အပိုင်း ၁၅၆
Viewers 30k

Chapter 156




ရှုရှင်းချန်က သူ မျှော်လင့်ထားသည့်အတိုင်း နေထိုင်နိုင်ခဲ့သည်။ ခမည်းတော် ထွက်သွားပြီးသည့်နောက်တွင် သူက နန်းတွင်းကို ခြောက်သွေ့သွားအောင် မပြုလုပ်ခဲ့ရုံသာမက သုံးလောကအပေါ်တွင်လည်း လွှမ်းမိုးမှုပိုရှိလာခဲ့သည်။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ နန်းတွင်းက ‌သုံးလောက၏ကိစ္စများတွင် ဝင်ပါလာသောကြောင့်လည်းဖြစ်သည်။ 


အောင်းယွဲ့က ဝိုင်ခွက်ကိုခါပြီး သက်ပြင်းချလိုက်သည်။

" အခု မင်းတစ်ယောက်တည်းကပဲ သူ့ကို ရှုရှင်းချန်လို့ ခေါ်ရဲတော့တာ အဲလို ခေါ်နိုင်တော့တာ..."


ရှန်းလျိုရှန့်က ခဏတွေးလိုက်သည်။

" ဧကရာဇ်ရှင်းချန်လို့ ခေါ်ရမှာလား..."


မူရင်းဝတ္ထုထဲတွင် ရှုရှင်းချန်က နတ်ဘုရားအဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီးနောက် ဧကရာဇ်ပလ္လင်ကို ရယူနိုင်ခဲ့ပေသည်။


အောင်းယွဲ့ ခေါင်းညိတ်ပြလိုက်သည်။

" တကယ်လို့ အခုလက်ရှိအချိန်မှာ ကျိုးရွှမ်လန်ကို သဘောမကျဆုံးလူကို ပြောရမယ်ဆိုရင် အဲဒီလူက လင်ယဲ့မဟုတ်ဘဲ မင်းညီပဲ...သူ့ရဲ့ နတ်ဆိုးလောကအပေါ်ထားတဲ့အမြင်ကလည်း ပြောင်းလဲလာတယ်... ငါကတော့ အခြေအနေ အချိန်အခါ မသင့်တာကြောင့်လို့ပဲ ထင်ပါတယ်...ပြီးတော့ သူက ကျိုးရွှမ်လန်နဲ့ သေလုမျောပါးဖြစ်အောင်အထိ တိုက်ခိုက်ပြီးပြီလေ..."


အောင်းယွဲ့က ရှန်းလျိုရှန့်၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို တစ်ချက်ကြည့်ပြီးနောက် ဗလာကျင်းနေသည့် ဝိုင်ခွက်ကို ဖြည့်ပေးလိုက်သည်။

" အံ့ဩမနေပါနဲ့... အခုအချိန်မှာ နတ်ဆိုးဧကရာဇ်နဲ့ လူသားဧကရာဇ်က မတည့်ကြဘူးဆိုတာကို သုံးလောကလုံး ဘယ်သူမှ မသိကြဘူး..."


ရှန်းလျိုရှန့်က ဝိုင်သောက်လိုက်သည်။

" ဘာလို့လဲ..."


အောင်းယွဲ့က ပခုံးတွန့်ပြလိုက်သည်။

" အဲအချိန်တုန်းက ကျိုးရွှမ်လန်ရယ်၊ မင်းရဲ့အလောင်းရယ်၊ ချုန်းချီရယ်ပဲ ရှိနေခဲ့တာလေ... ကျိုးရွှမ်လန်က မင်းကိုသတ်ပစ်ပြီး ချုန်းချီရဲ့ ပြဿနာကို ဖြေရှင်းခဲ့တယ်လို့ အားလုံးက ထင်နေကြတာလေ... အဲဒီလူတွေက နေ့နေ့ညညတောင် ပျော်ပွဲရွှင်ပွဲတွေ နွှဲနေခဲ့ကြသေးတယ်..."


