Chapter 154
သူ၏ကျင့်ကြံမှုများ ပြီးဆုံးသွားချိန်၌ ညနက်နေပေပြီ။
သူ မျက်လုံးဖွင့်ပြီး နေရာမှထရန် ပြင်လိုက်သည်။ သူ့ဆံပင်၊ သရဖူ၊ ပခုံးနှင့် အဝတ်အစားများပေါ်မှ စက္ကူရုပ်များစွာ ပြုတ်ကျလာပေသည်။ စက္ကူကြိုးကြာ၊ စက္ကူနှင်းဆီ၊ စက္ကူကြယ်၊ စက္ကူဖားရုပ်လေးများ စသဖြင့် အစုံအလင်ဖြစ်သည်။ အားလုံးက သူ့အနားတွင် တောင်တစ်လုံးသဖွယ် စုပုံနေသည်။
ကျိုးရွှမ်လန် မျက်လွှာချလိုက်ပြီးနောက် သူ့မျက်ဝန်းထဲတွင် အုံ့မှိုင်းနေသည့် အရိပ်အယောင်အချို့ ပေါ်လာသည်။
ချက်ချင်းပင် ထိုအခန်းထဲ၌ မိုးမီးလောင်မတတ် ဖြစ်သွား၏။
စားပွဲပေါ်တွင်မှီနေသည့် လူငယ်လေးကို ကြည့်လိုက်ပြီးနောက် သူ့မျက်ဝန်းထဲတွင် ဒေါသမီးတောက်များဖြင့် ပြည့်လာသည်။ ရှန်းလျိုရှန့်ကို ထိခိုက်အောင် မပြုလုပ်နိုင်လျှင်ပင် ထိုစားပွဲကို သူရိုက်ချိုးပစ်နိုင်ပေသည်။
ထိုအချိန်တွင် လူငယ်လေးက ခေါင်းလှည့်ပြီး အိပ်လိုက်သည်။
သူက တစ်နေ့လုံး ဘာမှမစားခဲ့ရပေ။ ရှန်းလျိုရှန့်၏ နှုတ်ခမ်းပါးများက တင်းတင်းစေ့ထားပြီး ကျောက်စိမ်းသဖွယ်ဖြူဖွေးသည့် မျက်နှာလေးပေါ်မှ မျက်တောင်များက ကော့ညွတ်နေသည်။ သူက နှစ်ခြိုက်စွာ အိပ်မောကျနေပေသည်။
ကျိုးရွှမ်လန် သူ့လက်လှုပ်ရှားမှုကို ရပ်တန့်လိုက်သည့်အခါ သူ့လက်ဖဝါးပေါ် စုဝေးနေသည့်စွမ်းအင်များ အလိုလိုပျောက်ကွယ်သွားလေသည်။
သူ့မျက်ဝန်းများက မကြည်မလင်နှင့် ရီဝေဝေဖြစ်နေကာ ရှန်းလျိုရှန့်ကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် ရှေ့တိုးလာပြီး သူ့လက်ချောင်းသွယ်သွယ်များကို စားပွဲပေါ်တင်လိုက်သည်။
သူ ခေါင်းငုံ့ပြီးနောက် ပြောလိုက်၏။
" ထတော့..."
