Chapter 161
ဤနေရာက အလွန်ကြီးမားလွန်းသောကြောင့် နားနေဆောင်ငယ်များနှင့် လှပသည့်ရှု့ခင်းများရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရပေ။ ရှန်းလျိုရှန့်က အဆောက်အဦးကြီးတစ်ခုအပေါ် ခုန်တက်သွားပြီးကြည့်လိုက်သောအခါ မနီးမဝေးတွင် အဖြူရောင်တိမ်တိုက်များနှင့် မြူနှင်းများမှလွဲ၍ မည်သည့်အရာကိုမှ မတွေ့ရပေ။
သူ နားနေဆောင်ငယ်များကို ဖြတ်သန်းသွားပြီးနောက် မြင့်မားလှသော ကျောက်နံရံကြီးရှိရာသို့ ပြေးသွားလိုက်သည်။ သူ နံရံပေါ်တက်၍ စန့်ရွှယ်စံအိမ်မှ ထွက်ပြေးရန် ပြင်လိုက်သော်လည်း လေထဲရှိ မမြင်ရသော အတားအဆီးတစ်ခုက သူ့ကိုချက်ချင်းရပ်တန့်လိုက်သည်။
ရှန်းလျိုရှန့် : "..."
အတားအဆီးတွေ လှုပ်ရှားမှု ဖြစ်ပေါ်လာခြင်းကြောင့် ကျိုးရွှမ်လန်ကို သတိပေးလိုက်သကဲ့သို့ဖြစ်ပြီး ထိုနေရာကို အမြန်ရောက်လာလေသည်။
အနီရောင်ဝတ်ရုံဝတ်ထားသော လူငယ်လေးက မြေကြီးပေါ်ထိုင်နေပြီး သူ့ကိုခေါင်းမော့ကြည့်ကာ မပျော်မရွှင်ဖြစ်နေပုံရသည်။ ကျိုးရွှမ်လန် ရောက်လာသည်ကို သတိပြုမိသောအခါ မျက်လုံးလှန်ကြည့်ပြီး ပြောလိုက်သည်။
" ငါ့ကို အကြောင်းပြချက်တစ်ခုပေး..."
ကျိုးရွှမ်လန် ရပ်တန့်သွားသည်။
" ရှစ်စွမ်းကို ကျွန်တော်နဲ့ပဲ နေစေချင်လို့ပါ ဒါဆိုရလား..."
ရှန်းလျိုရှန့် ပြောစရာစကားမဲ့သွား၏။ သူက ခဏသွားရောက်ပြီး ပြန်လာမည်ဖြစ်သော်လည်း ကျိုးရွှမ်လန်က သူ ပြန်မလာတော့ဟု တွေးနေခြင်းဖြစ်သည်။
" ငါ နန်းတွင်းကို ခဏသွားပြီးတာနဲ့ ပြန်လာမှာလေ ငါ့ကိုမယုံဘူးလား..."
ကျိုးရွှမ်လန်က ပြောလိုက်သည်။
" ဒီစကားတွေက အနေအထားတစ်ခုအထိတော့ မယုံရဘူး..."
ရှန်းလျိုရှန့် အလွန်ဒေါသထွက်လာသောကြောင့် အံကြိတ်ထားလိုက်သည်။
" မင်း ငါ့ကိုအမြဲပိတ်လှောင်ထားလို့ မရဘူးလေ..."
ကျိုးရွှမ်လန် : " ကျွန်တော်ကလည်း ဒါကိုပဲဆိုလိုချင်တာ..."
ရှန်းလျိုရှန့် : " ဟင်..."
ရှန်းလျိုရှန့်က ဒေါသထွက်ခဲလှသူဖြစ်၍ ကျိုးရွှမ်လန်ကို လျစ်လျူရှု့ထားပြီး အခန်းသို့ပြန်သွားလိုက်သည်။ ညနေခင်းရောက်သည့်အခါ ကျိုးရွှမ်လန်က အပြင်လောကသို့သွားပြီး သူ့အတွက် အရသာရှိသော အစားအသောက်များ ဝယ်လာပေးသည်။
ရှန်းလျိုရှန့်က ကျယ်လောင်စွာပြောလိုက်သည်။
" မင်း ငါ့ကို အပြင်ထွက်ခွင့်မပြုရင် ငါ အစာငတ်ခံပြီးသေလိုက်မှာ..."
