အပိုင်း ၁၅၃
Viewers 30k

Chapter 153




ကျိုးရွှမ်လန်၏ မျက်လုံးများက အေးစက်နေပြီး လည်ပင်းညှစ်ခံထားရသော ရှန်းလျိုရှန့်က မျက်လုံးအပြူးသားနှင့် မယုံကြည်နိုင် ဖြစ်နေသည်။ တဖြည်းဖြည်းစီးဆင်းလာသည့် သတ်ဖြတ်လိုစိတ်ကို သတိပြုမိသောအခါ သူ့အမူအရာက မယုံကြည်နိုင်ရာမှ စိတ်ပျက်ဝမ်းနည်းသွားသည့်ပုံစံ ပြောင်းလဲသွားသည်။


သူ့မျက်လုံးထောင့်များ နီရဲလာပြီး မျက်တောင်ရှည်များက တုန်ယင်နေကာ မျက်ရည်ကျလုဆဲဆဲဖြစ်လာသည်။


" ကျိုးရွှမ်လန်... မင်း ..." 


ရှန်းလျိုရှန့်၏အသံက ဆို့နင့်နေပြီး မနည်းအားတင်း၍ စကားပြောနေရသည်။

" မင်း ဒီထက်ပိုပြီး အားထည့်သင့်တယ် မဟုတ်ရင် ငါ..."


ဂျိန်း...


ကောင်းကင်ယံတွင် ရုတ်တရက်ကြီး မိုးခြိမ်းသံထွက်ပေါ်လာသည်။



ကျိုးရွှမ်လန်၏နှဖူးပြင်ထက်မှ သွေးကြောများက ပေါက်ထွက်မတတ်ဖြစ်လာပြီး ကြောက်မက်ဖွယ်ဖိနှိပ်မှုကြီးတစ်ခုကြောင့် အောင်းယွဲ့က လေထုအလယ်မှ ပြုတ်ကျလုဆဲဆဲဖြစ်သွားသည်။ ဤသို့အခြေအနေပြင်းထန်နေချိန်တွင် ကျိုးရွှမ်လန်၏လက်များက ပိုမိုတင်းကြပ်လာပြီး ရှန်းလျိုရှန့်၏လည်ပင်းကိုညှစ်ထားသည့်အားက ကမ္ဘာတစ်ခုလုံးကိုပင် ဖျက်ဆီးနိုင်လုနီးပါး ဖြစ်လာသည်။


သို့ရာတွင် တစ်ဖက်လူက တက်ကြွနေဆဲဖြစ်ကာ သူ ထိန်းထားခဲ့ရသော မျက်ရည်များကလည်း အငွေ့ပြန်သွားပုံပေါ်သည်။


နီလင်းရှိနေသောကြောင့် သူ ရှန်းလျိုရှန့်ကို မိနစ်ဝက်ခန့်ပင် နာကျင်အောင် မပြုလုပ်နိုင်သည်မှာ သိသာလှသည်။


ကျိုးရွှမ်လန် ယခင်က ဤမျှအထိ စိတ်မဆိုးခဲ့ဖူးပေ။ ရှန်းလျိုရှန့်၏ ဝမ်းနည်းပက်လက်ဖြစ်နေသည့်ပုံစံကို တွေ့သည့်အခါ သူ အောင်မြင်သွားပြီဟု ထင်ခဲ့မိသော်လည်း အားလုံးက အတုအယောင်များ ဖြစ်နေဟန်ရသည်။


" ဝုန်း..."


အောင်းယွဲ့ မြေပြင်ပေါ်ပြုတ်ကျလာပြီး ကြောက်လန့်မှုကြောင့် လှိမ့်ထွက်သွားကာ မီးခိုးရောင်ခွေးပေါက်စလေးတစ်ကောင်အဖြစ် အသွင်ပြန်ပြောင်းသွားသည်။


သူက သူရဲဘောကြောင်နေခြင်းမဟုတ်ဘဲ နတ်ဆိုးမျိုးနွယ်၏သွေးက လက်ဆင့်ကမ်း၍ ဆက်ခံလာသောကြောင့်ဖြစ်သည်။ ကျိုးရွှမ်လန် ရုတ်တရက် ဘာဖြစ်သွားသည်ကို မသိသော်လည်း သူက နဂါးတစ်ကောင်၏စွမ်းအားမျိုးကို ဖွင့်ထုတ်လိုက်ပေသည်။ ဤအခိုက်အတန့်တွင် အောင်းယွဲ့တစ်ယောက်တည်းသာမကဘဲ ရွှမ်ယောင်နန်းတော်တစ်ခုလုံးမှလူများလည်း ဒူးထောက်ချကုန်ပြီး တဆတ်ဆတ် တုန်ယင်နေကြသည်။


