အပိုင်း ၂၂၅
Viewers 49k

Chapter 225



ကျိလဲ့ယွီမှာ လင်းလော့ချင်း သူ့အား ဤညပြန်ရောက်မည်ဟု ပြောထားသည်ကို ဆက်တိုက်တွေးကာ စားနေ၏။ တစ်လုတ်စားတိုင်းတွင် သူက ပြတင်းပေါက်ဆီသို့ ရင်းနှီးသော အရိပ်ကလေးကို မျှော်နေပေသည်။

ကျိယွီရှောင်က တံခါးကိုခေါက်ကာ သင်ပြလိုက်သည်။


"သေချာစားပါ..."


"ပါးပါးက ဒီညပြန်လာမယ် ပြောသွားတာမလား..."

ကျိလဲ့ယွီက မေးလိုက်သည်။


"ဒယ်ဒီက ဘာလို့ မျှော်မနေတာလဲ... ပါးပါးကို မလွမ်းဘူးလား..."


ကျိယွီရှောင်က ရယ်လိုက်သည်။ 

"အင်း... သားလောက်တော့ မလွမ်းတာ သေချာတာပေါ့... မင်းပုံစံနဲ့ဆိုရင် ထမင်းစားပြီး သုံးမိနစ်တိုင်း ပြတင်းပေါက်အပြင်ကို လှမ်းမကြည့်နိုင်တာကို မင်းမုန်းနေတဲ့ပုံပဲ.... မင်း သူ့ကို အရမ်းကြီး လွမ်းနေတာ မဟုတ်ဘူးလား..."


ကျိလဲ့ယွီက သူ့နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်သည်။ 

"ဒယ်ဒီက ပါးပါးကို မလွမ်းပါဘူး... သူပြန်ရောက်ရင် သားပြောလိုက်မှာ..."


"ရို..."

ကျိယွီရှောင်က ချောမော့လိုက်သည်။ 

"မင်းက ငါ့ကို ပြန်ပြောတတ်နေပြီပဲ... အဲ့ဒါမဟုတ်သေးဘူးနော် ကျိလဲ့ယွီ..."


ကျိလဲ့ယွီက တခစ်ခစ်ရယ်မောကာ နာနာခံခံနှင့် ဆက်စားရန် ခေါင်းငုံ့လိုက်သည်။ 


သူက စားရန် ပြင်နေစဉ်မှာပင် တံခါးပွင့်လာသည်ကို ကြားလိုက်သည်။ ကျိလဲ့ယွီ၏ ခေါင်းက ချက်ချင်းပင် ရွေ့လျားသွားသည်။ ၄င်းက လင်းလော့ချင်းဖြစ်ရာ သူက ထိုင်ခုံပေါ်မှ ခုန်ဆင်းပြီး ပြေးထွက်သွားလိုက်သည်။ 


"ပါးပါး..."


လင်းလော့ချင်းမှာ သူ့၏ ခရီးဆောင်အိတ်ကို အထဲသို့ သွင်းနေစဉ်တွင် ကျိလဲ့ယွီ၏ ခေါ်သံကို ကြားလိုက်ရာ ချက်ချင်းပင် ပြုံးသွား၏။ 


ကျိလဲ့ယွီက သူ့ရှေ့သို့ ပြေးလာပြီး ခေါင်းမော့ကာ ချိုသာစွာမေးလိုက်သည်။ 

"ပါးပါး စားပြီးပြီလား... သားတို့က အခုစားနေတာ..."


