အပိုင်း ၁၇၀
Viewers 30k

Chapter 170



ပွဲကြည့်စင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လေတိုးသံသဲ့သဲ့ကိုသာ ကြားနေရသည်။


လိမ္မော်သီးလေးက တုန်ယင်နေပေသည်။ ရှန်းလျိုရှန့်က သူ့လက်ဖျားများဖြင့် တင်းကြပ်စွာဆုပ်ကိုင်ထားကာ တုန်ယင်နေသည်ကို ရပ်တန့်အောင် ပြုလုပ်သော်လည်း မရပ်တန့်သွားသည့်အပြင် တဖြည်းဖြည်းပိုဆိုးလာသည်။


မ မလှုပ်နဲ့တော့...


ရှန်းလျိုရှန့်မှာ ထိုကဲ့သို့မြင်ကွင်းမျိုးကို တစ်ကြိမ်မှ မမြင်ဖူးခဲ့ပေ။ 


ရှန်းလျိုရှန့် နှုတ်ခမ်းစူလိုက်ပြီး ခေါင်းမော့ကြည့်လိုက်ပြီး စားပွဲပတ်ပတ်လည်တွင်ထိုင်နေသည့် အခြားလူများကိုကြည့်၍ မနည်းအားတင်းကာ ပြုံးပြလိုက်ပြီးနောက် ခေါင်းပြန်ငုံ့ထားလိုက်သည်။


မည်သို့ကြည့်သည်ဖြစ်စေ သူ့ပုံစံက စစ်ဆေးမေးမြန်းခံနေရသည့် အကျဉ်းသားတစ်ယောက်နှင့် တူနေသည်။


သူ့ ရင်ထဲ ထိတ်လန့်နေမိသည်။ 

ဘာလို့ အကုန်လုံးက တစ်ချိန်တည်းရောက်လာကြတာလဲ... သူတို့တွေကြားက ဆက်ဆံရေးကလည်း ကောင်းမှ မကောင်းတာကို...


ကျိုးရွှမ်လန်နှင့်လင်ယဲ့တို့ကလည်း တစ်ယောက်နှင့် တစ်ယောက် အစေးမကပ်ကြပေ။ လင်ယဲ့နှင့် ရှုရှင်းချန်တို့ကလည်း သူ့အလောင်းကိုယူရန်အတွက် တိုက်ခိုက်ခဲ့ကြသည်။ ရှုရှင်းချန်ကလည်း ကျိုးရွှမ်လန်နှင့် ပြဿနာကို မရှင်းရသေးပေ။ ကျိုးရွှမ်လန်ကလည်း ယဲ့ပင်းရန်နှင့် မကြာသေးမီအချိန်ကမှ တိုက်ခိုက်ထားသည်။ နန်ယောင်ချွမ်မှလွဲ၍ အခြားလူအားလုံးက တစ်ယောက်နှင့်တစ်ယောက် မတည့်ကြပေ။ 


ရှန်းလျိုရှန့်၏စိတ်ထဲ မကြောက်လန့်ဘဲ မနေနိုင်အောင် ဖြစ်နေမိသည်။ သူတို့ အခုချိန်တွင် ရန်ထဖြစ်ပါက ပွဲပျက်သွားနိုင်ပေသည်။


ငါ ဘယ်သူ့ကို စကားစပြောရမလဲ...


ရှန်းလျိုရှန့် အသက်ပြင်းပြင်းရှုလိုက်သည့်အခါ သူ့လက်ထဲမှ လိမ္မော်သီးကိုပင် ဖိချေမိလုမတတ်ဖြစ်သွားသည်။


ယခုအချိန်၌ မည်သူ့ကိုမှ စကားစပြော၍မ‌ဖြစ်ပေ။ တစ်ခုခုပြောလိုက်မိသည်နှင့် မျှခြေက ပျက်စီးသွားနိုင်သည်။ အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်စိုး၍ ရှန်းလျိုရှန့် မစွန့်စားရဲဖြစ်နေသည်။


ခဏတာ တွန့်ဆုတ်နေပြီးသည့်နောက်တွင် အသံကူးပြောင်း နည်းစနစ်ကိုသုံးပြီး စကားပြောရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ဖြင့် အခြားလူများ သတိမပြုမိသည့်အပြင် စိတ်သက်တောင့်သက်သာလည်း မဖြစ်နိုင်၍ သူနှင့် အခြားလူတစ်ယောက်က အတိတ်မှကိစ္စရပ်များကိုပါ အလွယ်တကူ ပြောဆိုနိုင်ပေသည်။