စားပွဲနားတွင် အသံတစ်သံထွက်လာ၍ ရှန်းလျိုရှန့် အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ မော့ကြည့်လိုက်သည့်အခါ အနက်ရောင်ဝတ်ရုံဝတ်ထားသူက တံခါးဝနားပင် ရောက်နေ၍ အမြန်ပြေးလိုက်ရတော့သည်။
တံခါးနားပြေးသွားချိန်တွင် သူ တစ်နေကုန် ခေါက်နေခဲ့သည့်စက္ကူရုပ်များမှာ ခြေရာလက်ရာပင် မကျန်တော့ဘဲ ပြာပုံဘဝရောက်၍ ကြမ်းပေါ်ကျနေကြောင်း တွေ့လိုက်ရသည်။
သူ စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်ပြီး အဓိကလက်သည်ကို ရန်တွေ့ရန် ပြင်လိုက်သည်။ သို့ရာတွင် ကျိုးရွှမ်လန်က နောက်သို့ပြန်လှည့်မကြည့်ဘဲ ညစာစားမည့်အကြောင်း ပြောလာသည်။ ရှန်းလျိုရှန့် ပြောမည့်စကားများကို ပြန်မျိုချလိုက်ပြီး သူ့ကိုပြုံးပြလိုက်သည်။
နန်းတော်အစေခံများက နန်းဆောင်ထဲရှိ စားပွဲပေါ်တွင် ပူပူနွေးနွေးချက်ပြုတ်ထားသည့် စားစရာများကိုတင်ထားသည်။
ကျိုးရွှမ်လန်က မစားတော့ဘဲ စာကြည့်ဆောင်သို့ ထွက်သွားလိုက်သည်။
ရှန်းလျိုရှန့် တစ်ယောက်တည်းသာ တူကိုကိုင်၍ စားစရာများကို ယူစားနေသည်။ ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်နေသော်လည်း ပူနွေးသော အစားအစာများ အစာအိမ်ထဲရောက်သွားပြီးသည့်နောက်တွင် ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေး၍ သက်တောင့်သက်သာဖြစ်လာပေသည်။
ကျိုးရွှမ်လန်က စာကြည့်ဆောင်ထဲမှထွက်လာပြီး စင်္ကြန်ကို ဖြတ်လျှောက်လာသည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ နန်းဆောင်ထဲမှလူငယ်လေးက ယခုမှစားသောက်ပြီးသွား၍ ဗိုက်ပြည့်ပြီး စိတ်ကျေနပ်သွားပုံပေါ်သည်။ သူ မတ်တပ်ထရပ်ပြီး အဆောင်ထဲတွင် လမ်းလျှောက်နေပြန်သည်။ ထို့နောက် တစ်ခုခုကို သတိရမိသွားဟန်ဖြင့် မျက်ခုံးများပင့်တက်လာပြီး ပြေးထွက်သွား၏။
ကျိုးရွှမ်လန် ကိုယ်တိုင်ပင် မသိလိုက်မိဘဲ သူ့အသိစိတ်ကို ရှန်းလျိုရှန့်သွားသည့်နောက်သို့လိုက်၍ ဖြန့်ကျက်စေလိုက်သည်။
ကျိုးရွှမ်လန်၏အိပ်ဆောင်အပြင်ဘက်ရောက်သည့်အခါ ရှန်းလျိုရှန့်က တံခါးကိုဆွဲဖွင့်လိုက်သည်။ အကာအကွယ်က ရှိနေဆဲဖြစ်ကြောင်း သိပြီးသည်နှင့် အံကြိတ်ထားပြီး စကားလုံးအချို့ကို ရေရွတ်လိုက်သည်။
သူ ပြန်ဝင်လာပြီးနောက် စင်္ကြန်လမ်းတွင် စောင်ကိုဖြန့်ခင်း၍ တရားထိုင်နေလိုက်သည်။
" အရှင်မင်းကြီး... အရှင်မင်းကြီး..."
ကျိုးရွှမ်လန် အသိစိတ်ပြန်ဝင်လာပြီး သူ့ကိုလှမ်းခေါ်နေသည့် အစေခံကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
ထိုလူက သတိထား၍ပြောနေသည်။
" အရှင်မင်းကြီး ဒီနေရာမှာရပ်နေတာ တော်တော်လေးကြာပါပြီ... အရေးကြီးကိစ္စတစ်ခုခု ညွှန်ကြားဖို့များ ရှိနေမလားလို့ပါ..."
