Chapter 152
ဤလောကမှ မှတ်ဉာဏ်များ ပျောက်ဆုံးနေကာ မူလဇာတ်လမ်းမှ မှတ်ဉာဏ်သာ ရှိနေသည်။ သို့မှသာ သူ့ရှစ်စွမ်းအပေါ်ဆက်ဆံသည်က အဓိပ္ပါယ်ရှိသည်။ သို့သော် ထိုသူ၏အခြေတည်ဝိညာဉ်က သူ၏အသက်စွမ်းအင်ကို အသုံးပြု၍ ရှန်းလျိုရှန့်၏ဝိညာဉ်ကို အားဖြည့်စေခဲ့၍ ထိုသူက မူလဇာတ်လမ်းမှ ကျိုးရွှမ်လန် ဖြစ်သင့်သည်။
သို့သော် အရှေ့တွင်ရှိနေသည့်လူက မဖြစ်နိုင်ပုံပင်။
ရှန်းလျိုရှန့်၏အတွေးများက အနည်းငယ်ရှုပ်ထွေးနေသည်။ ဖန်ကျုံးချင်း၏ စကားအရ သူသည် မူလတည်းက ဤလောကမှ ဖြစ်သည်။ မူလဇာတ်ကြောင်းဟုခေါ်ဆိုနိုင်သည့်အရာက သူ့ဝိညာဉ်ထွက်သွားပြီးလောကဟု သတ်မှတ်နိုင်သည်။ သို့သော်လည်း တစ်ယောက်ယောက်က သူ့ကိုကယ်တင်၍ မူလဇာတ်ကြောင်းတွင် ဖော်ပြထားသည့်အနာဂတ်ကို ပြောင်းလဲစေခဲ့သည်။
ဒီလိုဆိုရင် မူလဇာတ်လမ်းထဲက ကျိုးရွှမ်လန်က ဘာလဲ...
ရှန်းလျိုရှန့်က သူ၏ဖြူသွယ်သောလက်ချောင်းရှည်များကို ကျစ်ကျစ်ဆုပ်ထားခဲ့သည်။
တပည့်ဖြစ်သူနှင့် သခင်ကျိုးရွှမ်လန်က လုံးဝမတူညီသော ဝိညာဉ်များဖြစ်သည်။
သူတို့က လူနှစ်ယောက်လား ဒါမှမဟုတ် မှတ်ဉာဏ်တွေ မတူတဲ့ တစ်ယောက်တည်းလား...
မှတ်ဉာဏ်ပြန်မရမီတွင် သူက ခေတ်သစ်ကမ္ဘာမှ သရုပ်ဆောင် ရှန်းလျိုရှန့်ဟု အခိုင်အမာ ယုံကြည်ခဲ့သည်။ မှတ်ဉာဏ်ပြန်ရပြီးနောက်မှ ဤကမ္ဘာမှ ရှန်းလျိုရှန့်ကလည်း သူဖြစ်ကြောင်း ရှာတွေ့သွားခဲ့သည်။
ရှန်းလျိုရှန့်က မျက်လုံးများ တဖျပ်ဖျပ်ခတ်၍ ခန္ဓာကိုယ်ကို လုံးဝအပိုင်သိမ်းလိုက်ခြင်း သို့မဟုတ် သခင်ကျိုးရွှမ်လန်နှင့် သက်ဆိုင်သည့် အစိတ်အပိုင်းဖြစ်နေခြင်း ဟုတ်မဟုတ် မသေမချာဖြစ်နေခဲ့သည်။ ဝိညာဉ်၌ ဖုံးကွယ်နေသော မှတ်ဉာဏ်များ ပြန်ရသော်ငြား အမည်မသိအကြောင်းအရင်းတစ်ချို့ကြောင့် အတိတ်မှ မှတ်ဉာဏ်များ ပျောက်ဆုံးသွားကာ ဤအခြေအနေကို ဖြစ်စေခဲ့သည်။
ရှန်းလျိုရှန့် စဉ်းစားနေချိန်တွင် မကျေချမ်းမှုတစ်စွန်းတစ်စပါဝင်နေသည့် အနီရောင်စွန်းနေသော မျက်ဝန်းနက်များကို ပြန်သတိရသွားသည်။
သူ့လက်ချောင်းထိပ်များ တုန်ယင်သွားသည်။
မှတ်ဉာဏ်များက အကြောင်းပြချက်မရှိ ပျောက်ကွယ်မသွားပေ။
ဟုတ်တယ်...ငါက ကျိုးရွှမ်လန်ကို ဝမ်းနည်းအောင် လုပ်ခဲ့တော့ ကျိုးရွှမ်လန်က ငါ့ကို မေ့ချင်တယ်...ဒါ့ကြောင့် အတိတ်မှတ်ဉာဏ်တွေကို တမင်တကာမြှုပ်နှံလိုက်တာပဲ...