ရှန်းလျိုရှန့် ပထမဦးစွာ လင်ယဲ့ထံသို့ အသံကူးပြောင်းပြီး စကားပြောလိုက်သည်။ သူ့ယခင်မှတ်ဉာဏ်ကို ပြန်ရလာပြီးသည့်နောက်တွင် ငယ်စဉ်ကလေးဘဝက ချင်းလင်ဂိုဏ်း၌ သူ့ရှစ်စွမ်း၊ ရှစ်ရှုန်းတို့နှင့်အတူ အပူအပင်ကင်းစွာ နေခဲ့ရသည့်နေ့ရက်များကို ပြန်အမှတ်ရနေမိသည်။


၁၆နှစ်အတွင်းတွင် လင်ယဲ့ကို ပထမဆုံးအကြိမ် ပြန်တွေ့ရခြင်းဖြစ်၍ အသံကူးပြောင်းမှုမှတစ်ဆင့် ပြောလိုက်သည်။

" ရှစ်ရှုန်း ဒီနှစ်တွေထဲမှာ နေထိုင်ကောင်းရဲ့လား... ဒီနေ့ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ..."


လင်ယဲ့က ရှန်းလျိုရှန့်၏ဘယ်ဘက်တွင်ထိုင်နေခြင်းဖြစ်ပြီး အသံကြားသည်နှင့် သူ့အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။


သူ တစ်ဖက်သို့လှည့်ကာ ရှန်းလျိုရှန့်ကို ခဏကြည့်နေပြီးနောက် နှုတ်ခမ်းများတွန့်ကွေးကာ ပြောလိုက်သည့်စကားသံက ပွဲကြည့်စင်ထက်တွင် ထွက်ပေါ်လာသည်။

" ငါက မင်းသေသွားပြီလို့ ထင်ခဲ့တာလေ... အဲတော့ ဒီနေ့ရောက်လာတာ သေချာပေါက် မင်းကိုတွေ့ဖို့ပေါ့..."


ရှန်းလျိုရှန့် : "ဟမ်..."


လင်ယဲ့၏အသံကိုကြားသည်နှင့် ထိုနေရာတွင်ရှိသူအားလုံး အံ့အားသင့်သွားကြသည်။ အကြည့်အားလုံးက သူနှင့် ရှန်းလျိုရှန့်အပေါ်သို့ တစ်လှည့်စီ ကျရောက်လာပြီးနောက် တစ်ခဏအတွင်းတွင် ဖြစ်ပျက်နေသည်ကို သဘောပေါက်သွားတော့သည်။


ကျိုးရွှမ်လန်က မျက်လွှာချလိုက်ပြီး မရှင်းမလင်းလေသံဖြင့် အသံကူးပြောင်းကာပြောလာသည်။

" ရှစ်စွမ်းက အသံကူးပြောင်းပြီး ပြောလိုက်တာပဲ..."


ရှန်းလျိုရှန့်၏လက်သည်းက လိမ္မော်ခွံထဲ နစ်ဝင်ခါနီးဖြစ်နေပြီး သတ္တိရှိရှိဖြင့် ဝန်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 

" အင်း..."


သူ့စကားဆုံးသည်နှင့် ကျိုးရွှမ်လန်က အသံထပ်မံပို့လွှတ်လာသည်။ 

" ရှစ်စွမ်း ကျွန်တော့်ဆီကိုတော့ တစ်ခါမှ အသံကူးပြောင်းတာမျိုး မလုပ်ပါလား..."


ရှန်းလျိုရှန့် နှုတ်ခမ်းကိုတင်းတင်းစေ့ထားလိုက်မိသည်။

အခုပဲ လုပ်နေပြီမလား...


သူ ကျိုးရွှမ်လန်ကို စကားပြန်ပြောတော့မည့်အချိန်၌ သူ့စိတ်ထဲကို အသံတစ်သံ ထပ်မံရောက်ရှိလာပြန်သည်။ 

" ခင်ဗျား သူတို့အားလုံးကိုတော့ စိတ်ထဲကနေ စကားပြောနေပြီး ကျွန်တော့်ကိုကျ မပြောဘူးပေါ့... ကျွန်တော်က ခင်ဗျားထက်မြင့်တဲ့နေရာမှာ ထိုင်နေလို့လား နေရာကရော အရမ်းဝေးနေလို့လား... ရှန်းလျိုရှန့် ကျွန်တော့်မျက်လုံးကိုကြည့်ပြီး စကားပြောစမ်း..."


