Chapter 164
ရှုရှင်းချန်နေထိုင်သည့် နန်းဆောင်ထဲတွင် ညနက်နေချိန်၌ မီးအိမ်များမထွန်းညှိထားသော်လည်း လရောင်က ပြတင်းပေါက်မှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ ဖြာကျနေ၍ အနည်းငယ်အေးစက်သည့် ခံစားချက်မျိုး ပေးနေသည်။
ထောင့်တစ်နေရာမှ အမွှေးတိုင်က လက်တစ်ဆုပ်စာခန့် မီးခိုးလေးများ တိတ်ဆိတ်စွာထွက်နေ၍ စိတ်ကြည်လင်ဖွယ်ရနံ့တစ်မျိုးက လေထဲတွင်ပျံ့နှံ့နေသည်။ သာမန်လူများက ထိုအနံ့ကို တစ်ချက်ရှုရှိုက်မိရုံဖြင့် မူးဝေသွားနိုင်ပေသည်။
သို့သော် ရှုရှင်းချန်က မည်သို့မှ ခံစားမနေရရပေ။
သူ၏ အရောင်တလက်လက်တောက်နေသည့် သရဖူကို ချွတ်လိုက်ပြီးသည့်နောက် ဆံပင်ရှည်များကိုပါ ဖြည်ချလိုက်သည်။ သူ ကြမ်းပြင်ပေါ် တစ်ယောက်တည်းထိုင်ကာ ဝိုင်သောက်နေပေသည်။ အကာအကွယ်ထဲတွင် လှုပ်ရှားမှုတစ်ခုဖြစ်ပေါ်သွားသည်ကို သတိပြုမိသည့်အခါ နှုတ်ခမ်းများတွန့်ကွေးလျက် ဝိုင်ကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။
ရှန်းလျိုရှန့်က ငါ့ကို အရမ်းကြောက်သွားလို့ ထွက်ပြေးတော့မယ်ထင်တယ်...
ရှင်းလျန်လည်း ငါ့နားက ထွက်သွားမှာပဲ...
သူတို့အားလုံး ငါ့နားက ထွက်သွားနေကြတယ်...
ရှုရှင်းချန် တိတ်တဆိတ် တွေးတောနေမိသည်။
ဒါ ဘာသဘောလဲ... ငါတို့က မိသားစုတွေ မဟုတ်ဘူးလား... ဘာကိစ္စ အေးစက်တဲ့ နန်းတွင်းထဲမှာ ငါတစ်ယောက်တည်းကို ထားခဲ့တာလဲ...
သူက ခမည်းတော်ကဲ့သို့ ထူးချွန်သူမဟုတ်၍ ထိုသို့အထီးကျန်ခြင်းကို မတောင့်ခံနိုင်ပေ။
သို့ရာတွင် ၎င်းကိုတောင့်ခံရန် အခြားနည်းလမ်းလည်း မရှိပေ။
ရှင်းလျန် မနိုးထလာမီက သူ တစ်နှစ်တာလုံး တစ်ယောက်တည်း အထီးကျန်စွာဖြင့် တောင့်ခံခဲ့သည်။ နေ့အချိန်တွင်မူ သူက လူများစွာ၏ရှေ့တွင် ဟန်ဆောင်မျက်နှာဖုံးဖြင့် နေထိုင်ခဲ့ပြီး အရာအားလုံးကို အပြစ်အနာအဆာမရှိဘဲ ပြီးပြည့်စုံစွာ လုပ်ဆောင်ရသည်။ ညအချိန်ရောက်မှသာ အနားယူနိုင်ပြီး ရှင်းလျန်၏ဘေးတွင်နေကာ သူမ နိုးထလာမည့်အချိန်ကို စောင့်ဆိုင်းနေရသည်။
ရှင်းလျန် သတိရလာသည်နှင့် အရာအားလုံး ပိုမိုကောင်းမွန်လာမည်ဟု တွေးခဲ့သော်လည်း သူ မျှော်လင့်ထားသည့်အရာက ဖြစ်မလာခဲ့ပေ။
