Chapter 173
ကောင်းကင်ဘုံတာအို မြေပြင်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သော်လည်း လူတစ်ယောက်ကိုမှ ထိခိုက်ဒဏ်ရာ မရစေခဲ့ပေ။ သူက အမှန်တရားကို သိရှိသွားသောရှန်းလျိုရှန့်နှင့် နဂါးဖြစ်သော ကျိုးရွှမ်လန်ကိုသာ သတ်ပစ်ချင်နေခြင်းဖြစ်သည်။ သို့ရာတွင် အကယ်၍ လင်ယဲ့ကြားဝင်လာပါက သူ့ကိုယ်ပေါ်တွင် ကောင်းကင်ဘုံတာအို၏ ရောင်ခြည်တန်းရှိနေသော်လည်း သူပါ တိုက်ခိုက်ခံရမည်ဖြစ်သည်။
ရှန်းလျိုရှန့် ကျိုးရွှမ်လန်ကို ကယ်တင်ခဲ့စဉ်ကကဲ့သို့ ကောင်းကင်ဘုံတာအိုက သူ့ကိုမနာခံမည့်လူများကို အလွတ်ပေးမည်မဟုတ်ပေ။ လင်ယဲ့၏ကျင့်ကြံဆင့်က မည်မျှမြင့်သည်ဖြစ်စေ ကောင်းကင်ဘုံတာအိုကို တစ်ယောက်တည်းတိုက်ခိုက်ရန်က ခက်ခဲလွန်းလှသည်။
သူ့ စကားဆုံးသည်နှင့် ကျိုးရွှမ်လန်က မျက်မှောင်ကြုတ်လိုက်သည်ကို သူ မြင်လိုက်သည်။ ရှန်းလျိုရှန့်က သူ့လုံခြုံရေးကို ကျိုးရွှမ်လန်စိတ်ပူနေကြောင်းသိ၍ ချက်ချင်းပြောလိုက်သည်။
" ဒါက စနစ်တစ်ခုပါပဲ ငါ ကိုင်တွယ်နိုင်ပါတယ်... ကောင်းကင်ဘုံတာအိုကို ရင်ဆိုင်ရမှာ ပိုခက်တယ်..."
စကားဆုံးသည်နှင့် ရှန်းလျိုရှန့်၏ ဇာမဏီမျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပြည့်လာသည်။
" ငါ့အတွက် ငါကိုယ်တိုင်လက်စားချေမယ်..."
ကျိုးရွှမ်လန်က သူ့ကို မျက်ဆံနက်များဖြင့် စိုက်ကြည့်နေသည်။
" ပြောင်းပြန်ကြေးခွံကို တူတူယူသွားပါ..."
သူတို့နှစ်ယောက် အတင်းအကြပ်ဆွဲထုတ်ခံလိုက်ရပြီးနောက် နေရာလွတ်က ပိတ်ဆို့သွားခဲ့သည်။ မူလက ကျိုးရွှမ်လန်မှာ ရှန်းလျိုရှန့်၏ လုံခြုံရေးအတွက် သူနှင့်အတူတူသွားလိုသော်လည်း ယခုအခါ ကောင်းကင်ဘုံတာအိုပါ ရောက်ရှိလာ၍ လင်ယဲ့တစ်ယောက်တည်းရင်ဆိုင်ရန် မလုံလောက်တော့ပေ။ ထို့အပြင် ရှန်းလျိုရှန့်က ဤကိစ္စကို သူကိုယ်တိုင် ပြုလုပ်ချင်နေပုံရသည်။ စနစ်ကို ရှင်းထုတ်ပစ်လိုက်လျှင်ပင် သူ့စိတ်ထဲမှ သတ်ဖြတ်လိုစိတ်က ပြေပျောက်သွားမည်မဟုတ်ပေ။
ပြောင်းပြန်ကြေးခွံ သူ့ခန္ဓာကိုယ်တွင် ရှိနေလျှင် ရှန်းလျိုရှန့်၏ အခြေအနေကို သတိထားနိုင်သောကြောင့် အန္တရာယ်ရှိပါက သူ ချက်ချင်းသွားရောက် ကယ်တင်နိုင်ပေသည်။
ရှန်းလျိုရှန့် : " ငါ အမြဲတမ်း ကိုယ်နဲ့မကွာဆောင်ထားပါတယ်..."