ကျိုးရွှမ်လန် ခဏတာ အလေးအနက်တွေးတောလိုက်သည်။
" ဟုတ်သားပဲ ရှစ်စွမ်း အစာမစားဘဲနေနိုင်တဲ့ ကျင့်ကြံဆင့်ကို ရောက်တော့မှာမလား..."
ရှန်းလျိုရှန့် : "..."
သူ အစာမစားဘဲနေပါက သေသွားမည်မဟုတ်သည်မှာ မှန်ကန်သော်လည်း အစာအိမ်က အသံမြည်နေခြင်းနှင့် အစာမစားနိုင်ဘဲနေနိုင်သည့်အဆင့်တစ်ခုသို့ရောက်ရန် အလွန်ခက်ခဲဦးမည်ဖြစ်သည်။
ရှန်းလျိုရှန့် နှစ်ရက်တိတိ တောင့်ခံနေခဲ့သည်။ ဆာလောင်နေသည့်အစာအိမ်ကြောင့် ညဘက်တွင် ကောင်းကောင်းမအိပ်နိုင်ဘဲ အိပ်ရာပေါ် ဟိုလှိမ့်သည်လှိမ့် လုပ်နေရသည်။
အိပ်ရာပေါ်မှ နှင်ချထားခံရသောကြောင့် ကြမ်းပေါ်တွင် အိပ်နေသည့်ကျိုးရွှမ်လန်က ညမီးရောင်မှိန်မှိန်အောက်တွင် အိပ်ရာပေါ်လှိမ့်နေသူကိုကြည့်ပြီး သူ့မျက်ဝန်းများက မကြည်မလင် မရှင်းမလင်းဖြစ်နေသည်။
နောက်တစ်နေ့တွင်လည်း ရှန်းလျိုရှန့်က မနည်းတောင့်ခံပြီး ကျင့်ကြံနေခဲ့သည်။ သူ့အခန်းသို့ပြန်လာသည့်လမ်းတွင် စားပွဲတစ်လုံးပေါ်၌ အရသာရှိသော အစားအသောက်များနှင့် ဝိုင်များကိုတင်ထားပြီး ကျိုးရွှမ်လန်က ဝိုင်ငှဲ့ကာ စားစရာများကို တစ်ယောက်တည်းစားနေသည်။ သူ ခဏရပ်တန့်သွားပြီးနောက် လေထဲမှ ဝိုင်ရနံ့ကိုရှုကြည့်လိုက်သည့်အခါ သွားရည်များကျလာသည်ဟုပင် ထင်ရသည်။ သူ၏ အစာစားချင်စိတ်များ အလွန်ပြင်းထန်လာတော့သည်။
ကျိုးရွှမ်လန် လှည့်ကြည့်လိုက်သည့်အခါ လမ်းပေါ်မှလူငယ်လေးက နှုတ်ခမ်းများတင်းတင်းစေ့ထားပြီး မျက်လုံးများအရောင်လက်နေသည်။ သူ့မျက်နှာထက်တွင် "စားချင်လိုက်တာ" ဟူသည့်စာလုံးကို ရေးသားထားသည်ဟု ထင်ရပေသည်။
ကျိုးရွှမ်လန်၏နှုတ်ခမ်းပါးများ ကော့ညွတ်သွားသည်
" ရှစ်စွမ်း လာမစားချင်ဘူးလား..."
ဖိတ်ခေါ်မှုကိုကြားသည့်အခါ ရှန်းလျိုရှန့်က ယခုမှ အိမ်မက်ထဲမှ လန့်နိုးလာဟန်ဖြင့် တစ်ဖက်သို့လှည့်ပြီး အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။
" ငါ လုံးဝမစားဘူး..."
ကျိုးရွှမ်လန်က မျက်ခုံးအသာပင့်လိုက်သည်။
" ရှစ်စွမ်းကြိုက်တဲ့ဟင်းတွေပဲ ဝယ်ထားမိတာ နှမျောစရာဖြစ်ကုန်ပြီ..."
ရှန်းလျိုရှန့်၏ နှုတ်ခမ်းများပွင့်ဟလာပြီး ကျောက်စိမ်းစားပွဲကို တစ်ချက်ကြည့်လိုက်သည်။ ခဏအကြာတွင် သူ ထိုနေရာသို့ လျှောက်လာ၏။
" နည်းနည်းလောက် မြည်းကြည့်ရင်လည်း ဘာမှမဖြစ်လောက်ပါဘူး..."
