Chapter 157
ဤနေရာက လွန်ခဲ့သောဆယ်နှစ်ခန့်က ပေါ်ပေါက်ခဲ့သည့် စီးပွားရေးလုပ်သောနေရာဖြစ်ပြီး နယ်ပယ်ပေါင်းစုံကိုလည်း ဖြန့်ကျက်ထားနိုင်သည်။ သူတို့က သတင်းအချက်အလက်ရောင်းဝယ်ခြင်း၊ တာဝန်များကို အငှားပြုလုပ်ပေးခြင်းတို့သာမက လေလံဆွဲသည့်နေရာတစ်ခုလည်းဖြစ်၍ ပင်မနယ်မြေတွင် အလွန်နာမည်ကြီးသည်။
ရှန်းလျိုရှန့် အထဲသို့ဝင်သွားသည့်အခါ လေလံအောင်သွားသည့် အသံတစ်သံကို ကြားလိုက်ရသည်။
" ဝိညာဉ်ကျောက်တုံးငါးသိန်း တတိယအကြိမ်... လေလံအောင်သွားပါပြီ..."
သာမန်ကျင့်ကြံသူများက ထိုမျှများပြားသည့် ဝိညာဉ်ကျောက်တုံးများရှိနေခြင်းက်ု ရှန်းလျိုရှန့် တအံ့တဩဖြစ်နေမိသည်။ သူ စဉ်းစားနေစဉ်မှာပင် မြင်တွေ့နေကျဖြစ်သော အနက်ရောင်ကျောက်တုံးများကို သူ့ရှေ့မှဖြတ်ကျော်၍ သယ်သွားသည်အား မြင်လိုက်ရသည်။ အခြေခံအုတ်မြစ်တည်အဆင့် ကျင့်ကြံသူငါးယောက်က သူနှင့် ရင်းနှီးနေသည့် အနက်ရောင်ကျောက်တုံးကို အပေါ်ထပ်မှ သီးသန့်ခန်းရှိရာသို့ သယ်ဆောင်သွားပေသည်။
" သခင်လေးရှုက တကယ်ကို ချမ်းသာပြီး စွမ်းအားကြီးတာပဲ... သူက ဝိညာဉ်ကျောက်တုံးငါးသန်းလောက်ကိုတောင် မျက်စိတစ်ချက်မမှိတ်ပဲ သုံးပစ်နိုင်တယ်..."
" သူက ရှုမိသားစုကပဲလေ... ပင်မနယ်မြေရဲ့ အကြီးဆုံးလက်နက်သန့်စင်လုပ်ငန်းလုပ်တဲ့ မိသားစုက သခင်လေးပဲကို သူ အဲလောက်ချမ်းသာနေတာ အံ့ဩစရာတော့ မဟုတ်ပါဘူး..."
" အထူးအဆန်းတော့ မဖြစ်နေပါဘူး... ဒါ အရင်တုန်းက နတ်ဆိုးမြို့တော်ရဲ့ သုံးဘဝကျောက်တုံးလေ... ဒီလောကထဲမှ ဒီကျောက်တုံးသုံးတုံးပဲရှိတာ... ကျန်တဲ့နှစ်ခုက ချင်းလင်ဂိုဏ်းနဲ့ နန်းတွင်းမှာ ရှိနေတာ... ဒီလိုရတနာမျိုးကို ၅သိန်းနဲ့ဝယ်တာ ဘာမှမဟုတ်ပါဘူး... ဒါကို ဝိညာဉ်ကျောက်တုံး၅သန်းနဲ့ ဝယ်ချင်တဲ့သူတွေတောင် ရှိရင်ရှိနေမှာ..."
" ဘာ... ဒါဆိုရင် သခင်လေး ရှုဇီရွှယ် ဝိညာဉ်ကျောက်တုံး၅သိန်းပေးမယ်လို့ အော်လိုက်တော့ ဘယ်သူမှ ထပ်ပြီး ဈေးပြိုင်မပေးတော့တာ ဘာသဘောလဲ..."
