Chapter 172
ယျေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် လူတစ်ယောက်ကိုဘဝကို ဖျက်ဆီးပြီး မစ်ရှင်အောင်မြင်အောင် ပြုလုပ်ရသည်က ခက်ခဲပေ၏။ ဤလောက၏ ဟန်ချက်ညီမှုကို အပြင်မှ အင်အားတစ်ခုက ဖျက်ဆီးပစ်မည်ကို ကောင်းကင်ဘုံကလည်း ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ သို့သော် ဤတစ်ကြိမ်တွင်မူ ကောင်းကင်ဘုံကိုယ်တိုင်က မျက်ကွယ်ပြုထားပြီး စနစ်ကို မကောင်းမှုများပြုလုပ်စေကာ အပြင်လောကတစ်ခု၏စွမ်းအားကိုသုံး၍ ရှန်းလျိုရှန့်၏ဝိညာဉ်ကို ဖျက်ဆီးစေခဲ့သည်။
သို့သော် စနစ်က သူ့ကိုယ်ပိုင်အကြံနှင့်သူရှိပြီး အရာအားလုံးကို အကွက်ချထားကာ ရှန်းလျိုရှန့်ကို ဗီလိန်တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ပြီး သူ့ဝိညာဉ်အစိတ်အပိုင်းများကို သဲလွန်စအဖြစ် ချန်ထားရစ်ခဲ့ကာ ပင်ကိုအသိစိတ်ကင်းမဲ့ပြီး ဗီလိန်တစ်ယောက်၏ မစ်ရှင်ကို အောင်မြင်အောင် ပြုလုပ်ရမည့် လမ်းလျှောက်နေသောဇွန်ဘီတစ်ကောင်ဖြစ်လာအောင် ပြုလုပ်ခဲ့လိုက်သည်။
သို့သော် ထိုသို့ပြုလုပ်လိုက်ခြင်းကြောင့် မမြင်ရသောအန္တရာယ်များ ကျန်ရစ်ခဲ့ပေသည်။
တစ်စုံတစ်ယောက်က ရှန်းလျိုရှန့်၏အပြောင်းအလဲကို သတိပြုမိသွားပြီး အမှန်တရားကိုရှာဖွေရန် သဲလွန်စများအတိုင်း လှုပ်ရှားလာမည်ကို ကောင်းကင်ဘုံတာအိုက စိုးရိမ်၍ အမှန်တရားကို အားလုံး၏ ရှန်းလျိုရှန့်နှင့်ပတ်သက်သော မှတ်ဉာဏ်များကို လဲလှယ်ပစ်ခဲ့သည်။
ကောင်းကင်ဘုံတာအိုက သူ လုပ်ခဲ့သည့်အရာများကို မည်သူမှ မသိစေချင်ပေ။ အထူးသဖြင့် သူက စည်းကမ်းများကို ချိုးဖောက်ပစ်ခဲ့ခြင်းဖြစ်၍ စနစ်ကိုပင် အလွတ်မပေးဘဲ မှတ်ဉာဏ်အချို့ ဖျက်ပစ်ခဲ့သည်။ အချို့သော အရာများကိုပါ ဖျက်ပစ်ခဲ့မိသောကြောင့် စနစ်၏ ပုံမှန်လည်ပတ်မှု ပြိုကွဲပျက်စီးသွား၍ Aအဆင့်စနစ်မှ အဆင့်နိမ့်သွားခဲ့ရသည်။ ထို့နောက်တွင် စနစ်၏ မှတ်ဉာဏ်ကလည်း ယခင်ကဲ့သို့ မကောင်းမွန်တော့၍ နောက်ပိုင်းတွင် ထုံရှီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ရှန်းလျိုရှန့်ကိစ္စကို ရှင်းပြီးသည့်နောက်တွင်လည်း ကောင်းကင်ဘုံတာအိုက နဂါးပေါက်လေးကို မမေ့ခဲ့ပေ။ ကောင်းကင်ဘုံတာအို၏ ရောင်ခြည်တန်းက လင်ယဲ့အပေါ်သို့ ကျရောက်ခဲ့သည်။ လင်ယဲ့၏ ကံကြမ္မာက မြင့်မားသောကြောင့် ဤလောကတွင် သူ၏လူဝင်စားဖြစ်လာနိုင်ပြီး နဂါးကို ဆက်လက်ရှာဖွေနိုင်ပေသည်။
အဲ့နဂါးကိုရှာပြီး အပြတ်ရှင်းပစ်မှဖြစ်မယ်...