စားပွဲပေါ်တွင် ကျောက်စိမ်းတူတစ်စုံသာရှိသည်။ကျိုးရွှမ်လန်က အမဲသားတစ်ဖတ်ကိုယူ၍ သူ့ပါးစပ်နားကပ်ပေးလိုက်သည့်အခါ ချက်ချင်းပါးစပ်ဟလိုက်သည်။
ထိုအချိန်တွင် တူက လေထဲ၌ ရပ်တန့်သွားသည်။
" ကျွန်တော်မေ့တော့မလို့... ရှစ်စွမ်းက ဘာမှမစားဘဲနေမယ်လို့ ပြောထားတာနော်..."
ရှန်းလျိုရှန့် ဒေါသထွက်လာသည်။
" ဟေးးးး "
ကျိုးရွှမ်လန်က ပြုံးလိုက်သည်။
" ရှစ်စွမ်း တကယ်စားချင်တာလား..."
ရှန်းလျိုရှန့် စကားမပြောနိုင်မီမှာပင် သူ့အစာအိမ်က ဝန်ခံလိုက်သည့်အသံ ထွက်လာ၍ ဒေါသပိုထွက်လာဝောာ့သည်။
" မြန်မြန်လုပ်... အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့..."
သို့ဖြစ်၍ ကျိုးရွှမ်လန်က မျက်နှာကို သူ့ဘက်လှည့်လာပြီး လက်ချောင်းများဖြင့် သူ့ပါးကိုထိပြလိုက်သည်။
ရှန်းလျိုရှန့် : "ဟမ်..."
ကျိုးရွှမ်လန် : " ရှစ်စွမ်း ကျွန်တော့်ကို နမ်းမှရမယ်..."
ရှန်းလျိုရှန့် သူ့ပါးကိုကိုက်ဆွဲပစ်ရန် ပြင်လိုက်သော်လည်း ဤရက်ပိုင်းအတွင်း မမြည်းစမ်းခဲ့ရသည့် အသားအရသာကို တွေးကြည့်မိသောအခါ ကျိုးရွှမ်လန်၏ပါးပြင်ကို ဝတ်ကျေတန်းကျေဖြင့် နမ်းလိုက်သည်။
" ရပြီလား..."
သူ ဒါမျိုးတွေ ဘယ်ကတတ်လာတာလဲ... တော်တော်လေးလွန်နေပြီ...
ကျိုးရွှမ်လန်က ညာဘက်ပါးပြင်ကိုပါ လက်ညှိုးထိုးပြလိုက်သည်။
" ဒီဘက်ကိုလည်း နမ်းပါဦး..."
ရှန်းလျိုရှန့် : "..."
သူ ခေါင်းငုံ့လိုက်ပြီး ရှေ့ထပ်တိုးလာကာ သူ့နှုတ်ခမ်းများက ကျိုးရွှမ်လန်၏ပါးပြင်ကို ထိတော့မည့်အချိန်တွင် ထိုနေရာ၌ ပါးပြင်အစား နှုတ်ခမ်းပါးများက အစားထိုးနေရာယူသွားသည်။
အနည်းငယ်ပြူးကျယ်သွားသည့် ဇာမဏီမျက်ဝန်းများနှင့် ရင်ဆိုင်လိုက်ရ၍ ကျိုးရွှမ်လန် ရယ်လိုက်မိသည်။
" ဒီစားပွဲတစ်ခုလုံးကို ရှစ်စွမ်းပိုင်သွားပါပြီ..."
ရှန်းလျိုရှန့် ဟင်းပွဲအနည်းငယ်ကို စားလိုက်ပြီးသည့်နောက်တွင် မျက်ခုံးပင့်၍ သူ့ကိုစိုက်ကြည့်နေသူကို ပြန်ကြည့်လိုက်သည်။
" အပြင်လောကမှာ ဘယ်လိုနေလဲ... ရှင်းလျန်ကို ရှာတွေ့ရဲ့လား..."
ကျိုးရွှမ်လန် : " ရှာတွေ့ပါတယ် သူ လုံလုံခြုံခြုံပဲ ရှိနေတယ်..."
ရှန်းလျိုရှန့် စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။
" ငါ ဒီမှာနေရတာ ပျင်းလာပြီ..."
ကျိုးရွှမ်လန် : " နေ့လယ်ခင်းကျရင် ကျွန်တော် ရှစ်စွမ်းကို တောင်အနောက်ပိုင်း ခေါ်သွားပေးမယ်..."