ရှန်းလျိုရှန့် : "..."


သူ ရှုရှင်းချန်ကို လှမ်းကြည့်ပြီး စကားပြောတော့မည့်အချိန်၌ သူ့လက်ထဲမှ လိမ္မော်သီးကို ယူဆောင်သွားခံလိုက်ရသည်။


လင်ယဲ့က လက်ချောင်းသွယ်သွယ်များဖြင့် လိမ္မော်ခွံကိုခွာလိုက်သည်။

" ငါခုနကတည်းက ကြည့်နေတာ မင်း လိမ္မော်သီးစားချင်နေတာမလား... ရှစ်ရှုန်း အခွံခွာပေးမယ်လေ..."


ရှန်းလျိုရှန့် အံ့အားသင့်သွားမိပြီး ငယ်ရွယ်စဉ်အချိန်က အကြောင်း အချို့ကို တွေးမိသွားသည်။ သူ ကလေးဘဝက သစ်သီးစားချင်သော်လည်း သူ့အရပ်ကပုသောကြောင့် သစ်ပင်မှ အသီးများကို မခူးနိုင်ပေ။ ထိုအချိန်မျိုးတွင် လင်ယဲ့က သူ့အစား ခူပေးနေသည်ကို အောက်တွင်ရပ်၍ စောင့်ဆိုင်းနေလေ့ရှိသည်။


ရှန်းလျိုရှန့်၏နှလုံးသားထဲ နွေးထွေးသွားသည်။

" ကျေးဇူးတင်ပါတယ် ရှစ်ရှုန်း..."


" ကျေးဇူးမတင်ပါနဲ့ မဟုတ်ရင် မင်းငါ့ကို အကြွေးတွေအများကြီးတင်နေမှာ..."

လင်ယဲ့ ပြုံးလိုက်မိသည်။

" ပြီးတော့ မင်း ငယ်ငယ်တုန်းက ငါးစားမယ်ဆိုရင်လည်း ငါ့ကို အရိုးနွှင်ခိုင်းတယ်လေ..."


ရှန်းလျိုရှန့်က စိတ်ဆိုးသွားဟန်ဖြင့် နှာခေါင်းဖျားကို ပွတ်လိုက်သည်။

" အဲဒါက ကျွန်တော် ရှစ်ရှုန်းရဲ့ ငါးအရိုးနွှင်တဲ့စွမ်းရည်ကို ယုံလို့လေ... ကိုယ့်ဘာသာအရိုးနွှင်လိုက်ရင် စိတ်အေးလက်အေး မစားရဲတော့ဘူး..."


လင်ယဲ့က သူ့ကို အခွံခွာပြီးသားလိမ္မော်သီး ပြန်ပေးလိုက်သည်။

" မင်း မှတ်မိသေးလား... ငါ့ဘဝမှာ ပထမဆုံးအကြိမါ အပြစ်ပေးခံရတာ မင်းအတွက် ငါးရိုးနွှင်ပေးနေခဲ့လို့လေ... ငါ လေ့ကျင့်ဖို့အတွက် နောက်ကျသွားလို့ အကြီးအကဲက နှစ်နာရီတောင် မတ်တပ်ရပ်ခိုင်းပြီး အပြစ်ပေးခဲ့တာ..."


လင်ယဲ့က ဂိုဏ်းထဲသို့ ရောက်လာသည့်အချိန်မှစ၍ အားလုံးအတွက် စံပြဖြစ်ခဲ့သည်ကို ရှန်းလျိုရှန့် မှတ်မိနေသေးသည်။ သူ့ကို ဂိုဏ်းချုပ်နှင့် အကြီးအကဲများက အလွန်မျှော်လင့်ထားကြပြီး ဂျူနီယာညီလေး၊ ညီမလေးများကလည်း လေးစားအားကျ ကြသည်။


သို့သော်လည်း လင်ယဲ့က အားလုံး၏ရှေ့တွင် နှစ်နာရီတိတိ မတ်တပ်ရပ်ပြီး အပြစ်ဒဏ်ခံခဲ့ရသည်။


