Chapter 167
မူရင်းဝတ္ထုအရဆိုလျှင် ကျိုးရွှမ်လန်က သူ့ကို အလွန်အမင်းမုန်းတီးနေရမည်ဖြစ်သည်။
" ကျွန်တော် နဂါးဥတစ်ခြမ်းကို ရှာတွေ့သွားလို့ပါ..."
ကျိုးရွှမ်လန် တီးတိုးပြောလိုက်သည်။
" ရှစ်စွမ်း အဲ့ပေါ်မှာ တစ်ခုခုရေးသွားတယ်... ကျွန်တော်လည်း ခေါင်းရှုပ်သွားလို့ သဲလွန်စတွေနောက် လိုက်ရှာခဲ့တာ... အဲတော့မှ ကလေးဘဝမှတ်ဉာဏ်တွေ ပြန်ရလာပြီး ရှစ်စွမ်း ကျွန်တော့်ကို ကယ်ခဲ့တယ်ဆိုတာ သတိရသွားတာ..."
နဂါးဥက အလွန်မာကျောလှ၍ ထိုဥခွံပေါ်တွင် သဲလွန်စချန်ခဲ့ရန် မဖြစ်နိုင်လှပေ။ သို့ဖြစ်၍ ရှန်းလျိုရှန့်က သူ၏သဘောတူညီမှုကြောင့် တစ်စုံတစ်ခုကို ရေးသားထားနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကျိုးရွှမ်လန် သဘောပေါက်လိုက်သည်။
ထို အချိန်က ကျိုးရွှမ်လန်၏စိတ်ထဲ တအံ့တဩဖြစ်သွား၍ စတင်စုံစမ်းခဲ့သည်။
ရှန်းလျိုရှန့် အံ့အားသင့်သွားရသည်။
" ငါ ဘာတွေရေးခဲ့လို့လဲ..."
ကျိုးရွှမ်လန်က ပြုံးလိုက်ပြီးနောက် ပြောလာသည်။
" 'ထွက်သွားပါ၊ ငါမင်းကို တစ်နေ့ကျလာခေါ်မယ်၊ ကြိမ်လုံး၊ အပြစ်ပေးမယ်' အဲလိုစာလုံးတွေပါ..."
ရှန်းလျိုရှန့် အသံကိုမြှင့်လိုက်သည်။
" အပြစ်ပေးမယ်တဲ့လား... ငါမင်းကို အဲလိုလုပ်ပါ့မလား..."
မင်ထန်၏အပြောအရဆိုလျှင် သူ ကယ်တင်ခဲ့သောကလေးက ၄-၅နှစ်အရွယ် ဖြစ်သည်။ ငါးနှစ်သားခန့်သာရှိသေးသော ကျိုးရွှမ်လန်ကို ရိုက်၍ အပြစ်ပေးရန်က...
ရှန်းလျိုရှန့် မကြင်နာတတ်သည့်ပုံစံဖြင့် ပြုံးလိုက်မိသည်။
" မင်းက မလိမ္မာလို့နေမှာပေါ့... မဟုတ်ရင် ငါ အဲဒီလိုပြောပါ့မလား..."
ရှန်းလျိုရှန့် တွေးလေတွေးလေ ထိုသို့ဖြစ်နိုင်ချေရှိလေဟု ထင်လာမိသည်။
မည်သည့်အရာကိုမှ မသိရှိ မလေ့လာရသေးသော နဂါးငယ်လေးက ပုန်ကန်ပြီး ဆိုးသွမ်းတတ်ပေလိမ့်မည်။
ကျိုးရွှမ်လန် ခဏတာငြိမ်သက်သွားပြီးနောက် ချောင်းဟန့်၍ပြောလိုက်သည်။
" ကျွန်တော် အဲ့တုန်းက နည်းနည်းတော့ဆိုးတယ်ဆိုပေမယ့် ရှစ်စွမ်းနဲ့ဆိုရင်တော့ လိမ္မာပါတယ်..."
ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်ပြီး ထိုစကားများက အလိမ်အညာဟု ခံစားလိုက်မိသည်။ နဂါးငယ်လေးက မလိမ္မာရုံသာမက ထိန်းမနိုင်သိမ်းမရနှင့် ထင်ရာလုပ်တတ်ပုံပေါ်သည်။ ကံဆိုးသည်မှာ သူက ထိုအကြောင်းများကို မမှတ်မိသောကြောင့် ကျိုးရွှမ်လန် သူ့ကိုယ်သူ အမွှန်းတင်သည်ကိုသာ နားထောင်လိုက်ရသည်။
ရှန်းလျိုရှန့် ခေါင်းခါလိုက်ပြီးနောက် အရှေ့ပိုင်းကျတ်တီးမြေ၌ သူတို့နှစ်ယောက်အကြား ဖြစ်ပျက်ခဲ့သည့်အရာများကို ကျိုးရွှမ်လန်ပြောပြသည်အား နားထောင်နေလိုက်သည်။ ခဏအကြာတွင် သူ့မျက်လုံးများမှိတ်ပြီး အိပ်မောကျသွားတော့သည်။
သူ အိပ်ပျော်သွားသည်နှင့် ကျိုးရွှမ်လန်က အိပ်ရာပေါ်မှဆင်းပြီး အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
လမင်းကြီးပေါ်တွင် တိမ်မည်းများဖုံးနေပြီး ကောင်းကင်ကြီးက မည်းမှောင်နေကာ အောက်ဘက်ရှိ နှင်းများဖုံးလွှမ်းနေသောမြို့ကို ရောင်ပြန်ဟပ်နေသည်။ ညနက်နေပြီဖြစ်သော်လည်း ရောင်စုံမီးရောင်များက နေရာအနှံ့တွင်ရှိနေ၍ အလွန်သက်ဝင်စည်ကားလှသည်။ လူအများစုကမူ ပျော်ပျော်ပါးပါးဖြင့် လျှောက်သွားနေကြခြင်းဖြစ်ပြီး ရှုမိသားစုမှလူများကမူ မနက်ဖြန်ကျင်းပမည့်မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြသည်။
အလင်းရောင်ပင် မမြင်ရတော့သည်အထိ မှောင်မည်းနေသည့်နေရာ ရောက်သောအခါ ကျိုးရွှမ်လန်က မြေပြင်ပေါ်မှ ဝိညာဉ်ကျောက်တုံးတစ်တုံးကို ကောက်လိုက်သည်။
ရှုရှင်းချန် ရောက်လာပြီး ထိုမြင်ကွင်းကို တွေ့သည့်အခါ မေးလာသည်။
" ဒါ မင်းရဲ့ ပိတ်လှောင်မှုအစီအရင်လား... မနက်ဖြန်ကျရင် ဘယ်သူမှ မလွတ်သွားစေနဲ့ဦး..."
ကျိုးရွှမ်လန်က နေရာပြောင်းပြီး ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထပ်ယူလိုက်သည်။
" ဒါက မင်းရဲ့ အတားအဆီးထက်တော့ ပိုစွမ်းတယ်..."
ရှုရှင်းချန်က သူ့ကိုသရော်လိုက်ပြီး ခွန်းတုံ့ပြန်တော့မည့်အချိန်တွင် မြို့ထဲမှ ပစ်ဖောက်လိုက်သည့် မီးရှုးပန်းများက ကောင်းကင်ပေါ်သို့ ရောက်လာသည်။
.....
ရုတ်တရက် ထွက်ပေါ်လာသည့် ဆူညံသံများကြောင့် ရှန်းလျိုရှန့် လန့်နိုးသွားရသည်။ သူ့လက်ဖြင့် ဘေးနားကို စမ်းကြည့်သည့်အခါ မည်သူမှ ရှိမနေကြောင်း သိလိုက်ရသည်။ ကျိုးရွှမ်လန် မည်သည့်နေရာရောက်သွားကြောင်းမသိ၍ အိပ်ရာပေါ်မှထကာ ဝတ်ရုံကို ပြန်ဝတ်လိုက်ပြီး မျက်လုံးများပွတ်၍ အခန်းပြင်ထွက်လာသည်။
အပြင်ဘက်မှ ကောင်းကင်ယံတွင် မီးရှူးမီးပန်းများက တစ်မြို့လုံးအနှံ့ပြည့်နေသည်။ အိမ်တော်ထဲမှလူအများစုက အနားမယူကြသေး၍ လက်ရန်းများတွင်မှီပြီး မီးရှူးမီးပန်းများကို ကြည့်နေသည်။
ရှန်းလျိုရှန့် အပြင်ထွက်လာသော်လည်း ကျိုးရွှမ်လန်ကိုမတွေ့၍ အခန်းထဲ ပြန်သွားတော့မည့်အချိန်တွင် သူ့အနောက်မှ ရင်းနှီးနေသောအသံတစ်သံကို ကြားလိုက်ရသည်။
" ကျုပ်က ဖိုချုန့်ဆိုင်ရဲ့ သခင်ပါ... ဒီရှေ့က အလှလေးရဲ့နာမည်က ဘယ်လိုခေါ်တာပါလိမ့်..."