ရှင်းလျန်က သူ့ညီမငယ်လေးဖြစ်၍ သူ၏အားပျော့သောဘက်ခြမ်းကို သူမရှေ့တွင် မပြသနိုင်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူက သူမအတွက် ကျောထောက်နောက်ခံဖြစ်လာပြီး သူမကို ပူပင်ကြောင့်ကြကင်းမဲ့သည့်ဘဝ၌ နေထိုင်ခိုင်းရမည်ဖြစ်သည်။
သို့ရာတွင် ရှုရှင်းလျန်၏ ကျင့်ကြံဆင့်က သူနှင့်မိုင်ပေါင်းထောင်ချီဝေးကွာနေသည်။ သူ၏ ကောင်းကင်ဘုံအတိဒုက္ခရောက်ရှိလာပြီး ထွက်သွားခဲ့ပါက ဤပင်မနယ်မြေတွင် ရှင်းလျန်တစ်ယောက်တည်း ကျားသစ်များ ခွေးအများဝန်းရံလျက် နေခဲ့ရမည်ဖြစ်သည်။
သို့ဖြစ်၍ ရှုရှင်းလျန်ကို အပြင်းအထန်လေ့ကျင့်ခိုင်းပြီး သူမကျင့်ကြံဆင့်တိုးလာအောင် ဖိအားပေး ခိုင်းစေခဲ့သည်။
သို့ရာတွင် ရှင်းလျန်က မပျော်မရွှင်ဖြစ်နေပြီး သူမကို ဖိအားမပေးရန် ထပ်ခါထပ်ခါ တောင်းဆိုခဲ့သည်။ သူ၏လျစ်လျူရှု့ခံရသည့်အခါ သူမက သူ့ကိုတဖြည်းဖြည်းဖယ်ကြဉ်လာတော့၏။ သူမ လုချင်းယွင်နှင့် သီးသန့်တွေ့ဆုံနေသည်ကို မိသွားစဉ်အခါက ရှုရှင်းချန်၏မျက်ဝန်းထဲတွင် ကလေးဘဝတည်းက ရှိနေခဲ့သော အကြောက်တရားတစ်မျိုး ပေါ်လာခဲ့သည်။
ထိုလူကို အဘယ့်ကြောင့် ကြောက်ရွံ့နေမိသည်ကို ရှုရှင်းချန်ကိုယ်တ်ိုင်လည်း နားမလည်ပေ။
သူ(ရှုရှင်းချန်)က ဤလောကတွင် ရှုရှင်းလျန်ကို အချစ်ဆုံးလူတစ်ယောက်ဖြစ်သည်မှာ သိသာလှပေသည်။
ထို့အပြင် ကျိုးရွှမ်လန်တစ်ယောက်တည်းကိုသာစိတ်ထဲရှိသော သူ့အစ်ကိုဆိုး ရှန်းလျိုရှန့်...
သူကိုယ်တိုင်ကလည်း ရှုရှင်းချန်အတွက် မည်သို့သောအခါမှ မတွေးပေးချေ။
ငါ သူ့ကိုရှာဖို့ ဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့ရလဲ... သူ့ကိုရှာတွေ့တော့ ဘယ်လောက်တောင် ဝမ်းသာသွားခဲ့ရလဲ... ဒါတောင်မှ ကျိုးရွှမ်လန်ရောက်လာတာနဲ့ ချက်ချင်းသူ့နောက်က လိုက်သွားတယ်ပေါ့လေ... အရင်တုန်းက အကြိမ်ပေါင်းမရေမတွက်နိုင်အောင် အဲ့ကောင်နောက် လိုက်သွားခဲ့သလိုမျိုး...
သူနှင့် ရှုရှင်းလျန်တို့က အတူတူသာဖြစ်ပြီး သူတို့နှလုံးသားထဲမှ အရေးကြီးဆုံးလူက ရှုရှင်းချန် မဟုတ်ခဲ့ပေ။
သူဆိုသည့် ရှုရှင်းချန်က အမြဲတမ်း ကျန်ရစ်နေခဲ့ရသူဖြစ်သည်။
ရှုရှင်းချန်၏စိတ်ထဲတွင် အတောမသတ်နိုင်သည့် အမုန်းတရားများကို ရုတ်ချည်းခံစားလိုက်ရပြီး ကုန်သွားသည့်ဝိုင်ပုလင်းကို လွှင့်ပစ်လိုက်သည်။ သို့ရာတွင် ပုလင်းကွဲသွားသည့်အသံအစား အထိတ်တလန့်ဖြစ်သွားသည့် အသံတစ်သံကို ကြားလိုက်ရသည်။
" ဟေး..."
ဒီအသံကို ရင်းနှီးနေသလိုပဲ...