" မဖြစ်နိုင်ဘူး..."

ရှန်းလျိုရှန့်က အခိုင်အမာပြောလိုက်သည်။

" သာမန်လူတွေက အဲ့လိုတွေးနိုင်ပေမယ့် ရှုရှင်းချန်က ငါတို့အကြောင်းတွေကိုသိတယ်လေ သူ အဲလိုထင်မှာ မဟုတ်ဘူး..."


" မင်းက ဒီနှစ်တွေထဲ ဒီနေရာမှာ ရှိနေခဲ့တာမှ မဟုတ်တာ..."


အောင်းယွဲ့ ခေါင်းခါလိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်ကိုကြည့်ပြီး တီးတိုးပြောလိုက်သည်။

" မင်းသမီးရှင်းလျန် ပျောက်သွားတဲ့သတင်းကို မင်း မသိဘူးလား..."


ရှန်းလျိုရှန့်၏ အမူအရာပြောင်းလဲသွားသည်။ အောင်းယွဲ့ပြောသည်က သူ ကြားထားသည်နှင့် မတူပေ။ 

" သူ ပျောက်သွားတယ်ဆိုပေမယ့် ပြန်တွေ့တယ်လေ..."


ဟမ်ကျု့ယင်သေပြီဆိုတော့ ရှင်းလျန်ကို ဘယ်သူကများ စောင့်ကြည့်နေသေးတာလဲ...


အောင်းယွဲ့၏အသံက တိုးသွားပြန်သည်။

" မင်းသမီးလေးက နန်းတွင်းကနေ သူ့ဘာသာသူ ထွက်ပြေးသွားခဲ့တာ... သူက အဲအချိန်တုန်းက ဧကရာဇ်ရဲ့ ထိန်းချုပ်တဲ့ဒဏ်ကို မခံနိုင်ခဲ့လို့ဖြစ်မယ်... အဲအချိန်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် သူတို့မောင်နှမနှစ်ယောက်လုံး အခုဆိုရင် ရန်သူနီးနီးဖြစ်နေကြပြီ..."


ရှန်းလျိုရှန့်က ကြောက်လန့်သွားသည့်အမူအရာဖြင့် မတ်တပ်ထရပ်လာသည်။

" ဘာတွေဖြစ်ကုန်တာလဲ... ငါ့ကိုမြန်မြန်ပြောပြစမ်းပါ..."


သူ အပြင်ဘက်တွင် ကြားခဲ့သည့်သတင်းများအရ နန်းတွင်းတွင် အေးအေးချမ်းချမ်း ရှိနေဆဲဖြစ်သည်။

မဟုတ်မှလွဲရော အားလုံးက ဒီလို အေးချမ်းနေတယ်ဆိုတဲ့အကြောင်းကိုပဲ ပြောရဲကြတာများလား...


အောင်းယွဲ့က ပြောလာသည်။

" စိတ်မပူပါနဲ့ ဒီကိစ္စတွေဖြစ်ခဲ့တာ ကြာပါပြီ... မင်းသမီးက အဲ့အချိန်တုန်းက ယောကျာ်းတစ်ယောက်ကို သဘောကျမိသွားတာကို ဧကရာဇ်ရှင်းချန်က သိသွားတော့ အဲလူရဲ့ဝိညာဉ်ကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်သွားတယ်... မင်းသမီးက သူ့ကိုယ်သူသတ်သေမလို့လုပ်တော့မှ အဲ့လူကို လွှတ်ပေးခဲ့တာ... ဒါပေမဲ့ နောက်တော့ သူ့ကို ဧကရာဇ်က နန်းတွင်းပြန်ခေါ်သွားခဲ့ပြီး အပြင်ထွက်ခွင့်မပြုတော့ဘူး..."


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်မိသည်။

" အဲဒီလူက မကောင်းတဲ့ရည်ရွယ်ချက် ရှိနေတာလား..."


