အပိုင်း ၁၅၉
Viewers 30k

Chapter 159



သူ ရောက်သွားချိန်တွင် ဗလာကျင်းနေသော ရေခဲခေါင်းတလားနှင့် ရင်းနှီးနေသော တစ္ဆေမျက်နှာဖုံးအချို့ကိုသာ တွေ့တော့သည်။


၎င်းက ကုထျဲဖြစ်သည်။


သူ ယခင်ကလည်း အမျိုးသမီးတစ်ယောက် လှဲလျောင်းနေသည့် ရေခဲခေါင်းတလားတစ်ခုကို မြင်ဖူးခဲ့သည်။ သူ ရောက်သွားချိန်တွင် သူမ ဝိညာဉ်က ပျောက်ဆုံးသွားပြီဖြစ်သည်။ 


ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက်တွင် နူးညံ့သည့်အိပ်ရာပေါ် သို့ အတင်ခံလိုက်ရသည်။


ကျိုးရွှမ်လန်က သူ့လက်ကို ‌ဒဏ်ရာရသွားသည့် ညာဘက်ခြေထောက်ပေါ်တင်လိုက်ပြီး အဝတ်အစားများကို ဆုတ်ဖြဲလိုက်သည်။ ဖြူဖွေးသော ခြေသလုံးလေးက ချက်ချင်းပေါ်လာပြီး ဒူးခေါင်းနားတွင် အညှိုမည်းစွဲ၍ သွေးစက်များ စွန်းပေနေသည်။


ကျိုးရွှမ်လန်က ဒဏ်ရာရထားသည့်နေရာကို ဖိလိုက်သည့်အခါ နာကျင်လွန်း၍ ညည်းညူလိုက်သံကို ကြားလိုက်ရသည်။ သူ မော့ကြည့်လိုက်သည့်အခါ ရှန်းလျိုရှန့်၏နှဖူးပြင်တွင် ချွေးစက်အချို့ကို တွေ့လိုက်ရပေသည်။ သူ၏  ဇာမဏီမျက်ဝန်းများကလည်း ရီဝေဝေဖြစ်နေပြီး ချိနဲ့စွာဖြင့် ပြောလိုက်သည်။

" ဖြည်းဖြည်းလုပ်ပါ... အရမ်းနာနေလို့..."


ကျိုးရွှမ်လန်၏စိတ်ထဲတစ်မျိုးဖြစ်သွားပြီး အကြောင်းရင်းကို မသိသော်လည်း နှလုံးခုန်သံများ မြန်ဆန်လာသည်။


မူလက ရှန်းလျိုရှန့် သူ့ကခြေထောက်သူ ဆေးလိမ်းနိုင်ရန်အတွက် ဆေးဘူးကို ဖွင့်ပေးထားသော်လည်း သူ့လက်များက အလိုလိုလှုပ်ရှားသွားပြီး သိသာထင်ရှားလွန်းလှသည့်ဒဏ်ရာပေါ် ဆေးလိမ်းပေးလိုက်သည်။


အစပိုင်းတွင် ရှန်းလျိုရှန့်က နာကျင်မှုကြောင့် အော်ဟစ်နေပြီး သူ့အရိုးများပါ ကျိုးကြေသွားသည်ဟု ခံစားလိုက်ရ၍ အိပ်ရာပေါ်တွင် နောက်ဆုတ်လိုက်မိသည်။


ကျိုးရွှမ်လန် မျက်ခုံးအသာပင့်လိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် နောက်ဆုတ်သွားသည့် ခြေကျင်းဝတ်သေးသေးလေးကိုကိုင်ကာ ထိုလူကို အညှာအတာမဲ့စွာဖြင့် ပြန်ဖမ်းဆွဲလိုက်သည်။