ရှန်းလျိုရှန့်က နှလုံးသားထဲမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာကာ အောင်းယွဲ့၏သားမွေးကို ကိုင်ထားသည့်လက်များက သတိလက်လွတ်ပြေလျော့သွားသည်။
အောင်းယွဲ့က မိုင်ထောင်ချီကို အံ့အားသင့်ဖွယ်အရှိန်နှင့် မျက်တောင်တစ်ခတ်အတွင်း ပျံသန်းနိုင်သည်။ ထိုင်နေစဉ်တွင် ပိတ်ဆို့ရန် အတားအဆီးမရှိသဖြင့် ရှန်းလျိုရှန့်က လက်လွှတ်လိုက်သောအခါ လေပြင်းကြောင့် မီးခိုးရောင်အမွေးပွခွေး၏ နောက်ကျောမှ ချက်ချင်းပင် လွင့်ထွက်သွားသည်။ ခန္ဓာကိုယ်တစ်ဝက်က လေထဲတွင် တွဲလျားကျ၍ ပေထောင်ချီမြင့်သည့် တိမ်ပေါ်မှ ပြုတ်ကျသွားလုနီးနီးဖြစ်သွားသည်။
ထိုအချိန်၌ ကျစ်လျစ်သန်မာသော လက်တစ်ဖက်က ရှန်းလျိုရှန့်ကို ဖမ်း၍ အလျင်အမြန်ပြန်ဆွဲတင်လိုက်သည်။
ကမ္ဘာကြီးလည်သွားကာ ရှန်းလျိုရှန့်၏ နောက်ကျောက ကျယ်ပြန့်သောရင်ဘက်နှင့် ဆောင့်မိသွားသည်။ သူ၏ခါးက တင်းတင်းကြပ်ကြပ်ဖက်တွယ်ခံထားရပြီး ရင်းနှီးနေသည့် ပွေ့ဖက်မှုအတွင်းသို့ ကျရောက်သွားကာ နွေးထွေးသောအသံရှူငွေ့က သူ့ကို လွှမ်းခြုံသွားသည်။
ရှန်းလျိုရှန့်က တစ်ဒင်္ဂမျှ ကြက်သေသေနေပြီးနောက်တွင် နောက်ကျောဘက်မှ သူ၏ လျင်မြန်နေသည့် နှလုံးခုန်နှုန်းကို ခံစားလိုက်ရသည်။
ငါ စိတ်လှုပ်ရှားနေတယ်...ငါက သူ့အတွက် စိတ်လှုပ်ရှားနေတယ်...
ရှန်းလျိုရှန့်က မျက်နှာပေါ်တွင် ဆွံ့အနေသောအမူအရာနှင့်ကျိုးရွှမ်လန်ကို လှည့်ကြည့်လိုက်သည်။ ကျိုးရွှမ်လန်က သူ့ကို ကယ်တင်ရန်အစီအစဉ်မရှိပုံရသည်။ သို့သော် တစ်ချို့သောအကြောင်းပြချက်များကြောင့် ကျိုးရွှမ်လန်က သူ့ကို ကာကွယ်ရန် အခုထိ ရင်ခွင်ထဲ ဆွဲသွင်းထားခဲ့သည်။
ခန္ဓာကိုယ်က သတိမမူမိပဲ ထိန်းချုပ်မှု လွတ်သွားပုံရသည်။
ကျိုးရွှမ်လန်က မျက်နှာကိုငုံ့၍ ရင်ခွင်တွင်းမှသူကို လွတ်ပေးကာ အကြင်နာမဲ့စွာ တွန်းထုတ်လိုက်သည်။
တွန်းထုတ်ခံလိုက်ရသော ခရမ်းရောင်လူငယ်လေးက တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်နှယ် မျက်ခုံးများ ဖြည်းဖြည်းချင်း ပြေလျော့သွားကာ ချောမောသော မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
အဲဒါ ကျိုးရွှမ်လန်ပဲ...
