့ဟွမ်၌ရှိခဲ့စဉ်အချိန်နှင့် တူညီနေသည်။ နတ်ဆိုးဧကရာဇ်၏အိပ်ရာပေါ်သို့ တက်ချင်သည့်သူများက ယန်မင်မြို့ကို လှည့်ပတ်နေခဲ့သော်လည်း တက်ရောက်နိုင်သူမရှိခဲ့ပေ။


သူက ရှန်းလျိုရှန့်ကို လက်မလွတ်နိုင်ဖြစ်နေသည်ဟု အောင်းယွဲ့က ထင်ခဲ့သည်။ ယခုတွင် အဆုံးသတ်၌ ထိုသူက အသက်ရှင်နေခဲ့ပြီး မကောင်းဆိုးဝါးအင်မော်တယ်သခင်ကို ရှာတွေ့သွားခဲ့သည်။ 

လမ်းတစ်ဝက်ကနေ ခုန်ထွက်လာတာက ဘယ်သူလဲဟ...


အောင်းယွဲ့က အတန်ကြာတွေးတောနေ၍ သွားများ အနည်းငယ်ယားယံလာခဲ့သည်။


သူ့အပေါ်သို့ လူငယ်လေး ခုန်တက်လိုက်ချိန်တွင် မမြင်နိုင်သော ဖိအားတစ်ခုက အောက်ဘက်ရှိ လူတိုင်း၏ ခေါင်းပေါ်တွင် ပြန့်ကျဲလာသည့်နှယ် ခံစားလိုက်ရသဖြင့် သက်ပြင်းရှိုက်မိသွားကြသည်။

 

လူအုပ်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မတတ်နိုင်ပဲ အသံတိုးတိုးနှင့် စကားပြောလာကြသည်။


"ဒီလူက ဝက်ဝံတစ်ကောင်နဲ့ ကျားသစ်ရဲ့ သတ္တိကို စားထားလို့များလား...သူက သေမှာကို မကြောက်ဘူးပဲ..."


"နတ်ဆိုးဧကရာဇ်ရဲ့ ကျင့်ကြံဆင့်အရ အခြေခံအုတ်မြစ်တည်အဆင့် ကျင့်ကြံသူက အနားကပ်ဖို့ မဖြစ်နိုင်ဘူး...ဒီလိုလုပ်ဖို့ ခွင့်ပြုထားတယ်ဆိုတာက သူတို့နှစ်ယောက်ကြားမှာ နီးစပ်တဲ့ ဆက်ဆံရေးရှိတယ်ဆိုတာ ပြနေတာပဲ..."


"နတ်ဆိုးဘုရင်မကို လူမှား ခန့်မှန်းနေမိတာ များလား..."


"နေဦး... ရှန်းလျိုရှန့်က အခုထိ ဟိုမှာ ရပ်နေတုန်းပဲလေ...အဲဒါ သူ မဟုတ်ရင် နတ်ဆိုးဧကရာဇ်က..."


ထိုအဆုံးမသတ်လိုက်နိုင်သော စကား၏ အဓိပ္ပါယ်က လူတိုင်း၏ နှလုံးသားကို အောင်အောင်မြင်မြင် ခေါ်ဆောင်သွားသည်။ ထို့နောက် လူတိုင်းက သူတို့ရှေ့ရှိ ပုံရိပ်လေးကို မတူညီသောအမူအရာများနှင့် ကြည့်လိုက်ကြသည်။


လူထောင်ချီ၏ အာရုံကို ဆွဲဆောင်သွားနိုင်သူကမူ လေထဲတွင် နတ်ဆိုးဧကရာဇ်ကို ပွေ့ဖက်ထားသည့် လူငယ်လေးကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် ကျိုးရွှမ်လန်ကို မဝံ့မရဲကြည့်ကာ မျက်နှာဖြူဖျော့သွား၍ လက်သည်းများက လက်ဖဝါးအတွင်းသို့ စိုက်ဝင်သွားသည်။


သူ၏ နှလုံးသားက ဒေါသထွက်နေကာ အထိတ်တလန့်ဖြစ်လာသည်။


အစီအစဉ်နှင့်ခြားနားစွာ ရုတ်တရက်ပေါ်လာ၍ နတ်ဆိုးဧကရာဇ်ကို ပွေ့ဖက်နမ်းရှုံ့နေသူက မည်သူဖြစ်သနည်း။ ထို့အပြင် နတ်ဆိုးဧကရာဇ်ကလည်း ထိုသူကို အလိုလိုက်နေသေးသည်။

ရွံစရာကောင်းလိုက်တာ...