ရှန်းလျိုရှန့် အသည်းအသန်ရုန်းကန်နေစဉ်မှာပင် ဆေးလိမ်း၍ ပြီးစီးသွားသည်။


ကျိုးရွှမ်လန်က ဒဏ်ရာရထားသည့်နေရာကို အချိန်အတန်ကြာသည်အထိ ကြည့်နေခဲ့ပြီးနောက် သူဖမ်းဆွဲထားသော ခြေကျင်းဝတ်လေးကို ကြည့်လိုက်သည်။ ခြေကျင်းဝတ်လေးက နာကျင်မှုကြောင့် သူ့လက်ထဲတွင် တုန်ယင်နေဆဲဖြစ်သည်။ သူ လွှတ်ပေးလိုက်သည့်အခါတွင်လည်း နီရဲနေသည့် လက်ချောင်းရာအချို့ အထင်းသား ကျန်ရစ်ခဲ့သည်။


ကျိုးရွှမ်လန်၏အကြည့်များ မှေးမှိန်သွားပြီး သူ့နှလုံးသားထဲတွင် ပူလောင်လာသည်။ ထိုမြင်ကွင်းကို သူ့စိတ်ထဲ ရင်းနှီးနေပြီး မဖော်ညွှန်းပြနိုင်သည့် အဓိပ္ပါယ်တစ်မျိုး ရှိနေသည်ဟု တွေးလိုက်မိသည်။


သူ့လက်ကို ပိုးပဝါဖြင့်သုတ်ပြီးနောက် မတ်တပ်ထရပ်ပြီး အခန်းပြင်ထွက်သွားရန် ပြင်လိုက်သည်။


ရှန်းလျိုရှန့် မြင်သည့်အခါ သူ့ဝတ်ရုံစကို အမြန်ဖမ်းဆွဲလိုက်သည်။ 

" မင်း ဘယ်သွားမလို့လဲ..."


ကျိုးရွှမ်လန်၏အသံက ဩရှရှဖြစ်နေသည်။

" ဘာကိစ္စ ရှိသေးလို့လဲ..."


ဆေးလိမ်းပြီးသည့်အခါ သူ့ခြေထောက်မှ ဒဏ်ရာက အေးသွားပြီး မနာတော့ပေ။ ရှန်းလျိုရှန့် ပြန်လည်တက်ကြွလာပြီး ပြောလိုက်သည်။

" မင်း ပြောင်းပြန်ကြေးခွံကို လိုချင်နေရာကနေ ရုတ်တရက်ကြီး စိတ်ပြောင်းသွားပါလား... တစ်ခုခုကို မှတ်မိသွားလို့လား..."


ကျိုးရွှမ်လန် : " မမှတ်မိပါဘူး..."


ရှန်းလျိုရှန့် စိတ်ပျက်လက်ပျက်ဖြစ်သွားသော်လည်း အမြန်ပြန်ပြုံးလိုက်သည်။

" ငါမင်းကို အတိတ်ကအကြောင်းတွေ ပြန်ပြောပြရင်ရော ဘယ်လိုလဲ..."


ကျိုးရွှမ်လန်၏ပုံစံက အေးတိအေးစက်ဖြစ်သွားသည်။

" ကျုပ်က ဘာလို့ ခင်ဗျားနဲ့ ခင်ဗျားတပည့်ရဲ့ အတိတ်အကြောင်းတွေ နားထောင်ရမှာလဲ..."


ရှန်းလျိုရှန့် : " မင်း မှတ်မိလားမလားလို့လေ..."


ကျိုးရွှမ်လန် နှုတ်ခမ်းပါးများကို ဖွင့်ဟလိုက်ပြီး သူ့စိတ်ထဲမှ မှတ်ဉာဏ်များက ဗလာကျင်းနေသည်ဟု ပြောလိုသော်လည်း မျက်လွှာချထားသည့် ရှန်းလျိုရှန့်ကိုကြည့်၍ ခဏတာ ငြိမ်သက်သွားသည်။ 


" ဘာပြောမလို့လဲ..."


ရှန်းလျိုရှန့် ချောင်းဟန့်လိုက်သည်။

" ငါ ဘာပဲ တောင်းဆိုတောင်းဆို မင်းငါ့ကို အမြဲပေးတယ်..."


