Chapter 158
ယဲ့ပင်းရန် သူ့လက်ချောင်းများကို တင်းကြပ်စွာဆုပ်ထားလိုက်မိသည်။ လွန်ခဲ့သောသုံးနှစ်ခန့်က မြေပြင်အောက်သို့ သူ့ဝိညာဉ်အသိစိတ်ဖြင့် ထိုးဖောက်ကြည့်လိုက်သည့်အခါ အလောင်းက ပျောက်ဆုံးနေပြီး မှော်အစွမ်းအချို့ရှိနေသည့် ခြေရာလက်ရာအချို့ကို မြင်လိုက်ရသည်။ ရှန်းလျိုရှန့် အသက်ရှင်နေသေးကြောင်း ရေးတေးတေး ခံစားနိုင်သော်လည်း သဲလွန်စများကို စွမ်းအားကြီးမှော်က ဖုံးကွယ်ထားခဲ့သည်။ သို့ဖြစ်၍ သူ အသက်ရှင်နေမည်ဟု မမျှော်လင့်ခဲ့တော့ပေ။
ရှန်းလျိုရှန့်က ညာဘက်ခြေထောက်ကိုပွတ်လိုက်သည့်အခါ အရိုးထဲအထိ နာကျင်သွားကြောင်း သိလိုက်ရသည်။ နာကျင်မှုကြောင့် မျက်လုံးများမှေးကျဉ်းသွားပြီးနောက် မေးလိုက်သည်။
" ဒီနှစ်တွေထဲ ဘယ်လိုလဲ..."
" နေထိုင်ကောင်းပါတယ်..."
ယဲ့ပင်းရန်က ရှန်းလျိုရှန့်၏ ရှက်ရွံ့နေသည့်ပုံကို တစ်ချက်ကြည့်လိုက်ပြီးနောက် အုတ်ဂူဘေးနားတွင် နှစ်ပိုင်းဖြစ်နေသည့် ပေါက်တူးကို ကြည့်လိုက်သည်။
" ငါချထားတဲ့ အတားအဆီးကြောင့် မင်း ဒဏ်ရာရသွားတာလား..."
" ဟမ်..."
ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်ပြီး ရယ်လိုက်သည်။
" မဟုတ်ပါဘူး... ငါ့အုတ်ဂူကိုငါ လာလည်တုန်း ကံဆိုးပြီး သစ်ပင်လဲကျတာနဲ့ ကြုံသွားလို့ပါ... ငါအခု အခြေခံအုတ်မြစ်တည်အဆင့်ကို ပြန်ရောက်သွားတော့ ဘာမှမလုပ်နိုင်တော့ဘူးလေ ရယ်ရတယ်မလား.."
ယဲ့ပင်းရန် ခဏတာ ငြိမ်သက်သွားပြီးနောက် သူ့ခြေသလုံးကို တမင်ဖိညှစ်ကြည့်လိုက်သည်။
ရှန်းလျိုရှန့် နာကျင်မှုကြောင့် အော်ဟစ်တော့သည်။
" ဖြည်း ဖြည်းဖြည်းလုပ်ပါ..."
ယဲ့ပင်းရန်က ပြောလာသည်။
" မင်းက အခြေခံအုတ်မြစ်တည်အဆင့်မှာပဲ ရှိသေးတာဆိုတော့ ငါ့မှာရှိတဲ့ နတ်ဆေးတွေနဲ့ ကုလို့မရလောက်ဘူး..."
" ငါသဘောပေါက်တယ် ရပါတယ်..."
ရှန်းလျိုရှန့်က မြေကြီးတွင် လက်ထောက်ထားပြီး သူ့ခွန်အားကိုသုံး၍ မနည်းမတ်တပ်ရပ်လိုက်သည်။
" ဒီနေရာကို တခြားသူ..."
သူ့စကားမဆုံးမီမှာပင် လေပေါ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
" ခွင့်ပြုပါ..."
ယဲ့ပင်းရန်က ခက်ခက်ခဲခဲထရပ်လိုက်သည့် လူငယ်လေးကို ပွေ့ချီလိုက်သည်။
" အရင်ဆုံး မင်းကို တောင်အောက်ခေါ်သွားပေးမယ်..."