ရှန်းလျိုရှန့်၏စိတ်ထဲတွင် သူက အပြင်ထွက်ချင်သည်ဟုသာ ပြောနေမိသော်လည်း အသုံးမဝင်တော့ပေ။ ကျိုးရွှမ်လန်က ယခုနောက်ပိုင်းတွင် နေရာကူးပြောင်းအင်းစာရွက်များစွာကို လက်ခံရရှိထားသည်။ အကယ်၍ သူ၏မှန်းဆချက်မှန်ကန်ပါက ရှုရှင်းချန်က အပြင်လောကတွင် သူ့ကိုရှာဖွေနေပုံပေါ်သည်။ ကျိုးရွှမ်လန်က သူ့ကိုနည်းလမ်းပေါင်းစုံသုံး၍ ဟန့်တားနေခြင်းဖြစ်သောကြောင့် ဤအချိန်မျိုးတွင် သူ့ကို ကျိန်းသေပေါက် အပြင်ထွက်ခွင့် ပြုလိမ့်မည် မဟုတ်ပေ။
ရှန်းလျိုရှန့် သက်ပြင်းချလိုက်ပြီး တောင်အနောက်ပိုင်းသို့ လိုက်သွားလိုက်သည်။
တောင်အနောက်ပိုင်းက သူစိတ်ကူးထားသည်ထက်ပို၍ စိတ်ဝင်စားစရာကောင်းနေသည်။ ထိုနေရာတွင် ဝိညာဉ်သစ်သီးနှင့် ဆေးပင်ပေါင်းစုံရှိနေသည်။ ရှန်းလျိုရှန့်က တစ်နေ့လည်ခင်းလုံး သစ်သီးများခူးလျက် အချိန်ကုန်သွား၍ မကြာမီအချိန်မှာပင် မှောင်လာတော့သည်။ အပြန်လမ်းတွင် မမျှော်လင့်ဘဲ ဂျင်ဆင်းပင်လေးတစ်ပင်ကို တွေ့လိုက်ရသည်။
ရှန်းလျိုရှန့် ထိုနေရာတွင် ထိုင်ချလိုက်ပြီး အရွက်များကို ထိလိုက်သည်။
" ဂျင်ဆင်းလေး... မင်း ရှန်းပုပုကိုသိလား..."
လေပွေတစ်ချက်ဝှေ့သွား၍ ဂျင်ဆင်းရွက်များက သူ့လက်ကို ပွတ်တိုက်သွားသည်။ သူ့စကားကို ပြန်တုံ့ပြန်လိုက်သည်နှင့်တူသောကြောင့် ရှန်းလျိုရှန့် ပြုံးလိုက်မိသည်။ ထို့နောက် မတ်တပ်ရပ်၍ လိမ္မော်သီးကို တစ်ကိုက်ကိုက်ကာ တောင်အနောက်ဘက်မှ ထွက်လာတော့သည်။
ရေချိုးပြီးသည်နှင့် ရှန်းလျိုရှန့်က သူ့အခန်းသူပြန်သွားသည်။ အိပ်ရာပေါ်လှဲချလိုက်ချိန်တွင် ကျိုးရွှမ်လန်က ဝတ္ထုစာအုပ်ဒါဇင်ပေါင်းများစွာဖြင့် ရောက်လာပေသည်။
ကျိုးရွှမ်လန် လက်ဖက်ရည်ငှဲ့ပေးနေစဉ်တွင် အိပ်ရာပေါ်မှလူက စာအုပ်ရွေးနေသည်ကို တွေ့လိုက်ရသည်။ သူက ပိန်သွယ်သည့်ခန္ဓာကိုယ်ကောက်ကြောင်းကိုမြင်ရသော အတွင်းဝတ်ရုံတစ်ထည်ကို ဝတ်ထားပေသည်။
" မင်း အရင်တုန်းက ငါ့ကိုဝတ္ထုစာအုပ်တွေ ဖတ်ပြဖူးတာ မှတ်မိလား..."
ကျိုးရွှမ်လန်က လက်ဖက်ရည်သောက်လိုက်သည်။
" မမှတ်မိဘူး..."
ရှန်းလျိုရှန့် သက်ပြင်းချလိုက်ပြီးနောက် ချက်ချင်းပင် စာဖတ်ချင်စိတ် ပျောက်သွားသည်။ သူ အိပ်ရာပေါ် ထထိုင်ပြီး ပြောလိုက်သည်။
" ငါမင်းကို အတိတ်ကအကြောင်းတွေ ပြောပြရင်ရော ဘယ်လိုလဲ... အဲဒါဆိုရင် မင်း မြန်မြန်မှတ်မိသွားတာပေါ့..."