အယောင်ဆောင်လူက အလွန်ဒေါသထွက်နေခဲ့သည်။


သူက ထင်ရှားသည့်နေရာတွင် ရပ်နေခဲ့သဖြင့် နတ်ဆိုးဧကရာဇ်က သူ့ကို မမြင်သည်မှာ မဖြစ်နိုင်ပေ။


သူက ရုပ်ဖျက်ထားသည့် အတုအယောင်များနှင့် ကွာခြားသည်။ သူကဤကဲ့သို့ အသွင်အပြင်နှင့် မွေးဖွားလာခဲ့ပြီး တစ်စုံတစ်ယောက်၏ လမ်းပြမှုကြောင့် ရှန်းလျိုရှန့်၏ အကြိုက်နှင့် အမူအကျင့်များကိုရည်ရွယ်ချက်ရှိရှိ သင်ယူခဲ့သည်။ ဆယ့်ခြောက်နှစ်ကြာမြင့်သွားပြီဖြစ်သဖြင့် မှတ်ဉာဏ်အရကွဲလွဲမှုများ ရှိနိုင်သည်။


နတ်ဆိုးဧကရာဇ်က ငါ့ကို ကြည့်တောင်မကြည့်ဘူးလား...


အယောင်ဆောင်ထားသူက အလွန်ဒေါသထွက်နေသဖြင့် တစ်ကိုယ်လုံးတုန်ယင်လာသည်။ သူမျက်နှာ ဆိုးဝါးလာသည်ကို သတိထားမိသွားသောအခါ အောင်းယွဲ့က စကားအနည်းငယ်နှင့် နှစ်သိမ့်လိုက်သော်လည်း အောင်းယွဲ့၏မျက်နှာကလည်း ဒေါသထွက်နေသေးသည်။


ကျိုးရွှမ်လန်၏ ရင်ခွင်တွင်းမှ ရှန်းလျိုရှန့်ကမူ ရည်ရွယ်ချက်ရှိရှိ လွတ်ပေးရန် ငြင်းဆန်နေခြင်းမဟုတ်ပေ။


သူက အခြေခံအုတ်မြစ်တည်အဆင့်တွင်သာ ရှိနေသဖြင့် လေထဲတွင် ကြာကြာမနေနိုင်ချေ။ သူနင်းထားသော သစ်ကိုင်းမှာလည်း တစ်ချက်တည်းဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ အကယ်၍ ကျိုးရွှမ်လန်ကို တင်းတင်းကြပ်ကြပ် မပွေ့ဖက်ထားပါက ချက်ချင်းပင် ပြုတ်ကျသွားမည်ဖြစ်ပြီး မသေနိုင်သော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလိမ့်မည်။


သူ လူကိုနမ်းပြီးသောအခါ ကျိုးရွှမ်လန်၏ လည်ပင်းကို ခပ်တင်းတင်းဖက်ထား၍ လောဘတကြီး ကြည့်နေခဲ့သည်။


ကျိုးရွှမ်လန်၏ မျက်တောင်ရှည်များက ငိုက်စင်းနေလျက် သူ၏ဘေးဘက်မျက်နှာက နေဝင်ဆည်းဆာတွင် နစ်မြှုပ်နေသည်။ နူးညံ့သည့်အလင်းတန်းက ပြည့်စုံလုနီးပါး ကောက်ကြောင်းကို ပေါ်စေသည်။ ချောမောသောမျက်ခုံးများက နက်ရှိုင်းနေလျက် နှုတ်ခမ်းပါးများက ဖျော့တော့နေပြီး အေးစက်နေသည့်လေထုကို ပြသနေသည်။


ရှန်းလျိုရှန့်က ရပ်တန့်သွားကာ မျက်လွှာပင့်၍ သူ့လက်ထဲရှိ လူကို ကြည့်လိုက်သည်။


သူ့နှလုံးခုန်နှုန်း လွဲချော်သွားသည်။


သူ့ကို စိုက်ကြည့်နေသော အနက်ရောင်မျက်ဝန်းများက ပြောင်းလဲသွားသည်။ သူက တစ်ဖက်လူကို နှောင့်ယှက်လိုက်မိသည့်နှယ် မဖော်ပြနိုင်သည့်ဒေါသနှင့် အေးစက်နေသောလေထုကို ပြသထားသည်။


