အပိုင်း ၁၅၅
Viewers 30k

Chapter 155




ဤသို့ ထပ်ခါထပ်ခါဖြစ်နေပြီး ရှန်းလျိုရှန့်က သကြားလုံးကို တောင့်တနေခြင်းကြောင့် ဆေးတစ်ခွက်လုံးကုန်အောင် သောက်ခဲ့ရလေသည်။


သူ့ပါးစပ်ထဲ ခါးသက်သက်ဖြစ်နေသောကြောင့် မူးဝေနေပြီး မည်သည့်အရာများဖြစ်သွားကြောင်းကို မသိလိုက်ပေ။ သကြားလုံးကိုစားရသည်မှာ ခက်ခဲလွန်းသည်ဟုသာ တွေးနေမိသည်။ ကံကောင်းသည်မှာ ဤတစ်ကြိမ်၌ သကြားလုံးလေးက သူ့ပါးစပ်ထဲရောက်လာပြီး ပြန်ထွက်မသွားတော့ပေ။ 


ဝိညာဉ်ဆေးပင်၏ အစွမ်းပြလာသည့်အခါ သူ့နှဖူးပြင်ထက်မှ အပူချိန်ကလည်း အနည်းငယ်လျော့ပါးသွားတော့သည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အိပ်ရာဘေးတွင် ရပ်နေသူက သူ့ကို စူးစမ်းဟန်ဖြင့် ကြည့်နေသည်ကို ခပ်ရေးရေးမြင်လိုက်ရသည်။


ကျိုးရွှမ်လန်က ဆေးပန်းကန်လုံးကို ‌အနားမှ အစေခံတစ်ယောက်ထံ ပေးလိုက်ပြီး ဝတ်ရုံလက်များကို ပြန်ချလိုက်သည်။


ကျောက်စိမ်းသဖွယ် ဖြူဖွေးသောလက်လေးက သူ့ကိုဖမ်းဆွဲလိုက်သည်။ အားကမပြင်းလှသော်လည်း လက်ဖျားထိပ်များ ဖြူဖျော့လာသည်အထိ တင်းတင်းဆွဲထားပြီး မလွှတ်ပေးချေ။


" ကျိုးရွှမ်လန်..."

ရှန်းလျိုရှန့်၏အသံက အနည်းငယ်အက်ရှနေသည်။


သူ့လေသံက တစ်စုံတစ်ရာကို အတည်ပြုနေဟန်ရပြီး ရီဝေဝေမျက်ဝန်းများက မျက်တောင်တစ်ချက်မှမခတ်ဘဲ စိုက်ကြည့်နေကာ ကျိုးရွှမ်လန်၏နာမည်ကို ခေါ်နေသည်။


အခန်းထဲတွင် ရပ်‌နေကြသည့် အစေခံများအားလုံး ထွက်သွားသည့်အခါ ကျိုးရွှမ်လန်၏ မျက်နှာအမူအရာက မသေမချာဖြစ်နေသည်။ သူ ရှေ့တိုးလာပြီး ရှန်းလျိုရှန့်၏မေးစေ့ကို လက်တစ်ဖက်ဖြင့် ဆွဲမော့လိုက်သည်။


ဇာမဏီမျက်ဝန်းများကို စိုက်ကြည့်နေပြီးသည့်နောက်တွင် တစ်လုံးချင်းပြောလိုက်သည်။

" ကျုပ်ကို ခင်ဗျားတပည့်လို့ သဘောထားမနေနဲ့... မဟုတ်ရင်..."


ကျိုးရွှမ်လန်၏ လက်ဖျားများက အနည်းငယ်တင်းကြပ်လာ၍ ဖြူဖွေးသောမေးစေ့လေးတွင် လက်ချောင်းရာများ ကျန်ရစ်ခဲ့သည်။

" ကျုပ် ခင်ဗျားကို ညှာမနေတော့ဘူး..."


ရှန်းလျိုရှန့်က နာကျင်လာသောကြောင့် အမြင်အာရုံများ ကြည်လင်လာသည်။ ထိုစကားကိုကြားသည့်အခါ မျက်မှောင်ကြုတ်ပြီး ခွန်းတုံ့ပြန်လိုက်သည်။

" မင်းက သူပဲလေ..."


" မဟုတ်ဘူး..."


" ဒါဆို မင်းဘယ်သူလဲ..."