ကျိုးရွှမ်လန် အံ့ဩမှင်သက်သွားမိပြီးနောက် သူက အတွေးထဲ နစ်မျောနေကြောင်း သိလိုက်သည်။ သူ အထိတ်တလန့်ဖြင့် ဝိညာဉ်အသိစိတ်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ခေါင်းငုံ့ကာ စကားတစ်ခွန်းမှမပြောဘဲ ထွက်သွားလိုက်သည်။
နောက်နေ့တွင်လည်း ရှန်းလျိုရှန့်မှာ ထိုအခန်းသို့ ခေါ်ဆောင်သွားခံရပြန်သည်။
ကျိုးရွှမ်လန်က သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အကာအကွယ်တစ်ခု ပြုလုပ်ထား၍ ရှန်းလျိုရှန့်က သူ့ဘက်သို့မည်သည့်ပစ္စည်းနှင့်မှ ပစ်ပေါက်နိုင်မည်မဟုတ်ပေ။ သူ ကြမ်းပြင်ပေါ်မှ စက္ကူအပုံလိုက်ကြီးကိုကြည့်ပြီး နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
သူ ပျင်းရိလာချိန်တွင် သမ်းဝေလိုက်ပြီးနောက် အရံအတားကို ပြောင်းပြန်ကြေးခွံဖြင့် အသာခေါက်လိုက်သည်။ မမျှော်လင့်ထားသည်မှာ အကာအကွယ်က သူ့ကို မရပ်တန့်ထားတော့ကြောင်း သိလိုက်ရသည်။
ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်ပြီး အကာအကွယ်ထဲ ဝင်သွားလိုက်သည်။
ကျိုးရွှမ်လန် ကျင့်ကြံပြီးသွားသောအခါ မျက်လုံးများဖွင့်လိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး အေးခဲတောင့်တင်းသွားရတော့သည်။
သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ လူငယ်လေးက သူ့ပေါင်ပေါ် မေးတင်ထားပြီး အေးချမ်းစွာ အိပ်မောကျနေသည်။ သူ့လက်တစ်ဖက်က ကျိုးရွှမ်လန် ထွက်ပြေးသွားမည်စိုး၍ ဝတ်ရုံလက်ကို တင်းကြပ်စွာဆွဲထားလေသည်။
ကျိုးရွှမ်လန် : "..."
သူ အခြားလူတစ်ယောက်နှင့် ဤမျှအထိ နီးနီးကပ်ကပ်ကပ် မနေဖူးပေ။
ကျိုးရွှမ်လန်၏လက်က သွယ်လျသော လည်တိုင်လေးပေါ်ရောက်သွားပြီး သူ့မျက်နှာထက်တွင် မသေချာသည့် အမူအရာတစ်မျိုး ဖြစ်နေသည်။ အချိန်အတန်ကြာပြီးသည့်နောက်တွင် လက်က ရှန်းလျိုရှန့်၏မျက်နှာနားသို့ရောက်လာပြီး လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။
ငါ့ကို အသည်းအသန်တွယ်ကပ်ပြီး သူ့ရဲ တပည့်ဟောင်းတစ်ယောက်လို ဆက်ဆံနေတာပဲ...
ကံဆိုးတာတော့ ငါက အဲ့လူမဟုတ်နေဘူး...
ကျိုးရွှမ်လန် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် အေးတိအေးစက်ဖြင့် လူငယ်လေး၏ပါးကိုဆွဲဆိတ်ကာ နှိုးလိုက်သည်။
ရှန်းလျိုရှန့် ဒေါသတကြီးဖြင့် မျက်လုံးများ ပွင့်လာတော့သည်။
ရှန်းလျိုရှန့်က မနက်ပိုင်းတွင် အခန်းထဲတွင် တစ်နေကုန်နေရပြီး ညပိုင်းတွင် စင်္ကြန်၌သာ အိပ်ရသည်။ ဤသို့ဖြင့် ရွှမ်ယောင်နန်းတော်တွင် ရက်ပိုင်းနေလာပြီးသည့်နောက်တွင် သူ့အပေါ် ကျိုးရွှမ်လန်၏စိတ်နေစိတ်ထားက အတန်အသင့် တိုးတက်လာခဲ့သည်။ အနည်းဆုံး သူ စားသောက်ရန်အတွက်ကို ပြင်ဆင်ပေးပြီး ယခင်ကကဲ့သို့ သတ်ဖြတ်လိုစိတ် ပြင်းထန်မနေတော့ပေ။
