Chapter 160
ကံကောင်းသည်မှာ နောက်ပိုင်းတွင် သူ့ကျင့်ကြံဆင့်များ ပျောက်ဆုံးသွားခဲ့ရသည့်အကြောင်းကို ရှာတွေ့သွားခဲ့သည်။ သူက နဂါးမျိုးနွယ်၏ မျိုးဆက်ဖြစ်၍ သူ၏အသွေးအသားကို တစ်ဖန်ပြန်လည်တည်ဆောက်ရမည်ဖြစ်သည်။
သို့ဖြစ်၍ သူ့ကျင့်ကြံဆင့်ကို ပြန်လည်တည်ဆောက်ရမည်ဖြစ်သည်။ ထိုအချိန်အတောအတွင်းတွင် စုပိုင်ချယ့်က သူ့နားသို့ ပထမဆုံးချဉ်းကပ်လာခဲ့သူဖြစ်ပြီး သူ့ကို အမြဲကာကွယ်ပေးခဲ့သည်။ သို့ရာတွင် ကျိုးရွှမ်လန်က မည်သူ့ကိုမှ မယုံကြည်တော့ပေ။ သူ စုပိုင်ချယ့်ကို အမြဲသံသယမကင်းဖြစ်နေခဲ့ပြီး နောက်ပိုင်းတွင် ထိုလူက ထူးဆန်းသည်ကို ရှာတွေ့ခဲ့သည်။ သူက ကိစ္စများကို အမြဲကြိုသိနေပုံပေါ်ပြီး သူ့ဘေးတွင် အချိန်ကိုက်ပေါ်လာတတ်သည်။
စုပိုင်ချယ့်က ပရိသတ်များ ရှေ့တွင် ဖျော်ဖြေနေသည့်သဖွယ် သူ့ကိုကူညီပေးနေသည်ကို ကျိုးရွှမ်လန်က ကျေးဇူးတင်ချင်ယောင်ဆောင်ခဲ့သည်။
ထိုလူက သူ့ရှေ့တွင် ကောင်းကောင်းဟန်ပြနေခြင်းဖြစ်သည်။ ဤလောကတွင် လက်ရှိအချိန်၌ ထင်ရှားသောလူအချို့က စုပိုင်ချယ့်ကို နှစ်သက်ကြသည်။ လင်ယဲ့၊ ရှုရှင်းချန်၊ ယဲ့ပင်းရန် ထိုလူအားလုံးက ကျိုးရွှမ်လန်ကို မနာလိုဖြစ်ကြသည်။ ပို၍ရယ်ရသည်မှာ ထိုလူအားလုံးက သူ့ကို အချစ်ပြိုင်ဘက်အဖြစ် သဘောထားနေခြင်းဖြစ်သည်။
ကျိုးရွှမ်လန်က အရာအားလုံးကို မြင်နိုင်သူဖြစ်၍ စုပိုင်ချယ့်ထံတွင် လျှို့ဝှက်ချက်တစ်ခုရှိကြောင်းသိသည်။ သို့ရာတွင် ထိုလျှို့ဝှက်ချက်ကို ရှာမတွေ့မီး မျက်လုံးပွင့်လာပြီးနောက် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
အကယ်၍ သူ ဤနေရာတွင် ပေါ်မလာခဲ့ပါက ပင်မကုန်းမြေမှ ထွက်သွားလောက်ပြီဖြစ်သည်။ မူရင်းလောကကြီးက သူ့အတွက် ပျင်းရိဖွယ်ရာဖြစ်သည်။ ဆယ့်ခြောက်နှစ်တာလုံးလည်း ဤသို့တွေးနေခဲ့ခြင်းဖြစ်ပြီး နဂါးဥခွံ၏ အခြားတစ်ဝက်ကိုရှာကာ လေဟာနယ်ကိုဖြတ်ကျော်၍ ထွက်သွားရန် တွေးနေခဲ့သည်။
