Chapter 171
သူ့အာရုံက ပွဲကြည့်စင်ထက်သို့ ရောက်သွားပြီး အခွင့်ကောင်းကိုရှာရန် ပြင်လိုက်သော်လည်း သူ မြင်လိုက်ကြားလိုက်ရသည့်အရာများက ပိုစိတ်ဓာတ်ကျစရာဖြစ်သွား ခဲ့သည်။
" မင်းကရော ဒီကိုဘာလို့ရောက်လာတာလဲ... ငါ့ရှစ်တိနဲ့ ဘယ်တုန်းက ဒီလောက်အထိ ရင်းနှီးသွားတာလဲ..."
လင်ယဲ့က နန်ယောင်ချွမ်ကို ပြောလိုက်သည်။
နန်ယောင်ချွမ် ပြုံးလိုက်မိသည်။
" ငါသူ့ကို ၁၆နှစ်လုံးလုံး ဂရုစိုက်လာပေးပြီးတော့ လူလိုသူလိုပြန်ဖြစ်လာအောင် စောင့်ရှောက်ပေးခဲ့တာလေ ဘာကိစ္စ သူနဲ့ မရင်းနှီးရမှာလဲ..."
ထို ၁၆နှစ်တာ ကာလအကြောင်း ပြောလိုက်သည့်အခါ လူအားလုံးက ချက်ချင်းပြောစရာရသွားသည်။
လင်ယဲ့က ပြောလာသည်။
" ငါလည်း အားတဲ့နေ့တိုင်း ရှစ်တိရဲ့အုတ်ဂူဆီသွားတာပဲ... မင်းသာ စောစောပြောပြခဲ့ရင် ငါ နတ်ဆိုးနန်းတော်ကို လာမှာပေါ့..."
ရှုရှင်းချန်ကလည်း ပြောလာ၏။
" ကိုယ်တော့်ရဲ့ မွေးစာအစ်ကိုတော်(နန်ယောင်ချွမ်ကိုပြောတာပါ) က မကြင်နာတတ်ဘူးပဲ... တခြားလူတွေကို မပြောရင်တောင် ကိုယ်တော့်ကိုပြောပြရင် လျှို့ဝှက်ထားမှာပေါ့... စောစောကသာ ပြောပြခဲ့မယ်ဆိုရင် ကိုယ်တော်လည်း ညလယ်ခေါင်မှာ အုတ်ဂူကိုသွားပြီး အစ်ကိုတော့်ကို အရိုအသေပေးနေစရာ မလိုတော့ဘူး..."
" ကျုပ် အုတ်ဂူမှာ သန့်ရှင်းရေးလာလုပ်တုန်းကလည်း တစ်ချို့ မနက်စောစောဆိုရင် အမွှေးတိုင်အပိုင်းအစတွေကို တွေ့မိတယ်... ကြည့်ရတာ ဧကရာဇ်က အမွှေးတိုင်လာထွန်းထားတာကိုး... ကျုပ်က နတ်ဆိုးဧကရာဇ် လာထားတယ်လို့ထင်နေတာ အထင်လွဲသွားမိတာပဲ... နတ်ဆိုးဧကရာဇ်က နေ့တိုင်းကိစ္စတွေအများကြီး လုပ်နေရတော့ အုတ်ဂူကို လာလည်ဖို့အချိန် ဘယ်ရှိပါ့မလဲ..."
ယဲ့ပင်းရန်က အေးစက်စက်လေသံဖြင့် ပြောလာသည်။
ကျိုးရွှမ်လန်၏မျက်နှာထက်တွင် ရန်လိုသည့်အမူအရာပေါင်းစုံပေါ်လာပြီး ဘေးနားကိုလှည့်ကြည့်ရန် ယုံကြည်ချက်မရှိ ဖြစ်သွားသည်။ သူ ဟန်ချက်ပျက်သွားပြီးနောက် ပြောလာသည်။
" ရှစ်စွမ်း ကျွန်တော် လာမကြည့်တာ မဟုတ်ပါဘူး အဲ့အချိန်တုန်းက..."
ရှန်းလျိုရှန့်က လက်ကာပြလိုက်သည်။
" ရပါတယ် ငါ့ကိုလာကြည့်ဖို့လည်း မလိုပါဘူး..."