ကျိုးရွှမ်လန်က ပါးပေါ် ရစ်ဝဲနေသည့်နှုတ်ခမ်းများကို ခံစားမိကာ သူ့ကိုယ်ပေါ်တွင် ချိတ်တွယ်ထားသည့်သူကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ သူ၏လက်ချောင်းသွယ်သွယ်များက ရှန်းလျိုရှန့်၏ ခါးပေါ်သို့ ကျရောက်သွားလျက် ထိုသူကို တွန်းထုတ်၍ မရကြောင်းတွေ့သောအခါ အုံ့မှိုင်းနေသည့်အကြည့်က သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။


မျှော်လင့်ထားတဲ့အတိုင်းပဲ...ပြောင်းပြန်အကြေးခွံက ရှန်းလျိုရှန့်ဆီမှာပဲ...


အဲဒီလူကို နာကျင်အောင် မလုပ်နိုင်သလို လှုပ်ရှားလို့လဲ မရဘူး...မဟုတ်ရင် သစ်ကိုင်းခြောက်လေးနဲ့ ပျံလာတဲ့အချိန်မှာပဲ ပေါက်ကွဲထွက်သွားလိမ့်မယ်...


ကျိုးရွှမ်လန်၏ ပြောင်းလဲမှုများကို အာရုံခံမိသောအခါ ရှန်းလျိုရှန့်က တစ်ဒင်္ဂမျှ ကြက်သေသေသွားသည်။ အကြောင်းအရင်းကို မရှာနိုင်မီမှာပင် သူ့ခါးက တင်းကြပ်သွားကာ မြေပြင်ပေါ်သို့ ခေါ်သွားခံလိုက်သည်။


ရှန်းလျိုရှန့်က မြေပြင်ပေါ်သို့ နင်း၍ ရှေ့ရှိလူကို သံသယဖြစ်စွာ ကြည့်လိုက်သည်။ ရှန်းလျိုရှန့်၏ လက်များက သတိမမူမိစွာ လည်ပင်းကို ချိတ်တွယ်နေဆဲဖြစ်သဖြင့် ကျိုးရွှမ်လန်က ခေါင်းနည်းနည်းလှည့်၍ နှုတ်ခမ်းပါးများကို တစ်ဖက်လူ၏နားသို့ ကပ်ကာ အေးစက်သည့်လေသံနှင့် ပြောလာသည်။


လွှတ်စမ်း...


နစ်မြှုပ်နေသည့်အသံက သူ့ကို နိုးကြားသွားစေကာ လက်လွတ်၍ ခြေတစ်လှမ်းဆုတ်မိသွားသည်။


ထိုအချိန်တွင် အောင်းယွဲ့က အနီရောင်လူငယ်လေးကို ရှေ့သို့ တွန်းပို့ကာ မုန်းတီးနေသည့်လေသံနှင့် ပြောလာသည်။

"မကောင်းဆိုးဝါးအင်မော်တယ်သခင်က ဒီမှာ...သူ့ကို ကြည့်ဦး..."


ကျိုးရွှမ်လန်က အကြည့်လွှဲလိုက်သော်လည်း မျက်ဝန်းများက ဂရုမစိုက်ဟန်ပေါ်နေသည်။


အဲ့လူက ရှစ်စွမ်းနဲ့ ရုပ်တူပုံရပေမဲ့ ဘာဖြစ်လဲ...ရှစ်စွမ်းက သူ့ကို အချိန်တိုင်း အန္တရာယ်ပေးနေပြီးတော့ နောက်ဆုံးကျတော့လည်း သေဖို့ထိုက်တန်တဲ့ ယဲ့ပင်းရန်ကိုပဲ ကယ်ဖို့ကြိုးစားနေတာလေ...


ထိုသူက တစ်ခုခုလုပ်ရန် စိတ်အားထက်သန်နေပုံနှင့် သူ့ကို ကြည့်နေခဲ့သည်။ 


ရှန်းလျိုရှန့်နဲ့ တူနေလို့ ငါက သူ့ကို ကျေနပ်စေလိမ့်မယ်များ ထင်နေလား...


