Chapter 169
ဧကရာဇ်နှင့် ရှန်းလျိုရှန့်တို့ ပွဲကြည့်စင်ပေါ်၌ ထိုင်ပြီးသည့်အချိန်တွင် လူအုပ်ကြီးက ဆူဆူညံညံပြန်ဖြစ်လာပြီး ရှုဇီရွှယ် သေဆုံးသွားခြင်း ဟုတ်မဟုတ်နှင့် ရှုဇီလင်း၏ မင်္ဂလာပွဲကို ဆက်လက်ကျင်းပမည်လားကို မှန်းဆနေကြသည်။
လူများစွာ ဆူညံပွက်လောရိုက်နေစဉ်တွင် ရှုမိသားစုက အခမ်းအနားကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပသွားမည်ဟု ကြေညာလိုက်သည်။
သူတို့က ပွဲကိုအခမ်းနားဆုံးဖြစ်အောင် စီစဉ်ထားကြပြီးဖြစ်၍ ဧည့်သည်အားလုံးကို ပြန်လွှတ်တော့မည် မဟုတ်ပေ။ အားလုံး၏ အမြင်တွင် ဟာသဖြစ်နေနိုင်သော်လည်း ပွဲကို အစီအစဉ်အတိုင်းသာ ဆက်လက်ကျင်းပရတော့သည်။
အစောပိုင်းက ကိစ္စများ မဖြစ်ပျက်ခံသည့်သဖွယ် နေရာတစ်ခုလုံး ရုတ်တရက် ပုံမှန်ပြန်ဖြစ်သွားသည်။
စုပိုင်ချယ့်က ပွဲကြည့်စင်မြင့်များပေါ်တွင် မထိုင်ရသော်လည်း သူ့နေရာက အရှေ့ပိုင်းနားတွင် တည်ရှိသည်။ သူ့ကို သီးသန့်အခန်းငယ်တစ်ခုဖြင့် ခြားထားပေးခြင်းဖြစ်၍ ထိုနေရာတွင် ခြေထောက်ချိတ်ထားပြီး ခေါင်းကိုလက်တစ်ဖက်ဖြင့်ထောက်ထားလျက် ထိုင်နေသည်။
သူ့ဘေးနားမှ အစေခံမိန်းကလေးက စပျစ်သီးကိုအခွံခွာပေးပြီး သူ့ကိုခွံကျွေးရန် ပြင်လိုက်သည်။ စုပိုင်ချယ့်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး စပျစ်သီးကို လက်ဖြင့်ပုတ်ထုတ်လိုက်သည်။
အစေခံမိန်းကလေးက ဒူးအမြန်ထောက်လိုက်ပြီး ဘာလုပ်ရမည်မသိ ဖြစ်သွားသည်။
" သခင်ကြီး ကျွန်မ..."
" ထပါ မင်းကြောင့် မဟုတ်ဘူး..."
စုပိုင်ချယ့်က မျက်ခုံးနှစ်ခုအကြားနေရာကို ပွတ်နေသည်။
" အားလုံး အပြင်ထွက်သွားကြတော့..."
အခန်းထဲမှ မိန်းမပျိုလေးအားလုံး ထွက်သွားကြသည်နှင့် စုပိုင်ချယ့်က တီးတိုးဆဲရေးလိုက်သည်။
" မင်းဘာလို့ အဲ့လောက်ရူးရတာလဲ..."
ရှုရှင်းချန်က ရှန်းလျိုရှန့်ကို ပွဲကြည့်စင်ပေါ် ဦးဆောင်ခေါ်ပေးသွားသည်ကို မြင်သောအခါ ထုံရှီးက အလှုံ့ဆော်ခံလိုက်ရသကဲ့သို့ သူ့စိတ်ထဲတွင် အော်ဟစ်နေသည်။
" အဲဒီနေရာက မင်း ဖြစ်နေရမှာလေ..."
ထုံရှီး ဒေါသထွက်နေသည်။
" မင်းသာ အစတည်းက ငါပြောတဲ့အတိုင်းလုပ်ရင် အခုချိန်မှာ ဧကရာဇ်ရှင်းချန် လက်ဆွဲသွားမှာက မင်းကိုပဲ..."