ရှုရှင်းချန် အံ့အားသင့်သွား၍ ခေါင်းမော့ကြည့်လိုက်သည်။
အနီရောင်ဝတ်ရုံနှင့် လူငယ်လေးက ဝိုင်ပုလင်းကိုကိုင်ထားပြီး လှုပ်ကြည့်နေသည်။ ထို့နောက် မျက်ခုံးပင့်လိုက်ပြီး ပြုံးစစအမူအရာမျိုးဖြစ်လာကာ မေးလိုက်သည်။
" ဘယ်သူ့ကို စိတ်တွေဆိုးနေတာလဲ..."
ရှုရှင်းချန် မျက်လုံးအပြူးသားဖြစ်သွားသည်။
" ဘာလို့ ထွက်မသွားသေးတာလဲ..."
ရှန်းလျိုရှန့်က အခန်းထဲမှ အနံ့ကို ရှုကြည့်လိုက်သည်။ နှစ်ကြိမ်လောက်ရှုကြည့်လိုက်ရုံဖြင့်ပင် စိတ်ရှုပ်ထွေးသွားရသည်။ သူက ထိုအမွှေးတိုင်ကိုငြှိမ်းလိုက်ပြီးမှ ရှုရှင်းချန် ၏ရှေ့တွင် ထိုင်လိုက်သည်။
" မင်းဘာလို့ ဒီလောက်အနံ့ပြင်းတဲ့ အမွှေးတိုင်ကြီး ထွန်းထားရတာလဲ... ကိုယ့်ကိုကိုယ် အသက်ရှုကြပ်သေအောင် လုပ်နေတာလား..."
ရှုရှင်းချန် ပါးစပ်ဟလာသည်။
" အဲလိုမှမဟုတ်ရင် ကျွန်တော်အိပ်မပျော်ဘူး..."
ရှန်းလျိုရှန့် ငြိမ်သက်သွားပြီး ညာဘက်လက်မြှောက်၍ သူ့ဆံပင်ကိုဆွဲဖွပေးလိုက်သည်။
" မင်း ဒီအမွှေးတိုင်ကို မလိုတော့ပါဘူး..."
ရှုရှင်းချန် နေရခက်စွာဖြင့် ခေါင်းကိုတစ်ဖက်လှည့်ပြီး ရှန်းလျိုရှန့်ကို ထိခွင့်မပြုပေ။
" အဲလိုလုပ်ပေးစရာ မလိုပါဘူး ဘာပဲဖြစ်ဖြစ် အိပ်လို့မရတာက မရတာပဲ..."
ရှန်းလျိုရှန့်က သူ၏ရှုပ်ပွနေသောဆံပင်ကိုကြည့်ပြီး ပြုံးလိုက်သည်။
" ရပါတယ် မင်း အိပ်ပျော်အောင်လို့ ငါ အာ့ဟူတီးပေးမယ်လေ..."
ရှုရှင်းချန် : "..."
ခဏအကြာတွင်မှ ရှုရှင်းချန် အသိစိတ်ပြန်ကပ်သွားသည်။
" ဘယ်နေရာမှာ အာ့ဟူတီးမလို့လဲ နန်းတွင်းထဲမှာလား... ခင်ဗျား ထွက်မသွားသေးဘူးလား..."
ရှန်းလျိုရှန့်က မျက်တောင်တစ်ချက်ခတ်လိုက်သည်။
" ကြယ်တာရာဧကရာဇ်က ထွက်မသွားခိုင်းမှတော့ ကျွန်တော်မျိုး မသွားရဲပါဘူး..."
[ ကြယ်တာရာဧကရာဇ်ဆိုတာ ရှုရှင်းချန်ရဲ့ တခြားဘွဲ့တစ်ခုပါ ]
ရှုရှင်းချန် အံ့အားသင့်သွားမိသည်။ ရှန်းလျိုရှန့်က သူ့ကိုကျီစယ်နေကြောင်းသိသော်လည်း သူ့ပါးပြင်များပူနွေးပြီး အနည်းငယ်နီရဲလာသည်။
" ကျွန်တော့်ကို လိမ်မနေနဲ့တော့... ကျိုးရွှမ်လန်ဘယ်မှာလဲ... တကယ်လို့ အဲဒီမျိုးမစစ်ကောင် ဒီမှာ မရှိဘူးဆိုရင် ခင်ဗျားအကာအကွယ်ထဲက ဘယ်လိုထွက်လာနိုင်မှာလဲ..."
ရှန်းလျိုရှန့်က သူ့ဘယ်ဘက်လက်ကောက်ဝတ်ကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ချောင်းဟန့်လိုက်သည်။
" ငါ သူ့ကို ပြန်လွှတ်လိုက်တာ..."