ကျိုးရွှမ်လန်က သူ့ကိုလှမ်းကြည့်သည်။
" ရှစ်စွမ်း ဘာလို့အလောတကြီးဖြစ်နေတာလဲ..."
ရှန်းလျိုရှန့်က စာအုပ်ကိုပြန်ပိတ်ထားလိုက်ပြီး ပြောလာသည်။
" မင်း မှတ်ဉာဏ်တွေ ပြန်ရလာပြဆိုရင် ငါ့ကို ဒီလိုမျိုး ပိတ်မထားလောက်ဘူးလေ..."
ကျိုးရွှမ်လန် မျက်လွှာချလိုက်ပြီး လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်သည်။
" ရှစ်စွမ်း သူ့ကိုလူကောင်းလို့ ထင်နေတာလား..."
ရှန်းလျိုရှန့် : " သူက မကောင်းတဲ့လူ မဟုတ်ပါဘူး..."
ကျိုးရွှမ်လန်၏မျက်နှာက ရုတ်ချည်းအေးစက်သွားသည်။
" ရှစ်စွမ်းက အခုထိ သူ့ဘက်က ကာပြောပေးနေတာပဲ..."
ရှန်းလျိုရှန့် မျက်ခုံးနှစ်ဖက်ကိုပွတ်လိုက်ပြီး စကားလမ်းကြောင်းမလွဲသွားအောင်ပြောကာ စိတ်ခံစားချက်များကို အကျိုးအကြောင်းပြ၍ ရှင်းပြရန် ကြိုးစားလိုက်သည်။
" မင်း အရင်တုန်းက ငါ့ကို အတင်းအကြပ်တွန်းအားမပေဖူးပါဘူး... တကယ်လို့ ငါသာ ဒီနေရာမှာ မနေချင်ဘူးဆိုရင် သေချာပေါက်လွှတ်ပေးမှာပဲ... အခုလည်း မင်းအဲလ်ို..."
" အဲဒါဆို သူ(ယခင်ကျိုးရွှမ်လန်) လုပ်တာ မှားနေတာပေါ့..."
ကျိုးရွှမ်လန်က သူ့စကားကိုဖြတ်ပြောလိုက်ပြီး အိပ်ရာနားသို့လျှောက်လာသည်။
" လွန်ခဲ့တဲ့ ၁၆နှစ်တုန်းက ကျွန်တော်နိုးလာခဲ့တော့ ရှစ်စွမ်းရဲ့ခန္ဓာကိုယ်ကို ဖက်ထားခဲ့တယ်... ကျွန်တော့်စိတ်ကို တည်ငြိမ်အောင် ထားခဲ့ပြီးတွေးခဲ့မိတယ်... အရင်ကရော ဒီလိုမျိုး လုပ်ခဲ့မိသေးလား... ကျွန်တော် အဲတုန်းကမှ ရုတ်တရက်ကြီး ရောက်လာခဲ့ပေမယ့် ရှစ်စွမ်းက သတိလစ်နေတာလားလို့ တွေးခဲ့မိတယ်... ရှစ်စွမ်းသေသွားတယ်ဆိုတဲ့အချက်ကို လက်မခံနိုင်ခဲ့ဘူး..."
" အရင်ကျိုးရွှမ်လန်ကလည်း ရှစ်စွမ်းကို မလွှတ်ပေးလိုက်သင့်ဘူးလို့ နောင်တရနေခဲ့မှာပဲ... ရှစ်စွမ်း သူ့ကိုစွန့်ပစ်သွားလို့ အရမ်းမုန်းနေခဲ့မှာ..."
ရှန်းလျိုရှန့် ထိတ်လန့်သွားပြီးနောက် သူ့အိမ်မက်ထဲတွင် မြင်ခဲ့ရသည့် သွေးနီရောင်မျက်ဝန်းတစ်စုံကို ပြန်အမှတ်ရသွား၍ ဖြူရော်နေသည့်မျက်နှာဖြင့် ခေါင်းခါပြခဲ့သည်။
" အဲလိုမဟုတ်ဘူး... ငါ့ဆရာက ငါ့ကိုခေါ်သွားခဲ့တာ ငါ့မှာလည်း ရွေးချယ်စရာမရှိခဲ့ဘူး..."