ကျိုးရွှမ်လန်က လက်တစ်ဖက်ဆန့်ထုတ်ပြီး ရောက်ရှိလာသည့် မိုးကြိုးနှင့် မီးတောက်များကို ခုခံလိုက်သည်။
" ကောင်းကင်ဘုံတာအိုက နေရာလွတ်ထဲမှာတော့ ဝင်ပြီးမစွက်ဖက်နိုင်ဘူး... ဒါပေမဲ့ ရှစ်စွမ်း သတိကြီးကြီးတော့ထားပါ..."
ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်ပြီးနောက် ထွက်ပြေးရန်နေရာရှာနေသည့် စုပိုင်ချယ့်ကိုကြည့်၍ မန္တန်တစ်ပုဒ်ရွတ်ကာ နေရာလွတ်ထဲ တစ်ဖန်ပြန်လည်ဝင်ရောက်သွားသည့်အခါ ဒူးလောက်မြင့်သည့် အဖြူရောင်မြူများကို တွေ့လိုက်ရသည်။
ရှန်းလျိုရှန့်က နေရာလွတ်ထဲ တစ်ဖန်ပြန်ဝင်လာပြီး သူတစ်ယောက်တည်း ဖြစ်နေသည်ကို ထုံရှီးမြင်သည့်အခါ ထိတ်လန့်တကြားဖြစ်နေရာမှ ရပ်တန့်သွားပြီး ဟားတိုက်ရယ်မောလိုက်သည်။
ဤနေရာလွတ်ထဲတွင် တစ်ဖက်လောကမှ ကျင့်ကြံသူများက သူ့ကိုတိုက်ခိုက်နိုင်သော်လည်း ရှန်းလျိုရှန့်က ယခုအချိန်၌ ဝိညာဉ်အခြေတည်အဆင့်တွင်သာ ရှိနေသေး၍ ထုံရှီးက သူ့ကို မကြောက်ပေ။
သူ့လည်ပင်းကိုလိမ်လိုက်သည့်အခါ ဂျွက်ခနဲ အသံမျိုးထွက်လာသည်။ သူက စက်ရုပ်တစ်ရုပ်ပုံစံမှ အက္ခရာစာလုံးများစွာဖြင့် ဖွဲ့စည်းထားသော လူသားပုံစံဖြင့် အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက သရဲတစ်ကောင်သဖွယ် လှုပ်ရှားနေပြီး ရှန်းလျိုရှန့်၏ ရှေ့တည့်တည့်တွင် ပေါ်လာတော့သည်။ သူ့လက်မှ အက္ခရာစာလုံးများ အရောင်လက်လာပြီး ထောင်နှင့်ချီသော လေပွေဓားသွားများဖြစ်သွားပြီး ရှန်းလျိုရှန့်ကို ဝိုင်းထားကြသည်။
ရှန်းလျိုရှန့် ရှောင်တိမ်းလိုက်ပြီးနောက် ထုံရှီး၏ကိုယ်ပေါ်မှ သိပ်သည်းနေသော စာလုံးများကို ကြည့်လိုက်သည်။ ထိုစာလုံးများက ပြောင်းလဲနေသော်လည်း သူက အများစုကို မှတ်မိနေသည်။
သူ ချင်းလင်ဂိုဏ်းတွင် ရှိခဲ့စဉ် သူ့ဆရာဖန်ကျုံးချင်းက ရွေးထုတ်ခြင်းနည်းစနစ်ကို သင်ပေးခဲ့သည်။ နန်းတွင်းတွင် နှစ်ပေါင်းများစွာနေခဲ့ရစဉ်က နတ်ဆိုးအဆိပ်ကို ကုသနေရသောကြောင့် သူ့ကျင့်ကြံဆင့်ကို တိုးတက်လာအောင် မပြုလုပ်နိုင်ခဲ့ပေ။ သူ မန္တန်များကိုသာ နေ့တိုင်းလေ့လာနေပြီး သူ နားမလည်သည့် ရှေးဟောင်းအက္ခရာစာလုံးများအကြောင်း တိယွင်ယွီကို မေးမြန်းရုံသာ တတ်နိုင်ခဲ့သည်။ တိယွင်ယွီ၏ မန္တန်အချို့ကလည်း ရှေးဟောင်းအက္ခရာစာလုံးများ၏ပုံစံဖြစ်သည်။ သို့ဖြစ်၍ တိယွင်ယွီက သူ့ကို ခက်ခဲလှသည့်စာလုံးများစွာကိုပါ သင်ကြားပေးခဲ့သည်။