ရှုရှင်းချန် က သူ့ကိုသင်္ကာမကင်းစွာဖြင့်ကြည့်နေပြီး ကျိုးရွှမ်လန်က ဤမျှလွယ်လွယ် လက်လျှော့သွားမည်မဟုတ်သကဲ့သို့ ရှန်းလျိုရှန့်ကလည်း နေခဲ့မည်မဟုတ်ကြောင်း ယုံကြည်နေသည်။
သူ့အကြည့်အောက်တွင် ရှန်းလျိုရှန့်က ဘယ်ဘက်မျက်ခုံးကိုပင့်ပြီး ပြောလာသည်။
" ကောင်းပြီလေ ဒါဆို အဓိကကိစ္စပဲ ပြောကြတာပေါ့..."
" လုချင်းယွင်အကြောင်းမလား... ဒါဆိုရင်တော့ ဘာမှပြောစရာမလိုဘူး..."
ရှုရှင်းချန် ၏လေသံက အေးစက်ခက်ထန်နေသည်မှာ မန်ဒရင်းဘဲတစ်ကောင်ကို တုတ်ဖြင့်ရိုက်နေသည့် ညှာတာမှုကင်းမဲ့သူတစ်ယောက်နှင့် တူနေသည်။
ရှန်းလျိုရှန့် အံ့အားသင့်သွားသည်။
" မင်း အရမ်းဉာဏ်ကောင်းလာတာပဲ..."
ရှုရှင်းချန် နှာမှုတ်လိုက်သည်။
ငါက အရင်တည်းက ဉာဏ်ကောင်းတာပါ သူပြောတော့မယ့်ကိစ္စကို မမှန်းနိုင်ဘဲ နေမယ်တဲ့လား...
" လုချင်းယွင်ဆိုတဲ့ သာမန်ကျင့်ကြံသူတစ်ယောက်က ရှင်းလျန်ကို ခေါ်သွားချင်နေတယ်လေ... ဒါ သက်သက် စိတ်ကူးယဉ်နေတာပဲ..."
ရှန်းလျိုရှန့် : " အဲတော့ မင်းက လူဆိုးဟန်ဆောင်ပြီး လူရှေ့သူရှေ့မှာတော့ သူ့ကို နှိပ်စပ်သလိုလို ဘာလိုလိုနဲ့ သူ့ကျင့်ကြံဆင့်တွေ အမြန်တိုးတက်လာအောင် လမ်းပြပေးနေတယ်ပေါ့လေ..."
ရှုရှင်းချန် ထိုစကားများကိုကြားသည့်အခါ အမြီးတက်နင်းခံရသည့် ကြောင်တစ်ကောင်သဖွယ် ခံစားလိုက်ရသည်။
" ကျွန်တော် သူ့ကို လမ်းမပြပါဘူး... ဒီတိုင်း စွမ်းအားကြီးတဲ့မန္တန်တွေကို ပေးရုံ..."
စကားပြောနေစဉ်မှာပင် ရှုရှင်းချန် အသိစိတ်ပြန်ကပ်လာပြီး ရှန်းလျိုရှန့်ကလည်း အားပါးတရရယ်နေသည်ကိုမြင်၍ သူ့မျက်နှာက ပြာတစ်လှည့် နီတစ်လှည့်ဖြစ်လာပြီး ပါးစပ်ကိုအမြန်အုပ်ထားလိုက်သည်။
ရှန်းလျိုရှန့်က ရယ်၍ဝသည့်အခါမှ ဆက်ပြောလာသည်။
" မင်းက လုချင်းယွင်ကို ရှင်းလျန်ဘေးက ထွက်သွားခိုင်းတယ်... ဒါပေမဲ့ သူက ငြင်းတော့ သူ့ကိုသေလုမျောပါးဖြစ်အောင် ရိုက်နှက်လိုက်တယ်ပေါ့လေ... ရှင်းလျန်က သေကြောင်းကြံမယ်လို့ ခြိမ်းခြောက်မှ ရပ်သွားတာပေါ့..."
ရှုရှင်းချန်က အေးတိအေးစက်ဖြင့် ပြုံးလိုက်သည်။
" ဟုတ်တယ်..."
ရှန်းလျိုရှန့်က မေးစေ့ကိုပွတ်ပြီး စဉ်းစားနေသည်။
" တကယ်တော့ လုချင်းယွင်က ရှင်းလျန်ကို ဘယ်လောက်ချစ်တယ်ဆိုတာကို မင်းက စမ်းသပ်ချင်နေတာပဲ... တစ်ဖက်လူက ရှင်းလျန်ဘေးကနေ ထွက်သွားရမယ့်အစား အသေခံလိုက်မယ်ဆိုတာသိတော့မှ မင်း ဒါမျိုးလုပ်နေတာတွေ ရပ်လိုက်တာ..."
