အပိုင်း ၁၆၆
Viewers 30k

Chapter 166



ရှန်းလျိုရှန့် တစ်ဖက်သို့လှည့်ပြီးထွက်သွားကာ အနီးဆုံးမြို့သို့သွားပြီး နေရာကူးပြောင်းအစီအရင်ဖြင့် ယင်းရွှယ်မြို့သို့ ပြန်သွားကာ ရှုအိမ်တော်သို့ ပြန်လာလိုက်သည်။


အိမ်တော်က အလွန်ကြီးမားကျယ်ပြန့်ပြီး ညပိုင်းတွင် လေကောင်းလေသန့်ရှုရှိုက်နိုင်သည့်အပြင် ယင်းရွှယ်မြို့ရှု့ခင်းကိုလည်း ကြည့်ရှု့နိုင်ပေသည်။


ညနေပိုင်းတွင် လူပေါင်းများစွာက ထိုနေရာ၌ စုဝေးလာသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဂိုဏ်းပေါင်းစုံမှတပည့်များကို သိသာထင်ရှားစွာ မြင်တွေ့နိုင်သည်။ သူတို့က ထောင့်များတွင် အုပ်စုဖွဲ့၍ စကားစမြည်ပြောနေကြသည်။


ရှန်းလျိုရှန့်က ရှုရှင်းချန်ထံမှ အကြောင်းကြားစာရထား၍ သူ ထိုနေရာတွင် ရောက်နေကြောင်းပြောထားသော်လည်း အချိန်အတန်ကြာသည်အထိ သူ့ကိုမတွေ့ရသေးပေ။ သစ်သီးပန်းကန်ထဲမှ လိမ္မော်သီးကိုယူလိုက်သည်နှင့် သူ့ရှေ့တည့်တည့်မှ ဆူညံသံတစ်သံကို ကြားလိုက်ရသည်။


ရှန်းလျိုရှန့် အနားမရောက်မီတွင် လူနှစ်ယောက်ရန်ဖြစ်နေသည်ကို ကြားလိုက်ရသည်။


" ငါမင်းကို သည်းခံနေတာ တော်တော်ကြာပြီနော်... မင်း ထပ်ပြောရဲရင်ပြောကြည့် ငါ ခေါင်းကို ဖောက်ခွဲပစ်လိုက်မယ်..."


ထိုစကားများကိုကြားသည့်အခါ ရှန်းလျိုရှန့်၏စိတ်ထဲ တစ်နေရာရာတွင် ကြားဖူးသည်ဟု တွေးလိုက်မိသည်။ အခြားအသံတစ်သံကလည်း အရက်မူးနေကာ စကားလုံးများက ဟိုရောက်သည်ရောက် ဖြစ်နေသည်။


" ဘုရားရေ မင်းက ရူးနေဝာာလား... ငါ မင်းကို ဇာတ်လမ်းတစ်ပုဒ်ပြောပြနေတာ ဘာလို့ဖြတ်ပြောတာလဲ..."


 ရှန်းလျိုရှန့် လူအုပ်ထဲတိုးဝင်သွားသည့်အခါ တချမ်ဂိုဏ်းမှ တပည့်တစ်ယောက်ပုံစံ ဝတ်ဆင်ထားသည့်လူတစ်ယောက်ကို မြင်လိုက်ရသည်။ သူက ဒေါသတကြီးဖြင့် အော်ပြောနေသည်။ 

" မင်းက အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလေ... အင်မော်တယ် အဲလိုလုပ်ခဲ့တာ ချုန်းချီကို ပိတ်လှောင်ပစ်ဖို့ဆိုတာ ရှင်းနေတာပဲ... မကောင်းဆိုးဝါးကို သန့်စင်တယ်ဆိုပြီး ဘာလို့စွပ်စွဲရတာလဲ... နတ်ဆိုးအတတ်ဆိုတာမျိုးက ကိုယ်ကျိုးအတွက်ပဲလုပ်ကြတာလေ... မင်းရဲ့ခေါင်းကို ငါတကယ်ဖောက်ခွဲပစ်တော့မယ်..."