ကျိုးရွှမ်လန် သူ့ကို နင့်နင့်သီးသီးကြည့်နေသောအခါ အိပ်ရာပေါ်မှလူငယ်လေး၏ မျက်လုံးများနီရဲလာပြီးသူ့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေသည့် အမူအရာမျိုး ပေါ်လာသည်ကို တွေ့လိုက်ရသည်။
သူ ရှေ့တိုးလာပြီး ထိုလူကို သူ့ရင်ခွင်ထဲ ထည့်ထားလိုက်ကာ လက်ချောင်းသွယ်သွယ်များဖြင့် ထိုလူ၏ဆံနွယ်များကို ထိုးဖွပေးလိုက်ပြီး ကိုယ်သင်းနံ့ကို အားပါးတရရှုရှိုက်ကာ တီးတိုးပြောလိုက်သည်။
" ရှစ်စွမ်း ကျွန်တော့်ကို အပြစ်တင်ဦးမှာလား... ဒီတပည့်က အမှားတစ်ခုတည်းကို နောက်တစ်ကြိမ်ထပ်လုပ်မိမှာ ကြောက်နေရုံပါ..."
ရှန်းလျိုရှန့်၏စိတ်ထဲ မငြိမ်မသက်ဖြစ်နေသည်။
" ငါ မင်းကို အပြစ်မတင်ပါဘူး... တကယ် အပြစ်မတင်ပါဘူး..."
သူ ယခင်က ကျိုးရွှမ်လန်၏လက်ထဲတွင်သာသေမည်ဟု ဆုံးဖြတ်ထားသည့်အကြောင်းကိုမူ ကျယ်လောင်စွာ ထုတ်မပြောရဲခဲ့ပေ။ သို့ရာတွင် အဆုံးတွင်လည်း သူ နောင်တရခဲ့သည်။ ထိုအချိန်က သူ သေဆုံးသွားပြီဟု ထင်ခဲ့သောကြောင့် ကျိုးရွှမ်လန်က ဤပုံစံဖြစ်သွားခဲ့ရခြင်းပင်။ အကယ်၍ ထိုအချိန်က နောင်တရခဲ့မိပါက ကျိုးရွှမ်လန်ကို အသူရာချောက်နက်ထဲ တွန်းပို့ခဲ့မိမည်မဟုတ်ပေ။
ရှန်းလျိုရှန့်၏တစ်ကိုယ်လုံး အေးစက်လာပြီး ဖြူဖျော့နေသည့်မျက်နှာဖြင့် ပြောလိုက်သည်။
" ငါ တောင်းပန်ပါတယ်..."
ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်ပြီး ရှန်းလျိုရှန့်၏ မျက်နှာလေးကို ကြည့်နေသည်။ သူ့နှလုံးသားက အေးစက်နေသည်ဟု ပြောခဲ့သောညက ရှန်းလျိုရှန့် အလွန်ဝမ်းနည်းသွားပြီး ငိုယိုခဲ့သည်။ နောက်ပိုင်း သူ ဟန်ဆောင်နေသည်ဟု ပြန်ပြောခဲ့သော်လည်း သူ့ရှေ့တွင် အမြဲပြုံးနေသူ၏စိတ်ထဲ ဝမ်းနည်းနေမည်ကို သူ ခံစားနိုင်သည်။
အခုလည်း အဲ့အချိန်ကလို ပါပဲလား...
ကျိုးရွှမ်လန် အနည်းငယ်ခေါင်းရှုပ်သွားပြီး ဤနည်းလမ်းကို အသုံးပြုလိုက်ရသည်ကို နောင်တရသွားမိသည်။
သူ ရှန်းလျိုရှန့်၏ပါးပြင်ကို အုပ်ကိုင်ထားလိုက်ပြီး ခေါင်းငုံ့ကာ အေးစက်စက်နှုတ်ခမ်းပါးများ နွေးထွေးလာစေရန် အနမ်းတစ်ပွင့်ခြွေပြီး တီးတိုးပြောလိုက်သည်။
" အဲကိစ္စတွေအားလုံး ပြီးသွားခဲ့ပါပြီ... ရှစ်စွမ်း အခုကစပြီး ကျွန်တော့်ဘေးမှာ နေပေးမယ်ဆိုရင်ရပြီ..."
ရှန်းလျိုရှန့်က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
" ငါ့ကို မမုန်းပါနဲ့..."
ကျိုးရွှမ်လန်၏ရင်ထဲ ရုတ်ချည်းနာကျင်သွားပြီး ထိုစကားများကို မပြောခဲ့လျှင်ပိုကောင်းမည်ဟု တွေးနေမိသည်။
" ကျွန်တော် ရှစ်စွမ်းကို မမုန်းပါဘူး... ရှစ်စွမ်းက ကျွန်တော့်အတွက် အကောင်းဆုံးပဲ..."