" ငတုံးကောင်... သူက ဧကရာဇ်ရဲ့ ညီတစ်ဝမ်းကွဲလေ... ဘယ်သူက သူနဲ့ဈေးပြိုင်ပေးရဲမှာလဲ... ရှုမိသားစုကို ဧကရာဇ်က ကျောထောက်နောက်ခံပေးနေတယ်ဆိုတာ မသိတဲ့လူ ဘယ်သူရှိလို့လဲ... ဒီနှစ်ပိုင်းတွေမှာ သူတို့မိသားစုက ပုံစံတွေပြောင်းလိုက်ပြီးတော့ ခေါင်းစခြေဆုံး မြင့်မြတ်တဲ့ပုံစံတွေနဲ့ ပြုမူနေကြတာလေ... ကြည့်ရတာတော့ သူတို့က ပင်မနယ်မြေရဲ့ တော်ဝင်မိသားစု ဖြစ်လာချင်တဲ့ပုံပဲ..."
" ဒါဆို ငါတို့ဖိုချုန့်ဆိုင်တော့ ဘယ်လိုလုပ်ကြမလဲ..."
" ဘယ်တတ်နိုင်မလဲ ငါတို့တွေ ကံဆိုးတယ်လို့ပဲ ပြောရတော့မှာတော့... ရှုဇီရွှယ် နတ်ဆိုးလောကကို မလာခင် ဧကရာဇ်က သူ့ကိုကျောက်စိမ်းလည်ဆွဲတစ်ခု ပေးလိုက်တယ်လေ အဲမှာ ဝိညာဉ်ချိပ်စည်းတစ်ခုပါတယ် ပြောကြတာပဲ..."
" အိုး ဒါဆိုရင် အဲဒီဝိညာဉ်ချိပ်စည်းကြောင့် ရှုဇီရွှယ်က နတ်ဆိုးလောကမှာ ပညာပြနေနိုင်တာပေါ့... သူ အရမ်းမာနကြီးလွန်းပေမယ့် သူ့ကို ဘာမှမလုပ်ရဲကြတာ အဲဒီချိပ်စည်းကြောင့်ပဲဖြစ်မယ်..."
[ ရှန်းလျိုရှန့် ချင်းလင်ဂိုဏ်းမှာ ရှိနေတုန်းက တိယွင်ယွီပေးထားတဲ့ ကျောက်စိမ်းလည်ဆွဲလိုမျိုးပါ... သူ ပြဿနာတစ်ခုခုဖြစ်တိုင်း ဧကရာဇ်ရဲ့ ပုံရိပ်ယောင်ပေါ်လာပြီး ကူညီပေးနေကျလိုမျိုး အစောင့်အရှောက်သဘောနဲ့ ပေးထားတာပါ ]
" ရှူး တိုးတိုးနေ ငါတို့ သူ့အခန်းရှေ့ ရောက်နေပြီ..."
ရှေ့ဆုံးမှလူက တံခါးခေါက်လိုက်သည်။
" သခင်လေး ကျွန်တော်တို့တွေ သုံးဘဝကျောက်တုံးကို သယ်လာပါပြီ..."
အခန်းထဲမှ ပြန်ဖြေသံ မကြားရပေ။ ထိုလူ နောက်တစ်ကြိမ် တံခါးခေါက်ရန် ပြင်လိုက်သည့်အခါ သီးသန့်ခန်းထဲမှ အစောင့်များစွာထွက်လာပြီး သုံးဘဝကျောက်တုံးနှင့် ၎င်းကိုသယ်လာသည့် အစောင့်များကို ဝိုင်းထားလိုက်သည်။
လေထုထဲရှိ အခြေအနေက တင်းမာလာပြီး အကောင်းစားပိုးထည်နှင့် ခရမ်းရောင်သရဖူဆောင်းထားသည့်လူငယ်တစ်ယောက် ထွက်လာသည်။ သူ့အကြည့်က သုံးဘဝကျောက်တုံးပေါ်တွင် ရှိမနေဘဲ ကျောက်တုံးကို သယ်လာပေးသည့် အခြေခံအုတ်မြစ်တည်အဆင့် ကျင့်ကြံသူများကိုကြည့်ကာ အပြုံးမမည်သော အပြုံးတစ်ခု ပြုံးပြလိုက်သည်။
" အဲလူတွေရဲ့ပါးစပ်ကိုဆွဲဖြဲပြီး လျှာကိုပါဖြတ်ထုတ်ပစ်လိုက်... သူတို့တွေ ဘာများထပ်ပြောနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့..."
ထိုလူများကြားထဲ ရောပါသွားသည့် ရှန်းလျိုရှန့် : "..."