"..."


ကျိုးရွှမ်လန်၏ရင်ထဲတွင် ထိတ်လန့်မှုများဖြင့် ပြည့်လာသည်။ သူ့စိတ်ထဲတွင်မူ သူက ကျိုးရွှမ်လန်...တပည့်မဟုတ်ဟု တွေးနေခဲ့သည်။ ရှန်းလျိုရှန့်က သူ့ကို အရိပ်တစ်ခုအဖြစ်သဘောထားနေသည်မှာ ထင်ရှားပေသည်။ တစ်နေ့နေ့တွင် သူက လူတစ်ယောက်၏ အစားထိုးခံ ဖြစ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့မိပေ။ 


ရှန်းလျိုရှန့်က သူမည်သူဖြစ်ကြောင်း ထပ်ခါထပ်ခါ အတည်ပြုပြောဆိုနေသည့်အခါ ကျိုးရွှမ်လန်၏ မျက်ဆံများ မည်းနက်လာပြီး အိပ်ရာထက်မှလူကို အေးစက်စက်ဖြင့်ကြည့်လိုက်သည်။ ထို့နောက်တွင် သူ့ဝတ်ရုံကိုဖမ်းဆွဲထားသည့် လက်ချောင်းရှည်ရှည်များကို တွန်းထုတ်ပစ်လိုက်သည်။


ထို့နောက်တွင် လက်ချောင်းများကိုပြန်ကိုင်ပြီး သူ့ရင်ဘတ်ပေါ် တင်ပေးလိုက်သည်။

" ကျုပ်ကသာ ခင်ဗျားတပည့်ဖြစ်ပြီး ခင်ဗျားကို ချစ်နေတယ်ဆိုရင် နှလုံးသားက နွေးနေမှာပေါ့..."


ကျိုးရွှမ်လန် ရှန်းလျိုရှန့်ကို စိုက်ကြည့်နေသည်မှာ သွေးများစီးကျနေသည့်ဒဏ်ရာကို ဖွင့်ပြလိုက်သည့်သဖွယ် ဖြစ်သည်။

" ဒါပေမဲ့ ကျုပ်ရဲ့နှလုံးသားက အေးစက်နေပြီ ဘယ်တော့မှ နွေးလာတော့မှာ မဟုတ်ဘူး..."


" ဒါမှမဟုတ် အဲလိုတွေ အေးစက်လာအောင် ခင်ဗျား ဘာလုပ်ခဲ့တာများလဲ..."


ရှန်းလျိုရှန့်၏မျက်နှာက သွေးဆုတ်သွားပြီး ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့လာသည်။ သူ့လက်ဖျားများ တုန်ယင်နေပြီး လက်ကိုပြန်ဆွဲယူလိုသော်လည်း ကျိုးရွှမ်လန်က လက်ကိုရင်ဘတ်ပေါ်ဖိကပ်ထား၍ လှုပ်မရပေ။ 


ကျိုးရွှမ်လန်က သူ့အမူအရာကိုကြည့်နေပြီးနောက် နှုတ်ခမ်းများကွေးညွတ်၍ပြုံးလိုက်ကာ အလွန်အမင်းပျော်ရွှင်သွားသည့်ပုံစံ ဖြစ်နေသည်။


ယခုက နားလည်သဘောပေါက်သင့်သည့်အချိန်ဟု သူ တွေးနေမိသည်။


သို့ရာတွင် နောက်အခိုက်အတန့်၌ ကျိုးရွှမ်လန် အံ့အားသင့်သွားရသည်။ သူ့ရှေ့တည့်တည့်ရှိ ရှန်းလျိုရှန့်၏ လှပသော ဇာမဏီမျက်ဝန်းများမှ မျက်ရည်များ အတားအဆီးမဲ့စွာ ကျဆင်းလာလေသည်။


ကျိုးရွှမ်လန် တောင့်တင်းအေးခဲသွားပြီး သူ့ရင်ဘတ်ပေါ်မှလက်ကို လွှတ်ပေးလိုက်သည်။


သူ ဘာလို့ ငိုနေတာလဲ...


စင်္ကြန်လမ်းပေါ်မှာ တစ်ညလုံး အိပ်ရတာလည်း မငိုဘူး... ကျင့်ကြံတဲ့ အခန်းထဲမှာ တစ်နေ့လုံးနေရာတာလည်း မငိုပဲနဲ့ ဘာလို့ အခုမှ ငိုနေတာလဲ...