သူ အတိတ်ကိုပြန်စဉ်းစားနေပြီး ရှန်းလျိုရှန့် စိတ်ပျော်ရွှင်စေမည့်အရာအချို့ကို ပြန်မှတ်မိအောင် ကြိုးပမ်းနေသည်။
သူ မျက်မှောင်ကြုတ်ပြီးတွေးတောနေစဉ်မှာပင် မှတ်ဉာဏ်အပိုင်းအစအချို့က သူ့စိတ်ထဲ ပြန်ပေါ်လာသည်။ ကျိုးရွှမ်လန် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။
" ချင်းလင်ဂိုဏ်းရဲ့ ဝါးရုံတောထဲမှာ ကျွန်တော့်ရဲ့ဝိညာဉ်အသိစိတ်ကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာကို ရှစ်စွမ်းသင်ပေးခဲ့တာ မှတ်မိသေးတယ်..."
ရှန်းလျိုရှန့် ခဏတာ အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
" ဂိုဏ်းရဲ့ တပည့်တွေကြားက ပြိုင်ပွဲမတိုင်ခင်မလား..."
သူ ထိုအချိန်က မည်သည့်မန္တန်ကိုမှ မသိခဲ့သောကြောင့် ကျိုးရွှမ်လန်ကို မည်သည့်အရာများ သင်ပေးရမည်ကို မသိခဲ့၍ သူ့ရှစ်ရှုန်းထံသွားပြီး အကြံဉာဏ်ရယူခဲ့သည်။ သို့ဖြစ်၍ သူ့မျက်လုံးကို မျက်လုံးကာဖြင့်အုပ်ထားပြီး အာရုံခံခြင်းဖြင့် တိုက်ခိုက်မှုကို ရှောင်ရှားရမည့်နည်းလမ်းအား လင်ယဲ့က သင်ပေးခဲ့သည်။ သူ အကြိမ်ပေါင်းများစွာ အရိုက်ခံခဲ့ရပေသည်။ သူ ကျိုးရွှမ်လန်ကို သင်ပေးရန် ပြန်ရောက်လာချိန်၌လည်း သူ့တပည့်ကို မျက်လုံးကာဖြင့်အုပ်ထားပြီး အကြိမ်ပေါင်းများစွာ ပြန်ရိုက်ခဲ့သည်။
ကျိုးရွှမ်လန်က နှုတ်ခမ်းများ တွန့်ကွေးလိုက်သည်။
" ရှစ်စွမ်းက အရမ်းကြင်နာတတ်တာပဲ..."
ရှန်းလျိုရှန့်၏ပါးပြင်က အရောင်အသွေးပြန်ပေါ်လာပြီး အနည်းငယ်နီမြန်းစပြုလာသည်။
" အင်း အဲဒါကြင်နာတတ်တယ်လို့တော့ ပြောမရပါဘူး..."
သူ့ကို ဘယ်လိုပြောပြရမလဲ...
ရှန်းလျိုရှန့်ကို လင်ယဲ့က ရိုက်နှက်ခဲ့ခြင်းဖြစ်၍ သူ ကျိုးရွှမ်လန်ကိုသင်ပေးရန် ရောက်လာချိန်တွင် လက်စားချေရန်ကိစ္စကို ရုတ်ချည်းတွေးမိသွားသည်။ သူ့တပည့်ကို ရိုက်နှက်နေချိန်တွင် သူ့စိတ်ထဲတွင် အလွန်ဝမ်းသာနေခဲ့မိ၏။
ရှန်းလျိုရှန့် စိတ်အပြောင်းအလဲဖြစ်သွားသည်ကို မြင်သည့်အခါမှ ကျိုးရွှမ်လန် စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် သူ့သိုလှောက်အိတ်ကိုယူ၍ အထဲ၌ ရှာဖွေနေသည်။
" ကျွန်တော် ရှစ်စွမ်းကို ပြစရာတစ်ခုရှိတယ်..."