စုပိုင်ချယ့်က သူ့ကို စိတ်မမှန်တော့ဟုတွေးလိုက်ပြီး သရော်လိုက်သည်။
" ဘာဆိုင်လို့လဲ... တခြားတစ်ယောက်က သူ့အစ်ကိုကို ရန်လာစတယ်လေ... ရှန်းလျိုရှန့်က ဘာပဲဖြစ်ဖြစ် သူ့အစ်ကိုတော်ပဲကို... ညီအစ်ကိုသံယောဇဉ်က ဘယ်လောက်နက်ရှိုင်းလဲမှ မသိတာ ဘာတွေလာပြောနေတာလဲ... ပြီးတော့ သူတို့က သွေးချင်းနီးလို့ ဒီလောက် ရင်းနှီးကြတာလေ... ရှုရှင်းချန်က ငါနဲ့ဆိုရင် အဲ့လိုဖြစ်မယ်ထင်လို့လား..."
စုပိုင်ချယ့်က စပျစ်သီးတစ်လုံးကိုယူပြီး ပွဲကြည့်စင်ကို လက်ညှိုးထိုးပြလိုက်သည်။
" မင်း အဲလိုဆက်ပြောနေမယ်ဆိုရင် ငါ သူတို့နှစ်ယောက်ရှေ့ကို ပြေးသွားမှာနော် ငါသေရင် မင်းလည်းသေပြီဆိုတော့ အဲ့အချိန်ကျ နှစ်ယောက်လုံးကိစ္စတုံးမှာပဲ..."
ထုံရှီး အလွန်အမင်း ဒေါသထွက်နေသည်။
" မင်းကို ဘယ်သူက အဲလိုလုပ်ခိုင်းလို့လဲ... အရင်ကတော့ သူက မင်းကို အချစ်ဆုံးဖြစ်ခဲ့တာ အခုတော့ ငါတို့တာဝန်တွေထဲကတစ်ခု သွားပြီ... ဘာမှလုပ်မရတော့ဘူး..."
" ဒါဆိုရင်တော့ ဝမ်းနည်းစရာကြီးပေါ့..."
စုပိုင်ချယ့်က အေးစက်စက်ဖြင့်ပြုံးလိုက်ပြီး စပျစ်သီးကိုပါးစပ်ထဲထည့်လိုက်သည်။
.....
ရှုမိသားစုမှလူများက အစောပိုင်းကကဲ့သို့ လျစ်လျူမရှု့ထားရဲကြတော့၍ ညာဘက်အစွန်ဆုံးမှ စားပွဲသို့ အကောင်းဆုံးလက်ဖက်ရည်များ၊ ဝိုင်များကို ယူသွားပေးပြီး စားစရာများကို စားပွဲအပြည့်တည်ခင်းပေးထားသည်။
ရှန်းလျိုရှန့် လိမ္မော်သီးတစ်လုံးကိုယူလိုက်စဉ် သူ့ဘယ်ဘက်လက်ကောက်ဝတ်က အေးစက်စက်ဖြစ်လာသည်။ သူ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ နဂါးနက်လေးက သူ့လက်ဖမိုးပေါ် ခေါင်းတင်ထားသည်အား တွေ့လိုက်ရသည်။ သူ့ပုံစံက အနည်းငယ် ပင်ပန်းနေပုံရပြီး ခန္ဓာကိုယ်ကလည်း အေးစက်နေသည်။
ရှန်းလျိုရှန့်မြင်သည့်အခါ သူ့ဘယ်ဘက်လက်ကို စားပွဲအောက်သို့ထည့်ပြီး ဝတ်ရုံကိုဆွဲကာ ကျိုးရွှမ်လန်အပေါ် စောင်သဖွယ် ခြုံပေးထားလိုက်သည်။
ရှုရှင်းချန်က သူ့အပြုအမူများကို မြင်သော်လည်း တိတ်တိတ်ဆိတ်ဆိတ်သာ နေလိုက်သည်။ သူ့ခေါင်းကို တစ်ဖက်သို့လှည့်တော့မည့်အချိန်၌ ရှန်းလျိုရှန့်ပြောသည်ကို ကြားလိုက်ရသည်။
" ငါ့ကို လက်ဖက်ရည်ငှဲ့ပေးပါလား..."
