Chapter 165
ကျိုးရွှမ်လန်က ဒေါသကိုထိန်းထားပြီး ရှုရှင်းချန်က သူ့ရှစ်စွမ်း၏ ဆွေမျိုးဖြစ်၍ စွန့်ပယ်ထား၍မရဟုသာ စိတ်ထဲတွင် ထပ်ခါထပ်ခါပြောနေသည်။ ထို့အပြင် ရှုရှင်းချန်ကြောင့်သာ သူ့ရှစ်စွမ်းအတွက် ထိန်းသိမ်းထားခဲ့သော မှတ်ဉာဏ်များကို ပြန်လည်ရရှိလာခြင်းဖြစ်၍ ရှန်းလျိုရှန့်ကိုအတင်းအကြပ်ပြန်ခေါ်သွားမည့်အကြံဉာဏ်ကို လက်လျှော့ထားလိုက်ရသည်။
သို့ရာတွင် ထိုလူက သူ့စိတ်အကန့်အသတ်သို့ရောက်အောင် တွန်းပို့နေပြီး သူ့ရှေ့တွင် လာရောက်ကြွားဝါနေပေသည်။
ကျိုးရွှမ်လန်၏နှုတ်ခမ်းပါးများတွန့်ကွေးသွားပြီး အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
" ငါ့ဒုတိယယောက်ဖလေး ပျော်နေတာ တော်သေးတာပေါ့... ရှစ်စွမ်းက မင်းကို သူ့ညီမို့ ကောင်းကောင်းဆက်ဆံခိုင်းထားတော့ ငါကပဲ အလျှော့ပေးရမှာပေါ့လေ..."
ရှုရှင်းချန် မယုံကြည်နိုင်စွာဖြင့် မျက်လုံးအပြူးသားဖြစ်သွားပြီး အလွန်ဒေါသထွက်နေသော်လည်း ညလည်ခေါင်တွင် အော်ဟစ်လိုက်သည်။
" မင်း ဘယ်သူ့ကိုယောက်ဖလို့လာခေါ်နေတာလဲ ဘယ်သူက မင်းယောက်ဖလဲ... သူ့ကိုလွှတ်လိုက်စမ်း..."
ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကိုယ်ပေါ်တွင် အသံလုံမန္တန်ကြိုရွတ်ပေးထားခြင်းဖြစ်၍ နောက်သို့ ပြန်လှည့်မကြည့်ဘဲ ထွက်သွားလိုက်သည်။ ရှုရှင်းချန်က တံခါးဘောင်ကို လက်ဖြင့်ဘုန်းခနဲရိုက်လိုက်သည့်အခါ တံခါးက ကြမ်းပြင်ပေါ် လဲပြိုကျသွားသည်။
.....
ကောင်းကင်ကြီး ပြန်လည်လင်းထိန်လာချိန်တွင် ရှန်းလျိုရှန့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူနှင့်အလွန်နီးကပ်နေသော ချောမောသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ သူ ခဏတာကြောင်အသွားပြီးနောက် အသိစိတ်ပြန်ကပ်လာပေသည်။
ယမန်နေ့ညက သူ တစ်ညလုံးနိုးနေခဲ့ပြီး အာရုဏ်မတက်မီ တစ်နာရီခန့်အလိုတွင် ပင်ပန်းလာသောကြောင့် မျက်လုံးများမှေးစင်းလာသည်။ သူ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေချိန်၌ ကျိုးရွှမ်လန်က သူ့ကိုအခန်းထဲ ပွေ့ချီခေါ်လာခြင်းဖြစ်သည်။
ရှုရှင်းချန်တစ်ယောက် အမွှေးတိုင်တွေများ တိတ်တိတ်လေး ခိုးထွန်းထားလားမသိ ကောင်းကောင်းရော အိပ်ရရဲ့လား...
ရှန်းလျိုရှန့် မျက်လုံးများပွတ်လိုက်ပြီး နောက်မှ သွားကြည့်ရန် တွေးလိုက်သည်။ ယခုအချိန်တွင်မူ...