သူ၏ ဖမ်းဆွဲခံထားရသော အရက်မူးနေသည့်ကျင့်ကြံသူကလည်း ဒေါသထွက်လာပုံရသည်။ သူ့ဝတ်ရုံလက်ကို လိပ်တင်လိုက်ပြီးနောက် ဘေးနားတွင်ထိုင်နေသော ကျင့်ကြံသူများကို လှမ်းခေါ်လိုက်သည်။


" မင်းတို့ အပျော်ကြည့်နေကြတာလား ထလာဦးလေ... တချမ်ဂိုဏ်းက တပည့်တစ်ယောက်က ငါ့ပိုင်နက်ထဲရောက်လာပြီးတော့များ ငါ့ကိုပညာပြချင်နေတယ်... ငါဆိုတဲ့ သခင်ဝမ်က ဒီမှာပဲရှိနေတယ် ငါ့ကိုတစ်ခုခု လုပ်ရဲရင်လုပ်ကြည့်လေ..."


သခင်ဝမ်ဆိုသူက ထိုသို့ပြောပြီးသည်နှင့် ဓားနှင့် မှော်လက်နက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။

" အားလုံး ဒီကိစ္စကို သိကြတာတောင် မင်းက အဓိပ္ပါယ်မရှိတာတွေလို့ ပြောချင်နေသေးတာလား... မင်းက ရှန်းလျိုရှန့်လည်းမဟုတ်ဘဲ ဘာတွေဒေါသထွက်နေတာလဲ... သတ္တိရှိတယ်ဆိုရင် သူကိုယ်တိုင်ထွက်လာပြီး ငါ့ကိုရင်ဆိုင်ခိုင်းလိုက်..."


‌ကြည့်ရှု့နေသူများက တီးတိုးပြောဆိုလာကြသည်။


" ရှုမိသားစုရဲ့ နယ်မြေထဲမှာ ရန်ဖြစ်တာတွေကို တားထားတယ်မလား..."


" သခင်ဝမ်ကတော့ ရှုမိသားစုရဲ့ဧည့်သည်မို့ မျက်နှာပြောင်တိုက်နေတာထင်တယ်..."


" ကြည့်ရတာ တချမ်ဂိုဏ်းကတပည့်တော့ ဒုက္ခရောက်ပြီထင်တယ် အဲဒီသခင်ဝမ်က နတ်ဘုရားဖြစ်ဖို့ ခြေလှမ်းတစ်ဝက်တောင် ရောက်နေပြီ..."


ရှန်းလျိုရှန့် ထိုလူကိုသွားကယ်ရန် ပြင်လိုက်ချိန်တွင် တချမ်ဂိုဏ်းဝတ်ရုံဝတ်ထားသည့် လူတစ်စုက မလှမ်းမကမ်းမှ လာနေကြသည်။ သူတို့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်လူက စိုးရိမ်တကြီးဖြင့် အမြန်လျှောက်လာနေသည်။


တချမ်ဂိုဏ်းက ယခုချိန်တွင် ကျင့်ကြံရေးလောကရှိ အင်မော်တယ်ဂိုဏ်းကြီးသုံးဂိုဏ်းအနက် တစ်ဂိုဏ်းအပါအဝင် ဖြစ်လာခဲ့သည်။ သို့ဖြစ်၍ ထိုနေရာတွင်ရှိနေသူတိုင်းက အလိုလိုဘေးဖယ်ပေးလိုက်ကြသည်။


 " ဘာဖြစ်တာပါလိမ့်... သူတို့ဘယ်သူ့ကို ရှာနေတာလဲ..."


" ငါလည်း မသိဘူးလေ..."


အားလုံးမှန်းဆနေကြချိန်တွင် ဦးဆောင်လာသူက သူ့တပည့်များနှင့်အတူ အပြေးတပိုင်းရောက်လာသည်။

" ဂိုဏ်းချုပ် ဂိုဏ်းချုပ်..."