အစေခံများအားလုံးကို ဖယ်ထုတ်ထားသည့်အပြင် ရှန်းလျိုရှန့်က လက်တစ်ဖက်တည်းဖြင့် ခက်ခက်ခဲခဲလှုပ်ရှားနေရသောကြောင့် ရှုရှင်းချန်ကို ခိုင်းလိုက်ခြင်းဖြစ်သည်။
ရှုရှင်းချန်က လက်ဖက်ရည်အိုးထဲမှ လက်ဖက်ရည်ကို ခွက်ထဲငှဲ့ပြီး ရှန်းလျိုရှန့်ထံသို့ ပေးလိုက်သည်။ လက်ဖက်ရည်က အရသာရှိသောကြောင့် ဂရုတစိုက်ဖြင့် အရသာခံသောက်ရန် ပြောတော့မည့်အချိန်၌ ရှန်းလျိုရှန့်က လက်ဖက်ရည်ခွက်ကို စားပွဲအောက်သို့ထည့်၍ ပြောလိုက်သည်ကို ကြားလိုက်သည်။
" နည်းနည်းတော့ပူနေတယ် နွေးသွားမှ သောက်ရင်သောက်..."
ရှုရှင်းချန် လက်ဖက်ရည်အိုးကြီးကို ဘန်းခနဲ ပြန်ချထားလိုက်သည်။
ကျိုးရွှမ်လန်က ခေါင်းမော့လာပြီး ရေနွေးအနည်းငယ်သောက်ပြီးသည့်နောက် ရှန်းလျိုရှန့်၏လက်ပေါ် ပြန်မှီနေကာ မျက်လုံးများမှိတ်ထားသောကြောင့် ရှန်းလျိုရှန့်က နဂါးလေး၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ ဝိညာဉ်စွမ်းအင်ကို ခံစားကြည့်လိုက်သည်။
ရှန်းလျိုရှန့် လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး လိမ္မော်သီးကိုယူ၍ သူ့ဝတ်ရုံလက်ထဲထည့်ပေးလိုက်သည်။ အဘယ့်ကြောင့် ပွဲမစတင်သေးကြောင်းကို မေးတော့မည့်အချိန်တွင် ပွဲစီစဉ်သူက စင်မြင့်ကြီးပေါ်တက်လာပြီး မင်္ဂလာအခမ်းအနား စတင်တော့မည်ဟု ကြေညာလိုက်သည်။
မကြာမီအချိန်တွင် ရှုဇီလင်းနှင့် သူမ၏ တာအိုလက်တွဲဖော်က သူတို့ဖခင်ပေးသော မှော်လက်နက်ကို လက်ခံရမည်ဖြစ်သည်။ အဝေးမှ တိမ်မည်းမှ တလှိမ့်လှိမ့်တက်လာပြီး ၎င်းတို့ အနားရောက်လာချိန်၌ အားလုံး ထိတ်လန့်သွားရသည်။
နတ်ဆိုးအရှင် နန်ယောင်ချွမ်နဲ့ သူရဲ့နတ်ဆိုးစစ်သူကြီးအုပ်စုပါလား...
" ဒီလောက်ကြီးတဲ့ စစ်တပ်ကြီးကို ခေါ်လာတယ်ဆိုတော့ နတ်ဆိုးလောက က ကျင့်ကြံရေးလောကနဲ့ စစ်ဖြစ်ချင်နေတာများလား..."
" မဟုတ်ဘူး နတ်ဆိုးအရှင်က အမြဲတမ်း ဒီလိုမျိုးပဲ ခရီးသွားတတ်တာ... သူကိုင်ထားတဲ့ ဖဲသေတ္တာဘူးကိုကြည့်လိုက်... ကြည့်ရတာတော့ မင်္ဂလာအခမ်းအနားကို လာဂုဏ်ပြုပေးတာထင်တယ်..."
" ရှုမိသားစုက နန်ယောင်ချွမ်နဲ့ပါ ရင်းနှီးတာလား... ငါ တစ်ခါမှတောင် မကြားဖူးဘူး သူတို့သေချာလေး လျှိုထားတာပဲ..."
ရှုမိသားစုခေါင်းဆောင်က အံ့ဩနေပြီးနောက် ရန်လိုသည့်အရိပ်အယောင်မျိုး မတွေ့ရသောအခါ နတ်ဆိုးအရှင်ကို ကိုယ်တိုင်သွားရောက်ကြိုဆိုပြီး လက်ဆောင်ကို လက်ခံယူကာ သူ့အတွက် ပွဲကြည့်စင်မြင့်တစ်ခု ပြင်ခိုင်းလိုက်သည်။
နန်ယောင်ချွမ်က ညာဘက်အစွန်ဆုံးမှ ပွဲကြည့်စင်မြင့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကို လက်ပြနေသည့် ဝတ်ရုံနီဝတ်လူငယ်လေးကိုမြင်၍ မျက်မှောင်ကြုတ်လိုက်မိသည်။
နှလုံးသားမဲ့လှသည့် ထိုကောင်လေးက ထွက်ပြေးသွားပြီးသည့်နောက် သူ့ထံသို့ တစ်ကြိမ်မှ လာမလည်ခဲ့ပေ။
စာရင်းရှင်းရဦးမယ်...