သူ့လက်ဖျားထိပ်ကိုဖောက်လိုက်ပြီး လေထဲတွင် သွေးဖြင့်စာရေးလိုက်ကာ ၎င်းတို့ကို ဝိညာဉ်စွမ်းအားဖြင့် အသက်သွင်းလိုက်သည်။
တစ်ခဏတွင်းချင်းမှာပင် ထုံရှီး၏ လေပွေဓားသွားများနှင့် တစ်ထပ်တည်းတူသည့် ဓားသွားများ လေထဲတွင်ပေါ်လာသည်။ သို့ရာတွင် ရှန်းလျိုရှန့်၏ဓားသွားများက မရေမတွက်နိုင်အောင်များပြားပြီး သွေးနီရောင်များဖြစ်ကာ အဆက်မပြတ်တိုက်ခိုက်လာ၍ ထုံရှီး ကြောက်လန့်တကြားဖြင့် ထွက်ပြေးရတော့သည်။
တစ်ခဏတွင်းချင်းမှာပင် အဖြူရောင်မြူများက ကတ္တီပါနီရောင် ပြောင်းလဲသွားသည်။
ဤလေပွေအက္ခရာစာလုံးများကို ရှန်းလျိုရှန့်သိလိမ့်မည်ဟု ထုံရှီး မမျှော်လင့်ထားခဲ့ပေ။
သူ အော်ဟစ်လိုက်သည့်အခါ ဒါဇင်နှင့်ချီသော ပြတ်ရှရာများ သူ့ကိုယ်တွင်ပေါ်လာပြီး အဆုံးမရှိ ဆက်လက်အော်ဟစ်ပြောဆိုနေသည်။
" ငါ့ခန္ဓာကိုယ်ပေါ်က အက္ခရာစာလုံးတွေတိုင်းမှာ အဆုံးမဲ့စွမ်းအားတွေရှိတယ်... မင်း အခု ဒါတွေကို ဖျက်ဆီးနိုင်ရင်တောင် ငါ့ကိုတော့ ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး... ငါ့ကိုသတ်လို့မရဘူးကွ..."
" ဟုတ်လား..."
ရှန်းလျိုရှန့် ရှေ့သို့တဖြည်းဖြည်းတိုးလာပြီး ရေခဲတမျှအေးစက်နေသညိ့ သတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နေသည့် ဇာမဏီမျက်ဝန်းများဖြင့် မျက်လုံးလှန်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။
" ဒါပေမဲ့ မင်းခန္ဓာကိုယ်မှာ စာလုံးရေ ၁၈၀၀ပဲရှိတယ်ဆိုတာကို ငါမသိမှ ဒီလိုမျိုး ဖြစ်လာမှာပါ..."
ထုံရှီး ရပ်တန့်သွားပြီး နောက်ဆုံးတွင် ကြောက်လန့်တကြားနောက်ဆုတ်လိုက်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာသည်။
" မဖြစ်နိုင်ဘူး... မင်း ဘယ်လိုလုပ် အားလုံးကို သိနေတာလဲ... ငါမွေးဖွားခဲ့တဲ့ကမ္ဘာက ဒီနေရာထက်ပို အဆင့်မြင့်တယ်လေ... မင်း ဒီစာလုံးတွေကို ဘယ်လိုသိတာလဲ..."
ရှန်းလျိုရှန့် မျက်လွှာချလိုက်ပြီး လက်တစ်ဖက်မြှောက်လိုက်သောအခါ အဖြူရောင်မြူနှင်းများဖြင့်ပြည့်နေသည့် နေရာလွတ်က ချက်ချင်း သွေးရောင်လွှမ်းသွားသည်။
.....
စုပိုင်ချယ့် နေရာလွတ်ထဲသို့ ဆွဲခေါ်ခံရချိန်၌ မြေပြင်ပေါ်တွင် မီးသွေးကဲ့သို့ အမဲရောင်အရာတစ်ခုသာ ရှိနေပြီး ၎င်းထံမှ ထုံရှီး၏ အားနည်းဖျော့တော့နေသည့်အသံ ထွက်ပေါ်လာသည်။
" သူ့ကို အမြန်သတ်ပစ်ပြီးတော့ ငါ့ကိုလာကယ်..."