ဇာမဏီမျက်လုံးများကိုဖွင့်၍ မျက်တောင်ခတ်လိုက်ပြီး ယမန်နေ့ညက အကြောင်းများကို ပြန်စဉ်းစားနေလိုက်သည်။ ကျိုးရွှမ်လန်က အလွန်စကားများလွန်းသောကြောင့် နဂါးနက်လေးအဖြစ်ပုံစံပြောင်းပြီး သူ့လက်ကောက်ဝတ်တွင် ရစ်ပတ်ခိုင်းထားခဲ့မိပေသည်။
ရှန်းလျိုရှန့် သူ့ကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးသည့်နောက် လက်ချောင်းသွယ်သွယ်များဖြင့် ပါးပြင်မှတစ်ဆင့် နှုတ်ခမ်းပါးများကို တို့ထိကြည့်နေသည်။
ကျိုးရွှမ်လန်က လက်တစ်ဖက်ကို စောင်ထဲထည့်ထားပြီး စိတ်လှုပ်ရှားစွာဖြင့် လက်ဖျားများကိုပွတ်နေကာ နှုတ်ခမ်းများတွန့်ကွေး၍ ပြုံးလိုက်ပြီး တိတ်ဆိတ်စွာ စောင့်နေသည်။
အချိန်ကုန်သည်က အလွန်နှေးကွေးနေသည်ဟုထင်ရပြီး နောက်ဆုံး၌ ရှန်းလျိုရှန့်က သူ့နှုတ်ခမ်းနားသို့ ကပ်လာချိန်တွင် တံခါးက ဘန်းခနဲပွင့်လာသည်။
" အစ်ကိုတော်..."
ရှန်းလျိုရှန့်: "ဟင်..."
ကျိုးရွှမ်လန်: "..."
ရှုရှင်းချန်က ပြုံးရွှင်စွာဖြင့် တံခါးနားတွင်ရပ်နေပြီး အထဲသို့ ဝင်မလာပေ။ သူက တံခါးသာဖွင့်လိုက်ပြီး အပြင်ဘက်တွင် စောင့်နေသည်။
ရှန်းလျိုရှန့်က ဘယ်ဘက်လက်ကို နောက်ပစ်လျက် အခန်းထဲမှထွက်လာပြီး ချောင်းဟန့်လိုက်သည်။
" ဘာဖြစ်လို့လဲ..."
ရှုရှင်းချန်က သူ့ဘယ်ဘက်လက်ကိုတစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်သည်။
" မနက်ဖြန်ကျရင် ကျွန်တော်နဲ့ ရှင်းလျန်တို့နဲ့ မောင်နှမတစ်ဝမ်းကွဲတော်တဲ့ ရှုမိသားစုရဲ့သမီးက ကျင့်ကြံရေးလောကမှာ မင်္ဂလာပွဲ ကျင်းပမယ်တဲ့... ကျွန်တော်နဲ့ တူတူသွားကြမယ်လေ..."
ယန်မင်မြို့တွင်တွေ့ခဲ့သော ရှုဇီရွှယ်က ဖိုချုန့်ဆိုင်တွင် သုံးဘဝကျောက်တုံးလာဝယ်ခြင်းမှာ သူ့အစ်မအတွက် မင်္ဂလာလက်ဖွဲ့ပေးရန်ဖြစ်မည်ဟု ရှန်းလျိုရှန့် တွေးလိုက်မိသည်။
" ငါ ကျင့်ကြံရေးလောကကို သွားတော့သွားမှာပါ ဒါပေမဲ့ ရှုမိသားစုဆီတော့ မသွားချင်ဘူး..."
သူက ရှုမိသားစုကို မနှစ်သက်ပေ။ သူက ချင်းလင်ဂိုဏ်းသို့ ပြန်မည့်အချိန်မှသာ ကျင့်ကြံရေးလောကသို့ သွားလိုခြင်းဖြစ်သည်။ သူ့ရှစ်ရှုန်းက ဂူပိတ်ကျင့်ကြံနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး ယမန်နေ့ကမှ လှိုဏ်ဂူထဲက ထွက်လာသည်ဟု သူ ကြားထားပေသည်။
ရှုရှင်းချန်က အမူအရာပြောင်းလဲခြင်းမရှိဘဲ ပြောလိုက်သည်။
" အစ်ကိုတော် သွားရအောင်ပါ... လူတွေအများကြီးဆိုတော့ စည်ကားနေမှာ အသိမိတ်ဆွေတွေ အများကြီးနဲ့ တွေ့ရင်လည်းတွေ့မှာ..."
ရှန်းလျိုရှန့် တွန့်ဆုတ်နေစဉ်တွင် အမြီးသေးသေးလေးတစ်ချောင်းက သူ့ဝတ်ရုံလက်ထဲမှ ထွက်လာသည်။
သွားရအောင်...