ကျိုးရွှမ်လန်က သူဆိုလိုချင်သည်ကို သဘောပေါက်သွား၍ မျက်လုံးများ မှေးကျဉ်းလိုက်သည်။ 

" အဲတော့ ခင်ဗျားကို အင်းစာရွက်တွေပေးဖို့က တပည့်တစ်ယောက်ရဲ့တာဝန်ပေါ့လေ..."


ရှန်းလျိုရှန့်က ကြက်ကလေးအစာကောက်သည့်သဖွယ် ခေါင်းညိတ်ပြလိုက်သည်။

" ဟုတ်တယ်ဟုတ်တယ်..."


ကျိုးရွှမ်လန်က နှုတ်ခမ်းများ ကွေးညွတ်လိုက်သည်။

" မပေးဘူးဆိုရင် ကျုပ်က ခင်ဗျားတပည့် မဟုတ်လို့ပေါ့လေ..."


ရှန်းလျိုရှန့် : "..."


.....


ကျိုးရွှမ်လန် ထွက်သွားသည့်အခါ ရှန်းလျိုရှန့်က ဒဏ်ရာများသက်သာလာစေရန် အိပ်ရာပေါ်လှဲနေရသည်။ သူ အိပ်ရာနိုးလာသည့်အခါ ညရောက်နေပြီဖြစ်၍ ခြေထောက်များကို လှုပ်ရှားကြည့်နေသည်။ ဆေးက အလွန်သက်ရောက်မှုရှိ၍ ဒဏ်ရာက ပျောက်ကင်းလုနီးနီး ဖြစ်နေပေပြီ။


ညစာစားပြီးသည်နှင့် ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏ စာကြည့်ဆောင်ဘက်သို့ ထွက်သွားသည်။ အခန်းထဲတွင် မီးအလင်းရောင်ကို မမြင်ရ၍ နန်းတော်သို့ ပြန်သွားခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။


" ဒီနေ့ ‌အစောကြီးပြန်သွားတာပဲ..."

သူ ရေရွတ်လိုက်ပြီးနောက် ကျိုးရွှမ်လန်၏ သိုလှောင်အိတ်ကို မည်သို့ယူရမည်အား တွေးနေလျက် အိပ်ခန်းသို့ ပြန်သွားလိုက်သည်။ 


*****

ကျိုးရွှမ်လန်က ယနေ့ညတွင် စိတ်မသက်မသာခံစားနေရ၍ အိပ်ဆောင်သို့စောစောပြန်လာခဲ့ခြင်းဖြစ်သည်။


အိပ်ရာပေါ်လှဲလိုက်ချိန်တွင် မြောက်များစွာသော မြင်ကွင်းများက သူ့စိတ်ထဲလိမ်ယှက်ရောက်ရှိလာသည်။ သုံးဘဝကျောက်တုံးပေါ်တွင် ယဲ့ပင်းယန်၏အမည်ကို ဖျတ်ခနဲမြင်လိုက်ရပြီးနောက် ယဲ့ပင်းရန်က ရှန်းလျိုရှန့်ကို ဖက်ထားသည်အား မြင်သည်နှင့် သူ ရှန်းလျိုရှန့်ကို ဒေါသတကြီးဖြင့် ပြန်ခေါ်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင်....


အနီရောင်အမှတ်အသားများဖြင့် ပြည့်နေသည့် နှင်းတမျှဖြူဖွေးနေသော ခြေကျင်းဝတ်လေးက သူ့လက်ထဲတွင် တုန်ယင်နေသည်။


သူ ထိုမြင်ကွင်းကို ယခင်က တွေ့ခဲ့ဖူးပြီး ထိုနေရာက ထူးဆန်းသောလှိုဏ်ဂူတစ်ခုဖြစ်သည်။


ဆန်းကြယ်သောဝ‌တ်ရုံကို ဝတ်ဆင်ထားသော လူငယ်လေး၏ အသားအရည်က တစ်ကိုယ်လုံးဖွေးဖတ်နေပြီး နူးညံ့သောဆံနွယ်များက အိပ်ရာပေါ်တွင် ဖရိုဖရဲဖြစ်နေသည်။ သူ့လက်များက ကျိုးရွှမ်လန်၏လည်ပင်းကို ဖက်ထားပြီး မျက်နှာတစ်ခုလုံး နီရဲနေကာ နှုတ်ခမ်းကိုကိုက်ထားပြီး ရံဖန်ရံခါတွင် ညည်းသံသေးသေးလေးများ ထွက်ပေါ်နေ၏။ 


အဲအသံက နားဝင်ချိုသားပဲ...


