Chapter 174
စုပိုင်ချယ့် သူ့ကိုယ်တွင်းမှ အခြေအနေကို စစ်ဆေးနေစဉ်တွင် ရှန်းလျိုရှန့် အဘယ့်ကြောင့် သူ့ကိုမတိုက်ခိုက်သေးဘဲ နှောင့်နှေးနေရခြင်းကို စဉ်းစားနေမိသည်။ သူက စုပိုင်ချယ့်ကိုမသတ်ဘဲ နာကျင်အောင်ပြုလုပ်ကာ ပြန်လွှတ်ပေးလိုက်မည်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
စုပိုင်ချယ့်၏မျက်လုံးများ အရောင်လက်လာပြီး သူ့နားတွင်ရပ်နေသူကိုကြည့်ကာ သတ်ဖြတ်လိုစိတ်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ထိုစဉ်အချိန်တွင် အစောပိုင်းက နာကျင်မှုက ပြန်လည်ရောက်ရှိလာပြီး သူ့ခေါင်းထဲမှ သွေးကြောတိုင်းက နာကျင်မှုကြောင့် တုန်ယင်နေကာ ခေါင်းထဲတွင် ဟိန်းဟောက်သံကြီးတစ်သံ ကြားလိုက်ရပြီး သူ့အမြင်အာရုံလည်း အမှောင်ဖုံးလွှမ်းသွားသည်။
သူ၏ မျက်နှာလှလှလေးက နာကျင်မှုကြောင့် ရန်လိုဟန်ဖြစ်လာပြီး ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။
" မင်း ငါ့ကိုသတ်နိုင်ရင် သတ်ကြည့်လိုက်လေ..."
" ငါမင်းကို မသတ်ပါဘူး..."
ရှန်းလျိုရှန့် နှုတ်ခမ်းများတွန့်ကွေးလိုက်ပြီး အံ့အားသင့်နေသော စုပိုင်ချယ့်ကို အေးစက်စက်ပြုံးပြလိုက်သည်။
" မင်းမှာ စနစ်ရဲ့စွမ်းအားတွေရှိသွားပြီဆိုတော့ တော်တော်လေး သန်မာနေလောက်ပြီပေါ့... ငါလည်း အဲ့စွမ်းအားကို လိုချင်တာဆိုတော့ မင်းကိုသတ်လိုက်ရင် နှမျောစရာကြီး ဖြစ်သွားမှာ... မင်းကို ထိန်းချုပ်ပြီး ငါ့ကိုယ်ကျိုးအတွက် ခိုင်းစားတာ ပိုမကောင်းဘူးလား..."
စုပိုင်ချယ့်၏မျက်နှာက မည်းမှောင်သွားသည်။
သူက သူ့အသက်နှင့်ခြိမ်းခြောက်ခံရသည်ကို အမုန်းဆုံးဖြစ်သည်။ အကယ်၍ ထုံရှီးက သူ့ကို အကြိမ်ကြိမ်အခါခါ တွန်းအားမပေးခဲ့ပါက ထုံရှီးသည်လည်း ဤမျှ သနားစရာကောင်းစွာဖြင့် သေသွားရလိမ့်မည် မဟုတ်ချေ။
ရှန်းလျိုရှန့်က ထုံရှီး၏ပုံစံကို အတုယူပြီး ပြောနေခြင်းဖြစ်သည်။
" မင်း မီးနဲ့ကစားနေတာဆိုတော့ ကိုယ့်ကိုပြန်လောင်မှာကို မကြောက်တာလား..."
" ကိုယ့်ဘာသာစိုးရိမ်နေတာ ပိုကောင်းမယ်ထင်တယ်... တကယ်လို့ ငါသာသေသွားခဲ့ရင် မင်းကိုယ်ပေါ်ထားထားတဲ့ ငါ့ရဲ့ ရှေးဟောင်းစာလုံးတွေလည်း ဘန်းခနဲ ပေါက်ကွဲထွက်သွားမှာ..."
ရှန်းလျိုရှန့် မျက်ခုံးပင့်ကြည့်လိုက်သောအခါ စုပိုင်ချယ့်၏မျက်နှာက အရောင်အဆင်းကင်းမဲ့နေသည်ကို တွေ့လိုက်၍ ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
စုပိုင်ချယ့်က အသုံးဝင်နေဆဲဖြစ်၍ ရှန်းလျိုရှန့် သူ့ကိုသတ်ပစ်ရန် ဆန္ဒမရှိပေ။ ထို့အပြင် အကြောင်းအရင်းနောက်တစ်ခု ရှိနေသေးသည်။
ရှန်းလျိုရှန့် အချိန်ကြာသည်အထိ စဉ်းစားနေခဲ့သည်။ ယခုစုပိုင်ချယ့်က မူလစုပိုင်ချယ့်နှင့် လုံးဝကွဲပြားနေပေသည်။
သူက တခြားလူတစ်ယောက်များလား... တကယ်လို့ သူက ငါ့ဝိညာဉ်ကို စောင့်ရှောက်ပေးဖို့ ခဏနေခဲ့ရတဲ့ ကမ္ဘာကနေ ရောက်လာတဲ့သူဆိုရင်တော့... သူက ငါ့ကြောင့် ဒီကိစ္စထဲကို မတော်တဆ ဆွဲသွင်းခံလိုက်ရတာပဲ...
