အပိုင်း ၁၇၅
Viewers 30k

Chapter 175




ရှန်းလျိုရှန့် မျက်လုံးပွင့်လာသည့်အခါ သူနှင့်မထိတွေ့ရသည်မှာ အလွန်ကြာမြင့်ခဲ့သော နေရာတစ်ခုသို့ ရောက်နေသည်ကို သိလိုက်ရသည်။


ချင်းလင်ဂို‌ဏ်း အာရုဏ်ဦးတိမ်လွှာတောင်ထွတ်(ချောင်းယွင်တောင်ထွတ်)...


သူ ခေါင်းအသာလှုပ်ပြီး သူ့ဘေးတွင် အိပ်ပျော်နေသော ကျိုးရွှမ်လန်ကို တစ်ချက်ကြည့်ကာ သူ့ပါးပြင်ကို လက်များဖြင့် ဖျစ်ညှစ်လိုက်သည်။ ကျိုးရွှမ်လန်က အလွန်ပင်ပန်းနေပုံရပြီး သူ့ကိုမတုံ့ပြန်ချေ။ 


ရှန်းလျိုရှန့် အဝတ်အစားများဝတ်ပြီး အပြင်ထွက်လာခဲ့လိုက်သည်။


ချောင်းယွင်တောင်ထွတ်က အတိတ်ကနှင့်နှိုင်းစာပါက အလွန်မပြောင်းလဲသွားသော်လည်း အချို့နေရာများက ထူးထူးဆန်းဆန်းတိတ်ဆိတ်နေသည်။ သူ မည်သူ့ကိုမှ ရှာမတွေ့ပေ။ လမ်းပေါ်တွင် တပည့်အချို့နှင့်တွေ့၍ လင်ယဲ့၏လှိုဏ်ဂူရှိနေရာကိုမေးပြီး လာခဲ့လိုက်သည်။


တိတ်ဆိတ်ငြိမ်သက်နေသည့် လှိုဏ်ဂူထဲမှ ကျောက်တုံးစားပွဲကြီးပေါ်တွင် စာလိပ်များ ရှေးဟောင်းစာအုပ်များဖြင့် ပြည့်နေသည်။ အစိမ်းရောင်ဝတ်ရုံဝတ်ထားသူက လက်တစ်ဖက်ယမ်းလိုက်ပြီး ထိုပစ္စည်းအားလုံးကို သိုလှောင်အိတ်ထဲ ထည့်ထားလိုက်သည်။


ရှန်းလျိုရှန့်၏ခြေလှမ်းများ ရပ်တန့်သွားရသည်။

" ရှစ်ရှုန်း သွားတော့မလို့လား..."


လင်ယဲ့က လေ့ကျင့်ရန်အတွက် အမြဲတစေ အပြင်သွားလေ့ရှိသော်လည်း နတ်ဆေးများနှင့် မှော်လက်နက်များကို မည်သို့ပြင်ဆင်ရမည်အားမသိ၍ ထိုပစ္စည်းနှစ်မျိုးကိုသာ ယူသွားလေ့ရှိသည်။


လင်ယဲ့ တစ်ဖက်သို့လှည့်လာသည်။

" ငါ သုံးလောကကို ခရီးထွက်ချင်သေးတယ်..."


ကောင်းကင်ဘုံတာအိုက ပျက်ပြယ်သွားပြီဖြစ်သောကြောင့် ပင်မနယ်မြေ၏ ဟန်ချက်ညီမှုကို ဆက်လက်ထိန်းသိမ်းရန် ကောင်းကင်ဘုံတာအိုအသစ်မွေးဖွားလာရန် လိုအပ်ပေသည်။ လင်ယဲ့၏ကိုယ်ပေါ်တွင် ကောင်းကင်ဘုံတာအိုအလင်းတန်း အကြွင်းအကျန်အချို့ ရှိနေသေး၍သူက စည်းမျ‌ဉ်းအသစ်များကို ဖန်တီးရန် အသင့်လျော်ဆုံးလူဖြစ်သည်။ သို့ရာတွင် သူကိုယ်တိုင်က ငယ်ရွယ်သေးသည့်အပြင် ဤလောကတစ်ခုလုံးအပေါ် သိမြင်မှုက မနက်ရှိုင်းသေးဟု ခံစားနေမိသည်။


သူ အသိဉာဏ်ပညာ ပိုမိုတိုးပွားလာရန် လိုအပ်ပြီး အရာအားလုံးကို နားလည်သဘောပေါက်လာမှသာ ဤနယ်မြေအတွက် ရေရှည်သင့်လျော်မည် စည်းမျဉ်းများကို ချမှတ်နိုင်မည်ဖြစ်သည်။


" ထိုင်ပြီး ပြောကြတာပေါ့..."