ဒါက ငါ့ရဲ့ရှစ်စွမ်း ရှန်းလျိုရှန့်ပေါ့လေ...


သူက ထိုလူအကြောင်းကိုသာ နှစ်ပေါင်းများစွာ တွေးတောခဲ့ပြီး ထိုလူကို နှလုံးသားထဲတွင် ဂရုတစိုက် ကာကွယ်ထားခဲ့သည်။


နောက်ဆုံးတော့ ငါ့အပိုင် ဖြစ်သွားခဲ့တာပေါ့...


ကျိုးရွှမ်လန်၏ဘဝတွင် ဤကဲ့သို့ စိတ်ကျေနပ်မှုမျိုးကို မရရှိခဲ့ဖူးပေ။ သူက ထိုလူကို အိပ်ရာပေါ်ဖိကပ်ထားချိန်တွင် ရင်ခွင်ထဲမှလူက လည်ပင်းကိုဖက်ထားသည့်လက်များ ပြေလျော့သွားပြီး သူ့ရင်ဘက်ပေါ်သို့ ရောက်လာသည်။ သူ ခေါင်းခါယမ်း၍ ငြင်းဆန်နေပြီး "မလုပ်နဲ့တော့" ဟူသည့်စကားကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောနေခဲ့သည်။


သူ ထိုလူကို မလွှတ်ပေးချင်ခဲ့ပေ။ 


ရှစ်စွမ်းက တောင့်မခံနိုင်တော့၍ အသည်းအသန်ရုန်းကန်ပြီး ထွက်ပြေးရန် ကြိုးပမ်းတော့သည်။ သူ့ခြေကျင်းဝတ်မှ အနီရောင်အမှတ်အသားများကို ထိုအချိန်တွင် ရခဲ့ခြင်းဖြစ်သည်။


မျက်ရည်ဝဲနေသည့် မျက်ဝန်းနက်များကို မြင်လိုက်ချိန်တွင် ကျိုးရွှမ်လန်၏တစ်ကိုယ်လုံးက ပူလောင်လာခဲ့သည်။ ထိုအပူကို လူငယ်လေးအပေါ် ပုံချလိုက်မှသာ အနည်းငယ်ပြေလျော့သွားတော့၏။


နောက်ဆုံးတွင် လူငယ်လေး၏ လက်ချောင်းသွယ်သွယ်များက အောက်ဘက်ရှိဝတ်ရုံစကိုသာ တင်းတင်းဆုပ်ထားရသောကြောင့် လက်ဖျားများဖြူဖျော့လာသည်။ သူ့နှုတ်ခမ်းပါးများမှ လွတ်ထွက်လာသော အသံလေးများက အလွန်တိုးလျလှသည်။ သူ တောင့်မခံနိုင်အောင်ဖြစ်နေပြီး ရံဖန်ရံခါတွင် ငိုသံရောယှက်နေသည်။


... အလွန်ညှို့ယူဖမ်းစားနိုင်လွန်းလှသည်။


ကျိုးရွှမ်လန် မျက်လုံးများပွင့်လာပြီး လန့်နိုးလာ၍ အိပ်ရာပေါ်ထထိုင်လိုက်သည်။


အခန်းထဲတွင် မီးရောင်မှိန်ပျပျသာရှိပြီး အလွန်တိတ်ဆိတ်နေပေသည်။ ခဏအကြာတွင် သူ တစ်စုံတစ်ခုကို ခံစားမိသွားသည်။ ခေါင်းလှည့်ကြည့်လိုက်သောအခါ အိပ်ရာဘေးတွင် ဆောင့်ကြောင့်ထိုင်နေသောလူငယ်လေးက သိုလှောင်အိတ်ကို ယခုမှ လှမ်းယူလိုက်ခြင်းဖြစ်ပြီး သူ့အမူအရာက အေးခဲတောင့်တင်းနေသည်။