ဤဆယ်နှစ်ကျော်ကာလအတွင်းတွင် နတ်ဆိုးဧကရာဇ်က တစ်ကြိမ်တစ်ခါမှ ဒေါသမထွက်ခဲ့ဖူးပေ။ 


ယခုအချိန်တွင် ရွှမ်ယောင်နန်းတော်တစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။


ဤကိစ္စများဖြစ်အောင် ဖန်တီးထားသူက ခေါင်းကို ဘယ်ညာလှည့်ပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းနေကာ သူ့လည်ပင်းပေါ်မှ တောင့်တင်းနေသည့်လက်ကို ထိကြည့်လိုက်ပြီး ပြုံးပြလိုက်သည်။


" မင်း လက်တွေနာမနေဘူးလား လွှတ်လိုက်လေ..."


ကျိုးရွှမ်လန် ငြိမ်ကျသွားသည်။


သို့ဖြစ်၍ ရှန်းလျိုရှန့် နှာခေါင်းတစ်ချက်ရှုံ့ပြီး သူ့မျက်လုံးများ နီရဲလာအောင် အကောင်းဆုံးကြိုးစားလိုက်သည်။

" ‌ဒါဆိုရင်လည်း ငါ အရင်ဆုံး ငိုပြီးတော့ အသနားခံလိုက်မယ်လေ အဲ့တော့မှ မင်းက ငါ့ကိုသနားပြီးတော့ လွှတ်ပေးလိုက်..."


ကျိုးရွှမ်လန် : "..."


သူ အလွန်အားစိုက်ထုတ်ခဲ့သော်လည်း လက်ကို ပြန်ရုတ်လိုက်သောအခါ လူငယ်လေး၏ လည်တိုင်ဖြူဖြူလေးပေါ်တွင် အနီရောင်အရာတစ်ခုသာ ရှိနေသည်။


"..."


လေထုအခြေအနေက အနည်းငယ်တင်းမာလာ၍ နောက်ဆုံးတွင် ရှန်းလျိုရှန့်ကို အသက်ဝဝရှုပြီးသော အောင်းယွဲ့က ဆွဲခေါ်သွားသည်။


ထောင့်တစ်နေရာရှာပြီးသည့်နောက်တွင်မှ ရှန်းလျိုရှန့်ကို ချပေးလိုက်ပြီး လူသားအသွင်ပြောင်းကာ သက်ပြင်းချလိုက်သည်။

" မြို့တံခါးဝကမီးတောက်က ရေကန်ထဲက ငါးတွေကိုပါ သက်ရောက်နိုင်တယ်..."


ရှန်းလျိုရှန့်က ပြောလာသည်။

" ငါ မရှိတုန်း ဘာတွေဖြစ်သွားတာလဲ..."


အောင်းယွဲ့က လွန်ခဲ့သော ၁၆နှစ်ခန့်က အကြောင်းများကို ပြောပြခဲ့သည်။ သူ ရောက်ရှိလာချိန်တွင် ကျိုးရွှမ်လန်က သတိလစ်နေသော်လည်း ရှန်းလျိုရှန့်၏ခန္ဓာကိုယ်ကို ရင်ခွင်ထဲထည့်၍ တင်းကြပ်စွာထည့်ထားခဲ့သောကြောင့် မည်သူကမှ သူတို့နှစ်ယောက်ကို ခွာ၍မရပေ။ သူ ဘာလုပ်ရမည်မသိ ဖြစ်နေစဉ်မှာပင် ကျိုးရွှမ်လန်သတိရလာခဲ့ပြီး သူ၏အကျင့်စရိုက်က သိသိသာသာပြောင်းလဲသွားခဲ့သည်။


ထိုခန္ဓာကိုယ်က သူ့ဆရာ၏ မြင့်မြတ်မှော်ပညာဖြင့် အသွင်ပြောင်းထားသော အခွံလွတ်တစ်ခုသာဖြစ်မည်ဟု ရှန်းလျိုရှန့် မှန်းဆလိုက်သည်။ တစ်လောကလုံးက ရှန်းလျိုရှန့် သေဆုံးသွားပြီဟုထင်မှသာ သူ့ကိုလိုက်ရှာမနေတော့ဘဲ နတ်ဆိုးလောကတွင် ဝိညာဉ်မြှင့်တင်ခြင်း ပြုလုပ်နေသည်ကို အနှောင့်အယှက်မပေးနိုင်မည်ဖြစ်သည်။


အောင်းယွဲ့က ပြောလာသည်။

" ကျိုးရွှမ်လန်က အရမ်းဝမ်းနည်းလွန်းသွားပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ကို ဂရုမစိုက်နိုင်တော့တာနေမယ်... အဲဒါကြောင့် ငါက ရတနာနယ်မြေတစ်ခုရှာပြီး မင်းကိုမြှုပ်ထားခဲ့တာ..."