ထိုအသံကို ကြားလိုက်ရပြီး ခြေသံများက နီးကပ်လာသည်။
ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်သည်။
ဒီအသံက... စုပိုင်ချယ့်များလား...
စုပိုင်ချယ့်က ဖဲဝတ်ရုံနှင့် ကျောက်စိမ်းသရဖူကို ဝတ်ဆင်ထားပြီး ဝိုင်ကရားကိုကိုင်ထားသည်။ သူက အနည်းငယ် မူးနေရုံသာဖြစ်၍ အသိစိတ်ကပ်နေသေးသည်။
သူ့မျက်လုံးများမှေးကျဉ်း၍ ရှေ့မှလူကို စိုက်ကြည့်နေလိုက်သည်။ ထိုလူ၏ဆံပင်ရှည်များက ခါးအထိရှိနေပြီး အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်ဖြစ်ကာ လက်ချောင်းလေးများကလည်း ကျောက်စိမ်းသဖွယ် ဖြူဖွေးနေသည်။ သူ၏ နှစ်ပေါင်းများစွာရှိခဲ့သော အတွေ့အကြုံအရ ထိုလူက အလှလေးတစ်ယောက်ဖြစ်ကြောင်း သိလိုက်သည်။
သူ့ကို အိပ်ခန်းထဲ ဆွဲခေါ်သွားရင် ကောင်းမလား...
သူ့စိတ်ထဲ ထိုသို့အကြံထုတ်နေစဉ်တွင် ရှေ့မှလူက တစ်ဖက်သို့လှည့်သွားသည်။
စုပိုင်ချယ့်က ဇာမဏီမျက်ဝန်းများကို ရုတ်ချည်းမြင်လိုက်ရ၍ ခဏတာ အေးခဲတောင့်တင်းသွား၍ ပါးစပ်အဟောင်းသားဖြစ်သွားကာ အမူးပြေသွားလေသည်။
ချီးပဲ... အဲဒါ ရှန်းလျိုရှန့်လား...
ကျူးယန်ကို အမြစ်ပြတ်သုတ်သင်ပြီးချိန်မှစ၍ စုပိုင်ချယ့်မှာ ထုံရှီး၏ ခြိမ်းခြောက်မှုကို မခံရတော့ပေ။ သူ့ပုံပန်းသွင်ပြင်ကိုပြောင်းလဲကာ လင်ယဲ့နှင့် အခြားလူများ၏ မျက်စိရှေ့မှ ဝေးဝေးနေ၍ စီးပွားရေးပြုလုပ်ရန် ဆိုင်တစ်ဆိုင်ဖွင့်ထားကာ ပျော်ပျော်ရွှင်ရွှင်နှင့် ကြွယ်ဝချမ်းသာစွာ နေထိုင်ခဲ့သည်။
ဝမ်းနည်းစရာကောင်းသည့် တစ်ခုတည်းသောအရာမှာ သူ့ထံတွင်ရှိသော ချစ်စရာကောင်းသည့် အမျိုးသမီးနှင့် လှပသောမိသားစုတစ်ခုကို ကြည့်ရုံသာကြည့်နေပြီး လုံးဝထိ၍ မရခြင်းဖြစ်သည်။
ထုံရှီးက သူနှင့်အတူပျောက်ကွယ်သွားရန် ဆုံးဖြတ်ထားသောကြောင့် သူ့ကိုကြိမ်ဖန်များစွာ ဟန့်တားနေခဲ့၍ စုပိုင်ချယ့်က အနာဂတ်အတွက်တွေးတောကာ သူ့အတွက် အသုံးမဝင်တော့သည့်စနစ်ကို သတ်ပစ်ရန် ကြံစည်နေခဲ့သည်။
သို့သော် နှစ်ပေါင်းများစွာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းခဲ့သော်လည်း ထုံရှီးကို ထိခိုက်အောင် လုံးဝမပြုလုပ်နိုင်သေးပေ။