ကျိုးရွှမ်လန်၏ရင်ထဲ အေးစိမ့်သွားပြီး သူ့မျက်နှာထက်တွင် မကျေမနပ်နှင့် စိတ်အနှောင့်အယှက်ဖြစ်သွားသည့်ပုံစံမျိုးဖြစ်လာသည်။ ရှန်းလျိုရှန့် သူ့မျက်လုံးများကိုကြည့်ပြီး ခိုးရယ်လိုက်မိသည်။
တစ်ဖက်မှ ထုံရှီးမှာ သူ မြင်တွေ့နေရသည့် စင်မြင့်ပေါ်မှအရာများကြောင့် ရူးနှမ်းလုမတတ် ဖြစ်လာသည်။
Shwe Sin Oo:
ဒီလိုအခြေအနေက စုပိုင်ချယ့်အတွက် ဖြစ်နေရမှာလေ... တကယ်လို့ မစ်ရှင်သာ အောင်မြင်သွားခဲ့ရင် ရှန်းလျိုရှန့်က အဲ့နေရာမှာတောင် ရှိနေမှာမဟုတ်ဘူး... ဒီလူတွေ အမှားလုပ်နေကြပြီ သူတို့အားလုံး စုပိုင်ချယ့်ကိုပဲ ဒီလိုဆက်ဆံရမှာလေ...
အကယ်၍ အခြေအနေက ဤပုံစံအတိုင်းဆက်ဖြစ်နေပါက သူတို့မစ်ရှင် လုံးဝပျက်စီးသွားမည်ကို ထုံရှီး စိုးရိနေမိသည်။ သို့သော် အကယ်၍ သူ ရှန်းလျိုရှန့်ကို သတ်ပစ်လိုက်နိုင်ပါက သူ့ထံတွင် အခွင့်အရေးရှိနိုင်သေးသည်။
သို့ရာတွင် ထုံရှီး၏စိတ်ထဲ တုံ့ဆိုင်းနေမိသည်။ အကယ်၍ သူ လှုပ်ရှားလိုက်သောကြောင့် လူမိသွားပါက အရာအားလုံး အဆုံးသတ်သွားမည်ဖြစ်သည်။ သူ့အသက်ဆုံးရှုံးရုံသာမက ဤလောကတွင် ရှင်သန်နိုင်ခွင့်လည်း ရှိမည်မဟုတ်တော့ပေ။
သို့ရာတွင် နောက်ထပ် တွေ့မြင်လိုက်ရသည့်မြင်ကွင်းက ထုံရှီးကို ရိုက်ချက်ပြင်းသွားစေ၍ စိတ်လွတ်ပြီး ဒေါသထွက်လာသောကြောင့် ခန္ဓာကိုယ်မှ ပရိုဂရမ်များပါ အစီအစဉ်မကျ ဖြစ်လာသည်။
ရှုရှင်းချန်က သူနှင့် ရှန်းလျိုရှန့်အကြားတွင် သွေးသားအရစပ်ဆက်မှုရှိ၍ ဤပွဲကြည့်စင်မှ လူအားလုံးအနက် ယုံကြည်ချက်အရှိဆုံးလူ ဖြစ်သင့်သည်ဟု ထင်ထားလိုက်မိသည်။ သို့ရာတွင် အခြားလူများ တစ်ယောက်နှင့်တစ်ယောက် သရော်ကာစောင်းမြောင်းပြောဆိုပြီး တိုက်ခိုက်နေကြချိန်တွင် သူ ဝင်ပြောရန် အခွင့်အရေးမရသောကြောင့် ချက်ချင်းပင် မပျော်မရွှင်ဖြစ်လာမိသည်။
သူ ထိုသို့တွေးလိုက်ပြီးနောက် တစ်ခုခုမှားယွင်းနေသည်ဟု တွေးလိုက်မိသည်။
တကယ်လို့ ခမည်းတော်သာ ဒီနေရာမှာ ရှိနေခဲ့ရင်...