သို့ရာတွင် ရှန်းလျိုရှန့်၏စိတ်ထဲ ဇဝေဇဝါဖြစ်နေသည့်အရာရှိသည်။ သူ ယခင်က ပို့လိုက်သော အသံကူးပြောင်းအင်းစာရွက်များကို မည်သူမှ အကြောင်းမပြန်လာခဲ့ပေ။ သူ ထပ်မံပို့ခဲ့သော်လည်း မည်သည့်အရာမှ ဖြစ်မလာခဲ့ပေ။
ယနေ့တွင် ရာသီဥတုက အုံ့မှိုင်းနေခဲ့၏။ ညစာစားပြီးသည်နှင့် တစ်နေ့တာလုံး အုံ့ဆိုင်းနေခဲ့သော မိုးများရွာသွန်းလာခဲ့ကာ စင်္ကြန်လမ်းများတွင် မိုးရေများစိုရွှဲကုန်သည်။
ရှန်းလျိုရှန့်က စောင်ကိုဆွဲယူပြီး တံခါးနားသို့ ကပ်လာခဲ့သည်။
ထိုညတွင် ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်နေသည့်အပြင် ညပိုင်းရောက်မှ မိုးရွာသွန်းလိုက်သည့်အတွက် စိုထိုင်းမှုများက ကြမ်းပြင်ပေါ် ပြည့်နေသည်။ စင်္ကြန်တစ်ယောက်ကို တိုက်ခတ်လာသည့် လေများထဲတွင် မိုးရေစက်များသာမက နှင်းစက်အချို့လည်း ပါဝင်လာ၍ စောင်တစ်ထည်တည်းဖြင့် အေးစက်မှုကို အန်မတုနိုင်တော့ပေ။
ရှန်းလျိုရှန့် စောင်ကိုပတ်၍ ဘောလုံးလေးတစ်လုံးသဖွယ် ကွေးနေလိုက်ပြီးနောက် မျက်လုံးဖွင့်ထားပြီး အခန်းထဲတွင်ရှိနေသူ၏ လှုပ်ရှားမှုအချို့ကို နားဆင်နေလိုက်သည်။
အခန်းထဲမှလူက ကျဉ်းထဲကြပ်ထဲ ရောက်နေသည့်သဖွယ် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသောကြောင့် ခြေသံများက ရှုပ်ထွေးနေသည်။
နောက်ဆုံးတွင် သူ တံခါးနားသို့ ရောက်လာသည်။
ရှန်းလျိုရှန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောင်းပြန်ကြေးခွံကိုကိုင်ထားမိသည်။ ကျိုးရွှမ်လန်က သူ့ကို မိုးရေစိုရွှဲနေသည့် စင်္ကြန်လမ်းတွင် တစ်ညတာလုံး နေခိုင်းသည်အထိ နှလုံးသားမဲ့မည်မဟုတ်ပေ။
" အပြင်ထွက်လာပြီး ငါ့ကိုလာခေါ်သင့်နေပြီလေ..."
သူ့မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်နေပြီး တီးတိုးရေရွတ်လိုက်သည်။
အခန်းထဲမှ ကျိုးရွှမ်လန်က တည်ငြိမ်စွာဖြင့် မျက်လုံးများမှိတ်ထားပြီးနောက် ပြန်ဖွင့်လိုက်ချိန်တွင် မိုးသံလေသံများကို ကြားလိုက်ရသည်။
သူ၏ ဝိညာဉ်အာရုံအောက်တွင် အခန်းရှေ့တည့်တည့်မှလူက စောင်ဖြင့် တစ်ကိုယ်လုံးကိုခြုံထားလေသည်။ နှစ်တစ်နှစ်၏ ဤအချိန်မျိုးတွင် ညဘက်ပိုင်း၌ ရာသီဥတုပြင်းထန်ပြီး အနည်းငယ်အေးစိမ့်စိမ့်ဖြစ်တတ်လေ၏။
ကျိုးရွှမ်လန်က ချွတ်ထားသည့် အပေါ်ဝတ်ရုံကို ပြန်ချွတ်လိုက်ပြီး အပြင်သို့ထွက်လာသည်။ တံခါးနားကိုလျှောက်လာစဉ် သူ့ခြေလှမ်းများ ရပ်တန့်သွားတော့သည်။
နေ့ဘက်တွင် ကျင့်ကြံသည့်အခန်းထဲ၌ရှိနေစဉ် ရာသီဥတုက အုံ့မှိုင်းနေခဲ့သည်။ သို့ဖြစ်၍ ရွှမ်ယောင်နန်းတော်မှ သာမန်အခန်းများသာမက အိပ်ခန်းလွတ်အကြီးအသေးမှန်သမျှတွင် စိတ်တိုင်းကျ ဝင်အိပ်နိုင်ကြောင်း ရှန်းလျိုရှန့်ကို သတိပေးခဲ့သည်။
မမျှောလင့်ထားသည်မှာ ရှန်းလျိုရှန့်က အလေးအနက်ပြောလာသည်။
" အခန်းခွဲအိပ်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဆက်ဆံရေးမပြေလည်မှ လုပ်ကြတာလေ... ငါတို့ကြားမှာ ပြဿနာမှာမရှိတာ တူတူအိပ်လို့ ရတာပဲ..."