အရာအားလုံးက အစီအစဉ်တကျဖြစ်သွားခဲ့သော်လည်း ကောင်းကင်ဘုံတာအိုက နဂါးမျိုးနွယ်ဝင်လေးကို ရှာမတွေ့ခဲ့သည့်အပြင် ထုံရှီးကလည်း သူ့ပိုင်ရှင်နှင့်အတူ မစ်ရှစ်ကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
ယခင်မှတ်ဉာဏ်များ ဆုံးရှုံးသွားသည့် ကျိုးရွှမ်လန်မှာ သာမန် ငါးနှစ်သားအရွယ်ကလေးတစ်ယောက် ဖြစ်လာခဲ့သည်။ သူ့စိတ်ထဲတွင် မှတ်မိနေသည့် တစ်ခုတည်းသောအရာက ချင်းလင်ဂိုဏ်းသို့သွားရန် ဖြစ်သည်။
သူ နတ်ဆိုးလောကမှ ကျင့်ကြံရေးလောကထဲသို့ လာခဲ့သည်။ ဗိုက်ဆာနေချိန်တွင် သစ်ရွက်ခြောက်များကောက်စားပြီး ရေဆာပါက မိုးရေကိုသောက်သည်။ လမ်းတစ်လျှောက်လုံး ဆင်းရဲဒုက္ခများ ခံစားခဲ့ရပြီး နောက်ဆုံးတွင် ချင်းလင်ဂိုဏ်းသို့ရောက်လာချိန်၌ အချိန် နှစ်နှစ် သုံးနှစ်ခန့် ကြာမြင့်သွားခဲ့ပြီဖြစ်သည်။
ကျိုးရွှမ်လန်က ဂိုဏ်း၏စစ်ဆေးမှုတွင် ပထမဆုံးနေရာကို ရခဲ့သောကြောင့် ရှန်းလျိုရှန့်ကို သူ့ဆရာအဖြစ် ရွေးချယ်ခဲ့သည်။ သို့သော် သူ ကြီးပြင်းလာသည်နှင့် သူ့ရှစ်စွမ်းက သူ့ကိုနှစ်ပေါင်းများစွာ လျစ်လျူရှု့ထားခဲ့၍ ရှန်းလျိုရှန့်ကို သူ့ဆရာအဖြစ် ရွေးချယ်ခဲ့သည်ဟူသောအကြောင်းကို ငြင်းဆန်ချင်လာခဲ့သည်။
သူ တစ်ယောက်တည်း ကြီးပြင်းလာခဲ့ပြီး ချင်းလင်ဂိုဏ်း၏ ထူးချွန်ပြောင်မြောက်သော တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ အရာအားလုံးက ချောမွေ့နေခဲ့သော်လည်း လမ်းတစ်ဝက်တွင် သူ့ကျင့်ကြံဆင့်များ ပျောက်ဆုံးသွားခဲ့ရပြန်သည်။ ၎င်းက စနစ်၏ အကြီးမားဆုံးသော အလှည့်အပြောင်းကြီးဖြစ်ပြီး စုပိုင်ချယ့်နှင့် ကျိုးရွှမ်လန်အကြားမှ ဆက်ဆံရေးအခြေအနေကို တိုးတက်စေလာရမည်ဖြစ်သော်လည်း စနစ်က ကျိုးရွှမ်လန်အပေါ် တွက်ချက်မှု မှားယွင်းခဲ့သည်။
ကျိုးရွှမ်လန်၏ အသွင်အစစ်ကို သူ မသိရှိခဲ့၍ စုပိုင်ချယ့်နှင့် ရင်းနှီးလာအောင်လုပ်ခဲ့သော်လည်း နဂါးမျိုးနွယ်ဝင်ဖြစ်သည့် ကျိုးရွှမ်လန်က သူမှန်းဆထားသည်နှင့် ဆန့်ကျင်ဘက်များသာ ပြုလုပ်ခဲ့သည်။
သို့ဖြစ်၍ နောက်ဆုံးအချိန်ထိတိုင်အောင် စနစ်က သူ့မစ်ရှင်ကို မအောင်မြင်ခဲ့ပေ။
ကျိုးရွှမ်လန်က နဂါးတစ်ကောင်ဖြစ်သော သူ့အထောက်အထားကို ကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ခဲ့ပြီး တစ်ကြိမ်တစ်ခါမှ ထိုအကြောင်းကို မပေါ်လွင်စေခဲ့ပေ။ သူက ကျန်ရှိနေသည့် နဂါးဥခွံတစ်ခြမ်းကိုရှာဖွေပြီး ဤလောကမှ ထွက်သွားလိုခဲ့သော်လည်း မမျှော်လင့်စွာဖြင့် နဂါးဥခွံတစ်ခြမ်းတွင် ရှန်းလျိုရှန့် ချန်ရစ်ထားခဲ့သော သဲလွန်စများကို ရှာတွေ့သွားခဲ့သည်။