ရှုရှင်းချန် ကျောက်စိမ်းစားပွဲကို အသာခေါက်လိုက်သောကြောင့် အခြားလူများစကားပြောနေရာမှရပ်သွားပြီး သူ့ကိုကြည့်လာသည်။
ရှုရှင်းချန် အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။
" မင်းတို့အားလုံး သူ့ကိုခေါ်ဖို့ရောက်လာတာဆိုရင်တော့ ဘာမှမပြောဘဲ တတ်နိုင်သမျှ အမြန်ဆုံးထွက်သွားပေးပါ... ရှန်းလျိုရှန့်က အခုချိန်ကစပြီး နန်းတွင်းမှာပဲ နေတော့မှာ... သစ်ရွက်ကြွေတွေက အမြစ်နားမှာပဲ ကြွေကျကြတာ... သူ နောက်ဆုံးတော့ ရှန့်ချီတောင်ကို ပြန်လာရမှာပဲ..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ပွဲကြည့်စင်ထက်မှ လေထုအခြေအနေက ငြိမ်သက်သွားသည်။
ရှန်းလျိုရှန့်က သူ့ကိုယ်သူ ပစ္စည်းတစ်ခုမဟုတ်ကြောင်း စိတ်ထဲတွင် တွေးနေမိသည်။
ငါ ဘယ်နေရာမှာ နေမယ်ဆိုတာကို ဆွေးနွေးနေဖို့ လိုသေးလို့လား...
သူ စကားပြောတော့မည့်အချိန်တွင် လင်ယဲ့က သူ့လက်ကိုလှမ်းကိုင်လိုက်သည်။
" အမြစ်နားကိုပဲ ပြန်လာရမယ်ဆိုရင်တော့ အဲ့နေရာက ချင်းလင်ဂိုဏ်းပဲ ဖြစ်သင့်တာပေါ့..."
ရှန်းလျိုရှန့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
" ရှစ်ရှုန်း..."
လင်ယဲ့က သူ့ကိုဖြတ်ပြောလာသည်။
" မင်း ပထမဆုံးအကြိမ် ဓားရေးလေ့ကျင့်တော့လည်း ငါကိုယ်တိုင် သင်ပေးခဲ့တာပဲ... အမှားတွေလုပ်မိလို့ အပြစ်ပေးခံရရင်လည်း ငါပဲ မင်းဘေးမှာ ရှိနေခဲ့ပေးတာ... ရှန်းလျိုရှန့် မင်း အရင်ကပြောတော့ ချင်းလင်ဂိုဏ်းမှာပဲ အမြဲနေပြီး ငါ့ကို အဖော်ပြုပေးမယ်ဆို ဒါပေမဲ့ အခုတော့..."
ရှန်းလျိုရှန့်၏တစ်ကိုယ်လုံး တုန်ယင်လာပြီး ခဏတာ မှင်သက်သွားမိသည်။
သူ အမှန်တကယ်ပင် ထိုသို့ပြောခဲ့ဖူးလေသည်။ သူတို့ရှစ်စွမ်းထွက်သွားသည့်နေ့တွင် သူနှင့် ရှစ်ရှုန်းတို့က တစ်ယောက်အပေါ်တစ်ယောက် မှီခိုပြီး မည်သူကမှ အခြားတစ်ယောက်ကိုချန်ထားပြီး ထွက်မသွားရဟု ကတိပေးခဲ့ကြသည်။
သို့သော် သူ မေ့လျော့သွားခဲ့မိ၏။ မေ့လျော့သွားခဲ့သည်မှာလည်း အချိန်အတန်ကြာပြီဖြစ်သည်။
" အခုက အတိတ်တုန်းကနဲ့ မတူတော့ဘူးလေ... ရှစ်စွမ်းက ချင်းလင်ဂိုဏ်းမှာ နေလို့မှ မရတော့တာ..."
ကျိုးရွှမ်လန်က အေးစက်စက်အသံဖြင့် ပြောလာသည်။
" ပြီးတော့ အင်မော်တယ်အရှင်က ကောင်းကင်ဘုံကိုတက်နိုင်မယ့်အဆင့်နဲ့ သိပ်မဝေးတော့ဘူးမလား... ဘာလို့ ရှစ်စွမ်းကို ချင်းလင်ဂိုဏ်းမှာ ပိတ်လှောင်ထားဦးမှာလဲ..."