ဖိုချုန့်ဆိုင်က ယခုချိန်၌ ပင်မနယ်မြေ၏ အဓိကစီးပွားရေးဖြစ်လာသောကြောင့် ယခုချိန်တွင် ရှုမိသားစုက သူ့ကိုဖိတ်ကြားလာ၍ စုပိုင်ချယ့် ရောက်ရှိလာခြင်းဖြစ်သည်။ နေ့အချိန်တွင် သူက လူပေါင်းများစွာနှင့် မိတ်ဆွေဖွဲ့သည်။ ညဘက်ရောက်သည်နှင့် အချောအလှလေးများကို ရင်ခွင်ထဲထည့်ကာ သောက်စားလေ့ရှိသော်လည်း ထုံရှီး၏ခြိမခြောက်မှုကြောင့် ထိုအချောအလှလေးများကို တွန်းထုတ်ပစ်ကာ အရက်မူးနေလျက်ဖြင့် အခန်းသို့ တစ်ယောက်တည်း ပြန်လာရသည်။
လမ်းတစ်ဝက်တွင် မတော်တဆ ခေါင်းမော့ကြည့်လိုက်သည့်အခါ စင်္ကြန်လမ်းတွင် ရပ်နေသူတစ်ယောက်ကို ဖျတ်ခနဲမြင်လိုက်ရသည်။ ထိုသူက အချောအလှလေးတစ်ယောက်ဖြစ်ကြောင်း သူ့စိတ်ထဲ အလိုလိုသိလိုက်ပေသည်။ သို့ဖြစ်၍ လှပသောတွေ့ဆုံမှုတစ်ခု အစပျိုးလာစေရန် ရှေ့တစ်လှမ်းတိုးလိုက်သော်လည်း မမျှော်လင့်စွာဖြင့် သူ့မျက်နှာကို ညလည်ခေါင်၌ ရေခဲရေဖြင့် ပက်လိုက်သကဲ့သို့ ခံစားလိုက်ရပေသည်။
စုပိုင်ချယ့် သတိကြီးကြီးထား၍ နောက်ဆုတ်သွားပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့လိုက်ရသည့်အခါမှသာ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်မိသည်။
ရှန်းလျိုရှန့် သေဆုံးသွားခဲ့ပြီး မကြာမီတွင် လူအချို့က သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။ စုပိုင်ချယ့်က သတိမပြုမိသော်လည်း ထုံရှီးက သူ့ကိုဆက်တိုက်သတိပေးနေခဲ့သည်။
" ဓားသခင်က အမှောင်ထဲကနေ မင်းကိုစောင့်ကြည့်နေတယ်... ကြည့်ရတာ သူ မင်းအပေါ် ခံစားချက်တွေ ရှိနေတုန်းထင်တယ်... အခွင့်အရေးကို သေချာဆုပ်ကိုင်ပြီး ငါပြောသလိုလုပ်..."
" လင်ယဲ့ကလည်း မင်းကိုကြိုဖို့ လူတစ်ယောက်လွှတ်ထားတယ်... မြန်မြန်ထပြီး ပြင်ဆင်တော့..."
" ဧကရာဇ်ရှင်းချန်က ဒီနေရာကို လူတစ်ယောက်လွှတ်ထားတယ်ဆိုတာ... သူ မင်းကို ပထမဆုံးအကြိမ်တွေ့တည်းက သဘောကျသွားတယ်ဆိုတာ ငါသိနေတယ်..."
" အားးး အဲဒါ ကျိုးရွှမ်လန်ပဲ... သူက မင်းကို ဝိညာဉ်အသိစိတ်နဲ့ ရှာနေတာ... နောက်ဆုံးတော့ အခွင့်အရေးက ရှေ့ကိုရောက်လာပြီ... အမြန် ရှေ့တိုးလိုက်စမ်းပါ..."