ရှန်းလျိုရှန့် ခဏတာကြောင်အသွားပြီးနောက် သူနှင့်အလွန်နီးကပ်နေသော မေးရိုးကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် အိမ်မက်ထဲမှ နိုးထလာသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခြေထောက်နှစ်ဖက်က အလွန်နာကျင်နေသောကြောင့် မရုန်းကန်နိုင်ဖြစ်နေ၍ ယဲ့ပင်းရန်၏ပခုံးကို လက်ဖြင့်အသာပုတ်လိုက်သည်။
" ရတယ် ငါ့ကိုအောက်ချပေးပါ..."
ယဲ့ပင်းရန် ရပ်တန့်သွားသည်။
" မင်းခြေထောက်မှာ ဒဏ်ရာရနေတယ်လေ..."
ရှန်းလျိုရှန့် : " အဆင်ပြေပါတယ် ငါ့ကိုအောက်ချပေးပါ..."
ယဲ့ပင်းရန် သူ့ကိုတစ်ချက်ကြည့်နေပြီး ခေါင်းညိတ်ပြတော့မည့်အချိန်တွင် ရှန်းလျိုရှန့်၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်ကို သတိပြုမိလိုက်သည်။
" ဘာဖြစ်လို့လဲ..."
ရှန်းလျိုရှန့် ကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်သောအခါ ဆန်းကြယ်သောဝတ်ရုံကို ဝတ်ထားသည့် ပုံရိပ်တစ်ခုက မနီးမဝေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ ထိုနေရာတွင် ရှိနေသည်မှာ မည်မျှကြာပြီဖြစ်ကြောင်း မသိသော်လည်း ရှန်းလျိုရှန့်ကို အောက်ချပေးတော့မည့် ယဲ့ပင်းရန်၏လက်ချောင်းများက တင်းကြပ်သွားသည်။
ကျိုးရွှမ်လန်က မျက်ခုံးများတွန့်ချိုးထားပြီး သူ့မျက်နှာတစ်ခုလုံး ရေခဲများ ဖုံးလွှမ်းနေသည်ဟု ထင်ရပေသည်။ သူက သူတို့နှစ်ယောက်လုံးထံသို့ တစ်လှမ်းချင်းလျှောက်လာနေစဉ် သူ့ကိုယ်မှ ထုတ်လွှတ်နေသည့် အေးစက်စက်အော်ရာက ခန္ဓာကိုယ်များကို တုန်ယင်လာစေသည်။
" ဒီကိုလာ..."
သူက အနားကပ်လာပြီးနောက် လက်ဆန့်ထုတ်လိုက်သည်။
ရှန်းလျိုရှန့်က အုံ့မှိုင်းနေသည့် မျက်ဆံနက်များကိုကြည့်ကာ ရင်ထဲတုန်လှုပ်သွားပြီး အပ်များပေါ် ထိုင်နေလိုက်ရသည့်သဖွယ် ခံစားလိုက်ရသည်။
" ငါ့ခြေထောက်မှာ ဒဏ်ရာရထားလို့..."
သူ အမြန်ရှင်းပြလိုက်ပြီး ယဲ့ပင်းရန်၏ရင်အုပ်ကို တံတောင်ဖြင့်တွတ်လိုက်သည်။
" သူ ငါ့ကို လာခေါ်တာထင်တယ် အမြန်အောက်ချပေးပါတော့..."
ယဲ့ပင်းရန်က ကျိုးရွှမ်လန်ကို ရန်သူတစ်ယောက်သဖွယ်ကြည့်နေပြီး ရှန်းလျိုရှန့် ပြောသည်ကို ပြန်ဖြေလိုက်သည်။
" မလှုပ်နဲ့ ငါ စိတ်လွင့်သွားလိမ့်မယ်... အခု သူ့စိတ်အခြေအနေက ပုံမှန်မဟုတ်ဘူး... ငါမင်းကို သူ့လက်ထဲ မထည့်လိုက်နိုင်ဘူး..."