နန်ယောင်ချွမ် ဝတ်ရုံလက်ကို တစ်ချက်ခါလိုက်ပြီးသည့်နောက်တွင် ညာဘက်အစွန်ဆုံး ပွဲကြည့်စင်သို့ ချက်ချင်းရောက်သွားသည်။
အောက်ဘက်မှ ပရိသတ်များလည်း အံ့ဩမှင်သက်ကုန်သည်။
နတ်ဆိုးအရှင်က ရှန်းလျိုရှန့်နဲ့ ဘာလို့သွားတွေ့တာလဲ... ရှန်းလျိုရှန့်သေသွားပြီးတဲ့နောက် နတ်ဆိုးအရှင်က ဝမ်းနည်းလွန်းလို့ နန်းတော်ထဲကနေ ၁၆ နှစ်လုံးလုံး မထွက်လာခဲ့ဘူးဆိုတဲ့ ကောလဟာလတွေက မှန်နေတာထင်တယ်...
ဆူညံသံများက ကျယ်လောင်လာပြန်သည်။
စုပိုင်ချယ့်မှာလည်း ခေါင်းကိုလက်ဖြင့်ထောက်ထားရပြီး ခွက်တစ်လုံးကို မြေကြီးပေါ်ပစ်ပေါက်၍ ရိုက်ခွဲလိုက်သည်။ ထုံရှီးက သူ့ကို ပြဿနာရှာနေပြန်၍ သူ သည်းမခံနိုင်တော့ပေ။
" ဘာဖြစ်နေတာလဲ... ပါးစပ်ပေါက်လေး ပိတ်ထားပါလား..."
ထုံရှီး၏ လေသံက ဒေါသထွက်လွန်းတော့ကြောင့် ငိုတော့မည့်ပုံစံဖြစ်နေသည်။
" ငါတို့မစ်ရှစ်တွေတော့သွားပြီ..."
စုပိုင်ချယ့် စိတ်မရှည်တော့ပေ။
" သွားတာကြာပေါ့... ငါသာ မြန်မြန်ထွက်မပြေးလာဘူးဆိုရင် နန်ယောင်ချွမ် အပိုင်းပိုင်းခုတ်တာ ခံနေရလောက်ပြီ... မဟုတ်သေးဘူး သူက ဒီခန္ဓာကိုယ်ကို လိုချင်နေတာဆိုတော့... ငါ့ဝိညာဉ်က တဖြည်းဖြည်းပျောက်သွားမှာ... မင်း အိမ်မက်မက်မနေတော့ဘဲ ထလာလိုက်ပါတော့..."
ထုံရှီးက သူ့ကို လျစ်လျူရှု့ထားလိုက်ပြီး ရင်ကွဲပက်လက်ဖြစ်စွာဖြင့် အတွေးလွန်နေလိုက်တော့သည်။
စင်မြင့်ကိုကြည့်နေကြပြီးသည့်နောက်တွင် အနှောင့်ယှက်ခံလိုက်ရသော အခမ်းအနားက ပြန်လည်စတင်လာသော်လည်း ပရိသတ်များအကြားတွင် အုတ်အော်သောင်းနင်း ဖြစ်လာပြန်သည်။
ယခုရောက်ရှိလာသူက ခန္ဓာကိုယ်တောင့်တောင့် အရပ်မြင့်မြင့်နှင့်ဖြစ်ကာ မျက်နှာက ချောမောခံ့ညားသော်လည်း အေးစက်နေပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ့လက်ထဲမှ ဓားကလည်း ရေခဲတမျှ အေးစက်သည့်အော်ရာမျိုး ထုတ်လွှတ်နေသည်။
ကျောက်လင်းက ပထမဆုံးတုံ့ပြန်သူဖြစ်ပြီး မတ်တပ်ထရပ်၍ နှုတ်ဆက်လိုက်သည်။
" ရှစ်ရှုန်း..."
သူ့နောက်မှ ဓားဂိုဏ်းတပည့်များကလည်း နိုးနိုးကြားကြားဖြစ်သွားပြီး ပြိုင်တူနှုတ်ဆက်လိုက်ကြသည်။
" ဓားသခင်ကို ဂါရဝပြုပါတယ်..."