ဆုတ်ဖြဲမတတ်နာကျင်မှုက ပျောက်ကွယ်သွား၍ စုပိုင်ချယ့် စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်ပြီး နီရဲနေသောမျက်လုံးများပွင့်လာပြီး ကြမ်းပြင်ပေါ်ထထိုင်ကာ ရှန်းလျိုရှန့်ပြောသည်ကို နားထောင်နေလိုက်သည်။
" ငါ့မှာ မင်းအတွက် နောက်ဆုံးမေးခွန်းတစ်ခုရှိတယ်..."
ရိုင်းစိုင်းသောစကားများက လည်ချောင်းဝအထိ ရောက်လာသော်လည်း စုပိုင်ချယ့်မှာ ထပ်မံနာကျင်လာမည်စိုး၍ စိတ်ပြန်ထိန်းထားလိုက်သည်။
"မေးလေ..."
ရှန်းလျိုရှန့် : " မင်းရဲ့ဆိုင်ကို ဘာလို့ ဖိုချုန့်ဆိုင်လို့ နာမည်ပေးထားတာလဲ..."
စုပိုင်ချယ့် စကားတစ်လုံးမှမပြောရန် ကြံလိုက်သော်လည်း ရွေးချယ်စရာမရှိဖြစ်နေ၍ ခေါင်းငုံ့ပြီး ရှင်းပြလိုက်သည်။
" အဲဒီနာမည်မှာက လေးနက်တဲ့ အဓိပ္ပါယ်ရှိပြီးတော့ အရမ်းကောင်းတဲ့အိမ်မက်တစ်ခုလည်းပါတယ်... ငါ မင်းကို ပြောပြရင်တောင် မင်း သဘောပေါက်မှာ။မဟုတ်ဘူး..."
ရှန်းလျိုရှန့် မေးစေ့ကိုပွတ်နေလိုက်သည်။
" ဒါဆိုရင် တုစန့်ဆိုတဲ့ နာမည်ကိုရော ဘယ်လိုထင်လဲ.."
" ငါ အစကတော့ အဲဒါကိုတွေးမိသေးတယ် ဒါပေမဲ့ တုစန့်က..."
စုပိုင်ချယ့် စကားပြောနေလျက်ဖြင့် မျက်လုံးအပြူးသားဖြစ်သွားပြီး ရှန်းလျိုရှန့်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။
" မင်း မင်း..."
ရှန်းလျိုရှန့် သူ့ပခုံးကို လှမ်းပုတ်လိုက်သည်။
" ဟုတ်တယ် ဟုတ်တယ်..."
စုပိုင်ချယ့် အချိန်အတန်ကြာသည်အထိ အံ့အားသင့်နေခဲ့သည်။ သူ့အပြင် အခြားလူတစ်ယောက်ကလည်း ကံဆိုးမိုးမှောင်ကျပြီး ဤကမ္ဘာသို့ ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့မိချေ။
" မင်း စောစောကပြောရင် ငါမင်းကို သတ်ပါ့မလား..."
ရှန်းလျိုရှန့် : " ငါတို့က ရန်သူမဟုတ်ဘူးလား..."
စုပိုင်ချယ့် မတ်တပ်ထရပ်လိုက်သည်။
"အခုက မတူတော့ဘူးလေ..."