ကျိုးရွှမ်လန်၏ အကျင့်စရိုက် သိသိသာသာပြောင်းလဲသွားသည်ကို ယဲ့ပင်းရန်သိသော်လည်း သူတို့နှစ်ယောက် မတွေ့ရသည်မှာ ဆယ်နှစ်ကျော်ခန့် ကြာပြီဖြစ်သည်။ ကျိုးရွှမ်လန်၏ အေးတိအေးစက်မျက်လုံးများက်ို မြင်လိုက်ရသည့်အခါ သူက အလွန်အန္တရာယ်များသည်ဟု တွေးလိုက်မိသည်။
ရှန်းလျိုရှန့်က ယခုလက်ရှိအချိန်၌ အခြေခံအုတ်မြစ်တည်အဆင့်၌သာ ရှိနေသေး၍ မစဉ်းစားမဆင်ခြင်ဘဲ သူ့ကို ကျိုးရွှမ်လန်လက်ထဲ ထည့်ပေးလိုက်ပါက တစ်ဖက်လူကို ခုခံနိုင်မည်မဟုတ်ပေ။
ယဲ့ပင်းရန်က သူ့လက်ထဲကလူကို ပေးလိုက်မယ်တဲ့လား...
" သူ အဆင်ပြေပါတယ် ဒါကိုမစိုးရိမ်ပါနဲ့... ငါ့ကို အောက်ချပေးပါ..."
ရှန်းလျိုရှန့် အမြန်ပြောလိုက်သည်။
ယဲ့ပင်းရန် မျက်မှောင်ကြုတ်သွားပြီး သူ့မျက်နှာထက်တွင် တုံ့ဆိုင်းနေသည့် အမူအရာမျိုး ဖြစ်ပေါ်လာသည်။
တစ်ဖက်မှ ကျိုးရွှမ်လန်မှာ သည်းခံနိုင်စွမ်းများ ကုန်ခမ်းတော့မည်ဖြစ်၍ အုံ့မှိုင်းနေသည့်မျက်ဝန်းများဖြင့် ယဲ့ပင်းရန်ကို စိုက်ကြည့်နေပြီး မျက်ဝန်းထဲတွင်လည်း သွေးဆာနေသည့် လူသတ်လိုစိတ်များဖြင့် ပြည့်နေသည်။
" ဒီလိုဆိုရင်လည်း ငါ မင်းကို သတ်ပစ်ရတာပေါ့..."
စကားဆုံးသည်နှင့် ကျုံးလင်းတောင်၏ ကောင်းကင်ယံထက်တွင် တိမ်မည်းများဖြင့် လွှမ်းခြုံသွားသည်။ တောင်ထိပ်တွင် လေအေးများတိုက်ခတ်လာပြီး မြေပြင်ပေါ်တွင်သဲများ လွင့်စင်လာသည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးလည်း အရောင်ပြောင်းလဲသွားသည်ဟု ထင်ရသည်။
ကျိုးရွှမ်လန်က လှုပ်ရှားမှုတိုင်းတွင် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အမြန်လှုပ်ရှားလာသည်။
ပြောင်းပြန်ကြေးခွံက ရှန်းလျိုရှန့်ကိုယ်ပေါ်တွင်ရှိနေ၍ သူ့ကိုထိခိုက်အောင် လုပ်မိမည်ကို စိတ်ပူရန် မလိုပေ။ ယဲ့ပင်းရန်က ထိုအကြောင်းကိုမသိ၍ ရန်သူကိုရင်ဆိုင်နေစဉ် သူ့ဝိညာဉ်စွမ်းအားကိုသုံးပြီး ရှန်းလျိုရှန့်ကို ကာကွယ်ပေးထားသည်။
၎င်းကိုမြင်သောအခါ ကျိုးရွှမ်လန်၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပိုမိုများပြားလာသည်။
သူတို့နှစ်ယောက်၏ လှုပ်ရှားမှုတိုင်းက တောင်တန်းများနှင့် ပင်လယ်များကိုပင် ပြောင်းပြန်လှန်ပစ်နိုင်ပေသည်။ ရှန်းလျိုရှန့်လည်း ထိုကိစ္စထဲတွင် မြေစာပင် ဖြစ်ရတော့သည်။ ဖိအားတစ်မျိုးတည်းနှင့်ပင် သူ့ကိုမူးဝေပြီး မျက်လုံးမဖွင့်နိုင်အောင် ပြုလုပ်နေပေသည်။
လောကကြီးတစ်ခုလုံး ချာချာလည်နေသကဲ့သို့ဖြစ်လာပြီး သွေးနံ့ပြင်းပြင်းကိုရလိုက်သည်။ နောက်အခိုက်အတန့်တွင် သူ့ကျောပြင်ကို ရင်အုပ်ကျယ်နှင့်ဖိကပ်မိပြီး ခါးကိုလည်း တင်းကြပ်စွာ ပွေ့ဖက်ခံလိုက်ရသည်။
လူသုံးယောက်လုံး မြေပြင်သို့ ပြန်ဆင်းလာကြသည်။
ယဲ့ပင်းရန်က သွေးအန်ပြီး မျက်မှောင်ကြုတ်လိုက်မိကာ ရှန်းလျိုရှန့်ကို စိုးရိမ်တကြီးဖြင့်ကြည့်နေသည်။
" ငါ တောင်းပန်ပါတယ်..."