ကြည့်ရှု့နေသူများက သူတို့ပြေးလာသည့်နေရာကိုကြည့်ပြီး မျက်လုံးအပြူးသားဖြစ်ကုန်သည်။


ဓားကို အလွယ်တကူရှောင်တိမ်းလိုက်သူက ဘေးသို့လှည့်ကြည့်လိုက်ပြီးနောက် လှမ်းအော်သံကိုကြားချိန်၌ သူ့မျက်နှာက ပြောင်းလဲသွားသည်။ သူ ထိုလူများ၏ပါးစပ်က်ို ပိတ်ပစ်ချင်စိတ် ဖြစ်လာသည်။

" ပါးစပ်ပိတ်ထားစမ်း... အကုန် ပါးစပ်ပိတ်ထားကြ..."


မင်ထန် ဒေါသထွက်လွန်း၍ လက်ချောင်းများပါ တုန်ယင်လာသည်။


ငါ သေသေချာချာရုပ်ဖျက်ထားတာတောင်မှ ဂိုဏ်းကတပည့်တွေက ရှာတွေ့သွားသေးတာလား...


အင်မော်တယ်အရှင် ရှန်းလျိုရှန့်လည်း ဤနေရာသို့လာမည်ဟု ကြားသည့်အခါ သူလည်း တချမ်ဂိုဏ်းမှ အမြန်ထွက်လာခဲ့သည်။ သူက အင်မော်တယ်အရှင်ကိုတိတ်တဆိတ်ခိုးကြည့်နေခဲ့လိုသော်လည်း ယခုအခါတွင်မူ သူ့ဆန္ဒသေးသေးလေးက အပိုင်းပိုင်းအစစ ဖြစ်သွားရသည်။


" မင်းတို့ ဂိုဏ်းချုပ်ကိုလှည့်စားပြီး ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာကိုဖျက်ဆီးချင်နေတာလား..."

မင်ထန်က ဒေါသတကြီးအော်ဟစ်ကာ မူရင်းအသွင် ပြန်ပြောင်းလိုက်ပြီး အံကြိတ်ထားသည်။


ဂို‌‌ဏ်းမှ အကြီးအကဲနှင့် တပည့်များအားလုံး ခဏတာရပ်တန့်သွားပြီးနောက် ဇက်များပါ ပုဝင်သွားသည်။

" ဂိုဏ်းချုပ် စိတ်ထိန်းပါဦး..."


ကြည့်ရှု့နေသူများက အသက်အောင့်ထားကြပြီး တစ်ကိုယ်လုံးအေးစက်ကုန်သည်။


တချမ်ဂိုဏ်းချုပ်မင်ထန်က ဂိုဏ်းကိုတစ်ယောက်တည်း တည်ထောင်ခဲ့သည့်အပြင် ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် တချမ်ဂိုဏ်းကို အဓိကအင်မော်တယ်ဂိုဏ်းသုံးဂိုဏ်းထဲရောက်အောင် ဦးဆောင်နိုင်ခဲ့ပေသည်။ သူက ကျင့်ကြံရေးလောကတွင် ဒဏ္ဍာရီလာပုဂ္ဂိုလ်မျိုးဖြစ်ပြီး ယခုချိန်တွင် သူက အားလုံးရှေ့၌ ပေါ်လာခဲ့သည်။


မင်ထန် သူ့ရှေ့သို့ရောက်လာသည့်အခါ မူလက အရက်မူးနေသည့် ဝမ်သခင်က ခေါင်းကိုရေအေးဖြင့် ပက်လိုက်သကဲ့သို့ အမူးပြေသွားသည်။


ဝုန်း...