ရှန်းလျိုရှန့်က ဇာမဏီမျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ လေပြင်းပြင်းများအတွင်းတွင် နောက်လှည့်၍ ကျိုးရွှမ်လန်၏ အနောက်၌ ပုန်းကွယ်လိုက်ကာ ရွှေရောင်အဆင်အယင်နှင့် အနက်ရောင်ဝတ်ရုံကို လက်ချောင်းသွယ်သွယ်များဖြင့် ဆုပ်ကိုင်လိုက်သည်။
ကျိုးရွှမ်လန်၏ အသံက ရုတ်တရက်အေးစက်လာသည်။
"လွှတ်စမ်း..."
၎င်းကိုကြားသောအခါ ရှန်းလျိုရှန့်က ပို၍တင်းတင်း ဆုပ်ကိုင်လိုက်သည်။ ကျိုးရွှမ်လန်က မျက်လွှာချ၍ ခါးပေါ်ရှိလက်ကို မှုန်တေတေ ကြည့်လာသည်။ သူ ထိုလက်ကို သူ့ဝတ်ရုံမှတွန်းလွှတ်လိုက်ချင်သော်လည်း တစ်ဖက်လူက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ အကယ်၍ သူတွန်းအားပေးဖယ်ထုတ်လိုက်ပါက ရှန်းလျိုရှန့်၏ လက်ချောင်းများက မလွဲမသွေ ဒဏ်ရာရသွားလိမ့်မည်။
ပြောင်းပြန်အကြေးခွံကြောင့် ကျိုးရွှမ်လန်က သူ့ကို ထိခိုက်စေ၍မရပေ။ သို့ဖြင့် ရှန်းလျိုရှန့် လက်ပေါ်သို့ ကျရောက်သည့်အားက လျော့နည်းလာသည်။
လေမှပုန်းကွယ်နေသော လူငယ်လေးက ၎င်းကို သတိပြုမိသွားသောအခါ အသံတိုးတိုးနှင့်မေးလာသည်။
"ဘယ်လိုလဲ...ငါလက်ကကိုင်လို့ကောင်းလား..."
ကျိုးရွှမ်လန် : "....."
ကျိုးရွှမ်လန်တစ်ယောက် အတားအဆီးကို တည်ဆောက်လိုက်သည်။
လေတိုးခြင်းကို အတားအဆီးက တားမြစ်ထားခဲ့သည်။ ရှန်းလျိုရှန့်က နောင်တရစွာ သက်ပြင်းချ၍ လက်လွတ်ပေးလိုက်သည်နှင့် ချက်ချင်းပင် သူ၏မေးစေ့ ဖမ်းဆွဲခံလိုက်ရပြီး မှင်ကဲ့သို့ မျက်လုံးနက်နက်များကို ရင်ဆိုင်ရန် မျက်နှာကို ဖိအားပေး ပင့်မခံလိုက်ရသည်။
ကျိုးရွှမ်လန်က သူ့နှုတ်ခမ်းပါးများကို အနည်းငယ်လှုပ်ရှားလိုက်ပြီး အေးစက်သည့် စကားလုံးများ ထွက်ပေါ်လာသည်။
"ပြောင်းပြန်အကြေးခွံကို ပြန်ပေး...မဟုတ်ရင် ရွှမ်ယောင်နန်းတော်ကိုရောက်တဲ့အခါ အသက်မရှင်ပဲ သေသွားလိမ့်မယ်..."
ရှန်းလျိုရှန့်၏ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းလိုက်သည်။
မူလဇာတ်လမ်းက သခင်ကျိုးရွှမ်လန်ရဲ့ စိတ်နဲ့ဆိုရင် တစ်ခုခုကို တောင်းဖို့ ဘယ်လိုလုပ် အချိန်အများကြီး အကုန်ခံနေမှာလဲ...လူကိုသတ်ပြီး ပစ္စည်းကို သိမ်းလိုက်မှာပဲလေ...