ကျိုးရွှမ်လန်၏ အကြည့်များက စူးရှနေပြီး သူ့လေသံက အေးစက်နေသည်။
" မင်း ငရဲကိုသွားမယ့်လမ်းမှာပြောဖို့ ဒီစကားတွေ ချန်ထားလိုက်ဦး..."
ဝတ်ရုံလက်အောက်မှ ကျိုးရွှမ်လန်၏လက်ချောင်းများ ကွေးညွတ်သွားပြီးနောက် အင်အားကြီးဝိညာဉ်စွမ်းအင်ကိုသုံးကာ ယဲ့ပင်းရန်ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် သူ့ကို လက်တစ်စုံက ခိုင်မြဲစွာ ဖမ်းဆုပ်လိုက်သည်။
" ရပ်လိုက်တော့... လူတွေကို ဒဏ်ရာရအောင် မလုပ်ပါနဲ့..."
ကျိုးရွှမ်လန် တစ်ဖက်သို့လှည့်ပြီး ရှန်းလျိုရှန့်ကို အချိန်အတန်ကြာအောင်စိုက်ကြည့်နေကာ အေးတိအေးစက်ဖြင့် ပြုံးပြလိုက်သည်။
" မရပ်ဘူးဆိုရင်ရော..."
ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီး အံကြိတ်ထားကာ ပြောလိုက်သည်။
" နီလင်း(ပြောင်းပြန်ကြေးခွံ ) "
ကျိုးရွှမ်လန်၏လက်ပေါ်မှ ဝိညာဉ်စွမ်းအင်က ပျောက်ကွယ်သွားသောကြောင့် ရှန်းလျိုရှန့်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေသည်။ သူ့နှလုံးသားကို ဓားအစင်းတစ်ထောင်ဖြင့် အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်လိုက်သကဲ့သို့ ခံစားလိုက်ရပေသည်။ နာကျင်မှုကို ဖော်ညွှန်းမပြနိုင်သည့်အပြင် သူ့ရင်ထဲ မွန်းကြပ်လာသည်။
" ခင်ဗျားက အဲ့လူအတွက်နဲ့ ကျုပ်အပေါ်မှာ နီလင်းကိုသုံးမယ်ပေါ့လေ..."
" မဟုတ်ဘူး... ငါ မင်းကို တိုက်ခိုက်ဖို့အတွက် နီလင်းကို ဘယ်တော့မှသုံးမှာ မဟုတ်ဘူး..."
ရှန်းလျိုရှန့် ခေါင်းခါပြလိုက်ပြီး နီလင်းကို ထုတ်ပေးလိုက်သည်။
" မင်း နီလင်းကိုလိုချင်တယ်မလား... ငါ မင်းကိုပေးပါ့မယ်... ဘယ်သူ့ကိုမှထိခိုက်အောင် မလုပ်ပါနဲ့..."