သူ ကြမ်းပြင်ပေါ်ဒူးထောက်လိုက်ပြီး တချမ်ဂိုဏ်းချုပ်၏ အညှာအတာကင်းမဲ့မှု ကောလဟာလများကို တွေးမိကာ အသည်းအသန်ပြောလိုက်သည်။


" တချမ်ဂိုဏ်းက ဂိုဏ်းချုပ်မင် ဖြစ်နေတာကို... ကျွန်တော် ခုနက အရက်မူးနေလို့ပါ... ဂိုဏ်းချုပ်ပြောတာမှန်ပါတယ် ကျွန်တော်က အဓိပ္ပါယ်မရှိတာတွေ ပြောနေတာ... အရူးတွေပဲ ဒီလိုစကားမျိုးကိုယုံမှာ..."


မင်ထန်က အေးစက်စက်ဖြင့်ရယ်လိုက်သည်။

" မင်း ကိုယ့်အမှားကိုယ်သိလား..."


သခင်ဝမ်က ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည့်အခါ မင်ထန်က သူ့ကိုဆောင့်ကန်လိုက်သည်။

" ကိုယ့်အမှားကိုယ်သိရင် ပြီးတာပဲ ငါမင်းကို ဇာတ်လမ်းအမှန် ပြောပြမယ်..."


သခင်ဝမ်က မနည်းကြိုးစား၍ မတ်တပ်ရပ်လိုက်ရပြီး သူတို့အကြားမှ ကျင့်ကြံဆင့်ကွာခြားချက်ကို သတိပြုမိသွားသည်။ သူ မငြင်းဆန်ရဲသောကြောင့် ခေါင်းတဆတ်ဆတ်ညိတ်နေရသည်။


မင်ထန်က တင်ပျဉ်ခွေထိုင်လိုက်ပြီး ကြည့်ရှု့နေသည့်လူများကို ကြည့်နေသည်။

" ‌ဒီနေရာမှာ အားလုံးစုဝေးနေရတာ ရေစက်ကြောင့်ပါပဲ... ကျုပ်ရဲ့ ဉာဏ်အလင်းပွင့်မှုတွေ ဖြစ်လာစေခဲ့တဲ့ဇာတ်လမ်းကို အားလုံးကိုပြောပြမယ်..."


စွမ်းအားကြီးကျင့်ကြံသူတစ်ယောက်က သူ ဉာဏ်အလင်းပွင့်ခဲ့သည့် အတွေ့အကြုံကို ပြောပြမည်ဆိုသောအခါ ၎င်းက ဘဝတွင် တစ်ကြိမ်သာရခဲလှသည့် အ‌တွေ့အကြုံဖြစ်ကြောင်း သိလိုက်ရ၍ စိတ်လှုပ်ရှားစွာဖြင့် နားထောင်နေကြသည်။ သူတို့ကြားမှ တချမ်ဂိုဏ်းသားအချို့ကသာ ပျင်းရိစွာဖြင့် သမ်းဝေနေကြသည်။


အလိုလေး... အင်မော်တယ်ရှန်းကို နောက်တစ်ခါတွေ့ရတော့မယ်ဆိုတော့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီး တုန်လှုပ်တော့မယ့်အထိ စိတ်လှုပ်ရှားနေပြန်ပြီ...

သူတို့အားလုံး၏စိတ်ထဲတွင် ထိုသို့တွေးနေကြသည်။


မင်ထန်က ခန်းမအလယ်တွင်ထိုင်ပြီး စီကာပတ်ကုံး ပြောပြနေသည်။


ရှန်းလျိုရှန့် ခုံတစ်ခုံယူထိုင်လိုက်ပြီး စိတ်ဝင်တစားဖြင့် နားထောင်နေသည်။


အရှေ့ပိုင်းကျတ်တီးမြေတွင် သားရဲလှိုဏ်ဂူထဲမှ ကလေးတစ်ယောက်ကို သူ ကယ်တင်ခဲ့သည်ဟု မင်ထန်ပြောပြသည်အား သူ မမှတ်မိချေ။ မင်ထန်က သူ့ကို နတ်ဘုရားတစ်ပါးသဖွယ် ဖော်ညွှန်းနေသည်ကိုသာ ကြားလိုက်ရပေသည်။


ရှန်းလျိုရှန့် မရယ်ဘဲ မနေနိုင်တော့ပေ။ ထိုအချိန်တွင် အေးစက်စက်အရာတစ်ခုက သူ့လက်ကောက်ဝတ်ကို လာရောက်ရစ်ပတ်လာသည်။

" ရှစ်စွမ်း ဘာတွေရယ်နေတာလဲ..."


