အပိုင်း ၁၆၈
Viewers 30k

Chapter 168




ရှန်းလျိုရှန့် အိပ်ရာနိုးလာချိန်၌ ကျိုးရွှမ်လန်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့ချေ။ 


သူ အိပ်ပျော်နေစဉ်တွင် ကျိုးရွှမ်လန်က သူ့နားနားကပ်၍ အပြင်သွားမည့်အကြောင်း ပြောသွားသည်ကို ပြန်အမှတ်ရသွား၍ လည်ပင်းကိုပွတ်ကာ အိပ်ရာပေါ်မှထလာပြီး သေသေသပ်သပ်ဝတ်စား၍ အခန်းပြင်ထွက်လာခဲ့သည်။


ယနေ့က ရှုဇီလင်း တာအိုလက်တွဲဖော်နှင့် ပေါင်းစည်းမည့်နေ့ဖြစ်သည်။ မနက်အစောပိုင်းတည်းက ဂုဏ်ပြုသူများစွာက လာရောက်နေကြပြီဖြစ်သည်။ အဝေးမှဖြစ်သော ချင်းလင်ဂိုဏ်းနှင့် ဓားဂိုဏ်းတို့မှ တပည့်များကလည်း ရောက်ရှိနေကြပြီဖြစ်သည်။


မင်္ဂလာအခမ်းအနားကျင်းပမည့်နေရာသို့ ရှန်းလျိုရှန့်ရောက်သည့်အခါ အခမ်းအနားအတွက် လိုအပ်သည့်အရာအားလုံးကို ပြင်ဆင်ထားသော စင်မြင့်ကြီးတစ်ခုကို ရှန်းလျိုရှန့်မြင်လိုက်သည်။ စင်မြင့်နှင့်အနီးဆုံးနေရာတွင် ရှုမိသားစု၏ အရေးကြီးဧည့်သည့်များကို နေရာချထားမည့် လသာဆောင်ပွဲကြည့်စင်အသေးစား ၇ခု ၈ခုခန့်ရှိသည်။ အဆောက်အဦးနှင့် အပြင်အဆင်များက အလွန်ခမ်းနားလှပေသည်။


ဥပမာအားဖြင့် အလယ်တည့်တည့်တွင်ရှိနေသော ပွဲကြည့်စက်တွက် ခရမ်းရောင်နှင့် ရွှေရောင်ကန့်လန့်ကာများ ချထားပြီး မြေပြင်နှင့်ထိနေသော ကျောက်စိမ်း လှေကားများကလည်း မျက်စိပသာဒဖြစ်ဖွယ်ရာပင်။ 


အခြားသော ပွဲကြည့်စင်များတွင်လည်း တစ်မျိုးတစ်ဖုံစီ အနုစိတ်ပြင်ဆင်ထားသော်လည်း ညာဘက်ဆုံးတွင်ရှိသည့် စင်တစ်ခုကမူ အနည်းငယ်ထူးခြားနေသည်။ 


ဂရုတစိုက်ပြင်ဆင်ထားသော အခြားစင်မြင့်များနှင့် မတူညီသည်မှာ ညာဘက်အဆုံးမှစင်က တစ်ချက်ကြည့်လိုက်ရုံဖြင့် သစ်သားဆွေးများဖြင့် ပြုလုပ်ထားကြောင်း သိသာပေသည်။ လှေကားထစ်များကလည်း ကျဉ်းမြောင်းမတ်စောက်လှပြီး ၎င်းကိုကာရံထားသည့် ကန့်လန့်ကာလည်း ရှိမနေချေ။ လက်ရန်းများကိုကျော်ပြီးကြည့်ပါက အတွင်းမှ ပရိဘောဂများကို မြင်နိုင်ပေသည်။ စားပွဲနှင့် ကုလားထိုင်များကို ချထားသော်လည်း အခြားသောစင်မြင့်များနှင့်ယှဉ်ပါက အနည်းငယ်ရိုးစင်းသည့်ပုံစံ ဖြစ်နေသည်။


 ထိုပွဲကြည့်စင်က လူအများစု၏ အာရုံစိုက်မှုကို ရရှိထားသည်။ 


ရှုမိသားစုက ဧည့်သည်များကို ဧည့်ခံပေးနေပြီး သူတို့၏ဆက်ဆံပုံက ဧည့်သည်များက အဆင့်အတန်းအလိုက် ဖြစ်သည်။ ထိုပွဲကြည့်စင်မြင့်များမှာ ပင်မနယ်မြေရှိ ထိပ်တန်းကျင့်ကြံသူများအတွက် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် အလယ်တည့်တည့်မှစင်မြင့်က ဧကရာဇ်အတွက်ဖြစ်ပြီး ၎င်း၏ဘေးမှနေရာက အင်မော်တယ်ဂိုဏ်းများအတွက်ဖြစ်သည်။