ထိုစကားကိုကြားသည့်အခါ ယဲ့ပင်းရန်၏အကြည့်က ရှန်းလျိုရှန့်ပေါ်သို့ ကျရောက်လာသည်။
" အရာအားလုံး ပြောင်းလဲသွားသလို လူတွေလည်း ပြောင်းလဲတတ်ကြတာပဲ... ချင်းလင်ဂိုဏ်းကို ပြန်သွားဖို့တော့ မလိုတော့ပါဘူး... တကယ်လို့ မင်း ဆန္ဒရှိတယ်ဆိုရင် ငါနဲ့လိုက်ခဲ့လို့ရပါတယ်... ဒါပေမဲ့ ဘယ်နေရာသွားသွား မင်းအပေါ်ပဲ မူတည်ပါတယ်..."
ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားပြီးနောက် လင်ယဲ့နှင့် ယဲ့ပင်းရန်ကို တစ်လှည့်စီကြည့်နေလိုက်မိသည်။ စိတ်ဝမ်းကွဲနေကြသည်ဟူသော ခံစားချက်က သူ့ရင်ထဲ ပိုမိုပြင်းထန်လာမိသည်။ သို့ရာတွင် တစ်ဖက်က ပြောလိုက်သည့်စကားတိုင်းကလည်း မှန်ကန်နေပြန်သည်။
သူ ပြန်လည်ပြောဆိုရန် ပြင်လိုက်သည်။
" ကျွန်တော်..."
" မင်း ငါနဲ့အတူ နတ်ဆိုးနန်းတော်ကို ပြန်လိုက်ခဲ့တာ ပိုကောင်းမယ်..."
နန်ယောင်ချွမ်က မတ်တပ်ထရပ်လိုက်သည်။
" နတ်ဆိုးနယ်မြေမှာနေရတာ မင်းအတွက် ပိုပြီး သက်တောင့်သက်သာရှိတယ်မလား... ငါမင်းကို နတ်ဆိုးအရှင်ရာထူးပေးလိုက်ရင် ပိုကောင်းသွားမလား..."
ရှန်းလျိုရှန့် ထိတ်လန့်သွားသည်။
" အစ်ကိုကြီးရဲ့ ကြင်နာမှုတွေအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်တော်..."
" အားလုံးတော်လိုက်ကြတော့..."
ရှုရှင်းချန် သည်းမခံနိုင်တော့၍ ထပြောလိုက်သော်လည်း သူက နောက်ဆုံး စကားပြောလိုက်သူ ဖြစ်သွားသည်။
သူ မတ်တပ်ထရပ်လာပြီး စားပွဲကိုပတ်၍ ရှန်းလျိုရှန့်နားသို့လျှောက်လာကာ သူ့ကိုဆွဲထူပြီး မပျော်မရွှင်ဖြစ်နေသည့်မျက်နှာဖြင့် ပြောလိုက်သည်။
" တခြားလူနောက်လိုက်သွားဖို့ နည်းနည်းတောင်မတွေးနဲ့ အစ်ကိုတော်... ကျွန်တော် ခင်ဗျားကို တခြားလူတွေလက်ထဲ မထည့်ပေးလိုက်ဘူး... ခင်ဗျားက ကျုပ်တစ်ယောက်တည်းရဲ့ အစ်ကိုတော်ဆိုတော့ ကျုပ်က အရေးကြီးဆုံး ဖြစ်နေရမှာလေ..."
ရှန်းလျိုရှန့် သူ့နှဖူးကိုလက်ဖြင့်ထောက်ထားပြီး ရှုရှင်းချန်ပြောသည်ကို ပြန်စဉ်းစားနေလိုက်မိသည်။
ဘယ်သူမှလည်း ငါ့ရဲ့ညီ မဖြစ်ချင်ကြပါဘူး... ဘာလို့ ငါ့ကို တစ်ယောက်ယောက်က လုသွားတော့မယ့်ပုံစံမျိုးနဲ့ ပြောနေရတာလဲ... သူက ငယ်တော့တာလည်း...
သူ့ဘေးနားမှလူက သူ့ကို လက်ကောက်ဝတ်မှဆောင့်ဆွဲပြီး ရင်ခွင်ထဲထည့်လိုက်သောကြောင့် ရှန်းလျိုရှန့်၏အတွေးများ ရပ်တန့်သွားရသည်။
" ရှစ်စွမ်းက ငါ့အတွက်ပဲ..."