ကျိုးရွှမ်လန် ရုတ်တရက် ပျာယာခတ်သွားပြီး ရှန်းလျိုရှန့်၏ပါးပြင်ကိုထိရန် လက်လှမ်းလိုက်သည်။ ရှန်းလျိုရှန့် တစ်ဖက်သို့ ချက်ချင်းလှည့်သွား၍ သူ၏ နူးညံ့သောဆံနွယ်များက ခေါင်းအုံးများအကြား ပြန့်ကျဲသွားကာ မျက်နှာကို စောင်ထဲအပ်ထားပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။ 


ကျိုးရွှမ်လန်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး အိပ်ရာပေါ်တက်လာကာ ထိုလူကိုစောင်ထဲမှထုတ်ပြီး ရင်ခွင်ထဲတွင် အလိုလိုဖက်ထားလိုက်မိသည်။ 


ရှန်းလျိုရှန့်၏လက်ကို လှမ်းဆွဲလိုက်ပြီးနောက် သူ့ရင်ဘတ်ပေါ်တွင် ဖိကပ်ထားလိုက်ပြန်၏

" ထပ်ပြီးတော့ ထိကြည့်ပါဦး... နွေးနေပါတယ်... တကယ်ကိုနွေးနေတာ..."


ရှန်းလျိုရှန့် : " အေးစက်နေတာကို..."


ကျိုးရွှမ်လန် တုန်လှုပ်ခြောက်ခြားလွန်း၍ အမှားအမှန်ပင် မခွဲခြားနိုင်တော့ပေ။ သူ့အပြုအမူတိုင်းက သူနှင့်မတူတော့ဘဲ ပျာယာခတ်စွာနှင့်ပင် ရှင်းပြရန်ပြင်နေသည်။


" အခုနောက်ပိုင်း ရာသီဥတုကအေးတာကိုး... ခင်ဗျားကိုယ်က နွေးနေတာပဲ... ကျုပ်ကိုပါထိပြီး နွေးအောင်လုပ်လိုက်လေ..."


သူ့စကားဆုံးသည်နှင့် သူ့ရင်ခွင်ထဲမှ လူငယ်လေးက ရယ်လိုက်သည်ကို ကြားလိုက်ရသည်။


ကျိုးရွှမ်လန် : "..."


ငါ့ကိုလိမ်ဖို့ ဟန်ဆောင်တယ်ပေါ့လေ...


ကျိုးရွှမ်လန်၏မျက်နှာက ရုတ်ချည်းမည်းမှောင်သွားပြီး ရှန်းလျိုရှန့်၏ခါးကိုဖက်ထားသည့်လက်က တင်းကြပ်သွားကာ သူ့အနားထပ်ကပ်လာရန် အားအနည်းငယ်သုံးလိုက်သည်။

 ထို့နောက်တွင် ဒေါသတကြီးဖြင့် တွန်းထုတ်ကာ ပြောလိုက်သည်။


" ကျွန်တော့်နားမှာနေဖို့ ဒီလိုနည်းလမ်းတွေကိုသုံးတယ်ပေါ့လေ..."


" ဘယ်တတ်နိုင်ပါ့မလဲ..."


ရှန်းလျိုရှန့်၏အသံက အနည်းငယ်အက်ရှနေပြီး လက်တစ်ဖက်ဆန့်ထုတ်၍ ကျိုးရွှမ်လန်ကို ဖက်ထားလိုက်ကာ သူနှင့်ရင်းနှီးနေသောပခုံးထက်တွင် မျက်နှာအပ်ထားလိုက်သည်။

" ငါ အဝေးကိုသွားတဲ့အချိန် မင်းရဲ့နှလုံးသားက ပြန်ပြီးအေးစက်သွားရင် ဘယ်လိုလုပ်မလဲ..."


ကျိုးရွှမ်လန်က သူ့ဝတ်ရုံပေါ်၌ စိုစွတ်လာသည်ကို သတိပြုမိ၍ ခဏတာ ငြိမ်သက်သွားသည်။

" ရှစ်စွမ်း ကျွန်တော့်နှလုံးသားက နွေးနေပါတယ် မစိုးရိမ်ပါနဲ့..."