နေ့လယ်ခင်းတည်းက ထွက်သွားသော ကျိုးရွှမ်လန်က ယခုမှပြန်ရောက်လာခြင်းဖြစ်၍ သူမေးလိုက်သည်။

" မင်း ဘာတွေလုပ်နေတာလဲ..."


ကျိုးရွှမ်လန် : " ရှစ်စွမ်း မနက်ဖြန်ကျရင် သိလိမ့်မယ်..."


ရှန်းလျိုရှန့် မျက်လုံးများမှေးကျဉ်းလိုက်ပြီး စကားထပ်ပြောတော့မည့်အချိန်တွင် သူ့လက်ကောက်ဝတ်ပေါ်မှ နဂါးလေးက ရုတ်တရက် လှုပ်ရှားလာသည်။ သူက ခေါင်းပြူထွက်လာပြီး ရှန်းလျိုရှန့်၏လက်ကို အနံ့ခံကြည့်နေသည်။ 

" ရှစ်စွမ်းဆီကနေ ဘာလို့ တခြားနတ်ဆိုးရဲ့အနံ့ ရနေတာလဲ..."


ရှန်းလျိုရှန့် ငြိမ်သက်သွားမိသည်။

သူ သိသွားပြီပေ့ါလေ...


" ငါ ကလေးတစ်ယောက်နဲ့တွေ့လို့ သူ့ခေါင်းကိုထိခဲ့တယ်..."


" အဲကလေးက သွေးနှောလား..."


ရှန်းလျိုရှန့် : " မင်း သူ့အနံ့ကိုရတာလား..."


ကျိုးရွှမ်လန်၏လေသံက တိုးသွားသည်။

" ကျွန်တော် မှန်းကြည့်လိုက်တာပါ..."


ရှန်းလျိုရှန့် ခေါင်းငုံ့ကြည့်လိုက်သည့်အခါ နဂါးနက်လေးက သူ့ခေါင်းကိုနောက်ပြန်ဆုတ်သွားပြီး မပျော်မရွှင် ဖြစ်သွားဟန်ဖြင့် လက်ကောက်ဝတ်ကို တင်းကြပ်စွာ ရစ်ပတ်ထားသည်။


ရှန်းလျိုရှန့် အကြောင်းအရင်းကို သေချာမသိပေ။ ခဏစဉ်းစားပြီးသောအခါ လက်ထဲမှ လိမ္မော်သီးကို အခွံခွာ၍ သူ့ဝတ်ရုံလက်ထဲ ထည့်ပေးလိုက်သည်။

" ဘာဖြစ်လို့လဲ... တစ်ကိုက်ကိုက်ကြည့်လိုက် ငါ ဒီထဲက တစ်လုံးစားကြည့်ပြီးပြီ တော်တော်ချိုတယ်..."


ခဏအကြာတွင် လိမ္မော်သီးက ရွေ့လျားသွားပြီး သူ့ဝတ်ရုံလက်ထဲမှ အသံတိုးတိုးလေးထွက်လာသည်။

" ချဉ်တယ်..."


ရှန်းလျိုရှန့် : " ဟမ်..." 


သူ အသီးတစ်မြွှာကို စားကြည့်လိုက်သည်။

" ချိုပါတယ်..."


ကျိုးရွှမ်လန် အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်သွားသည်။

" ဒါဆို နောက်တစ်ခုကျွေးကြည့်ပါလား ချိုရင်ချိုလာမှာပေါ့..."