ရှုရှင်းချန် စိတ်တိုလာသည်။
" မဟုတ်ဘူး..."
ရှန်းလျိုရှန့် : " မင်းက ခြောက်လတစ်ခါ ဂူပိတ်ကျင့်ကြံတယ်ဆို... ရှင်းလျန်က အဲအချိန်ကို အခွင့်အရေးယူပြီး ကျင့်ကြံရေးလောကမှာရှိတဲ့ လုချင်းယွင်ကို သွားတွေ့နေကျတဲ့... မင်း တမင် လမ်းဖွင့်ပေးတာမလား..."
ရှုရှင်းချန်၏စိတ်ထဲ မသက်မသာဖြစ်လာသည်။
" အဲလိုမလုပ်ပေးပါဘူး..."
ရှန်းလျိုရှန့် : " လုချင်းယွင်က အရည်အချင်းရှိပြီးတော့ ရှင်းလျန်ကို ဂရုစိုက်ပေးနိုင်တယ်ထင်လို့ ရှင်းလျန်ကို နန်းတွင်းကနေ ထွက်သွားခွင့်ပြုတာ ဟုတ်တယ်မလား..."
ရှန်းလျိုရှန့် ပေါက်ကွဲထွက်လာတော့သည်။
" မဟုတ်တာတွေ လျှောက်မပြောနဲ့..."
သုံးကြိမ်ဆက်တိုက် အငြင်းခံရပြီးသည့်နောက်တွင် ရှန်းလျိုရှန့် ခေါင်းခါ၍ အလေးအနက်ပြောလာသည်။
" မင်း ဒီအကြောင်းတွေ ရှင်းလျန်ကို ပြောပြသင့်တယ်..."
ရှုရှင်းချန် က ချက်ချင်းပြောလိုက်သည်။
" သူ့ကို ပြောပြလိုက်ရင် လုချင်းယွင်လည်း သိသွားမှာပေါ့..."
လုချင်းယွင်၏စွမ်းရည်က အလွန်မြင့်မားနေခြင်း မဟုတ်ပေ။ အကယ်၍ သူ့ကို အသည်းအသန်ကြိုးစားအောင် မလှုံ့ဆော်ပါက သူ ကောင်းကင်ဘုံသို့တက်ပြီး ထွက်သွားနိုင်သည့်နေ့အထိ ရှင်းလျန်ကို ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။
အမုန်းတရားနှင့် အညှိုးအတေးဟူသည်က လူတစ်ယောက် ရင့်ကျက်လာစေရန် အမြန်ဆုံးနည်းလမ်းတစ်ခုဖြစ်ပြီး သူကိုယ်တိုင်ကလည်း ထိုအရာကို ထိထိရောက်ရောက် သဘောပေါက်ထားသည်။
ရှန်းလျိုရှန့်က မျက်တောင်ခတ်လိုက်သည်။
" ဟေး ဝန်ခံလိုက်စမ်းပါ..."
ရှုရှင်းချန် ၏မျက်နှာကြီးက မည်းမှောင်သွားပြီး ခဏအကြာတွင် ဝတ်ရုံလက်ကိုခါ၍ ပြောလိုက်သည်။
" ခင်ဗျားက ခုချိန်ထိ စိတ်ရှုပ်စရာကောင်းတုန်းပဲ..."
ရှန်းလျိုရှန့်က ကျယ်လောင်စွာပြောလိုက်သည်။
" မင်း ငါ့ကိုမုန်းလား..."
ရှုရှင်းချန် : " မုန်းတယ်... ရပြီလား..."
ရှန်းလျိုရှန့် ကျစ်ခနဲအသံပြုလိုက်ပြီး မှတ်ဉာဏ်များ မေ့ပျောက်သွားဟန်ဖြင့် ခေါင်းကိုစောင်းလိုက်သည်။
" ဒါပေမဲ့ လူတစ်ယောက်ပြောထားတာကို ငါမှတ်မိသေးတယ် အနာဂတ်မှာ ငါ့ကိုဘယ်သူမှ မကြိုက်ဘဲ အားလုံးက စုပိုင်ချယ့်ကိုပဲ သဘောကျနေမယ်ဆိုရင် အဲဒီလူတစ်ယောက်ကတော့ ငါ့ကိုသဘောကျနေပေးမယ်တဲ့..."