လင်ယဲ့က လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့ပေးနေလျက် ပြောလိုက်သည်။

" ရှစ်တိရဲ့ အမြင်အတိုင်းဆို သမိုင်းမတိုင်ခင်ခေတ်တည်းက မဟာနတ်ဆိုးတွေကို အပြတ်ရှင်းပစ်ဖို့ ကောင်းကင်ဘုံတာအိုက အတိဒုက္ခတွေကို ဖန်တီးတတ်တာပေါ့... အဲဒါနဲ့ပတ်သက်ပြီးတစ်ခုခု မှားနေတယ်လို့်များ ထင်လို့လား..."


ရှန်းလျိုရှန့်က ပန်းသီးတစ်လုံးကိုယူလိုက်ပြီး ထိုကိစ္စအကြောင်း တွေးတောနေသည်။


" နတ်ဆိုးနဲ့ သားရဲတွေက အရမ်းအင်အားကြီးလွန်းတော့ ပင်မနယ်မြေမှာ တခြားသတ္တဝါတွေ အသက်ရှင်ဖို့က ခက်ခဲလိမ့်မယ်... အဲတော့ သူတို့တွေ ပျောက်ကွယ်သွားတာ ကောင်းလိမ့်မယ်..."


လင်ယဲ့က ဆက်မေးသည်။

" နဂါးမျိုးနွယ်က ကောင်းကင်ဘုံရဲ့စည်းမျဉ်းတွေကို ဖီဆန်ပြီး အဲဒီကပ်ဘေးကနေလွတ်အောင် သူတို့ရဲ့မျိုးဆက်ကို ဒီနေရာလွှတ်လိုက်တာပဲ... အဲ့တော့ အချိန် နှစ်တစ်သောင်းလောက် ကြာပြီးတဲ့အထိ ကောင်းကင်ဘုံက သူတို့ကိုလိုက်သတ်နေတာပေါ့... ဘာများမှားနေလို့လဲ..."


ရှန်းလျိုရှန့်က ပန်းသီးကို တစ်ကိုက်ကိုက်ပြီး အချိန်အတန်ကြာသည်အထိ တိတ်ဆိတ်နေသည်။

" မှားနေတယ်..."


လင်ယဲ့၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။

" ဘာလို့လဲ..."


" ကောင်းကင်ဘုံတာအိုက သူ့ရဲ့မူရင်းရည်ရွယ်ချက်ကနေ သွေဖယ်ပြီးတော့ သတ်ဖြတ်ဖို့ကိုပဲ အာရုံစိုက်နေတာပါ..."


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်ထားလျက် ဆက်ပြောသည်။

" လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကဆိုရင် မဟာနတ်ဆိုးသားရဲလေးကောင်လုံး ရှိနေခဲ့တာတောင် ကောင်းကင်ဘုံက သူတို့ကို ဘာမှမလုပ်ခဲ့ဘူးလေ... ဘာလို့လဲဆိုတော့ ပင်မနယ်မြေမှာ သူတို့ကို တိုက်ခိုက်နိုင်တဲ့လူတွေရှိတယ်ဆိုတာ သိနေလို့ပဲ... ခမည်းတော်က အဲဒီမကောင်းဆိုးဝါးတွေကိုတိုက်ပြီး နဂါးဥဘဝမှာပဲရှိသေးတဲ့ ကျိုးရွှမ်လန်ကိုတော့ လွှတ်ပေးခဲ့တယ်... ခမည်းတော် အဲ့လိုလုပ်ပေးခဲ့လို့ ပင်မနယ်မြေကလူတွေက ကျိုးရွှမ်လန်ရှိနေတာကို ဘာမှမဖြစ်ကြတဲ့အပြင် အခု သူကြီးပြင်းလာတော့လည်း ပင်မနယ်မြေကို အန္တရယ်များတဲ့ အခြေအနေဖြစ်အောင် မလုပ်ခဲ့ဘူး..."


" အရင်ကောင်းကင်ဘုံတာအိုရဲ့ မူလရည်ရွယ်ချက်က လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ရှိနေခဲ့တဲ့ နယမဟာနတ်ဆိုးတွေကို ပျက်သုဉ်းအောင်လုပ်မှ ပင်မနယ်မြေတစ်ခုလုံး ငြိမ်းချမ်းမယ်လို့ထင်ခဲ့တာ ဒါပေမဲ့ အခုတော့ အတိတ်ကနဲ့ မတူတော့ဘူး... ဒါတောင်မှ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက နည်းလမ်းအတိုင်း ဆက်လုပ်နေတုန်းပဲ... သူ့ဆန္ဒတွေမပြည့်လာလို့ ဒေါသထွက်ပြီး ကိုယ်ကျိုးအတွက် စည်းမျဉ်းတွေကိုတောင် ဖောက်ဖျက်လိုက်သေးတယ်... အဲ့လိုအကြောင်းတွေကြောင့်သာမဟုတ်ရင် ကောင်းကင်ဘုံတာအိုက ပြိုကွဲသွားပြီးတော့ အခုလို ဖျက်ဆီးခံလိုက်ရမှာ မဟုတ်ဘူး..."