စုပိုင်ချယ့် မျက်လုံးအပြူးသားဖြစ်သွားပြီး ထိုအရာက ထုံရှီးဖြစ်သည်ကို မယုံကြည်နိုင်ဖြစ်သွားသည်။ သူ တဖြည်းဖြည်းလျှောက်လာနေသော ရှန်းလျိုရှန့်ကိုကြည့်လိုက်မိသည်။ သူ့အကြည့်များက ရှန်းလျိုရှန့်၏လက်ထဲမှ ရှေးဟောင်းအက္ခရာစာလုံးများမှတစ်ဆင့် အသွင်ပြောင်းထားသော ဓားသွားထံရောက်သွား၍ ချက်ချင်း ဘေးနားကပ်ပြီး ရှောင်နေလိုက်သည်။
ထုံရှီးက သူ့အပြုအမူကို သတိထားမိ၍ စိတ်ထဲတွင် ဒေါသနှင့် အညှိုးအတေးတို့ဖြင့် ပြည့်လာသည်။
" ငါ့ကိုကယ်ပေးစမ်းပါ... ကျေးဇူးပြုပြီး ငါ့ကိုအမြန်ကယ်ပေးပါ..."
သို့ရာတွင် စုပိုင်ချယ့်၏ အေးစက်စက်မျက်လုံးများကို မြင်လိုက်ရသည့်အခါ သူ့ပိုင်ရှင်က မည်မျှရက်စက်ကြောင်းကိုသိ၍ သူ့ကိုကယ်တင်ရန် မဖြစ်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ ရှန်းလျိုရှန့် တဖြည်းဖြည်းချဉ်းကပ်လာသည်နှင့်အမျှ ထုံရှီးက ဘောလုံးတစ်လုံးသဖွယ်ကွေးညွတ်ကာ တုန်ယင်နေပြီး သူ့ဦးနှောက်ထဲတွင် အသက်ရှင်သန်နိုင်မည့်နည်းလမ်းကို တွေးတောနေသည်။ ထို့နောက်တွင် ရုတ်တရက်အော်ဟစ်လိုက်သည်။
" ငါ့ကို မသတ်ပါနဲ့... ငါ့ရဲ့စွမ်းအားတွေအကုန် မင်းကိုပေးပါ့မယ်..."
ရှန်းလျိုရှန့်၏အကြည့်များ ပြောင်းလဲသွားသည်။
" တကယ်လား..."
မျှော်လင့်ချက်ရောင်ခြည်သန်းလာသောအခါ ထုံရှီးက အားသွန်ခွန်စိုက် ကြိုးပမ်းတော့သည်။
" အချိန်တန်ရင် မင်း ဒီလောကမှာရှိတဲ့လူအားလုံးရဲ့ ကံကြမ္မာကိုသိလာနိုင်ပြီးတော့ ငါ့ကိုယ်ထဲက တခြားနေရာလွတ်တစ်ခုရဲ့စွမ်းအားတွေကိုပါ ရလာမှာ..."
စုပိုင်ချယ့်၏မျက်လုံးများ အရောင်လက်သွားသည်။ သူက ထုံရှီးကဲ့သို့ စွမ်းအားကို ဖြုန်းတီးပစ်မည့်သူမဟုတ်၍ ထိုသို့သောစွမ်းအားမျိုး သူ့အိတ်ကပ်ထဲတွင် ရှိနေပါက ပင်မနယ်မြေတစ်ခုလုံးကို သူ့ခြေထောက်အောက်တွင် နင်းချေထားပစ်မည်သာ။
စုပိုင်ချယ့် မေးလိုက်သည်။
" ဟေး ငါ့ကို အဲ့အစွမ်း ပေးမလား..."
ထုံရှီးကပြောလိုက်သည်။
" မင်း ငါ့ကိုကူညီပြီး ရှန်းလျိုရှန့်ကိုအရင်သတ်ပေးမယ်ဆိုရင် ပေးမယ်..."
ရှန်းလျိုရှန့် လက်ဖျားများ အသာလှုပ်ရှားလိုက်သည့်အခါ သူ့လက်ထဲမှဓားသွားက စက်ဝိုင်းပုံစံဖြစ်သွားသည်။ စုပိုင်ချယ့်က သူ့စိတ်ထဲသို့ အသံကူးပြောင်းလိုက်သည်ကို ကြားလိုက်ရပြီးသည့်နောက် တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။
ရှန်းလျိုရှန့် ရှောင်တိမ်းလိုက်ပြီးနောက် သူ့လက်ထဲမှ ဓားသွားကို ထူးဆန်းသောပုံစံပြောင်းလိုက်ပြီး ထုံရှီးထံသို့ ပစ်လွှတ်လိုက်သည်။ ထုံရှီးက အသည်းအသန်အော်ဟစ်လာသည်။
" ဘာလုပ်နေတာလဲ သူ့ကို အမြန်သတ်လေ..."