ယခုအချိန်၌ သူက ရှန်းလျိုရှန့်ကို မမှတ်မိနေသဖြင့် မူလဝတ္ထုမှ ဗီလိန်ရှစ်စွမ်းဟု ထင်နေလိမ့်မည်။ ဤအခြေအနေအရ ရှန်းလျိုရှန့်ကို နှုတ်ဖြင့် အလွယ်တကူ ခြိမ်းခြောက်ရန်မှာ ပို၍ မဖြစ်နိုင်ပေ။
ဖြစ်နိုင်တာက...
ရှန်းလျိုရှန့်၏ ဇာမဏီမျက်ဝန်းများက ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားသည်။
"မင်းက ငါ့ကို နာကျင်အောင် မလုပ်နိုင်ဘူးလား..."
ကျိုးရွှမ်လန်၏ မျက်နှာက အုံ့မှိုင်းလာသည်။
"မင်းကိုနာကျင်စေဖို့ တစ်ခြားသူတွေကို ငါ ခိုင်းလို့ရတယ်..."
ကိုယ်တိုင် မလုပ်နိုင်ရင်တောင် ရှန်းလျိုရှန့်ဆီကနေ ပြောင်းပြန်အကြေးခွံပြန်ယူဖို့ နည်းလမ်း အများကြီးရှိတယ်...
သို့သော် သူ့စကားဆုံးသွားချိန်တွင် ရှန်းလျိုရှန့်တစ်ယောက် လက်ညှိုးဆန့်ထုတ်၍ ကိုယ့်ပါးကိုယ်ထိုးကာ မိတ်ဆက်ပေးလာသည်။
"ဒါပေမဲ့ ငါက အခြေခံအုတ်မြစ်တည်အဆင့်မှာပဲရှိနေပြီးတော့ စာရွက်လိုပဲ ထိခိုက်လွယ်နေတာ...ဘယ်လို တိုက်ခိုက်မှုမျိုးမှ မခံနိုင်ဘူး...ဂရုမစိုက်လို့ သေသွားခဲ့ရင် မင်း ပြောင်းပြန်အကြေးခွံကို ဘယ်တော့မှ ပြန်ရမှာ မဟုတ်ဘူးနော်..."
ကျိုးရွှမ်လန်က တည်ငြိမ်စွာ ပြောလာသည်။
"စိတ်မပူပါနဲ့ မင်းမသေနိုင်ဘူး...မင်းမသေနိုင်ပေမဲ့ ရှင်လည်းမရှင်နိုင်ဘူး..."
ရှန်းလျိုရှန့်က အလွန်ထိတ်လန်စွာ ပါးစပ်ဖွင့်လိုက်သည်။
"အမှောင်ခန်းလား..."
ကျိုးရွှမ်လန်က သူ့ကိုကြည့်၍ မည်သည်မျှမပြောပေ။
ရှန်းလျိုရှန့်က ဆက်လက်ခန့်မှန်းနေသည်။
"ဒါမှမဟုတ် ငါ့လက်သည်းတွေကို ဝါးချောင်းတွေနဲ့ ထိုးဖောက်မှာလား..."
ကျိုးရွှမ်လန်က သူ့ကို လျစ်လျူရှူနေဆဲပင်။
ထို့ကြောင့် ရှန်းလျိုရှန့်က ထပ်မံပြောဆိုနေ၍ အဆိုးဆုံးရလဒ်ကို သိချင်လာသည်။
"ငါ့ကို ရေရောပေးမှာလား...အစားအစာရော..ငါ့ဒဏ်ရာတွေအတွက် ဆေးရောပေးမှာလား...အိပ်လို့ရောရလား..."
သူက အနည်းငယ်မျှ အသည်းအသန်မေးမြန်းလာသည်။
" သကြားလုံးရော...ဝတ္ထုစာအုပ်ရော ဖတ်နိုင်သေးလား..."
ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကို ဂရုမစိုက်ဟန်နှင့်ကြည့်ကာ လက်မြှောက်၍ တိတ်ဆိတ်ခြင်း နည်းစနစ်ကို အသုံးပြုပြီး စကားဝိုင်းကို တိတ်ဆိတ်စေလိုက်သည်။
ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားသည်။ ရှန်းလျိုရှန့်က ကျိုးရွှမ်လန်နှင့် အတားအဆီးတစ်လွှာခြားနေသဖြင့် အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ ထို့နောက် အောင်းယွဲ့၏ကျောပေါ်သို့ လဲကာ မီးခိုးရောင်အမွေးများကို အဆက်မပြတ် ဆော့ကစားနေခဲ့သည်။
သိပ်မကြာမီတွင် မျက်တောင်များ ငိုက်စင်းလာကာ အိပ်မောကျသွားသည်။
ကျိုးရွှမ်လန်က ငြိမ်းချမ်းစွာ အိပ်မောကျနေသည့် မျက်နှာလေးကို နက်မှောင်သော မျက်ဝန်းများနှင့် စောင့်ကြည့်နေခဲ့သည်။
ဤလောကက သူ့မှတ်ဉာဏ်များနှင့် အလွန်ကွာခြားနေခဲ့သည်။ အကြီးမားဆုံးကွာခြားမှုမှာ သူ့အရှေ့တွင်ရှိသောသူက သူ၏ ရူးမိုက်သည့်ဆရာဖြစ်သူနှင့် လုံးဝကွာခြားနေခြင်းဖြစ်သည်။ ထို့အပြင် လင်ယဲ့ ၊ ယဲ့ပင်းရန် ၊ ရှုရှင်းချန်နှင့် အခြားသူများက စုပိုင်ချယ့်ကို မစွဲလမ်းတော့ပဲ ရှန်းလျိုရှန့်ကိုသာ အာရုံစိုက်နေခဲ့ကြသည်။
ကျိုးရွှမ်လန်၏ မျက်လုံးများအနည်းငယ် မှေးကျဉ်းသွားသည်။ ရှန်းလျိုရှန့် မည်သို့ ဖြစ်သွားသည်ကို သူစိတ်မဝင်စားသော်ငြား ပြောင်းပြန်အကြေးခွံက သူ့အတွက် အလွန်အရေးကြီးသဖြင့် မထိခိုက်စေပဲ ပြန်ယူရမည်။
သေချာတာကတော့ ပြန်ရပြီးသွားရင် ဒီလူ...အသက်မရှင်စေရဘူး...
ရှန်းလျိုရှန့် နိုးလာသောအခါ တိမ်မြူများကြားမှ မြင့်မားသည့် ရွှမ်ယောင်နန်းမျှော်စင်ကြီးကို တွေ့လိုက်ရသည်။
သူက အထိတ်တလန့် ထထိုင်၍ ပြောလာသည်။
"အိုး..မဟုတ်သေးဘူး...ငါရွှမ်ယောင်နန်းတော်ကို ရောက်လာပြီ...မင်း ငါ့ကို သတ်ခွင့် မပြုနိုင်ဘူး.."
အနက်ရောင်ဝတ်ရုံနှင့်သူက ခေါင်းကိုပင့်၍ ဘေးတစ်စောင်းကြည့်လာသည်။
"မင်းမှာ ရွေးချယ်စရာရှိလို့လား..."
ရှန်းလျိုရှန့်က ဘေးဘက်သို့ကြည့်၍ အနားတိုးလာကာ မျက်တောင်ခတ်လျက်မေးလာသည်။
"အသနားခံတာရော အသုံးဝင်လား..."
"ပြောင်းပြန်အကြေးခွံကိုပေးရင် အသက်ချမ်းသာပေးမယ်..."
ကျိုးရွှမ်လန်က အန္တရာယ်များသော အကြည့်ကို ပြသထားသည်။
"တကယ်လို့ မင်းလက်နှေးနေမယ်ဆိုရင် ငါ့ရဲ့ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားတဲ့အခါ ထွက်သွားခွင့် ပြုမှာမဟုတ်တော့ဘူး.."
သူ့စကားဆုံးသွားသောအခါ ရှေ့ရှိလူငယ်လေးက ထိတ်လန့်မှုကြောင့် ဖြူဖျော့လာသည်ကို တွေ့လိုက်ရသည်။
"ဘာပဲဖြစ်ဖြစ် သေရမှာပဲလား..."
ကျိုးရွှမ်လန်က မျက်မှောင်ကြုတ်လိုက်သည်။
"ငါပြောတာက မင်းပေးသရွေ့..."