ရှန်းလျိုရှန့် အိပ်ပျော်သွားသည့်အချိန်ရောက်မှသာ ကျိုးရွှမ်လန်က သူပြုလုပ်မိသည့်အရာကို သဘောပေါက်သွားပြီး သူ၏ ခံ့ညားသောမျက်နှာထက်၌ စိတ်အနှောင့်အယှက်ဖြစ်မှုများဖြင့် ပြည့်လာသည်။


သူက ယခု‌ နေမြင့်နေချိန်၌ လူတစ်ယောက်ကို သူ့ရင်ခွင်ထဲတွင် အိပ်စက်ခွင့်ပြုထားရမည့်အစား ထိုလူကို နှင်ထုတ်ပစ်ပြီး သွားရောက်ကျင့်‌ကြံနေကာ လုပ်ကိုင်စရာရှိသည်များ သွားရောက်ဆောင်ရွက်နေရမည်ဖြစ်သည်။ 


ကျိုးရွှမ်လန်၏ နက်စွေးစွေးမျက်ဝန်းများက ခက်ထန်သော အော်ရာတစ်ခုကို ထုတ်လွှတ်နေကာ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းပိုမိုပြင်းထန်လာသည်။


သူ မထိန်းနိုင်တော့ဘဲ ပေါက်ကွဲထွက်တော့မည့်အချိန်၌ လက်တစ်ဖက်က ကျိုးရွှမ်လန်နားသို့ရောက်လာပြီး သူ့ကို စောင်ပုံထဲရောက်အောင် လှမ်းဆွဲလိုက်သည်။

" မလှုပ်နဲ့..."


******

ရှန်းလျိုရှန့် အိပ်ရာနိုးလာသည့်အခါ အဖျားကျသွားပေပြီ။ 


ရှန်းလျိုရှန့်က ကျယ်ဝန်းလှသည့် အိပ်ရာပေါ် အိပ်နေခြင်းဖြစ်ပြီး မျက်လုံးများဖွင့်လိုက်ချိန်၌ သူ့ဘေးနားတွင်အိပ်နေသည့် ချောမောခံ့ညားသော မျက်နှာတစ်ခုကို ရုတ်ချည်းမြင်လိုက်ရသည်။ ထိုသူက မျက်လုံးများမှိတ်ထားပြီး နှာတံမြင့်မြင့်ဖြစ်ကု နှုတ်ခမ်းပါးများက လှပစိုစွတ်နေ‌သည်။


ရှန်းလျိုရှန့် ခဏတာ စိုက်ကြည့်နေပြီးသည့်နောက် သူ့မျက်နှာကို ထိကြည့်ချင်လာသော်လည်း ကံဆိုးသည်မှာ လမ်းတစ်ဝက်တွင် ရပ်တန့်သွားရသည်။


ကျိုးရွှမ်လန်က မျက်လုံးမှိတ်ထားပြီး တစ်ရေးတစ်မော အနားယူနေခြင်းဖြစ်သည်။ ရှန်းလျိုရှန့်နိုးလာချိန်၌ သူ ဘာလုပ်မည်ကို သိချင်၍ အိပ်ချင်ယောင်ဆောင်နေခြင်းသာ။ မမျှော်လင့်ထားသည်မှာ တစ်ဖက်လူက သူ့ကိုစူးစိုက်ကြည့်နေခဲ့သည်။


ကျိုးရွှမ်လန် မျက်လုံးမှိတ်ထားစဉ်မှာပင် သူ့မျက်နှာအစိတ်အပိုင်းတစ်ခုစီအပေါ် ကျရောက်လာသည့် အကြည့်များကို ခံစားနေရသည်။ ရံဖန်ရံခါတွင် အကြည့်က ပေါ့ပါးပြီး ရံဖန်ရံခါတွင် ပြင်းထန်လာသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ သူ့ရင်ထဲ ယားကျိကျိဖြစ်လာ၏။


ကျိုးရွှမ်လန် ယခင်က ထိုသို့မခံစားခဲ့ဖူးပေ။ ထိုသို့အကြည့်ခံရရုံဖြင့်ပင် သူ့စိတ်ထဲ အတွေးများစွာဖြစ်ပေါ်လာရသည်။ သူ မနှောင့်ယှက်မိအောင် မနည်းတောင့်ခံထားပြီး ဘေးနားမှ လူက သူ့ကို မည်သည့်အချိန်ထိ စိုက်ကြည့်နေမည်ကို မှန်းဆနေသည်။ သို့ရာတွက် တစ်ဖက်လူက သူ့ကို အခွင့်အရေးယူလာမည်အား မသိခဲ့ပေ။ 


ကျိုးရွှမ်လန် မျက်လုံးများမှေးကျဉ်းလိုက်သည်။

" ကြည့်ရုံနဲ့တင် မကျေနပ်နိုင်ဘူးလား..."