ထို့အပြင် သူက နန်းတော်အပြင်ဘက်သို့ နှင်ထုတ်ခံရမည်ကို စိုးရိမ်နေခဲ့သည့်ပုံပေါ်သည်။ ပြောင်းပြန်အကြေးခွံက သူ့ကို အတားအဆီးအပြင်ဘက်သို့ ခေါ်သွားပေးနိုင်သော်လည်း သူက ထွက်သွားရန်ဆန္ဒမရှိပေ။
" မင်းပဲ ငါ့ကိုနှင်ထုတ်ထားတာလေ... အဲဒါကြောင့်မို့ မင်းကိုယ်တိုင် ငါ့ကို အခန်းထဲ ပြန်ခေါ်ရမယ်..."
တစ်စုံတစ်ယောက်က မာနကြီးစွာနှင့်ပြောင်ပြောင်တင်းတင်းဖြင့် သူ့အိပ်ရာပေါ်တက်လာရဲသည်ကို တစ်ကြိမ်မှ မတွေ့ဖူးသည့်အပြင် အပေးအယူလုပ်လာအောင် တွန်းအားပေးသည့်လူနှင့်ပါ မကြုံဖူးခဲ့ပေ။
ကျိုးရွှမ်လန်က သူ့ကို အေးစက်သော ညအကြောင်းသိအောင် ခံစားခိုင်း၍ ပညာပေးလိုက်မှ နောက်တစ်နေ့တွင် နာနာခံခံဖြင့် အခန်းထဲပြန်ဝင်လာမည်ဟု တွေးနေမိသည်။
သူ တံခါးနားမှ ပြန်လှည့်လာခဲ့သည်။
ခဏအကြာတွင် အပြင်ဘက်မှ မိုးသံလေသံများက ပိုမိုကျယ်လောင်လာ၍ ကျိုးရွှမ်လန်၏စိတ်ထဲ မသက်မသာဖြစ်လာသည်။ သူ အိပ်ရာပေါ်မှ ပြန်ဆင်းလာပြီး တစ်စုံတစ်ခုကိုယူကာ တံခါးရှိရာသို့ တည့်တည့်လျှောက်လာသည်။
အခြေခံအုတ်မြစ်တည်အဆင့်တွင်သာ ရှိနေသေးသော ရှန်းလျိုရှန့်၏ခန္ဓာကိုယ်က သေမျိုးတစ်ယောက်ထက်ပို၍ သန်မာမနေခဲ့ပေ။ စင်္ကြန်လမ်းပေါ်တွင် လေအေးများက ဖြတ်သန်းတိုက်ခတ်နေသောကြောင့် သူ အအေးမိသွားပါက ပြောင်းပြန်အကြေးခွံအပေါ်ပါ သက်ရောက်လာနိုင်သည်။
ကျိုးရွှမ်လန်က တံခါးပေါ်လက်တင်ထားပြီးနောက် ခဏအကြာတွင် တွန်းဖွင့်လိုက်သည်။
အခန်းထဲမှ မီးအလင်းရောင်က စင်္ကြန်ပေါ်သို့ ဖြာကျလာပြီးနောက် စောင်ပါးလေးအပေါ်အထိ ရောက်လာသည်။
ကျိုးရွှမ်လန် တံခါးဝတွင်ရပ်နေပြီး ငုံ့ကြည့်လိုက်သည်နှင့် ရှန်းလျိုရှန့်က စောင်ပုံထဲမှ ချက်ချင်းခေါင်းပြူထွက်လာသည်ကို မြင်လိုက်ရသည်။
လူငယ်လေး၏နှုတ်ခမ်းများ တွန့်ကွေးသွားကာ ပြုံးပြလာပြီး သူ့မျက်ဝန်းများက အလင်းရောင်ဖျော့ဖျော့အောက်မှာပင် တောက်ပနေသည်မှာ အခန်းထဲမှလူ ထွက်လာမည်ကို ကြိုတင်မျှော်လင့်ထားသည့်သဖွယ် ဖြစ်နေသည်။
" ငါ့ကို အခန်းထဲ ဝင်ခိုင်းမှာလား..."