အခြားသောဧည့်သည်များကို အနောက်ပိုင်းတွင် စနစ်တကျ နေရာချပေးထားသည်။


သို့ဖြစ်၍ ညာဘက်အစွန်ဆုံးမှ ပွဲကြည့်စင်က အားလုံးအတွက် အထူးအဆန်းဖြစ်နေသည်။ 

ဘယ်လိုအဆင့်အတန်းနဲ့ ဧည့်သည်မျိုးမို့ ရှုမိသားစုက ဒီလိုမျိုးပြင်ဆင်ထားရတာလဲ... သူတို့တွေ တစ်ဖက်လူကို စော်ကားသလိုဖြစ်မှာ မကြောက်ဘူးလား...


အားလုံးမျိုးစုံ မှန်းဆကြည့်နေကြစဉ်တွင် အနီရောင်ဝတ်ရုံနှင့် လူငယ်လေးတစ်ယောက်ကို အစေခံတစ်ယောက်က ထိုပွဲကြည့်စင်သို့ ဦးဆောင်ခေါ်လာသည်ကို မြင်သည့်အခါမှ သူတို့အားလုံး သဘောပေါက်သွားကြသည်။


" အံ့ဩစရာ မဟုတ်တော့ပါဘူး... အစတည်းက သူ့အတွက် ပြင်ထားတာပဲ..."


" ဒီလိုကြီး ပြောင်ပြောင်တင်းတင်း အရှက်ခွဲတာက မသင့်တော်ပါဘူး... သူက ‌ဧကရာဇ်ရှင်းချန်ရဲ့ အစ်ကိုတော်လေ..."


" သူတို့က ညီအစ်ကိုတွေဆိုပေမယ့် ဧကရာဇ်နေရာအတွက် ပြိုင်ဆိုင်နေတုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် မုန်းနေခဲ့ကြမယ်ဆိုတာ မမေ့နဲ့ဦး... ပြီးတော့ ရှုမိသားစုက ဘာကိစ္စ ဒီလိုလုပ်ရဲမှာလဲ... ဧကရာဇ်က သူတို့ကို မခိုင်းထားဘူးလို့ ပြောနိုင်မယ်တဲ့လား..."


" မနေ့တုန်းက ဧကရာဇ် ရှန်းလျိုရှန့်ကို ဒီနေရာခေါ်လာတော့ သူတို့ညီအစ်ကိုကြားမှာ ဆက်ဆံရေးအဆင်ပြေတယ်လို့ လူတော်တော်များများက ပြောနေခဲ့ကြပေမယ့် တကယ်တော့ အလိမ်အညာတွေ ဖြစ်နေတာပဲ..."


" သေချာပေါက် အလိမ်အညာပေါ့... ရှန်းလျိုရှန့်ရဲ့ ကျင့်ကြံဆင့်ကလည်း ထိုးကျသွားပြီလေ ဧကရာဇ်ရဲ့ လက်သန်းတစ်ဖက်တည်းနဲ့တောင် သူ့ကိုသတ်ပစ်နိုင်တယ်... သူ့ကို ဘာကိစ္စ ဂရုစိုက်ရတော့မှာလဲ... မနေ့ညတုန်းကလည်း ဧကရာဇ်က ခပ်လှမ်းလှမ်းတည်းက သူ့ကိုလှမ်းမြင်ပေမယ့် နှာမှုတ်ပြီးတော့ ဝတ်ရုံလက်ကိုပါခါပြီး ထွက်သွားတာလေ... ကြည့်ရတာတော့ ဧကရာဇ်က သူ့ကိုသဘောမကျတာ ကြာပြီထင်တယ်..."


.....


ရှန်းလျိုရှန့် ခေါင်းမော့ပြီး သူ့အနားမှ ပွဲကြည့်စင်ကို ကြည့်လိုက်သည်။

" ဒါက ငါ့အတွက် ပြင်ပေးထားတဲ့ ပွဲကြည့်စင်လား..."