ကျိုးရွှမ်လန်က စကားကိုတစ်လုံးချင်းပြောလိုက်ပြီး သူ့မျက်ဝန်းများကလည်း မီးတောက်လုမတတ်ဖြစ်နေကာ ခန္ဓာကိုယ်မှ ပြင်းထန်သောဖိအားတစ်မျိုး ထွက်ပေါ်နေသည်။
" မင်းတို့ သေချင်နေတာလား..."
သူ့စကားဆုံးသည်နှင့် ပွဲကြည့်စင်ပေါ်မှ လေထုအခြေအနေက တင်းမာလာသောကြောင့် ရှန်းလျိုရှန့် အသက်မနည်းရှုနေရသည်။
သူ ကျိုးရွှမ်လန်၏ဝတ်ရုံလက်ကိုဆွဲပြီး စကားပြောတော့မည့်အချိန်၌ လင်ယဲ့၏ အခြားလူများ၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့အားလုံး တစ်ပြိုင်နက် ပြောလိုက်ကြသည်။
" ဒီမှာ သူက..."
ရှန်းလျိုရှန့် ကြောင်အသွားစဉ် တောက်ပသောအလင်းတန်းတစ်ခုက သူ့မျက်စိရှေ့၌ ထွက်ပေါ်လာသည်။ သူ့ မျက်လုံးများ ပြန်ဖွင့်လိုက်သည့်အလ ကျယ်ပြန့်သော အဖြူရောင်နေရာလွတ်ကြီးတစ်ခုထဲ ရောက်နေသည်ကို သိလိုက်ရသည်။
သူ့မြင်ကွင်းထဲမှ ဒူးမျှသာရှိသည့် စက်ရုပ်သဖွယ် အရာဝတ္ထုတစ်ခုကို တွေ့လိုက်သည်။ ၎င်းက စက်ရုပ်ထက် မကောင်းဆိုးဝါးတစ်ကောင်နှင့် ပိုတူပေသည်။ ၎င်းက သူ့ကိုပြုံးပြနေပြီး တလှမ်းချင်း အနားကပ်လာသည်။ ၎င်း၏ ညစ်ကျယ်ကျယ်ရယ်သံကြီးက နေရာတစ်ခုလုံးကို ပဲ့တင်ထပ်နေသည်။
ရှန်းလျိုရှန့်၏ရင်ထဲတွင် အဓိပ္ပါယ်ဖော်မရသည့် ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာပြီး သူ ယခင်က တွေ့ခဲ့သည့် ပိုးကောင်များထက်ပိုဆိုးသည့် ဤလောကမှ ကြောက်မက်ဖွယ်အကောင်းဆုံးအရာကို မြင်လိုက်ရသည့်သဖွယ် ခံစားလိုက်ရသည်။
သူ့ခေါင်းထဲတွင် အော်ဟစ်ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာပြီး မည်သည့်အရာကိုမှ မခံစားကြည့်နိုင်တော့ပေ။ သူ့မျက်နှာက သွေးဆုတ်ဖြူရော်သွားပြီး ကြောက်လန့်စွာဖြင့် နောက်ဆုတ်သွားမိသည်။
" မလာနဲ့ ဒီကိုမလာနဲ့ ကယ်ပါဦး ကယ်ကြပါဦး..."
သူ ပျာယာခတ်နေစဉ် တစ်စုံတစ်ယောက်က သူ့ကိုနောက်မှ ပွေ့ဖက်ထားလိုက်ပြီး ရင်းနှီးနေသော ကိုယ်နံ့တစ်မျိုးက သူ့ကိုလွှမ်းခြုံသွားသည်။
" ရှစ်စွမ်း မကြောက်ပါနဲ့ ကျွန်တော်ရှိတယ်..."
ရှန်းလျိုရှန့်က အသက်ကယ်ကောက်ရိုးမျှင်တစ်ချောင်းကို တွေ့လိုက်သကဲ့သို့ ခံစားလိုက်ရသောကြောင့် နောက်လှည့်၍ ကျိုးရွှမ်လန်ကို ဖက်ထားလိုက်သည်။ သူ တုန်ယင်နေသောကြောင့် မူးမေ့လဲမတတ် ဖြစ်လာသည်။
" ကူညီပါဦး... ကျိုးရွှမ်လန် ငါ့ကိုကယ်ပါဦး..."