"ဘာ မကောင်းဆိုးဝါးလဲ..."


အောင်းယွဲ့က အံ့သြသွားသည်။

"သေချာပေါက် အဲဒါမင်းရဲ့ ရှစ်စွမ်း ရှန်းလျိုရှန့်ပဲလေ..."


ကျိုးရွှမ်လန်က သူ့ဘေးရှိ အတွေးနက်နေသော ခရမ်းရောင်နှင့် လူငယ်လေးကို တစ်ချက်ကြည့်ကာ တည်ငြိမ်နေသည့် လေသံနှင့် ပြောလိုက်သည်။

"တကယ်ပဲပေါ့...ငါ့ရဲ့ ရှစ်စွမ်းဖြစ်နေတာလား.."


အောင်းယွဲ့က သောကရောက်နေသည်။

"မင်း ဘာလို့ ဒီလောက်တောင် အေးစက်နေတာလဲ...သူက မင်းဂရုအစိုက်ဆုံး လူလေ..."


"ငါ့နှလုံးသားထိပ်မှာရှိတဲ့သူ..."

ကျိုးရွှမ်လန်က တစ်ဝက်ပြုံးနှင့်ကြည့်လာကာ အနီရောင်နှင့် လူငယ်လေးထံသို့ အကြည့်ရောက်ကာ မေးလာသည်။

"မင်းက ငါ့ရဲ့ ရှစ်စွမ်းလား..."


အယောင်အဆောင်၏ နဖူးထက်တွင် ချွေးအလွှာပါးတစ်ထပ် ထွက်ပေါ်လာသည်။ နတ်ဆိုးဧကရာဇ်ကို တိုက်ရိုက်မျက်နှာချင်းဆိုင်သည့် အခြေအနေတွင် မွန်းကြပ်ဖွယ်ရာ ဖိအားကို ခံစားလိုက်ရကာ လက်သီးကျစ်ကျစ်ဆုပ်၍ သူ့ကိုယ်သူ တည်ငြိမ်ရန် ဖိအားပေးလိုက်သည်။


မျက်နှာဖုံးတပ်ထားသည့်သူ ပြောပုံအရ နတ်ဆိုးဧကရာဇ်က သူ၏ရှစ်စွမ်းကို အလွန်ချစ်မြတ်နိုးသည်။


ကောင်းကင်တိုင်ရောက်နိုင်သည့် ဤအခိုက်အတန့်အတွက်သာလျှင် သူရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ခြင်းဖြစ်သည်။ 

နတ်ဆိုးဧကရာဇ် ယုံကြည်နေသရွေ့ ငါက အစစ်ဖြစ်ပြီးတော့ အကုန်လုံးကို ရနိုင်လိမ့်မယ်...


အယောင်ဆောင်ထားသူက အံကြိတ်၍ မျက်တောင်ခတ်ကာ နှုတ်ခမ်းများအနည်းကွေးလျက်ပြောလာသည်။

"ကျိုးရွှမ်လန် ရှစ်စွမ်းကို မမှတ်မိဘူးလား...ငါ မသေသေးပါဘူး...ဒီနှစ်တွေထဲမှာ မင်းကို အရမ်းလွမ်းနေခဲ့တာ..."


အယောင်ဆောင်သူ၏ အမူအရာမှာ မျက်တောင်ခတ်လိုက်ချိန်တွင် ရင်းနှီးနေသော်လည်း မရင်းနှီးဟု အောင်းယွဲ့တစ်ယောက် ခံစားလိုက်ရသည်။ လှုပ်ရှားမှုအနည်းငယ်ကို ခံစားမိသဖြင့် ဘေးတွင် စကားတစ်ခွန်းမျှ မဆိုပဲ ရပ်နေသည့် ခရမ်းရောင်လူငယ်လေးကို ကြည့်လိုက်သည်။


တစ်ဖက်လူ၏ အကြည့်များက ထူးထူးခြားခြား စစ်ဆေးနေသည့်နှယ် ကျိုးရွှမ်လန်ထံသို့သာ ကျရောက်နေသည်။


အောင်းယွဲ့က နှာခေါင်းရှုံ့လိုက်သည်။

မကောင်းဆိုးဝါးအင်မော်တယ်သခင်ကို ယှဉ်ပြိုင်ဖို့ ဘယ်လိုခွေးတွေ ကြောင်တွေတောင် ရောက်လာတာလဲ...