သုံးဘဝကျောက်တုံးကို သယ်လာသော သူ့ဘေးနားမှ ကျင့်ကြံသူလေးက အလွန်ကြောက်လန့်သွား၍ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေပြီး အမြန်ထွက်ပြေးရန် ပြင်လိုက်သည်။ သို့ရာတွင် သူ့ကို ကျင်းတန်အဆင့် ကျင့်ကြံသူများက ဝန်းရံထားသောကြောင့် ထွက်မပြေးနိုင် ဖြစ်နေရသည်။ အားလုံး အမြန်ဒူးထောက်လိုက်ကြပြီး အသနားခံရန် တောင်းပန်နေကြတာ တုန်ယင်နေသည်။
" မြန်မြန်လုပ်လိုက်ကြ... ကျောက်တုံးပေါ် သွေးမစွန်းစေနဲ့..."
ရှုဇီရွှယ်က အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။ အမိန့်ပေးပြီးသည်နှင့် အခန်းထဲဝင်သွားတော့မည့်အချိန်၌ သုံးဘဝကျောက်တုံးဘေးတွင်ရပ်နေသည့် လူငယ်လေးကို မြင်လိုက်မိသည်။ သူ့ပုံစံက သာမန်သာဖြစ်သော်လည်း ဒူးမထောက်သည့်အပြင် ပျာယာခတ်နေခြင်း မရှိပေ။ သို့ဖြစ်၍ သူ့ဘေးနားမှလူများနှင့်ယှဉ်ပါက အာရုံစိုက်စရာဖြစ်နေသည်။
" မင်း ဘယ်သူလဲ... ဘာလို့ဒူးမထောက်တာလဲ..."
ရှန်းလျိုရှန့်ပြုံးလိုက်သည်။
" ငါ ဒူးထောက်လိုက်ပြီဆိုရင် မင်းတို့ခြေထောက်တွေထဲက တစ်ချောင်းတော့ ပြတ်သွားမယ်ထင်တယ်..."
ရှုဇီရွှယ် အံ့အားသင့်သွားပြီးနောက် အားပါးတရအော်ရယ်ကာ ရှန်းလျိုရှန့်နားတွင်ရှိသည့် သူ့ကိုယ်ရံတော်တစ်ယောက်ကို မျက်စပစ်ပြလိုက်သည်။ ထိုလူက ချက်ချင်းသဘောပေါက်သွားပြီး သူ့ဘေးနားမှလူနှင့်အတူ ရှန်းလျိုရှန့်ကို ဖမ်းဆွဲထားရန် ပြင်လိုက်သည်။
ရှန်းလျိုရှန့်က အနက်ရောင်ကျောက်တုံးပေါ် လက်ထောက်၍ တစ်ဖက်သို့လှည့်ပြီး ခုန်ထွက်ကာ အသာလေးရှောင်လိုက်သည်။
ကျင်းတန်အဆင့် ကျင့်ကြံသူနှစ်ယောက်က တိုက်ခိုက်လာခြင်းဖြစ်၍ သူ့အတွက် တိုက်ခိုက်မှုကို ရှောင်ရှားရန် အခက်တွေ့နေသည်။ ဘေးနားတွင်လည်း ရပ်ကြည့်နေကြသည့်အစောင့်များစွာရှိနေ၍ ကူကယ်ရာမဲ့နေသည်။ ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ရှုဇီရွှယ်ကိုကြည့်ကာ ပြောင်ပြောင်တင်းတင်းပင် ပြောလိုက်သည်။
" ငါ ဒီကိုလာတာ ရှုရှင်းချန်ကို ရှာမလို့..."
" ဘယ်လိုတောင် ရဲတင်းတာလဲ... ဧကရာဇ်ရဲ့နာမည်ကို လက်လွတ်စပယ် ခေါ်ရလား..."
ရှုဇီရွှယ် ဒေါသထွက်သွားသောကြောင့် အစောင့်များကို ချက်ချင်းတိုက်ခိုက်ခိုင်းလိုက်တော့သည်။
ထိုအချိန်တွင် သုံးဘဝကျောက်တုံးဘေး၌ ရပ်နေသော လူငယ်လေးက ပြောလာသည်။
" ငါ့နာမည်က ရှန်းလျိုရှန့်ပါ သူ့ကိုအဲ့အကြောင်းပြောပြလိုက်..."