ရှုမိသားစုက ယခုချိန်တွင် နာမည်ကျော်ကြားနေသည်။ ဤတစ်ကြိမ်တွင် သူတို့၏သမီးအကြီးဆုံး ရှုဇီလင်းက တာအိုလက်တွဲဖော် ရှာတွေ့သွားခြင်းဖြစ်သည်။ သို့ဖြစ်၍ ရှုမိသားစုက မင်္ဂလာပွဲကို သောင်းသောင်းဖြဖြ ခမ်းနားစွာ ကျင်းပမည်ဖြစ်သောကြောင့် လောကတစ်ခွင်မှ တာအိုမိတ်ဆွေများကို ဤပွဲသို့တက်ရောက်ရန် ဖိတ်ကြားထားခြင်းဖြစ်သည်။
မင်္ဂလာပွဲမတိုင်မီတွင် မရေမတွက်နိုင်သောလူများက လာရောက်ဂုဏ်ပြုကြ၍ ဧည့်ပရိသတ် အလွန်များပြားနေသည်။
ရှုမိသားစု၏ စီးပွားရေးကလည်း ကျယ်ပြန့်လွန်းလှသည်။ သူတို့က တစ်မြို့လုံးကိုငှားထားပြီး မင်္ဂလာပွဲသို့လာရောက်သည့် ဧည့်သည်များအတွက် တည်းခိုရန်စီစဉ်ပေးထားရုံသာမက အစားအသောက်နှင့် ဖျော်ဖြေရေးကိုပါ တာဝန်ယူထားသေးသည်။ ယခုအချိန်တွင် လူအားလုံးက ရှုမိသားစု၏ ချမ်းသာကြွယ်ဝမှုကို ချီးကျုးပြောဆိုနေကြသည်။
မင်္ဂလာရက် နီးလာသည်နှင့်အမျှ လောကတစ်ခွင်မှ ဧည့်သည်များက ယင်းရွှယ်မြို့မှ နာမည်ကြီးစားသောက်ဆိုင်တွင် စုဝေးလာကြကာ ပျော်ရွှင်စရာကောင်းသည့် မင်္ဂလာပွဲအကြောင်း ဆွေးနွေးပြောဆိုနေကြသည်။
လူတစ်ယောက်က ပြောလာသည်။
" ဒီလို ခမ်းနားတဲ့ မင်္ဂလာပွဲကို တစ်ခါမှ မမြင်ဖူးဘူး... ပင်မနယ်မြေက နာမည်ကြီးကျင့်ကြံသူတွေအများကြီးလည်း ရောက်လာတဲ့အပြင် အင်အားကြီးဂိုဏ်းတွေကလည်း မင်္ဂလာလက်ဖွဲ့တွေနဲ့ ရောက်လာကြတာပဲ... အများစုကတော့ ဒီကို မိတ်ဖွဲ့ဖို့လာကြတာ... ကြည့်ရတာတော့ ရှုမိသားစုက ပင်မနယ်မြေမှာ ပထမဆုံးတော်ဝင်မိသားစုဖြစ်လာဖို့ နည်းနည်းပဲ လိုတော့တာထင်တယ်..."
" အိုး... သူတို့က ဧကရာဇ်ကြောင့် ရောက်လာတာ မဟုတ်ဘူးလား... သူတို့က ရှုမိသားစုကိုအမှီပြုပြီး ဧကရာဇ်ရဲ့ နန်းတွင်းလှေပေါ် လိုက်စီးချင်ကြတာမျိုးထင်တယ်..."
" မကျေမနပ်ဖြစ်မနေကြပါနဲ့... ဧကရာဇ်ရှင်းချန်က ရှုမိသားစုကို ဒီလောက်ထိ အာရုံစိုက်နေပုံထောက်ရန် သူတို့ကတော့ ကျိန်းသေပေါက် အမြင့်ကို ရောက်လာဦးမှာပဲ... အဓိက အင်မော်တယ်ဂိုဏ်းကြီးသုံးခုကလည်း ဂုဏ်ပြုဖို့အတွက် လူလွှတ်ထားတယ်ဆိုတာ သိကြလား... ဒါက ကျင့်ကြံရေးလောကထဲမှာတော့ ဂုဏ်တက်စရာကြီးပဲ..."
" အင်မော်တယ်ဓားသခင်ကိုယ်တိုင် ရောက်လာတာမျိုးမှမဟုတ်တာ ရေးကြီးခွင်ကျယ်လုပ်နေစရာ မလိုပါဘူး... ဒါပေမဲ့ ဧကရာဇ်ကိုယ်တိုင် ကြွလာမယ်ဆိုရင်တော့ ငါ ဘာမှမပြောခဲ့သလို သဘောထားလိုက်မယ်..."