ကျိုးရွှမ်လန်က မယုတ်မလွန်ဖြစ်နေသော်လည်း သူ့နာမည်ခေါ်ခြင်းကို မဆူငေါက်သဖြင့် အယောင်ဆောင်၏ နှလုံးသားတွင် မျှော်လင့်ချက်မှိန်မှိန်လေး ခံစားလိုက်ရသည်။ သူက ရှန်းလျိုရှန့်၏ ယခင်အပြုအမူများကို ပြန်စဉ်းစား၍ မဝံ့မရဲဖြင့် ရှေ့တိုးလာခဲ့သည်။


သူက မျက်တောင်ခတ်၍ ပြုံးလျက် အနားရောက်မည့်အချိန်တွင် အားတစ်ခုဖြင့် ပေအနည်းငယ်အကွာသို့ ချက်ချင်းတွန်းထုတ်ခံလိုက်ရသည်။


ဝုန်း...


အနီရောင်ဝတ်ဆင်ထားသည့် ပုံရိပ်လေးက မြေပြင်ပေါ်သို့ ခပ်ပြင်းပြင်းပြုတ်ကျသွားသည်။ သူက ချိိီသန့်စင်အဆင့်တွင်သာ ရှိသဖြင့် ဤတစ်ကြိမ်တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ကာ နာကျင်မှုကို သည်းမခံနိုင်ပဲ ပါးစပ်မှ သွေးအန်လိုက်သည်။


အနှီမြင်ကွင်းကို မမျှော်လင့်ထားခဲ့သဖြင့် လူတိုင်းက ထိတ်လန့်သွားကြသည်။ ကျိုးရွှမ်လန်က ရှန်းလျိုရှန့်အပေါ် ထိုကဲ့သို့သော သဘောထားရှိကာ အလွန် ရက်စက်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ချေ။


အောင်းယွဲ့က ထိတ်လန့်သွားသည်။

"ကျိုးရွှမ်လန် မင်းရူးနေလား...သူက မင်းရဲ့ ရှစ်စွမ်းလေ..."


ကျိုးရွှမ်လန်၏အမူအရာမှာ သာမန်သာဖြစ်သော်လည်း သူလက်မြှောက်လိုက်ချိန်တွင် သူ့အမူအရာက ပြောင်းလဲသွားသည်။ မြေပြင်ပေါ်တွင် လဲလျောင်းနေလျက် မထနိုင်သော ပုံရိပ်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းက ငါ့ရဲ့ ရှစ်စွမ်း ဖြစ်ချင်မှတော့ မင်းရဲ့ ဆန္ဒကို ဖြည့်ပေးမယ်..."


အနီရောင်နှင့်လူငယ်လေးက သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို သတိထားမိသောအခါ အလွန်တုန်လှုပ်သွားလျက် လွတ်မြောက်ရန်ကြိုးပမ်းလာသည်။

"နတ်ဆိုးဧကရာဇ်က ဘေး..."


ယန်မင်မြို့ပေါ်တွင် မိုးကြိုးသံများ ပဲ့တင်ထွက်ပေါ်လာခဲ့သည်။


အနက်ရောင်မိုးကြိုး ရိုက်ခတ်သွားကာ မြေပြင်ပေါ်ရှိရုန်းကန်နေသည့်လူ၏ အသနားခံသည့် စကားမဆုံးမီတွင် အနက်ရောင် မီးခိုးဘောလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။


"ဒါက ငါ့ရဲ့ ရှစ်စွမ်းဖြစ်ရခြင်းအတွက် ကံကြမ္မာပဲ..."

ကျိုးရွှမ်လန်၏ နှုတ်ခမ်းပါးများက အနည်းငယ် လှုပ်ရှားသွားသည်။ သူထိုစကားလုံးများကို ပြောချိန်တွင် အကြည့်များက ရှန်းလျိုရှန့်ထံသို့ မရှင်းလင်းသော အဓိပ္ပါယ်နှင့် ကျရောက်လာသည်။


ရှန်းလျိုရှန့်က ရုတ်တရက် မျက်လုံးပြူးသွားကာ ယခုတွင် မတူညီကြောင်း ခံစားနေရခြင်း၏ အဖြေကို ရှာတွေ့သွားခဲ့သည်။


"ဒါက မူလဇာတ်လမ်းက ကျိုးရွှမ်လန်ပဲ..."