သို့သော် ယခုအခါတွင်မူ သူ ဤနေရာ၌သာ ပိတ်မိနေသည်။
ရှန်းလျိုရှန့်၏ကိုယ်ပေါ်တွင် ပြောင်းပြန်ကြေးခွံရှိသည့်အကြောင်းကိုသိသည်နှင့် တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု ကျိုးရွှမ်လန် ခံစားလိုက်ရသည်။ ထိုလူက သူ၏ သေစေနိုင်သောအားနည်းချက်ကို ချုပ်ကိုင်ထားသော်လည်း မသိစိတ်ထဲတွင်မူ ထိုလူက သူ့ကိုစိုးစဉ်းမျှ အန္တရာယ်မပြုနိုင်ဟု ခံစားနေရသောကြောင့် စိတ်အေးနေမိသည်။
နောက်ပိုင်းတွင်မှ သူ့အတွေးမှန်ကန်ကြောင်း သက်သေပြလာတော့သည်။
အိပ်ခန်းထဲမှ နှင်ထုတ်ခံလိုက်ရသော်လည်း သူက စင်္ကြန်လမ်းတွင်သာ စောင်ခြုံအိပ်နေခဲ့၍ ကျိုးရွှမ်လန်၏စိတ်ထဲ ဒေါသထွက်ခဲ့ရသည်။ ကျင့်ကြံသည့်အခန်းထဲ တစ်နေ့လုံးပိတ်ထားစဉ်တွင်လည်း သူ့ကိုစက္ကူရုပ်များဖြင့် လာပစ်ပေါက်သောကြောင့် ဒေါသထွက်ခဲ့ရသည်။
ပြောင်းပြန်ကြေးခွံကိုသုံးပြီး သူ့ကိုဒဏ်ရာရအောင် လုပ်နိုင်ခဲ့သော်လည်း ထိုသို့မလုပ်ခဲ့ပေ။
ရှန်းလျိုရှန့်က သူ့ကို ယခင်တပည့်ဟုသာတွေးနေကြောင်း ရှင်းလင်းစွာသိသော်လည်း သူ့စိတ်ထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်နေမိပြီး ယခင်ကျိုးရွှမ်လန်ကိုပင် မနာလိုဖြစ်လာမိသည်။
နတ်ဆိုးမျိုးနွယ်ဝင်ဖြစ်ကြောင်း ကျင့်ကြံရေးလောကထဲတွင် ဖော်ထုတ်ခံလိုက်ရသည့်အတွက် သူ့ကံကြမ္မာက ကျင့်ကြံဆင့်များ ဆုံးရှုံးလိုက်ရသည်ထက် ပိုဆိုးဝါးခဲ့သော်လည်း သူ့ဘေးမှ ရှစ်စွမ်းက သူ့ကိုကယ်တင်ပေးခဲ့ပေသည်။
အကယ်၍ သူ့ယခင်ရှစ်စွမ်းက ယခုလက်ရှိရှန်းလျိုရှန့်ကဲ့သို့ဖြစ်ပါက မရေမတွက်နိုင်သော အေးစက်စက်ညများတွင် သူတစ်ယောက်တည်း စိတ်ဓာတ်ကျစွာဖြင့် ဒဏ်ရာများကို ဆေးထည့်နေခဲ့ရမည် မဟုတ်ပေ။
သူ့ဝိညာဉ်တွင် တစ်ခုခုထူးဆန်းနေသည်ကို ရှာတွေ့သွားခဲ့စဉ်က ကျိုးရွှမ်လန်၏ရင်ထဲတွင် သူ ဝန်ခံရန် ခက်ခဲလှသည့် ပျော်ရွှင်မှုတစ်မျိုး ဖြစ်လာခဲ့သည်။