ရှန်းလျိုရှန့်မှာ ထိုအချိန်က ငယ်ရွယ်သေးသော်လည်း သူ ပြဿနာရှာခဲ့မိသည်ကိုသိသည်။ လင်ယဲ့ တောင်ထွတ်သို့ ပြန်မရောက်မီအချိန်မှာပင် သူ့ခြေလှမ်းသေးသေးလေးများဖြင့် စည်းကမ်းထိန်းသိမ်းရေးအကြီးအကဲထံမှ သူ့လက်မောင်းထက်ကြီးသော ပေတံကြီးကို ငှားလာခဲ့သည်။ လင်ယဲ့ပြန်ရောက်လာသည့်အခါ သူ့ရှေ့တွင် လက်နှစ်ဖက်ဖြန့်ပြီး အမှားကို ဝန်ခံခဲ့ပေသည်။


သို့သော် လင်ယဲ့က သူ့ကိုအပြစ်မတင်သည့်အပြင် ရယ်ရယ်မောဖြင့် ပြောခဲ့သည်။

" ငါ့ဘာသာငါ ရွေးချယ်ထားတဲ့ကိစ္စပဲလေ... ရှစ်တိကိုဘာလို့ အပြစ်ပေးရမှာလဲ..."


ထိုအကြောင်း ပြန်တွေးမိသည့်အခါ ရှန်းလျိုရှန့်၏ရင်ထဲ ဆို့နင့်လာသည်ဟု ခံစားလိုက်ရပြီး ခေါင်းညိတ်ပြကာ အခွံခွာထားသည့် လိမ္မော်သီးကို လှမ်းယူလိုက်သည်။ သူ့ရှစ်ရှန်းက သူ့ကို မည်သို့သောအခါမှ အပြစ်မတင်သည့်အပြင် အမြဲတမ်း သူ့အတွက်အကောင်းဆုံးများကိုသာ ပေးခဲ့သည်။


ဘေးနားမှ ကျိုးရွှမ်လန်က မျက်လုံးများမှေးကျဉ်းလိုက်သည်။


၎င်းက ရှန်းလျိုရှန့် ကလေးဘဝ၌ ချင်းလင်ဂိုဏ်းထဲတွင် ရှိခဲ့စဉ်ကဖြစ်၍ လင်ယဲ့တစ်ယောက်တည်းသာ ထိုအကြောင်းများကို သိပေသည်။ အခြားလူများကဲ့သို့ပင် သူက သူတို့နှစ်ယောက် အချင်းချင်းစကားပြောနေသည်ကိုသာကြည့်နေနိုင်ပြီး စကားဝိုင်းထဲ မဝင်နိုင်ပေ။


ကျိုးရွှမ်လန် မျက်လွှာချလိုက်ပြီးနောက် ရှန်းလျိုရှန့်က လိမ္မော်သီးအမွှာကို ပါးစပ်ထဲထည်ရန်ပြင်နေချိန်တွင် အခွင့်အရေးရှာတွေ့သွားသောကြောင့် လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်သည်။

" ရှစ်စွမ်းက အခွံခွာထားတဲ့ လိမ္မော်သီးကို စားရတာ မကြိုက်ဘူးမလား ဘာလို့ အတင်းကြိတ်မှိတ်စားနေတာလဲ..."


သူ မူလက ရှန်းလျိုရှန့်၏လက်ထဲမှ လိမ္မော်သီးကို လုယူရန် ပြင်လိုက်သော်လည်း ရှန်းလျိုရှန့်က သူ့ကိုမျက်စောင်းထိုး၍ ကြည့်နေသောကြောင့် လက်လျှော့လိုက်ပြီး လင်ယဲ့ဘက်သို့ အပြုံးတစ်ဝက်ဖြင့် လှည့်သွားလိုက်သည်။ 

" အင်မော်တယ်အရှင်က ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်ပေးတယ်ဆိုပေမယ့် နည်းလမ်းမှားသွားတယ်... မဟုတ်မှလွဲရော စိတ်က အတိတ်မှာပဲ နစ်မွန်းနေတာများလား... ရှစ်စွမ်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက လိမ္မော်သီးစားရင် အခွံမခွာတော့တာ..."


လင်ယဲ့က ရှန်းလျိုရှန့်ကို ကြည့်လိုက်မိသည်။

" မင်းမှာ အဲ့လိုအကျင့်မျိုးမရှိတာ ငါမှတ်မိပါတယ်..."