တိုက်ခိုက်တော့မည့် ကျင့်ကြံသူများအားလုံး ကြောက်လန့်သွားပြီး သင်္ကာမကင်းဖြစ်စွာနှင့် ရပ်တန့်လိုက်ကြသည်။ ရှုဇီရွှယ်၏ အမူအရာလည်း ပြောင်းလဲသွား၏။ လူငယ်လေးက ရုပ်ဖျက်မန္တန်ကို ပယ်ဖျက်လိုက်သည့်အခါ ချောမောသည့်မျက်နှာလေးပေါ်လာ၍ သူ ထိတ်လန့်သွားပြီး မျက်လုံးထဲမှ အကြည့်လည်း ချက်ချင်းပြောင်းလဲသွားသည်။
ရှန်းလျိုရှန့်က သူ၏အသွင်အစစ်ကို ထုတ်ဖော်ပြသလိုက်ပေ၏။ ပထမဆုံးအနေဖြင့် ရှုဇီရွှယ်က ထိုသတင်းကိုဖြန့်လိုက်လျှင် အကောင်းဆုံးဖြစ်သည်။ ဒုတိယအနေဖြင့် သူ့စိတ်ဆန္ဒမပါလျှင်ပင် ထိုကိစ္စက ပိုကြီးကျယ်သွားပါက ရှုမိသားစု၏ လွှမ်းမိုးမှုဖြင့်ဆိုလျှင် နန်းတွင်းတိုင်အောင် ရောက်ရှိသွားနိုင်သည်။
ရှုဇီရွှယ်၏ပုံစံက ကြောက်လန့်သွားဟန်ရပြီး ချောမောသည့်လူငယ်လေးကိုကြည့်ကာ ရေရွတ်လိုက်သည်။
" ကြည့်ရတာ သူ တကယ်ကို အသက်ရှင်နေတာပဲ..."
သူ ယန်မင်မြို့သို့ရောက်လာခြင်းမှာ အင်မော်တယ်ရှန်း ပြန်လည်ရှင်သန်လာသည်ဟူသောသတင်းကြားခြင်းကြောင့်ဖြစ်ပြီး အခြေအနေကို လာရောက်စစ်ဆေးခြင်းဖြစ်သည်။ ယခုအခါ ရှန်းလျိုရှန့်က အမှန်တကယ်ပေါ်လာသည်ဖြစ်၍ ရှုဇီရွှယ်၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြသလာသည်။ ဧကရာဇ်က သူ့အစ်ကိုတစ်ဝမ်းကွဲကို မရွေးချယ်ခဲ့ခြင်းမှာ ထိုလူကြောင့်ဖြစ်သည်ဟု သူ့အဖေထံမှ ကြားခဲ့ဖူးသည်။ ကံကောင်းသည်မှာ ထိုလူက သေဆုံးသွားခဲ့လေသည်။
ယခုချိန်တွင်မူ ရှန်းလျိုရှန့်က ပြန်လည်ရှင်သန်လာပြီဖြစ်၍ သူက အခြေခံအုတ်မြစ်တည်အဆင့်တွင်သာ ရှိသေးသော်လည်း သူ့အစ်ကိုတစ်ဝမ်းကွဲအတွက် ခြိမ်းခြောက်စရာဖြစ်လာနိုင်၍ လျှို့ဝှက်စွာသတ်ဖြတ်ပစ်လေ ပိုကောင်းလေဖြစ်သည်။
ရှုဇီရွှယ် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။
" သတ်ပစ်ကြစမ်း..."
သို့ရာတွင် အစောင့်များ၏ မျက်နှာထက်တွင် တွန့်ဆုတ်နေသည့် အမူအရာမျိုး ဖြစ်ပေါ်လာ၍ ရှုဇီရွှယ်၏မျက်နှာက ဒေါသကြောင့် ပြာနှမ်းလာသည်။
" အကုန်လုံးကိုသတ်ပစ်ပြီး ဘယ်သူ့ကိုမှ မချန်ခဲ့နဲ့... ငါ ဒီနေရာအထိ ကိုယ်တိုင်လာခဲ့ရတာ အလဟဿ ဖြစ်မခံနိုင်ဘူး..."
သူကိုယ်တိုင်က နတ်ဘုရားအသွင်ပြောင်းအဆင့်ထဲသို့သို့ ရောက်ရှိနေပြီဖြစ်၍ အခြေခံအုတ်မြစ်တည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ရခြင်းက ပုရွက်ဆိတ်ကို နင်းသတ်လိုက်သည့်အတိုင်း လွယ်ကူလှပေသည်။ သူ တစ်ခဏအတွင်း ရှန်းလျိုရှန့်၏ရှေ့သို့ရောက်လာပြီး လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
အကယ်၍ ရှုဇီရွှယ် အားကုန်ထုတ်သုံးလိုက်ခြင်းဖြစ်ပါက ထိုလက်ဝါးချက်ဖြင့်ထိသည်နှင့် သေသွားမည်ဖြစ်သည်။
" ဝုန်း..."