အနက်ရောင်ကြေးခွံလေး၏ပုံရ်ိပ်က ကျိုးရွှမ်လန်၏မျက်လုံးထဲ ရောင်ပြန်ဟပ်နေသည်။
ရှန်းလျိုရှန့်က ပြောင်းပြန်ကြေးခွံကိုသုံးပြီး သူ့ကိုတိုက်ခိုက်မည်မဟုတ်ကြောင်း သိလိုက်သောအခါ ပြိုလဲမတတ်ဖြစ်နေသော သူ၏ စဉ်းစားဆင်ခြင်နိုင်စွမ်းက အနည်းငယ်နောက်ဆုတ်သွားသည်။
သူ၏ နက်စွေးစွေးမျက်လုံးများဖြင့် ပြောင်းပြန်ကြေးခွံကို ကြည့်နေပြီးနောက် ရှန်းလျိုရှန့်ကို ကြည့်လိုက်သည်။
" ကောင်းပြီလေ သူ့ကိုလွှတ်ပေးလိုက်မယ်..."
ကျိုးရွှမ်လန် ကတိပေးလိုက်ပြီးနောက် ကြေးခွံကိုလှမ်းယူရန် လက်လှမ်းလိုက်သည်။ ကြေးခွံကို ထိတော့မည့်အချိန်၌ သူ့လက်ချောင်းသွယ်သွယ်များက အခြားနေရာတစ်ခုကို ရောက်သွားသည်။
ရှန်းလျိုရှန့်၏ လက်ကောက်ဝတ်သွယ်သွယ်ကို ဖမ်းဆွဲလိုက်ပြီး သူ့ကို ရင်ခွင်ထဲထည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ဒါပေမဲ့ ကျုပ်က နီလင်းကို မလိုဘူး ခင်ဗျားကိုပဲ လိုချင်တာ..."
ရှန်းလျိုရှန့် ခဏတာခန့် ကြောင်အသွားသည်။
" ထပ်ပြောလိုက်ပါဦး..."
ကျိုးရွှမ်လန်က နှုတ်ခမ်းပါးများကို တင်းတင်းစေ့ထားပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။ သူ့မျက်နှာက စူပုတ်နေပြီး သူ့ခါးကိုဖက်ထားသည့်လက်များက ပိုမိုတင်းကြပ်လာသည်။
ရှန်းလျိုရှန့်လည်း စူပုတ်သွညးပြီးနောက် ကျိုးရွှမ်လန်၏ခါးရှိ သိုလှောင်အိတ်ကိုလှမ်းယူလိုက်သည်။
" ငါ ဆေးယူလိုက်ဦးမယ်..."
ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်မိသည်။
" ယဲ့ပင်းရန်ကို ပေးမလို့လား..."
" သူ ဒဏ်ရာရထားတယ်လေ..."
ရှန်းလျိုရှန့်က မှင်အရောင် သိုလှောင်အိတ်လေးကို ကိုင်ကြည့်နေသည်။
ကျိုးရွှမ်လန်က အေးတိအေးစက်ဖြင့် နှုတ်ခမ်းများတွန့်ကွေးလိုက်ပြီး တွန့်ဆုတ်နေသည့် အမူအရာမျိုး ပြသလာသည်။ သူက လူများစွာကို သတ်ဖြတ်ဖူးသည်ဖြစ်ရာ ထိခိုက်ဒဏ်ရာရသည့်ကိစ္စမှာ သူ့အတွက် မပြောပလောက်ပေ။ ထိခိုက်ဒဏ်ရာရစေသည့်အတွက် တောင်းပန်မည်လည်း မဟုတ်ပေ။
ရှန်းလျိုရှန့် : " ဘယ်ဟာက အကောင်းဆုံးဆေးလဲ..."
ကျိုးရွှမ်လန် : " မီးလျှံနီဆေး..."
ရှန်းလျိုရှန့်က အနီရောင်ဆေးဘူးတစ်ဘူးထုတ်လာပြီးနောက် ဘူးကိုလက်ဖြင့်ထိကြည့်လိုက်ကာ တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ထည့်ထားလိုက်ပြီး ရေခဲအော်ရာမျိုး ထွက်ပေါ်နေသည့် ဆေးဘူးကို ယူလိုက်သည်။
ကျိုးရွှမ်လန်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
" ကျုပ်ပြောတာ မယုံဘူးပေါ့..."