"အဲလိုမျိုးတော့ မဟုတ်ပါဘူး သူက သာမန်ကျင့်ကြံသူတစ်ယောက်ပဲ... ပြီးတော့ မင်းရဲ့ညီမလေးက မင်းသမီးလေးဆိုတာကို သိပုံမရဘူး... သူလည်း သေမင်းနှုတ်ခမ်းဝကနေ အသာလေးလွတ်လာတာပဲ..."


အောင်းယွဲ့က ရှန်းလျိုရှန့်ကို ခုံတွင်ပြန်ထိုင်ပြီး အေးအေးဆေးဆေးနေစေလိုသော်လည်း မရပေ။ ရှန်းလျိုရှန့်က ဝိုင်ကို တစ်ကျိုက်တည်းမော့သောက်ပြီး ခွက်ကို ဆောင့်ချလိုက်သည်။ 

" ငါ နန်းတွင်းကိုသွားချင်တယ်..."


အောင်းယွဲ့ : " ဧကရာဇ်က အခုလောလောဆယ်မှာ ဂူပိတ်ကျင့်ကြံနေတာ ... မင်း တကယ်လို့ နန်းတွင်းကိုသွားမယ်ဆိုရင်တောင် သူနဲ့တွေ့နိုင်မှာ မဟုတ်ဘူး..."


ရှန်းလျိုရှန့် : " ‌နန်းတွင်းကလူတွေကတော့ ရှင်းလျန် ဘယ်မှာရှိတယ်ဆိုတာ သိမှာပေါ့..."


သူက ယခုလေးတင်မှ သတင်းကြီးတစ်ခုကို ကြားလိုက်ရခြင်းဖြစ်သည်။ သူ ‌အစောပိုင်းထဲက သတိပြုမိခဲ့သင့်ပေသည်။ ကွဲပြားခြားနားသည့်သတင်းပေါင်းစုံက အရပ်မျက်နှာအနှံ့မှ ပေါ်ထွက်လာနေခဲ့သည်။ နန်းတွင်းတွင် ပြောဆိုနေကြသည့်သတင်းကသာ အမှန်အကန်ဖြစ်နိုင်ပေသည်။


" နတ်ဆိုးလောက ကနေ နန်းတွင်းကိုသွားတဲ့ နေရာကူးပြောင်းအစီအရင်က ပျက်စီးသွားတာကြာပြီ မင်း သွားစရာ လမ်းမရှိတော့ဘူး... ကျိုးရွှမ်လန်ကို အကူအညီတောင်းကြည့်တာတော့ ပိုကောင်းမယ်..."


ရှန်းလျိုရှန့်က ရုတ်တရက် ထရပ်လိုက်သည်။

" ဟုတ်တယ် သူ့မှာဆို နည်းလမ်းရှိမှာပဲ..."


ထို့နောက်တွက် သူက ဂနာမငြိမ်သောမျက်လုံးများဖြင့် လျှောက်သွားသည်။ သို့ရာတွင် မျက်စိတစ်မှိတ်အတွင်း၌ အခန်းပြင်ရောက်သွားကာ ချော်လဲကျသွားတော့သည်။


အောင်းယွဲ့ : " အမ်..."


******


ကျိုးရွှမ်လန် ရောက်လာချိန်တွင် အောင်းယွဲ့က လမ်းဘေးတစ်နေရာရှိ မက်မွန်ပင်အောက်တွင်ရပ်နေပြီး စိုးရိမ်တကြီးဖြင့် နားရွက်ကိုကုတ်နေသည်။ 


ခြေသံများကြားသည့်အခါ အောင်းယွဲ့က တစ်ဖက်သို့လှည့်လာပြီး မယောင်မလည်ပုံစံဖြင့် ချောင်းဟန့်လိုက်သည်။

" သူ အရက်မူးနေတာ... ဒီနေရာကိုလည်းရောက်ရော ရှေ့ဆက်မသွားတော့ဘဲ... နတ်ဆိုးဧကရာဇ်ကို လာခေါ်ခိုင်းလိုက်လို့ ပြောနေတယ်..."