ထိုသဲလွန်စများ၏ မူလဇစ်မြစ်ကို စတင်လေ့လာစုံစမ်းခဲ့သောကြောင့် အရာအားလုံးကို သိရှိသွားပေသည်။
ထိုစဉ်အချိန်က ရှန်းလျိုရှန့်၏ဝိညာဉ်က အစိတ်စိတ်အမြွှာမြွှာ ပြိုခွဲသွားခဲ့ပြီဖြစ်ပြီး သူ၏ယွမ်ရှန်( ရှေးဦးဝိညာဉ် ) တစ်မျိုးတည်းကသာ ဤလောကထဲတွင် လွင့်မျောကျန်ရစ်နေခဲ့သည်။ ကျိုးရွှမ်လန်က အပြင်းအထန်ကြိုးစားပြီး သူ့ဝိညာဉ်ကို တဖြည်းဖြည်းချင်း ပြန်လည်စုစည်းကာ ပေါင်းစပ်စေခဲ့ပြီး သူ့ကိုယ်တိုင်အသက်ဓာတ်ကိုသုံး၍ နေ့နေ့ညည
ကာကွယ်ထားပေးခဲ့သည်။
ဝိညာဥ်ကို ပြန်လည်ပြင်ဆင်ခြင်း ပြီးဆုံးသွားသည့်နောက်တွင် ကျိုးရွှမ်လန်က အချိန်နေရာနည်းစနစ်ကို အသက်သွင်း၍ ရှန်းလျိုရှန့်က အခြားလောကတစ်ခုသို့စေလွှတ်ပြီး သူ့ဝိညာဉ်ကို ပျိုးထောင်ပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် စနစ်က ပြီးမြောက်အောင်မြင်လိုသည့် မစ်ရှစ်အကြောင်းကို သိရှိသွားခဲ့၍ ရှန်းလျိုရှန့်၏ဝိညာဉ်က ငြိမ်းငြိမ်းချမ်းချမ်း နေနေစဉ်တွင် မူလလောက(ကျင့်ကြံရေးလောက) သို့ ပြန်လာခဲ့သည်။
ရှန်းလျိုရှန့် သိခဲ့သော မူရင်းဝတ္ထုဟူသည်မှာ စနစ်က အောင်မြင်လိုခဲ့သည့် မစ်ရှင်အားလုံးအကြောင်း ဖြစ်သည်။
[ ဒီနေရာမှာ နောက်ကြောင်းပြန်တာပြီးသွားလို့ အောက်စာပိုဒ်မှာ လက်ရှိအချိန်ကို ပြန်ရောက်သွားပါပြီ... တရုတ်siteနဲ့ MTL နှစ်ခုလုံးကကြည့်ပြီး အဆင်ပြေအောင်ဘာသာပြန်ထားပေမယ့် တချို့နေရာမှာ မရှင်းတာတွေရှိတာလည်း ဖြစ်နိုင်လို့ သေချာသိချင်တာလေးတွေရှိရင် မန့်မှာ မေးလို့ရပါတယ်နော် 💙 ]
*
ရှန်းလျိုရှန့်၏ မျက်တောင်များ အနည်းငယ်တုန်ယင်သွားပြီး ကျိုးရွှမ်လန်၏ဝတ်ရုံကို တင်းကြပ်စွာဆွဲထားလိုက်သည်။
" ငါမှတ်မိပြီ..."
ကျိုးရွှမ်လန်၏ မျက်နှာအမူအရာက ရှုပ်ထွေးနေပြီး သူ့ဆံနွယ်များကို ညင်သာစွာပွတ်သပ်ကာ တဖြည်းဖြည်းချင်း ပြောလိုက်သည်။
" ရှစ်စွမ်း အများကြီး ဒုက္ခခံခဲ့ရပြီးပြီ... ကျန်တဲ့ကိစ္စတွေ ကျွန်တော့်ကိုပဲ အပ်ထားလိုက်ပါတော့..."
ရှန်းလျိုရှန့် ခေါင်းခါလိုက်ပြီး သူ့ရင်ခွင်ထဲမှထွက်ကာ မနီးမဝေးမှထုံရှီးကို လှမ်းကြည့်လိုက်သည်။
သူ မန္တန်ပေါင်းစုံဖြင့် တိုက်ခိုက်ခဲ့သော်လည်း ထုံရှီးက လုံးဝမဖြုံခဲ့ပေ။ ပြိုင်ဘက်က အခြားနေရာလွတ်တစ်ခုတွင် ရှိနေပုံရ၍ မဖမ်းနိုင်ခဲ့ပေ။
" ဒါ ဘယ်နေရာမှာလဲ..."