ရှန်းလျိုရှန့် ယခုမှ သဘောပေါက်သွားဟန်ဖြင့် မျက်ခုံးပင့်လိုက်ပြီး လိမ္မော်သီးတစ်မြွှာကို ဝတ်ရုံလက်ထဲထည့်ပေးကာ ရေရွတ်လိုက်သည်။

" ငါအခုကစပြီး မင်းကလွဲလို့ ဘယ်နတ်ဆိုးကိုမှ မထိရတော့ဘူးလား..."


သူ ခဏစဉ်းစားပြီး ဆက်ပြောလိုက်သည်။

" ကလေးလေးတစ်ယောက်ပဲကို... အခုလေးတင် မင်ထန်ပြောနေတာကို မင်းကြားတယ်မလား... ငါ နတ်ဆိုး‌နယ်မြေကိုသွားတုန်းက ကလေးတစ်ယောက်ကို ကယ်ခဲ့ဖူးတယ်တဲ့... မင်း ကလေးတစ်ယောက်ကို..."


စကားမဆုံးမီမှာပင် ရှန်းလျိုရှန့်၏လက်ဖျားက အကိုက်ခံလိုက်ရပြီး သူ့ဝတ်ရုံလက်ထဲမှ ဩရှရှအသံတစ်သံ ထွက်လာသည်။


" အဲ့ကလေးက ကျွန်တော်လေ..."


" ဟင်..."


ရှန်းလျိုရှန့် လိမ္မော်သီးကိုလွှင့်ပစ်လိုက်ပြီး သူ့လက်ကောက်ဝတ်ပေါ်မှ နဂါးလေးကို ဆွဲထုတ်လိုက်သည်။


နဂါးနက်လေးက မော့ကြည့်လာသည့်အခါ သူ့နှဖူးကိုထိပြီး ခြိမ်းခြောက်သောလေသံဖြင့် ပြောလိုက်သည်။

" ငါ့ကို အမှန်တိုင်း ပြောပြစမ်း..."


ရှန်းလျိုရှန့် သူ့မှတ်ဉာဏ်များထဲ ပြန်လည်မွှေနှောက်ကြည့်သည့်အခါ အရှေ့ပိုင်းကျတ်တီးမြေသို့ နှစ်ကြိမ်သွားရောက်ခဲ့ကြောင်း ပြန်အမှတ်ရသွားသည်။


သူ ငယ်ရွယ်စဉ်အချိန်က သူ့ရှစ်စွမ်း၏ပြောကြားချက်အရ သူ့ချစ်သူက အရှေ့ပိုင်းကျတ်တီးမြေတွင် ရှိသည်ဟုဆို၍ ထိုနေရာသို့သွားသည့်အခါ အနက်ရောင်ဥတစ်လုံးကိုသာ တွေ့ခဲ့ရပြီး လမ်းတစ်လျှောက်တွင်လည်း မြောက်များစွာသော မကောင်းဆိုးဝါးများ နောက်မှလိုက်ခြင်းကို ခံခဲ့ရသည်။ သို့ဖြစ်၍ သူ၏ပြဿနာအိုးချစ်သူဖြစ်သော အနက်ရောင်ဥကြီးနှင့်အတူ ထွက်ပြေးခဲ့ရသည်။ ထိုဖြစ်စဉ်ကို ပြန်တွေးမိသောအခါ ရှန်းလျိုရှန့် မရယ်ဘဲ မနေနိုင်တော့ပေ။ 


နောက်တစ်ကြိမ် သွားရောက်ခဲ့သည်က နှစ်အနည်းငယ်ကြာပြီးသည့်နောက်တွင် ဖြစ်သည်။


သူ အင်မော်တယ်အရှင်သခင် ဖြစ်လာပြီးသည့်နောက်တွင် အရှေ့ပိုင်းကျတ်တီးမြေသို့ နောက်တစ်ကြိမ် သွားရောက်ခဲ့ရသည်။ မင်ထန် ပြောပြနေသည့်အကြောင်းက ထိုအချိန်ကဖြစ်စဉ် ဖြစ်ပေသည်။ ထိုအချိန်က သူ့ကို ယဲ့ပင်းရန်က မတော်တဆထိခိုက်တော့မည်မှ ကာကွယ်ပေးခဲ့သောကြောင့် ထိုအခိုက်အတန့်မှစတင်ပြီး ဓားသခင်ယဲ့အပေါ် သူ၏စွဲလန်းမှုက စတင်ခဲ့သည်။