ဖဲဝတ်ရုံဝတ်ဆင်ထားသော ကျင့်ကြံသူက ထိုစကားကြားသည့်အခါ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြုံးလိုက်သည်။
" သခင်ကြီး ကျေးဇူးပြုပြီး ပါးစပ်ပိတ်ထားပါလား... ကြယ်တာရာဧကရာဇ်က နေ့ခင်းတည်းက ရှုမိသားစုဆီကို ရောက်နေပါပြီ..."
ဤခရီးကိုလာရသည်မှာ ထိုက်တန်သွားပြီး မနက်ဖြန်တွင်လည်း စည်ကားသက်ဝင်လာလိမ့်မည်ဟု အားလုံးက ပြောနေကြသည်။
ဖဲဝတ်ရုံနှင့်ကျင့်ကြံသူက ပြောလာသည်။
" ဧကရာဇ်နဲ့ သူ့ညီမတော်တင်မကဘူး မင်းတို့ ဘယ်သူမှ မထင်ထားတဲ့ တခြားလူတစ်ယောက်လည်း ပါလာသေးတယ်..."
စားသောက်ဆိုင်ထဲမှလူအားလုံးက သူ့ကို အမြန်ပြောခိုင်းနေသည့်အခါ ဖဲဝတ်ရုံကျင့်ကြံသူက ချောင်းဟန့်ပြီး တစ်လုံးချင်းပြောလာသည်။
" အရင်တုန်းက နန်းတွင်းရဲ့ မင်းသားလေးဖြစ်ခဲ့တဲ့ ချင်းလင်ဂိုဏ်းရဲ့ အင်မော်တယ် ရှန်းလျိုရှန့်လည်း ပါလာပါတယ်..."
လူတစ်ယောက်၏တူက ကြမ်းပေါ်ပြုတ်ကျသွားပြီးနောက် စားသောက်ဆိုင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အော်ဟစ်ဆွေးနွေးမှုများ စတင်လာတော့သည်။
.....
ရှန်းလျိုရှန့် ခေါင်းငုံ့ပြီး နှာချေလိုက်မိသည်။
" အစ်ကိုတော် အပြင်မှာ တစ်ညလုံးနေခဲ့တယ်လို့ကြားတယ် အဲဒါကြောင့် အအေးမိသွားတာလား..."
ရှုရှင်းလျန်က သူ့ကိုလှည့်ကြည့်လိုက်သည်။
ရှန်းလျိုရှန့် ခေါင်းခါလိုက်ပြီး သူ့အကြောင်းကို တစ်ယောက်ယောက်ပြောနေခြင်းဖြစ်မည်ဟု ရေရွတ်လိုက်သည်။
သူတို့နှစ်ယောက်က တိတ်ဆိတ်ငြိမ်သက်လှသည့် တောအုပ်တစ်ခုထဲသို့ လျှောက်လာခြင်းဖြစ်သည်။
ကျင့်ကြံရေးလောကသို့ရောက်ချိန်တွင် ရှုရှင်းချန်က သူမကို အလွတ်ပေးမည်မဟုတ်သောကြောင့် ရှုရှင်းလျန်က လုချင်းယွင်ထံခေါ်သွားပေးရန် ရှန်းလျိုရှန့်ကိုတောင်းပန်ထားခြင်းဖြစ်သည်။
ရှန်းလျိုရှန့်က စကားတစ်ခွန်းမှမပြောဘဲ သူမကို ရှုရှင်းချန်၏ မျက်စိအောက်မှ ခေါ်ထုတ်လာကာ လမ်းတစ်လျှောက်တွင် စိတ်ပူနေသည့် ရှုရှင်းလျန်ကို နှစ်သိမ့်ဖြောင်းဖြပေးနေသည်။
" မင်းရဲ့ အစ်ကိုတော်က နှုတ်ကြမ်းပေမယ့် နှလုံးသားလေးက နူးညံ့ပါတယ်... သူ့ကို သိပ်မကြောက်ပါနဲ့..."
ရှုရှင်းလျန် ခေါင်းညိတ်ပြပြီး ရယ်လိုက်သည်။
" အစ်ကိုကြီး ဒီမှာရှိနေပြီဆိုတော့ သူ အရင်လို အေးစက်စက် မဟုတ်တော့ဘူး..."
" မင်းအစ်ကိုတော်က မင်းကို အချစ်ဆုံးဆိုတာ ၂ရက်အတွင်း သိလာမှာပါ..."