လင်ယဲ့က မှန်သည်မှားသည်မပြောဘဲ လက်ဖက်ရည်ခွက်ကိုချကာ တိတ်ဆိတ်စွာဖြင့် ပြောလာသည်။

" ငါလည်း လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်း နတ်ဆိုးမျိုးနွယ်ကို အပြစ်ပေးလာခဲ့တာ... ဘယ်သူမှ ကောင်းကင်ဘုံကို မတက်နိုင်ခဲ့ဘူး...အဲဒါ ကောင်းကင်ဘုံတာအိုကြောင့်ဆိုတာ အခု‌မှသိတယ်... ဒါပေမဲ့ ဒါမတိုင်ခင် လျှောက်ရမယ့်လမ်းက အဝေးကြီး ရှိသေးတာပဲ..."


ရှန်းလျိုရှန့် ပန်းသီးစားပြီးသည့်နောက်တွင် လင်ယဲ့၏ အလေးအနက်တွေးတောနေပုံကိုကြည့်ပြီး ကျောက်တုံးစားပွဲပေါ်မေးထောက်ကာ သူ့ကိုကြည့်နေသည်။


လှိုဏ်ဂူထဲတွင် ရေကျသံလေးများ ကြားနေရသည်။ ထိုအသံကိုခဏ နားထောင်ပြီးသည့်နောက်တွင် သူ့တစ်ကိုယ်လုံး နွမ်းလျလာသည်ဟု ခံစားလိုက်ရပြီး သူ့ကို မျက်ဝန်းတစ်စုံက စောင့်ကြည့်နေသည်ဟု ခပ်ရေးရေးထင်လာမိသည်။ သူ သက်ပြင်းခပ်ဖွဖွချပြီးနောက် နှဖူးကို လက်ဖျားများဖြင့် တောက်လိုက်သည်။


"ရှစ်တိ" ဟူသောအသံကိုကြားသည့်အခါ ရှန်းလျိုရှန့်၏မျက်တောင်ရှည်များ တုန်ယင်သွားပြီး မျက်လုံးများပွင့်လာသည်။ လှိုဏ်ဂူတစ်ခုလုံးထဲတွင် တိတ်ဆိတ်နေပြီး အစိမ်းရောင်ဝတ်ရုံနှင့်လူကလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။


သူ ခေါင်းထောင်လိုက်ချိန်တွင် သူ့ခေါင်းအောက်၌ သူနှင့်ရင်းနှီးနေသည့် နူးညံ့သော ခေါင်းအုံးသေးသေးလေးကို တွေ့လိုက်ရသည်။


ရှန်းလျိုရှန့် အချိန်အတန်ကြာအောင် အံ့ဩမှင်သက်နေပြီး လက်ဖျားများတင်းကြပ်သွားကာ ခေါင်းအုံးလေးကိုယူ၍ လှိုဏ်ဂူထဲမှ တစ်ယောက်တည်းထွက်လာခဲ့လိုက်သည်။


ကျိုးရွှမ်လန် နိုးလာသည်နှင့် သူတို့နှစ်ယောက်လုံး ချင်းလင်ဂိုဏ်းမှ ထွက်လာခဲ့ကြသော်လည်း ကျင့်ကြံရေးလောကမှ ထွက်သွားရန် အလျင်စလိုဖြစ်မနေကြပေ။ 


ကုထျဲကို ဓားဂိုဏ်းတွင် ချုပ်နှောင်ထားသည်။ ရှန်းလျိုရှန့် သွားကြည့်သောအခါ တစ်ချိန်က ရက်စက်ကြမ်းတမ်းခဲ့သည့်သားရဲကြီးက မကောင်းဆိုးဝါးအကောင်ပေါက်စလေးဖြစ်သွားပြီး အနက်ရောင်သံလှောင်အိမ်ထဲတွင် မပျော်မရွှင်ဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ 


လှောင်အိမ်အပြင်ဘက်မှ ကုထောင်ထောင်က ရေရွတ်နေသည်။

" မင်းနဲ့ထိုက်တန်တဲ့အတိုင်း အပြစ်ပေးခံရတာပဲ... ငါတောင် သေတော့မလိုဖြစ်သွားသေးတယ်..."


သူက ကုထျဲကို ငှက်ပျောသီးတစ်လုံး ကမ်းပေးလိုက်သည်။

" ဗိုက်ဆာနေပြီလား... ရော့ ဒါ မင်းအကြိုက်ဆုံးအသီးလေ..."