ဖိုချုန့်ဆိုင်တစ်ဆိုင်လုံး လှုပ်ခါသွားပြီး စားပွဲနှင့် ကုလားထိုင်များ လဲကျကုန်ကာ အုတ်ကြွပ်မိုးများလည်း ကွာထွက်ကုန်သည်။
ဖိုချုန့်ဆိုင်မှ လူများက ဆူညံသံများကြားသည်နှင့် တစ်ဟုန်ထိုး ရောက်လာကြသည်။ အနက်ရောင်ပုံရိပ်တစ်ခုကိုမြင်သည်နှင့် သူတို့အားလုံး ကြောက်လန့်တကြားဖြင့် ကြမ်းပြင်တွင် ဒူးထောက်လိုက်ကြသည်။
" အရှင်မင်းကြီး..."
" နတ်ဆိုးဧကရာဇ် အရှင်မင်းကြီး..."
ရှုဇီရွှယ်က တအံ့တဩအော်ဟစ်သံများအကြားမှ မနည်းထလာပြီး သွေးအန်ထွက်သွားသည်။
လူငယ်လေးကို ကယ်တင်လိုက်သည့် ကျိုးရွှမ်လန်ကိုကြည့်ပြီး ကြောက်လန့်မှုတစ်ဝက် လှောင်ပြောင်သရော်လိုမှုတစ်ဝက် ဖြစ်ပေါ်လာရသည်။
" ဘယ်သူများလဲလို့ နတ်ဆိုးဧကရာဇ် ဖြစ်နေတာပဲ..."
ရှုဇီရွှယ်က သူ့ခါးမှ ကျောက်စိမ်းဆွဲပြားကို လှန်လိုက်သည်။ သူ့အစ်ကိုတစ်ဝမ်းကွဲက နတ်ဆိုးဧကရာဇ်နှင့် မသင့်မြတ်သဖြင့် ဤတစ်ကြိမ်၌ သူ ကြောက်လန့်နေရန် မလိုအပ်ပေ။ ထို့အပြင် ဤလူက နတ်ဆိုးဧကရာဇ်သာဖြစ်ပြီး သူ့အစ်ကိုတစ်ဝမ်းကွဲက ရှန့်ချီတောင်၏ ဧကရာဇ်ဖြစ်သည်။
" နတ်ဆိုးဧကရာဇ်က တော်တော်လေးသတ္တိရှိတာပဲ... တကယ်လို့ ကျုပ်ကိုတိုက်ခိုက်မယ်ဆိုရင် ဧကရာဇ်ရဲ့ဝိညာဥ်ချိပ်စည်းကို ခေါ်ထုတ်လိုက်သလိုဖြစ်သွားမှာ မစိုးရွံ့ဘူးလား..."
ကျိုးရွှမ်လန်က သူ့မျက်နှာကို တစ်ဖက်သို့လှည့်လိုက်သည်။
" ငါက ဒီကိုသတင်းပေးဖို့ ရောက်လာတာ..."
ရှန်းလျိုရှန့် ချောင်းဟန့်လိုက်ပြီးနောက် ရှုဇီရွှယ်ကို လက်ညှိုးထိုးပြလိုက်သည်။
" မင်း သူ့ကိုအရင်ကိုင်တွယ်လိုက်ဦး ငါ ဘေးနားက ကြည့်နေမယ်..."