ရှန်းလျိုရှန့် : " မင်းက အရမ်းခံ့ညားလွန်းနေတော့ မတတ်နိုင်ဘူးလေ..."


" ခင်ဗျား ပြောစရာ မလိုပါဘူး..."

ကျိုးရွှမ်လန်က လှောင်ပြောင်သရော်သည့်သဘောဖြင့် နှုတ်ခမ်းများတွန့်ကွေးပြီး သူ့ကိုလွှတ်ပေးလိုက်သည်။

" နိုးလာပြီဆိုရင် ခုတင်ပေါ်ကဆင်းတော့..."


" ငါ နောက်တစ်ကြိမ် ထပ်အိပ်နိုင်သေးတယ်..."


ရှန်းလျိုရှန့်က စောင်အောက်သို့တိုးဝင်ပြီး ပြန်အိပ်ရန်ပြင်လိုက်သည်။ တစ်ချိန်တည်းမှာပင် လက်ချောင်းသွယ်သွယ်နှစ်ဖက်က သူ့လက်ပေါ်ရောက်လာပြီး ဝိညာဉ်စွမ်းအားများစုစည်းကာ အခန်းပြင်သို့ထုတ်ရန် ပြင်လိုက်သည်။


ရှန်းလျိုရှန့်က သူ့လက်နှင့်ခြေထောက်များကိုသုံးပြီး ကျိုးရွှမ်လန်ကို ကပ်တွယ်ထားလိုက်သည်။

" ငါ့ကို မနှင်ထုတ်ပါနဲ့..."


သူ၏ ကြိုးစားအားထုတ်မှုကြောင့် ခါးပေါ်မှလက်က ရပ်တန့်သွားပြီး ခဏအကြာတွင် အားကပိုပြင်းလာသည်။ ရှန်းလျိုရှန့် စိုးရိမ်တကြီးဖြင့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် အတွေးတစ်ခုပေါ်လာ၍ မျက်လုံးများအရောင်လက်လာသည်။


ကျိုးရွှမ်လန် သူ့ကို စောင်ပုံထဲမှ ဆွဲထုတ်ပြီး အခန်းပြင်နှင်ထုတ်တော့မည့်အချိန်၌ အခန်းထဲတွင် " ဝူး " ဟူသောအသံ ထွက်လာသည်။


အဖြူရောင်ဝတ်ရုံနှင့် ရွှေသရဖူဆောင်းထားသော လူပိစိလေးက ကောင်းကင်ပေါ်မှတစ်ဆင့် စောင်ပေါ်သို့ ဘုတ်ခနဲပြုတ်ကျလာသည်။ ထို့နောက် သူ့အင်္ကျီကိုဆွဲထားပြီး ရင်ဘတ်ပေါ် ကပ်နေလေသည်။


" ဝူး ~" " ငါ့ကို မနှင်ထုတ်ပါနဲ့ ~"


ကျိုးရွှမ်လန် ခဏတာငြိမ်သက်သွားပြီးနောက် သူ့လက်မှအားကိုလျှော့လိုက်ပြီး သူ့ရင်ဘတ်ပေါ်ကပ်နေသည့် လက်တစ်ဖဝါးစာအရွယ်ခန့်ရှိကာ ဖက်ထုပ်ကဲ့သို့ နူးညံသည့်အရာလေးကို ကုတ်မှဆွဲလိုက်သည်။ သူ၏ နူးညံ့ဖြူဖွေးသော မျက်နှာလေးကို ကြည့်ပြီးနောက် ဘေးနားမှနေ၍ သူ့ကိုမျက်စပစ်ပြနေသည့် ရှန်းလျိုရှန့်ကို တစ်ချက်ကြည့်လိုက်သည်။


" ခင်ဗျားရဲ့ယွမ်ယင်းကို ဒီလိုသုံးတာလား..."


" အသုံးဝင်နေသရွေ့တော့ ဒီလိုပဲသုံးတာပေါ့..."