ရှန်းလျိုရှန့်က သူ့ပခုံးပေါ်လက်တင်ပြီး အသာပုတ်ပေးလိုက်သည်။

" ဒီလိုဆိုရင်တော့ မင်းကို ကျေးဇူးတင်ရတော့မှာပဲ..."


" မင်း ငါ့ကို ကျေးဇူးကြွေးအကြီးကြီး တင်နေပြီ..."


 အောင်းယွဲ့က စိတ်လှုပ်ရှားနေသည့်ဟန်ဖြင့် ညည်းညူလိုက်သည်။

" ငါ အဲ့တုန်းက ဘယ်လောက်တောင် ဖိအားများခဲ့တယ်ထင်လဲ..."


" အဲအချိန်တုန်းက ရှုရှင်း... ဧကရာဇ်နဲ့ လင်ယဲ့ရောက်လာပြီးတော့ တစ်ယောက်က မင်းခန္ဓာကိုယ်ကို နန်းတွင်းပြန်သယ်သွားချင်တယ်... နောက်တစ်ယောက်ကလည်း ချင်းလင်ဂိုဏ်းကိုခေါ်သွားချင်နေတယ် ဘယ်သူမှ လက်မလျှော့ချင်ကြဘူးလေ... သူတို့နှစ်ယောက်သား အသည်းအသန်တိုက်ခိုက်ကြရော အဲ့တော့ငါ့မှာ မင်းခန္ဓာကိုယ်ကြီးကို ညတွင်းချင်း မြှုပ်လိုက်ရတယ်..."


ထိုအချိန်တွင် အောင်းယွဲ့ မျက်ရည်ကျလုမတတ် ဖြစ်လာသည်။

" သူတို့တွေ ငါ့ကိုတောင် သတ်တော့မလို့... ကံကောင်းတာက ငါမင်းရဲ့ကျောက်တိုင်ကို ကိုင်ထားခဲ့မိတယ်လေ... သူတို့က မင်းကို အုတ်ဂူထဲကနေတောင် ပြန်တူးထုတ်ချင်နေကြတာ ငါ လည်ချောင်းထဲက အသံမထွက်နိုင်တော့တဲ့အထိ ' သူအေးအေးချမ်းချမ်း အနားယူပါစေ ' လို့ ဆက်တိုက်ပြော‌တော့မှပဲ နှစ်ယောက်လုံး လက်လျှော့သွားတော့တယ်..."


" မင်း ကျုံးလင်းတောင်ကို သွားကြည့်သင့်တယ် မင်းအတွက်ငါ ရွေးထားတဲ့နေရာက တော်တော်လေးကောင်းတယ်... အဲဒီတစ်တောင်လုံး လိမ္မော်ပင်တွေနဲ့ပြည့်နေတာ..."


ရှန်းလျိုရှန့်၏ရင်ထဲ ခံစားသွားရပြီး ပြောလိုက်သည်။

" နောက်တစ်ခါဆိုရင် ကျိန်းသေပေါက် သွားကြည့်လိုက်ပါ့မယ်..."


သူတို့နှစ်ယောက် အချိန်အတန်ကြာသည်အထိ စကားပြောနေခဲ့ကြ၍ ကောင်းကင်ကြီးပါ မှောင်မည်းလာသည်။ အောင်းယွဲ့က ခေါင်းမော့ကြည့်လိုက်ပြီးနောက် ခဏစဉ်းစားကာ ပြောလိုက်သည်။

" ငါ့ရဲ့ဇာတိမြို့ကို ပြန်သွားရဦးမယ်..."


ရှန်းလျိုရှန့် : " မင်း ဒီမှာမနေဘူးလား..."


အောင်းယွဲ့က အဓိပ္ပါယ်ပါပါဖြင့်ပြောလိုက်သည်။

" အခု မင်း ပြန်ရောက်လာပြီဆိုတော့ ငါ ဘာကိုမှ စိုးရိမ်နေစရာ မလိုတော့ဘူးလေ... ငါ လုပ်စရာရှိတဲ့ကိစ္စတွေ လုပ်ရဦးမယ်..."