သူ(ကျိုးရွှမ်လန်၏ယွမ်ယင်း)က ရှန်းလျိုရှန့်၏ယွမ်ရှန်(ရှေးဦးဝိညာဉ်) ကို စောင့်ရှောက်ပေးလာခဲ့ခြင်းဖြစ်၍ ယနေ့အထိ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူတစ်ယောက်တည်း ဖန်တီးခဲ့ခြင်း ဖြစ်ပေမည်။ သူ မနာလိုဖြစ်နေသည့် ကျိုးရွှမ်လန်ကလည်း သူကိုယ်တိုင်သာ ဖြစ်နေနိုင်၏။ သူ့ရှေ့တွင်ရှိနေသူကိုလည်း သူ ပိုင်ဆိုင်ခြင်းသာဖြစ်မည်။
သို့သော် ထိုအရာအားလုံးက သူ့မှန်းဆချက်တစ်မျိုးတည်းသာဖြစ်သည်။ ကျိုးရွှမ်လန်က သူ့ယခင်ဘဝ၏ ခြေရာလက်ရာများကျန်နေသေးသည့် နဂါးဥခွံတစ်ဝက်ကို ရှာတွေ့ရန် မစောင့်ဆိုင်းနိုင်တော့သော်လည်း ယခုချိန်ထိ ရှာမတွေ့နိုင်သေးပေ။
ရှန်းလျိုရှန့်၏နံဘေးတွင် လူများစွာရှိနေခြင်းဖြစ်၍ တစ်နေ့နေ့တွင် ရှန်းလျိုရှန့်က ထိုလူများအနက်မှ တစ်ယောက်ယောက်ကြောင့် သူ့ဘေးနားမှ ထွက်သွားနိုင်ပေသည်။
သူ့နှလုံးသားထဲတွင် သင်္ကာမကင်းမှုတို့ အမြစ်တွယ်လာပြီး သူက ရှစ်စွမ်း၏နှလုံးသားထဲတွင် အရေးကြီးဆုံးလူ မဖြစ်လာနိုင်ပါက စွန့်ပစ်ခံရမယ်ဟု အသံတစ်သံက ခိုင်မာစွာပြောနေသည်။
ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်ပြီး တစ်ကိုယ်လုံးတွင် အေးစက်ကြမ်းတမ်းသည့်အော်ရာတို့ဖြင့် ပြည့်လာသည်။
ရှန်းလျိုရှန့်ကို စန့်ရွှယ်စံအိမ်သို့ ခေါ်လာခြင်းက အကြံကောင်းဖြစ်သွားပေသည်။ သို့မှသာ အနာဂတ်တွင် ရှန်းလျိုရှန့်ဘေးနား၌ သူတစ်ယောက်တည်းသာ ရှိတော့မည်ဖြစ်သည်။ ရယူမှု ဆုံးရှုံးမှုများနှင့် ရှန်းလျိုရှန့် ထွက်သွားလိုသည့်နေ့ကို စိတ်ပူရန် မလိုတော့ချေ။ သူ ဤနေရာမှ ထွက်မသွားနိုင်သကဲ့သို့ သူ့ဘေးတွင်သာ အမြဲနေရတော့မည်ဖြစ်သည်။
ကျိုးရွှမ်လန်က အိပ်ရာဘေးတွင်ရပ်နေပြီး ရှေ့သို့အနည်းငယ်တိုးကပ်လာကာ ရေမျက်နှာပြင်ကဲ့သို့ တည်ငြိမ်နေသည့်မျက်နှာလေးကိုကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။
" ရှစ်စွမ်း အခုကစပြီး ဒီမှာပဲ နေရတော့မယ်..."