ရှန်းလျိုရှန့်က ယွမ်ယင်းလေးကို ပြန်ခေါ်ထားလိုက်သည်။

" မင်းရဲ့ယွမ်ယင်းရော ဘယ်မှာလဲ... မင်း အရင်ကပြောတော့ ငါ့ရဲ့ယွမ်ယင်းကို အားပြည့်အောင် လုပ်ပေးချင်တယ်ဆို..."


" အဓိပ္ပါယ်မရှိတာတွေ ကျုပ် ဘယ်တုန်းကမှ အဲလိုမလုပ်ဘူး..."


ကျိုးရွှမ်လန်က သူ့ယွမ်ယင်းလေးကို ထုတ်လိုက်ပြီး ရှန်းလျိုရှန့်ကို သရော်လိုက်သည်။


" သေချာကြည့်ထား... ဒါကမှ ကျုပ်ယွမ်ယင်းပဲ ... မင်းရဲ့ဝိညာဉ်ကို စောင့်ရှောက်ပေးမယ်ပြောတာ ငါမဟုတ်ဘူး..."


ထိုစကားပြောပြီးသည်နှင့် ကျိုးရွှမ်လန် သူ့ယွမ်ယင်းကို ပြန်သိမ်းရန်ပြင်လိုက်သည်။


ထိုအချိန်တွင် ကျိုးရွှမ်လန်၏ယွမ်ယင်းက ငြိမ်သက်နေဆဲဖြစ်သော်လည်း ခဏအကြာတွင် သူက ရှန်းလျိုရှန့်၏ယွမ်ယင်းလက်ကိုဆွဲပြီး အိပ်ရာပေါ်မှ ခုန်ချသွားလေသည်။အကောင်ပေါက်‌ကလေးနှစ်ကောင် လှုပ်စိလှုပ်စိဖြင့် အမြန်ပြေးသွားသည်မှာ ခိုးရာလိုက်ပြေးနေသည်နှင့်ပင် တူနေ၏။


ကျိုးရွှမ်လန် : "..."


သူ၏ယွမ်ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းနေမည်ကို မသိလိုက်မိပေ။ 


ကျိုးရွှမ်လန်၏ ဝိညာဉ်စွမ်းအားကို နေရာရွှေ့လိုက်သည့်အခါ ယခုလေးတင်ပျောက်သွားသော ယွမ်ယင်းက ပြန်ပေါ်လာသည်။ သူက ယွမ်ယင်းကို ထိန်းချုပ်ရန်အတွက် မျက်လုံးမှိတ်လိုက်သည်။ မျက်လုံးပြန်ပွင့်လာသည့်အခါ သူ့မျက်နှာထက်၌ ထိတ်လန့်သွားသည့်အမူအရာမျိုး ဖြစ်ပေါ်နေသည်။


ဤအခြေတည်ဝိညာဉ်ကို သူက ပိုင်ဆိုင်သော်လည်း ထိုယွမ်ယင်းက အံ့ဩစရာကောင်းသည့်ကိစ္စမျိုးကို ပြုလုပ်ခဲ့ပေသည်။ သူက ရှန်းလျိုရှန့်၏ ပြန့်ကျဲသွားသော ယွမ်ရှန်(ရှေးဦးဝိညာဉ်၊ ဝိညာဉ်အဆီအနှစ်) များကို ခက်ခက်ခဲခဲစုစည်းပြီး နေ့စဉ်နေ့တိုင်း ထိန်းသိမ်းထားခဲ့ပေသည်။


ကျိုးရွှမ်လန် ကြောက်လန့်သွားမိသည်။ သူက ယခင်ဘဝတွင် သေဆုံးခဲ့ရသည့်အကြောင်းကို ဂရုမစိုက်ခဲ့မိပေ။ 


ကျိုးရွှမ်လန်၏ပုံစံက မသေမချာဖြစ်နေသည်။ သူက နဂါးဥ၏အခြားတစ်ဝက်ကို လေ့လာရန် ကျန်ရှိနေ‌သေးသည်။ 

မဟုတ်မှလွဲရော ငါ့မှတ်ဉာဏ်နည်းနည်းက ပျောက်သွားပြီးတော့ ဒီယွမ်ယင်းတွေရဲ့ အပြုအမူတွေက ဥခွံကို ရှာတွေ့ပြီးတဲ့နောက်မှာမှ ပြောင်းလဲသွားတာများလား...