အစေခံက ဟုတ်မှန်ကြောင်းပြောပြီး ချက်ချင်းထွက်သွားသည်။ ရှန်းလျိုရှန့် လှေကားထစ်များကို လက်ဖြင့်ထိကြည့်လိုက်သည်။ အနည်းငယ်အားထည့်လိုက်ရုံဖြင့် ကျွီခနဲအသံမြည်လာပြီး သစ်သားလှေကားက အနည်းငယ်လှုပ်ခါသွားသည်။


ရှန်းလျိုရှန့်က အပြုံးမမည်သော အပြုံးတစ်ပွင့်ဖြင့် ပြုံးလိုက်သည်။ မူလက ရှုဇီလင်းတစ်ယောက်တည်းဟုသာ သူထင်ခဲ့သော်လည်း ယခုအခါ ရှုမိသားစုတစ်စုလုံးက စိတ်ဝင်စားစရာကောင်းသည့်ပုံပေါ်‌လာသည်။


အခမ်းအနားကို မကြာမီအချိန်၌ တရားဝင်စတင်တော့မည်ဖြစ်၍ ရင်ပြင်တစ်ခုလုံး လူများစွာဖြင့် ပြည့်နှက်လာသည်။ ရှန်းလျိုရှန့် ကြည့်လိုက်သည့်အခါ စားပွဲပေါ်တွင်လည်း မည်သည့်စားစရာမှ ရှိမနေပေ။ သူ သစ်သီးပန်းကန်သွားယူပြီးမှ လှေကားပေါ် ပြန်တက်တော့မည့်အချိန်၌ တစ်စုံတစ်ယောက်က သူ့ကိုဟန့်တားလိုက်သည်။


သူလှည့်ကြည့်လိုက်သည့်အခါ အဖြူရောင်ဝတ်ရုံပေါ်တွင် မက်မွန်ပွင့်များပုံဖော်ထားသည့် ချင်းလင်ဂိုဏ်းဝတ်ရုံကို ဝတ်ထားသည့်လူငယ်လေးက သူ့ကို ဦးလေးရှန်းဟု ခေါ်နေသည်။


ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီးနောက် သူ့က်ု ဦးလေးဟု ခေါ်နေသူက သူ့ရှစ်ရှုန်း၏ တပည့်ဖြစ်မည်ဟု တွေးလိုက်မိသည်။ သူက ချင်းလင်ဂိုဏ်း၏ တပည့်များအကြားမှ ပြိုင်ပွဲတွင် ကျိုးရွှမ်လန်ကို အနိုင်ယူ‌ခဲ့သောကြောင့် ရှန်းလျိုရှန့်၏ ဝိညာဉ်ကျောက်တုံးတစ်သောင်း ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။


သို့သော် အချိန်အလွန်ကြာမြင့်သွားပြီဖြစ်၍ ရှန်းလျိုရှန့်က သူ့နာမည်ကို မမှတ်မိဖြစ်နေသည်။ ကံကောင်းသည်မှာ သူ့အကြားအာရုံက ကောင်းမွန်နေသေးသည်။


မနီးမဝေးမှ လူတစ်ယောက်က တီးတိုးပြောနေသည်ကို သူ ကြားလိုက်သည်။

" ဂိုဏ်းချုပ်လင်ယဲ့က ချင်းလင်ဂိုဏ်းချုပ်နေရာကနေ ထွက်သွားပြီးတော့ သူ့တပည့် လင်မူရှန်းကို လွှဲပေးခဲ့တယ်လေ... ဒီဂိုဏ်းချုပ်လေးက သိုသိုသိပ်သိပ်ပဲ နေတတ်တော့ ဒီနေ့မလာဘူးလို့တောင် ထင်ထားတာ... ရှုမိသားစုကတော့ ခြေတံလက်တံတွေ တော်တော်ရှည်တာပဲ..."


ရှန်းလျိုရှန့် သူ့ကို သစ်သီးပန်းကန် လှမ်းပေးလိုက်သည်။

" တူလေးမူရှန်း ဖြစ်နေပါလား... သစ်သီးစားဦးမလား..."


လင်မူရှန်းက ရယ်လိုက်ပြီး ခေါင်းခါကာ ပွဲကြည့်စင်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။

" ကျွန်တော် ဦးလေးနဲ့ မတွေ့ရတာကြာပြီ... အခု ဦးလေးတစ်ယောက်တည်းဆိုတော့ ကျွန်တော်နေရာကို လာပါလား..."


ချင်းလင်ဂိုဏ်းချုပ်ဖြစ်သော လင်မူရှန်းက နေရာကောင်းတစ်ခုရထားသည့်အပြင် ရှုမိသားစုကလည်း သူ့ကို အပြစ်မပြုရဲကြပေ။ 


လင်မူရှန်းက သူ့ကိုကယ်တင်ရန် ဤနေရာသို့ရောက်လာကြောင်း ရှန်းလျိုရှန့် သဘောပေါက်လိုက်၍ သူ့နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

" ကျေးဇူးတင်ပါတယ် တူလေး... ဒါပေမဲ့..."