အိပ်ရာထက်တွင်လှဲနေသော လူငယ်လေး၏မျက်တောင်အဖျားများ တုန်ယင်လာသည်။ သူ အိပ်ချင်မူးတူးဖြစ်နေစဉ်တွင် သူ့ပါးပြင်ကိုလာထိသောလက်က သူနှင့် အနည်းငယ်ရင်းနှီးနေကြောင်း သတိပြုမိသည်။ သူ့မျက်နှာကို တစ်ဖက်သို့လှည့်လိုက်ပြီး ပါးပြင်ကို လာထိနေသည့်လက်အား အလိုလို ကိုင်လိုက်မိသား ဖြစ်သွားသည်။
ကျိုးရွှမ်လန်၏မျက်လုံးများ အရောင်မှိန်သွားပြီး လက်ဖျားများ တင်းကြပ်သွားသည်။
ယမန်နေ့ညက အပူကို ထိန်းချုပ်ရန်ပင် အလွန်အားစိုက်ထုတ်လိုက်ရသော်လည်း လှုပ်ရှားမှုအသေးလေးတစ်ခုကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပူလာပြီး နှလုံးသားထဲ မီးမြိုက်ထားသကဲ့သို့ ဖြစ်လာသည်။
ကျိုးရွှမ်လန်၏မျက်ဆံများက မည်းနက်သွားပြီး အချိန်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။ သူ ခေါင်းငုံ့လာပြီး နှုတ်ခမ်းပါးများကို အသာထိကြည့်လိုက်သည်။
ခဏလောက်ပဲ စမ်းကြည့်လိုက်ချင်တယ်...
သို့သော် ရှန်းလျိုရှန့်က မျက်လုံးများပွင့်လာပြီး သူနှင့်အလွန်နီးကပ်နေသောမျက်နှာကို စိုက်ကြည့်နေသည်။ သူ့လက်များကို ကျိုးရွှမ်လန်၏လည်ပင်းတွင်ချိတ်လိုက်ပြီးနောက် ဘေးနားသို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ လုံးဝမရင်းနှီးနေသော အခန်းတစ်ခုဖြစ်နေကြောင်း သိလိုက်ရသည်။
" ဒါ ဘယ်နေရာလဲ..."
သူ အင်းစာရွက်ကို ပို့ဆောင်လိုက်ပြီးသည့်နောက်တွင် ကျိုးရွှမ်လန်က သူ့နားကပ်လာခဲ့ပြီး သတိလစ်သွားသည်ကို မှတ်မိလိုက်သည်။
ရှန်းလျိုရှန့် နှုတ်ခမ်းများတင်းတင်းစေ့ထားပြီး သူ့ကိုစိုက်ကြည့်နေသည့် ကျိုးရွှမ်လန်ကို မျက်နှာချင်းဆိုင် လိုက်ကာ အပြစ်လုပ်မိထားသည့် ကြောင်လေးတစ်ကောင်သဖွယ် ပြုံးလိုက်သည်။
" မင်း ငါ့ကို တိတ်တိတ်ကလေး ခိုးနမ်းဖို့ အာ့..."
ရှန်းလျိုရှန့် စကားမဆုံးမီမှာပင် သူ့နှုတ်ခမ်းကို နှုတ်ခမ်းပါးတစ်စုံဖြင့် ဖိကပ်ခံလိုက်ရသည်။ ကျိုးရွှမ်လန်က ရုတ်တရက် အထိန်းအကွပ်မဲ့သွားသည်။ သူ့လက်ချောင်းများက ရှန်းလျိုရှန့်၏ အနက်ရောင်ဆံနွယ်များအကြား နစ်မြုပ်နေပြီး ခေါင်းကိုလက်ဖြင့်ထိန်းကိုင်ထားကာ သူ့ခေါင်းကိုငုံ့၍ နူးညံ့သောနှုတ်ခမ်းပါးများကို အနမ်းခြွေလိုက်သည်။
ရှန်းလျိုရှန့်က ယခုမှ အိပ်ရာနိုးလာခြင်းဖြစ်၍ သူ့ဦးနှောက်က မြန်ဆန်စွာ အလုပ်မလုပ်သေးပေ။ ထိုအနမ်းကြောင့် စိတ်ရှုပ်ထွေးသွားရပြီး သူ့နားထဲတွင်လည်း အသံအချို့ကိုကြားလိုက်သည်။