ရှန်းလျိုရှန့်က အခွံခွာထားသော လိမ္မော်သီးနှစ်မွှာကို စားလိုက်သည်။ သူက ထိုသို့စားနေကျမဟုတ်၍ အသစ်အဆန်းတစ်မျိုးကို စားနေရသကဲ့သို့ ခံစားလိုက်မိသည်။ ဝါးနေစဉ်တွင် သူ့နှုတ်ခမ်းပါးများ ပွင့်ဟလာပြီးပြောလာသည်။

" ကျွန်တော် ကလေးဘဝတုန်းကတော့ အဲ့လိုအကျင့်မရှိဘူး... ဘယ်အချိန်ကစပြီး အကျင့်ပါသွားတယ်ဆိုတာတော့ မသိတော့ဘူး..."


လင်ယဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကိစ္စကို သူ အမှန်ပင် မသိချေ။ 


ကျိုးရွှမ်လန်က မျက်ခုံးများတွန့်ထားရာမှ ပြောလျော့သွားပြီး ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပြုံးလိုက်သည်။

" ရှစ်စွမ်း ကျွန်တော်မေ့သွားတာ... ဒီကိစ္စက ကျွန်တော်နဲ့ဆိုင်တယ်..."


ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားသည်။

" ဟင်..."


" အရှေ့ပိုင်းကျတ်တီးမြေမှာတုန်းက ရှစ်စွမ်း ဒဏ်ရာရပြီး မလှုပ်နိုင်တော့ ဒိီတပည့်က လိမ္မော်သီးတွေရှာလာပြီး အခွံမခွာဘဲကျွေးတယ်လေ..."

ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကိုကြည့်၍ စကားတစ်လုံးချင်းကို ဖြည်းညင်းစွာပြောနေသည်။

" ရှစ်စွမ်း အဲ့ကိစ္စကို မေ့သွားလောက်ပြီဆိုပေမယ့် အခုချိန်ထိ လိမ္မော်သီးကို အဲ့တိုင်းစားတုန်းလေ... အခွံမခွာဘဲစားရင် ကျွန်တော့်ကို မသိစိတ်က သတိရနေလို့ပဲပေါ့..."


ရှန်းလျိုရှန့် : " ဟမ်..."


လိမ္မော်သီးကို အခွံမခွာဘဲစားတာ ကျိုးရွှမ်လန်ကို မသိစိတ်က သတိရနေလို့တဲ့လား...


ရှန်းလျိုရှန့် သံသယဝင်သွားမိသည်။ အရှေ့ပိုင်းကျတ်တီးမြေသို့ မသွားမီက သူ့ထံတွင် ဤသို့သောအကျင့်မျိုး မရှိခဲ့သော်လည်း ကျိုးရွှမ်လန်ပြောသည်ကို ကြားပြီးသည်နှင့် တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ထင်လိုက်မိသည်။

" မင်းငါ့ကို လိမ္မော်သီး ရှာကျွေးတယ်ဆိုရင် ဘာလို့ အခွံမခွာပေးတာလဲ..."


ကျိုးရွှမ်လန်က မျက်လွှာချပြီး လက်ဖက်ရည်သောက်နေသည်။

" ဘာလို့လဲဆိုတော့ ဒီတပည့်က ငယ်လွန်းသေးတော့ အခွံခွာရမယ်ဆိုတာ မသိခဲ့လို့ပါ..."


ရှန်းလျိုရှန့် သင်္ကာမကင်းဖြစ်သွားပြီး မျက်လုံးများ မှေးကျဉ်းလိုက်သည်။


ပွဲကြည့်စင်အောက်မှလူများမှာ စင်ပေါ်တွင် ဖြစ်ပျက်နေသည့်အရာများကိုကြည့်ရန် ဝိညာဉ်အသိစိတ်ကို မသုံးရဲကြ၍ သာမန်မျက်စိဖြင့်သာ ကြည့်နေကြရသည်။ စင်မြင့်ပေါ်မှ ကြောက်ခမန်းလိလိဖိအားကြီးကိုလည်း သူတို့ခံစားနေမိပေသည်။ ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် စိုးရိမ်တကြီးဖြစ်နေဟန်ရသော အခမ်းအနားမှူး၏ကြေညာသံကိုသာ ကြားနေရသည်။


စုပိုင်ချယ့်က ထုံရှီး၏စွမ်းအားကိုသုံး၍ စင်မြင့်ပေါ်တွင် ဖြစ်ပျက်နေသည့်အရာများကို ရှင်းရှင်းလင်းလင်းမြင်နိုင်သောကြောင့် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု မထင်လိုက်မိပေ။ သို့ရာတွင် သူ့စိတ်ထဲမှထုံရှီးက ဒေါသထွက်နေသည်။ 

" ကျိုးရွှမ်လန်နဲ့ လင်ယဲ့က တစ်ယောက်ကိုတစ်ယောက် မနာလိုဖြစ်နေကြတာပဲ... အဲဒါမှားနေတယ်လေ... တကယ်ဆို သူတို့ကမင်းကြောင့် သဝန်တိုနေသင့်တာ..."