သူ မှတ်မိသွားခဲ့လေပြီ။
ထိုအရာကို သူ ယခင်က မြင်ဖူးခဲ့ပြီး သူ့ကိုသတ်ရန်ကြိုးစားနေသည်ကို မှတ်မိသွားခဲ့သည်။ သူ မည်မျှကြိုးပမ်းသည်ဖြစ်စေ အနိုင်မယူနိုင်သည့်အပြင် မန္တန်များကလည်း အသုံးမဝင်ခဲ့ပေ။ ထို့နောက်တွင် ပိုးကောင်များဖြင့် ပြည့်နှက်နေသည့် တွင်းနက်ကြီးတစ်ခုထဲ ပစ်ချခံလိုက်ရပေသည်။ သူ့ဝိညာဉ်ကို ပိုးကောင်များက ဆုတ်ဖြဲဖျက်ဆီးသွားပြီး တဖြည်းဖြည်းချင်း ဝါးမျိုလာခဲ့သည်။
အရမ်းနာတယ်... ငါ့ခန္ဓာကိုယ်တစ်ခုလုံး အရမ်းနာတယ်...
ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကို တင်းကြပ်စွာပွေ့ဖက်ထားပြီး ဆောက်တည်ရာမရဖြစ်နေသူကို ရင်ခွင်ထဲထည့်ထားကာ သူ့ခေါင်းကိုပွတ်ပေးနေသည်။
" အဆင်ပြေပါတယ်ရှစ်စွမ်း မကြောက်နဲ့တော့နော်..."
သူ ညင်သာစွာဖြင့် နှစ်သိမ့်ပေးနေပြီးနောက် မနီးမဝေးမှ အရာတစ်ခုကို အဆုံးမဲ့သတ်ဖြတ်လိုစိတ်တို့ပြည့်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေလိုက်သည်။
နောက်ဆုံးတော့ တခြားလောကက အရာတစ်ခုကို ဖမ်းမိခဲ့ပြီပေါ့လေ...
ထုံရှီး၏ရယ်သံက ရုတ်ချည်းရပ်တန့်သွားပြီးနောက် ပျာယာခတ်လာကာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။
" မင်း ဘယ်လိုဝင်လာတာလဲ... မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး... ငါ သူတစ်ယောက်တည်းကို ဖမ်းထည့်လိုက်တာပါ... မင်းဘယ်လို..."
ထုံရှီး၏အော်သံ ရပ်တန့်သွားပြီး ကြောက်လန့်နေသည့်အမူအရာတစ်ခု ပြသလာသည်။
ဒီလူတွေ ငါ့ကို ထောင်ခြောက်ထဲရောက်အောင် တမင်လှည့်စားလိုက်တာလား...
မှတ်ဉာဏ်အစုလိုက်အပြုံလိုက် ဆက်တိုက်ရောက်ရှိလာသောကြောင့် ရှန်းလျိုရှန့်၏ ရုန်းကန်မှုများက တဖြည်းဖြည်း အားပျော့လာပြီး သူ့မျက်နှာထက်မှ ပျာယာခတ်နေသည့် အမူအရာက ပျောက်ကွယ်လာသည်။
သူ အရာအားလုံးကို မှတ်မိသွားခဲ့ပြီဖြစ်သည်။
သူ ငယ်ရွယ်စဉ်က လေ့ကျင့်ရန်အတွက် နေရာရွေးချယ်ခဲ့ရသည်။ ဖန်ကျုံးချင်းက သူ့ကို နတ်ဆိုးလောက၏ အရှေ့ပိုင်းကျတ်တီးမြေသို့ သွားရောက်ခိုင်းခဲ့ပြီး ထိုနေရာတွင် သူ့ဖူးစာရှင်ရှိသည်ဟု ပြောပြခဲ့ပေသည်။