ကျိုးရွှမ်လန်က ရွှေအိုရောင်ခါးပတ်ရှည်ကို ဆွဲချွတ်လိုက်သောကြောင့် အိပ်ရာဘေးမှ ကြမ်းပြင်ပေါ်ကျပြီး ဒေါက်ခနဲ မြည်သွားလေသည်။
ရှန်းလျိုရှန့် မျက်လုံးများ ပွင့်လာသည်။ ကျိုးရွှမ်လန် ပြုလုပ်တော့မည့်အရာကို သဘောပေါက်သောအခါ သူ့ အသက်ရှုသံများ အစီအစဉ်မကျ ဖြစ်လာခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွက်မှ သူ အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။ သူ့လက်များဖြင့် ကျိုးရွှမ်လန်၏ရင်အုပ်ကို အသာတွန်းထုတ်နေမိသော်လည်း ယခုမှ အိပ်ရာနိုးလာခါစဖြစ်၍ သူ့ခန္ဓာကိုယ်တစ်ခုလုံး ခွန်အားမရှိ ဖြစ်နေသည်။
မကြာမီအချိန်တွင် လက်ကောက်ဝတ်သွယ်သွယ်လေးနှစ်ဖက်က ပိုးမွှေ့ရာပေါ်တွင် အတူတကွ ဖိကပ်ဖမ်းချုပ်ခံလိုက်ရသည်။ ရှန်းလျိုရှန့် အသည်းအသန် ရုန်းကန်နေသော်လည်း အရာမရောက်ပေ။ သူ့ခန္ဓာကိုယ်ကို လေပူများရိုက်ခတ်နေသည်ကိုသာ ခံစားလိုက်ရ၍ အမူအရာကလည်း ဂနာမငြိမ် ဖြစ်နေသည်။
ကျိုးရွှမ်လန်က နူးညံ့ဖြူဖွေးနေသောနားရွက်လေးကို ငုံခဲလိုက်ပြီး တဖြည်းဖြည်းသွေးရောင်သန်းလာသည်ကို မြင်မှသာ လွှတ်ပေးလိုက်သည်။ နားရွက်အောက်ခြေနားကိုလည်း နှုတ်ခမ်းပါးများဖြင့် နမ်းရှိုက်နေကာ လည်တိုင်တစ်လျှောက်တွင်လည်း အနီရောင်အမှတ်အသားများ ချန်ထားရစ်ခဲ့သည်။
အိပ်ရာ ဘေးနှစ်ဖက်လုံးတွင် တွဲလောင်းကျနေသည့် ရွှေရောင်ကန့်လန့်ကာက လှုပ်ယမ်းနေလွန်း၍ လှိုင်းဂက်များ ထလာသည်ဟု ထင်ရသည်။
အိပ်ရာပေါ်မှ လူငယ်လေးက ခေါင်းအုံးကို တံတောင်ဖြင့်ထောက်ထားပြီး မျက်နှာတစ်ဝက်ကို လက်ဖြင့်အုပ်ထားသည့်အခါ ဆံပင်ရှည်များက ဗလာကျင်းနေသည့်ကျောပြင်ပေါ် ဖြာကျနေသည်။ သူ၏ နီရဲနေသည့်နှုတ်ခမ်းကိုကိုက်ထားပြီး အိပ်ရာခင်းကို လက်ချောင်းသွယ်သွယ်များဖြင့် ဆွဲဆုပ်ထားနေရသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့်နှင့် အခြေခံအုတ်မြစ်တည်အဆင့် ကျင့်ကြံသူနှစ်ယောက်အကြားမှ ကွာဟချက်က အချိန်ကြာလာသည်နှင့်အမျှ ပိုမိုသိသာထင်ရှားလာသည်။
နာရီအနည်းငယ်ခန့်ကြာသောအခါ ရှန်းလျိုရှန့် သတိလစ်သွားခဲ့သည်။ ရဲတွတ်နေသည့်ပါးပြင်လေးက စိုစွတ်နေသည်မှာ မျက်ရည်များကြောင့်လား ချွေးများကြောင့်လားပင် မပြောနိုင်တော့ချေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း တဆတ်ဆတ်တုန်ယင်နေ၍ ကျိုးရွှမ်လန်က သူ့ကိုရင်ခွင်ထဲထည့်ထားပြီး ဆေးတိုက်လိုက်သည်။