သူ့စကားမဆုံးမီမှာပင် အသံတစ်သံကို ထပ်ကြားလိုက်ရသည်။

" အစ်ကိုရှန်းရှန့်..."


ရှန်းလျိုရှန့် အသံလာရာသို့ လှည့်ကြည့်လိုက်သောအခါ ကျောက်လင်းက ဓားဂိုဏ်းတပည့်တစ်အုပ်စုနှင့် အတူတူရောက်လာသည်ကို မြင်လိုက်ရသည်။ သူ မျက်ခုံးပင့်လိုက်ပြီးနောက် ရှုရှင်းချင်ပြောသည်က မှန်ကန်သည်ဟု တွေးမိသွားသည်။ သူ ဤနေရာတွင် အသိမိတ်ဆွေများစွာနှင့် တွေ့ရပေသည်။


ရိုးရှင်းလှသော ပွဲကြည့်စင်က အားလုံး၏ အာရုံစိုက်မှုကို ရရှိနေပြီးဖြစ်သော်လည်း လင်မူရှန်းနှင့် ကျောက်လင်းတို့၏ ချဉ်းကပ်လာမှုကြောင့် ပိုမိုအာရုံစိုက်ဖွယ်ရာ ဖြစ်နေသည်။


လူများစွာအနက်မှ တစ်ယောက်က အလွန်စိတ်လှုပ်ရှားနေသည်။


တချမ်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်က ကူကယ်ရာမဲ့စွာဖြင့် လှည်ကြည့်လာပြီး သူ့နောက်တွင် ပုန်းနေသူကို သတိပေးလိုက်သည်။

" ဂိုဏ်းချုပ်... တကယ်လို့ အခုနေများ ရှေ့ထွက်သွားပြီး သူ့ကိုမခေါ်ဘူးဆိုရင် အင်မော်တယ်အရှင်က တခြားလူတစ်ယောက်ယောက်ရဲ့ ပွဲကြည့်စင်ကို သွားတော့မှာ..."


မင်ထန်က ရှက်သွားပြီး စကားများထစ်ကုန်သည်။

" ငါ ငါလည်း သွားခေါ်ချင်တာပေါ့... ဒါပေမဲ့ ရုတ်တရက်ကြီးများ ဖြစ်သွားမလားလို့..."


အကြီးအကဲက သက်ပြင်းချလိုက်သည်။

" ကျွန်တော် ဂိုဏ်းချုပ်အစား သွားခေါ်ပေးရင်ရော..."


" မဖြစ်ဘူး... ဒီလိုဆိုရင် မလေးစားရာကျမှာပေါ့... ငါ ငါကိုယ်တိုင်သွားမယ်... ငါ သွားရင်တောင်မှ အင်မော်တယ်ကိုဖိတ်ခေါ်ဖို့ သင့်တော်ရုံလေး ဖြစ်နေတာကို..."


မင်ထန်က အဝေးမှ လူကို မျက်တောင်မခတ်စတမ်းကြည့်နေသည်။ သူ စိတ်လှုပ်ရှားနေစဉ်တွင် လူတစ်အုပ်စုက ရှန်းလျိုရှန့်အနားသို့ ချဉ်းကပ်လာပြန်သည်ကို တွေ့လိုက်ရသည်။


သူ့အကြည့်ကစူးရှလွန်း၍ ရှေ့အမြန်တိုးလိုက်သည်။


ရှန်းလျိုရှန့်၏လက်ထဲတွင်ကိုင်ထားသော သစ်သီးပန်းကန်က ပေါက်ကွဲထွက်လာသည့် ဝိညာဉ်စွမ်းအားတစ်ခုကြောင့် ပြုတ်ကျသွားပြီး သစ်သီးများက ကြမ်းပေါ်ပြန့်ကျဲကုန်သည်။


ရှုဇီရွှယ်က နောက်ဆုံးတွင် နတ်ဆိုးနယ်မြေမှ ရရှိခဲ့သော ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူ ပြန်ကောင်းလာသည်နှင့် သုံးဘဝကျောက်တုံးကိုယူပြီး အိမ်သို့ အမြန်ပြန်လာခဲ့သည်။ မမျှော်လင့်ထားသည်မှာ သူ အိမ်ပြန်ရောက်ပြီး မကြာမီအချိန်တွင် သူ့ကို နတ်ဆိုးဧကရာဇ်က ဒဏ်ရာရအောင်လုပ်ခဲ့ရသည့် အဓိကလက်သည်ဖြစ်သော ရှန်းလျိုရှန့်ကို တွေ့လိုက်ရသည်။