အခြေအနေမကောင်းကြောင်းသိသောအခါ ရှန်းလျိုရှန့်က သိုလှောင်အိတ်ကိုယူပြီး ထွက်ပြေးရန်ပြင်လိုက်ကာ ပြေးနေစဉ်အချိန်တွင် အင်းစာရွက်များကိုပို့ရန် တွေးလိုက်သည်။


သူ တံခါးနားပြေးသွားချိန်၌ တံခါးဖွင့်မရကြောင်း သိလိုက်ရသည်။


ရှန်းလျိုရှန့်၏ ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားပြီး သူ့အနားသို့ ဖိအားကြီးတစ်ခု ကပ်လာကြောင်း သတိပြုမိလိုက်သည်။ သူ ပြန်မလှည့်ကြည့်နိုင်မီအချိန်တွင် တံခါးဖြင့် ဖိကပ်ခံလိုက်ရပေ၏။ 


" ဘယ်သွားမလို့လဲ..."


သူ့ခါးနားတွင် တင်းကြပ်သွားပြီး ဩရှရှအသံတစ်သံက သူ့နားထဲ ပဲ့တင်ထပ်လာသည်။


ရှန်းလျိုရှန့် ချောင်းဟန့်လိုက်သည်။

" အမ် ဟို... ဒါက အင်းစာရွက်လေးတစ်ရွက်ပဲကို...


စကားမဆုံးမီမှာပင် သူ့မျက်နှာအမူအရာပြောင်းလဲသွားသည်။ မီးရောင်မှိန်‌ပျပျအောက်၌ သူ မျက်လုံးအပြူးသားဖြစ်သွားမိပြီး သူ့အမူအရာက ပျာယာခတ်နေဟန် ဖြစ်လာကာ မျက်နှာတစ်ခုလုံးနီရဲသွားတော့သည်။ 


ရှန်းလျိုရှန့် မနေတတ်သောကြောင့် ရှေ့တိုးရန် ပြင်လိုက်သော်လည်း သူ့ခန္ဓာကိုယ်ကို တံခါးဖြင့် ဖိကပ်ထားခြင်းဖြစ်၍ ရှေ့တိုးလျှင်လည်း အသုံးမဝင်ဖြစ်နေသည်။


သူ တစ်ချက်လှုပ်လိုက်သည်နှင့် သူ့နောက်မှလူကို ထိမိသွားသောကြောင့် ခါးကိုဖက်ထားသည့်လက်များ တင်းကြပ်သွားပြီး ဩရှရှအသံတိုးတိုးက သူ့ကိုသတိပေးလာသည်။

" မလှုပ်နဲ့..."


ရှန်းလျိုရှန့်၏ခြေထောက်များ တုန်ယင်သွားပြီး ဦးရေပြားများပါ ထုံကျဥ်လာသည်။

" ငါ မလှုပ်တော့ဘူး... မလှုပ်တော့ဘူး..."


လေပူတစ်ချက်က သူ့နားရွက်နားသို့ ရိုက်ခတ်လာပြန်သည်။

".အသံမထွက်နဲ့..."


ရှန်းလျိုရှန့် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး မျက်တောင်ရှည်များက မီးရောင်မှိန်မှိန်အောက်တွင် တုန်ယင်နေသည်။ အခန်းထဲ၌ အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားပြီး ကျိုးရွှမ်လန်၏ အသက်ရှုသံပြင်းပြင်းသာ ထွက်ပေါ်နေသည်။ အချိန်တဖြည်းဖြည်းကုန်ဆုံးသွားပြီးသည့်နောက်တွင် ရှန်းလျိုရှန့်၏ခြေချောင်းများ ပျော့ခွေမတတ်ဖြစ်လာသည်။