ရှန်းလျိုရှန့် : " ဘာကိစ္စတွေလဲ..."


အောင်းယွဲ့က သူ၏ မီးခိုးရောင် တောင်ပံများကို ဖြန့်ကျက်လိုက်သည်။

" မျိုးဆက်တွေမွေးပြီး ကောင်းကင်ဘုံခွေး(ထျန်းကုံ) မျိုးနွယ်ကို ပြန်ရှင်သန်လာအောင် လုပ်ရမယ်လေ..."


ရှန်းလျိုရှန့်က ကျယ်လောင်စွာမေးလိုက်သည်။

" မင်း စုပိုင်ချယ့်ကို လက်လွှတ်လိုက်ပြီလား..."


 " ငါသူ့ကို အထင်မှားခဲ့တာပါ..."


အောင်းယွဲ့က ဆို့နင်နေသောလေသံဖြင့် ပြောလိုက်သည်။

" ငါ တစ်ခါက သူ့ကိုတွေ့တော့... သူ ငါ့ကို ချင်းလင်ဂိုဏ်းမှာ ဆိုပြခဲ့တဲ့သီချင်းကို မှတ်မိလားမေးခဲ့တော့ သူက ဇနီးချောချောလေးနဲ့ပဲ မိသားစုတစ်စု တည်ထောင်ချင်တာလို့ပြောပြီး ငါ့ကို ရက်ရက်စက် မောင်းထုတ်လိုက်တယ်လေ..."


ရှန်းလျိုရှန့် အံ့ဩသွားရသည်။


အောင်းယွဲ့က ထိုကိစ္စကို ထပ်မပြောချင်တော့သည့်ပုံပေါ်သည်။ သူ့အတောင်ပံများကို ဖြန့်ကျက်လိုက်ပြီး ထွက်သွားတော့မည့်အချိန်တွင် ရှန်းလျိုရှန့်က အမြန်ပြောလိုက်သည်။

" အသံကူးပြောင်းလို့ရတဲ့ အင်းစာရွက်တွေဘာတွေ အပိုရှိသေးလား ရှိရင် ငါ့ကိုပေးခဲ့ပါလား..."


အောင်းယွဲ့ ခေါင်းညိတ်ပြလိုက်ပြီးနောက် သိုလှောင်အိတ်ထဲမှ ပစ္စည်းများထုတ်လာပြီး လန့်သွားပုံဖြင့် ပြောလာသည်။

" ဪ သိုလှောင်အိတ်လည်းရှိသေးတယ် ဟုတ်သားပဲ... ငါ သိုလှောင်အိတ်ကို မင်းနဲ့တူတူမြှုပ်လိုက်တယ်..."


ရှန်းလျိုရှန့်က အင်းစာရွက်များကို ယူထားလိုက်ပြီး ပြောလိုက်သည်။

" ကိစ္စမရှိပါဘူး... ငါ နောက်နေ့ကျမှ ကျုံးလင်းတောင်ကိုသွားပြီး သိုလှောင်အိတ်ကို တူးယူလိုက်မယ်..."


အောင်းယွဲ့က အတောင်ပံတဖျတ်ဖျတ်ခတ်ပြီး ပျံသန်းသွားသည်။


ညကောင်းကင်ယံတွင် ကြယ်များနှင့် လမင်းကြီးသာရှိပြီး လေတိုက်ခတ်ခြင်းမရှိသည့်အပြင် တိမ်တိုက်များလည်း ကင်းစင်နေသည်။


ရှန်းလျိုရှန့်က နေရာတစ်ခုတွင်ရပ်ပြီး ချင်းလင်ဂိုဏ်းနှင့် နန်းတွင်းသို့ အသံကူးပြောင်းနိုင်သည့်ဘး အင်းစာရွက်တစ်စောင်စီ ပို့လိုက်သည်။ ထို့နောက် အခြားအင်းစာရွက်တစ်ရွက်ကိုကိုင်ထားစဉ်တွင် ယဲ့ပင်းရန်က ဤနှစ်ပိုင်းများတွင် သူ့အုတ်ဂူ၌ သန့်ရှင်းရေး လာလုပ်ပေးခဲ့သည်ဟူသောအကြောင်းကို ပြန်တွေးမိသွားသည်။ သူ မျက်လွှာချလိုက်ပြီး သက်ပြင်းဖွဖွချလိုက်သည်။ သူ၏ကျေးဇူးတင်မှုကို ဖော်ပြရန်အတွက် ပေလွင်ဓားသခင်ယဲ့ပင်းရန်ထံသို့ အင်းစာရွက်တစ်စောင် ထပ်မံပေးပို့လိုက်ပေသည်။