စကားတစ်ဝက်တွင် ခပ်ဟဟပွင့်နေသော နှုတ်ခမ်းပါးများက ချိတ်ပိတ်ခံလိုက်ရသည်။ ရှန်းလျိုရှန့်က ရှေ့သို့ ပြန်မှီလိုက်၍ နှုတ်ခမ်းပါးများ အနည်းငယ်ရွေ့လျားကာ နွေးထွေးသောအသက်ရှူငွေ့အထိအတွေ့ကို ကျိုးရွှမ်လန်၏ နှုတ်ခမ်းပါးများကြားတွင် ချန်ထားခဲ့သည်။
ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှု ပြုလုပ်ပြီးနောက်တွင် လူငယ်လေးက ငါးတစ်ကောင်ကို ခိုးလိုက်နိုင်သော ကြောင်တစ်ကောင်ကဲ့သို့ ပြုံးကာ ထပ်ပြောလာသည်။
"ဘာပဲဖြစ်ဖြစ် သေရတော့မယ်ဆိုမှတော့...ပျော်ပျော်ရွှင်ရွှင်သေရတာ ပိုကောင်းပါတယ်..."
သူ စကားပြောပြီးချိန်တွင် ကျိုးရွှမ်လန်က သတိပြန်မလည်လာသေးသည့်နှယ့် အေးခဲနေကြောင်း တွေ့သောအခါ သူ၏မျက်ဝန်းနက်နက်များက အနည်းငယ်ပြူးကျယ်သွား၍ အမူအရာက တောင့်တင်းလာသည်။
ရှန်းလျိုရှန့်က ကြက်သေသေနေလျက် ယခုအချိန်၌ ပြန်စဉ်းစားလျှင် ကျိုးရွှမ်လန်၏ နှုတ်ခမ်းပါးများက တောင့်တင်းကာ လှုပ်ရှားမှုကင်းမဲ့နေလျက် သူငယ်အိမ် ကျုံ့ဝင်သွားပြီး သတိလက်လွတ် အသက်ရှူအောင့်မိလိုက်ပုံရသည်။
သူက ထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာတွေ့လိုက်သည့်နှယ် ခဏမျှ တိတ်ဆိတ်သွားသည်။
"မင်း တစ်ခါမှ...ဘယ်သူ့ကိုမှ မနမ်းဖူးဘူးလား..."
ကျိုးရွှမ်လန်က သတိပြန်ဝင်လာပြီး မျက်နှာမှာ ရုတ်တရက်မှောင်မည်းသွားသည်။
*******
လွန်ခဲ့သောဆယ့်ခြောက်နှစ်ခန့်က ကျိုးရွှမ်လန်သည် မိုးသည်းထန်နေသောညတွင် နိုးထလာခဲ့ပြီး သူ့ရင်ခွင်ထဲတွင် အနီရောင်ဝတ်ရုံနှင့် လူငယ်လေးကို ထည့်ထားသည်အား မြင်လိုက်ရသည်။
လူငယ်လေး၏ပုံစံက သူ့မှတ်ဉာဏ်ထဲမှ ရှစ်စွမ်းနှင့်တူသော်လည်း တစ်ချိန်တည်းမှာပင် အနည်းငယ်ကွာခြားနေသည်ဟု ထင်ရပေသည်။
ထိုအချိန်က သူ၏ အမည်ခံရှစ်စွမ်းဖြစ်သော ရှန်းလျိုရှန့်က တစ်နှစ်တာလုံး အဖြူရောင်အဝတ်အစားကိုသာ ဝတ်ဆင်လေ့ရှိပြီး မျက်နှာကိုလည်း မျက်နှာချေမှုန့်များ ထူပိန်းနေအောင်လိမ်းထား၍ မျက်နှာအစိတ်အပိုင်းများကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူ၏ ဖြူဖျော့ဖျော့မျက်နှာနှင့်အတူ ယဲ့ပင်းရန်၏ဆံပင်နှင့်တွဲချည်ထား၍ လူတစ်ရပ်စာဖြစ်နေသည့် ဆံပင်ရှည်ကြီးကသာ သတိထားမိစရာ ဖြစ်နေသည်။