စုပိုင်ချယ့် : " ငါသူ့ကို နိုင်အောင်မချနိုင်ရင် ဘယ်လိုလုပ်မလဲ... ငါ့ကို စွမ်းအားတွေ အရင်ပေးလေ..."
ထုံရှီးက စုပိုင်ချယ့်ကို မယုံကြည်သော်လည်း သူ့ထံတွင် အခြားရွေးချယ်စရာ မရှိတော့ချေ။ စုပိုင်ချယ့်၏လက်ဖဝါးက သူ့ပေါ်ရောက်လာသည်နှင့် ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်ရှေးဟောင်းစာလုံးများကို စုပိုင်ချယ့်ထံသို့ လွှဲပြောင်းပေးလိုက်သည်။
စုပိုင်ချယ့်၏နှုတ်ခမ်းများ အလိုလိုတွန့်ကွေးသွားရသည်။ ရှန်းလျိုရှန့်က သူတို့ကိုကြည့်နေပြီး ဓားကိုပစ်လွှတ်လိုက်သည့်အခါ ထုံရှီး၏ကိုယ်ပေါ်မှ စာလုံးများကို စုပိုင်ချယ့်၏ခန္ဓာကိုယ်သို့ လွှဲပြောင်းပေးနေသည်အား မြင်လိုက်ရသည်။
စုပိုင်ချယ့် လုံးဝ သတိမပြုမိလိုက်ပေ။
ထုံရှီးက လှုပ်ရှားမှုများ ရပ်လိုက်ပြီး ပြောလာသည်။
" ငါမင်းကို တစ်ဝက်အရင်ပေးထားမယ် ဒီလောက်ဆိုရင်ရပြီ... သူ့ကိုနေရာလွတ်ထဲက အမြန်ထုတ်ပစ်လိုက်ပြီးတော့ အပြင်ရောက်မှ ငါပေးထားတဲ့စွမ်းအားနဲ့ သူ့ကိုသတ်ပစ်လိုက်..."
နေရာလွတ်ထဲတွင် သူ့အတွက် သေစေနိုင်လောက်သော အားနည်းချက်ရှိနေ၍ သူက လောကတစ်ခုလုံးကို ဖျက်ဆီးနိုင်သည့်စွမ်းအားရှိသော်လည်း ၎င်းကို အလွယ်တကူ အသုံးမပြုရဲပေ။ သို့ရာတွင် စုပိုင်ချယ့်က သူနှင့်ကွဲပြားလှသည်။ သူ့ထံတွင် နေရာလွတ်မရှိသောကြောင့် မည်သည်ကိုမှ ငဲ့နေစရာမလိုဘဲ သုံးနိုင်လေသည်။
စုပိုင်ချယ့် ခေါင်းညိတ်ပြလိုက်သည်။ သူ့လက်ဖဝါးက ထုံရှီး၏ကိုယ်မှ ခွာသွားသည်နှင့် အခြားလက်ဖဝါးတစ်ဖက်ဖြင့် ထုံရှီးကို ရိုက်ချလိုက်သည်။ မြေပြင်ပေါ်မှ မီးသွေးကဲ့သို့အရာက ဆတ်ခနဲလှုပ်ခါသွားပြီး သွေးများစီးကျလာသည်။
ထုံရှီး မယုံကြည်နိုင်ဖြစ်သွားရသည်။
" မ... မင်း..."
စုပိုင်ချယ့် မျက်ခုံးပင့်ပြပြီး ချီးကျူးလိုက်သည်။
" မင်းရဲ့စွမ်းအားက သိပ်မများပေမယ့် တကယ်ကောင်းသားပဲ... ငါ လက်ခံလိုက်ပါ့မယ်..."
ထုံရှီး၏ပုံစံက ရုတ်တရက်တွန့်လိမ်လာပြီး ဒေါသတကြီးဖြင့် စုပိုင်ချယ့်ကို လှမ်းကိုက်ပစ်ရန် ကြံစည်လိုက်သည်။ သို့ရာတွင် သူ့ပါးစပ်မဟနိုင်မီမှာပင် ရှန်းလျိုရှန့်၏လက်ချက်မိသွားသောကြောင့် အပျက်အစီးပုံဘဝ ရောက်သွားရသည်။
ရှန်းလျိုရှန့် သူ့ကို အေးစက်စက်ဖြင့် ကြည့်လိုက်ပြီးနောက် တစ်ဖက်သို့လှည့်ကာထွက်သွားရန်ပြင်နေစဉ် လူတစ်ယောက်က သူ့ရှေ့တွင် ပိတ်ရပ်လာသည်။
" မြစ်ကိုဖြတ်ပြီးတာနဲ့ တံတားကို မီးရှို့လိုက်တယ်ပေါ့လေ... သိပ်မမြန်လွန်းဘူးလား..."