စုပိုင်ချယ့်အတွက်မူ ဤနေရာမှ အရာအားလုံးက အိမ်မက်နှင့်တူနေပြီး လူများကလည်း စက္ကူရုပ်ကဲ့သို့ ပုံရိပ်ယောင်များဟုသာ ခံစားနေခဲ့ရသည်။ သူ့နောက်သို့လိုက်နေသူနှင့် သူ့ကိုအန္တရယ်ပြုမည့်သူများကို သူက တွန့်ဆုတ်ခြင်းမရှိဘဲ သတ်ပစ်မည်သာ။
သို့ရာတွင် သူနှင့် တစ်ကမ္ဘာတည်းမှ ရောက်လာသူကို သတ်ပစ်ရလောက်သည်အထိ သူက မရူးနှမ်းသေးပေ။
စုပိုင်ချယ့်က သူ့ကို စိတ်လှုပ်ရှားသည့် အမူအရာဖြင့်ကြည့်နေပြီး ပြောစရာစကားများစွာရှိနေသည်ကို ရှန်းလျိုရှန့် သတိပြုမိသည်။ သူ့မျက်လုံးများမှေးကျဉ်းလိုက်ပြီးနောက် စုပိုင်ချယ့် စကားစမပြောမီတွင် သတိပေးလိုက်သည်။
" ငါ့နားကို ကပ်မလာနဲ့... မင်းက ကောင်းကင်ဘုံတာအိုနဲ့ ရင်ဆိုင်ရင် အသုံးဝင်ဦးမှာဆိုတော့ မင်းကိုငါ အသက်ရှင်လျက် ထားဦးမှာပါ..."
စုပိုင်ချယ့် ကြောက်လန့်သွားမိသည်။
" မင်း ရူးနေတာလား..."
ရှန်းလျိုရှန့် သရော်လိုက်ပြီးနောက် သူ့အင်္ကျီကော်လံမှဆွဲ၍ အပြင်ကို ပစ်ထုတ်လိုက်သည်။
" မင်း ဒီတိုင်း မပျောက်ကွယ်သွားချင်ဘူးဆိုရင် ငါပြောတဲ့အတိုင်းပဲလုပ်..."
ကောင်းကင်ထက်ရှိ မှင်ကဲ့သို့ မည်းနက်နေသော တိမ်တိုက်များအကြားတွင် လူနှစ်ယောက်ပေါ်လာပြီး ထောင်နှင့်ချီသော မိုးကြိုးနှင့်မီးများက ထိုလူနှစ်ယောက်အနက်မှ တစ်ယောက်ကို တိုက်ခိုက်တော့သည်။
စုပိုင်ချယ့် ထွက်ပြေးချင်သော်လည်း သူ့ခေါင်းထဲသို့ သတိပေးလိုက်သည့် နာကျင်မှုတစ်မျိုးရောက်ရှိလာ၍ ရှန်းလျိုရှန့်၏ရှေ့တည့်တည့်တွင် ရပ်လိုက်ပြီး မိုးကြိုးနှင့် မီးများကို ဟန့်တားပေးမည့် မမြင်ရသော အကာအကွယ်တစ်ခု ဖန်တီးလိုက်သည်။
" မင်း ငါ့ကိုပဲ အားကိုးမနေနဲ့ ငါတို့ ခဏလောက်ပဲ တားထားလို့ရမှာ... ဝိညာဉ်စွမ်းအားဆိုတာ အကန့်အသတ်ရှိတယ်... ကုန်သွားပြီဆိုတာနဲ့ နည်းလမ်းရှာရတော့မှာပဲ..."
" ရှစ်စွမ်း..."
ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ဘေးတွင် ရုတ်ချည်းပေါ်လာပြီး သူ့ကိုလက်တစ်ဖက်ဖြင့် ဆွဲခေါ်သွားသည်
ကောင်းကင်ယံတွင် ငွေရောင်မြွေများနှင့်တူသော လျှပ်စီးများဖြင့် ပြည့်နေပြီး ကျယ်လောင်သည့် ထစ်ချုန်းသံကြီးများ ထွက်ပေါ်နေကာ မိုးကြိုးများက မြေပြင်ပေါ် တစ်ချက်ပြီးတစ်ချက် ပစ်ချနေသည်။
လူအများစုက မိုးကြိုးပစ်ခံနေရသည်ကို ရှန်းလျိုရှန့်တွေ့လိုက်ရသည်။ ထိုကျင့်ကြံသူများက အသက်ရှုရပ်သွားချိန်အထိ အကြောက်အကန် ရုန်းကန်နေသည်ကို မြင်လိုက်ရသောအခါ ရှန်းလျိုရှန့် စိတ်မကောင်းဖြစ်သွားသည်။
" ကောင်းကင်ဘုံတာအိုက အပြစ်မဲ့တဲ့သူတွေကိုပါ စတိုက်နေပြီလား..."
ကျိုးရွှမ်လန်က ပြန်ဖြေသည်။
" သူ အဲလိုမလုပ်ဘူးဆိုရင် ကျွန်တော်တို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး..."