ယဲ့ပင်းရန် ခေါင်းအသာညိတ်လိုက်ပြီး ညာဘက်ဆုံးမှ ပွဲကြည်စင်မြင့်ကို လှမ်းကြည့်လိုက်သည်။ အနီရောင်ဝတ်ရုံနှင့် လူငယ်လေးကလည်း သူ့ကိုလှည့်ကြည့်သည်။ သူ မျက်ခုံးအသာပင့်လိုက်ပြီး အဓိပ္ပါယ်မဖော်နိုင်သည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။
"ဓားသခင်" ဟူသော စကားကိုကြားသည်နှင့် ရှန်းလျိုရှန့်က အမြန်လှည့်ကြည့်လိုက်သောကြောင့် သူ့လက်ကောက်ဝတ်တွင် ရစ်ပတ်နေသည့် ခပ်ဆိုးဆိုးနဂါးလေးက မကျေမနပ်ဖြစ်လာပြီး သူ့လက်ကောက်ဝတ်အရိုးကို အသာကိုက်လိုက်သည်။
၎င်းက မနာကျင်ဘဲ ယားကျိကျိဖြစ်သွားရုံသာ။
ရှန်းလျိုရှန့် မရယ်ဘဲ မနေနိုင်တော့ပေ။
ဓားသခင်ယဲ့ပင်းရန် ရောက်ရှိလာသောကြောင့် ရှုကွမ်ဟိုင်က ကိုယ်တိုင်လာရောက်နှုတ်ဆက်ရပေသည်။ အခမ်းအနားစီစဉ်ပေးသူကို ပွဲအား ခဏရပ်တန့်ထားရန်ပြောပြီး သူ့သမီးနှင့် သားမက်ကိုခေါ်၍ ဓားသခင်ကို လာနှုတ်ဆက်ခိုင်းလိုက်သည်။
ယဲ့ပင်းရန်က အေးတိအေးစက်သာနေတတ်သူဖြစ်၍ ဂုဏ်ပြုစရာကို အကြည့်တစ်ချက်ဖြင့်သာပြောပြီး ခေါင်းညိတ်ပြပြီးနောက် ထွက်သွားသည်။ ရှုကွမ်ဟိုင်က ဓားဂိုဏ်းသားများအတွက် ပြင်ဆင်ပေးထားသော ပွဲကြည့်စင်ရှိရာသို့ သူ့ကိုလိုက်ပို့ရန် တစ်ယောက်ယောက်ကို လွှတ်လိုက်သည်။
ယဲ့ပင်းရန်က ငြင်းဆန်လိုက်သည်။
" မဟုတ်ဘူး ငါက ညာဘက်အစွန်ဆုံးက ပွဲကြည့်စင်ကိုသွားမှာ..."
ရှုကွမ်ဟိုင် : "..."
သူ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် စိတ်ထဲတွင် ရေရွတ်လိုက်သည်။ သူ အတွက်အချက်မှားယွင်းပြီး ရှန်းလျိုရှန့်ကို အထင်သေးခဲ့မိပေသည်။ ယခုအခါ နတ်ဆိုးသခင်နှင့် ဓားသခင်တို့ကပါ ထိုနေရာသို့ ရောက်သွားကြ၍ မည်သူမှ မကျန်တော့ပေ။
ထိုအတွေးများကြောင့် ရှုကွမ်ဟိုင်၏ရင်ထဲ တုန်လှုပ်လာပြီး နောက်ထပ်လူတစ်ယောက်အကြောင်း ထပ်တွေးလိုက်မိသည်။ ခေါင်းမော့ကြည့်လိုက်ပြီး ချင်းလင်ဂိုဏ်းချုပ်ကို နေရာချပေးထားသော ပွဲကြည့်စင်ကို လှမ်းကြည့်လိုက်သည်။ လင်မူရှန်းက မတ်တပ်ထရပ်ပြီး ကောင်းကင်ထက်ကိုကြည့်ကာ အရိုအသေပြုလိုက်သည်။
" ဒီတပည့် ရှစ်စွမ်းကို ဂါရဝပြုပါတယ်..."