စုပိုင်ချယ့် : " သူတို့နှစ်ယောက်က မနာလိုဖြစ်နေတယ်လို့ ငါမထင်ပါဘူး... သူတို့က အစတည်းက သိပ်တည့်ကြတာမှမဟုတ်တာ ဒီလိုဖြစ်တာက ပုံမှန်ပါပဲ..."


ထုံရှီး ဒေါသထွက်လွန်း၍ သူ့အသံက တုန်ယင်နေပြီး ခဏအကြာတွင်မှ သဘောပေါက်သွားသည်။

" ငါတို့မစ်ရှင်တော့ လုယူခံလိုက်ရပြီ..."


ဒီလိုဆိုရင်တော့ မကောင်းဘူးပေါ့လေ...

စုပိုင်ချယ့်၏စိတ်ထဲတွင် တွေးလိုက်မိသည်။


.....


စင်မြင့်ထက်တွင် တစ်ချိန်လုံး တိတ်ဆိတ်စွာ ထိုင်နေခဲ့သော ယဲ့ပင်းရန်က လိမ္မော်ခွံများခွာနေပြီးသည်နှင့် ရှန်းလျိုရှန့်ကိုကြည့်၍ ပြောလာသည်။

" အရင်တုန်းက မင်းပေးခဲ့တဲ့လက်ဆောင်တွေကို ငါငြင်းလိုက်တော့ ငါ့ဆရာဆီရောက်သွားတယ်လို့ ဆရာပြောတာငါကြားခဲ့ရတယ်... တောင်းပန်ပါတယ် ငါ အဲဒီပစ္စည်းတွေကို သွားပြန်ယူလိုက်ပါ့မယ်..."


ရှန်းလျိုရှန့် ခဏတာ ကြောင်အသွားပြီး ပြန်ပြောလာသည်။ 

" ရပါတယ်..."


ယဲ့ပင်းရန် ခေါင်းညိတ်ပြလိုက်သည်။

" ပြီးတော့ မင်းငါ့ကို စာတွေအများကြီးပို့ထားတယ်လို့ ဆရာပြောတာကြားတယ်... ဖြစ်ချင်တော့ ငါ အဲဒီစာတွေကို အခုထိမဖတ်ရသေးတာနဲ့ ဘာတွေရေးထားမှန်း မသိသေးဘူး..."


" ဘာမှမဟုတ်ပါဘူး အသေးအဖွဲ့ကိစ္စလေးတွေပါပဲ..."


ရှန်းလျိုရှန့် ချောင်းဟန့်လိုက်ပြီး ယဲ့ပင်းရန်နှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်ဟု သူ့စိတ်ထဲထင်လိုက်သည်။ ထိုကဲ့သို့ အတိတ်ကကိစ္စရပ်မျိုးများက စကားလုံးများဖြင့် လွယ်လွယ်ရှင်းပြ၍ မရနိုင်သည့်အပြင် အထူးသဖြင့် ထိုအကြောင်းများကို ကျိုးရွှမ်လန်၏ရှေ့တွင် ပြောလိုက်ခြင်းကြောင့် မည်သို့ပင်ကြည့်သည်ဖြစ်စေ ထိုလူက တမင်လုပ်လိုက်ကြောင်း သိသာပေသည်။


ကျိုးရွှမ်လန်ကို လှမ်းကြည့်လိုက်သောအခါ သူ့မျက်နှာထားက တည်ငြိမ်အေးဆေးနေသည်ကို မြင်လိုက်ရသည်။ သူ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ပြီး အစိုးရိမ်လွန်နေသည်ဟုသာ တွေးလိုက်မိသည်။


ကျိုးရွှမ်လန်က ထိုရည်းစားစာများအကြောင်းသိသည်မှာ အချိန်အတန်ကြာပြီဖြစ်၍ ဂရုမစိုက်တော့သောကြောင့် သူစိတ်ပူနေရန် မလိုအပ်တော့...


ခွမ်း...