ကောင်းကင်ဘုံတာအိုက လူများစွာကို ကိုင်တွယ်ရလေ စွမ်းအားပိုကြီးလာလေဖြစ်သည်။ သမိုင်းမတိုင်မီခေတ်က မဟာနတ်ဆိုးများကို ရင်ဆိုင်နေရ၍ အရာအားလုံးကို မျိုးတုန်းသတ်ဖြတ်ပစ်နိုင်သည့် ကောင်းကင်ဘုံအတိဒုက္ခကိုပါ ဆောင်ကြဉ်းလာနိုင်ပေသည်။ ကျိုးရွှမ်လန်နှင့် အခြားလူများကို ရင်ဆိုင်နေရချိန်တွင် အခြားအပြစ်မဲ့လူများကို ရှောင်တိမ်း၍ တိုက်ခိုက်နေပါက သူတို့ထံမှ ထုတ်လွှတ်သောစွမ်းအားက အလဟဿ ဖြစ်သွားပေလိမ့်မည်။
သို့ဖြစ်၍ ကောင်းကင်ဘုံတာအိုက ရွေးချယ်စရာမရှိတော့ဘဲ ရှိနေသမျှလူအားလုံးကိုပါ ကျိုးရွှမ်လန်တို့နှင့်အတူ မြှုပ်နှံပစ်ရန် ကြံရွယ်နေခြင်းဖြစ်သည်။
ရှန်းလျိုရှန့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သည့်အခါ တလိပ်လိပ်တက်လာသော တိမ်စိုင်များက အဆုံးမဲ့အသူရာချောက်သဖွယ် ရေဝဲကြီးအဖြစ်သို့ ပြောင်းလဲသွားသည်အား မြင်လိုက်ရသည်။ ၎င်းက လေပြင်းနှင့် မီးလှိုင်းများကို သယ်ဆောင်လာသည်မှာ ယင်းရွှယ်မြို့တစ်မြို့လုံးကို ဖုံးလွှမ်းသွားတော့မည်ဟု ထင်ရပေ၏။
အကယ်၍ ကောင်းကင်ဘုံတာအိုကို မရပ်တန့်ဘဲ ဤသို့ဆက်လက်ဖျက်ဆီးခွင့်ပြုထားပါက အောက်ဘက်တွင်ရှိနေသောလူများက ခဏသာ တောင့်ခံနိုင်ပြီး မကြာမီအချိန်၌ ဝိညာဉ်စွမ်းအားကုန်ခမ်းသွားမည်ဖြစ်၍ ထိုအချိန်ရောက်ပါက မည်သူမှ လွတ်မြောက်နိုင်မည် မဟုတ်တော့ချေ။
ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီး ရေဝဲကြီး၏ အတွင်းဆုံးနေရာကို လှမ်းကြည့်လိုက်သည်။ ထိုနေရာမှ မျက်ဝန်းတစ်စုံက စိုက်ကြည့်နေပုံရ၍ အလွန်ကြက်သီးထစရာ ကောင်းလှပေသည်။
ရှန်းလျိုရှန့် တစ်ဖက်သို့လှည့်ပြီး မေးတော့မည့်အချိန်၌ ကျိုးရွှမ်လန်က သူ့ဘေးကို ရုတ်တရက်ရောက်လာပြီး သူ့နှုတ်ခမ်းများကို နမ်းလိုက်သည်။
" ရှစ်စွမ်း... ကျွန်တော့်ကို ဒီမှာပဲ စောင့်နေနော်..."
ရှန်းလျိုရှန့် လန့်သွားပြီး သူ့ကို အလိုလိုလှမ်းဆွဲလိုက်သော်လည်း ဝတ်ရုံစနှင့်လက်က ထိရုံသာထိသွားသည်။ ကျိုးရွှမ်လန်က သူ့ကို ရှုရှင်းချန်ရှိသည့်ဘက်သို့ တွန်းပို့လိုက်ပြီး ဧရာမ နဂါးနက်ကြီးအဖြစ် အသွင်ပြောင်းကာ ကောင်းကင်ပေါ်ပျံတက်သွားပြီး အနက်ရောင်ကြေးခွံများက အေးစက်စူးရှသော အော်ရာတစ်မျိုးထုတ်လွှတ်နေသည်။
နဂါးနက်ကြီးက ခေါင်းမော့လိုက်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးက လေဝဲဂယက်ထဲ တစ်ခဏတွင်းချင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။
"ကျိုးရွှမ်လန် ——"
ရှန်းလျိုရှန့်၏ မျက်လုံးသူငယ်အိမ် ကျုံ့ဝင်လုဆဲဆဲဖြစ်သွားပြီး ရှုရှင်းချန်ကလည်း သူ့ကိုတင်းကြပ်စွာဖက်ထားကာ ကျောပြင်ကိုပုတ်၍ ပြောလိုက်သည်။
" အစ်ကိုတော် စိတ်အေးအေးထားပါ... ကျိုးရွှမ်လန်က ကောင်းကင်ဘုံတာအိုရဲ့ အသိစိတ်ကိုသွားရှာတာမို့ အဆင်ပြေမှာပါ..."