သို့‌ရာတွင် ယခုရှန်းလျိုရှန့်က ထိုအကြောင်းများကို မမှတ်မိတော့ချေ။ တစ်စုံတစ်ယောက်က သူ့မှတ်ဉာဏ်ကို ဖျက်ထားသည့်အတိုင်း ထိုမှတ်ဉာဏ်များက ဗလာကျင်းနေသည်။


" ငါ အရှေ့ပိုင်းကျတ်တီးမြေကို ရောက်ခဲ့တုန်းက ကယ်ခဲ့တဲ့ ကလေးဆိုတာ မင်းလား..."


ရှန်းလျိုရှန့်က နဂါးနက်လေးကို အခြားလူများမြင်မည်စိုး၍ လက်တစ်ဖက်ဖြင့်ကွယ်ထားသည်။ 

" မြန်မြန်ပြော..."


" ကောင်းကင်ဘုံက ကျွန်တော့်ကိုသတ်ချင်နေပေမယ့် ရှစ်စွမ်းက ကျွန်တော့်ကို ကယ်ခဲ့တာ..."


သူ စကားစပြောသည်နှင့် ကောင်းကင်ဘုံတွင် မြည်ချုန်းသံကြီးထွက်ပေါ်လာပြီး လျှပ်စီးများလက်လာသောကြောင့် ကျိုးရွှမ်လန် ခဏရပ်သွားပြီး စကားဆက်မပြောတော့ပေ။ 


‌သူ့ခေါင်းကိုစောင်းလိုက်ပြီး မာကျောလှသည့် နဂါးဦးချိုလေးနှင့် ရှန်းလျိုရှန့်၏ခေါင်းကို အသာပွတ်လိုက်သည်။ သူက နူးညံ့ညင်သာသည့် အပြုအမူမျိုး လုပ်လိုက်သော်လည်း ပြောလိုက်သည့်စကားထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နေသည်။ 

" ရှစ်စွမ်း စိတ်မပူပါနဲ့... ဒီတပည့်က ရှစ်စွမ်းကိုနာကျင်အောင်လုပ်ခဲ့တဲ့အရာတွေကို ပျောက်ကွယ်သွားအောင် လုပ်ပေးပါ့မယ်..." 


ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ထိုကိစ္စကို မှန်းဆကြည့်နေကာ သူ့လက်ညှိုးက နဂါးနက်လေး၏ ခန္ဓာကိုယ်သေးသေးလေးကို ထိတွေ့နေလိုက်သည်။

" ဒါဆိုရင် ဒီကိစ္စတွေကို ငါပြန်မှတ်မိမှာလား..."


ကျိုးရွှမ်လန်က အထိအတွေ့ကြောင့် အနည်းငယ်နွေးထွေးသွားဟန် ခံစားလိုက်ရပြီး နဂါးဦးချိုလေးဖြင့် ထိကပ်ထားရာမှ မခွာချင်သည့်ပုံနှင့် ဩရှရှအသံဖြင့် ပြောလာသည်။

" ရှစ်စွမ်း မမှတ်မိတာ ပိုကောင်းပါတယ် ဒါတွေက အမှတ်တရကောင်းတွေမှ မဟုတ်တာ..."