ကျိုးရွှမ်လန် ထိုအကြောင်းတွေးမိသည်နှင့် အမြန်ထရပ်ပြီး ထွက်သွားတော့သည်။ 


******

ရှန်းလျိုရှန့် အိပ်ရာပေါ်တွင် တစ်ယောက်တည်း ခဏနေခဲ့ပြီးနောက် နေ့ခင်းတွင် မနက်စာစားပြီးနောက် ကျင့်ကြံနေခဲ့သည်။


သူက ဆယ့်ခြောက်နှစ်လုံးလုံး ဝိညာဉ်စုဝေးစင်မြင့်တွင် အခြေတည်ဝိညာဉ်ဘဝဖြင့် နေထိုင်ခဲ့ရသည်။ သူ တစ်ကြိမ်တစ်ခါမှ မကျင့်ကြံခဲ့သော်ငြားလည်း ရေသာခိုနေခြင်းမဟုတ်ဘဲ မန္တန်များစွာကို သင်ယူလေ့လာခဲ့သည်။


ထိုမှော်မန္တန်များအနက်မှတစ်ခုက သန့်စင်ခြင်းမှော် ဖြစ်သည်။ ချုန်းချီကို အပြတ်ရှင်းပြီးသည့်အခါ ထိုမှော်ပညာက လျှို့ဝှက်ဆန်းကြယ်လှသော်လည်း အပြစ်အနာအဆာရှိနေသည့်ပစ္စည်းတစ်ခုနှင့်တူကြောင်း ရှာဖွေတွေ့ရှိသွားသည်။ ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်စေ နှလုံးသားထဲတွင် အကျဉ်းချထားသောမကောင်းဆိုးဝါးဖြစ်စေ အနေအထားတစ်ခုအထိ ထိခိုက်သွားနိုင်ပေသည်။


သူက မှော်သန့်စင်ခြင်းနည်းစနစ်ကို အပြီးပြည့်စုံဆုံးဖြစ်အောင် ပြုလုပ်လိုခဲ့သည်။ အကယ်၍ အောင်မြင်သွားခဲ့ပါက အကျိုးရလဒ်ကောင်းများ ရလာနိုင်ပေသည်။


ရှန်းလျိုရှန့် လေ့ကျင့်နေခဲ့ပြီးနောက် မတ်တပ်ထရပ်လိုက်ချိန်တွင် ကောင်းကင်ကြီးတစ်ခုလုံး မည်းမှောင်နေပြီဖြစ်သည်။ သူ အပြင်ထွက်လာသည်နှင့် အနက်ရောင်အရိပ်ကြီး ဖြတ်သွားကာ လေပြင်းတစ်ချက်တိုက်ခတ်ပြီး သူ့ရှေ့သို့ရောက်လာသည်။


" မကောင်းဆိုးဝါး အင်မော်တယ်အရှင်..."


ရှန်းလျိုရှန့် ခဏရပ်တန့်သွားပြီးနောက် အောင်းယွဲ့က မီးခိုးရောင်တောင်ပံများကိုသိမ်း၍ သူ့ဘက်လှည့်လာသည်ကို မြင်လိုက်ရသည်။

" ငါကြားတာတော့ မင်း အအေးမိပြီး ဖျားသွားတယ်ဆို... အရင်တုန်းက အဲ့လိုဖြစ်တယ်လို့ ငါ မကြားမိပါဘူး..."


ရှန်းလျိုရှန့်က သူ့နားကိုလျှောက်လာသည်။ 

" ကောင်းကင်ဘုံခွေးမျိုးနွယ်ရဲ့ မျိုးဆက်တွေပြန့်ပွားဖို့ကိစ္စကရော ဘယ်လိုဖြစ်သွားလဲ..."


အောင်းယွဲ့ : " လောလောဆယ် အဲ့ကိစ္စကို လျှို့ဝှက်ထားပြီးတော့ အဆင့်အကြီးကြီးတက်ပြီးမှ လူသိရှင်ကြား ကြေညာမလားလို့..."