ရှန်းလျိုရှန့် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ရေခဲဘူးကိုဖွင့်ကာ အတွင်းမှ သလင်းကျောက်သဖွယ် ကြည်လင်နေသည့်ဆေးကို အနံ့ခံကြည့်လိုက်သည်။
ထို ဆေးဘူးနှစ်မျိုးမှာ ဤလောကတွင် အရှားပါးဆုံးအရာများဖြစ်ပြီး ဆေးတစ်မျိုးက မီးအစွမ်းကို ပိုင်ဆိုင်ထားကာ အခြားဆေးတစ်မျိုးက ရေခဲအစွမ်း ပိုင်ဆိုင်ထားသည်။ ယဲ့ပင်းရန်၏ ကျင့်ကြံဆင့်အများစုက ရေခဲကိုအခြေခံထားသည်ဖြစ်သော်လည်း ကျိုးရွှမ်လန်က သူ့ကို မီးလျှံနီဆေးအား ထုတ်ယူလာခိုင်း၍ သူ့အကြံက သိသာထင်ရှားလှသည်။
ရှန်းလျိုရှန့်က ယဲ့ပင်းရန်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့ညာခြေထောက်က ဒဏ်ရာရထားခြင်းဖြစ်၍ ထိုနေရာသို့တွားသွားပြီး ဆေးဘူးကိုပေးရန် မဖြစ်နိုင်ပေ။ သို့ဖြစ်၍ သူ့ဘေးနားမှ ဝိညာဉ်စွမ်းအင်များကိုစုစည်းပြီး ဓားငယ်တစ်ချောင်းအသွင်ပြောင်းလိုက်သည်။ ထို့နောက် ဓားပျံပေါ် ဆေးဘူးတင်၍ ယဲ့ပင်းရန်ထံ ပျံသွားစေလိုက်သည်။
" ဒဏ်ရာဘယ်လိုနေသေးလဲ... ဒီဆေးကိုသုံးပြီး သက်သာအောင်လုပ်လိုက်ပါ..."
ဝိညာဉ်ဓားက လေပေါ်ပျံဝဲနေ၍ ယဲ့ပင်းရန်၏အကြည့်များက ထိုဓားပေါ်သို့သာ ရောက်နေသည်။ ၎င်းကို မျက်စိတစ်မှိတ်အတွင်းတွင် ဖန်တီးလိုက်ခြင်းဖြစ်သော်လည်း အလွန်အသက်ဝင်လှပေသည်။ ဓားရိုးတွင်လည်း "ရှန်း" ဟူသောစာလုံးကို အနုစိတ် ရေးထွင်းထားသည်။
သူ ဝိညာဉ်ဓားကို ကြည့်နေလျက်ဖြင့် ပြောလိုက်သည်။
" ရပါတယ် အဆင်ပြေတယ်..."
သူ့ စကားဆုံးသည်နှင့် ဝိညာဉ်ဓားလေးက သူ့ရှေ့တွင် တစ်ချက်လှုပ်ခါသွားပြီး ဆေးဘူးကိုချလာသည်။
ယဲ့ပင်းရန်က အလိုလိုဖမ်းလိုက်သည့်အခါ ဓားငယ်လေးက သူ့လက်ဖဝါးထက်တွင် ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး မပျောက်ကွယ်သွားမီတွင် အေးစက်စက် အထိအတွေ့တစ်မျိုးကို ချန်ထားရစ်ခဲ့သည်။
သူ့လက်ကိုခါလိုက်သည့်အခါ ဆေးဘူးမှလွဲ၍ မည်သည့်အရာမှ ပြုတ်ကျမလာတော့ပေ။
" ကျေးဇူးတင်ပါတယ် ငါ့အတွက် စိတ်မပူပါနဲ့..."
ရှန်းလျိုရှန့် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သောကြောင့် ယဲ့ပင်းရန်က သူ့ကိုမော့ကြည့်လိုက်ချိန်တွင် သူက ဘေးနားတွင်ရပ်နေသော ကျိုးရွှမ်လန်၏ပါးကို လှမ်းဆွဲပြလိုက်သည်။
" တွေ့လား ငါအဆင်ပြေတယ်..."
ဆေးဘူးကိုင်ထားသည့် ယဲ့ပင်းရန် : "..."