နောက်ဆုံးတွင် ရှန်းလျိုရှန့်က ကျန်ရှိနေသည့်အင်းစာရွက်များကို သိမ်းထားလိုက်ပြီး ကျိုးရွှမ်လန်ရှိသည့်ဘက်ကို လှမ်းကြည့်လိုက်သည်။


စာကြည့်ဆောင်ထဲတွင်ရှိနေသော ကျိုးရွှမ်လန်က သူ့ထံသို့ ယခုလေးတင် ရောက်ရှိလာသည့် သတင်းများကို လက်ထဲကိုင်ထားသည်။


ယန်မင်မြို့တွင် ကုထျဲ ပေါ်လာခဲ့သည်။


ဤကုထျဲဟူသော နတ်ဆိုးမျိုးက တစ်နှစ်ပတ်လုံး တစ္ဆေမျက်နှာဖုံးစွပ်ထားလေ့ရှိပြီး နတ်ဆိုးလောကနှင့် ကျင့်ကြံရေးလောကအကြား စစ်ပွဲ မဖြစ်ဖြစ်အောင်ပြုလုပ်နေသူဖြစ်သော်လည်း ကျိုးရွှမ်လန်က သူ့ကိုဟန့်တားနိုင်ခဲ့သည်။ ထိုလူကို အနိုင်ယူပြီးသည့်နောက်တွင် ကျန်ရှိနေသော နဂါးဥခွံက ထိုလူနှင့်အတူ ရှိနေကြောင်း သိလိုက်ရသည်။ သူ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့မည့်အချိန်၌ ‌သစ်တောထဲတွင် မိုးများရွာသွန်းလာတော့သည်။

 

သူ၏ နဂါးဥခွံအခြားတစ်ဝက်တွင် အရေးကြီးသည့်အရာများ ပါဝင်နေသည်။


ထို့အပြင် ပြောင်းပြန်ကြေးခွံ...


ကျိုးရွှမ်လန် မျက်လုံးမှိတ်ထားပြီး တွေးနေမိသည်။

နီလင်း(ပြောင်းပြန်ကြေးခွံကို တခြားလူတစ်ယောက်စီ ပေးပစ်တယ်တဲ့လား... ငါသာဆိုရင် ဒီလို ငတုံးအပြုအမူမျိုး လုပ်မှာမဟုတ်ဘူး...


နီလင်းမရှိတော့၍ ဤနှစ်ပိုင်းများတွင် သူ၏ ကျင့်ကြံဆင့်က နှေးကွေးစွာသာ တိုးတက်နေခဲ့သည်။ အတိတ်က ကျိုးရွှမ်လန်မှာ ရှန်းလျိုရှန့်ကို သူ့နံဘေးတွင် ထာဝရထားချင်ခဲ့သောကြောင့် သူ၏အသက်နှင့်ထပ်တူကျသော နီလင်းကို ပေးထားခဲ့ပုံရသည်။


သို့ဖြစ်၍ နီလင်းကို ပြန်မရမီအချိန်ထိ ရှန်းလျိုရှန့်ကို ရွှမ်ယောင်နန်းတော်မှ ထွက်သွားခွင့်မပေးနိုင်ချေ။


ကျိုးရွှမ်လန် စာကြည့်ဆောင်ထဲမှ ထွက်လာပြီးနောက် နေရာတစ်ဝိုက်ကို ဝိညာဉ်အသိစိတ်ဖြင့် အာရုံခံကြည့်လိုက်သည့်အခါ သူ့အိပ်ဆောင်ထဲတွင် လူတစ်ယောက် ရှိနေသည်ကို သိလိုက်ရသည်။


လူငယ်လေးက အိပ်ရာကြီးအပေါ်လှဲလျောင်းနေပြီး နူးညံ့သောစောင်တစ်ထည်ကို ခြုံထားပေသည်။


သူ့မျက်လုံးများကို လက်ဖြင့်အုပ်ထားပြီး နှာတံစင်းစင်း၊ နှုတ်ခမ်းနီနီနှင့် အဝတ်အစားများက လျော့တိလျော့ရဲဖြစ်နေကာ လှပဖြူဖွေးသည့်ညှပ်ရိုးတစ်ဝက်ခန့်ကို ဖော်ထားပြီး ‌နူးညံ့သော အနက်ရောင်‌ဆံနွယ်များက အိပ်ရာပေါ်ပြန့်ကျဲ၍ ဖရိုထရဲဖြစ်နေပြီး ပျင်းရိမှုအချို့ ရောင်ပြန်ဟပ်နေသည်။ 