ရှုဇီရွှယ်က သူ့လက်အောက်ငယ်သားများကို ရှန်းလျိုရှန့်အား ဝန်းရံစေလိုက်သည်။ သူ အနားမရောက်မီ တိုက်ခိုက်လိုက်သော်လည်း ရှန်းလျိုရှန့်က ရှောင်လိုက်သောကြောင့် သစ်သီးပန်းကန်ကိုသာ ထိသွားသည်။


ရှုဇီရွှယ် အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။

" ခွေးရောကြောင်ရော ဒီအခမ်းအနားကို လာတက်နေကြပြီလား... မင်းမှာ ဖိတ်စာရောပါရဲ့လား..."


ရှန်းလျိုရှန့် သူ့လက်ကိုခါလိုက်သည်။


လင်မူရှန်းနှင့် ကျောက်လင်းတို့၏ အမူအရာများက မည်းမှောင်သွားပြီး ရှန်းလျိုရှန့်၏ရှေ့တွင် ရပ်လိုက်သည်။ သို့သော် သူတို့ဘာမှမပြောရသေးမိိီမှာပင် ဘေးနားမှ ဒေါသတကြီးအော်သံကြီး ထွက်ပေါ်လာသည်။

" မျိုးမစစ်ကောင် မင်းကတော့ သေချင်နေတာပဲ... မင်း တစ်ချက်လှုပ်ရဲရင် လှုပ်ကြည့်လိုက် ငါ မင်းရဲ့ ခြေတွေလက်တွေကို ချိုးပစ်မယ်..." 



မင်ထန်က ဒေါသတကြီးဖြင့်ထွက်လာ၍ သူ့ခြေထောက်တစ်ဖက်ကို အကြီးအကဲတစ်ယောက်က ဆွဲထားရသည်။ 


" ဂိုဏ်းချုပ် ကျေးဇူးပြုပြီးတော့ လူအများရှေ့မှာ ကိုယ့်အပြုအမူလေးကို ဂရုစိုက်ပေးပါ... အဲဒါ ဧကရာဇ်ရဲ့ ညီတစ်ဝမ်းကွဲနော်... ပြီးတော့ ရှုမိသားစုရဲ့ အဖိုးတန်သားလေး ... ပြဿနာရှာလို့ မဖြစ်ဘူး..."


မင်ထန်က သူ့ကိုလက်တစ်ဖက်ဖြင့်ဆွဲမပြီး အညှာအတာကင်းမဲ့စွာဖြင့် လွှတ်ပစ်လိုက်သည်။

" ဒီကောင် အင်မော်တယ်ရှန်းကို အန္တရာယ်ပေးမလို့လုပ်နေတာ မင်းမမြင်ဘူးလား... ငါ သူ့ကို တစ်စစီ လုပ်ပစ်ရမယ်..."


ပြောနေလျက်နှင့် မင်ထန် ထံမှ စွမ်းအားကြီးသောဖိအားတစ်မျိုး ထွက်ပေါ်လာသည်။ 


ရှုဇီရွှယ်၏ အမူအရာက ပြောင်းလဲသွားသည်။ သူက ဂိုဏ်းချုပ်နှစ်ယောက်လုံးနှင့် ကျောက်လင်းကို သိရုံသာမက ကျင့်ကြံရေးလောကရှိ သူတို့၏ဂုဏ်သတင်းများကိုပါသိသည်။ ထိုလူများက ရှန်းလျိုရှန့်ဘက်မှ ရပ်တည်ပေးလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။ သူ အလွန်ဒေါသထွက်လာ၍ ရှန်းလျိုရှန့်ဘက်သို့လှည့်ပြီး အော်ပြောလိုက်သည်။


" ကောလဟာလတွေက တကယ်မှန်တာပဲ... မင်းမှာ လူတွေကိုဖြားယောင်းတတ်တဲ့ မျက်နှာလေးတော့ ရှိသား... တခြားလူတွေရဲ့နောက်မှာ ပုန်းနေတယ်ဆိုတော့ ဘယ်လောက်တောင် သူရဲဘောကြောင်တာလဲ...မင်း ထွက်လာပြီးတော့ ငါနဲ့ယှဉ်ရဲလား..."