အောင်နိုင်သူတစ်ယောက်၏ လေသံဖြင့် သူ ပြောလိုက်သည်။
ကျိုးရွှမ်လန်၏ရင်ထဲ ရုတ်ချည်းခြောက်သွေ့သွားပြီးသည့်နောက် နှုတ်ခမ်းများထက်တွင် အေးစက်စက်အပြုံးတစ်ခု ဖြစ်တည်လာကာ သူ့တစ်ကိုယ်လုံးကလည်း လုံးဝမလှုပ်ရှားတော့ပေ။
ဒီလူက ငါ့ကို အရင်က သူ့တပည့်လိုမျိုး သဘောထားနေတာပဲ...
ကျိုးရွှမ်လန်၏ ချောမောခံ့ညားသော မျက်နှာထက်တွင် အလင်းရောင်ဖျော့ဖျော့က ရောင်ပြန်ဟပ်နေသည်။
သူ အချိန်အတန်ကြာသည်အထိ ငြိမ်သက်နေပြီးနောက် အနောက်တွင်ဖွက်ထားသည့် လက်တစ်ဖက်ကို ရှေ့ထုတ်လိုက်သည်။ ထို့နောက် ခေါင်းအုံးကို လက်နှစ်ဖက်လုံးဖြင့်ကိုင်၍ ရှန်းလျိုရှန့်ထံ ပစ်ပေးလိုက်သည်။
ထို့နောက် တံခါးကိုဂျိန်းခနဲ ပြန်ပိတ်သွားသည်။
အခန်းထဲဝင်လာပြီးသည့်နောက်တွင် ကျိုးရွှမ်လန်က အပြင်ဘက်ကို ဝိညာဉ်အသိစိတ်ဖြင့် ကြည့်နေခဲ့သည်။ ရှန်းလျိုရှန့်က အချိန်အတန်ကြာအောင် အံ့ဩမှင်သက်နေခဲ့ပြီးနောက် မျက်လွှာချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အမူအရာမျိုးဖြစ်လာသည်။ သူ့လက်ပေါ်မှ ခေါင်းအုံးကိုကြည့်ကာ နှုတ်ခမ်းထောင့်များတွန့်ကွေးလိုက်ပြီး ရေရွတ်လာသည်။
" ဒါပဲလေ အနည်းဆုံးတော့ ငါ့မှာ ခေါင်းအုံးရှိသွားပြီ... ငါနေ့တိုင်း တိုးတက်လာအောင် လုပ်နိုင်နေတာပဲ..."
သူ ပြောပြီးသည်နှင့် စောင်ပုံထဲ ခေါင်းပြန်ဝင်သွားသည်။
ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်မိသည်။
ခေါင်းအုံးတစ်လုံးနဲ့ ကျေနပ်သွားတယ်ပေါ့လေ...