ရှန်းလျိုရှန့် နေရာတွင် ကြက်သေသေနေကာ နှလုံးသားတွင် လှိုင်းများ အုံကြွနေခဲ့သည်။ သူ သတိပြန်ဝင်လာချိန်တွင် ကျိုးရွှမ်လန်က သူ့ရှေ့တွင် ရပ်နေလျက် သူတို့နှစ်ဦးသာ ကြားနိုင်သည့် အေးစက်နေသော လေသံနှင့်ပြောလာသည်။

"ပြောင်းပြန်အကြေးခွံ ပြန်ပေးရင် အသက်ချမ်းသာပေးမယ်..."


ရှန်းလျိုရှန့်က တစ်နည်းနည်းနှင့် မရင်းနှီးသောလူကိုကြည့်ကာ ခန္ဓာကိုယ်တွင်းရှိ သွေးများ စီးဆင်းသွား၍ မည်သို့ရင်ဆိုင်ရမည်ကို မသိဖြစ်လျက် အေးစက်နေခဲ့သည်။


ပြောင်းပြန်အကြေးခွံကို တောင်းနေသည်အား ကြားသောအခါ တုံ့ဆိုင်းခြင်းမရှိ ပြောလာသည်။

"မဖြစ်နိုင်ဘူး..."


ဒါကို ကျိုးရွှမ်လန် ပေးထားတာ...သူ့တပည့်ဆီက...နောက်ပြီး သူကျန်ခဲ့တဲ့ တစ်ခုတည်းသော ပစ္စည်းပဲ...


ရှန်းလျိုရှန့်၏ မျက်နှာက ဖြူဖျော့လာကာ မိုးကြိုးများ ရိုက်ခတ်ခံထားရသော မြေပြင်ပေါ်တွင် အော်ဟစ်နေသည့် အောင်းယွဲ့ကို ကြည့်လိုက်သည်။ ထို့နောက်တွင် အလျင်အမြန် ပြေးလာ၍ အောင်းယွဲ့၏ ဝတ်ရုံစကို ဖမ်းဆွဲကာ နှုတ်ခမ်းများတုန်ယင်လာသည်။


"ဘာဖြစ်သွားတာလဲ...အောင်းယွဲ့...ကျိုးရွှမ်လန် ဘယ်မှာလဲ...ကျိုးရွှမ်လန်က ဘယ်ရောက်သွားတာလဲ...ငါ့တပည့် ဘယ်မှာလဲ...အဲဒါ သူမဟုတ်ဘူး...သူ မဟုတ်ဘူးလို့..."


အောင်းယွဲ့က မကောင်းဆိုးဝါးအင်မော်တယ်သခင်၏ သေဆုံးမှုအတွက် သောကရောက်နေချိန်တွင် ရုတ်တရက်ရင်းနှီးနေသည့်အသံကို ကြားလိုက်ရကာ လုံးဝ မရင်းနှီးသော မျက်နှာကို ထပ်မြင်လိုက်ရသည်။ သူက ကြက်သေသေသွားကာ မန္တန်တစ်ခုကို သတိလက်လွတ် ရွတ်ဆိုလိုက်သည်။


ချက်ချင်းပင် ဖြူသော မျက်နှာချောချောလေး ပေါ်လာခဲ့သည်။


လူငယ်လေးက အနက်ရောင်ဆံပင်များကို အနီရောင်ဖဲကြိုးနှင့် ချည်နှောင်ထား၍ ကျောက်စိမ်းဖြူရောင် လက်ချောင်းများက အောင်းယွဲ့၏ အင်္ကျီလည်ပင်းစကို စုဆွဲထားသည်။ မျက်တောင်ရှည်များ တုန်ယင်နေကာ နူးညံသည့်ဇာမဏီ မျက်ဝန်းများက အနီရောင်များနှင့် ပြည့်နှက်နေ၍ အမူအရာမှာ တုန်လှုပ်ချောက်ချားနေမှုကို ဖော်ပြထားသည်။