သူ့ပါးပြင်တွင် ရုတ်ချည်း နာကျင်သွားသည်။ ဖြစ်ပျက်သွားသည့်အရာကို သဘောပေါက်သည့်အခါ ကျိုးရွှမ်လန် အသက်ပြင်းပြင်းရှုထုတ်လိုက်ပြီးနောက် မျက်လုံးမှိတ်ကာ နောက်တစ်ကြိမ် မျက်လုံးပြန်ပွင့်လိုက်သော်လည်း ဒေါသကို မထိန်းနိုင် ဖြစ်နေဆဲပင်။
သူ ရှန်းလျိုရှန့်၏လက်ကောက်ဝတ်ကိုဆွဲပြီး ပြောလိုက်သည်။
" တရားမလွန်လာနဲ့..."
ရှန်းလျိုရှန့်က မျက်ခုံးပင့်ကြည့်လိုက်သည်။
ယဲ့ပင်းရန်က သူတို့နှစ်ယောက်ထံမှ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့လက်ထဲမှ ဆေးဘူးလေးကို ကြည့်နေသည်။
သူက နတ်ဆေးကို အလိုရှိခြင်းမဟုတ်ဘဲ ဝိညာဉ်ဓားလေးကိုသာ လိုချင်နေခဲ့ခြင်းဖြစ်သည်။ ကံဆိုးသည်မှာ ထိုဓားက အတိတ်မှ နှင်းလူရုပ်လေးကဲ့သို့ပင် သူ့လက်ထဲ မဖမ်းဆုပ်ထားနိုင်မီ ပျောက်ကွယ်သွားခဲ့သည်။
ယဲ့ပင်းရန် သက်ပြင်းခပ်ဖွဖွချလိုက်ပြီးနောက် ဆေးဘူးလေးကို မြေကြီးပေါ်ချထားကာ ရှန်းလျိုရှန့်ကို ခေါင်းအသာညိတ်ပြပြီး ပျောက်ကွယ်သွားတော့၏။
ရှန်းလျိုရှန့်က သူ့ကို မတားတော့ဘဲ ဝိညာဉ်စွမ်းအင်ကိုစုစည်းကာ ဓားလေးအသွင်ပြောင်းပြီး ဆေးဘူးကို သူ့နား ပြန်ယူထားလိုက်သည်။
ဆေးဘူးကို သိုလှောင်အိတ်ထဲပြန်ထည့်ပေးချိန်တွင် သူ့လက်ချောင်းများက ပစ္စည်းအချို့ကို မတော်တဆ ထိမိသွားသည်။ ၎င်းက နေရာကူးပြောင်းအင်းစာရွက်များဖြစ်သည်။
ကျိုးရွှမ်လန်က လက်ရှိအချိန်တွင် နတ်ဆိုးဧကရာဇ် ဖြစ်နေသောကြောင့် အခြားသူများက သူ့ကို ရန်လိုကြလျှင်ပင် နန်းတွင်းနှင့် ချင်းလင်ဂိုဏ်းက သူ၏အင်းစာရွက်များကို ငြင်းဆန်ကြလိမ့်မည် မဟုတ်ပေ။
ရှန်းလျိုရှန့် အင်းစာရွက်များကို ထုတ်လိုက်သည့်အခါ ရှန်းလျိုရှန့်က ၎င်းတို့ကိုတစ်ချက်ကြည့်လိုက်သည်။ တစ်ခဏတွင်းချင်းမှာပင် စာရွက်များက အပြာရောင်မီးတောက်အဖြစ် ပြောင်းလဲသွားသည်။
ရှန်းလျိုရှန့် : " ဟင်..."
ကျိုးရွှမ်လန်က သိုလှောင်အိတ်ကို ပြန်ယူထားလိုက်ပြီး သူ့ခါးတွင်ပြန်ချည်ထားလိုက်သည်။ အနီရောင်ဝတ်လူငယ်လေးက ဒေါသတကြီးကြည့်နေစဉ်တွင် သူ့ကို ပွေ့ချီထားလိုက်ပြီး ပြောလာသည်။
" ပြောင်းပြန်ကြေးခွံကို နန်းတွင်းတော့ မပေးပစ်နိုင်ဘူးလို့ ကျုပ်ပြောထားတယ်လေ..."
ရှန်းလျိုရှန့်က ကြေးခွံကိုမြှောက်ပြလိုက်သည်။
" မင်း အရမ်းစိုးရိမ်နေတယ်ဆိုရင် ငါ ကြေးခွံကို ဒီမှာထားခဲ့မယ်... ပြန်လာမှ ငါ့ကိုပြန်ပေးလေ..."