တံခါးဖွင့်ပေးလိုက်သည့်အခါ ရှန်းလျိုရှန့်က သိုလှောင်အိတ်ကိုလွှင့်ပစ်ပြီး ထွက်ပြေးသွားတော့သည်။


ကျိုးရွှမ်လန်က အမြန်ထွက်ပြေးသွားသည့်ပုံရိပ်လေးကိုကြည့်ပြီး သူ့မျက်ဝန်းများက ရီဝေဝေနှင့် မကြည်မလင်ဖြစ်လာသည်။ ခဏအကြာတွင် သိုလှောင်အိတ်ကို ပြန်ကောက်လိုက်သည့်အခါ သူ့မျက်နှာက ရုတ်ချည်းမည်းမှောင်သွားတော့၏။


ကောင်းကင်ကြီး မှောင်မည်းလာချိန်တွင် ရှန်းလျိုရှန့်က လူရှင်းသည့်နေရာတစ်ခုကိုရှာပြီး သူ့ရင်ထဲ လုံးခြေထည့်လာသည့် အင်းစာရွက်ကို ထုတ်လိုက်သည်။ ထို့နောက်တွင် စာရွက်ကို လွယ်လွယ်မရခဲ့သည့်အကြောင်းတွေးမိ၍ သက်ပြင်းချလိုက်မိသည်။


အင်းစာရွက်ကို အမြန်အသက်သွင်းလိုက်ပြီးသည့်နောက် တစ်ခဏတွင်းချင်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားပေသည်။


ရှန်းလျိုရှန့် စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်စဉ်တွင် သူ့နောက်မှ အေးတိအေးစက်အသံတစ်သံ ထွက်လာသည်။

" ခင်ဗျားကို လာခေါ်ဖို့ ဘယ်သူ့ဆိီ အကူအညီတောင်းလိုက်တာလဲ..."


ရှန်းလျိုရှန့် : " ဟင်..."


ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်သွားပြီး ရှန်းလျိုရှန့်အင်းစာရွက်ပို့နေသည်ကိုလည်း လူမိသွားသည်။ ဒေါသထွက်နေသည့် မျက်ဝန်းနက်များ၏ အကြည့်အောက်တွင် ရှန်းလျိုရှန့် မျက်ခုံးပင့်ပြီးနောက် အသာပြုံးလိုက်သည်။


" မင်းဘာလုပ်မှာလဲ ငါ့ကိုထိခိုက်အောင် လုပ်မှာလား..."


လူငယ်လေး၏ အသံက ကြည်လင်ပြတ်သားနေပြီး "ထိခိုက်အောင် လုပ်မှာလား" ဟူသော စကားသံထဲတွင် မကျေမနပ်ဖြစ်မှုများ ပါဝင်နေသည်ဟု ထင်ရသည်။


ကျိုးရွှမ်လန် အံ့ဩမှင်သက်သွားပြီးနောက် သူ့မျက်နှာထက်မှ ဒေါသများက အနည်းငယ်တည်ငြိမ်သွားသည်။

" အဲလို ကိုယ်ထိလက်ရောက်တွေ မလုပ်ပါဘူး..."


ရှန်းလျိုရှန့် နှုတ်ခမ်းများတွန့်ကွေး၍ ပြုံးလိုက်ပြီးနောက် သူ့နား ကပ်လာသည်။ 

" ငါ အင်းစာရွက်လေးကိုယူပြီး နန်းတွင်းကို ပို့လိုက်ရုံလေးပါ တခြား ဘာမှမလုပ်ဘူး..."