ရှန်းလျိုရှန့်က ပြောပြီးသည်နှင့် ဗလာကျင်းနေသောလက်ကောက်ဝတ်ကို ထိကြည့်လိုက်သည်။ ကျင့်ကြံရေးလောကသို့ ရောက်လာပြီးသည့်နောက်တွင် ကျိုးရွှမ်လန်က အရေးကြီးကိစ္စလုပ်စရာရှိသေးသည်ဟုဆို၍ ထွက်သွားလေသည်။ ရှန်းလျိုရှန့် ထိုအကြောင်းကိုတွေးနေမိသော်လည်း ကျိုးရွှမ်လန်ထံတွင် မည်သည့်အရေးကြီးကိစ္စရှိနေကြောင်း မသိပေ။
မောင်နှမနှစ်ယောက် တောအုပ်ထဲမှ ထွက်လာပြီးနောက် မိုးထိအောင်မြင့်သည့်တောင်တန်းကြီးကို မော့ကြည့်လိုက်သည်။
လုချင်းယွင်က တောင်ပေါ်တက်သည့်လမ်းတစ်ဝက်မှ လှိုဏ်ဂူထဲတွင် ရှိနေသည်။ သူတို့နှစ်ယောက် ရောက်သွားချိန်၌ လှိုဏ်ဂူဝတွင် အတားအဆီးတစ်ခုကို တွေ့လိုက်ရသည်။ ထိုအတားအဆီးက ရှုရှင်းလျန်ကို မတားမြစ်ထားသော်လည်း သူမ မှလွဲ၍ ကျောက်တုံးတစ်တုံးမှ ကျော်မဝင်လာနိုင်ချေ။
ရှုရှင်းလျန်၏ မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသည်။ သူမ လှိုဏ်ဂူထဲတွင်၍ တစ်ချက်ကြည့်လိုက်ပြီးနောက် ထိတ်ထိတ်ပျာပျာဖြင့် ပြန်ပြေးထွက်လာသည်။
" အစ်ကိုကြီး... သူ့ကိုကြည့်ရတာ အဆင့်တက်တော့မယ့်ပုံပဲ..."
ထိုအတားအဆီးက အခြားလူများ နှောင့်ယှက်ခြင်းမှ ဟန့်တားနိုင်အောင် ပြုလုပ်ထားသည့်အရာဖြစ်ကြောင်း ရှန်းလျိုရှန့် သဘောပေါက်လိုက်သည်။ အချိန်ကလည်း နောက်ကျနေသဖြင့် သူ ပြောလိုက်သည်။
" နောက်နေ့မှ ပြန်လာကြတာပေါ့ အဲအခါမှ..."
ရှန်းလျိုရှန့် မူလက ရှုရှင်းလျန်ကိုပါ သူနှင့်အတူ ပြန်ခေါ်သွားလိုသော်လည်း သူမမျက်နှာထက်မှ စိုးရိမ်နေသည့် အမူအရာကိုမြင်လိုက်သည့်အပြင် ရှုရှင်းချန်က သူမကိုကာကွယ်ရန်အတွက် တစ်စုံတစ်ယောက်ကို လျှို့ဝှက်စေလွှတ်ထားနိုင်ကြောင်း တွေးမိလိုက်သည်။ သို့ဖြစ်၍ သူမ လုံခြုံရေးကို ပူပန်နေရန် မလိုအပ်သောကြောင့် ပြောလိုက်သည်။
" အတားအဆီးက ညီမလေးကို မတားထားဘူးဆိုတော့ ဒီနေရာမှာပဲ စောင့်နေလိုက်လေ လှိုဏ်ဂူက မထွက်သွားနဲ့..."