ထိုစကားများကိုကြားလေ စုပိုင်ချယ့်၏နှလုံးသားထဲ အေးစက်လာလေဖြစ်သည်။ ထုံရှီးကို သူ့စိတ်ထဲတွင် ကျိန်ဆဲနေလျက် သူ့ကို အမှောင်ထဲမှ စောင့်ကြည့်နေသူများကို မသိချင်ယောင်ဆောင်ကာ လုပ်စရာရှိသည့်ကိစ္စများကိုသာ လုပ်နေလိုက်သည်။
သူတို့က ငါ့ကိုကြိုက်လို့ စောင့်ကြည့်နေတယ်များထက်နေလား... တစ်ခုခုအမှားလုပ်တာနဲ့ ကိစ္စတုံးပစ်ဖို့ဆိုတာ သဘောမပေါက်ဘူးလား...
ထုံရှီးပြောသည့်အတိုင်း တစ်သွေမတိမ်း လိုက်လုပ်မိပါက အသတ်ခံရမည်မှာ သံသယဝင်စရာပင် မလိုချေ။
ထိုစဉ်အချိန်က စုပိုင်ချယ့်မှာ သူနှင့်ထုံရှီးအကြောင်း ထိုလူများ တစ်ခုခု ရှာတွေ့သွားသည်ဟုထင်၍ ညဆိုလျှင် ကောင်းကောင်းပင် အိပ်မပျော်ခဲ့ပေ။ ကံကောင်းသည်မှာ ထုံရှီးကို သူ ပြောဆိုကျိန်ဆဲပြီး မကြာမီအချိန်၌ သူ့ကိုစောင့်ကြည့်နေလူများ နောက်ပြန်ဆုတ်သွားခဲ့သည်။
နှစ်ပေါင်းများစွာ ကြာပြီးသည်အထိ စုပိုင်ချယ့်၏ရင်ထဲတွင် အကြောက်တရားတို့ ကင်းဝပ်နေဆဲဖြစ်သည်။ ရှန်းလျိုရှန့်ကို တွေ့သည့်အချိန်၌ ကျိုးရွှမ်လန်နှင့် အခြားလူများကို တွေးမိသွား၍ သတိကြီးကြီးထားနေရတော့သည်။
ရှန်းလျိုရှန့်က မျက်လုံးများမှေးကျဉ်းလိုက်ပြီး ရုပ်ဖျက်ထားသောကြောင့် မရင်းမနှီးဖြစ်နေသည့်လူကို လှမ်းကြည့်လိုက်သည်။
" စုပိုင်ချယ့်လား..."
သူ ရှေ့တစ်လှမ်းတိုးလိုက်သော်လည်း စုပိုင်ချယ့်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး ထိတ်ထိတ်ပျာပျာဖြင့် ထွက်ပြေးသွားပေသည်။
" ဟမ် ဘာဖြစ်တာလဲ..."
ရှန်းလျိုရှန့် တွေးတောနေစဉ်တွင် " ရှစ်စွမ်း " ဟူသောအသံကို ကြားလိုက်ရ၍ လှည့်ကြည့်လိုက်သောအခါ ကျိုးရွှမ်လန် လာနေသည်ကို မြင်လိုက်ရသည်။
သူ့မစ်ရှင်၏အရိပ်ကို တစ်ဖန်မြင်လိုက်ရသည့်အခါ ထုံရှီးက တက်ကြွလာပြန်သည်။ ခဏအကြာတွင်မူ စုပိုင်ချယ့်၏ အပြုအမူကြောင့် ဒေါသထွက်လွန်း၍ စကားပင် ပီပီသသ မပြောနိုင်တော့ချေ။
" မင်းဘာလို့ ထွက်ပြေးတာလဲ... ငါ့စကားကိုနားထောင်ရင် ငါတို့မစ်ရှစ်တွေ ပြီးသွားတာ ကြာနေလောက်ပြီ..."
" မင်းရဲ့ အမှိုက်လိုမစ်ရှစ်ကို ခုထိ လက်မလျှော့သေးဘူးလား..."