အောက်ဘက်တွင် ထိုင်နေကြသော ချင်းလင်ဂိုဏ်းသားများ မြင်သည့်အခါ ကောင်းကင်ပေါ်မှ အင်မော်တယ် အရှင်သခင်ကို မမြင်ရသေးသော်လည်း အားလုံး ဂါရဝပြုလိုက်ကြသည်။
" အင်မော်တယ်အရှင်ကို အရိုအသေပြုပါတယ်..."
အရိုအသေပြုနှုတ်ဆက်ကြသည့် အသံများ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။
အစိမ်းရောင်ဝတ်ရုံဝတ်ထားသော လင်ယဲ့က လေထဲတွင်ရပ်နေပြီး ကျောက်စိမ်းသဖွယ်ဖြူဖွေးညင်သာလှသော မျက်နှာဖြင့် ပွဲကြည့်စင်ထက်မှ အနီရောင်ဝတ်ရုံနှင့် လူငယ်လေးကို ကြည့်နေသည်။ သူ့ နှုတ်ခမ်းများ တွန့်ကွေးသွားပြီးနောက် ထိုလူငယ်လေးရှေ့တွက် ချက်ချင်းပေါ်လာသည်။
နေရာတစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်ငြိမ်သက်သွားပြီး အကြည့်အားလုံးက ညာဘက်အစွန်ဆုံးမှ ပွဲကြည့်စင်ထက်တွင်သာ ရှိနေသည်။ ထိုပွဲကြည့်စင်က ယခင်ကကဲ့သို့ ရိုးရှင်းမနေတော့ဘဲ ဝိညာဉ်ကျောက်တုံးတစ်တုံးသဖွယ် တောက်ပလာတော့သည်။
" ငါ အိမ်မက်မက်နေတာများလား... ဒီလောက် နာမည်ကျော်တဲ့ ကျင့်ကြံသူတွေအများကြီးကို တစ်ချိန်တည်း တွေ့လိုက်ရမှတော့ ဘာနောင်တမှမရှိဘဲ သေနိုင်ပါပြီ..."
" သူတို့အားလုံး အင်မော်တယ်ရှန်းကို လာရှာကြတာလား... အင်မော်တယ်ရှန်းနေရာမှာ ငါသာဖြစ်လိုက်ချင်တယ်..."
" ကောလဟာလတွေက တကယ်ကို မှန်နေတာပဲ... အားလုံး အင်မော်တယ်ရှန်းဆီမသွားဘဲ ငါ့ဆီကိုပဲ လာကြရင် ကောင်းမှာပဲ..."
အချိန်တစ်ခုအထိ သူတို့၏စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်ဖြစ်သွား၍ ဆွေးနွေးသံများ တစ်သံပြီးတစ်သံ ပေါ်ထွက်လာ၍ အလွန်စည်ကားလာပေသည်။
စုပိုင်ချယ့်ရှိသည့် သီးသန့်အဆောင်ခန်းထဲတွင်မူ စားပွဲပေါ်မီ ပစ္စည်းအားလုံးက ကြမ်းပြင်ပေါ် ပြုတ်ကျသွားသောကြောင့် ရှုပ်ပွနေပြီဖြစ်သည်။
စုပိုင်ချယ့်က ခေါင်းကွဲမတတ် ခေါင်းကိုက်ဝေဒနာကို ခံစားနေရ၍ နာကျင်မှုကြောင့် မြေပြင်တွင်လှိမ့်နေသည်။ ထုံရှီးက ရူးနှမ်းသွားပုံရပြီး သူ့ခေါင်းထဲတွင် အော်ဟစ်နေသည်မှာ စနစ်က အစီအစဉ်မကျတော့ဘဲ လဲပြိုတော့လုဆဲဆဲဖြစ်လာသည်ဟုပင် ထင်ရသည်။ ထုံရှီးက "သွားပြီ သွားပြီ" ဟူသောစကားကိုသာ အထပ်ထပ်အခါခါ ရေရွတ်နေသည်။
အစောပိုင်းကာလများတွင် စုပိုင်ချယ့်က တာဝန်များကို သူနှင့်အတူတူ လုပ်ဆောင်ရန် ငြင်းဆန်ခဲ့သောကြောင့် တာဝန်များ မပြီးမြောက်ခဲ့သော်လည်း ယခုတွင်မူ ပထမဆုံးအနေဖြင့် မစ်ရှစ်တစ်ခုလုံး ပြိုလဲတော့မည်ဖြစ်ကြောင်း ထုံရှီးက သိသာစွာ ခံစားလိုက်ရသည်။ အပြစ်ဒဏ်အနေဖြင့် သူက ဤလောကတွင် ဘဝတစ်လျှောက်လုံး ပိတ်မိနေရတော့မည်ဖြစ်သည်။
စုပိုင်ချယ့် သူ့ခေါင်းကိုအုပ်ထားပြီး သူ့ကိုယ်သူကယ်တင်ရန် ပြောနေသည်။
" စိတ်ငြိမ်ငြိမ်ထားပါ... ဒီမှာ ကျိုးရွှမ်လန် မရှိဘူးလေ... သူ ဒီမှာ မရှိဘူး... မင်းရဲ့ အရေးကြီးဆုံးတာဝန်ကြီးကို ပြန်အဖတ်ဆယ်လို့ ရသေးတယ်..."