ရှန်းလျိုရှန့်က သစ်ကိုင်းတစ်ခုပေါ်လှဲနေခြင်းဖြစ်ကာ အောက်ဘက်မှ လှုပ်ရှားသံများကိုကြားသည်နှင့် သစ်ကိုင်းသစ်ရွက်များအကြားမှ ခေါင်းပြူထွက်လာပြီး ကြည့်လိုက်သည်။ သူက မျက်လွှာချထားပြီး ချောမောသည့် မျက်နှာလေးက ပျင်းတိပျင်းရွဲဖြစ်ကာ အနည်းငယ်မူးဝေနေပုံပေါ်သည်။


 " ရောက်လာပြီလား..."


ကျိုးရွှမ်လန်က သစ်ပင်နား ကပ်လာသည်။

" အောက်ဆင်းခဲ့..."


စကားဆုံးသည်နှင့် သစ်ပင်ပေါ်မှ တရှပ်ရှပ်အသံများထွက်လာပြီး ရှန်းလျိုရှန့်က ရယ်မောလိုက်ကာ သစ်ကိုင်းများကိုခါလိုက်၍ ကျိုးရွှမ်လန်၏ခေါင်းပေါ်သို့ မက်မွန်ပွင့်ဖတ်များ ကျလာတော့သည်။


ကျိုးရွှမ်လန် ခေါင်းမော့ကြည့်လိုက်ကာ မျက်မှောင်ကြုတ်ပြီး သူ့ကိုဆူပူတော့မည့်အချိန်၌ လူငယ်လေး၏အပြုံးက သူ့မျက်ဝန်းထဲ ရောင်ပြန်ဟပ်လာသည်။ ထိုအပြုံးက ကျဆင်းလာသော ချယ်ရီပွင့်ဖတ်များထက်ပင် လှပနေသည်။

" အရမ်း အရမ်း ကြာတာပဲ..."


သစ်‌ပင်ပေါ်မှလူက သစ်ကိုင်းများလှုပ်ရသည်ကို ပင်ပန်းလာသောကြောင့် ရပ်လိုက်ပြီး မူးဝေနေသည့် မျက်လုံးများကိုဖွင့်ကာ မပီမသ ပြောလိုက်သည်။

 " မင်း အရင်ကဆို ငါ မူးလာတိုင်း မက်မွန်ပင်တွေအောက်မှာ အစောကြီးလာစောင့်နေတာလေ..."


ပြောပြောဆိုဆိုနှင့် သစ်ကိုင်းပေါ်မှ ခုန်ချလာသောကြောင့် ဒယိမ်းဒယိုင်ဖြစ်သွား၍ ကျိုးရွှမ်လန်က ထိန်းပေးထားလိုက်ရသည်။


ရှန်းလျိုရှန့်က လက်ဖျောက်တစ်ချက်တီးလိုက်ပြီးနောက် ကျိုးရွှမ်လန်၏ဝတ်ရုံလက်ကိုဆွဲကာ ခေါင်းမော့ပြီး ပြောလာသည်။

" ငါမင်းကို ပြောစရာရှိတယ်..."


ကျိုးရွှမ်လန်၏အကြည့်က နီရဲနေသည့် နှုတ်ခမ်းပါးများအပေါ် မသိမသာရောက်ရှိသွားပြီးနောက် သူ့ကိုလာမှီနေသူကို ခါးပြန်မတ်ပေးလိုက်သည်။


" ဘာကိစ္စလဲ..."


" အဲဒါ..."

ရှန်းလျိုရှန့် ခဏစဉ်းစားပြီးနောက် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

" ငါ မေ့သွားပြီ..."


ကျိုးရွှမ်လန် : "..."