ရှန်းလျိုရှန့် သိချင်စွာဖြင့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီးနောက် ကျိုးရွှမ်လန်၏လက်ထဲတွင် အနက်ရောင်ဖဲကြိုးတစ်ချောင်း ပါလာသည်ကို တွေ့လိုက်ရသည်။
၎င်းက ကြယ်တာရာဖဲကြိုးဟူသည့် မှော်လက်နက်ဖြစ်သည်။ ၎င်းဖြင့် မျက်လုံးကိုစည်းထားလိုက်ပါက ဝိညာဉ်အသိစိတ်ကို ပိတ်လှောင်ထားလိုက်သကဲ့သို့ဖြစ်သွားနိုင၍ ဝိညာဉ်အသိစိတ်ကို ကျယ်ပြန့်အောင်ဖြန့်ကျက်နိုင်ရန်အတွက် လေ့ကျင့်ရာတွင်သုံးသော ထူးခြားပြောင်မြောက်သည့် မှော်လက်နက်တစ်မျိုးဖြစ်သည်။ ရှန်းလျိုရှန့်က ၎င်းကို လင်ယဲ့ထံမှယူပြီး ကျိုးရွှမ်လန်ကို ပေးခဲ့ခြင်းဖြစ်သည်။
" မင်းဆီမှာ အခုထိ ဒါလေးရှိသေးတာလား..."
ကျိုးရွှမ်လန်က ပြန်မဖြေဘဲ သူ့လက်ထဲမှ ဖဲကြိုးနက်ကိုသာ ကြည့်နေသည်။ သူ့စိတ်ထဖံတွင် မည်သည့်အရာများတွေးနေမိသာ်ကို မသိသော်လည်း သူ့မျက်လုံးများ အရောင်မှိန်လာပြီး လက်တစ်ဖက်မြှောက်ကာ ရှန်းလျိုရှန့်၏မျက်လုံးကို ဖဲကြိုးဖြင့်အုပ်၍ စည်းနှောင်ထားလိုက်သည်။
" ဘာလုပ်မလို့လဲ ငါ့ဝိညာဉ်အသိစိတ်ကို လေ့ကျင့်ဖို့ မလိုဘူးလေ..."
ရှန်းလျိုရှန့်၏ အမြင်အာရုံတစ်ခုလုံး အမှောင်ထု ဖုံးလွှမ်းသွားသည်။ သူ ဖဲကြိုးကို ပြန်ချွတ်လိုသော်လည်း ဆန့်ထုတ်လိုက်သည့်လက်က ဖမ်းချုပ်ခံလိုက်ရသည်။
" ရှစ်စွမ်း မလှုပ်နဲ့ဦး..."
ကျိုးရွှမ်လန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
အိပ်ရာပေါ်တွင် ထိုင်နေသည့်လူငယ်လေးက အနက်ရောင်အတွင်းဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်ကြီးကလည်း ခါးအထိ ဖြာကျနေကာ ဇာမဏီမျက်ဝန်းတစ်စုံကို ဖဲကြိုးအနက်ဖြင့် စည်းနှောင်ထားသည်။ သူ၏ ဖြူဖွေးသောမျက်နှာလေးက သာမန်အချိန်ကဲ့သို့ လှပနေရမည့်အစား အေးစက်မြင့်မြတ်သည့် အော်ရာတစ်မျိုးကို ထုတ်လွှတ်နေသည်ဟု ထင်ရပေသည်။
ဤတစ်ခဏတွင်းချင်းမှာပင် ကျိုးရွှမ်လန်က ဝါးရုံတောထဲတွင် ဤသို့သောမြင်ကွင်းကို တွေ့ခဲ့ရသည့် ကောင်လေးတစ်ယောက်သဖွယ်ဖြစ်သွားပုံပေါ်သည်။ သူ့ လည်စေ့က အနည်းငယ်လှုပ်ရှားသွားပြီး ရင်ခုန်သံမြန်ဆန်လာသည်။
သို့ရာတွင် ကွာခြားချက်တစ်ခုမှာ ယခင်အချိန်က လူငယ်လေးက သူ့ရှစ်စွမ်းကို ကောင်းကင်ပေါ်မှ တောက်ပနေသည့်လမင်းကြီးသဖွယ် ကြည့်နေခဲ့ခြင်းဖြစ်သည်။ သူက ထိုလမင်းကြီးကို မပိုင်ဆိုင်နိုင်ခဲ့သောကြောင့် သူ့အတွေးများကို ဖုံးကွယ်ထားခဲ့ရခြင်းဖြစ်သည်။
သို့သော် ယခုချိန်တွင်မူ လမင်းကြီးကို သူ့ရင်ခွင်ထဲတွင်ထည့်ပြီး စိတ်ကြိုက်အရသာခံ နေနိုင်ပြီဖြစ်သည်။