လက်ဖက်ရည်ခွက်က ခွမ်းခနဲ ကွဲထွက်သွားသည်။


ကျိုးရွှမ်လန်က ပိုးလက်ကိုင်ပဝါကိုထုတ်ပြီး သူ့လက်ပေါ်မှ ရေစက်များကို တဖြည်းဖြည်းချင်းသုတ်နေကာ မထီမဲ့မြင်လေသံဖြင့် ပြောလိုက်သည်။

" ဖြစ်ချင်တော့ ရှစ်စွမ်းက စာထဲမှာ သိပ်အရေးမကြီးတာနဲ့ ပျင်းစရာကောင်းတာတွေပဲ ရေးထားကို ကျုပ်မြင်လိုက်သေးတယ်... ဓားသခင်က ဘာကိစ္စ ဒီအကြောင်းကိုပဲ တွေးနေတာလဲ..."


ရှန်းလျိုရှန့်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီးနောက် ယဲ့ပင်းရန်ပြောသည်ကို ကြားလိုက်ရသည်။

" ငါက ငါ့ဆရာပြောတာကို ကြားခဲ့ရုံပါ... လျိုရှန့်က ဆယ်နှစ်လောက် ငါ့ဆီနေ့တိုင်းစာတွေရေးတော့ တောင်ပုံရာပုံတောင် ဖြစ်နေပြီတဲ့... နတ်ဆိုးဧကရာဇ် အဲဒီစာတွေကို တွေ့ခဲ့တယ်ဆိုရင် ဘယ်နေရာမှာလဲ ပြောပြပါဦး... စာတွေက ပိုင်ရှင်ဆီမှာပဲ ရှိနေသင့်တာလေ..."


ရှန်းလျိုရှန့် : " အဲ့ ဟို..."


လျို... လျိုရှန့်တဲ့လား ရုတ်တရက်ကြီး ဘာကိစ္စ တရင်းတနှီး ထခေါ်တာလဲ...


ထိုဆယ်နှစ်အတွင်း ပြုလုပ်ခဲ့သည့်အရာများက သူ့ဆန္ဒမဟုတ်ခဲ့သော်လည်း အခြားလူများ၏အမြင်တွင်မူ သူက ယဲ့ပင်းရန်နောက်ကို ဆယ်နှစ်တိတိကပ်တွယ်ခဲ့ခြင်း ဖြစ်နေသည်။ ယဲ့ပင်းရန်က အတိတ်မှကိစ္စများကို ပြန်လည်တူးဆွလာသည်ဖြစ်ရာ သူ စမ်းချောင်းဝါမြစ်ထဲ ခုန်ချသွားခဲ့လျှင်ပင် ထိုအရာများကို ပြန်လည်ဆေးကြောနိုင်မည် မဟုတ်တော့ပေ။ 


" ကျုပ် အဲ့စာတွေကို ဖျက်ဆီးလိုက်ပြီ... ကြည့်ရတာ ဓားသခင်က သိပ် ကံမကောင်းတဲ့ပုံပဲ..."

ကျိုးရွှမ်လန်က သရော်လိုက်သည်။

" ဖိနပ်အဟောင်းတစ်ရံလိုပဲ သဘောထားလိုက်ပါ... ပျောက်ရင် ပျောက်သွားတယ်ပေါ့..."


ယဲ့ပင်းရန်၏မျက်နှာက ဖြူဖျော့သွားပြီး လက်ချောင်းများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ စိတ်ဆိုးဒေါသထွက်နေသကဲ့သို့ သူ့ထံမှ လေအေးများ ထုတ်လွှတ်နေသည်။


တစ်ဖက်တွင်လည်း ထုံရှီးက အဆက်မပြတ်အော်ဟစ်နေသောကြောင့် စုပိုင်ချယ့်၏ခေါင်းထဲ နာကျင်လာသည်။

" မဟုတ်ဘူး မဟုတ်သေးဘူး... ယဲ့ပင်းရန်က တခြားလူတစ်ယောက်အတွက်နဲ့ ဘာကိစ္စ ပုံမှန်မဟုတ်သလို ပြုမူနေတာလဲ... သူက မင်းတစ်ယောက်တည်းအတွက်နဲ့ပဲ ရန်လိုတတ်လာပြီး မင်းကြောင့်ပဲ တခြားလူတွေထက်သာအောင် မတွန့်မဆုတ်နဲ့ ပြိုင်ဆိုင်ပြရမှာလေ... အဲဒါက ဘာကိစ္စကြောင့် ရှန်းလျိုရှန့်အတွက် ဖြစ်သွားရတာလဲ..."