ကုထျဲနှင့်ကုထောင်ထောင်တို့၏မိခင်က သူတို့ကိုမွေးဖွားပြီး မကြာမီအချိန်တွင် သေဆုံးသွားခဲ့၍ လူသားအမျိုးသမီးတစ်ယောက်က သူတို့ကိုစောင့်ရှောက်ထားခဲ့သည်။ သို့ဖြစ်၍ သူတို့က နတ်ဆိုးများဖြစ်ကြသော်လည်း မှော်စွမ်းအင်မရှိဘဲ ဗီဇအရ တိုက်ခိုက်လိုစိတ်ကိုသာ အားကိုးရသည်။ သို့ဖြစ်၍ ထိုနေ့က ကုထျဲမှာ ယဲ့ပင်းရန်နှင့် နန်ယောင်ချွမ်တို့ကို ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဤနေရာတွင် ပိတ်လှောင်ခံရပြီး သူ့အပြစ်သူ ပြန်သုံးသပ်နေရသည်။


ကုထောင်ထောင် ရှန်းလျိုရှန့်ကို လှည့်ကြည့်လိုက်သည်။ ထိုနေ့က ယန်မင်မြို့တွင် သူ့ကိုထမင်းစားရန်ဖိတ်ကြားသူက ရှန်းလျိုရှန့်ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့မိချေ။ ထိုအချိန်က ရှန်းလျိုရှန့် ကျိုးရွှမ်လန်ရှိရာသို့ ထွက်သွားခဲ့ပြီးချိန်မှစ၍ သူတို့နှစ်ယောက် မဆုံတွေ့ရတော့ချေ။ 


ရှန်းလျိုရှန့်က ကုထောင်ထောင်ကို ခေါင်းအသာညိတ်ပြပြီး ထွက်လာခဲ့သည်။


ကုထျဲနှင့် ကုထောင်ထောင်တို့မိခင်သေသွားပြီးနောက် ငယ်ရွယ်စဉ်ကလေးဘဝတွင် နေရာအနှံ့တွင် လှည့်လည်သွားလာခဲ့ရသည်။ သူတို့ဘေးနားတွင် အစာများဖြင့်ပြည့်နေသော်လည်း ဆာလောင်နေခဲ့ရသည်။ ကျင့်ကြံရေးလောကတစ်ခုလုံးက နှိမ်နင်းချင်နေသော မကောင်းဆိုးဝါးများဖြစ်၍ သူတို့မှာ ရွေးချယ်စရာမရှိဘဲ အရှေ့ပိုင်းတွင် သွားရောက်ပုန်းအောင်းနေရသည်။


သူတို့နှစ်ယောက် အစ်မလော့ဟုခေါ်သောမိန်းကလေးက သူတို့ကို တိတ်တဆိတ်မွေးစားခဲ့ပြီးနောက် သုံးယောက် အတူတကွနေထိုင်ခဲ့ကြသည်။ ကံဆိုးသည်မှာ ကောင်းမွန်အေးချမ်းလှသည့်အချိန်က မကြာမြင့်ခဲ့ပေ။ သူတို့ညီအစ်ကို ကြီးပြင်းလာသည်နှင့် အခြားသောရွာသားများက သူတို့နတ်ဆိုးဖြစ်ကြောင်းကို သိသွားခဲ့ကြသည်။ သူတို့ အလွန်ကြောက်လန့်သွားကြ၍ ညီအစ်ကိုနှစ်ယောက်ကို သတ်ပစ်ချင်ခဲ့သောကြောင့် ထိုမိန်းကလေးကိုပါ အသက်သေသည်အထိ ရိုက်နှက်ခဲ့သည်။


ကုထျဲက ထိုတစ်ရွာလုံးကို သတ်ပစ်ခဲ့ပြီးနောက် ထိုမိန်းကလေး၏ ခန္ဓာကိုယ်ကို ရေခဲခေါင်းတလားထဲထည့်ထားတာ သူမ ပြန်ရှင်သန်လာအောင် နည်းမျိုးစုံဖြင့် ကျင်းပခဲ့သည်။ နဂါးဥခွံတွင် ရေးသားထားသည့်မန္တန်ကို မြင်တွေ့ပြီးသည့်နောက်တွင် လောကသုံးခုကို သွေးချောင်းစီးအောင်ပြုလုပ်၍ အချိန်နေရာမန္တန်ကိုသုံးကာ ထိုမိန်းကလေးကို ကယ်တင်လိုခဲ့သည်။


ကုထောင်ထောင်က သူ့ကိုတားမြစ်ရန် ကြိုးပမ်းခဲ့သောကြောင့် ထိုနေ့တွင် အသက်ဆုံးရှုံးလုမတတ် ဖြစ်သွားရသည်။


တိုက်ခတ်နေသည့်လေက အေးစိမ့်နေပြီး ရှန်းလျိုရှန့် ခေါင်းမော့ကြည့်လိုက်ချိန်တွင် ကောင်းကင်ကြီးက အုံ့မှိုင်းလာပြီဖြစ်သည်။