သူက နန်းတော်မှ အစေခံများကို အမူးပြေစွပ်ပြုတ်တစ်ပန်းကန် လုပ်ခိုင်းလိုက်သည်။ ရှန်းလျိုရှန့် ခဏခဏချော်လဲကျနေ၍ ဝတ်ရုံက ညစ်ပတ်နေသည်ကို တွေ့သောအခါ ရေချိုးကန်တစ်ခုကို ပြင်ဆင်ပြီး ရေချိုးခိုင်းလိုက်သည်။


" မသွားဘူး မသွားဘူး..."


ရှန်းလျိုရှန့် ရေနွေးကန်ထဲရောက်သွားသည်နှင့် အနက်ရောင်ဆံနွယ်များ ပြန့်ကျဲကုန်ပြီး ခေါင်းက ရေမျက်နှာပြင်ပေါ် မှ ငုပ်လိုက်ပေါ်လိုက်ဖြစ်နေကာ ရုန်းကန်နေသည်။

" ကယ်ကြပါဦး ကယ်ကြပါဦး... ငါ ရေမကူးတတ်ဘူး..."


သူ အသည်းအသန်ရုန်းကန်နေသည်ကို ရေကန်ဘေးတွင် ရပ်နေသူက စောင့်ကြည့်နေသည်။ သူ ခဏတာ ငြိမ်သက်နေပြီးသည့်နောက်တွင် ခါးအထိသာမြင့်သော ရေကန်ထဲ၌ ရှန်းလျိုရှန့်ကို မတ်တပ်ရပ်စေလိုက်ပြီး ရေကန်နံရံကို လက်တစ်ဖက်ဖြင့် ထောက်ထားစေလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ကာ ပြောလိုက်သည်။

" ရေမြန်မြန်ချိုးလိုက်... ဒီလောက်ရေလေးနဲ့တော့ ရေမနစ်ပါဘူး..."


သို့ရာတွင် ရှန်းလျိုရှန့်က အသည်းအသန်ခေါင်းခါနေပြီး ပျာယာခတ်စွာဖြင့် သူ့ဝတ်ရုံကိုဆွဲထားသည်။

" ငါ သေချာမရပ်နိုင်ဘူး လဲကျသွားလိမ့်မယ်..."


ကျိုးရွှမ်လန် လှည့်ကြည့်လိုက်သောအခါ လူငယ်လေး၏ ဖြူဖွေးသောမျက်နှာက ရေများဖြင့်စိုရွှဲနေပြီး ရေစိုနေသည့်ဆံစများကလည်း ခန္ဓာကိုယ်တွင် ကပ်နေသည်။ သူက ရေကန်နံရံကိုမှီကာ မတ်မတ်ရပ်နေခြင်းဖြစ်သော်လည်း အဘယ့်ကြောင့် လဲကျသွားတော့မည်ဟု ပြောနေကြောင်း မသိပေ။ 


သူက ရေကန်ထဲတွင် ဆူဆူညံညံလုပ်ပြီး ရေချိုးရန် ငြင်းဆန်နေခြင်းသာဖြစ်သည်။


လက်တစ်ဖက်ဖြင့် ကျိုးရွှမ်လန်ကိုလှမ်းဆွဲလိုက်ပြီးသည့်နောက်တွင် ရေတတောက်တောက် ကျနေသံများ တည်ငြိမ်သွားသည်။


ကျိုးရွှမ်လန်က သူ့ကိုကျောပေးထားလိုက်ပြီးနောက် တွင် ရေကန်ထဲမှလူက အဝတ်အစားများကို ချွတ်နေသံ ကြားလိုက်ရသည်။ ခဏအကြာတွင် ထိုလူက သူ့လက်မောင်းကို အခြားလက်တစ်ဖက်ဖြင့် လှမ်းဆွဲထားပြန်သည်။


ရှန်းလျိုရှန့်က ရေချိုးပြီးသည်နှင့် ရေကန်ဘောင်ပေါ်တင်ထားသည့် အဝတ်အစားများကို လှမ်းယူလိုက်သည်။ အဝတ်အစားကို တစ်လွှာချင်းဝတ်နေပြီးသည့်နောက်တွင်မှ ကျိုးရွှမ်လန်၏ဝတ်ရုံလက်ကိုလှမ်းဆွဲပြီး ပြောလိုက်သည်။


" ရပြီ..."