မည်သို့ပင်ဖြစ်စေ သူ့ပုံစက လှပလွန်းနေသည်။


အိပ်ရာဘေးတွင်ရပ်နေသော ကျိုးရွှမ်လန်က မျက်လွှာချထားပြီး နှုတ်ခမ်းများ အနည်းငယ်တွန့်ကွေးသွားကာ လက်တစ်ချက်ယမ်းလိုက်ပြီး အိပ်ရာပေါ်မှလူကို တံခါးနားအထိ လွင့်ထွက်သွားအောင် လုပ်လိုက်သည်။


" လှိမ့်သွားစမ်း..."


ရှန်းလျိုရှန့် အိမ်မက်မက်နေရာမှ လန့်နိုးလာပြီး စောင်ကိုပတ်လျက်သားဖြင့် အကြိမ်ရေအနည်းငယ်လိမ့်သွားပြီးမှ စင်္ကြန်နားသို့အရောက်‌တွင် ရပ်သွားသည်။


သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ တံခါးက ချက်ချင်းပိတ်သွားပေသည်။ သူ မတ်တပ်ထရပ်ပြီး တံခါးကို မထိနိုင်မီမှာပင် မမြင်ရသော အတားအဆီးတစ်ခုကို ကာရံလိုက်သည်။


အခွင့်အရေးတောင် မရှိတော့ပါလား...


သူ အံကြိတ်ထားလိုက်ပြီး တစ်ဖက်သို့ပြန်လှည့်ကာ စောင်ထဲပြန်ဝင်၍ တံခါးအပြင်ဘက် စင်္ကြန်တွင်သာ အိပ်လိုက်သည်။


ကျိုးရွှမ်လန်၏နှုတ်ခမ်းပါးများက အေးစက်စွာဖြင့် တွန့်ကွေးသွားပြီး လှောင်ပြောင်သရော်သည့် အမူအရာမျိုး ဖြစ်လာသည်။ သူ လက်ဖက်ရည်တစ်ခွက်ငှဲ့တော့မည့်အချိန်၌ လှုပ်ရှားမှုများ ခဏတာ ရပ်တန့်သွားလေသည်။


ရှန်းလျိုရှန့်က စောင်ထဲခေါင်းနှစ်လိုက်ပြီး မျက်နှာက အနည်းငယ် စူပုတ်ပုတ်ဖြစ်နေကာ တောက်ပသည့် ပြောင်းပြန်ကြေးခွံကိုထုတ်လိုက်ပြီး အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးမှ ကြေးခွံကို ညင်ညင်သာသာနမ်းလိုက်သည်။


" ငါ့မှာ ရွေးချယ်စရာမှ မရှိတာ... ပြီးတော့ မင်းကလည်း ငါ့ကိုခုထိ မမှတ်မိသေးဘူး..."


" အ‌ရှေ့ကကိစ္စကိုတော့ ခွင့်လွှတ်ပေးပါ့မယ်... ဒုတိယတစ်ခုအတွက်တာ့ မင်း သတိပြန်ရလာမယ့်အချိန်ကို စောင့်နေပါ့မယ်..."


ပြောင်းပြန်ကြေးခွံ၏ အာရုံက သူ့စိတ်ထဲသို့ ပြန်ရောက်လာသောကြောင့် ကျိုးရွှမ်လန် ခဏတာ မှင်သက်သွားပြီးနောက် တဖြည်းဖြည်းမျက်မှောင်ကြုတ်ကာ နှာမှုတ်လိုက်သည်။


သူက အိပ်ရာပေါ် ဘယ်လိုရအောင်တက်ရမယ်ဆိုတာတော့ သိသားပဲ...


ရှန်းလျိုရှန့်က အပေါ်ဝတ်ရုံကိုချွတ်ထားလိုက်ပြီး တစ်ကိုယ်လုံးကို စောင်ခြုံထားလိုက်ကာ လက်နှစ်ဖက်ကိုခေါင်းအုံး၍ စင်္ကြန်တွင်သာ သက်တောင့်သက်သာဖြင့် အိပ်လိုက်သည်။


နောက်နေ့မနက်စောစောတွင် တံခါးဖွင့်သံကြားရ၍ မျက်လုံးအသာဖွင့်လိုက်ပြီး နာကျင်နေသည့်ကုတ်ပိုးကို အသာပွတ်လိုက်ချိန်တွင် အနက်ရောင်နှင့် ရွှေရောင်ဝတ်ရုံစက သူ့မျက်လုံးရှေ့မှ ဖြတ်သန်းသွားလေသည်။


" နေပါဦး..."