ရှုရှင်းလျန် ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည့်အခါ သူမ ဦးခေါင်းထက်မှ ဆံထိုးလေးက အရောင်တောက်ပလာ၍ အလွန်လှပနေ၏။
ရှန်းလျိုရှန့် သူမကို လက်ပြပြီး ထွက်လာခဲ့လိုက်သည်။
ဤပတ်ဝန်းကျင်တွင် လှပသောတောင်များနှင့် ကြည်လင်လှသည့် မြစ်ချောင်းများရှိ၍ နေထိုင်ရန်အတွက် စိတ်ချမ်းမြေ့စရာ နေရာတစ်ခုဖြစ်သည့်အပြင် မြို့နှင့် ဝေးကွာသောကြောင့် လူသူအရောက်အပေါက်လည်း နည်းပါးပေသည်။
ရှန်းလျိုရှန့် ဖြတ်လမ်းတစ်ခုကို ရှာတွေ့သွားပြီးနောက် လမ်းဘေးတွင်ရှိသော လိမ္မော်ပင်တစ်ပင်ကိုပါ မြင်လိုက်သည်။ တောက်ပသော လိမ္မော်သီးများက သစ်ကိုင်းပေါ်ပြည့်နေ၍ အရသာရှိမည့်ပုံပေါ်ကာ သူ့ကို ဆွဲဆောင်နေသည်။
ရှန်းလျိုရှန့် ခြေနှစ်လှမ်းတည်းဖြင့် ထိုနေရာသို့ရောက်သွားပြီး လိမ္မော်သီးကို လှမ်းခူးတော့မည့်အချိန်၌ သစ်ပင်ဘေးနားမှ မြက်ပင်ပေါ်ရှိ တစ်စုံတစ်ရာကို မြင်လိုက်သည်။
၎င်းက အရုပ်တစ်ရုပ်ဖြစ်သည်။ တစ်ချက်တည်းကြည့်လိုက်ပါက ၎င်း၏ပုံစံက မီးဘောလုံးလေးနှင့်တူပြီး အနည်းငယ်ရင်းနှီးနေသည်ဟုလည်း ခံစားလိုက်ရသည်။
ရှန်းလျိုရှန့် အနားကပ်သွားပြီး ၎င်းအရုပ်ကို ကောက်လိုက်ချိန်တွင် အံ့ဩသွားရသည်။
အရုပ်က လက်တစ်ဝါးစာအရွယ်ခန့်သာရှိပြီး နူးညံ့နေသည်။ ၎င်းက ခြေလေးချောင်းရှိပြီး ကျောပေါ်တွင်လည်း နီရဲနေသည့် တောင်ပံတစ်စုံ ရှိနေပေသည်။
ယခုအချိန်တွင်မူ နတ်ဆိုးပေါက်စအရုပ်လေးက စူးရှသောမျက်ဝန်းများဖြင့် ရှေ့တည့်တည့်ကိုကြည့်နေပြီး ပါးစပ်ဟကာ အစွယ်များကို လှစ်ဟပြထားသည်။ လေတိုက်ခတ်မှုကြောင့် ဘေးနှစ်ဖက်ရှိ အမွေးနုလေးများက တုန်ခါနေသောကြောင့် သူ့ပုံစံက အော်ဟစ် ဟိန်းဟောက်တော့မည်ဟုပင် ထင်ရသည်။
ရှန်းလျိုရှန့် သူ့ လက်ထဲမှ အရုပ်လေးကို စိုက်ကြည့်နေမိသည်။ ၎င်းက သူ ချီလင်မြို့တွင်ရှိနေစဉ်က မီးနတ်မြင်းပျံ ဟန်ဆောင်ရန် စိတ်ကူးထဲပေါ်လာသည့်အတိုင်းအသွင်ပြောင်းခဲ့သည့် မကောင်းဆိုးဝါးသားရဲလေး၏ပုံစံ ဖြစ်သည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က အရုပ်လုပ်ထားခဲ့ပုံပေါ်သည်။
အရုပ်လေးက အလွန်ဟောင်းနွမ်းနေ၍ ထိုအချိန်ခန့်က ပြုလုပ်ခဲ့ပုံပေါ်သည်။ အရုပ်ပေါ်တွင် ညစ်ပေနေခြင်းမရှိ၍ ပိုင်ရှင်ဖြစ်သူက တန်ဖိုးထားသည့်ပုံပင်။ အကြောင်းအရင်းတစ်ခုခုကြောင့်သာ တောထဲရောက်လာဟန်ရှိသည်။
ရှန်းလျိုရှန့် အရုပ်လေးပေါ်မှ သစ်ရွက်များကို ခါလိုက်ပြီး ခဏစဉ်းစားနေပြီးနောက် အရုပ်ကို ပြန်ထားတော့မည့်အချိန်တွင် သူ့နောက်မှ ကလေးသံလေးတစ်သံ ထွက်လာသည်။
" ကျွန်တော့်ကို ပြန်ပေးပါ..."