ကျိုးရွှမ်လန်က သူ့ကို ရေကန်ထဲမှ ပွေ့ချီလာချိန်တွင် ဆံပင်များ ရေစိုနေသည်ကို တွေ့လိုက်ရ၍ ဝိညာဉ်စွမ်းအားကိုသုံးပြီး ခြောက်သွေ့အောင် ပြုလုပ်ပေးလိုက်သည်။


" ခုနတုန်းက ဘာလို့ ငါ့ကိုမကြည့်တာလဲ..."

ရှန်းလျိုရှန့်က ငြိမ်ငြိမ်မနေဘဲ သူ့နှဖူးကို ကျိုးရွှမ်လန်၏ပခုံးနှင့်ဖိကပ်ထားသည်။


ကျိုးရွှမ်လန်က အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

" မကြည့်ရဲလို့ မဟုတ်ပါဘူး ကျုပ်က ခင်ဗျားကိုမှ စိတ်မဝင်စားတာ..."


" ‌ဒါဆိုရင် မင်းက ဘယ်သူ့ကိုစိတ်ဝင်စားတာလဲ..."


" ဘယ်သူ့မှ စိတ်မဝင်စားဘူး..."


ကျိုးရွှမ်လန်က သူ့ကိုအိပ်ခန်းထဲ ခေါ်သွားပေးလိုက်ပြီးနောက် အမူးပြေစွပ်ပြုတ်တိုက်လိုက်သည်။ စွပ်ပြုတ်သောက်ပြီးသည့်အခါ အိပ်ရာကိုလက်ညိုးထိုးပြပြီး ပြောလိုက်သည်။

"  ငါ အိပ်ပျော်သွားရင် နှင်ထုတ်မှာလား..."


ကျိုးရွှမ်လန် : " ဒီမှာပဲ နေလိုက်တော့..."


သို့ဖြစ်၍ ရှန်းလျိုရှန့်က အိပ်ရာပေါ်တက်သွားသည်။ ရေချိုးကန်ထဲတွင် ဟိုဘက်သည်ဘက်လှိမ့်ခဲ့သောကြောင့် ပြဿနာထပ်မရှာတော့ဘဲ တိတ်ဆိတ်စွာဖြင့် မျက်လုံးမှိတ်လိုက်သည်။


အခန်းထဲတွင် ခဏတာခန့် တိတ်ဆိတ်သွားသည်။ အိပ်ရာဘေးတွင်ရပ်နေသော ကျိုးရွှမ်လန်က အနားကပ်လာပြီး သူ့မေးစေ့ကိုလက်ချောင်းများဖြင့် ညှစ်လိုက်သည်။ ဖြူဖွေးနုဖတ်နေသည့် မျက်နှာလေးကို ထပ်ခါထပ်ခါကြည့်နေမိသည်။


ဤလူ၏ အသားအရည်လေးက နုဖတ်ကြည်လင်နေပြီး လူတိုင်းကို ညှို့ယူဖမ်းစားနိုင်စွမ်းရှိကြောင်းကို သူ ယခင်က မသိခဲ့ပေ။ 


ကျိုးရွှမ်လန်က အေးစက်စွာနှာမှုတ်လိုက်ပြီးနောက် သူ့မျက်နှာကို ပြန်လွှတ်ပေးလိုက်ကာ နန်းတော်ထဲသို့ ပြန်လာခဲ့သည်။ 


နောက်တစ်နေ့မနက် အာရုဏ်မတက်မီ ရှန်းလျိုရှန့် နိုးလာခဲ့ပြီး သူ့နှဖူးကိုကိုင်၍ နန်းတော်ထဲတစ်ဟုန်ထိုးပြေးဝင်လာပြီး ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည်များကို ပြောလိုက်သည်။


" ကျုပ်က ပြောင်းပြန်ကြေးခွံကိုတော့  နန်းတွင်းရောက်သွားအောင်လုပ်မှာ မဟုတ်ဘူး..."