ရှုရှင်းချန် ရှက်သွားသောကြောင့် ရှန်းလျိုရှန့်၏ဘယ်လက်ကို ဖမ်းကိုင်လိုက်သော်လည်း အမြန်ရှောင်လိုက်ပေသည်။ သို့ဖြစ်၍ ရှန်းလျိုရှန့်၏လက်မောင်းမှဆွဲ၍ သူ့ကိုတံခါးနားသို့ ခေါ်သွားသည်။
" ကျွန်တော် အနားယူတော့မှာ... ဘာကိုမှ ပူမနေဘဲ ရွှမ်ယောင်နန်းတော်ကိုပဲ ပြန်ပါတော့..."
ရှန်းလျိုရှန့် : " ငါပြောထားတယ်လေ ဧကရာဇ်ရှင်းချန်က မလုပ်နဲ့ပြောရင် မလုပ်ရဲပါဘူးဆို..."
ရှုရှင်းချန် " သွားလို့ရတယ် သွားတော့ သွားတော့..."
ရှန်းလျိုရှန့် အားပါးတရရယ်မောလိုက်ပြီး ရှုရှင်းချန် ၏ အလွန်အမင်းဒေါသထွက်နေသည့် မျက်နှာကြီးကိုကြည့်ကာ သူ့ဆံပင်များကို ဆွဲဖွပေးလိုက်သည်။
" ကောင်းကောင်းအနားယူပါ... အဲဒီအမွှေးတိုင်တွေ ထပ်မထွန်းနဲ့တော့... အိပ်လို့မရဘူးဆိုရင် အပြင်ထွက်လာပြီး ငါနဲ့စကားပြော ငါမင်းကို အပြင်ကနေ စောင့်ကြည့်နေမယ်..."
ရှုရှင်းချန်၏ နှုတ်ခမ်းများ တုန်ယင်လာသည်။
" ကျွန်တော်က ကလေးမှမဟုတ်တော့တာ အဲလို နှစ်သိမ့်ပေးစရာလူ မလိုပါဘူး..."
ရှန်းလျိုရှန့် : " ဒါပေမဲ့ မင်းက ငါ့ထက်ငယ်တယ်တယ်လေ... ငါက မင်းအစ်ကိုကြီး..."
ရှုရှင်းချန် က လက်ဖျားများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး တံခါးပိတ်လိုက်သည်။
ရှန်းလျိုရှန့် မျက်လွှာချလိုက်ပြီး ဘေးနားတိုးသွားကာ တင်ပျဉ်ခွေထိုင်နေလိုက်သည်။
နဂါးနက်လေးတစ်ကောင်က အင်္ကျီစနားမှ ရုတ်တရက်ထွက်လာသည်။ သူ့ခေါင်းပေါ်မှ ဦးချိုက အပိုင်းအစအနည်းငယ်က ပျောက်ဆုံးနေဆဲဖြစ်သော်လည်း ကျန်သည့်နေရာများက အကောင်းပကတိဖြစ်သည်။
နဂါးနက်လေးက ခေါင်းစောင်းပြီး သူ့ကိုအနက်ရောင်မျက်လုံးများဖြင့် ကြည့်နေသည်။
ရှန်းလျိုရှန့် နူးညံ့စွာ ပြုံးလိုက်မိသည်။
" မင်းက ဒီလိုကျတော့လည်း ချစ်စရာလေးပဲ..."