ရှန်းလျိုရှန့် လှည့်ကြည့်လိုက်သောအခါ လီနင်အဝတ်အစားများ ဝတ်ထားပြီး ခေါင်းပေါ်တွင် ကျစ်ဆံမြီးလုံးလေးနှစ်လုံးဖြင့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက ရှန်းလျိုရှန့်ကို တောက်ပသည့်မျက်ဝန်းများဖြင့် ကြည့်နေပြီးသည့်နောက်တွင် အရုပ်ကိုကြည့်နေသည်။
ရှန်းလျိုရှန့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ကလေး၏မျက်နှာက အလွန်ထူးဆန်းနေသော်လည်း သူ့စိတ်ထဲတွင် ရင်းနှီးနေသကဲ့သို့ ခံစားမိသည်။
ဘေးပတ်ဝန်းကျင်သို့ကြည့်လိုက်သည့်အခါတွင်လည်း လူကြီးတစ်ယောက်ကိုမှမတွေ့၍ ဒူးထောက်ထိုင်ချလိုက်ပြီး ကလေးလေးထံသို့ အရုပ်ပြန်ပေး၍ မေးလိုက်သည်။
" ကလေးလေး မင်းဘာလို့ ဒီနေရာမှာ တစ်ယောက်တည်း ရောက်နေတာလဲ မင်းမိဘတွေရော..."
ကလေးက သူ့ကိုစိုက်ကြည့်နေပြီးနောက် နားနားကပ်လာပြီး တီးတိုးပြောသည်။
" သား တိတ်တိတ်လေး ပြောပြမယ်နော်... သားက လူသားမဟုတ်ဘူး နတ်ဆိုးပါ... သားအမေကတော့ လူသား..."
ရှန်းလျိုရှန့် အံ့အားသင့်သွားသည်။
သူက သွေးနှောလေးပဲ...
ကလေးက ဆက်ပြောသည်။
" မေမေကတော့ သားကို ဒီအကြောင်းတွေ လျှောက်မပြောခိုင်းဘူး... သူပြောတာတော့ အဲအကြောင်း တခြားလူတွေကို လျှောက်ပြောရင် ဒုက္ခရောက်လိမ့်မယ်တဲ့... အပြင်ကလူတွေ သားကိုတွေ့ရင် အော်ပြီး ရိုက်ကြတယ်... မေမေ့ကို ပြန်မပြောနဲ့နော်..."
ရှန်းလျိုရှန့်က သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
" ကောင်းပါပြီ... ဒါပေမဲ့ အခု သားအပြင်ထွက်ရင်တော့ ဘယ်သူကမှ မင်းကို အော်ဟစ်ရိုက်နှက်တာမျိုးတွေ လုပ်မှာမဟုတ်ဘူး..."
ယခုအချိန်တွင် လူသားမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်အကြားမှ ဆက်ဆံရေးက တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာပြီဖြစ်သည့်အပြင် နတ်ဆေး(ဝေတန့်) ပျံ့နှံ့လာခြင်းကြောင့် အတိတ်တွင် သွေးနှောဟု အခေါ်ခံခဲ့ရသူများက ယခုချိန်တွင်မူ နတ်ဆိုးနယ်မြေ၏ လမ်းမထက်တွင် လျှောက်သွားနေနိုင်ပြီဖြစ်သည်။ မူလတွင် သာမန်နတ်ဆိုးများက သူတို့ကို သတိမထားမိခဲ့သော်လည်း
သိသွားပြီးသည့်နောက်တွင်လည်း ယခင်ကကဲ့သို့ ခါးခါးသီးသီး မမုန်းတီစတော့ပေ။
ကလေးလေးက အရုပ်ကိုလက်ထဲကိုင်ထားပြီး သင်္ကာမကင်းစွာဖြင့် ပြောလိုက်သည်။
" တကယ်လား... ဒါပေမဲ့ သားကြောက်သေးတယ်..."
ရှန်းလျိုရှန့် ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ဒါဆိုရင် ဒီနှစ်ပိုင်းအတွင်း အပြင်လောကကို သွားကြည့်ပါလား..."
" ဘာလို့ နှစ်ပိုင်းလောက် စောင့်ရဦးမှာလဲဟင်... သား ... သား မစောင့်နိုင်လောက်ဘူးထင်တယ်..."
ရှန်းလျိုရှန့် သူ့မျက်နှာတစ်ဝက်ကိုအုပ်ထားပြီး တီးတိုးပြောလိုက်သည်။
" လျှို့ဝှက်ချက်တစ်ခု ပြောပြရမလား... အစ်ကိုကြီးမှာ စွမ်းအားကြီးတဲ့မန္တန်တစ်ခုရှိတယ်... အဲဒါအောင်မြင်သွားပြီဆိုရင် လူသားတွေနဲ့ နတ်ဆိုးတွေက အတူတူပူးပေါင်းနေနိုင်ကြတော့မှာ... သဟဇာတမဖြစ်မှာ ခွဲခြားဆက်ဆံခံရမှာမျိုးတွေ ရှိလာတော့မှာ မဟုတ်ဘူး.."