ရှန်းလျိုရှန့်က ပြောပြောဆိုဆိုနှင့် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဘေးနားသို့ရှောင်လိုက်သည်။ သတိမထားမိသောကြောင့် သူ့ခန္ဓာကိုယ်က အနက်ရောင်ကျောက်တုံးနှင့် ထိမိသွားသည်။
အလင်းတန်းတစ်ချက် လင်းလက်သွားပြီး စာကြောင်းတစ်ကြောင်း ပေါ်လာသည်။
ရှန်းလျိုရှန့်က ထိုစာကြောင်းကို ကျိုးရွှမ်လန် မြင်သွားသည် မမြင်သွားသည်ကို မသိသော်လည်း ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထလာပြီး အမြန်ပြေးထွက်သွားတော့သည်။
လုံခြုံသည့်နေရာတစ်ခုရောက်ချိန်၌ ခေါင်းမော့ကြည့်လိုက်ချိန်မှသာ ရှုဇီရွှယ်၏ခန္ဓာကိုယ်မှ ရုတ်ချည်းထွက်ပေါ်လာသော စွမ်းအားကြီး ဝိညာဉ်ချိပ်စည်းအမှတ်အသားကို အာရုံခံလိုက်မိသည်။ ကျိုးရွှမ်လန် မျက်ခုံးတစ်ချက်ပင့်သွားပြီးနောက် ရှန်းလျိုရှန့်အတွက် အကာအကွယ်တစ်ခု ဖန်တီးပေးလိုက်သည်။
နောက်အခိုက်အတန့်တွင် ဖိုချုန့်ဆိုင်၌ အော်ဟစ်ဟိန်းဟောက်သံကြီး ထွက်ပေါ်လာကာ နေရာတစ်ခုလုံးကို ပျံ့နှံ့သွားသည်။
ကောင်းကင်ထက်တွင် မီးခိုးများ ဖုန်မှုန့်များဖြင့် ပြည့်လာ၍ ရှန်းလျိုရှန့် ဝတ်ရုံလက်ဖြင့်ကာနေရချိန်တွင် ကျိုးရွှမ်လန်က သူ့ဘေးနားမှ အကာအကွယ်ကို ဖယ်ပေးလိုက်သည်။
" သွားကြမယ်..."
ရှန်းလျိုရှန့်က သူ့နောက်ကို လှည့်ကြည့်လိုက်သည်။
" ရှုဇီရွှယ်ရော..."
ကျိုးရွှမ်လန် : " မသေသေးပါဘူး..."
ရှန်းလျိုရှန့် အံ့အားသင့်သွားသည်။
" မင်းရော စွမ်းအားကိုထိန်းထားလိုက်တာလား..."
ကျိုးရွှမ်လန်က မျက်လုံးများမှေးကျဉ်း၍ပြောလိုက်သည်။
" သူ့ကိုယ်ပေါ်မှာ ဧကရာဇ်ရဲ့ဝိညာဉ်အမှတ်အသားရှိတာဆိုတော့ အင်အားသုံးပြီး အဲဒါကိုထုတ်လိုက်မယ်ဆိုရင် တစ်မြို့လုံး ပျက်စီးသွားလိမ့်မယ်..."
ဧကရာဇ်ရှင်းချန်က သူ မှတ်မိခဲ့သောလူနှင့် အလွန်ကွဲပြားနေခဲ့သည်။ အခြားအရာအားလုံးထက် သူ့ကျင့်ကြံဆင့်က အလွန်တိုးတက်လာခဲ့ပေသည်။
ရှန်းလျိုရှန့် ခဏတာ အံ့အားသင့်သွားပြီး ပြောလိုက်သည်။
" သူ့ညီတစ်ဝမ်းကွဲဆိုတော့ သေချာပေါက် ဂရုစိုက်မှာပေါ့..."
" အဲလူက သူ့ခွေးတွေထဲက တစ်ကောင်ပါပဲ..."
ကျိုးရွှမ်လန် သရော်လိုက်သည်။
" ဟောင်တတ်ရုံနဲ့ ခွေးက လူတွေရဲ့စွမ်းအားကို အခွင့်ကောင်းယူပြီး နတ်ဆိုးနယ်မြေအထိ ရောက်လာပြီး ဘဝင်မြင့်နေတာ..."
ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်မိသည်။
" အဲဒါ ဘာကိုပြောတာလဲ..."
" ရွံစရာအကောင်းဆုံး လှုံ့ဆော်မှုပေါ့..."