သူက ရှန်းလျိုရှန့်ကြောင့် ကယ်တင်ခံလိုက်ရပြီး ပုန်းကွယ်နေလိုက်နိုင်ခဲ့သည်။


နောက်ပိုင်းတွင် ရှန်းလျိုရှန့်ထံ၌ ဖြစ်ပျက်ခဲ့သည်ကိစ္စများကို သူ မသိသကဲ့သို့ တွေးလည်းမတွေးရဲခဲ့ပေ။ ထိုအကြောင်းများ တွေးကြည့်လိုက်သည်နှင့် ယခင်ဘဝကို ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ ရူးနှမ်းသွားခဲ့ပြီး ရှန်းလျိုရှန့်၏ ပြန့်ကျဲသွားသောဝိညာဉ်ကို ပင်မနယ်မြေ၏ထောင့်နေရာများပါမကျန် ရှာဖွေကာ တဖြည်းဖြည်းချင်းစုဆောင်းခဲ့သည်။ ထိုခံစားချက်က အလွန်နာကျင်ရသောကြောင့် အသက်ရှုရန်ပင် ခက်ခဲလှသည်။


" မကောင်းတဲ့ အမှတ်တရတွေလား..."

ရှန်းလျိုရှန့်က နဂါးလေးကို လက်ဖျားများဖြင့် တို့ထိနေလျက် ပြောလိုက်သည်။

" မင်းပါနေတယ်ဆိုရင်တော့ အမှတ်တရကောင်းတွေပဲ ဖြစ်မှာပါ..."


ကျိုးရွှမ်လန် ခဏတာအံ့ဩမှင်သက်သွားပြီးနောက် သူ့ဝတ်ရုံလက်ထဲ ပြန်ဝင်သွားလိုက်၍ သူ့ဘေးပတ်ပတ်လည်တွင် အလင်းရောင်က မှိန်ကျသွားသည်။


ကျိုးရွှမ်လန်က ခဏအကြာတွင် ခေါင်းလေးပြန်ထွက်လာသည်။

" ရှစ်စွမ်း..."


" ရှူး..."

ရှန်းလျိုရှန့်က လက်ညှိုးဖြင့် သူ့ခေါင်းလေးကို အသာဖိကပ်လိုက်သည်။

" ရှုရှင်းချန် ရောက်လာပြီ..."


ကျိုးရွှမ်လန် : "..."


ရှုရှင်းချန်၏ဘေးနားတွင် လူနှစ်ယောက်လိုက်လာသော်လည်း သူတို့က အလွန် မကပ်ရဲကြပေ။ သူက ရှန်းလျိုရှန့်ရှိရာဘက်သို့လှမ်းကြည့်လိုက်ပြီးနောက် သူ့အကြည့်က ဝတ်ရုံလက်သို့ရောက်သွားသည်နှင့် မျက်လုံးများမှေးကျဉ်းသွားကာ အေးစက်စက်ဖြင့် နှာမှုတ်လိုက်ပြီး ဝတ်ရုံလက်ကိုခါ၍ ထွက်သွားသည်။


သူ့ ဘယ်ဘက်တွင်ရပ်နေသော ရှုဇီလင်းက တစ်ဖက်တွင်ရပ်နေသည့် ရှုမိသားစုခေါင်းဆောင်ဖြစ်သည့် သူမအဖေကိုကြည့်ပြီး အတွေးများကို ကွယ်ဝှက်ထားလျက် ရှုရှင်းချန်နောက်သို့ လိုက်သွားသည်။


.....


ရှန်းလျိုရှန့်ကို အစေခံများက ဦးဆောင်ခေါ်သွားပြီး နေရာထိုင်ခင်းစီစဉ်ပေးသည်။ အိပ်ရာကိုမြင်လိုက်သည်နှင့် သူ သမ်းဝေပြီး ချက်ချင်းလှဲချလိုက်မိသည်။ သူ့ခန္ဓာကိုယ်က နူးညံ့သောအိပ်ရာခင်းနှင့်ထိသည်နှင့် သန်မာသောလက်မောင်းနှစ်ဖက်က သူ့ကိုပွေ့ချီထားလိုက်သည်။


ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏ပခုံးကို ခေါင်းဖြင့်ထိပြီး ခေါင်းညိတ်ပြလိုက်သည်။

" မင်း အဲတုန်းက ဒီလောကထဲမှာပဲ ရှိနေတာကို ဘာကိစ္စနဲ့ ငါ့ဝိညာဉ်တွေကို ရုတ်တရက်ကြီး စုပေးနေရတာလဲ..."