ကျိုးရွှမ်လန်က ပြောလိုက်သည်။
" အဲ့အရာရှိနေတဲ့ နေရာလွတ်မှာ..."
ကျိုးရွှမ်လန်က ထိုနေ့တွင် ရှန်းလျိုရှန့်ကို နန်းတွင်းသို့လိုက်ပို့မည်ဟု ကတိပေးခဲ့သော်လည်း သူက ရှုရှင်းချန်ကို မယုံကြည်သည့်အတိုင်း ရှုရှင်းချန်ကလည်း သူ့ကိုမယုံကြည်ခဲ့ပေ။ သို့ဖြစ်၍ နန်းတွင်းကိုသွားပြီး ရှုရှင်းချန်နှင့် မတွေ့ဆုံမီတွင် ရှုချင်းချန်က သူ့ကိုယ်ပွားတစ်ခုကိုလွှတ်လိုက်ပြီး သူ့ကို လင်ယဲ့၊ ယဲ့ပင်းရန်တို့နှင့် တွေ့ဆုံစေခဲ့သည်။
.....
(ဒါက လွန်ခဲ့တဲ့ ၁၆နှစ် ရှန်းလျိုရှန့် သေသွားတဲ့နောက် သူ့ရဲ့အလောင်းကို တွေ့ခဲ့ပြီးတဲ့အချိန်က အကြောင်းတွေပါ)
ရှန်းလျိုရှန့် သေဆုံးပြီးသည့်နောက်တွင် ယဲ့ပင်းရန်၏စိတ်ထဲ၌ နောင်တကြီးစွာရခဲ့သည်။ သူ လင်ယဲ့ကိုသွားတွေ့ကာ ကလေးဘဝအကြောင်းကို မေးမြန်းခဲ့သည်။
နှင်းတောထဲမှာတွေ့ခဲ့တဲ့ ကောင်လေးနာမည်ကို ဘာလို့ စုပိုင်ချယ့်လို့ ပြောခဲ့တာလဲ... အဲ့အချိန်တုန်းက ချင်းလင်ဂိုဏ်းမှာ စုပိုင်ချယ့်ဆိုတဲ့သူ မရှိသေးဘူးလေ... တကယ်လို့ လင်ယဲ့က သူ့ကိုအထင်လွဲအောင်လုပ်တာ မဟုတ်ဘူးဆိုရင် မဟုတ်မှလွဲရော...
သို့ရာတွင် လင်ယဲ့၏မှတ်ဉာဏ်ကမူ ယဲ့ပင်းရန်နှင့် ကွဲပြားနေသည်။ သူက ယဲ့ပင်းရန် နှင်းတောထဲတွင်တွေ့ခဲ့သူကို သူ့ဆရာတူညီလေး ရှန်းလျိုရှန့်ဟု ကျိန်းသေပေါက် ပြောပြခဲ့ပေသည်။
ထို့နောက် သူတို့နှစ်ယောက် အတူတကွစုံစမ်းစစ်ဆေးကြည့်လိုက်သည့်အခါ စုပိုင်ချယ့် ချင်းလင်ဂိုဏ်းတွင်ပေါ်လာသည်က ရှန်းလျိုရှန့် အရှေ့ပိုင်းကျတ်တီးမြေသို့သွားပြီး မတော်တဆဖြစ်ရပ် ဖြစ်ပြီးသည့်နောက်တွင်မှဖြစ်သည်။ သူ့ထံတွင် မွေးရပ်ဇာတိ အတိအကျမရှိဘဲ နာမည်တစ်ခုသာရှိ၍ သံသယဝင်စရာအချက်များဖြင့် ပြည့်နေသော်လည်း အားလုံးက ထိုအကြောင်းကို လျစ်လျူရှု့ထားခဲ့သည်။ စုပိုင်ချယ့်က ထိုသို့ဖြစ်နေရမည်ဟု သတ်မှတ်ထားသည့်အတိုင်း မည်သူကမှ သူ့ကို သံသယမဝင်ခဲ့ကြပေ။
စုပိုင်ချယ့်က ဖုံးကွယ်နိုင်သည့် မန္တန်တစ်ခုသုံးထားသည်ဟု လင်ယဲ့နှင့် ယဲ့ပင်းရန်တို့ ထင်ခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ရှုရှင်းချန်ကလည်း ရှန်းလျိုရှန့်ကို ပြန်လည်ရှင်သန်လာစေနိုင်မည့်နည်းလမ်းအား ရှာဖွေနေခဲ့သည်။ သို့ဖြစ်၍ အရှေ့ပိုင်းကျတ်တီးမြေသို့ သွားရောက်ပြီးသည့်နောက်ပိုင်းတွင်မှ ရှန်းလျိုရှန့်၏ အမူအကျင့်များ ပြောင်းလဲသွားခဲ့ကြောင်း သိလိုက်ရသည်။ သို့ဖြစ်၍ လင်ယဲ့ကို ထိုအကြောင်းမေးရန် သွားခဲ့သောအခါ လင်ယဲ့နှင့် ယဲ့ပင်းရန်တို့ကလည်း ဤကိစ္စကို စုံစမ်းနေကြပြီဖြစ်၍ သူတို့၏ထင်မြင်ချက်များကို အသိပေးပြောပြခဲ့သည်။