ထိုအချိန်မှသာ ထိုလူကို ရှစ်စွမ်းဟုခေါ်ပြီး မည်သို့ချော့မြူရမည်ကို သတိရသွားတော့သည်။
လူငယ်လေးက အချိန်အတန်ကြာအောင် မကြားခဲ့ရသည့် " ရှစ်စွမ်း " ဟူသောစကားကို ကြားလိုက်ရပြီး တစ်ဖက်လူ၏ အပြုအမူများက ပိုမိုနာခံလာသည်ကို မြင်လိုက်ရသည်။ ရှစ်စွမ်းဟုခေါ်သည်ကို သူ သဘောကျကြောင်းသိ၍ ကျိုးရွှမ်လန်က သူ့အနားတိုးကပ်လာပြီး အသံတိုးရှရှဖြင့် အဆက်မပြတ်ခေါ်လိုက်သည်။
သို့ရာတွင် ထိုသို့ခေါ်လိုက်ချိန်၌ တစ်ခုခု လိုအပ်နေသကဲ့သို့ ခံစားလိုက်ရပေသည်။
သူ့ရင်အုပ်ကို ရှန်းလျိုရှန့်၏ ဖြူဖွေးလှသောကျောပြင်နှင့်ထိကပ်လိုက်ပြီး နားနားကပ်၍ တီးတိုးပြောလိုက်သည်။
" ရှစ်စွမ်းကို ဘယ်သူကပိုကောင်းအောင် ပြုစုပေးလဲ..."
မူလက ရှန်းလျိုရှန့် မတုံ့ပြန်သော်လည်း အဓိပ္ပါယ်ကို သဘောပေါက်သွားသည့်အခါ မျက်နှာတစ်ခုလုံးနီရဲလာပြီး ကျိုးရွှမ်လန်ကို အိပ်ရာပေါ်မှ ကန်ချပစ်ချင်စိတ် ပေါ်လာသည်။
နှစ်ယောက်လုံးက အတူတူပဲကို ဘာတွေယှဉ်နေတာလဲ...
ရှန်းလျိုရှန့် မဖြေဘဲငြင်းပယ်နေသည်ကို မြင်သည့်အခါ ကျိုးရွှမ်လန်က "သူကပိုကောင်းတာမလား"ဟု အရှက်မဲ့စွာဖြင့် မေးလာသည်။
ရှန်းလျိုရှန့် သည်းမခံနိုင်တော့ပေ။
" ထွက်သွားတော့..."
ကျိုးရွှမ်လန် မျက်လုံးများမှေးကျဉ်းပြီး သူ့ကို ပိုမိုတင်းကြပ်စွာဖက်ထားလိုက်သည်။ ဒေါသထွက်နေခဲ့သည့်လူငယ်လေးက ရုတ်တရက် ပြောစရာစကားမဲ့သွားပေသည်။
သူတို့နှစ်ယောက်သား အိပ်ရာပေါ်တွင် အချိန်အတန်ကြာအောင် လူးလိမ့်နေခဲ့ကြ၍ အပြင်ဘက်တွင် အချိန်မည်မျှကုန်သွားသည်ကို မသိလိုက်ကြပေ။
နောက်ဆုံး၌ အားလုံးပြီးဆုံးသွားသည့်အခါ ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏လက်မောင်းပေါ်တွင် သွေးစို့နေသည့် ကုတ်ရာများစွာကို ချန်ထားရစ်ခဲ့သည်။ ကျိုးရွှမ်လန်ကလည်း သူ့လည်တိုင်နှင့် ပခုံးများကို ကိုက်ခဲထားခဲ့သောကြောင့် သူ့လည်ချောင်းထဲမှ ငိုရှိုက်သံတိုးတိုးလေး ထွက်ပေါ်နေပေသည်။ သူ့ခါးသွယ်သွယ်လေးကို လွှတ်ပေးလိုက်သည့်အချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး အားအင်ချိနဲ့နေပြီး သတိလစ်သွားတော့သည်။
.....