ကျိုးရွှမ်လန်က ဤနေရာကို မနှစ်သက်လှ၍ ဓားဂိုဏ်းဝင်ပေါက်တွင်သာ သူ့ကိုစောင့်ဆိုင်းနေခဲ့သည်။ ရှန်းလျိုရှန့် မူလက လန်ရှောင်ရှန့်ကိုပါတွေ့ရန် ကြံထားသော်လည်း လန်ရှောင်ရှန့်က ဓားဂိုဏ်းမှထွက်ပြီး လောကတစ်ခွင် လှည့်လည်သွားလာနေကြောင်း သိလိုက်ရပေသည်။


နျဉ်ယွင်ရှင်းက သူ့အနားကို ရောက်လာသည်။ သူ့ထံတွင် မျက်နှာလှလှလေး ရှိနေဆဲဖြစ်သော်လည်း ဂိုဏ်းချုပ်အဖြစ် နှစ်ပေါင်းများစွာနေထိုင်ပြီးသည့်နောက်တွင် စိတ်နေစိတ်ထားက ပိုမိုတည်ငြိမ်လာပြီး ရှန်းလျိုရှန့်ကို ပြုံးပြလိုက်သည်။

" လန်ရှစ်ရှုန်းက ဒီမှာမရှိတော့ပေမယ့် မင်းကို တစ်ခုပြောခိုင်းဖို့ ငါ့ကိုတောင်းဆိုထားတယ်... မင်းအမေနဲ့ပတ်သက်ပြီး ဘာဖြစ်ခဲ့တယ်ဆိုတာကို သူ မသိပါဘူးတဲ့... သူ ခဏလောက်ပျောက်သွားပြီးတော့ ပြန်ရောက်လာပြီး လန်ရှစ်ရှုန်းကို တူတစ်ယောက်ရှိနေပြီဆိုတဲ့အကြောင်း ပြောပြခဲ့တယ်... အဲ့ဒီတူလေးရဲ့အဖေက ဘယ်သူလဲမေးတော့ ဒီလောကထဲမှာ စွမ်းအားအကြီးဆုံးလူက သူ့အဖေပဲလို့ပြန်ပြောပါတယ်တဲ့..."


ရှန်းလျိုရှန့် : "..."


သူ့မိခင် လန်လင်းလန့်က နူးညံ့သိမ်မွေ့ပြီး တည်ကြည်သော အမျိုးသမီးတစ်ယောက်ဟု ထင်ခဲ့မိသော်လည်း ကြည့်ရသည်မှာ တစ်ခုခု မှားယွင်းနေပုံရသည်။


ရှန်းလျိုရှန့် နျဉ်ယွင်ရှင်းနှင့် ခဏတာ စကားစမြည်ပြောပြီးသည့်နောက်တွင် ယွီဖူရှန့်၏ နတ်ဆိုးစွမ်းအင်များက တဖြည်းဖြည်းပျောက်ကွယ်လာပြီး တစ်နေ့နေ့တွင် အပြည့်အဝနိုးထလာနိုင်တော့မည်အကြောင်း သိလိုက်ရသည်။

[ ယွီဖူရှန့်က ရှန်းလျိုရှန့်ရဲ့ဝိညာဉ်ကို နှိပ်စက်ပြီး ဖန်ကျုံးချင်းကိုရှာခဲ့တဲ့သူကြီးပါ မေ့နေမှာစိုးလို့ ]


ထို့နောက်တွင် တပည့်တစ်ယောက်က သူ့ကို သတင်းလာပို့သည်။ နျဉ်ယွင်ရှင်းက ထိုအကြောင်းကို နားထောင်ပြီးသည်နှင့် ခေါင်းခါလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

" တူလေးယဲ့က ဂူပိတ်ကျင့်ကြံနေပြီထင်တယ်..."


ရှန်းလျိုရှန့် ရယ်လိုက်ပြီးနောက် သစ်သီးပန်းကန်ထဲမှ လိမ္မော်သီးများကို ယူလိုက်သည်။

" ဒါဆိုရင် သွားလိုက်ပါဦးမယ် ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ..."