" မဟုတ်သေးဘူး... ရှန်းလျိုရှန့်က မင်းဆီကနေ အရာအားလုံးကို ခိုးယူသွားခဲ့တာ... သူက ငါတို့မစ်ရှင်ကိုလည်း ခိုးသွားတယ်... သူက အားလုံးမုန်းတဲ့ ဗီလိန်တစ်ယောက် ဖြစ်လာရမှာလေ..."


" သူ့ကိုသွားသတ်စမ်း... သူက ဘာကြောင့် အဲ့လူသုံးယောက်ကို သဝန်တိုအောင် လုပ်ရတာလဲ... မင်း သူ့ကိုသတ်လိုက်ရင် ငါတို့မစ်ရှင် အောင်မြင်ပြီ..."


စုပိုင်ချယ့်၏နှဖူးပြင်မှ သွေးကြောပြာများက ပေါက်ထွက်မတတ် ဖြစ်လာသည်။ သူ့ဦးနှောက်ကို အသုံးချနေသည့်အတွက် ကျိန်ဆဲပစ်ချင်လာသည်။

ဟိုလူတွေက အဲနေရာမှာ တန်းစီထိုင်နေတာလေ ရှန်းလျိုရှန့်ကို ခေါင်းနဲ့ပဲသတ်ပစ်ရမှာလား...


သို့ရာတွင် စုပိုင်ချယ့် စိတ်ပြောင်းသွားပြီး တစ်မျိုးတစ်ဖုံ ပြောင်းတွေးလိုက်မိသည်။

 

ထုံရှီးက မလှုပ်ရှားရဲခြင်း သို့မဟုတ် လှုပ်ရှားလိုက်ပါက သူ့အားနည်းချက်ပေါ်သွားပြီး သေစေနိုင်သည်အထိ အန္တရာယ်ဖြစ်သွားလိမ့်မည်ဟု သူ ယခင်က တွေးခဲ့မိသည်။ ယခုအခါ ထုံရှီးက လူသတ်ချင်စိတ် ပြင်းထန်နေပြီဖြစ်၍ မီးတောက်ထဲ မီးသာထပ်ထည့်လိုက်ပြီး ထုံရှီးလှုပ်ရှားလာအောင် တွန်း‌အားပေးနိုင်မည်လားဟု သိချင်လာသည်။


စုပိုင်ချယ့် ပြောလာသည်။

" မင်းပြောတာ မှန်တယ်... ရှန်းလျိုရှန့်က ငါ့နေရာကို အစားထိုးဝင်ဖို့ မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုခု ရှိနေတာဖြစ်မယ်... အဲလိုမှမဟုတ်ရင် အဲနေရာမှာ ထိုင်နေတဲ့သူက ငါ ဖြစ်နေမှာလေ... ဒီလိုသာဆို ငါတို့မစ်ရှစ်က ပြည့်ပြည့်စုံစုံနဲ့ ပြီးသွားမှာ ခုတော့ နှမျောစရာပဲ..."


" ရှန်းလျိုရှန့်သာ မရှိတော့ရင်တော့ ငါတို့အတွက် အခွင့်အရေးရှိနိုင်သေးတယ် ဒါပေမဲ့ သူကပဲ အားလုံးကို ဦးအောင်လုပ်သွားတော့ ငါတို့မစ်ရှင်ပြီးမြောက်ဖို့ မဖြစ်နိုင်တော့ဘူး... ကြည့်ရတာတော့ မင်းက ဆုမရရုံတင်မကဘူး ဒီလောကထဲမှာပဲ အကျဉ်းသားတစ်ယောက်လို ထာဝရ ပိတ်မိနေတော့မယ်ထင်တယ်..."


ထုံရှီး စိတ်ဂနာမငြိမ်ဖြစ်သွားပြီး ချက်ချင်းပြန်ပြောလာသည်။

" မရဘူး မရဘူး... ငါ အကျဉ်းသား မဖြ

စ်ချင်ဘူး... တစ်ခုခုတော့ လုပ်လို့ရမှာပါ တစ်ခုခု..."


သူ့အာရုံက ပွဲကြည့်စင်ထက်သို့ ရောက်သွားပြီး အခွင့်ကောင်းကိုရှာရန် ပြင်လိုက်သော်လည်း သူ မြင်လိုက်ကြားလိုက်ရသည့်အရာများက ပိုစိတ်ဓာတ်ကျစရာဖြစ်သွား ခဲ့သည်။