ရှန်းလျိုရှန့်က ညွှန်ကြားချက်များအတိုင်း လိုက်နာပြီး သွားခဲ့သောကြောင့် အသည်းအသန်ကြိုးစားရုန်းကန်ပြီးသည့်နောက်တွင် အနက်ရောင်ဥကြီးတစ်လုံးကို ရှာတွေ့ခဲ့သည်။ ထိုအနက်ရောင်ဥက သူ့အတွက် ပြဿနာအိုးလေး ဖြစ်ခဲ့သည်။ အချိန်တိုင်း သူ့ထံမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာ၍ နတ်ဆိုးသားရဲများစွာကို ဆွဲဆောင်နေသကဲ့သို့ ဖြစ်ခဲ့သည်။ ရှန်းလျိုရှန့်မှာ ရွေးချယ်စရာမရှိတော့၍ အနက်ရောင်ဥနှင့်အတူ ပုန်းအောင်းနေရပြီး ဘေးအန္တရာယ်တစ်ခုပြီးတစ်ခုကို ကျော်ဖြတ်ခဲ့ရသည်။
နောက်ပိုင်းတွင် ၎င်းက နဂါးဥတစ်လုံးဖြစ်ကြောင်း သူ သိခဲ့သည်။
ဥခွံက ရံဖန်ရံခါတွင် အလင်းဖောက်နိုင်သည်အထိ ကြည်လင်သွား၍ အတွင်းမှ နဂါးပေါက်လေးက ဦးချိုဖြင့် ဥခွံကိုထိုးနေပြီး သူ့ကို နှုတ်တက်သကဲ့သို့ ခေါင်းခါယမ်းပြနေသည်ကို မြင်တွေ့ရတတ်ပေသည်။
ထိုနဂါးပေါက်လေးက နောက်ခံအကြောင်းအရင်း ရှုပ်ထွေးနက်ရှိုင်းလှသော ဒဏ္ဍာရီလာနတ်ဆိုးသားရဲဖြစ်သည်။ အကယ်၍ သူရှိနေသည့်သတင်း ပျံ့နှံ့သွားပါက မရေမတွက်နိုင်သောလူများက ၎င်းကို လိုချင်တပ်မက်ကြမည်ဖြစ်၍ ပင်မနယ်မြေတွင် သွေးချောင်းစီးလာနိုင်ပေသည်။ ရှန်းလျိုရှန့်က နဂါးဥခွံပေါ်မှ မှတ်တမ်းများကို စေ့စေ့စပ်စပ်ဖတ်ရှု့ပြီး နောက်ဆုံးတွင် နဂါးဥကို အရှေ့ပိုင်းကျတ်တီးမြေတွင်သာ ချန်ထားရစ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။
.....
ငါးနှစ်ခန့် ကြာပြီးသည့်နောက်...
ရှန်းလျိုရှန့် အရှေ့ပိုင်းကျတ်တီးမြေသို့ တစ်ဖန်ပြန်ရောက်လာခဲ့ပြီး ဥခွံထဲမှထွက်လာပြီး လူအသွင်ပြောင်းလာနိုင်သည့် နဂါးပေါက်လေးကို သားရဲပေါင်းများစွာအကြားမှ ကယ်တင်ခဲ့ပေသည်။
သူ ငါးနှစ်တိုင်တိုင် ပြင်ဆင်ခဲ့ပြီးသည့်နောက် ယခုအခါတွင် နဂါးလေးကို ကယ်တင်ရန် ရောက်လာခဲ့သည်။
နဂါးဥခွံပေါ်မှ မှတ်တမ်းများအရဆိုလျှင် နိုင်လိုမင်းထက်ပြုမူတတ်သော ရှေးဟောင်းနတ်ဆိုးမျိုးနွယ်တစ်ခုက ဘဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရပေသည်။ စွမ်းအားကြီးသော နဂါးမျိုးနွယ်က အဖျက်ဆီးခံရတော့မည်ကို ဆန္ဒမရှိသောကြောင့် ကောင်းကင်ဘုံကိုဖီဆန်သည့်နည်းလမ်းကိုသုံးပြီး သူတို့မျိုးနွယ်၏ မမွေးဖွားရသေးသော မျိုးဆက်သစ်လေးများကို အဝေးသို့စေလွှတ်ခဲ့သည်။ အခြားသော မျိုးဆက်သစ်လေးများက အောင်မြင်သည် မအောင်မြင်သည်ကိုမူ ရှန်းလျိုရှန့် မသိတော့ပေ။ သူသိသည်က ယခုချိန်၌ ပင်မနယ်မြေတွင် ကျိုးရွှမ်လန်တစ်ယောက်တည်းသာ ကျန်ရှိနေတော့သည်ကိုပင်။