ရှန်းလျိုရှန့် မျက်လုံးများမှေးကျဉ်းသွားပြီး သူ့ရှေ့မှလူများကို ဘေးနား အသာတွန်းလိုက်သည်။

" မင်းက ငါနဲ့ပြိုင်ရလောက်တဲ့အထိ တန်လို့လား..."


ရှုဇီရွှယ် : " ဘာလဲ မင်းက မပြိုင်ရဲလို့လား..."


ရှန်းလျိုရှန့်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး ရုတ်တရက် ပြောလာသည်။ 

" ငါနဲ့ တိုက်ရမှာ နည်းနည်းတော့ ပျင်းစရာကောင်းမှာ.. ‌ဒါပေမဲ့ တိုက်မယ်ဆိုရင်တော့ အသက်ပါရင်းရမှာနော်..."


ရှုဇီရွှယ်မှာ မူလတည်းက ရှန်းလျိုရှန့်၏အသက်ကိုနှုတ်ယူရန် ကြံရွယ်ထားခဲ့သော်လည်း တစ်ဖက်လူက လက်ဦးမှုယူပြီး ထိုစကားများကို တည့်တိုးပြောလာလိမ့်မည်ဟု မထင်ခဲ့ပေ။ သူ ခဏတာကြောင်အသွားပြီးသည့်နောက်တွင် လက်ခုပ်လက်ဝါးတီး၍ အားပါးတရ ဟားတိုက်ရယ်မောတော့သည်။ 


နေရာတစ်ခုလုံး ကသောင်းကနင်းဖြစ်ကုန်သည်။ အားလုံးက ဆူညံသံများ ကြားလိုက်ရပြီး ရင်ပြင်ထဲတွင် လူနှစ်ယောက် ပဋိပက္ခဖြစ်နေသည်ကို မြင်လိုက်ရ၍ ထိတ်လန့်ကုန်ကြသည်။ ယနေ့က နေ့ကောင်းရက်မြတ်ဖြစ်၍ ရှုမိသားစုပိုင်မြေထဲတွင် ခိုက်ရန်ဖြစ်ပွားခြင်းကို ဟန့်တားထားသည်။ မည်သည့်လူနှစ်ယောက်က ထိုမျှအထိ ရဲတင်းနေသည်ကို သူတို့မသိကြပေ။ 


လူတစ်အုပ်စုက အတင်းတိုး‌ဝှေ့ပြီး ရှေ့သို့ထွက်လာကြသည်။ လူနှစ်ယောက်ကို ရှင်းလင်းစွာမြင်သည်နှင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုလူနှစ်ယောက်က ရှန်းလျိုရှန့်နှင့် ရှုမိသားစု၏ သခင်လေးဖြစ်နေသည်။


" သူတို့နှစ်ယောက်ကြားထဲမှာ ဘာရန်ငြှိုးတွေများ ရှိလို့လဲ..."


" ငါကြားတာတော့ နတ်ဆိုးနယ်မြေမှာ သူတို့တွေ ပဋိပက္ခဖြစ်ခဲ့တယ်တဲ့... ရှုဇီရွှယ်က ဝိညာဉ်အသွင်ပြောင်းအဆင့်မှာ ရှိနေတာဆိုတော့ အခြေခံအုတ်မြစ်တည်အဆင့်မှာရှိနေတဲ့ ရှန်းလျိုရှန့်က တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး... အနိုင်ကျင့်နေသလို ဖြစ်နေမှာ..."


" ရှုမိသားစုက ဒီကိစ္စကို လုံးဝကို ဂရုမစိုက်တာ... ဟိုမှာကြည့် ရှုမိသားစုခေါင်းဆောင်နဲ့ မိန်းကလေးဇီလင်းတို့က အဲ့မှာ ရှိနေကြတာကို သူတို့မျက်စိရှေ့မှာ ဘာမှမဖြစ်တဲ့အတိုင်း ဟန်ဆောင်နေကြတယ် တစ်ချက်မှတောင် မတားဘူး... သူတို့တွေ ရှန်းလျိုရှန့်ကို ထိခိုက်သွားမှာ မကြောက်ဘူးလား သူလည်း တစ်ချိန်တုန်းကတော့ မင်းသားလေးပဲလေ..."