သူ လက်ဝှေ့ယမ်းပြပြီး အပူအပင်ကင်းမဲ့သည့် အမူအရာဖြင့် ထွက်သွားသည်ကို နျဉ်ယွင်ရှင်းက ကြည့်နေသည်။ ထိုနေရာတွင် အချိန်အတန်ကြာသည်အထိ ရပ်နေပြီးနောက်တွင် အဝေးတစ်နေရာမှ တောင်ထွတ်ပေါ်မှ ရပ်ကြည့်နေသည့် ဝတ်ရုံဖြူနှင့်လူကိုကြည့်ပြီး သက်ပြင်းချကာ ထွက်သွားသည်။


ကျိုးရွှမ်လန် တံခါးဝ၌ ရပ်နေစဉ် အနီရောင်ဝတ်ရုံနှင့် လူငယ်လေးက လိမ္မော်သီးများကိုမြှောက်ပြီး တဖြည်းဖြည်းလမ်းလျှောက်လာသည်ကို မြင်လိုက်ရသည်။ သူ့ကိုမြင်သည်နှင့် မျက်လုံးများ အရောင်တောက်ပလာပြီး လေထဲမှ လိမ္မော်သီးများကို ပြန်သိမ်းကာ ခြေလှမ်းကျဲကြီးများဖြင့် ရောက်လာသည်။


ကျိုးရွှမ်လန် : " အားလုံးကို တွေ့ပြီးပြီလား..."


" ယဲ့ပင်းရန်က ဂူပိတ်ကျင့်ကြံနေပြီဆိုလို့ ငါသူ့ကို မနှုတ်ဆက်ခဲ့ရဘူး..."

ရှန်းလျိုရှန့် ရယ်လိုက်မိပြီး ထိုစကားကို ပြန်တွေးနေမိသည်။ ဂူပိတ်ကျင့်ကြံနေသည်က သူ့ကိုမတွေ့ချင်သောကြောင့် လိမ်ပြောလိုက်ခြင်းဖြစ်သည်ကို သူသိနေသည်။ 


ကျိုးရွှမ်လန်၏ နက်စွေးစွေးမျက်လုံးများပွင့်လာပြီး ရှန်းလျိုရှန့်ကိုကြည့်လိုက်သည်။

" ရှစ်စွမ်း သူနဲ့တွေ့လို့ရအောင် ကျွန်တော် ခေါ်သွားပေးမယ်လေ..."


ရှန်းလျိုရှန့် အံ့အားသင့်သွားပြီး သူ့အမူအရာက ထူးဆန်းလာသည်။

" မလိုတော့ပါဘူး... ငါသူ့ကို မဖြစ်မနေတွေ့စရာမှ မလိုတာ..."


" ရှစ်စွမ်း အဲဒီလူတွေကို နှုတ်ဆက်စကားလိုက်ပြောနေတာ သူတို့ရှစ်စွမ်းကို သတိမရနေအောင်မလား..."

ကျိုးရွှမ်လန်၏ နှုတ်ခမ်းပါးထက်တွင် အပြုံးလေးတစ်ပွင့်ပေါ်လာသည်။

" အဲဒါမှ ကျွန်တော်လည်း ရှစ်စွမ်းကိုခေါ်သွားလို့ ရမှာပေါ့..."


ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်သည်။

" ဒါဆိုရင်တော့ ငါနဲ့အတူ တစ်နေရာကိုလိုက်ခဲ့..."


ရှန်းလျိုရှန့်က ဆီးနှင်းများဖုံးလွှမ်းနေသည့်တောင်ကို ရှာတွေ့သွားပြီး တောင်ခြေတွင် နှင်းလူရုပ်လေးများ တစ်ရုပ်ပြီးတစ်ရုပ် လုပ်နေသည်။ အေးစိမ့်မှုကြောင့် သူ့လက်များပါ နီရဲနေပြီဖြစ်သည်။


ရှန်းလျိုရှန့် အဘယ့်ကြောင့် နှင်းလူရုပ်လေးများကို လုပ်နေသည်အား အရုပ်တစ်ရုပ်၏ပုံစံကို မတွေ့မီအထိ ကျိုးရွှမ်လန် မသိခဲ့ပေ။ လက်ဖဝါးအရွယ်ခန့်ရှိသော နှင်းလူရုပ်လေးက သူ့လက်ထဲတွင် သစ်ကိုင်းခြောက်လေးကို ကိုင်ထားသည်မှာ လူတစ်ယောက်က ဓားကိုင်ထားသည့်ပုံစံနှင့် တူနေသည်။


ကျိုးရွှမ်လန် မျက်လုံးများမှေးကျဉ်းလိုက်ပြီးနောက် ရှန်းလျိုရှန့်နှင့်တူသော နှင်းလူရုပ်လေးကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ဘေးပတ်ပတ်လည်မှ လေထုဖိအားက အနည်းငယ် လျော့ကျသွားပေသည်။ 


ရှန်းလျိုရှန့် အရုပ်ကလေးနှစ်ရုပ်ကို အတူတူထားလိုက်ချိန်၌ သူ စိတ်မထိန်းနိုင်တော့ပေ။ သူ ရှေ့တိုးလာပြီး ရှန်းလျိုရှန့်နှင့်တူသော နှင်းလူရုပ်လေးကို သူ့လက်ထဲထည့်ကာ အခြားနှင်းလူရုပ်လေးကို မြေပြင်ပေါ်တွင် တစ်ယောက်တည်း ထားရစ်ခဲ့သည်။


ရှန်းလျိုရှန့် တတိယမြောက်နှင်းလူရုပ်လေးကို ပြုလုပ်ပြီး၍ နောက်သို့ပြန်လှည့်ကြည့်လိုက်ချိန်တွင် သူ့ပုံစံနှင့်တူသော နှင်းလူရုပ်လေးကို မတွေ့ရတော့ပေ။ 


သူ ကျိုးရွှမ်လန်ကိုကြည့်လိုက်ပြီးနောက် အကြည့်များက လက်ပေါ်သို့ရောက်သွားကာ မျက်တောင်တစ်ချက်ခတ်လိုက်သည်။

" မင်း ဘာလုပ်နေတာလဲ ပြန်ပေး..."