ရှန်းလျိုရှန့် နိုးလာသည့်အခါ သူ့ကို ဝတ်ရုံအသစ်လဲလှယ်ပေးထားကြောင်း သိလိုက်သည်။ အိပ်ရာပေါ် ထထိုင်လိုက်ချိန်တွင် သူ့ခါးအောက်ပိုင်းက နာကျင်ကိုက်ခဲနေ၍ အိပ်ရာပေါ် ပြန်လဲကျသွားသည်။
သူ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ခဏစောင့်ပြီးမှ တဖြည်းဖြည်းထိုင်လိုက်သည်။
သူ ဘေးပတ်ပတ်လည်ကို ကြည့်နေစဉ်တွင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရ၏။
ကျိုးရွှမ်လန်က ဆန်ပြုတ်ပူပူတစ်ပန်းကန်ယူ၍ အိပ်ရာနားသို့ လျှောက်လာသည်။ ရှန်းလျိုရှန့် အမှန်ပင် ဗိုက်ဆာနေခဲ့သော်လည်း ဆန်ပြုတ်နံ့ရသည်နှင့် သူ့စိတ်ထဲ ထူးဆန်းလာသည်။
ကျိုးရွှမ်လန် အိပ်ရာအစွန်းတွင်ထိုင်လိုက်သည့်အခါ ရှန်းလျိုရှန့်က စောင်အောက်မှ ခေါင်းပြူထွက်လာပြီး ပန်းကန်လုံးထဲမှ ပါဝင်ပစ္စည်းများကို ကြည့်လိုက်သည်။ သူ မျက်လုံးအပြူးသားဖြစ်သွားပြီး အမည်းရောင်အရာများက မည်သည်ဖြစ်ကြောင်း မေးလိုက်သည်။ သို့သော် ပါးစပ်ဟလိုက်ချိန်တွင် အသံဝင်နေသောကြောင့် စကားမနည်းပြောနေရသည်။
ကျိုးရွှမ်လန်က ဆန်ပြုတ်ကိုဇွန်းဖြင့် မွှေလိုက်သည်။
" ကျွန်တော်ကိုယ်တိုင်ချက်ထားတာ စားကြည့်ပါဦး ရှစ်စွမ်း..."
ရှန်းလျိုရှန့် နှုတ်ခမ်းများဟလိုက်သည်။ သူ့နှလုံးသားထဲတွင် ငြင်းဆန်နေမိသော်လည်း သူ့တပည့်ကို မျက်နှာသာပေးရန် ပါးစပ်ဟလိုက်သည်။
" အာ ~ "
ဆန်ပြုတ်တစ်ဇွန်း ခံတွင်းထဲရောက်သွားချိန်၌ ရှန်းလျိုရှန့် လန့်သွားရသည်။ မထင်မှတ်ထားသည်မှာ ဆန်ပြုတ်၏အရသာက အနည်းငယ်ချိုနေရုံသာဖြစ်၍ ဝိညာဉ်ဆေးပင်အချို့သာ ထည့်ထားပုံပေါ်သည်။
ရှန်းလျိုရှန့် ပါးစပ်ထပ်ဟလိုက်သည်။
ကျိုးရွှမ်လန်၏နှုတ်ခမ်းပါးများ ကော့ညွတ်သွားပြီး အကြည့်များက နူးညံ့သွားကာ သူ့ကို နောက်တစ်ဇွန်း ထပ်ခွံ့ကျွေးလိုက်လေ၏။
ရှန်းလျိုရှန့်က အိပ်ရာထက်တွင် မည်မျှကြာကြာနေခဲ့မိသည်ကိုပင် မသိတော့ချေ။ အိပ်ရာခန်းစီးများနှင့် ပြတင်းပေါက်များကြားထဲမှ ဝင်လာသော အလင်းရောင်များကိုသာ မရှင်းမလင်းမြင်နေရသည်။ အလင်းနှင့် အမှောင်က ပြောင်းလဲသွားပြီး နေ့နှင့်ညကလည်း တစ်လှည့်စီပြောင်းလဲနေသည်။
ထိုအချိန်အတောအတွင်းတွင် သူ ဆေးတစ်မျိုးတည်းကိုသာ အမှီပြု၍ နေနေခဲ့ရသည်။ ဆေး၏အကျိုးသက်ရောက်မှု ပျောက်ကွယ်သွားချိန်တွင် သူ့အစာအိမ်က အသံကျယ်ကျယ်များမြည်လာသည်။
သူ ထမင်းပန်းကန်လုံးကြီးသုံးလုံးခန့် စားချင်သော်လည်း ဝိညာဉ်မြက်များ ထည့်သွင်းပေးထားခြင်းကြောင့် ဆန်ပြုတ်ပန်းကန်အသေးလေးတစ်လုံးဖြင့်ပင် ဗိုက်ဝသွားသောကြောင့် လက်လျှော့လိုက်ရသည်။
" ဒါ ဘယ်နေရာလဲ..."