" ဘာကိစ္စ စိတ်ပူကြမှာတဲ့လဲ... ဧကရာဇ်ရှင်းချန်ကတောင် စကားတစ်ခွန်းမှ မပြောဘဲ ကြည့်နေတာကို... သူလည်း ရှန်းလျိုရှန့်ကို ပညာပြချင်နေတာ နေမှာပေါ့... ရှုမိသားစုတစ်ခုလုံးက ရှုဇီရွှယ်ကို စိတ်တိုင်းကျလုပ်ခွင့်ပေးထားတာ အသိသာကြီး... သူတို့တွေက ဧကရာဇ်ရဲ့အတွေးကို ကြိုသိလို့ ဘာမှမပြောခင်မှာပဲ ကျေနပ်သွားအောင် တမင်လုပ်ပေးကြတာဖြစ်မယ်..."


" ဖြစ်နိုင်တယ်... ကြည့်ရတာ ဒီတစ်ခါတော့ အင်မော်တယ်ရှန်း..."


ဘုန်း...


ရှန်းလျိုရှန့်က ရှုဇီရွှယ်၏ဆံပင်ကိုဆောင့်ဆွဲပြီး သူ့မျက်နှာကို ကန်ကျောက်ကာ ကိုင်ပေါက်လိုက်၍ ပေအနည်းငယ်ခန့်လွင့်သွားပြီး ကျောက်တုံးရုပ်တုတစ်ခုနှင့် ဝင်ဆောင့်တော့သည်။


ရှုဇီရွှယ်မှာ သူ့လည်ချောင်းထဲတွင် ငန်ကျိကျိအရသာကို ခံစားလိုက်ရပြီး ရင်ဘတ်ကိုဆုပ်ကိုင်၍ မနည်း ထရပ်လာကာ မျက်နှာတစ်ခုလုံးလည်း ပြာနှမ်းနေသည်။


ရှန်းလျိုရှန့်၏ ကျင့်ကြံဆင့်က သူ့လောက်မမြင့်သော်လည်း အဆုံးမဲ့လှသည့် မန္တန်များနှင့် လှည့်ကွက်များကြောင့် သူ့ကို အနိုင်မယူနိုင် ‌ဖြစ်နေသည်။


ရှုဇီရွှယ်၏ရင်ထဲတွင် အငြှိုးအတေးများ၊ မနာလိုမှုများဖြင့်ပြည့်လာသည်။ ရှန်းလျိုရှန့်က နန်းတွင်းမှမန္တန်များကို အသုံးပြုနေပုံရသည်။ ရှုမိသားစု၏ နောက်ခံက မနက်ရှိုင်းသေး၍ သူတို့၏မန္တန်များက နန်းတွင်းကိုမဆိုနှင့် အခြားသောဂိုဏ်းများနှင့်ပက် မယှဉ်နိုင်သေးချေ။ 


ဒဏ္ဍာရီအရဆိုလျှင် နန်းတွင်း၌ မှော်စာလိပ်များက တောင်သဖွယ် စုပြုံနေ၍ ရှုမိသားစုက ထိုစာလိပ်များထဲမှ မန္တန်များကို လိုချင်နေခဲ့ကြသည်။ ကံဆိုးသည်မှာ ရှုမိသားစု၏ခေါင်းဆောင်ဖြစ်သော ရှု‌ကွမ်ဟိုင်ကိုပင် ရှုရှင်းချန်က နန်းတွင်းထဲအဝင်မခံသောကြောင့် စာလိပ်များထဲမှ မန္တန်များကို ရရှိရန်က အိမ်မက်သဖွယ် ဖြစ်နေသည်။ 


ရှုဇီရွှယ်က ရှန်းလျိုရှန့်ကို သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်နေသည်။


အကယ်၍ သူ ရှန်းလျိုရှန့်ကို အပြတ်ရှင်းပေးနိုင်ပါက ရှုရှင်းချန်က ပျော်ရွှင်ဝမ်းမြောက်သွားပြီး သူ့ကိုရှန့်ချီတောင်သို့ ခေါ်သွားနိုင်ပေသည်။ ထို့အပြင် သူ့ဖခင်ကလည်း ဧကရာဇ်၏အလိုကျ လုပ်ပေးချင်ပါက သူတို့၏အရည်အချင်းအစစ်ကို ဖုံးကွယ်ထားပြီး အချိန်တန်သည်အထိ စောင့်ရမည်ဟု ပြောထားသည်။ ရှုရှင်းချန် ကောင်းကင်ဘုံပေါ်တက်၍ ထွက်ခွာသွားနိုင်ပါက ရှုမိသားစုက နန်းတွင်းကိုချုပ်ကိုင်လာနိုင်၍  ရှန့်ချီတောင်ကိုအုပ်ချုပ်ရန် မင်းသမီးရှန်းလျန်ကို နောက်ကွယ်မှ ထိန်းချုပ်နိုင်မည်ဖြစ်သည်။