ရှုရှင်းချန်၏ စိတ်ထဲတွင်လည်း ထိုအချိန်က မှန်းဆချက်တစ်ခု ရှိနေပြီး သုံးဘဝကျောက်တုံးပေါ်တွင် လင်ယဲ့နှင့် ယဲ့ပင်းရန်တို့ ဝိညာဉ်စွမ်းအားအသက်သွင်းလိုက်သည့်အခါ မည်သည့်နာမည်မှ ပေါ်မလာခဲ့၍ သူ့စိတ်ထဲ ပိုမိုသေချာသွားခဲ့သည်။
စုပိုင်ချယ့်က ရှန်းလျိုရှန့်ထံမှ တစ်စုံတစ်ရာကို ခိုးယူသွားခြင်းဖြစ်ပြီး သူ့ကိုကူညီနေသူကလည်း ကောင်းကင်ဘုံတာအို ဖြစ်ပေသည်။
ရှုရှင်းချန်က စုပိုင်ချယ့်ကို တိတ်တဆိတ်စောင့်ကြည့်ရန်အတွက် လူလွှတ်ထားခဲ့သော်လည်း စိတ်လိုက်မာန်ပါ မလှုပ်ရှားစေခဲ့ဘဲ ခပ်တန်းတန်းသာ နေခဲ့သည်။ ထိုလူကို မကိုင်တွယ်နိုင်မီတွင် အမှန်တရားကို တူးဆွမည်ဟု ကြံစည်ထားသော်လည်း ထိုကိစ္စအားလုံးက်ု မလုပ်ဆောင်နိုင်မီတွင် ရှန်းလျိုရှန့်က အသက်ရှင်လျက် ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရှုရှင်းချန်က မည်သူ့ကိုမှ မယုံကြည်သောကြောင့် ရှန်းလျိုရှန့်ကို သူကိုယ်တိုင်စောင့်ရှောက်မည်ဟု ဆိုခဲ့သော်လည်း နေရာကူးပြောင်းအင်းစာရွက်ကို ရပြီးသည့်နောက်တွင် သူက မစောင့်ရှောက်နိုင်ကြောင်း ရှင်းလင်းစွာသိခဲ့သည်။ ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ရှိရာသို့ ရောက်သွားပြီဖြစ်၍ သူ မစောင့်ရှောက်နိုင်တော့ပေ။
ထိုအချိန်မှစ၍ သူ့စိတ်ကို ထိန်းချုပ်မထားတော့ဘဲ ရှန်းလျိုရှန့်ကို ခြိမ်းခြောက်နေသည့်အရာမှန်သမျှကို အပြတ်ရှင်းပစ်မည်ဟု တွေးထားလိုက်သည်။
ဤကိစ္စက အလွန်အမင်းသတိထား၍ ဆောင်ရွက်ရမည်ဖြစ်သည်။ အမှားအယွင်းတစ်ခုမှ မရှိစေရန်အတွက် သူ့ကိုယ်ပွားကိုလွှတ်ကာ ကျိုးရွှမ်လန်ကို ရှာဖွေစေခဲ့ပြီး မှန်းဆချက်များကို အသိပေးခဲ့သည်။
ကောင်းကင်ကြီးကို လက်တစ်ဖက်တည်းဖြင့် အုပ်ကွယ်ထားသည့်ကိစ္စကို သူတို့ကဲ့သို့ ကျင့်ကြံဆင့်မြင့်နေသူများက သတိမပြုမိမည် မဟုတ်ပေ။ ကောင်းကင်ဘုံတာအိုကြောင့် ၊ပြင်ပအင်အား သို့မဟုတ် ထိုအင်အားနှစ်ရပ်က ပူးပေါင်းဆောင်ရွက်နေသောကြောင့် ဖြစ်နိုင်ပေသည်။