ကျိုးရွှမ်လန်၏ မျက်နှာက မည်းနက်သွားပြီး စူပုတ်ပုတ်ဖြင့် ရှန်းလျိုရှန့်၏ ဘယ်ဘက်လက်ကောက်ဝတ်ကို ရစ်ပတ်လိုက်ကာ ရှုရှင်းချန်ကို စိတ်ထဲမှကြိတ်၍ အပြစ်တင်နေမိသည်။
*****
လေပွေတစ်ချက်က ပြတင်းပေါက်ကို တိုက်ခတ်လာ၍ "ဘန်း" ခနဲ အသံမြည်သွားသည်။
ရှုရှင်းချန် မျက်လုံးပွင့်လာချိန်၌ ညသန်းခေါင်အချိန်သို့ ရောက်နေပြီဖြစ်သည်။ သူ ထထိုင်ပြီး ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည်။ နှစ်ပေါင်းများစွာအတွင်းတွင် ပထမဆုံးအနေဖြင့် အမွှေးတိုင်မထွန်းဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားဖူးခြင်းဖြစ်သည်။ သူ ကိစ္စတစ်ခုခုအကြောင်း တွေးတောနေစဉ်မှာပင် အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။
ရှန်းလျိုရှန့် အခန်းပြင်ဘက်တွင် စောင့်ပေးနေသည်ကို သတိရသွားသောအခါ ရှုရှင်းချန်က ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဝိညာဉ်အသိစိတ်ကို အပြင်ဘက်သို့ အနည်းငယ်ဖြန့်ကျက်လိုက်သည်။ စင်္ကြန်လမ်းကိုရောက်သည့်အခါ အနီရောင်ဝတ်ရုံဝတ်ထားသူက ခေါင်းစောင်းငဲ့၍ ကြက်ကလေးအစာကောက်သည့်သဖွယ် အိပ်ငိုက်နေသည်ကို တွေ့လိုက်ရသည်။
ရှုရှင်းချန်၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီး မတ်တပ်ထရပ်ကာ ရှန်းလျိုရှန့်ကို သူ့အခန်းသို့ပြန်ရန် ပြောတော့မည့်အချိန်၌ ရှန်းလျိုရှန့်၏လက်ဖဝါးပေါ်တွင်လှဲနေသည့် အနက်ရောင်နဂါးလေးကို မြင်လိုက်သည်။
ရှုရှင်းချန်၏မျက်နှာက ချက်ချင်းအေးစက်သွားပြီး အံကြိတ်ထားလိုက်မိသည်။
ဤသို့ဖြစ်မည်ကိုသိ၍ ရှန်းလျိုရှန့်ကို အပြင်ဘက်တွင် တစ်ညလုံး နေခိုင်းခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျိုးရွှမ်လန်က သူ့ကိုနွေးနွေးထွေးထွေးထားမည်ဖြစ်သည်။
ဝိညာဉ်အသိစိတ်ကို အာရုံခံမိသော ကျိုးရွှမ်လန်က ခေါင်းမော့ကြည့်လာပြီး ဟန်ဆောင်မနေတော့ဘဲ လူသားအသွင်ပြောင်းကာ ရှန်းလျိုရှန့်ကို ပွေ့ချီလိုက်သည်။
၎င်းကိုမြင်သည့်အခါ ရှုရှင်းချန်က သည်းမခံနိုင်တော့ဘဲ တံခါးဆွဲဖွင့်လိုက်သည်။
အနက်ရောင်ဝတ်ရုံလူနှင့် ထိုလူ၏ရင်ခွင်ထဲ ပွေ့ချီခံထားရသော ရှန်းလျိုရှန့်ကို တစ်လှည့်စီကြည့်လိုက်သည်။ သူ့မျက်နှာထက်တွင် မကျေမချမ်းဖြစ်နေမှုက သိသာထင်ရှားလှပေသည်။ ခဏအကြာတွင် ကိစ္စတစ်ခုကို စဉ်းစားမိပြီး အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။
" မင် အရမ်းဒေါသထွက်ပြီးတော့ ငါ့အစ်ကိုတော်ကို ပြန်ခေါ်သွားမလို့မလား... ဒါပေမဲ့ အစ်ကိုတော်က ငါ့ကိုရွေးချယ်လိုက်မယ်လို့ မထင်ထားမိဘူး..."
ကျိုးရွှမ်လန် ဤနေရာတွင် ပေါ်လာသည်နှင့် သူက ရှန်းလျိုရှန့်ကိုလာရှာခြင်းဖြစ်ကြောင်း ရှုရှင်းချန် သိလိုက်သည်။ သူ့အစ်ကိုတော်ကလည်း ယခင်ကကဲ့သို့ ကျိုးရွှမ်လန်နှင့်အတူတူ ထွက်ပြေးသွားမည်ဟုသာ ထင်ထားခဲ့မိပေသည်။
ထိုသို့သောအဆုံးသတ်ကို မျှော်လင့်ထားပြီးဖြစ်သော်လည်း သူ့စိတ်ထဲတွင် ဝမ်းမနည်းဘဲ မနေနိုင်ခဲ့ပေ။
သို့ရာတွင် ရှန်းလျိုရှန့်က ထွက်မပြေးသွားခဲ့ဘဲ သူ့ထံသို့ရောက်လာသည့်အခါ ရှုရှင်းချန်၏ရင်ထဲတွင် အလွန်ပျော်ရွှင်သွားခဲ့ရသည်။ သူက သကြားလုံးစားရသော ကလေးတစ်ယောက်သဖွယ် ဖြစ်သွားခဲ့ပြီး အခြားကလေးများကိုလည်း မနာလိုဖြစ်နေစရာ မလိုတော့ပေ။
ရှုရှင်းချန်၏ အမြင်တွင်မူ ကျိုးရွှမ်လန်က 'အခြားကလေး' ဖြစ်သည်။ ရှန်းလျိုရှန့်က နောက်ဆုံးတွင် သူ့ကိုရွေးချယ်ခဲ့သော်လည်း ရှုရှင်းချန်က တစ်ဖက်လူကို ရန်စပြီး အတိတ်ကကိစ္စများနှင့်ပတ်သက်ပြီး လက်စားချေလိုက်သည်။
ကြည့်ပါလား... ငါက မင်းထင်ပိုပြီး အရေးပါတယ်...