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်သည့်အခါ ကျိုးရွှမ်လန်က သူ့ကိုကြည့်နေသည်။

" ကျုပ် ဒီနေ့ ယန်မင်မြို့ကိုသွားမှာ..."


ရှန်းလျိုရှန့် မျက်ခုံးအသာပင့်လိုက်ပြီးနောက် အပြင်သွားချင်စိတ် ဖြစ်ပေါ်လာသည်။ အပြင်သို့ရောက်ပါက နန်းတွင်းကိုဆက်သွယ်ရန် အခွင့်အရေးရှိနိုင်ပေသည်။


ကျိုးရွှမ်လန်က မတ်တပ်ထရပ်လိုက်သည်။

" ခင်ဗျားမှာက ပြောင်းပြန်ကြေးခွံရှိနေတာဆိုတော့ သေချာပေါက် လိုက်ခဲ့ရမှာပေါ့..."


.....


ယန်မင်မြို့၏လမ်းများထက်တွင် ဝင်ထွက်သွားလာသောလူများစွာဖြင့် စည်ကားနေသည်။


ကျိုးရွှမ်လန်က သူ့အော်ရာကို ဖိနှိပ်ထားလိုက်သည်။

" ကျုပ် ခဏထွက်သွားရဦးမှာဆိုတော့ မြို့ထဲမှာ ခဏတော့နေခဲ့ဦး..."


ကုထျဲက ဤနေရာတွင် ရှိနေရသောကြောင့် ရှာဖွေရဦးမည်ဖြစ်သည်။ 


ရှန်းလျိုရှန့်က သူ၏ဗလာကျင်းနေသော ပိုက်ဆံအိတ်လေးကို ငုံ့ကြည့်လိုက်သည်။ နတ်ဆိုးလောကတွင် သူ ရခဲ့သည့် ဝိညာဉ်ကျောက်တုံးများက ကုန်သွားခဲ့ပြီဖြစ်သည်။ ယခုအခါ သူ အလွန်ဆင်းရဲနေပြီဖြစ်၍ ယန်မင်မြို့တွင် ရေတစ်ငုံပင် ဝယ်သောက်နိုင်တော့မည်မဟုတ်ပေ။ 

" ငါ့ကို ဝိညာဉ်ကျောက်တုံးနည်းနည်း ပေးခဲ့ဦး..."


ကျိုးရွှမ်လန်က ပြောလိုက်သည်။

" ဘာလို့ ပေးရမှာလဲ..."


" အရင်တုန်းက ဂိုဏ်းတွင်းပြိုင်ပွဲကြီးမှာ မင်း ပွဲကို တမင်ရှုံးအောင် လုပ်ပစ်လိုက်တယ်လေ အဲဒါကြောင့် ငါ ဝိညာဉ်ကျောက်တုံးတစ်သောင်းတောင် ရှုံးသွားရတယ်..."


ရှန်းလျိုရှန့် သူ့ရင်ဘတ်ကိုဖိထားလိုက်သည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုအကြောင်းကို တွေးလိုက်သည်နှင့် သူ့ရင်ထဲ နာကျင်လာဆဲဖြစ်သည်။

" ငါက မင်းရဲ့အကြွေးရှင်နော်... ငြင်းဖို့တော့မကြံနဲ့..."


ကျိုးရွှမ်လန်က သူ့ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် မျက်ခုံးအသာပင့်လိုက်သည်။ ထို့နောက် ဤကိစ္စက အမှန်ပင် ဖြစ်ပျက်ခဲ့သည်ဟုထင်၍ ပြောလိုက်သည်။

" ခင်ဗျားပြောတဲ့ကိစ္စကို ကျုပ်မမှတ်မိဘူး... ပြီးတော့ ခင်ဗျား တပည့်လုပ်ခဲ့တဲ့ကိစ္စအတွက် ကျုပ်ကဘာလို့ ပြန်ပေးဆပ်ရမှာလဲ..."