ရှန်းလျိုရှန့်က ဝတ်ရုံစကို လက်တစ်ဖက်ဖြင့် လှမ်းဆွဲလိုက်သည်။ သူက ယခုမှနိုးလာခြင်းဖြစ်၍ လက်တွင် အားမရှိနေသောကြောင့် သေချာမကိုင်ထားလိုက်နိုင်ပေ။ ကံကောင်းသည်မှာ တစ်ဖက်လူက ‌သွားနေရာမှ ရပ်လိုက်သည်။


ကျိုးရွှမ်လန် သူ့ကိုငုံ့ကြည့်လိုက်သည်။


လူငယ်လေးက သူ့ကိုမော့ကြည့်လာပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် ဖြစ်နေသည်။

" ငါ ‌ဗိုက်ဆာလို့..."


ရှန်းလျိုရှန့်၏ ကျင့်ကြံဆင့်က အခြေခံအုတ်မြစ်တည်အဆင့်သို့ ပြန်လည်ရောက်ရှိသွား၍ အစာမစားဘဲနေ၍ မရပေ။ တစ်ညလုံး ဗိုက်ဟောင်းလောင်းဖြင့် နေခဲ့ရသောကြောင့် အိပ်ရာနိုးလာချိန်တွင် အလွန်ဗိုက်ဆာနေပြီဖြစ်သည်။


ကျိုးရွှမ်လန်က သူ့ကို ခဏတာစိုက်ကြည့်နေပြီးနောက် နန်းတော်ထဲမှ အစေခံများကို ဆင့်ခေါ်ပြီး သူ့အတွက် ထမင်းတစ်နပ် ပြင်ဆင်ပေးလိုက်သည်။ ရှန်းလျိုရှန့် ဝမ်းသာသွားမိသော်လည်း သူ စားသောက်ပြီး၍ ပါးစပ်သုတ်ပြီးချိန်မှာပင် ဆွဲခေါ်ခံသွားရလိမ့်မည်ဟု မထင်လိုက်မိပေ။


ကျိုးရွှမ်လန်၏ပုံစံကိုကြည့်ပြီး သူ့စိတ်ထဲ တွေးမိသွားသည်။

ငါ့အတွက် နောက်ဆုံး မနက်စာများလား...


ကျိုးရွှမ်လန်က သူ့ကို ဝိညာဉ်စွမ်းအင်များဖြင့်ပြည့်နေသည့် တိတ်ဆိတ်သည့်အခန်းတစ်ခုကို ခေါ်လာသည်။

" ကျုပ် ဒီမှာ လေ့ကျင့်မှာ... ခင်ဗျား ဒီကနေ ခြေလှမ်းတစ်ဝက်တောင် ထွက်သွားဖို့ စိတ်မကူးနဲ့..."


" ခြေလှမ်းတစ်ဝက်တောင် ထွက်သွားလို့ မရဘူးလား..."


ရှန်းလျိုရှန့်က သူ့အနားတိုးကပ်လာပြီး ရှက်ရွံ့သွားဟန်ဆောင်လိုက်သည်။

" မင်း... မင်း ငါနဲ့ ခဏလေးတောင် မခွဲချင်ဘူးလား..."


ကျိုးရွှမ်လန် : " ပြောင်းပြန်ကြေးခွံက ခင်ဗျားကိုယ်ပေါ်မှာလေ..."


ရှန်းလျိုရှန့် : " ဆင်ခြေကောင်းလေးပဲ..."


ကျိုးရွှမ်လန်၏မျက်နှာတစ်ခုလုံး မည်းမှောင်သွားပြီး ခန္ဓာကိုယ်က လှုပ်ရှားလာကာ သူ့နားကပ်လာသည့် လူငယ်လေးကို တွန်းထုတ်ပစ်လိုက်သည်။

" ဒီအခန်းထဲက မထွက်သွားနဲ့... ဒါပေမဲ့ ကျုပ်နားကိုလည်း ကပ်စရာမလိုဘူး..."