သူ့ဝိညာဉ်အသိစိတ်ကို အခန်းအပြင်ဘက်တွင် တစ်ညလုံး ဖြန့်ကျက်ထားခဲ့သောကြောင့် ရှန်းလျိုရှန့်က ပြောင်းပြန်ကြေးခွံကိုသုံး၍ အတားအဆီးကိုကျော်ဖြတ်ကာ အခန်းထဲ မဝင်လာဘဲ စင်္ကြန်တွင်သာ တစ်ညလုံးနေခဲ့ကြောင်းသိလိုက်ရသည်။ သူက ကျိုးရွှမ်လန်ကိုယ်တိုင် ပြန်ခေါ်မှ အခန်းထဲပြန်ဝင်လာမည်ဟု စိတ်ပိုင်းဖြတ်ထားပုံရသည်။
အာရုဏ်တက်ခါနီးသည့်အခါ ကျိုးရွှမ်လန်က လုပ်စရာကိစ္စတစ်ခုခုရှိသည့်ပုံစံဖြင့် အခန်းပြင်ထွက်လာခဲ့သည်။ သူ လှုပ်ရှားနေသော်လည်း စောင်ပုံအောက်တွင်ရှိသည့်လူက လှုပ်ရှားမှုကင်းမဲ့နေဆဲဖြစ်သည်။
တစ်ခုခုမှားယွင်းနေသည်ကို သဘောပေါက်သွားသောကြောင့် ကျိုးရွှမ်လန် စောင်ကိုဆွဲမလိုက်သည်။ စောင်ခြုံထားသူက သူ့ရင်ခွင်ထဲတွင် ခေါင်းအုံးလေးကိုဖက်ထားပြီး မျက်နှာထက်တွင်လည်း မူမမှန်စွာဖြင့် ရဲတွတ်နေကာ မျက်ခုံးများတွန့်ချိုး၍ နှဖူးများလည်း ပူနေသည်။
ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏အိပ်ဆောင်ရှေ့မှ စင်္ကြန်တွင် စအိပ်သည့်ရက်မှစ၍ ထိုနေရာမှ အစောင့်များက နောက်ကွယ်မှသာ စောင့်ကြပ်ပေးရတော့သည်။
အုတ်အောင်းသောင်းနင်းဖြစ်နေသည်ကို သတိပြုမိသွား၍ နန်းတော်မှ အစေခံများရောက်လာချိန်တွင် နတ်ဆိုးဧကရာဇ်က လူငယ်လေးကို ရင်ခွင်ထဲပွေ့ထားပြီး သူ့မျက်နှာတစ်ခုလုံးကလည်း တင်းမာခက်ထန်နေကာ နန်းဆောင်တွင်းသို့ ခြေလှမ်းကျဲများဖြင့် ဝင်သွားသည်အား တွေ့လိုက်ရသည်။
" လာကြစမ်း... ဆေးပြင်ဆင်လိုက်ကြ..."
ရှန်းလျိုရှန့်က ကိုယ်အပူလွန်နေပြီဖြစ်၍ စိတ်ထဲမူးနောက်နောက်ဖြစ်နေသည်။ သူ အိပ်ပျော်နေစဉ် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့်စောင်ကို ဆွဲမ'လိုက်သည်အား ခံစားလိုက်ရပြီး နွေးထွေးကာ ရင်းနှီးနေသော ကိုယ်သင်းနံ့တစ်ခုက သူ့ကိုလွှမ်းခြုံသွားသည်။ အေးစက်စိုစွတ်နေချိန်တွင် ထိုအနံ့က အလွန်ဆွဲဆောင်မှု ရှိနေပေသည်။
ကျိုးရွှမ်လန်၏မျက်နှာက ခက်ထန်နေသည်။ သူ့ရင်ခွင်ထဲမှလူက ဝတ်ရုံပါးလေးတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး ဖြူဆုတ်နေသည့်မျက်နှာထက်တွင် အနည်းငယ်နီရဲနေသည်။ သူက ကျိုးရွှမ်လန်နားသို့ မသိမသာကပ်လာသည်။