ထို့အပြင် နတ်ဘုရားများက သူ့ကို အသက်ရှင်ခွင့်မပြုပုံပေါ်သည်။
ကောင်းကင်ဘုံတာအိုက နဂါး၏အော်ရာကို အမြဲတမ်းမဖမ်းမိနိုင်ပေ။ သူ ဥခွံထဲမှ ဖောက်ထွက်လာပြီးသည့်အချိန်တွင်မှ သူ့ကိုရှာတွေ့ရန် အကြီးမားဆုံး အခွင့်အရေးကို ရရှိမည်ဖြစ်သည်။
အကယ်၍ အနာဂတ်တွင် သူ မည်သူမည်ဝါဖြစ်ကြောင်းကို မဖော်ထုတ်နိုင်ခဲ့ပါက ကောင်းကင်ဘုံကလည်း သိလိမ့်မည် မဟုတ်ပေ။
နဂါးဥခွံပေါ်တွင် ကောင်းကင်ဘုံ၏တိုက်ခိုက်မှုကို ကာကွယ်ရန်နှင့် နဂါးပေါက်လေး၏အော်ရာကို ကွဲထွက်သွားသည့် ဥခွံပေါ်တွင် ဖုံးကွယ်ထားနိုင်သည့်အကြောင်းများကို မှတ်တမ်းတင်ထားခဲ့သည်။
ရှန်းလျိုရှန့်က ညွှန်ကြားချက်များအတိုင်းလိုက်နာပြီး နဂါးပေါက်လေးကို ဥခွံထဲထည့်ကာ ပြန်ပုန်းနေစေလိုက်သည်။ သူက အန္တရာယ်များသည့်ကာလမှ ကျော်လွန်လာသော်လည်း မမျှော်လင့်ထားသည်မှာ ကောင်းကင်ဘုံတာအိုက သူ့ကိုလာရှာပြီး သတ်ဖြတ်လိုခဲ့သည်။ ကံအားလျော်စွာဖြင့် ရှန်းလျိုရှန့်က ကြိုတင်ပြင်ဆင်ထားခဲ့ပြီး နဂါးပေါက်လေးကို ကောင်းကင်ဘုံတာအို၏ မျက်စိအောက်မှာပင် ဖွက်ထားနိုင်ခဲ့သည်။
ကောင်းကင်ဘုံတာအိုက နဂါးပေါက်လေးကိုသတ်ဖြတ်ရန် အခွင့်အရေးကို ဆုံးရှုံးသွားသောကြောင့် အမျက်သင့်သွားခဲ့ပြီး သူ့ကိုအမျက်သင့်စေခဲ့သူကို အပြစ်ပေးရန်ကျိန်ဆိုခဲ့သည်။
သို့သော်လည်း ကောင်းကင်ဘုံတာအိုက ပင်မကုန်းမြေတစ်ခုလုံး၏ စည်းမျဉ်းဖြစ်၍ အချိန်နှင့်နေရာလွတ်ကို ကျော်ဖြတ်လာသော ရှေးဟောင်းနဂါးမျိုးနွယ်ကသာ စည်းမျဉ်းကို ချိုးဖောက်နေ၍ အပြစ်ပေးခံရသင့်ပေသည်။ ရှန်းလျိုရှန့်က စည်းမျဉ်းကို တိုက်ရိုက်မချိုးဖောက်နေသောကြောင့် ကောင်းကင်ဘုံတာအိုက သူ့ကို အပြစ်မပေးနိုင်ပေ။
ထိုသို့ဖြစ်၍ ကောင်းကင်ဘုံတာအိုက အခြားလောကတစ်ခုမှ စနစ်ကို ခေါ်ဆောင်ခဲ့ပြီး အတားအဆီးမရှိဘဲ ဤလောကထဲ ဝင်ခွင့်ပြုခဲ့သည်။
ထိုစနစ်က ရှန်းလျိုရှန့်၏ ကောင်းမွန်လှသောကံကြမ္မာကို ချက်ချင်းသတိပြုမိခဲ့သည်။ အကယ်၍ စနစ်က ထိုကံကြမ္မာကို ခိုးယူပြီး သူ့ပိုင်ရှင်(host)ထံသို့ လွှဲပြောင်းပေးနိုင်ပါက သူတို့မစ်ရှစ် မအောင်မြင်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။