ရှန်းလျိုရှန့် ပြုံးလိုက်ပြီးနောက် ညနေစာသွားစားရန် ပြင်လိုက်သည်။ အောင်းယွဲ့ကလည်း သူနှင့်အတူလိုက်လာသည်ကို မြင်သောအခါ နန်းတော်မှ အစေခံများက ဝိုင်ကောင်းကောင်းနှင့် အစားအသောက်ကောင်းများစွာကို ထပ်ထည့်ပေးကြသည်။


အောင်းယွဲ့က အချိန်အတန်ကြာအောင် မစားခဲ့ရသည့် ကြက်ခြေထောက်ကို မြှောက်ကြည့်လိုက်သည်။

" မင်း အသက်ရှင်နေတယ်ဆိုတာကို သိလိုက်တည်းက ကြက်ခြေထောက်က ငြီးငွေ့စရာမဟုတ်တော့ဘဲ အရသာပိုရှိလာတယ်..."


ရှန်းလျိုရှန့် မျက်ခုံးပင့်ပြီး ပြုံးပြလိုက်သည်။

" မင်းငါ့ကိုပေးခဲ့တဲ့ အသံကူးပြောင်းအင်းစာရွက်တွေက အတုတွေလား... ငါ ပို့ပြီးသွားတာ တော်တော်လေးကြာတာတောင် ဘယ်သူမှ အကြောင်းမပြန်ကြဘူး..."


" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ငါ့ရဲ့ အသံကူးပြောင်းအင်းစာရွက်တွေက အရပ်မျက်နှာအနှံ့ကို ရောက်နိုင်တယ်..."

အောင်းယွဲ့က အသားကို တစ်ကိုက်ကိုက်ပြီးနောက် ဝိုင်သောက်လိုက်သည်။

" မင်း ဘယ်သူတွေဆီ ပို့ခဲ့တာလဲ..."


ရှန်းလျိုရှန့် : " ချင်းလင်ဂိုဏ်း၊ ပေလွင်ဓားဂိုဏ်းနဲ့ နန်းတွင်းကို..."


အောင်းယွဲ့က ဝိုင်တစ်ငုံထပ်သောက်ပြီး ပြောလိုက်သည်။

" ဒါဆိုရင်တော့ ငါလည်းမပြော‌တတ်တော့ဘူး... အဲဒီနေရာသုံးခုက စွမ်းအားကြီးနတ်ဆိုးနယ်မြေရဲ့ အင်းစာရွက်တွေကို ဘယ်လိုလုပ်လက်ခံမှာလဲ..."


" ဒါဆိုရင် ကျောက်တုံးကို ပင်လယ်ထဲ ပစ်ချလိုက်သလိုဖြစ်သွားတာပေါ့..."


အောင်းယွဲ့ အားပါးတရသောက်နေသည်ကို မြင်သောအခါ ရှန်းလျိုရှန့်က သူ့ကိုတစ်ခွက်ငှဲ့ပေးလိုက်သည်။ သူ၏ဝိညာဉ်စွမ်းအားက နိမ့်နေသောကြောင့် ယခင်ကဲ့သို့ အရက်ပါဝင်နှုန်းကို ပျောက်အောင်မလုပ်နိုင်၍ အနည်းငယ်သာသောက်ရန် ကြံရွယ်ထားခဲ့သည်။

" ဒါဆိုရင်တော့ ငါ ကျိုးရွှမ်လန်ကို စာပို့ပေးခိုင်းဖို့ ပြောလိုက်မယ်..."


" မလိုတော့ဘူး... မင်းရဲ့ရှစ်ရှုန်းရော ညီလေးရောက သူ့ကို မမြင်ချင်ကြဘူး... အဲတော့ သူ့ဆီကလာတဲ့စာတွေကို ဖတ်မှာမဟုတ်ဘူး... တခြားတစ်ယောက်ကို အကူအညီတောင်းကြည့်..."


ရှန်းလျိုရှန့် အံ့အားသင့်သွားရသည်။

" ရှစ်ရှုန်းကတော့ အမြဲတမ်းဒီလိုပဲဆိုပေမယ့် ရှုရှင်းချန်က ဘာဖြစ်လို့လဲ..."


သူ ဤနေရာသို့လာနေစဉ်၌ သတင်းများစုံစမ်းကြည့်သောအခါ ရှုရှင်းချန်နှင့် ရှုရှင်းလျန်တို့က အဆင်ပြေပြေရှိနေကြပြီး ရှန့်ချီတောင်တွင် နေနေဆဲဖြစ်ကြောင်း ကြားသိခဲ့ရသည်။