လင်းလော့ချင်းမှာ ယခုထိတိုင် မစားရသေးပါချေ။ လေယာဉ်ပေါ်တွင် သူကြိုက်သည့် အစားအသောက်တစ်ခုမှပင် မပါ၍ သူက တစ်ခွန်းမှ မတောင်းတော့ပဲ အိမ်ပြန်ရောက်မှ စားရန်တွေးလိုက်၏။ 


သူက ကျိလဲ့ယွီကို ရယ်မောကာ ကောက်ချီလိုက်ပြီး ညစာစားပွဲသို့ ခေါ်လာလိုက်သည်။ 


လင်းလော့ချင်းက ကျိလဲ့ယွီကို သူ့ထိုင်ခုံပေါ်တွင် ပြန်တင်လိုက်ပြီး ကျိယွီရှောင်ဘေးတွင် ထိုင်ချလိုက်သည်။

"ငါအခုထိ မစားရသေးဘူး... ကြည့်ရတာ အချိန်မီ ပြန်ရောက်လာတဲ့ပုံပဲ..."


"ဘာလို့ စောစောက မပြောတာလဲ..."

ကျိယွီရှောင်က မျက်မှောင်ကြုတ်လိုက်သည်။ 

"အဲ့လိုဆိုရင် ငါမင်းကို စောင့်နေမှာပေါ့..."


လင်းလော့ချင်းက ပြုံးကာ ပြန်ဖြေလိုက်သည်။ 

"မလိုပါဘူး... ကလေးတွေက အဆာမခံသင့်ဘူးလေ... မင်း ကလေးတွေနဲ့ စားတာက အဆင်ပြေပါတယ်... ငါက အိမ်ပြန်ရောက်မှ စားမှာလေ... ငါ ထမင်းစားဖို့မမီရင်လည်း အန်တီကျန်းက ငါ့အတွက် ဖက်ထုတ်လုပ်ပေးလို့ရတာပဲ... အဲ့ဒါလည်း အဆင်ပြေတာကို..."


ကျိယွီရှောင်က မကျေနပ်ချေ။ 

"မင်းက တစ်ခုခုပြောလို့ရတာပဲကို... ရှောင်ယွီနဲ့ ဖေးဖေးက အရင်စားလိုက်လို့ရတယ်လေ... ငါတစ်ယောက်တည်း စောင့်နေလို့ရတာပဲ..."


သူက ၄င်းကိုဆိုနေရင်းဖြင့် လင်းလော့ချင်းအတွက် ထမင်းတစ်ပန်းကန် ခူးပေးရန်ပြင်လိုက်သည်။ သို့သော် ကျိယွီရှောင် ခေါင်းမော့လိုက်သောအခါ လင်းဖေး၏ ထိုင်ခုံက ဗလာကျင်းနေသည်ကို တွေ့လိုက်၏။


"ဖေးဖေး ဘယ်ရောက်သွားတာလဲ..."

လင်းလော့ချင်းသည်လည်း ၄င်းကို သတိထားမိသွားခြင်းပင်။ 


"သူက ပါးပါးအတွက် ထမင်းတစ်ပန်းကန် သွားယူတယ်..."

ကျိလဲ့ယွီက မေးထောက်ကာ ဆိုလိုက်သည်။

"ပါးပါးတို့ ဆက်ပြီး စကားပြောကြလေ... ပါးပါး မသိပါဘူး... ဒယ်ဒီက ပါးပါးကို အရမ်းလွမ်းနေတာလေ... သူက ကောင်းကောင်းတောင်မစားနိုင်ဘူး... ခုဏလေးတင်ကို ပြတင်းပေါက်ကို ဆက်တိုက်ကြည့်နေပြီး ပါးပါးဘာလို့ အခုထိ ပြန်မရောက်သေးတာလဲ မေးနေတာ~"


လင်းလော့ချင်း - ...


လင်းလော့ချင်းက ကျိယွီရှောင်ထံ ခေါင်းလှည့်လိုက်သည်။

"ဟုတ်လား..."


ကျိယွီရှောင်က ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပါချေ။ သူက အပြင်ကင်းစွာမျက်တောင်ခတ်ကာ ဆိုးသွမ်းပြီး ချစ်စရာကောင်းနေသော ကျိလဲ့ယွီကို ကြည့်လိုက်သည်။ 


"မင်းပါးပါးကို အဲ့ဒါ မပြောဖို့ စီစဉ်နေတာ မဟုတ်ဘူးလား..."