သူက တစ်ကြိမ်တစ်ခါသာ သူ့ရင်ခွင်ထဲရှိ လူငယ်လေးနှင့်တူသော မျက်နှာမျိုးကို ပြသဖူးပေသည်။
သို့ဖြစ်၍ ဤလူက ယဲ့ပင်းရန်အပေါ် အလွန်အမင်းစွဲလန်းနေသည့် သူ၏ ရက်စက်သောရှစ်စွမ်း ဟုတ်မဟုတ်ကို မသိပေ။
သို့ဖြစ်၍ ထိုလူကို သူချက်ချင်းဖယ်ပစ်ရန် ဝန်မလေးခဲ့ပေ။ သူနှင့် လုံးလုံးလျားလျား မရင်းနှီးနေသည့် ဤပတ်ဝန်းကျင်မျိုးတွင် ဘေးနားတစ်ဝိုက်ကို တည်ငြိမ်စွာကြည့်၍ အကဲခတ်နေလိုက်သည်။ သူ့ဘေးပတ်ဝန်းကျင်မှ ကြားနေရသည့် ချီးကျူသံများနှင့် လူအချို့၏စကားများကြောင့်သာ အခြေအနေကို အနည်းငယ် သဘောပေါက်လာခဲ့သည်။
ကျိုးရွှမ်လန်၏ မှတ်ဉာဏ်ထဲတွင် လက်ရှိဤလောကနှင့်ပတ်သက်သည့် မှတ်ဉာဏ်တစ်ခုမှ ရှိမနေပေ။ သူ ကိစ္စအချို့ကို မမှတ်မိနိုင်သေးသည့်အတွက် နောင်တရနေပြီး အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင်နေရန် ကြိုးစားနေသည်။ ယခင်ဘဝတွင်မူ သူက သုံးလောက၏ အရှင်သခင်ဖြစ်ခဲ့ကာ နတ်ဆိုးမျိုးနွယ်ဟူသည့် အသွင်စစ်ကို မဖော်ထုတ်ခဲ့ပေ။
ဤဘဝတွင်မူ သူ နတ်ဆိုးဖြစ်ကြောင်း အားလုံးသိသွားသော်လည်း သူက နတ်ဆိုးဘုရင်အဆင့်တွင်သာ ရှိနေသေးသည်။
ကျိုးရွှမ်လန်က ထိုသို့ဖြစ်နေခြင်းကို လက်မခံနိုင်ခဲ့ပေ။ သူက နတ်ဆိုးဘုရင်များစွာကို ဆန့်ကျင်ပြီး အလောင်းတောင်ကို တက်နင်း၍ သွေးပင်လယ်ကို ခြေချကာ နတ်ဆိုးဧကရာဇ်နေရာကို အရယူနိုင်ခဲ့သည်။ သူ့စိတ်ထဲ အနည်းငယ်ကျေနပ်သွားချိန်တွင်မူ ခန္ဓာကိုယ်ပေါ်မှ ပြောင်းပြန်ကြေးခွံက ပျောက်ဆုံးနေကြောင်း သိလိုက်ရသည်။
သူ့ထံတွင် အတိတ်ကမှတ်ဉာဏ်တစ်ခုမှ မရှိသောကြောင့် ရှန်းလျိုရှန့်ကို အကြေးခွံပေးခဲ့သည်ဟု စိတ်ထဲတွင် ထင်နေမိသည်။
၎င်းက သူ့အတွက် နားမလည်နိုင်ဆုံးအရာ ဖြစ်ခဲ့သည်။
ထိုလူက ယဲ့ပင်းရန်အတွက်သာ အမြဲတွေးတောနေပြီး ကိုယ့်ကိုကိုယ်အထိခိုက်ခံကာ ခဏခဏ သေလမ်းသို့ရောက်သွားလေ့ရှိသည်။
နောက်ဆုံးတော့ ယဲ့ပင်းရန်ကို သေလမ်းကကယ်ပေးတဲ့ နာမည်ခံဆရာက တကယ်တမ်းကျ ငါနဲ့ အချစ်ရေးအရ ပတ်သက်မှုမျိုး ရှိနေခဲ့တာလား...
ကျိုးရွှမ်လန်၏စိတ်ထဲ စက်ဆုပ်သွားမိပြီး ထိုအပြုအမူများ ပြုလုပ်ခဲ့သူက သူကိုယ်တိုင်မဟုတ်ဘဲ အခြားတစ်ယောက်ဟုသာ တွေးလိုက်သည်။
ငါက အဲလိုဖြစ်စရာအကြောင်း မရှိဘူး...