ကျိုးရွှမ်လန်၏ မျက်လုံးအရောင်က သိသိသာသာပြောင်းလဲသွားသည်။ သူ့အင်းစာရွက်များ၏ အရှိန်က အလွန်မြန်ဆန်သောကြောင့် ဧကရာဇ်ရှင်းချန််က တစ်နာရီအတွင်းသိသွားပြီး ဤနေရာသို့ ရောက်လာနိုင်ပေသည်။ 


ရှန်းလျိုရှန့်ကို သူတွေ့သည်နှင့် နန်းတွင်းသို့ခေါ်သွားလောက်၏။ ဧကရာဇ်ရှင်းချန််၏ ထူးဆန်းသောအကျင့်နှင့် နည်းလမ်းများအရဆိုပါက ရှန်းလျိုရှန့် နန်းတွင်းသို့ရောက်သွားသည်နှင့် သူ့ဘဝတစ်လျှောက်လုံး နောက်တစ်ကြိမ် ပြန်ထွက်လာနိုင်တော့မည် မဟုတ်ပေ။ 


ကျိုးရွှမ်လန်၏နှလုံးသားက အနည်းငယ်နစ်မြုပ်သွားသည်။

တကယ်လို့ ရှန်းလျိုရှန့်ကထွက်သွားပြီး ပြန်မလာချင်တော့ရင်ရော...


မျက်စိရှေ့မှာ ရှိနေတဲ့ ပြောင်းပြန်ကြေးခွံကို ထွက်သွားခွင့်ပြုရမယ်တဲ့လား...


ရှန်းလျိုရှန့် သူ့နားသို့လျှောက်လာပြီး စကားပြောတော့မည့်အချိန်တွင် အမြင်အာရုံတစ်ခုလုံး မည်းမှောင်ပြီး သတိလစ်သွားတော့သည်။


.....


ရွှေရောင်ပိုးချည်များထိုးထားသည့် အိပ်ရာခင်းလိုက်ကာများက နှစ်ဖက်လုံးတွင် တွဲလောင်းကျနေသည်။ ကျယ်ပြန့်လှသောအိပ်ရာထက်တွင် ချောမောခံ့ညားသည့် လူငယ်လေးတစ်ယောက် လှဲလျောင်းပြီး အသက်ရှုသံမှန်မှန်ဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသည်။


ကျိုးရွှမ်လန်က လက်ထဲမှ လက်ဖက်ရည်ခွက်ကိုသောက်နေပြီး သူ့မျက်နှာထက်တွင် ခံစားချက် တစ်စုံတစ်ရာကိုမှ မမြင်တွေ့ရပေ။ 


အမှန်တွင် ယခုချိန်၌ သူ အလွန်စိတ်ရှုပ်ထွေးနေပြီး အိပ်ရာထက်တွင် အိပ်နေသူသို့ အကြည့်ရောက်သွားကာ ဤကိစ္စကို မည်သို့ကိုင်တွယ်ရမည်မသိ ဖြစ်နေသည်။


‌ဤနေရာက စန့်ရွှယ်စံအိမ်ဖြစ်သည်။ ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကို ဖွက်ထားရန် တွေးလိုက်မိသည့်အခါ သူ့ခေါင်းထဲတွင် ဤနေရာတစ်ခုကိုသာ တွေးမိသွားသည်။


သူ့ကို ဤနေရာခေါ်လာပြီးမှသာ ကျိုးရွှမ်လန် ချက်ချင်းသဘောပေါက်သွားသည်။


စန့်ရွှယ်စံအိမ်က ပါ့ဟွမ်၏ အဆုံးမဲ့တောင်တန်းများအကြားတွင် တည်ရှိသောကြောင့် လောကကြီးနှင့် တစ်သီးတစ်ခြားစီဖြစ်နေ၍ မည်သူမဆို ရှာတွေ့ရန် ခဲယဉ်းလှသည်။ ထိုမျှသာမက မျက်စိလည်စေသော ဝင်္ကပါများစွာလည်း ဘေးပတ်ပတ်လည်၌ ရှိနေသေးသည်။ အပြင်လောက်ကမှဖြစ်စေ မိုးကောင်းကင်ထက်မှကြည့်သည်ဖြစ်စေ တောင်များကိုသာ တွေ့မြင်ရမည်ဖြစ်သည်။ သဘာဝရှုခင်းများက တစ်ခုတည်းအဖြစ် ရောစပ်နေ၏။ 