စုပိုင်ချယ့်၏ မျက်တောင်ရှည်များ အနည်းငယ်လှုပ်ခါသွားပြီး သူ၏နူးညံ့သောမျက်နှာထက်တွင် အပြုံးတစ်ပွင့်ပေါ်လာသည်။
" တောင်းပန်ပါတယ် ငါက ချီးကျူးမခံရသင့်ပါဘူး.."
စုပိုင်ချယ့် စိတ်လှုပ်ရှားလွန်း၍ လက်ဖျားများ တုန်ယင်နေသည်။ ယခုအချိန်၌ ဤကမ္ဘာလောကကြီးတစ်ခုလုံးက သူ့လက်ထဲတွင် ရောက်နေသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး ခွန်အားများဖြင့် ပြည့်နေသည်။ ဤကဲ့သို့ စိတ်ကူးယဉ်အိမ်မက်သဖွယ် အခြေအနေက သူ့အတွက် ကောင်းမွန်သည်ထက် ပိုနေသည်။
သူက ထိုလူများကို ကြောက်လန့်နေရန် မလိုအပ်တော့သဖြင့် ပထမဆုံး ရှန်းလျိုရှန့်ကို သတ်ပစ်ပြီးနောက် ကျိုးရွှမ်လန်နှင့် အခြားလူများကို သတ်ပစ်ရမည်ဖြစ်သည်။ ဤနည်းဖြင့် သူ့ကိုမည်သူမှ ဟန့်တားနိုင်မည် မဟုတ်တော့သည့်အပြင် သူက ဤလောကကြီးတစ်ခုလုံး၏ အရှင်သခင် ဖြစ်လာနိုင်ပေသည်။
စုပိုင်ချယ့်က ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး သူ့ရှေ့မှလူကို ကြည့်လိုက်သည်။
" ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့... နိုင်တဲ့သူက ဘုရင်ဖြစ်မှာလေ..."
စကားဆုံးသည်နှင့် စတင်လှုပ်ရှားလာကာ သူ့ဝိညာဉ်စွမ်းအားဖြင့် ရှန်းလျိုရှန့်ကို စတင်တိုက်ခိုက်တော့သည်။
သို့သော် နောက်အခိုက်အတန့်တွင် စုပိုင်ချယ့်၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ယင်လာပြီး သူ့ခေါင်းကိုအုပ်ကိုင်ကာ အော်ဟစ်နေသည်။ သူ့ခေါင်းထဲသို့ တစ်စုံတစ်ရာဝင်ရောက်လာပြီး အာရုံကြောများကို ဆုတ်ဖြဲနေသကဲ့သို့ ခံစားနေရသည်။ နာကျင်မှုကြောင့် ဇောချွေးများပြန်လာပြီး ခေါင်းတစ်ခုလုံးပေါက်ကွဲသွားတော့မည်ဟု ထင်နေပေသည်။
စုပိုင်ချယ့် နာကျင်လွန်းသောကြောင့် မြေပြင်တွင် လူးလှိမ့်နေရသည်။ ခဏအကြာတွင် နာကျင်မှုက အနည်းငယ်သက်သာသွား၍ ပင့်သက်ရှိုက်နေပြီး ဤသို့ရုတ်ချည်းဖြစ်ပေါ်လာခြင်းက သူ ယခုလေးတင် ရရှိထားသောစွမ်းအားကြောင့်ဖြစ်မည်သု တွေးလိုက်မိသည်။
ထုရှီးက မသေခင်မှာ ငါ့ကိုလှည့်စားသွားတာများလား...