ထုံရှီးက အသက်ကယ်ကောက်ရိုးမျှင်တစ်ချောင်းကို တွေ့သွားသကဲ့သို့ ရပ်တန့်သွားသည်။
စုပိုင်ချယ့် အသက်ဝဝရှုလိုက်ပြီး မတ်တပ်ထရပ်ပြီး လက်သီးတင်းတင်းဆုပ်ထားကာ ထုံရှီးကို အပြတ်ရှင်းပစ်လိုစိတ်က ပိုမိုပြင်းထန်လာသည်။ သူက ပွဲကြည့်စင်မြင့်ကို စူးစူးရှရှ လှမ်းကြည့်လိုက်သော်လည်း စိတ်အေးလက်အေးဖြင့် ပြောလိုက်သည်။
" ကြည့်လိုက်ဦး ဟိုမှာ လူခြောက်ယောက်ပဲရှိတာမလား..."
ရင်ပြင်တွင် ရှိနေကြသော ကျင့်ကြံသူများက အသည်းအသန်ဆွေးနွေးနေကြစဉ် တစ်ယောက်ယောက်က ထပြောလိုက်သည်။
" တကယ်လို့ နတ်ဆိုးလောကက တစ်ယောက်သာ ထပ်ရောက်လာရင်..."
သူ့ဘေးနားမှလူများ၏ အမူအရာများ ပြောင်းလဲကုန်ပြီး သူတို့အားလုံး လက်ကာ၍ ပြောလိုက်ကြသည်။
" နတ်ဆိုးဧကရာဇ်လား... လူတွေကို မခြောက်စမ်းပါနဲ့..."
ကျိုးရွှမ်လန်မှာ ကျင့်ကြံရေးလောကမှ ထူးခြားသောသားရဲများကို အမြစ်ပြတ်ရှင်းလင်းပေးခဲ့ဖူးသည်။ ဤနေရာမှ လူအများစုက ကျင့်ကြံရေးလောကမှဖြစ်ကြသည်။ သူတို့က ကျိုးရွှမ်လန်ကို ကြောက်လန့်ခြင်းကြောင့် မဟုတ်သော်လည်း ထိုစဉ်က ဖြစ်ပျက်ခဲ့သည့် ကမောက်ကမ အဖြစ်အပျက်များကို တွေးမိသည့်အခါ သူရောက်လာလျှင် ထိုသို့သောကိစ္စကြီးမျိုး ထပ်ဖြစ်လာနိုင်သည်ဟု တွေးနေကြသည်။
" ဟားဟားဟား ဒီတိုင်းပဲ ပြောကြည့်တာပါ... ငါတွေးနေတာ တကယ်လို့ ဒီနေ့သာ နတ်ဆိုးဧကရာဇ် ရောက်လာမယ်ဆိုရင် သူနဲ့အင်မော်တယ်ရှန်းရဲ့ကြားက ကောလဟာလတွေအတိုင်းဆို စိတ်လှုပ်ရှားစရာကြီး ဖြစ်နေမှာပဲ..."
" အခုတောင် အရမ်းစိတ်လှုပ်ရှားစရာဖြစ်နေပြီလေ... အဲဒီပွဲကြည့်စင်ကိုပဲ ကြည့်လိုက်ပါဦး... တကယ်လို့ အခုနေသာ နတ်ဆိုးဧကရာဇ် ရောက်လာမယ်ဆိုရင်... နေပါဦး... အင်မော်တယ်ရှန်းရဲ့ဘေးမှာ လူတစ်ယောက် ထပ်ရောက်နေပါလား..."