ရှုဇီရွှယ်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး သူ့ရင်ထဲမှ သတ်ဖြတ်လိုစိတ်က ပိုမိုပြင်းထန်လာကာ မနီးမဝေးမှ လက်အောက်ငယ်သားတစ်ယောက်နှင့် အကြည့်ချင်းဆုံလိုက်သည်။ 


သူ့လက်အောက်ငယ်သားများထဲတွင် လူအရေအတွက် ပိုမိုများပြားလာသည်။ ထိုလူအားလုံးက သူ့အဖေ၏ သီးသန့်ကိုယ်ရံတော်များဖြစ်ကြသည်။ သူတို့၏ကျင့်ကြံဆင့်က နတ်ဘုရားအသွင်ပြောင်းအဆင့်တွင် ရှိနေရုံသာမက သူတို့လက်ထဲမှ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သော ဓားများကလည်း နာမည်ကျော်ကြသည်။ ထိုဓားချက်များ၏အောက်တွင် ကျင့်ကြံသူပေါင်းများစွာ၏ ဝိညာဉ်တို့ ရှိနေသည်။


ရှုဇီရွှယ်၏စိတ်ထဲ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ထိုလူကို မျက်စပစ်ပြကာ ရှန်းလျိုရှန့်အား တိုက်ခိုက်ခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်အောက်မှလူများက အတူတကွစတင်တိုက်ခိုက်ကြပြီး သီးသန့်ကိုယ်ရံတော်များအနက် အလျင်မြန်ဆုံးလူများက ရှန်းလျိုရှန့်၏နောက်တွင် လျှပ်စီး၏အရှိန်ဖြင့် ပေါ်လာသည်။ 

  

ကြည့်ရှုနေသူများက ထိုလူနှစ်ယောက် အဘယ့်ကြောင့်တိုက်ခိုက်နေသည်ကို သဘောမပေါက်နိုင်သေးမီတွင် ကိုယ်ရံတော်များက စတင်တိုက်ခိုက်လာပြီး အနီရောင်ဝတ်ရုံနှင့် လူငယ်လေး၏နောက်မှ တစ်စုံတစ်ယောက်က အေးစက်စက်ဓားသွားဖြင့် ရှေ့သို့ထိုးစိုက်လိုက်သည်အား တွေ့လိုက်ရသည်။


အားလုံး ထိတ်လန့်သွားကြပြီး ရှန်းလျိုရှန့် ကျိန်းသေပေါက် သေပြီဟု ထင်လိုက်ကြသည်။


မမျှော်လင့်ထားသည်မှာ ဓားဖြင့်ထိလိုက်သည်နှင့် လူငယ်လေးနေရာတွင် ရှုဇီရွှယ်အဖြစ် ပြောင်းလဲသွားသည်။


သွေးများက မြေပြင်အနှံ့စင်ကုန်သည်။


ရှုဇီရွှယ်၏ နှလုံးသားထဲတွင် သွေးများဖြင့်ပြည့်လာပြီး သူ့အဖေ၏သီးသန့်ကိုယ်ရံတော်ကို မျက်လုံးအပြူးသားဖြင့်ကြည့်နေကာ မျက်နှာထက်တွင်လည်း မယုံကြည်နိုင်သည့် အမူအရာမျိုး ဖြစ်ပေါ်လာသည်။


ရှန်းလျိုရှန့်က ရှုဇီရွှယ်ရှိနေခဲ့သည့် နေရာသို့ရောက်သွားပြီး ဘေးကင်းလုံခြုံစွာရှိနေသည်။


ရင်ပြင်တစ်ခုလုံး ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။


ကိုယ်ရံတော်က ကြောက်လန့်လွန်း၍ ဓားကိုလွှတ်ချလိုက်ပြီး ထိတ်ထိတ်ပျာပျာဖြင့် နောက်ဆုတ်သွားသည်။

" သ သခင်လေး..."


ရှုဇီရွှယ် မြေပြင်ပေါ် လဲကျသွားသည်။ ကံအားလျော်စွာဖြင့် သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော မှော်လက်နက်တစ်မျိုးရှိနေခြင်းကြောင့်သာ ထိုနေရာ၌ မသေသွားခြင်းဖြစ်သည်။ သူ သွေးအန်ထွက်လာပြီး မနည်းအားတင်း၍ မတ်တပ်ထရပ်လိုက်ကာ အမြင်အာရုံများလည်း ဝေဝါးလာလေသည်။