ရှန်းလျိုရှန့်၏စိတ်ထဲ ဗလာကျင်းနေပြီး ဝမ်းနည်းစွာဖြင့် ရုန်းကန်နေမိသည်။ ထိုသို့ဖြစ်နေသည်ကို မြင်သောအခါ ရှုရှင်းချန်က ရွေးချယ်စရာမရှိတော့၍ သူ့ဝိညာဉ်စွမ်းအားကို ပိတ်ဆို့ထားလိုက်ပြီး အစီအရင်တစ်လွှာပြုလုပ်ကာ ရှန်းလျိုရှန့်ကို ဝန်းရံထားလိုက်ရသည်။
ကျိုးရွှမ်လန် ပျောက်ကွယ်သွားပြီးသည့်နောက်တွင် ကောင်းကင်ယံမှ ဆင်းသက်လာသောစွမ်းအားက ပိုမိုရူးနှမ်းလာသည်ဟု ထင်ရပြီး ရှန်းလျိုရှန့်ထံသို့ တစ်ဟုန်ထိုး ကျရောက်လာသည်။ လင်ယဲ့နှင့် ရှုရှင်းချန်က တစ်ဖက်တစ်ချက်စီမှနေ၍ တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ထားပေးသည်။
အချိန်က တဖြည်းဖြည်းချင်း နှေးကွေးစွာကုန်ဆုံးနေပြီး ကောင်းကင်ပေါ်မှ ဆင်းသက်လာသောစွမ်းအားမှာ လောကကြီး တစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည်အထိ အင်အားကြီးမားလာသည်။
မနီးမဝေးတွင်ရပ်နေသော စုပိုင်ချယ့်က မိုးကြိုးနှင့်မီးတောက်များကို စုပ်ယူပြီးသည့်အချိန်၌ အကာအကွယ်ထဲမှလူကို လှမ်းကြည့်လိုက်မိသည်။ ယခုအချိန်တွင် ရှန်းလျိုရှန့်က သူ့ကိုကိုင်တွယ်ရန် အချိန်မရသေး၍ ဤအခွင့်အရေးကို အသုံးချရမည်ဟု တွေးလိုက်သည်။
စုပိုင်ချယ့်က တစ်ခုခုကို ခံစားမိသကဲ့သို့ လှုပ်ရှားမှုများရပ်တန့်သွားပြီး လေအေးများ ရှုရှိုက်လိုက်ရသည်။
ယင်းရွှယ်မြို့ပေါ်တွင် တိမ်မည်းများ တလှိမ့်လှိမ့်တက်လာပြီး အတွင်းတွင် ယှက်နွယ်နေသော တိမ်မည်းများက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ မီးလျှံနှင့် မိုးကြိုးတို့က တစ်ခုဖြစ်သွားပြီး ကောင်းကင်ပေါ်အထိ ရောက်နေသော ဧရာမထောက်တိုင်ကြီးဖြစ်လာသည်။ လောကကြီးတစ်ခုလုံးကို နင်းချေဖျက်ဆီးပစ်တော့မည့် ဖိအားကြီးက ရှန်းလျိုရှန့်ရှိရာသို့ တစ်ဟုန်ထိုး ဝင်လာသည်။
စုပိုင်ချယ့်၏ အမူအရာပြောင်းလဲသွားပြီး အလျင်အမြန်နောက်လှည့်လာတော့သည်။
မသေနဲ့ဦး... မင်းသေသွားရင် ငါတို့တွေ ဟိုဘက်ကမ္ဘာကို တူတူပြန်လို့ မရတော့ဘူး..."