သူ့စကားကြားသည်နှင့် အားလုံးက ရှန်းလျိုရှန့်၏ဘေးမှ အနက်ရောင်ဝတ်ရုံနှင့်လူကို လှမ်းကြည့်လိုက်ကြသည်။ အချိန်အနည်းငယ်ကြာသည့်အခါ ပွဲကြည့်စင်မြင့်ထက်မှ တင်းမာနေသော လေထုအခြေအနေကို ခံစားမိ၍ သူတို့အားလုံး တံတွေးမျိုချပြီး တုန်ယင်စွာဖြင့် အကြည့်ပြန်လွှဲလိုက်ရသည်။
" ငါ ငါ ရုတ်တရက်ကြီး အင်မော်တယ်ရှန်းနဲ့ နေရာချင်းမလဲချင်တော့ဘူး..."
" မဟုတ်ဘူး ငါ ဒီလိုမြင်ကွင်းမျိုးကို ထပ်မကြည့်နိုင်တော့ဘူး... ဒီမှာ အသက်ကယ်ဆေးလေး တစ်ယောက်တစ်လုံးစီ သောက်လိုက်ကြ... ငါ သေရမယ်ဆိုရင်တောင် အဲဒီစင်ပေါ်က လူတွေ ထွက်သွားတဲ့အချိန်ထိ စောင့်ကြည့်နေမယ်..."
" ကြည့်ရတာ နောက်နှစ် ဒီလိုအချိန်ဆိုရင် ပွဲကြည့်စင်ကလူတွေရဲ့ သေဆုံးခြင်း နှစ်ပတ်လည်နေ့ ဖြစ်နေမယ်ထင်တယ်..."
" အလိုလေး... အဲဒီပွဲကြည့်စင်လေးက ဒီလောက်ကြီးတဲ့ဖိအားကို ခံနိုင်ရည်ရှိပါ့မလား..."
" ပွဲကြည့်စင်အသေးလေးက ဖိအားအများကြီးကို ထိန်းထားရတာပဲ..."
.....
အားလုံးက ထပ်ခါထပ်ခါ သက်ပြင်းချနေကြပြီး ထိုပွဲကြည့်စင်က နာရီဝက်ခန့်ပင် မခံတော့ဘဲ ပြာမှုန်ဘဝရောက်သွားတော့မည်ဟု တွေးနေလိုက်ကြသည်။
အားလုံး တိတ်ဆိတ်ငြိမ်သက်နေချိန်၌ ကလေးငယ်လေးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
" ကျွန်တော်ကြီးလာရင် အင်မော်တယ်ရှန်းလိုလူမျိုးဖြစ်ချင်တယ်... သူက ဝိညာဉ်အခြေတည်အဆင့်မှာပဲ ရှိနေသေးတာကို ဧကရာဇ်၊ ဂိုဏ်းချုပ်တွေနဲ့ နတ်ဆိုးမျိုးနွယ်ဝင်တွေရှေ့မှာပါ တည်တည်ငြိမ်ငြိမ်နေနိုင်တယ်... အရမ်းအံ့ဩစရာကောင်းတာပဲ..."
ကျင့်ကြံသူအားလုံး ထိုစကားကိုကြားသည့်အခါ အသက်ပြင်းပြင်းရှုလိုက်ကြပြီး ညာဘက်အစွန်ဆုံးပွဲကြည့်စင်ထက်မှ အနီရောင်ဝတ်ရုံနှင့်လူကို လှမ်းကြည့်လိုက်ကြသည်။
" အင်မော်တယ်ရှန်းက တကယ်ကိုပဲ ငါတို့မျိုးဆက်အတွက် စံထားရမယ့်လူမျိုးပဲ..."
ယခုအချိန်တွင်မူ ထိုသို့ "စံထားရမည့်သူ" မှာ မျက်လုံးပေါင်းများစွာ၏ စိုက်ကြည့်နေကြသည်။ သူ ခေါင်းငုံ့ထားလိုက်ပြီး မျက်တောင်တစ်ချက်ခတ်နေကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိသည်။
ရှန်းလျိုရှန့် အနည်းငယ် စိတ်ရှုပ်ထွေးနေပြီး အဘယ့်ကြောင့် ဤအခြေအနေထဲ ရောက်သွားရကြောင်းကို မသိတော့ချေ။
သူ့ လက်ချောင်းရှည်များဖြင့် လိမ္မော်သီးတစ်လုံးကိုကိုင်ထားသည်။
ငါ ကြည့်လိုက်တဲ့အချိန်တိုင်း လက်ထဲက လိမ္မော်သီးက တုန်နေသလို ဖြစ်နေပါလား...