စုပိုင်ချယ့် အသက်ပြင်းပြင်းရှုလိုက်သည်။ သူ့ကျင့်ကြံဆင့်က ဝိညာဉ်အသွင်ပြောင်းအဆင့်တွင် ရောက်ရှိနေပြီဖြစ်သော်လည်း ကျိုးရွှမ်လန်နှင့်အခြားလူများနှင့် ယှဉ်ပါက ကွာဟချက် အလွန်ကြီးမားနေသေးသည်။ သို့ဖြစ်၍ သူ့ကိုယ်သူခုခံကာကွယ်နိုင်ရန် စွမ်းရည် မရှိသေးပါက ထိုလူများကို တတ်နိုင်သမျှ ရှောင်ကြဥ်ရပေမည်။
ထုံရှီး၏ ဆူဆူညံညံအသံကိုကြားသည့်အခါ သူစိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်သည်။
" မင်းက ငါ့ကိုပဲ ကျိန်ဆဲနေဖို့သိတာ တော်တော် အသုံးမကျတဲ့ကောင်... ငါ့အတွက်ငါသာ အစီအစဉ်မဆွဲထားရင် တစ်ယောက်ယောက်က ငါ့လည်ပင်းကို ဓားနဲ့လာထောက်တော့မှာ မင်းငါ့ကို ကယ်ချိန်တောင် ရလိုက်မှာ မဟုတ်ဘူး..."
" မင်းသာ ငါ့စကားတွေကို စောစောတည်းက နားထောင်ရင် ဘယ်သူက မင်းလည်ပင်းကို ဓားနဲ့လာထောက်မှာလဲ... ပြဿနာရှာပြီးရင် ငါ့ကိုပဲ လွှဲချနေတယ်..."
ထုံရှီးက သရော်လိုက်သေးသည်။
" ပြီးတော့ ငါ့မှာအင်အားကြီးစွမ်းရည်တွေရှိတယ်... သူတို့ကိုသုံးရခက်နေရုံလေးပဲ..."
စုပိုင်ချယ့်ကပြော၏။
" တိယွင်ယွီက ကောင်းကင်ဘုံပေါ်တက်သွားပြီမလား... မင်းကို ဘယ်သူက ရှာတွေ့နိုင်မှာမို့လဲ... ငါထင်တာတော့ မင်းက ငါ့ထက်ပိုပြီး ကိုယ့်အသက်ကိုယ် တန်ဖိုးထားနေတာပဲ ကြွက်တစ်ကောင်လိုပဲ ကြောက်နေတယ်..."
ထုံရှီးက ပြစ်တင်စကားများကို နားထောင်နေသော်လည်း ပြန်မပြောပေ။ တိယွင်ယွီ ထွက်သွားခဲ့သော်လည်း သူ့စွမ်းအားများကိုသုံးလိုက်မိပါက ဤပင်မနယ်မြေတွင် သူ့ကိုဖမ်းမိနိုင်သည့်လူများစွာ ရှိနေသေးသည်။ အကယ်၍ သူ့မစ်ရှင်ကို မပြီးမြောက်ပါက ဤနေရာတွင် ပိတ်မိနေမည်ဖြစ်ပြီး ဖမ်းမိသွားခဲ့ပါက သူ့အသက်ကိုဆုံးရှုံးရပေမည်။
စုပိုင်ချယ့်က သူ့ကို အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်စွာကြည့်နေခဲ့ပြီးနောက် မျက်လုံးများ အနည်းငယ်အရောင်လက်လာသည်။
အကယ်၍ ထုံရှီးသေသွားခဲ့လျှင်ပင် သူက မသေနိုင်ဘဲ ဤလောကတွင်သာ ပိတ်မိနေတော့မည်ဟု ထုံရှီး သူ့ကိုတစ်ခါက ပြောပြဖူးသည်။ ထို့အပြင် တစ်စုံတစ်ယောက်က ထုံရှီး၏ တည်ရှိမှုကို သတိပြုမိသွားခဲ့လျှင်ပင် ဖမ်းရခက်သည့်သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
သို့ရာတွင် ထုံရှီးက သူ့စွမ်းအားကို အသုံးပြုရန်ငြင်းဆန်နေပြီး ဖမ်းမိသွားမည်ကို စိုးရိမ်နေပေသည်။
အဲဒီလူတွေဆီမှာ အားနည်းချက်တစ်ခုခု ပေါ်သွားလို့များလား...
စုပိုင်ချယ့်၏စိတ်ထဲတွင် ထိုအတွေးများရှိနေပြီး
ထုံရှီးကို စွမ်းအားများအသုံးပြုရန် သွေးဆောင်ရမည့်နည်းလမ်းကို တိတ်တဆိတ်ရှာဖွေရန် တွေးလိုက်သည်။ ဤနည်းဖြင့် သူ့အတွက် ဖြေရှင်းချက်တစ်ခု ရလာနိုင်ပေသည်။