ကျိုးရွှမ်လန်က အေးစက်စက်မျက်နှာဖြင့် ပြောလိုက်သည်။

" ရှစ်စွမ်းလုပ်ထားတဲ့ နှင်းလူရုပ်လေး ယဲ့ပင်းရန်ကို မပေးရဘူး..."


" သူ့ကို‌ ဒီတိုင်းပေးလိုက်ပါ... ငါအရင်တုန်းကလည်း သူ့ကိုနှစ်ရုပ်ပေးဖူးတယ်... အခုတွေးကြည့်လိုက်တော့ နှင်းလူရုပ်က အကောင်းဆုံး နှုတ်ဆက်လက်ဆောင်ပဲ..."


ကျိုးရွှမ်လန်၏မျက်နှာက ရေခဲတမျှအေးစက်နေသည်။ ကောင်းကင်ယံမှ ကျဆင်းလာသည့် နှင်းပွင့်ဖတ်များ အလိုလိုပျောက်ကွယ်သွားပြီး အပူလှိုင်းလက်တစ်ဆုပ်စာခန့် ပျံ့နှံ့လာသည်။ ရှန်းလျိုရှန့် သတိပြုမိသောအခါ သူ့လက်ထဲမှ နှင်းလူရုပ်လေးနှင့် မြေပြင်ပေါ်မှ အရုပ်လေးကို ဝိညာဉ်စွမ်းအားဖြင့် ဖုံးအုပ်လိုက်သည်။

" ဘာလို့ ရုတ်တရက်ကြီး ပူလာတာလဲ..."


ရှန်းလျိုရှန့် ဇဝေဇဝါဖြစ်သွားပြီးနောက် ဝတ်ရုံနက်လေးနှင့် နှင်းလူရုပ်လေးကို မြေကြီးပေါ်ချပြီး လက်ညှိုးထိုးပြလိုက်သည်။

" ဒါလေးက မင်းနဲ့တူလား..."


ကျိုးရွှမ်လန် ခဏတာ အံ့ဩမှင်သက်သွားပြီးနောက် မျက်လုံးများအသာဖွင့်ကြည့်လိုက်သည်။ လေထဲမှ အပူလှိုင်းက ချက်ချင်းပျောက်ကွယ်သွားပြီး နှင်းပွင့်ဖတ်များနှင့်အတူ အေးစက်စက်လေက ပြန်လည်ရောက်ရှိလာသည်။

" ရှစ်စွမ်း ယဲ့ပင်းရန်ကိုပေးမယ်ဆိုရင် ဘာလို့ ကျွန်တော့်ပုံစံနဲ့အရုပ်ကို လုပ်နေတာလဲ..."


ရှန်းလျိုရှန့်က ကျယ်လောင်စွာပြောလိုက်သည်။

" မင်းတစ်ယောက်တည်းမဟုတ်ဘူး တခြားလူတွေပုံစံလည်း လုပ်ဦးမှာလေ..."


ကျိုးရွှမ်လန် ရုတ်တရက် သဘောပေါက်သွားပြီး သူ့လက်ထဲမှ အစိမ်းရောင်သစ်ရွက်လေးနှင့် နှင်းလူရုပ်ကို မြေကြီးပေါ် ပြန်ချထားလိုက်သည်။ ခဏအကြာတွင် သစ်ကိုင်းခြောက်လေးကိုင်ထားသည့် နှင်းလူလေးကိုကြည့်ကာ အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။


.....


ပေလွင်ဓားဂိုဏ်းတွင် အဖြူရောင်ဝတ်ရုံနှင့်လူက ထောင်ထွတ်ပေါ်၌ အချိန်ကြာမြင့်စွာ ရပ်နေခဲ့သည်။ ကောင်းကင်ကြီး မည်းမှောင်လာမှ သူ တောင်ထွတ်ပေါ်က ဆင်းလာတော့သည်။ သို့ရာတွင် ခြေနှစ်လှမ်းပင် မလှမ်းရသေးသောအချိန်၌ ကျောက်လင်းက လက်ထဲတွင် ဖဲသေတ္တာတစ်လုံးကိုကိုင်ပြီး သူ့ထံ အလျင်စလိုဖြင့် လာနေသည်ကို တွေ့လိုက်ရသည်။ ထိုသေတ္တာမှ ရေခဲအော်ရာတစ်မျိုး ထွက်ပေါ်နေသည်။


ယဲ့ပင်းရန်က ပြောလိုက်သည်။

" ဘာလို့ အလောတကြီးဖြစ်နေတာလဲ..."