ကျိုးရွှမ်လန်က လက်ဖက်ရည်တစ်ခွက်ငှဲ့ပြီး တည်ငြိမ်စွာပြောလိုက်သည်။
" စန့်ရွှယ်စံအိမ်လေ..."
ရှန်းလျိုရှန့် အံ့အားသင့်သွားပြီး နှုတ်ခမ်းများကွေးညွတ်၍ ပြုံးလိုက်မိသည်။
" ဒီနေရာကို မင်း အရင်တုန်းက ပြောပြဖူးတယ် မှတ်မိသေးလား..."
ကျိုးရွှမ်လန်က သူ့ကို လက်ဖက်ရည်ခွက်လှမ်းပေးနေလျက် ပျော်ရွှင်သောအမူအရာဖြင့် တဖြည်းဖြည်းပြောလိုက်သည်။
" နည်းနည်းပေါ့..."
သူ့မှတ်ဉာဏ်အားလုံးက အနှေးနှင့်အမြန် ပြန်ရောက်လာသည်ကို သူ ယခုအခါမှ သတိပြုမိသွားသည်။ ရှန်းလျိုရှန့် စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်မိပြီး ပျော်ရွှင်စွာပြုံးလိုက်သည်။
" ဒါဆို ငါ နောက်တော့မှ စန့်ရွှယ်စံအိမ်တစ်ဝိုက်ကို လမ်းလျှောက်ကြည့်ဦးမယ်..."
ကျိုးရွှမ်လန် : " ရှစ်စွမ်း ဒီစံအိမ်ထဲမှာပဲ နေနေသရွေ့တော့ ဘာလုပ်လုပ် ရပါတယ်..."
ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်ပြီးနောက် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးချိန်တွင် စိတ်ထဲ၌ တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
ဒီနေရာက ပါ့ဟွမ်မှာထင်တယ် ကျိုးရွှမ်လန်ကဘာလို့ ငါ့ကိုဒီနေရာခေါ်လာတာလဲ... ရွှမ်ယောင်နန်းတော်မှာသာဆိုရင် ရှုရှင်းချန်က ငါ့ကိုရှာတွေ့နိုင်သေးတယ်...
ရှန်းလျိုရှန့် ရင်ထဲထိတ်ခနဲဖြစ်သွားသော်လည်း ခေါင်းငုံ့ထားပြီး လက်ဖက်ရည်ကို တည်ငြိမ်စွာသောက်နေလိုက်သည်။ သောက်ပြီးသည့်နောက်တွင် အိပ်ရာပေါ် ပြန်လှဲနေလိုက်ပြီး သမ်းဝေကာ ခဏခန့်အိပ်ဦးမည်ဟု ပြောလာသည်။
ကျိုးရွှမ်လန်မြင်သည့်အခါ အခန်းပြင်ထွက်သွားပြီး တံခါးပိတ်လိုက်သည်။
သူ ထွက်သွားသည်နှင့် ရှန်းလျိုရှန့်က စောင်ကိုဖယ်လိုက်ပြီး အဝတ်အစားများဝတ်ကာ တစ်ဝက်တစ်ပျက်ဖွင့်ထားသော ပြတင်းပေါက်မှတစ်ဆင့် အခန်းပြင်ထွက်လိုက်၏။