သူ ကလေးလေးကို မျက်စပစ်ပြလိုက်သည်။
" အချိန်တန်လာရင် သားလို ကလေးလေးတွေကလည်း ထူးဆန်းမနေတော့ဘဲ သာမန်ကလေးတစ်ယောက်ပဲ ဖြစ်လာတော့မှာ..."
ကလေးလေးက အထိတ်တလန့်ဖြစ်သွားသည်။
" အဲဒါ ဘယ်လိုမန္တန်လဲ... ဘယ်လိုလုပ်ရတာလဲ..."
ရှန်းလျိုရှန့် မတ်တပ်ရပ်လိုက်ပြီး လိမ္မော်သီးအနည်းငယ်ခူးလိုက်သည်။
" အဲဒါ အစ်ကိုကြီးကိုယ်တိုင် ဆယ်နှစ်ကျော်လောက် အချိန်ပေး လေ့လာခဲ့ရတဲ့ မန္တန်ပေါ့..."
သူ ဝိညာဉ်စုဝေးစင်မြင့်တွင် ရှိနေစဉ်က မကျင့်ကြံနိုင်ခဲ့သောကြောင့် မန္တန်အကြောင်းကို စဉ်းစားတွေးတောပြီး လေ့လာနေခဲ့ရုံသာ တတ်နိုင်သည်။
ကလေး : " ဘာလို့ ဒီလောက်တောင် အသည်းအသန်ကြိုးစားရတာလဲ..."
ရှန်းလျိုရှန့်က သူ့လက်ထဲကို လိမ္မော်သီးနှစ်လုံး ထည့်ပေးလိုက်သည်။ သူ ပြောလိုက်သည်က အလွန်များသွားသောကြောင့် ကလေးလေးက သဘောမပေါက်နိုင်ဟု သူ ထင်လိုက်သည်။ နောက်ဆုံးတွင် သူ ပြန်ဖြေလိုက်သည်။
" ဘာလို့လဲဆိုတော့ အတိတ်တုန်းက သားလိုမျိုးကလေးတွေ ရှိခဲ့ဖူးလို့လေ... သူတို့က ကလေးဘဝမှာတည်းက အရမ်းခံစားခဲ့ရတယ်... အဲဒါကြောင့် အသက်ကြီးလာတဲ့အချိန်မှာ ဒီအကြောင်းတွေကို နားလည်မပေးနိုင်တော့ဘူး... အဲ့လိုကလေးမျိုး ထပ်မရှ်ိလာစေချင်လို့ပါ..."
ပြောပြီးသည်နှင့် ရှန်းလျိုရှန့်က လိမ္မော်သီးတစ်လုံးကို လက်ထဲတွင် ဆော့ကစားနေသည်။
" သားရဲ့အိမ်က ဘယ်မှာလဲ လိုက်ပို့ပေးမယ်လေ..."
ကလေးလေးက ထိုနေရာတွင်ရပ်နေပြီး ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်သွားသည်။ ထို့နောက်တွင်မှ နှုတ်ခမ်းများတွန့်ကွေးလာသည်။
" " တောင်းပန်ပါတယ်... ကျေးဇူးလည်း တင်ပါတယ်..."ပြောပြီးသည်နှင့် လိမ္မော်သီးနှင့် အရုပ်လေးကိုပိုက်ပြီး အမြန်ပြေးထွက်သွားတော့သည်။
နတ်ဆိုးများ၏ မွေးရာပါဗီဇကြောင့် သူက အလွန်လျင်မြန်စွာပြေးသွား၍ ရှန်းလျိုရှန့် လိုက်မမီလိုက်ပေ။ မြက်ခင်းပြင်များကြားထဲမှ အမြန်ပျောက်ကွယ်သွားသည့် ပုံရိပ်သေးသေးလေးကိုကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။
ထိုကလေးက ဤနေရာနှင့် ရင်
းနှီးနေဟန်ရ၍ စိတ်ပူရန် လိုအပ်မည့်ပုံ မပေါ်ပေ။
ရှန်းလျိုရှန့် တစ်ဖက်သို့လှည့်ပြီးထွက်သွားကာ အနီးဆုံးမြို့သို့သွားပြီး နေရာကူးပြောင်းအစီအရင်ဖြင့် ယင်းရွှယ်မြို့သို့ ပြန်သွားကာ ရှုအိမ်တော်သို့ ပြန်လာလိုက်သည်။