" ဒါ အစ်ကိုရှန်းရှန့် ပေးခဲ့တာ..."

ကျောက်လင်းက အသက်ပြင်းပြင်းရှုလိုက်ပြီး ဖဲသေတ္တာကို အပြုံးလေးဖြင့် ပေးလိုက်သည်။

" အစ်ကိုရှန်းရှန့်က ရှစ်ရှုန်းကို ပေးခဲ့တာ..."


ယဲ့ပင်းရန် လန့်သွားပြီး သူ့အကြည့်များက သေတ္တာဘူးပေါ်သို့ ကျရောက်သွားသည်။ သူ ခဏတာ ကြောင်အသွားပြီး လက်ဆန့်ထုတ်ကာ အေးးက်နေသည့်သေတ္တာဘူးကို ဖွင့်ကြည့်လိုက်သည်။


ဘူးအတွင်းတွင် "ပေလွင်ဓားဂိုဏ်း" ဟူသော စာလုံးလေးလုံးကို ရေခဲတုံးကြီးတစ်ခုပေါ် ထွင်းထားသည်။ ထိုရေခဲတုံးကြီးကို ဝန်းရံနေသည်က အပြင်အဆင်မတူညီကြသော နှင်းလူရုပ်လေး တစ်ဒါဇင်ခန့်ဖြစ်သည်။


ယဲ့ပင်းရန်က အရုပ်တစ်ရုပ်ချင်းစီကို သေသေချာချာကြည့်နေပြီး သူ့ရင်ထဲတုန်ယင်လာသည်။ ထိုလူအားလုံးကို သူသိပေသည်။ နှင်းလူရုပ်လေးများထဲတွင် လန်ရှောင်ရှန့်၊ ကျောက်လင်းရှစ်တိနှင့် နျဉ်ယွင်ရှင်းရှစ်ရှု့တို့ပါဝင်သည်။


သူတို့ကို မျက်နှာချင်းဆိုင်ထားသည့် နှင်းလူရုပ်လေး၏ပုံစံကို သူ ရင်းနှီးနေသည်။ သူက လက်တစ်ဖက်တွင် သစ်ကိုင်းခြောက်ကိုကိုင်ထားပြီး အေးစက်နေသည့် မျက်နှာအမူအရာမျိုး ရှိနေသည်။


ကျောက်လင်းမြင်သည့်အခါ အံ့အားသင့်သွားသည်။

" ဒါ ကျွန်တော်တို့ ဓားဂိုဏ်းမလား... ဘာလို့ ရှစ်ရှုန်းက မျက်နှာချင်းဆိုင်မှာ တစ်ယောက်တည်း ရပ်နေတာလဲ..."


ယဲ့ပင်းရန် ခဏတာငြိမ်သက်သွားပြီးနောက် သစ်ကိုင်းခြောက်ကိုင်ထားသည့် နှင်းလူရုပ်လေးကို နှင်းလူအုပ်ကြီး၏အလယ်ထဲမှ လွတ်နေသည့်နေရာတွင်ထည့်လိုက်သည်။ သူ အရုပ်လေးများကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးမှ နှုတ်ခမ်းများတွန့်ကွေး၍ ပြုံးလိုက်သည်။

" ငါ သဘောပေါက်ပြီ..."


စကားဆုံးသည်နှင့် ရေခဲတုံးကြီး၏နောက်တွင်ရှိနေသော နှင်းလူရုပ်သေးသေးလေးနှစ်ခုကို ရှာတွေ့သွားသည်။


ယဲ့ပင်းရန်ကြည့်လိုက်သည့်အခါ သူ ယခင်က မြင်ဖူးခဲ့သော နှင်းလူရုပ်လေးကဲ့သို့ ခေါင်းပေါ်တွင် သစ်ရွက်စိမ်းလေးနှင့် အရုပ်လေးကို တွေ့လိုက်ရသည်။ သို့ရာတွင် အတိတ်ကနှင့် မတူတော့သည်မှာ ထိုအရုပ်လေး၏ဘေးတွင် အနက်ရောင်ဝတ်ရုံနှင့် နှင်းလူရုပ်လေးပါ ရှိနေသည်။


အဖြူရောင်ဝတ်ရုံဝတ်ထားသည့်လူက ခဏတာ ငြိမ်ကျသွားပြီးနောက် နှုတ်ခမ်းထောင့်များတွန့်ကွေးကာ ပြုံးလိုက်ပေ၏။