ကျိုးရွှမ်လန်က ရှန်းလျိုရှန့်၏မျက်နှာထက်မှ ဖုန်များကို သုတ်ပေးလိုက်သည်။ သုတ်ပေးလိုက်ပြီးသောအခါ အံ့အားသင့်မှုများဖြင့်ပြည့်နေသည့် ဇာမဏီမျက်ဝန်းတစ်စုံကို ကြည့်လိုက်မိသည်။
သူ ခဏတာ အံ့ဩမှင်သက်သွားပြီးနောက် အလိုလိုလှုပ်ရှားသွားသည့်လက်ကို ငုံ့ကြည့်ကာ သူ့မျက်နှာတစ်ခုလုံး မှောင်မည်းသွားသည်။
ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်ပြီး ပြုံးရိပ်သန်းလာကာ သူ့မျက်နှာသူ ပွတ်နေမိသည်။ သူက ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး သူ့ကိုအသားယူသွားသည့် ကျိုးရွှမ်လန်ထံမှ ရှင်းပြချက်တစ်ခုတောင်းကာ အောင်နိုင်မှုကို ဖမ်းဆုပ်မည်ဟု ကြံရွယ်ထားလိုက်သည်။ တစ်ဖက်လူက သူ့လက်ကိုပြန်ချထားလိုက်ပြီး အမူအရာက အုံ့မှိုင်းသွားကာ မျက်စိတစ်မှိတ်အတွင်း ထိုနေရာမှ ပျောက်သွားသည်။
ရှန်းလျိုရှန့် လက်ဆန့်ထုတ်လိုက်သော်လည်း လေကိုသာထိမိသွား၍ နှုတ်ခမ်းတင်းတင်းစေ့ထားပြီး ဆွံ့အသွားမိသည်။ ဘေးနားမှလူများ၏ အကြည့်များကလည်း သူ့ထံသို့ တဖြည်းဖြည်း ကျရောက်လာသည်။
သူ မျက်ခုံးအသာပင့်လိုက်ပြီးနောက် မြိုပြင်မှ ကျုံးလင်းတောင်ပေါ်တွင် သူ့အုတ်ဂူရှိသည်ကို သတိရသွား၍ လမ်းဘေးတွင် ပေါက်ပြားတစ်ချောင်းဝယ်ပြီး အမြန်ပြေးသွားတော့သည်
သိုလှောင်အိတ်က ထိုနေရာတွင် ရှိနေဆဲဖြစ်၍ တူးထုတ်ရဦးပေမည်။
အောင်းယွဲ့က သူ့ကိုညာမပြောခဲ့ပေ။ ကျုံးလင်းတောင်၏ ရှု့ခင်းက အလွန်လှပပြီး ဝိညာဉ်စွမ်းအင်ကြွယ်ဝကာ လိမ္မော်သီးပင်များစွာလည်းရှိနေသည်။
ရှန်းလျိုရှန့် တောင်ပေါ်တက်သွားနေစဉ် လမ်းတစ်လျှောက်၌ လိမ္မော်သီးများစားရန် ခူးသွားသည်။ နောက်ဆုံးတွင် တောင်ထိပ်သို့ရောက်သည့်အခါ သူ့နာမည်ထိုးထားသည့် အုတ်ဂူတစ်ခုကို ရှာတွေ့လိုက်သည်။
ဤနေရာက လှပသော်လည်း တောင်ထိပ်ပေါ်တွင် အုတ်ဂူတစ်လုံးတည်းရှိနေ၍ အလွန်သီးခြားဆန်လှသည်။ ရှန်းလျိုရှန့်က ကြည့်ရမည်ကို အလွန်သနားစရာကောင်းသည်ဟုထင်၍ မျက်လုံးတစ်ဖက်ပိတ်ပြီး တစ်ဖက်ကိုဖွင့်ထား၍ ပေါက်တူးကိုကိုင်ပြီး သင့်တော်သည့်နေရာတစ်ခုမှ စတူးတော့သည်။
သို့သော် ပေါက်တူးဖြင့် တစ်ချက်တူးလိုက်စဉ်မှာပင် အုတ်ဂူကိုလွှမ်းခြုံထားသည့် မမြင်နိုင်သော အတားအဆီးတစ်ခုပေါ်လာသည်။
တန်ပြန်တိုက်ခိုက်မှု၏အင်အားက ထောင်နှင့်ချီသောဓားမျ ဖြတ်ကျော်လာသည်နှင့်တူပြီး ဂူကိုတူးနေသူကလည်း အေးစက်စက်ဓားစွမ်းအင်ကြောင့် တစ်ချက်တည်းလွင့်ထွက်သွား၏။ အနီရောင်ဝတ်ရုံဝတ်ထားသော လူငယ်လေးက သစ်ပင် ပင်စည်တစ်ခုနှင့် ဝင်ဆောင့်သွားသောကြောင့် သစ်ပင်ကြီးလည်း လဲကျလာသည်။
ရှန်းလျိုရှန့် "ဖွီး"ခနဲ သွေးများအန်ထွက်လာပြီး သူ့ကိုယ်တွင်းအင်္ဂါများ အလွန်အမင်းနာကျင်သွားကာ ခြေထောက်များကို သစ်ပင်ဖြင့် ဖိမိသွားသောကြောင့် မြေပြင်ပေါ်တွင် မလှုပ်မယှက်လှဲနေရသည်။
အချိန်အတန်ကြာသည့်အခါ ရှန်းလျိုရှန့် အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီး မနီးမဝေးမှ အုတ်ဂူကို လှမ်းကြည့်လိုက်မိသည်။
၎င်းက သူ့အုတ်ဂူကို နှောင့်ယှက်သူများထံမှ ကာကွယ်ရန် ပြုလုပ်ပေးထားသော အတားအဆီးဖြစ်သည်။ သူ့ကျင့်ကြံဆင့်က နိမ့်ကျသွားပြီဖြစ်၍ အတားအဆီး၏တည်ရှိမှုကို သတိမပြုမိခဲ့ပေ။ ပေါက်တူးဖြင့်တစ်ချက်ပေါက်လိုက်ချိန်တွင် အတားအဆီးကို သွားဆွလိုက်သကဲ့သို့ဖြစ်သွား၍ တိုက်ခိုက်မှုနယ်နိမိတ်အတွင်း ကျရောက်သွားပေသည်။
" အိုး... တော်တော်နာတာပဲ..."