ကျိုးရွှမ်လန်က ရင်းနှီးနေသည့် ကောက်ချက်ချမှုများကို ပြန်ကြားသည့်အခါ သူ့မှတ်ဉာဏ်များက နောက်ဆုံးတွင် ပြန်ပေါ်လာပြီး ကိစ္စတစ်ခုကို စိတ်ပိုင်းဖြတ်လိုက်သည်။ စုပိုင်ချယ့်ကို သတ်ဖြတ်ခြင်းက အသုံးမဝင်ပေ။ သူ့ကိုသတ်လိုက်ပါကလည်း စနစ်က သေသွားနိုင်မည်မဟုတ်ချေ။ ထိုအရာက အခြားသောနေရာလွတ်တစ်ခုတွင် ရှိနေသောကြောင့် မည်သည့်မန္တန်ကမှ သူ့ကိုမသက်ရောက်နိုင်ပေ။ အကယ်၍ သူ့ကိုသတ်လိုပါက သူရှိနေသည့် နေရာလွတ်ထဲသို့ မဖြစ်မနေ ဝင်ရောက်ရပေမည်။
လူပေါင်းများစွာ အချိန်အတန်ကြာအောင် ဆွေးနွေးပြီးသည့်နောက်တွင် စနစ်၏ အပြစ်အနာအဆာတစ်ခုကို ရှာတွေ့သွားကြသည်။ စနစ်က သူ့စွမ်းအားများသုံး၍ စတင်လှုပ်ရှားချိန်တွင် ကမ္ဘာနှစ်ခုအကြား၌ စွမ်းအားက ခေါက်တုံ့ခေါက်ပြန်သွားနေရသည်နှင့်တူ၍ သူရှိနေသောနေရာလွတ်က ပွင့်လာနိုင်ပေသည်။
သို့ရာတွင် စနစ်ဘက်မှ စတင်လှုပ်ရှားရလာရန်က မလွယ်ကူလှချေ။ ယခင်ဘဝတွင် ကျိုးရွှမ်လန်က စုပိုင်ချယ့်ကို သတ်ပစ်ခဲ့သော်လည်း စနစ်က လှုပ်ရှားလာပြီး ကူညီပေးခဲ့ခြင်းမျိုး မရှိဘဲ သူ့ကိုယ်သူကာကွယ်ပြီး နေရာလွတ်တွင်သာ ပုန်းအောင်းနေခဲ့သည်။
သို့ဖြစ်၍ သူတို့အားလုံးပေါင်းကာ လုပ်ဇာတ်တစ်ခုဖန်တီးပြီး စနစ်ကို ဒေါသထွက်အောင်လုပ်ရန် ကြိုးစားရတော့သည်။
သို့ရာတွင် ထိုသို့လုပ်ဇာတ်ဖန်တီးနေစဉ်မှာပင် ကျိုးရွှမ်လန်က သူ့စိတ်သူ မထိန်းနိုင်ဘဲ ပေါ်လာခဲ့သောကြောင့် မူရင်းအကြံအစည်ကို ဖျက်သိမ်းလိုက်ရသော်လည်း ကံကောင်းသည်မှာ နောက်ဆုံးရလဒ်က မဆိုးလှပေ။
ရှန်းလျိုရှန့်နှင့် ကျိုးရွှမ်လန်က နေရာလွတ်ထဲသို့ ဝင်ရောက်သွားနိုင်ခဲ့သော်လည်း အပြင်လောကတွင်မူ ကသောင်းကနင်းဖြစ်နေခဲ့သည်။
စုပိုင်ချယ့်က အဆောင်ငယ်ထဲတွင် ချုပ်နှောင်ခံလိုက်ရပြီး သူ့စိတ်ထဲမှ ထုံရှီး၏အသံက ပျောက်ကွယ်သွားခဲ့သည်။ ပြောင်းလဲသွားသောမြင်ကွင်းများကို တစ်ချက်ကြည့်ပြီးနောက် သူ့ကိုစောင့်ကြပ်နေသူကို ပြန်လှည့်ကြည့်လိုက်သည်။
" မင်းတို့ ရှာတွေ့သွားအောင် တမင်လုပ်လိုက်ကြတာပဲ..."
ယဲ့ပင်းရန်က သူ့လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားလျက် မတ်တပ်ရပ်နေသည်။ ထိုစကားကိုကြား၍ လှည့်ကြည့်လိုက်သည့်အခါ ရုပ်ဖျက်မန္တန်ကိုဖျောက်လိုက်၍ သူ အချိန်အတန်ကြာအောင် မမြင်တွေ့ခဲ့ရသော လှပသည့်မျက်နှာလေးကို မြင်လိုက်သည်။
" ငါမင်းကို အရင်တုန်းက နှင်းလူရုပ်လေးအကြောင်းပြောပြတော့ မင်း မငြင်းခဲ့ဘူးလေ..."