သို့သော သူမရောက်သွားမီမှာပင် ကောင်းကင်ယံရှိ တိမ်မည်းများထဲမှ နဂါးတစ်ကောင်၏ နားပင်းလုမတတ် ဟိန်းဟောက်သံကြီးက ရှေးဟောင်းအချိန်မှစွမ်းအားများဖြင့် ရောယှက်ကာ ရုတ်တရက် ထွက်ပေါ်လာသည်။
တစ်ခဏတွင်းချင်းမှာပင် မိုးကြိုးနှင့်မီးများဖြင့် ပေါင်းစပ်ထားသော ထောက်တိုင်ကြီးက ပျောက်ကွယ်သွားပြီး အနက်ရောင်တိမ်တိုက်များလွင့်ပြယ်ကာ ကောင်းကင်ကြီးပြန် ပေါ်လာသည်။
ရှန်းလျိုရှန့် ပြောင်းပြန်ကြေးခွံကို ကိုင်ထားလိုက်ပြီး နဂါးကြီး၏ကြေးခွံပေါ်တွင် သွေးများထွက်နေသည်ကို မြင်လိုက်ရသည်။ သူ၏ လက်ချောင်းရှည်ရှည်သွယ်သွယ်များက တုန်ယင်လာပြီး သူ့မျက်နှာက နှင်းတမျှ ဖြူဖွေးလာသည်။
ထိုအချိန်တွင် ဘေးပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး တစ်စုံတစ်ယောက်က သူ့ကိုခေါ်နေသည်။
ရှန်းလျိုရှန့် ခဏတာ အံ့အားသင့်သွားပြီးနောက် ခေါင်းအသာမော့ကြည့်လိုက်သောအခါ ရင်းနှီးနေသည့် ရင်ခွင်တစ်ခုထဲရောက်သွားပြီး နွေးထွေးမှုက သူ့ကိုလွှမ်းခြုံသွားသည်။
" ရှစ်စွမ်း ဘာဖြစ်လို့လဲ...တစ်ကိုယ်လုံးလည်း အေးစက်နေပါလား..."
ကျိုးရွှမ်လန်၏အသံက အနည်းငယ်အက်ရှရှဖြစ်နေသည်။
သူက ကောင်းကင်ဘုံတာအိုအရှင်သခင်၏ အသိစိတ်ကိုဖျက်ဆီးခဲ့ရသောကြောင့် ဝိညာဉ်စွမ်းအားများ ကုန်ခမ်းသွားပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ့တစ်ကိုယ်လုံးလည်း နွမ်းလျနေပေသည်။ စကားပြောနေစဉ် ရှန်းလျိုရှန့်၏ပခုံးပေါ် မေးတင်ထားပြီး သူ့မျက်လုံးများပိတ်နေကာ သတိလစ်လုဆဲဆဲ ဖြစ်လာသည်။
ရှန်းလျိုရှန့် သူ့ကိုကူတွဲပေးထားပြီး ဆေးတစ်လုံး အမြန်ကျွေးလိုက်သည်။
ကျိုးရွှမ်လန် ပါးစပ်အသာဟထားပြီး ဆေးကိုမျိုချကာ မြေပြင်ပေါ် ပြန်ကျလာသည့် လင်ယဲ့ကို တစ်ချက်ကြည့်လိုက်သည်။ လင်ယဲ့၏ကိုယ်ပေါ်တွင် ကောင်းကင်ဘုံရောင်ခြည်တန်းက ရှိနေဆဲဖြစ်၍ ၎င်းကို ထိန်းသိမ်းထားပြီး ကောင်းကင်ဘုံတာအိုအသစ်ရောက်လာပါက ထပ်မံကျင့်ကြံနိုင်သေးသည်။
လင်ယဲ့နှင့် ရှုရှင်းချန်တို့ကလည်း ကောင်းကင်ဘုံတာအိုကို အတူတကွ ခုခံခဲ့ကြခြင်းဖြစ်၍ သူတို့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအားများလည်း လျော့ပါးလာပြီဖြစ်သည်။ သူတို့မြေပြင်ပေါ် လဲကျသွားပြီးနောက် ဆေးကိုအမြန်သောက်လိုက်သည့်အခါ ဝိညာဉ်စွမ်းအားများ ပြန်လည်ရရှိလာကြသည်။
သို့ရာတွင် သူတို့ အချိန်များများစားစား မရမီမှာပင် ဧရာမပုံရိပ်ကြီးတစ်ခု ချက်ချင်းရောက်ရှိလာခဲ့သည်။
ထိုသားရဲကြီးက ရက်စက်ကြမ်းကြုတ်မည့်ပုံစံဖြစ်ကာ မျက်လုံးများကလည်း မီးတောက်နေသည်ဟုထင်ရပြီး ဧရာမပါးစပ်ကြီးကလည်း ကောင်းကင်နှင့် ကမ္ဘာမြေကို ဝါးမျိုနိုင်သည်အထိ ကြီးမားလှပေသည်။ သူ၏သွားချွန်ချွန်များက လွှသွားများနှင့်တူပေသည်။ လက်ဖဝါးကြီးတစ်ချက် ကျရောက်လာသည်နှင့် မြေပြင်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားနိုင်သည်။
ရှန်းလျိုရှန့်၏အမူအရာက ပြောင်းလဲသွားသည်။
ထောင်တျဲပါလား... ဒဏ္ဍာရီလာ မဟာနတ်ဆိုးသားရဲလေးကောင်ထဲကတစ်ကောင်...