ရှန်းလျိုရှန့် မျက်လုံး အပြူးသားဖြစ်သွားသည်။

ဒီလူလိမ်လူညစ်လေးကတော့...


သူ့ရင်ထဲတွင် ကျိန်ဆဲနေသော်လည်း ကျိုးရွှမ်လန်ကို ညာဘက်လက်ဖြန့်ပြလိုက်သည်။ 


" မပေးဘူး..."


ရှန်းလျိုရှန့်က ဘယ်ဘက်လက်ဖြန့်လိုက်သည်။


" မပေးဘူးဆို..."


ရှန်းလျိုရှန့်က လက်နှစ်ဖက်လုံးဖြန့်၍ တောင်းနေသော်လည်း ကျိုးရွှမ်လန်က နှလုံးသားမဲ့စွာဖြင့် ပြောလိုက်သည်။

" မပေးဘူးလို့ ပြောနေတာ...


သူ့စကားမဆုံးမီမှာပင် အဖြူရောင်ဝတ်ရုံနှင့် ရွှေရောင်အဝတ်အစားဝတ်ထားသော အကောင်ပေါက်စလေး‌ ပေါ်လာသည်။


အခြေတည်ဝိညာဉ်လေးက ကျိုးရွှမ်လန်၏လက်ဖဝါးပေါ်ရပ်နေပြီး လက်ဖြူဖြူလေးနှစ်ဖက်ကိုဖြန့်၍ မော့ကြည့်ပြီး ဖယောင်းကဲ့သို့နုနယ်သော အသံလေးဖြင့် ပြောလိုက်သည်။


" အစ်ကိုကြီး ကျေးဇူးပြုပြီး ကျွန်တော့်ကို ဝိညာဉ်ကျောက်တုံးလေး နည်းနည်းပေးပါ..."


ဝိညာဉ်ကျောက်တုံးများရရန်အတွက် ထိုမျှအထိလုပ်သောလူကို ကျိုးရွှမ်လန် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူက လူအကြီးကြီးနှင့် လူပေါက်စလေးကို တစ်လှည့်စီ ကြည့်နေလိုက်သည်။ သူ ခဏတာငြိမ်သက်သွားပြီးနောက် နှုတ်ခမ်းပါးများ တွန့်ကွေးကာ ပြုံးလာပြီး သိုလှောင်အိတ်ကို ရှန်းလျိုရှန့်၏လက်ဖဝါးထဲထည့်‌၍ ပြောလိုက်သည်။

" ဒါနဲ့ဆိုရင် တစ်မြို့လုံးကိုတောင် ဝယ်လို့ရပြီ..."


ရှန်းလျိုရှန့် ပျော်ရွှင်စွာဖြင့် လက်ခံလိုက်သည်။


ကျိုးရွှမ်လန် ထွက်သွားပြီးသည့်နောက်တွင် သိုလှောင်အိတ်ကိုကိုင်၍ လမ်းအတိုင်းလျှောက်လာပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းနေသည်။


ရှန်းလျိုရှန့်က ရုတ်ရုတ်သဲသဲမဖြစ်စေရန်အတွက် ရုပ်ဖျက်မန္တန်ကိုသုံးထားပြီး နန်းတွင်းသို့ အကြောင်း

ကြားနိုင်မည့်နည်းလမ်းအချို့ကို ရှာဖွေနေသည်။ ထိုအချိန်တွင် နေရာတစ်ခုမှ ဆူညံသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။


ရှန်းလျိုရှန့် အနားကပ်သွားသည့်အခါ တံခါးဝရှိ သစ်သားပြားတွင် " ဖိုချုန့်ဆိုင် " ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။