စုပိုင်ချယ့်က ပြုံးလျက်နှင့် ပြောလာသည်။
" ငါငြင်းချင်ပေမယ့် ငြင်းလို့မရခဲ့ဘူး..."
သူ ဤကမ္ဘာသို့ စရောက်လာစဉ်က အရာအားလုံးနှင့် မရင်းနှီးနေသေးသည့်အပြင် ထုံရှီး၏အကြံအစည်ကိုလည်းမသိခဲ့၍ သူ့အသက်အတွက် ထုံရှီးကို မလွန်ဆန်ရဲခဲ့ပေ။ နောက်ပိုင်း သူ့မစ်ရှင်များကို မအောင်မြင်နိုင်တော့သည့်အချိန်မှသာ ထုံရှီးက သူ့အသက်ကို မခြိမ်းခြောက်နိုင်ကြောင်း သိလိုက်ရသည်။ အကယ်၍ သူ့အသက်ကို ထိခိုက်လာနိုင်ပါက သူ မစ်ရှင်အားလုံးကို ကြိုးစားလုပ်ဆောင်မည်ဖြစ်သည်။
ယဲ့ပင်းရန် : " အဲ့တော့ မင်းက အားလုံးကို စိတ်လိုလက်ရ လက်ခံလိုက်တယ်ပေါ့..."
" မင်းပြောချင်တာက မှော်လက်နက်တွေနဲ့ မန္တန်တွေလား... ဒါမှမဟုတ် ဂရုစိုက်ကြင်နာမှုတွေ အားလုံးကိုလား... ဒါတွေက ငါ့ဆီရောက်လာတာလေ လက်မခံလို့ ရမလား..."
စုပိုင်ချယ့် မျက်လုံးများမှေးကျဉ်းလိုက်သည်။
" စိတ်လိုလက်ရလားဆိုတော့... တကယ်လို့ မင်းသာ ငါ့ကို စိတ်ရင်းအမှန်နဲ့ ပေးချင်တယ်ဆိုရင်တော့ ငါနည်းနည်းတွန့်ဆုတ်နေမိဦးမှာ ဒါပေမဲ့ မင်းပေးချင်တာ ငါမဟုတ်ဘဲ တခြားလူကိုလေ... မင်းက ငါ့ကိုစိတ်ရင်းအမှန်နဲ့ ဆက်ဆံတာမဟုတ်တော့ မင်းပေးတာတွေကိုလည်း ငါ စိတ်သက်သက်သာသာနဲ့ ယူနိုင်တာပေါ့... ပြီးတော့ ငါ့ကိုယ်ငါ ငွေအများကြီးရှာနိုင်တယ်လို့လည်း ခံစားရတယ်..."
ယဲ့ပင်းရန်က သူ့ကိုကြည့်လာသည်။
" အဲတော့ ငါမင်းကို ကျေးဇူးတင်ရမှာပေါ့..."
စုပိုင်ချယ့်၏ မျက်နှာက အံ့အားသင့်သွားစဉ်တွင် ယဲ့ပင်းရန်ဆက်ပြောလာသည်။
" မင်း ငါ့ကို ဘယ်လိုမှ ပြန်မတုံ့ပြန်ခဲ့တာ ကံကောင်းတာပဲ... မဟုတ်ရင်တော့ ငါက လမ်းအမှားကြီးကို ဆက်လျှောက်မိမှာ..."
စုပိုင်ချယ့်၏စိတ်ထဲတွင် သက်ပြင်းချလိုက်မိပြီး စကားပြန်ပြောတော့မည့်အချိန်၌ သူ့စိတ်ထဲတွင် ထုံရှီး၏ ပျာယာခတ်နေသောအသံ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မှုကင်းမဲ့သွားကာ အဆောင်အပြင်ဘက်မှ အတားအဆီးကိုအမြန်ချိုးဖျက်ပြီး အပြင်သို့ထွက်လာတော့သည်။
" မြန်မြန်လုပ် ငါ့ကိုရှာတွေ့သွားကြပြီ... ငါ ထွက်ပြေးလို့ရအောင် ခေါ်သွားပေး..."