ကျိုးရွှမ်လန်က သူ့ကိုငုံ့ကြည့်၍ တီးတိုးပြောလိုက်သည်။
" ခင်ဗျား နန်းတွင်းကိုသွားပြီးရင် ပြန်လာမယ်ဆိုတာကို ကျုပ်က ယုံရမှာလား..."
ရှန်းလျိုရှန့် : " မင်း ဘာလို့ မယုံနိုင်တာလဲ..."
ကျိုးရွှမ်လန်၏မျက်နှာထက်တွင် အဓိပ္ပါယ်ရှိသည့်အမူအရာမျိုး ပေါ်လာသည်။
" ဘာလို့လဲဆိုတော့ ခင်ဗျားကြောင့်မဟုတ်ဘူး... ဧကရာဇ်ရှင်းချန်က ခင်ဗျားကို လွှတ်ပေးမှာမဟုတ်လို့ ပြန်လာနိုင်မှာလည်း မဟုတ်ဘူး..."
" မဟုတ်တာတွေ မပြောနဲ့..."
သူ အဘယ့်ကြောင့် ထိုစကားပြောသည်ကို မသိသော်လည်း ရှန်းလျိုရှန့်ရင်ထဲ ကျောချမ်းသွားမိသည်။
" ငါတို့တွေ အရင်တုန်းက ဆက်ဆံရေးပြေလည်ခဲ့တာပဲ... သူ ဘာလို့ ငါ့ကိုသတ်မှာလဲ သူ အဲလိုလုပ်မှာမဟုတ်ဘူး..."
ကျိုးရွှမ်လန်က သူ့ကိုသရော်လိုက်ပြီး လုံးဝမရှင်းပြပေ။ ရှန်းလျိုရှန့်ကိုဖက်ထားပြီး ထွက်သွားရန်ပြင်လိုက်စဉ် သူက အမြန်ပြောလာသည်။
" ငါ့ရဲ့သိုလှောင်အိတ်လေး..."
ရှန်းလျိုရှန့် သူ့သိုလှောင်အိတ်ကို ပြန်ရလာသောအခါ ဖုန်များကို ခါထုတ်လိုက်ပြီး ချည်ထားသည့်ကြိုးကို ဖြည်လိုက်သည်။ အတွင်းထဲမှ ပစ္စည်းအများစုက အကောင်းတိုင်း ရှိနေသေးပေသည်။ ကျောက်စိမ်းပြားကဲ့သို့သော ပစ္စည်းမျိုးများကသာ နှစ်ပေါင်းများစွာ မသုံးမပြုခဲ့သောကြောင့် သက်တမ်းကုန်သွားခြင်းဖြစ်သည်။
ရှန်းလျိုရှန့်က သိုလှောင်အိတ်ကို သူ့ခါးတွက်ချည်ပြီး အသာပုတ်လိုက်သည်။ ကျိုးရွှမ်လန်ကို ကျေးဇူးတင်လိုက်ပြီးနောက်တွင် သူ့မျက်ဆံများ အနည်းငယ် ကျုံ့ဝင်သွားသည်။
ကျိုးရွှမ်လန်က သူ့ကိုသုံးခွင့်မပြုသောကြောင့် ထိုအင်းစာရွက်များက နန်းတွင်းသို့ ဆက်သွယ်ကောင်းဆက်သွယ်နိုင်မည်ဖြစ်သောကြောင့် ၎င်းတို့ကိုရရန် သူ နည်းလမ်းရှာရမည်ဖြစ်သည်။
ရှန်းလျိုရှ
န့်က သူ့စိတ်ထဲ စဉ်းစားနေစဉ် မော့ကြည့်လိုက်သောအခါ ရွှမ်ယောင်နန်းတော်သို့ ပြန်ရောက်နေကြောင်းသိလိုက်ရ၍ အနည်းငယ် အံ့အားသင့်သွားပေသည်။
" မင်း တစ်ယောက်ယောက်ကို သွားရှာတာမလား ရှာတွေ့ခဲ့လား..."
ကျိုးရွှမ်လန် : " ခြေတစ်လှမ်း နောက်ကျသွားတယ်..."