" ငါ့ကို မင်းလို ငတုံးလို့များ ထင်နေတာလား..."
ကျိုးရွှမ်လန်က အထင်အမြင်သေးစွာဖြင့် နှုတ်ခမ်းများ တွန့်ကွေးလိုက်သည်။
ရှစ်စွမ်းက သူနှင့်အတူတူ ထွက်မသွားဘဲ သူ့ကိုတစ်ယောက်တည်း သွားခိုင်းရသည့်အကြောင်းအရင်းကို သူ လုံးဝ နားလည်နိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ရှုရှင်းချန်က သူ၏ ဆွေမျိုးဖြစ်နေသောကြောင့်ပင်။
ဆွေးမျိုးဆိုပေမယ့်...
ရှစ်စွမ်းက သူတို့ကို အရမ်းဂရုစိုက်လွန်းတာပဲ...
ကျိုးရွှမ်လန် မျက်လွှာချထားလိုက်မိပြီးနောက် ခါးသွယ်သွယ်လေးကို တင်းကြပ်စွာဖက်ထားလိုက်မိသည်။
ရှန်းလျိုရှန့် အိပ်ချင်မူးတူးဖြင့် မျက်လုံးပွင့်လာချိန်တွင် ချွန်ထက်သည့်မေးရိုးကိုမြင်လိုက်၍ ရေရွတ်လိုက်သည်။
" မြန်မြန်ပုန်းနေ... ရှင်းချန် မင်းကိုတွေ့သွားဦးမယ်..."
ထို့နောက် သူ့ခေါင်းဖြင့် ကျိုးရွှမ်လန်၏ပခုံးကိုပွတ်ကာ သက်တောင့်သက်သာဖြစ်မည့်နေရာကိုရှာဖွေပြီး မျက်လုံးများမှိတ်၍ အိပ်ပျော်သွားတော့သည်။
ရှုရှင်းချန်၏ မျက်ခုံးများ ပြေလျော့သွားပြီး အကြည့်များက နူးညံ့သွားသည်။ ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကို ပုန်းနေခိုင်းခြင်းမှာ ရှုရှင်းချန် သူ့ကိုတွေ့ပါက မပျော်မရွှင်ဖြစ်မည်စိုးသောကြောင့်ဖြစ်သည်။
ရှုရှင်းချန်က လက်နောက်ပစ်ထားလိုက်ပြီး စိတ်ထဲတွင် လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
" အစ်ကိုတော်က အိပ်ပျော်နေတုန်းမှာတောင် ငါ့အကြောင်း အမြဲတွေးနေတာပဲ..."
ကျိုးရွှမ်လန်က ရှုရှင်းချန်၏ အလွန်အမင်း ဂုဏ်ယူဝံ့ကြွားနေသည့်ပုံစံကိုကြည့်နေမိသည်။ သူ့ထံတွင် တောင်ပံရှိနေပါက ကောင်းကင်ပေါ်ရောက်သည်အထိ ပျံသန်းသွားလောက်ပြီဖြစ်သည်။
ယခင်ဘဝတွင် သူနှိမ်နင်းခဲ့သော ဧကရာဇ်ရှင်းချန်နှင့်ယှဉ်ပါက ယခု သူ့မျက်စိရှေ့မှ ရှုရှင်းချန်က ပို၍ အမြင်ကတ်စရာကောင်းနေပေသည်။ ၎င်းက ရှစ်စွမ်း၏ ဦးစားပေးမှုအပေါ် မူတည်နေသည်။ သူ့ညီတော်စိတ်ဆိုးမည်စိုး၍ ကျိုးရွှမ်လန်ကို ပုန်းနေခိုင်းပြီး သူနှင့်အတူ မထွက်သွားခြင်းဖြစ်သည်။