စုပိုင်ချယ့်၏နှဖူးပြင်မှ သွေးကြောပြာများ ပေါက်ထွက်လုမတတ်ဖြစ်လာပြီး ထုံရှီးကို ပြာမှုန်ဘဝရောက်သည်အထိ နင်းချေပစ်ချင်စိတ်များ ဖြစ်ပေါ်လာရသည်။ ဤအခိုက်အတန့်တွင် အဖြူရောင်ဖိနပ်တစ်ရံက သူ၏မှုန်ဝါးဝါးအမြင်အာရုံထဲ ရောက်ရှိလာသည်။
စုပိုင်ချယ့် ခဏတာ အံ့အားသင့်သွားပြီးနောက် အစောပိုင်းက ရှန်းလျိုရှန့်၏ မတုန်မလှုပ်အမူအရာကို သတိပြုမိ၍ သူ့မျက်နှာက ပြောင်းလဲသွားပြီး အမြန်ခေါင်းမော့ကြည့်လိုက်သည်။
အနီရောင်ဝတ်ရုံနှင့်လူငယ်လေးက နှုတ်ခမ်းများတွန့်ကွေးလိုက်ပြီး ပျင်းရိပျင်းတွဲဖြင့် ပြောလာသည်။
" တောင်းပန်ပါတယ်... ငါ မင်းရဲ့ခန္ဓာကိုယ်ထဲကို တစ်ခုခုထည့်လိုက်တယ်... ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်ပါနဲ့... နိုင်တဲ့သူက ဘုရင်ဖြစ်မှာလေ..."
စုပိုင်ချယ့်၏မျက်လုံးများ ရုတ်ချည်းနီရဲသွားတော့၏။
ရှန်းလျိုရှန့် မျက်လွှာချလိုက်ပြီး မြေပြင်ပေါ်လဲနေသည့်လူကို ကြည့်လိုက်သည်။
သူ့ဆံပင်ရှည်များက ဖရိုဖရဲဖြစ်နေပြီး လှပသောမျက်ဝန်းတစ်စုံက သူ့ကို စူးစူးရဲရဲကြည့်နေကာ မျက်နှာထက်တွင်လည်း ဒေါသထွက်နေသည့် အမူအရာမျိုး ဖြစ်ပေါ်နေသည်။
စုပိုင်ချယ့်က ဒေါသထွက်နေလျှင်ပင် သူ့မျက်နှာက အကျည်းတန်မနေချေ။ အကယ်၍ သူ မျက်ရည်အနည်းငယ်ခန့် ကျပြလိုက်ပါက သူ့အလှတွင် နစ်မွန်းနေသူများဆိုလျှင် နှလုံးသားနူးညံ့ပျော့ပျောင်းသွားပြီး သူ့ကိုလွှတ်ပေးလိုက်မည်ဖြစ်သည်။
ရှန်းလျိုရှန့် ကျယ်လောင်စွာဖြင့် မေးလိုက်သည်။
" မင်း ငါ့ကိုဘာလို့ တိုက်တာလဲ..."
အကယ်၍ သူလှည့်ကွက်တစ်ခု မချန်ထားပါက စုပိုင်ချယ့် အမှန်တကယ်ပင် အောင်မြင်သွားနိုင်သည်။
စုပိုင်ချယ့်က မကျေမနပ်ဖြင့်ပြောလိုက်သည်။
" ရန်သူကို တိုက်ခိုက်တာ ဘာထူးဆန်းလို့လဲ..."
ငါသာ ကိုယ့်အတွက်ကိုယ် အစီအစဉ်မဆွဲထားဘူးဆိုရင် ဘယ်သူက ငါ့ကိုလာကယ်မှာတဲ့လဲ...
ထုံရှီး မရှိတော့ဘူးဆိုပေမယ့် အရင်တုန်းက ရန်ငြှိုးတွေက ရှိနေကြတုန်းပဲ... ပြီးတော့ အပြင်ဘက်က လူတစ်အုပ်စုကလည်း ငါ့ကို မျက်စိဒေါက်ထောက်ကြည့်နေတာ...