ရှန်းလျိုရှန့် နာကျင်မှုကြောင့် ညည်းညူလိုက်ပြီး ခြေထောက်ကိုလည်း သစ်ပင်အောက်မှ ဆွဲထုတ်မရဖြစ်နေကာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသည်။
သူ့စိတ်ထဲ ရယ်ရငိုရမည်မသိ ဖြစ်သွားသည်။
ရှန်းလျိုရှန့် လက်တစ်ဖက်မြှောက်ပြီး ဝတ်ရုံမှဖုန်မှုန့်များကို သုတ်လိုက်သည်။ သူ ဝိညာဉ်စွမ်းအင်ကိုစုစည်းပြီး ပြောင်းပြန်ကြေးခွံမှတစ်ဆင့် ကျိုးရွှမ်လန်ကိုဆင့်ခေါ်ပြီး လာကယ်ခိုင်းတော့မည့်အချိန်၌ အဖြူရောင်ဖိနပ်တစ်ရံက သူ့ရှေ့တည့်တည့်တွင် ပေါ်လာသည်။
ရှန်းလျိုရှန့် ခေါင်းမော့ကြည့်လိုက်သည့်အခါ ရေခဲတမျှအေးစက်နေသည့် မျက်ဝန်းတစ်စုံကို မြင်တွေ့လိုက်ရသည်။
ယဲ့ပင်းရန်၏မျက်ဆံများက ရုတ်ချည်းကျုံ့ဝင်သွားပြီး သစ်ပင်ကြီးကို ဓားဖြင့်ပိုင်းချလိုက်သည်။ ရှန်းလျိုရှန့် သစ်ပင်အောက်မှ တွားသွားထွက်လာပြီး ထထိုင်လိုက်ကာ နှုတ်ခမ်းထောင့်မှသွေးများကို သုတ်လိုက်သည်။
" ကျေးဇူးတင်ပါတယ်..."
ယဲ့ပင်းရန်က အဖြူရောင်ဝတ်ရုံကိုဝတ်ထားပြီး မြေပြင်တွင် ဆောင့်ကြောင့်ထိုင်လျက် နှုတ်ခမ်းများ တုန်ယင်လာသည်။
" မင်း..."
ယဲ့ပင်းရန်၏ ပုံပန်းသွင်ပြင်က မပြောင်းလဲသေးသော်လည်း စိတ်နေစိတ်ထားက အတော်အတန်ပြောင်းလဲသွားကြောင်း ရှန်းလျိုရှန့် သတိထားမိလိုက်သည်။ သူ့ပုံစံက ယခင်ကကဲ့သို့ အေးစက်မနေတော့ဘဲ လူသားဆန်မှု ပိုများလာသည်။ ဤနှစ်ပိုင်းများတွင် သူ့အကျင့်အစိုက်က အလွန်ပြောင်းလဲသွားခဲ့ပုံရသည်။
ယဲ့ပင်
းရန်၏ ထိတ်လန့်သွားသော အမူအရာကို မြင်လိုက်သည့်အခါ သူ နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးပြလိုက်သည်။
" ငါ အသက်ရှင်နေသေးတယ်... ဆယ့်သုံးနှစ်လုံးလုံး ငါအုတ်ဂူကို သန့်ရှင်းပေးနေခဲ့တာ ကျေးဇူးတင်ပါတယ်..."