ရှန်းလျိုရှန့် သေဆုံးသွားပြီးသည့်နောက်တွင် ပြန်လည်ရှင်သန်လာခြင်းမရှိတော့၍ ပြောင်းပြန်ကြေးခွံကိုလည်း မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ချေ။
သို့သော်ယနေ့တွင် နီလင်း(ပြောင်းပြန်ကြေးခွံ)၏အော်ရာကို သတိပြုမိသောကြောင့် သူ အလျင်စလို ရောက်လာခဲ့ခြင်းဖြစ်သည်။
သူ့ရှေ့မှလူငယ်လေးမှာ သူသိသော ရှန်းလျိုရှန့်နှင့် အလွန်ကွာခြားကာ အကြောက်တရားလည်း မရှိသည့်အပြင် သူ့ကို သူ့ချစ်သူကျိုးရွှမ်လန်ဟု သဘောထားနေပုံရသည်။
ကျိုးရွှမ်လန် ပိုးလက်ကိုင်ပဝါထုတ်၍ နှုတ်ခမ်းကို သုတ်လိုက်ပြီးနောက် သူ့မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များဖြင့် ပြည့်လာသည်။
သူ့အပြုအမူကိုတွေ့သောအခါ ရှန်းလျိုရှန့် သူ့နှုတ်ခမ်းကိုသူ ပြန်ကုတ်လိုက်မိပြီး မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်မိသည်။ ကျိုးရွှမ်လန်က အသန့်ကြိုက်သည့်ရောဂါရှိနေသည်လားဟု သူ ပထမဆုံးအနေဖြင့်တွေးမိလိုက်သည်။ ထိုသို့မဟုတ်ပါက သူ့ကိုမကြိုက်ကြောင်း သိသိသာသာပြသနေမည်မဟုတ်ပေ။
ရှန်းလျိုရှန့်၏ရင်ထဲတွင် အုံ့မှိုင်းသော နွေဦးလေပြည်တစ်ချက် တိုက်ခတ်သွားပြီး စကားပြောရန် ပြင်လိုက်သည်။ ထိုအချိန်တွင် လက်ချောင်းသွယ်သွယ်က သူ့ကုတ်ပိုးမှတစ်ဆင့် ရှေ့သို့တဖြည်းဖြည်းရောက်လာပြီး လည်ပင်းတွင်ရပ်တန့်သွားကာ သူ့ကို ရုတ်တရက်ထပြီး လည်ပင်းညှစ်တော့သည်။
ကျိုးရွှမ်လန်က လက်ချောင်းများကို တင်းကြပ်လိုက်ပြီး လည်တိုင်သွယ်သွယ်လေးကို ဖိညှစ်လိုက်သည်။
အောင်းယွဲ့က ထိုအခြေအနေကို လုံးဝ သတိမပြုမိပေ။ သူ၏မီးခိုးရောင်တောင်ပံများ တဖျတ်ဖျတ်ခတ်၍ ရွှမ်ယောင်နန်းတော်ရှိရာဘက်သို့သာ လှည့်ထားသောကြောင့် သူ့မျက်ကွယ်ရာဘက် ဖြစ်သွားသည်။
သူ့ကျောပေါ်မှ ခရမ်းရောင်ဝတ်ရုံနှင့်လူငယ်လေးမှာ ခေါင်းမနည်းမော့ထားပြီး သူ့မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အကြည့်တစ်မျိုး ရှိနေသည်။ ကျိုးရွှမ်လန်၏ တောင့်တင်းသောလက်ကောက်ဝတ်ကို လက်နှစ်ဖက်ဖြင့်ဆွဲထားပြီး သူ့လည်ပင်းကိုညှစ်ထားသည်အား ပြေလျော့လာရန် ကြိုးပမ်းနေသည်။
သို့ရာတွင် ကျိုးရွှမ်လန်
က လည်ပင်းကိုညှစ်ထားသည်အား ပိုမိုအားထည့်လိုက်သည်။
အားပြင်းသောကြောင့် သူ့လက်ဆစ်များပါ ဖြူဖွေးလာပြီး လက်ဖျံပေါ်တွင်လည်း အပြာရောင်သွေးကြောများ ထောင်တက်လာလေသည်။
သူက သားကောင်ကိုသတ်ပစ်ရန် ဆုံးဖြတ်ထားသည့်ဟန် တူသည်။