ထို့အပြင် ကျိုးရွှမ်လန်၊ လင်ယဲ့နှင့် ရှုရှင်းချန်တို့က ကြင်နာတတ်သူများ မဟုတ်ကြပေ။ သူတို့က မြက်ပင်ကိုနှုတ်လျှင် အမြစ်ပါမချန်ရှင်းပစ်ရမည်ဟူသော စည်းမျဉ်းကို လက်ခံထားကြသူများဖြစ်၍ စုပိုင်ချယ့်ကို လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ နန်ယောင်ချွမ်ကလည်း သူ့ညီ၏ခန္ဓာကိုယ်ကို ပြန်လိုချင်မည်ဖြစ်သော်လည်း သူ့မျက်နှာကို ပြလိုက်သည်နှင့် တစ်စစီဖျက်ဆီးပစ်ရန် မစောင့်နိုင်တော့မည်ကို သူ စိုးရိမ်နေမိသည်။
ယခုချိန်၌ သူ့ကိုလွှတ်ပေးနိုင်လောက်မည့်လူက ယဲ့ပင်းရန် တစ်ယောက်တည်းသာရှိသည်။
ထိုလူကလည်း စတင်၍ အပြစ်မကင်း ဖြစ်လာနေပြီဖြစ်သည်။ သူ လူမှားသွားသည်ကို သိသွားပြီဖြစ်ရာ စုပိုင်ချယ့်ကို နှစ်သက်တော့မည်မဟုတ်သည့်အပြင် သူ့အမူအရာအပြောင်းအလဲက အလွန်သိသာလွန်းပြီး ထိုစကားများကို မမေးခဲ့သင့်ဟု နောင်တရနေပုံပေါ်သည်။
သို့ဖြစ်၍ စုပိုင်ချယ့်က သူ့အမေးကို တည့်တိုးဆန်ဆန်သာ ပြန်ဖြေလိုက်ခြင်းဖြစ်သည်။
သူက အမြဲတစေ အခွင့်ကောင်းယူတတ်သူဖြစ်၍ ယဲ့ပင်းရန်ကို တောင်းပန်ရန် မလိုအပ်ဟု တွေးလိုက်မိသည်။
ရှန်းလျိုရှန့်ကမူ သူ အပြင်ဘက်မှလူများနှင့် တိုက်ခိုက်ရမည်ဆိုတည်းက အနှေးနှင့်အမြန် သူ့ရန်သူဖြစ်လာတော့မည်ဖြစ်၍ စိတ်ပျော့မနေတော့ဘဲ ရန်သူဖြစ်လာနိုင်သူကို ရှင်းပစ်ရန် ကြံရွယ်လိုက်ခြင်းဖြစ်သည်။
သို့သော်လည်း စုပိုင်ချယ့်မှာ သူကိုယ်တိုင်က အလှည့်စားခံရတော့မည်ဟု မမျှော်လင့်ထားသည့်ပုံ ဖြစ်နေသည်။
" မင်း ငါ့ခန္ဓာကိုယ်ထဲကို ဘာတွေထည့်လိုက်တာလဲ..."
" ရှေးဟောင်းစာလုံးနည်းနည်းပါ..."
ရှန်းလျိုရှန့်က သူ့ကိုကြည့်ပြီး အလေးအနက်တွေးတောနေမိသည်။
" ငါမင်းအတွက် ကျူးယန်ကိုကူပြီး သန့်စင်ပေးခဲ့တယ်လေ ဘာလို့ အညှာအတာမဲ့ရတာလဲ..."
" ငါလည်း မင်းအတွက် နတ်ဆိုးအရိုးဆေး ရှာပေးခဲ့တယ်လေ... အဲဒီဆေးသာမရှိရင် မင်း ပေါက်ကွဲသေနေလောက်ပြီ..."
စုပိုင်ချယ့်က အေးစက်စက်ဖြင့် ဆက်ပြောလာသည်
" ငါက အခြိမ်းခြောက်ခံလိုက်ရလို့ ဒီလိုတွေလုပ်ခဲ့တာဆိုပေမယ့် ကျူးယန်ကိုသန့်စင်ခိုင်းဖို့ ငါမင်းကို မကူညီခိုင်းခဲ့ဘူးလေ... ငါက မင်းအသက်ကိုကယ်ခဲ့လို့ မင်းက ငါ့ကိုပြန်ကယ်တယ် ငါတို့ကျေသွားပြီပဲ... ကျေးဇူးကြွေးတင်တဲ့ကိစ္စကို ပြောဖို့မလိုတော့ပါဘူး..."
ဤလောကက သူ့အတွက် ရက်စက်မှုများဖြင့် ပြည့်နှက်နေပြီး နွေးထွေးမှုမရှိသည့် နေရာတစ်ခုဖြစ်သည်။ သူ့မျက်နှာလှလှလေးကြောင့် အားလုံးက သူ့ကို လိုချင်တပ်မက်ကြသည်။ နေရာအနှံ့တွင်လည်း ထောင်ခြောက်များရှိနေခြင်းဖြစ်သော်လည်း ထိုလူများကို သူက ကောင်းမွန်စွာအဆုံးသတ်ခွင့်ပြုလိမ့်မည်မဟုတ်ချေ။ ကျူးယန်
ကလည်း သူတို့အနက်မှတစ်ယောက်ဖြစ်သည်။
ယခု နောက်ဆုံးတွင် သူ့ထံ၌ ပြန်လည်တိုက်ခိုက်နိုင်သောစွမ်းအား ရှိလာခဲ့သည်။ သို့ရာတွင် မစတင်ရသေးမီမှာပင် ၎င်းက အဆုံးသတ်သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။