ထောင်တျဲက ကြောက်ခမန်းလိလိသတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားဘဲ သူတို့ထံသို့ တိုက်ရိုက်ရောက်ရှိလာခြင်းဖြစ်သည်။ လူများစွာက ယခုချိန်မှ ကောင်းကင်ဘုံတာအိုကို ရင်ဆိုင်ပြီးသည်ဖြစ်၍ သူ့ကိုပါတိုက်ခိုက်ရန် ခွန်အား မကျန်ရှိတော့ပေ။ ထိုအချိန်၌ လူတစ်ယောက်က ရှေ့တည့်တည့်တွင် လာရပ်သည်။
ရှန်းလျိုရှန့် မျက်လုံးအသာဖွင့်ကြည့်လိုက်သည့်အခါ ထိုလူက ယန်မင်မြို့တွင်တွေ့ခဲ့သော ကုထောင်ထောင်ဖြစ်နေသည်။
ကုထောင်ထောင်က လက်ထဲတွင် ဓားတိုတစ်ချောင်းကိုင်ထားပြီး သူ၏ ငယ်ရွယ်သောမျက်နှာထက်တွင် လေးနက်သည့် အမူအရာအချို့ ရှိနေသည်။
" ကုထျဲ ရပ်လိုက်စမ်း..."
ထောင်တျဲက လူသားအသွင်ပြောင်းလာသည့်အခါ သူ့မျက်နှာထက်တွင် မျက်နှာဖုံးတစ်ခုစွပ်ထားပြီး အေးစက်စက်အသံဖြင့် ပြောလိုက်သည်။
"ငါ့ကို လာမနှောင့်ယှက်နဲ့... မင်း အစ်မလော့အတွက် လက်စားချေချင်တာ မဟုတ်ဘူးလား... သူက ငါတို့ကိုကယ်ဖို့အတွက်နဲ့ ဒီလူသားတွေသတ်တာ ခံခဲ့ရတာလေ..."
ကုထောင်ထောင် မျက်မှောင်ကြုတ်လိုက်သည်။
" သေသွားတဲ့လူက ပြန်မရှင်လာနိုင်တော့ဘူး... မင်း သဘာဝကိုကျော်လွန်ပြီး အတင်းအကြပ်လုပ်မယ်ဆိုရင် သူ့ကို မကယ်နိုင်ရုံတင်မဟုတ်ဘူး မင်းပါ ပျက်စီးသွားလိမ့်မယ်..."
" အဲဒါက ဘာမှမလုပ်ဘဲနေတာထက်တော့ ကောင်းတယ်လေ..."
ကုထျဲ ဒေါသထွက်လာပြီး လက်ကိုလှန်လိုက်သည့်အခါ ရွှေရောင်နှင့် အနက်ရောင်ရောစပ်နေသည့် နဂါးဥခွံက သူ့လက်ထဲတွင် ပေါ်လာသည်။ ၎င်းက ချက်ချင်းပင်ကြီးမားလာပြီး ကုထောင်ထောင်၏တစ်ကိုယ်လုံးကို ဖုံးသွားနိုင်ပေသည်။
"ဒါ အခွင့်အရေးကောင်းပဲ... တကယ်လို့ ငါတို့တွေ ဒီလူသားတွေကိုသာ သတ်နိုင်မယ်ဆိုရင် ငါတို့ကို ဘယ်သူမှ တားနိုင်တော့မှာ မဟုတ်ဘူး... အဲဒါဆိုရင် သုံးလောကမှာ သွေးချောင်းစီးလာလိမ့်မယ်... ပြီးရင် ငါတို့တွေ အချိန်နေရာမန္တန်ကိုသုံးပြီး အစ်မလော့ကို ပြန်ခေါ်မယ်... ငါ့ကိုဘယ်သူမှ တားနိုင်တော့မှာလည်း မဟုတ်ဘူး..."
ကုထျဲက အချိန်အတန်ကြာအောင် ငြိမ်သက်နေခဲ့ပြီး အားလုံးမခုခံနိုင်လောက်မည့်အချိန်မှ ထွက်လာခဲ့ခြင်းဖြစ်ပေသည်။ သူ စကားပြောနေသည်ကို ရပ်လိုက်ပြီး ရှန်းလျိုရှန့်နှင့် အခြားလူများကို စတင်တိုက်ခိုက်တော့သည်။
ထိုအချိန်၌ အဖြူရောင်ဝတ်ရုံနှင့် ဓားကိုင်ထားပြီး အေးစက်စက်အော်ရာတစ်မျိုး ထုတ်လွှတ်နေသည့်လူက သူ့ကိုဟန့်တားလိုက်သည်။
ကုထျဲ မျက်မှောင်ကြုတ်လိုက်ပြီး နောက်ထပ်လူတစ်ယောက် ပေါ်လာသည်ကိုပါ တွေ့လိုက်ရသည်။
[ အစပိုင်းမှာပဲ ထောင်တျဲလို့ သုံးနှုန်းလိုက်ပြီး နောက်ပိုင်းကျဆက်တိုက် ကုထျဲလို့ရေးနေလို့ အဲ့တိုင်းပြန်ထားတာပါ၊ တော်ကြာကုထျဲက ဘယ်နားကရောက်လာမှန်း မသိမှာစိုးလို့ပါ ]
နန်ယောင်ချွမ်က လက်နောက်ပစ်ထားပြီး သက်ပြင်းချလိုက်သည်။
" ငါ့ရဲ့မွေးစားအဖေက သနားညှာတာတတ်လို့ မင်းအသက်ကို ချမ်းသာပေးခဲ့တာကို မင်းက တန်ဖိုးမထားတတ်တာပဲ..."