ရှန်းလျိုရှန့်၏နှုတ်ခမ်းများ တွန့်ကွေးလာပြီး တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံရန်ပြင်လိုက်သည်။ 


သို့ရာတွင် သူ့မျက်လုံးများမှိတ်လိုက်သည်နှင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိသွားသည်။ ဤနေရာတွင် ရှိရှိသမျှ ဝိညာဉ်စွမ်းအင်များက ကျိုးရွှမ်လန်ရှိရာသို့သာ တစ်ဟုန်ထိုးပြေးဝင်သွားသောကြောင့် သူ ဖမ်းဆုပ်၍ မရနိုင်ပေ။


ရှန်းလျိုရှန့် မျက်လုံးပြန်ပွင့်လာပြီး မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များ စုဝေးနေသည့်နေရာကို ကြည့်လိုက်သည်။

" ငါ့ကိုနည်းနည်းလောက် မျှပေးလို့ မရဘူးလား..."


သူက အခြေခံအုတ်မြစ်တည်အဆင့်တွင်သာ ရှိနေသေးသူဖြစ်၍ ကျိုးရွှမ်လန်နှင့်ယှဉ်လိုက်ပါက ဤနေရာရှိ ဝိညာဉ်စွမ်းအင်အနည်းငယ်ကိုသာ ဖမ်းဆုပ်နိုင်ပေသည်။ ကျိုးရွှမ်လန်က သူ့ကိုအနည်းငယ်ခန့် ဝေမျှလိုက်လျှင်လည်း ထိခိုက်သွားမည် မဟုတ်ပေ။ 


သို့ရာတွင် ကျိုးရွှမ်လန်၏နက်စွေးစွေးမျက်လုံးများပွင့်လာပြီး သူ့ကိုအေးတိအေးစက်ဖြင့် ကြည့်လိုက်သည်။

" မရဘူး..."


" နည်းနည်းလောက်ပါပဲ..."


" အကုန်လုံးက ကျုပ်အတွက်လေ..."


"..."


ရှန်းလျိုရှန့် ကျယ်လောင်စွာပြောလိုက်သည်။

" ဝိညာဉ်စွမ်းအင်ဆိုတာ အားလုံးအတွက်ပဲလေ မင်းအဲ့လို အပိုင်စီးထားလို့မရဘူး ..."


ကျိုးရွှမ်လန် မျက်လုံးပြန်မှိတ်ထားပြီး သူ့ကိုလျစ်လျူရှု့လိုက်သည်။


ရှန်းလျိုရှန့် အလွန်ဒေါသထွက်လွန်း၍ အံကြိတ်ထားပြီးနောက် အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်တစ်ခုအထိ ဝိညာဉ်စွမ်းအင်များကို ဖမ်းယူနေသည်။ သူ အလွန်မူးဝေနေသောကြောင့် မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သတိလစ်မတတ် ဖြစ်သွားရသည်။


သူ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် မနီးမဝေးရှိ အနက်ရောင်ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ သူ့ဘေးတွင် အေးချမ်းစွာစီးဆင်းနေသည့် ဝိညာဉ်စွမ်းအင်များကို မြင်လိုက်သည့်အခါ သူက အိပ်ငွေ့ချထားသကဲ့သို့ အနေအထားတွင်ရောင်နေ၍ လှုပ်ရှားမှု အသေးစားလေးများက သူ့ကိုနှောင့်ယှက်နိုင်မည်မဟုတ်ဟု တွေးလိုက်မိသည်။


ရှန်းလျိုရှန့် ပျင်းလာသောကြောင့် မကျင့်ကြံနိုင်တော့ဘဲ အခန်းထဲတွင် လျှောက်သွားနေလိုက်သည်။


အခန်းထဲတွင် မှင်တံများ၊ စက္ကူများ၊ မှင်သွေးကျောက်များတင်ထားသည့် သစ်သားစားပွဲကြီးတစ်လုံးရှိနေသည်။ ရှန်းလျိုရှန့် စာရွက်အနည်းငယ်ကို ယူလိုက်ပြီးသည့်နောက် ကျိုးရွှမ်လန်နားကပ်ထိုင်ကာ အပျင်းပြေစေရန် စက္ကူထိုင်ခေါက်နေလိုက်သည်။


သူ စက္ကူတစ်ခုခေါက်ပြီးသည့်အခါ ကျိုးရွှမ်လန်ထံသို့ ပစ်လိုက်သည်။ ကျိုးရွှမ်လန်က ယခုချိန်တွင် မတုံ့ပြန်နိုင်သောကြောင့် သူ့ဒေါသများကို ဖြေလျှော့နိုင်ပေသည်။


ပြောင်းပြန်ကြေးခွံက အနားတွင်ရှိနေသောကြောင့် ကျိုးရွှမ်လန်က ဤဆယ်နှစ်ကျော်အတွင်းတွင် ပထမဆုံးအနေဖြင့် သက်တောင့်သက်သာ ‌ကျင့်ကြံနေခဲ့၏။