တစ်စုံတစ်ရာ မှားယွင်းနေကြောင်းသိသည်နှင့် ထုံရှီးက ရှန်းလျိုရှန့်နှင့် ကျိုးရွှမ်လန်ကို နေရာလွတ်ထဲမှ ထုတ်လိုက်ပြီး သူထွက်ပြေး၍ရအောင် စုပိုင်ချယ့်ကို တောင်းဆိုတော့သည်။
သူတို့အကွာအဝေးတစ်ခုထိတိုင်အောင် ထွက်ပြေးသွားနိုင်ပါက ထိုလူများက သူ့နေရာလွတ်တွင် အမှတ်အသားလုပ်လိုက်ပြီးသားဖြစ်လျှင်ပင် အာရုံခံနိုင်မည် မဟုတ်ပေ။ ထုံရှီးက စုပိုင်ချယ့်ကိုထိန်းချုပ်ကာ ကောင်းကင်သို့ ပျံသန်းထွက်ပြေးလာသော်လည်း မမြင်ရသည့် အတားအဆီးတစ်မျိုးက သူ့ကိုဟန့်တားထားသည်။
ထုံရှီး၏ အမူအရာက ပြောင်းလဲသွားပြီး အားကုန်ထုတ်၍ တိုက်ခိုက်သော်လည်း အစီအရင်ဖြင့် ပြုလုပ်ထားသော အတားအဆီးက ဖျက်ဆီး၍ မရနိုင်သည့်အပြင် ပျက်စီးမည့် အရိပ်အယောင်လည်း မပြသနေပေ။
တလိမ့်လိမ့်တက်လာသော တိမ်မည်းများက ယင်းရွှယ်မြို့ကို လွှမ်းခြုံလာသည်။ အဝေးမှကြည့်မည်ဆိုပါက တိမ်မည်းများမှာ အဆုံးမဲ့တွင်းနက်ကြီးကို ပြောင်းပြန်လှန်ထားပြီး တစ်မြို့လုံးကို ဝါးမျိုပစ်တော့မည့်ပုံစံနှင့် တူနေသည်။
မင်္ဂလာပွဲအခမ်းအနားကျင်းပသည့် ကောင်းကင်ယံထက်တွင် မိုးခြိမ်းပြီး လျှပ်စီးများလက်နေသည်။
မရေမတွက်နိုင်သော မိုးကြိုးများက ကောင်းကင်ပေါ်မှ ပစ်လာသောကြောင့် ထစ်ချုန်းသံများကို ဆက်တိုက်ကြားနေရသည်။ ရှန်းလျိုရှန့်နှင့် ကျိုးရွှမ်လန်တို့ပေါ်လာသည်နှင့် မိုးကြိုးများက သူတို့ထံသို့ ဦးတည်လာပြီး ကောင်းကင်ယံမှ ဧရာမမီးဘောလုံးကြီးမှ အပူလှိုင်းများကလည်း ပေါက်ကွဲထွက်လာသည်။
ပွဲကြည့်စင်များနှင့် ရင်ပြင်တစ်ခုလုံး မီးဖြင့်ဝါးမျိုခံလိုက်ရပြီး တစ်ခဏတွင်းချင်းမှာပင် မီးခိုးများအဖြစ် ပြောင်းလဲသွားကာ ဤလောကကြီးထဲမှ ပျောက်ကွယ်သွားသည်။
ကောင်းကင်ဘုံတာအို ရောက်ရှိလာပြီဖြစ်၏။
ကျိုးရွှမ်လန်က အကာအကွယ်တစ်ခုကိုသုံး၍ မိုးကြိုးနှင့်မီးလှိုင်းများကို ကာကွယ်ထားလိုက်သည်။ တစ်ချိန်တည်းမှာပင် လင်ယဲ့က သူတို့နှစ်ယောက်ရှိရာသို့ တစ်ဟုန်ထိုးရောက်လာသည်။
" စုပိုင်ချယ့်ရဲ့ခန္ဓာကိုယ်ထဲကဟာကို သွားပြီးကိုင်တွယ်လိုက်ကြ... ငါ ကောင်းကင်ဘုံတာအိုနဲ့ ရင်ဆိုင်မယ်..."
ရှန်းလျိုရှန့်က ကြောက်ခမန်းလိလိစွမ်းအားများ ပါဝင်နေသော သူ့ဦးခေါင်းထက်မှ အနက်ရောင်ဝဲဂယက်ကြီးကိုကြည့်လိုက်သည်။ အကယ်၍ ထိုစွမ်းအား အနည်းငယ်ခန့်ပင် ပွင့်ထွက်သွားပါက တစ်မြို့လုံး လောင်ကျွမ်းပြာကျကုန်မည်ဖြစ်သည်။
သူ့ မျက်လုံးများ မှေ
းကျဉ်းလိုက်ပြီး ကျိုးရွှမ်လန်၏လက်ကို တင်းကြပ်စွာကိုင်ထားလိုက်သည်။
" စနစ်ကို ငါနဲ့ထားခဲ့ပါ၊ မင်းနဲ့ ရှစ်ရှုန်းအတူတူ ကောင်းကင်ဘုံတာအိုကို ကိုင်တွယ်လိုက်..."