တိမ်ရှုခင်းစင်မြင့်ရှိ တီးတိုးပြောနေသော လူအုပ်ကြီးက ရပ်တန့်သွားကာ တိတ်ဆိတ်သွားသည်။ အတန်ကြာမြင့်၍ အောင်းယွဲ့က သူ့မူလပုံစံသို့ ပြောင်းလဲကာ အဝေးသို့ ပျံသန်းသွားပြီးနောက်တွင်မှ အခြေအနေက ပေါက်ကွဲသွားသည်။


"အနီရောင်ဝတ်ရုံနဲ့က အတုပဲ...ခရမ်းရောင် ဝတ်ရုံနဲ့ကမှ အစစ်ဟ..."


"နတ်ဆိုးဧကရာဇ်က သူ့ကို ဒီလောက်လိုက်လျောတာ မအံ့သြတော့ပါဘူး...တကယ်ကြီး ရှန်းလျိုရှန့်ပဲ..."


"အာ...အာ..ငါမှားသွားတယ်...သူက ပုံတူပန်းချီထက် အဆတစ်ရာပို လှတယ်..."


ဆူညံသံများ အလယ်တွင် ဖြစ်စဉ်တစ်ခုလုံးအား စားသောက်ဆိုင်အတွင်းမှ မျက်မြင်တွေ့ခဲ့သူ ကုထောင်ထောင်ကမူ ပါးစပ်သေသေချာချာသုတ်၍ လျှပ်စီးများ ရိုက်ခတ်ထားသည့်နေရာသို့ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် ပြတင်းပေါက်မှ ခုန်ချ၍ နောက်လှည့်မကြည့်ပဲ ထွက်သွားလေသည်။


ကြီးမားသော ပုံရိပ်တစ်ခုက တိမ်နှင့်မြူခိုးများကြားတွင် ခေါက်တုံ့ခေါက်ပြန်သွားလာနေသည်။ အောင်းယွဲ့က အတောင်ပံများကို တဖျပ်ဖျပ်ခတ်နေ၍ သူ၏မူလပုံစံသာမဟုတ်ပါက ပါးများကြက်သွေးရောင်သို့ ပြောင်းလဲနေလိမ့်မည်။


မကောင်းဆိုးဝါးအင်မော်တယ်သခင်ရဲ့ရှေ့မှာ သူမှားသွားတာကို ဝန်ခံတယ်...


အောင်းယွဲ့က အရှက်ရမှုကြောင့် ဆွံ့အနေခဲ့သည်။ နောက်ကျောတွင် ထိုင်နေသော ရှန်းလျိုရှန့်၏ နူးညံသည့်အနက်ရောင် ဆံနွယ်များက အရိုင်းဆန်စွာလွင့်နေလျက် ဖွင့်ထားသော မျက်လုံးများက လေတိုက်ခြင်းကို ခံနေရသည်။


သူက အတားအဆီးတည်ဆောက်ရန် ဝိညာဉ်စွမ်းအင်မရှိသဖြင့် တိုက်ခတ်လာသောလေပြင်းများကြောင့် လွင့်ထွက်မသွားစေရန် အောင်းယွဲ့နောက်ကျောမှသားမွေးများကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ထားရုံသာတတ်နိုင်သည်။


ကျိုးရွှမ်လန်က ဘေးတွင်ထိုင်၍ ကူညီလိုသောရည်ရွယ်ချက်မရှိပဲ ဂရုမစိုက်ဟန်နှင့် စောင့်ကြည့်နေခဲ့သည်။


ရှန်းလျိုရှန့်က သူ့ကို ကြည့်လိုက်သည်။ အောင်းယွဲ့၏ ပြောပြချက်အရ နိုးလာသည့်အချိန်မှစ၍ ကျိုးရွှမ်လန်က

မတူညီသော လူတစ်ယောက်ဖြစ်သွားကာ မှတ်ဉာဏ်များ ပျောက်ဆုံးသွားသည်ဟု ဆိုသည်။


ရှန်းလျိုရှန့်၏ နှလုံးသားအတွင်း၌ အနည်းငယ်အေးစက်နေသည်။ သူ့ရှေ့ရှိ ကျိုးရွှမ်လန်က မူလဇာတ်လမ်းမှ ကျိုးရွှမ်လန် ဖြစ်နိုင်သည်။