ထိုနေရာသို့ရောက်သည်နှင့် လောကကြီးနှင့် တသီးတခြားဖြစ်သွားသည်ဟု ခံစားရပေမည်။


အကယ်၍ သူ၏မှန်းဆချက် မှန်ကန်ပါက စန့်ရွှယ်စံအိမ်ကို တည်ဆောက်စဉ်တွင် ရှန်းလျိုရှန့်ကို ဤနေရာ၌ ပိတ်ထားရန် ကြံစည်ခဲ့ပုံပေါ်သည်။ သို့ရာတွင် ထိုအချိန်က ကျိုးရွှမ်လန်၏ရှစ်စွမ်းက သူ ထင်ထားသည်ထက် ပိုမိုနာခံသောကြောင့် စံအိမ်သို့ ခေါ်ဆောင်လာရန် မလိုအပ်သေးပုံရသည်။ 


 ကျိုးရွှမ်လန် လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီးနောက် သူ့လက်ဆစ်များဖြင့် ရှန်းလျိုရှန့်၏ မျက်နှာဖြူဖြူဖွေးဖွေးလေးကို ထိ‌ကြည့်နေမိပြီး သူ့မျက်ဝန်းများက မည်းနက်၍ မကြည်မလင်ဖြစ်နေသည်။ 


သူ့စိတ်ထဲ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိသည့်အခါ ရှန်းလျိုရှန့်၏တပည့်ဆိုသူက သူသာဖြစ်နိုင်သည်ဟု ရေးတေးတေး တွေးမိလာသည်။


မယုံနိုင်စရာပဲ ငါ့စိတ်ထဲ သဝန်တိုနေမိတာလား...


ကျိုးရွှမ်လန်၏ ခန္ဓာကိုယ်မှ ချီဓာတ်စီးဆင်းမှုများက ဖြတ်တောက်ခံလိုက်ရပြီး ချင်းလင်ဂိုဏ်း မျိုးဆက်သစ်များ၏ညခေါင်းဆောင်နေရာမှတစ်ဆင့် ကျင့်ကြံဆင့်များပျက်စီးသွားသည့် အသုံးမဝင်သောလူ ဖြစ်သွားခဲ့သည်။ တစ်ညတွင်းချင်းမှာပင် သူ့အပေါ် အားလုံး၏ စိတ်နေသဘောထားက သိသိသာသာပြောင်းလဲသွားပြီး အားလုံး၏ အကျဉ်းတန်သောဘက်ခြမ်းက ပေါ်လာခဲ့သည်။


အားလုံးက သူ့ခေါင်းပေါ်တက်၍ နင်းချေရန် မစောင့်နိုင်ကြတော့ပုံပေါ်သည်။


သူ ဝိုင်းဖယ်ကြဉ်ရပြီး မပြုလုပ်ခဲ့သည့်အပြစ်အတွက် ထောင်ခြောက်ဆင်ခံရကာ အပြစ်ပေးခံရခဲ့ရပြီး မကောင်းဆိုးဝါးတစ်ကောင်၏ ဝမ်းဗိုက်အတွင်းသို့လည်း ရောက်ရှိခဲ့ဖူးသည်။ သူက နာကျင်မှုပေါင်းများစွာကို ခံစားခဲ့ဖူးပေသည်။ ထိုခံစားချက်က အသူရာချောက်နက်ထဲကို ကျသွားသည်နှင့် တူပေသည်။ အမှောင်ထုက အဆုံးမဲ့ဖြစ်ပြီး မည်သည့်အရာကိုမှ မမြင်ရပေ။ ကျရှုံးခြင်းနှင့် စိတ်ဓာတ်ကျခြင်းဟူသည့် ခံစားချက်တစ်မျိုးတည်းသာရှိသည်။


လူငယ်လေးက ကျယ်လောင်စွာအော်ဟစ်နေခဲ့သော်လည်း မည်သူကမှ သူ့ကိုမကူညီခဲ့ပေ။ ထိုအချိန်မှစ၍ ကျိုးရွှမ်လန် မည်သူတစ်ဦးတစ်ယောက်ကိုမှ မယုံကြည်တော့ပေ။