ကုထျဲ၏မျက်နှာထက်တွင် ဒေါသများဖြင့်ပြည့်လာပြီး သူ့လက်ချောင်းများကို စတင်လှုပ်ရှားတော့သည်။
ရှန်းလျိုရှန့်က ရုတ်တရက်ပေါ်လာသော ယဲ့ပင်းရန်နှင့် နန်ယောင်ချွမ်ကိုကြည့်ပြီးစိတ်အေးစွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့နောက် တည်ကြည်နေသည့်မျက်နှာဖြင့် ကျိုးရွှမ်လန်ကို ကြည့်လိုက်မိသည်။
" မင်းက ကုထျဲပေါ်လာမှာသိလို့ သူတို့ကို စောစောတုန်းက ကောင်းကင်ဘုံတာအိုနဲ့ မတိုက်ခိုင်းဘဲ မင်းရဲ့ဝိညာဉ်စွမ်းအားနည်းလာတဲ့အချိန်မှ တိုက်ခိုင်းဖို့ပြင်ထားတာလား..."
မူလဇာတ်ကြောင်းတွင်မူ ကုထျဲက လူသားနှင့် နတ်ဆိုးများကို စစ်ဖြစ်ပွားစေခဲ့သည့် နောက်ဆုံးဗီလိန်ဖြစ်သည်။
ကျိုးရွှမ်လန် ပြန်ဖြေလိုက်ပြီးနောက် မျက်တောင်ရှည်များ အောက်သို့စင်းလာသည်။ သူ အလွန်ပင်ပန်းနေလွန်း၍ မျက်လုံးပင်မဖွင့်နိုင်တော့ချေ။
မြေပြင်ပေါ်တွင် ခဏလှဲနေပြီးသည့်နောက် အင်အားအချို့ရလာချိန်တွင် ရှန်းလျိုရှန့်၏လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး သူ့ကိုရင်ခွင်ထဲ ထည့်ထားလိုက်သည်။
" ကုထျဲရဲ့လက်ထဲက နဂါးဥခွံပေါ်မှာ အချိန်နေရာမန္တန်ကိုသုံးမယ်ဆိုရင် မရေမတွက်နိုင်တဲ့သွေးတွေလိုတယ်လို့ ရေးထားတယ်... အဲဒါကြောင့်မို့ သူက သုံးလောကကို ဖရိုဖရဲဖြစ်အောင် လုပ်နေတာ... ကျွန်တော် အရင်ဘဝတုန်းကတော့ သူ့ကိုတားနိုင်ခဲ့တယ်... သူ့ရည်ရွယ်ချက်ကိုသိသွားတုန်းကတော့ အရမ်းရယ်စရာကောင်းတယ်လို့ထင်ခဲ့မိတာ... နောက်ပိုင်းကျတော့ ရှစ်စွမ်းချန်ထားခဲ့တဲ့ သဲလွန်စတွေကို ရှာတွေ့တော့မှ ဒီကိစ္စက ရယ်စရာကောင်းတာမဟုတ်မှန်း သိသွားခဲ့တယ်... သုံးလောကကို ဖျက်ဆီးရမယ်ဆိုရင်တောင် ကျွန်တော် ရှစ်စွမ်းကို ပြန်ခေါ်မှာ..."
ရှန်းလျိုရှန့် နှုတ်ခမ်းများကွေးညွတ်ပြီး သူ့ကို အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ ရင်းနှီးနေသော ကိုယ်သင်းနံ့ကြောင့် တောင့်တင်းနေသော အာရုံကြောများ တဖြည်းဖြည်းပြေလျော့လာကာ စိတ်အေးလက်အေးဖြစ်သွားပြီး နောက်ဆုံးတွင် မျက်လုံးများပါမှိတ်လိုက်မိသည်။