ကျိုးရွှမ်လန်က သူ အနားကပ်လာသည်ကို ခံစားလိုက်ရသောအခါ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ်တောင့်တင်းသွား၍ အခန်းထဲအမြန်လျှောက်လာပြီး သူ့ကို အိပ်ရာပေါ်တင်လိုက်သည်။
ရှန်းလျိုရှန့်က အခြေခံအုတ်မြစ်တည်အဆင့်တွင်သာ ရှိနေသေး၍ နတ်ဆေးအချို့ကို မစုပ်ယူနိုင်သောကြောင့် ဝိညာဉ်ဆေးပင်အချို့ကိုသာ ကြိုတိုက်ရလေသည်။
သို့ရာတွင် သူက ပူးပေါင်းဆောင်ရွက်လိုစိတ် မရှိသည့်ပုံစံဖြစ်နေသည်။ သမားတော်က သူ့ကိုဆေးတိုက်သည့်အချိန်၌ ဆေးရည်များက နှုတ်ခမ်းထောင့်မှ စီးကျကုန်သည်။ နတ်ဆိုးဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သောကြောင့် သမားတော်လည်း တဆတ်ဆတ်တုန်ပြီး ကြောက်လန့်နေသည်။ ထိုအချိန် သူ့လက်ထဲမှ ဆေးပန်းကန်လုံးကို ဆွဲယူခံလိုက်ရသည်။
" သွားတော့ ငါပဲတိုက်လိုက်မယ်..."
သမားတော်လည်း အမြန်ပြန်ပြေးထွက်သွားသည်။ ကျိုးရွှမ်လန်က ရှန်းလျိုရှန့်၏မေးရိုးမှ ချုပ်ထားပြီး နှုတ်ခမ်းများ ပွင့်ဟလာစေကာ ဇွန်းကို ပါးစပ်နားကပ်ပြီး အနက်ရောင်ဆေးရည်အချို့ကို လောင်းထည့်လိုက်သည်။
သို့ရာတွင် ဆေးရည်က အလွန်ခါးလှသောကြောင့် ရှန်းလျိုရှန့်က ပါးစပ်မဖွင့်ချင်ပေ။
ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့မေးရိုးကိုညှစ်ထားကာ ဆေးအတင်းတိုက်မည့်အချိန်၌ သူ့အကြည့်များက ဖြူဖျော့နေသည့် မျက်နှာလေးပေါ်ရောက်သွား၍ ခဏတာ တွန့်ဆုတ်နေပြီးသည့်နောက်တွင် တစ်ယောက်ယောက်ကို ပစ္စည်းတစ်ခု သွားရှာခိုင်းလိုက်သည်။
ရှန်းလျိုရှန့်၏ မျက်တောင်ရှည်များက တုန်ယင်နေပြီး မျက်ခွံများလည်း လေးလံနေသည်။ အဖျားကြောင့် မူးဝေးနေစဉ်၌ သူ့နှုတ်ခမ်းထက်တွင် အချိန်အတန်ကြာအောင် ပျောက်ဆုံးနေခဲ့သည့် ချိုမြိန်မှုကို ခံစားလိုက်ရသည်။
သကြားလုံးချောင်းရဲ့အရသာလေးလိုပဲ...
သူပါးစပ်ဟလာပြီး လျှာထုတ်ကာ ထိုအရာကို လျက်ကြည့်လိုက်သည်။ သူ့ထင်မြင်ချက် မှန်ကန်ကြောင်းသိသည့်အခါ ဆက်လက်၍ အရသာခံတော့မည့်အချိန်၌ ဆေးနံ့ပြင်းပြင်းက လည်ချောင်းထဲ ဝင်ရောက်လာသည်။
ရှန်းလျိုရှန့် သီးသွားသောကြောင့် ပါးစပ်အမြန်ပိတ်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် မကြာမီအချိန်မှာပင် သကြားလုံး၏ ချိုမြိန်သောအရသာက တစ်ဖန်ပြန်လည်ဝင်ရောက်လာပြန်သည်။ ရှန်းလျိုရှန့် တောင့်မခံနိုင်ဘဲ ပါးစပ်ဟလိုက်မိသည့်အခါ နောက်ထပ် ဆေးတစ်ဇွန်းက ဝင်ရောက်လာ၏။