ကျိယွီရှောင်က တမင် ဆိုလိုက်သည်။


ကျိလဲ့ယွီ - ...


ကျိလဲ့ယွီက ပါးလေးများကိုဖောင်းကာ သူ့ဦးလေးက အလွန် စိတ်ရှုပ်စရာဟု တွေးလိုက်၏။ ကျိယွီရှောင်က သူ့အပေါ်တွင် ဆိုးသွမ်းကာ စနောက်လေ့မရှိသည်ကို သူသိထားသည်မှာ ရှင်းလင်းပေသည်။ 


"ဟွန့်..."

သူက နှာမှုတ်ကာ နှုတ်ခမ်းတင်းတင်း စေ့ထားလိုက်သည်။ 


လင်းလော့ချင်းက ရယ်လိုက်သည်။

"ရှောင်ယွီ... သား ဘာပြောချင်လို့လဲ..."


ကျိယွီရှောင်က ခပ်ဖွဖွ ဆိုလိုက်သည်။

"ဟုတ်တယ်... သားဘာပြောချင်တာလဲ..."


ကျိလဲ့ယွီ - ...


ကျိလဲ့ယွီက သေအောင် စိတ်ဆိုးလာသည်ဟု ခံစားလိုက်ရသည်။ 


"သူသားကို အနိုင်ကျင့်တယ်..."

သူက ကျိယွီရှောင်ကို ညွှန်ပြကာ ငိုကြွေးတော့သည်။ 


လင်းလော့ချင်းက ခပ်ဖွဖွ ရယ်လိုက်သည်။

"သူက သားကို ဘယ်လို အနိုင်ကျင့်တာလဲ..."


"သူသားကို တမင် လိုက်စနေတာ..."

ကျိလဲ့ယွီက ဒေါသတကြီးဆိုကာ လေမှုတ်လိုက်သည်။ 

"ဘာပဲဖြစ်ဖြစ် သူသားကို အနိုင်ကျင့်တာပဲ..."


"မင်းကြားလား..."

လင်းလော့ချင်းက ကျိယွီရှောင်ထံ ခေါင်းလှည့်လိုက်သည်။ 

 "ငါတို့သားကို ဆက်တိုက်စပြီး အနိုင်ကျင့်မနေနဲ့... နားလည်လား..."


ကျိလဲ့ယွီက ခေါင်းညိတ်လိုက်သည်။

"အင်း အင်း..."

ဟုတ်တယ်... ကျိလဲ့ယွီက သူ့ကို ဖော်ကောင်မလုပ်ဘူးဆိုတာသိလို့ အဲ့ဒါကို အသားယူနေတာ မဟုတ်ဘူးလား...


ဟွန့်...


ကျိယွီရှောင်က ရယ်လိုက်သည်။

"ဟုတ်ပါ့... ငါ့သားကို ဘယ်သူက အနိုင်ကျင့်ရဲတာလဲ... သူအနိုင်ကျင့်ခံရရင် ငါ့ကို ပြောလို့ရတယ်... မင်းအနိုင်ကျင့်ခံရရင်ရော ဘယ်သူ့ကို ပြောမှာလဲ..."


"သား..."

ကျိလဲ့ယွီက အလျင်အမြန် လက်မြှောက်လိုက်သည်။ 

"ပါးပါး... သားကိုပြောလို့ရတယ်... သားက လူဆိုးတွေကို ရိုက်ပစ်ဖို့ ကူညီပေးမယ်..."


ကျိယွီရှောင်က သူ့သားမှာ အမှန်ပင် ချစ်စရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။ 

"သားက သေးပိန်ပိန် လက်ကလေးတွေ ခြေထောက်ကလေးတွေနဲ့ ဘယ်သူ့ကို ရိုက်နိုင်မှာလဲ... အဲ့လူဆိုးတွေဆီက အရိုက်မခံရရင်ပဲ ဟုတ်နေပြီ..."


လင်းလော့ချင်း - ...အဲ့ဒါဆို မင်းက မင်းသားကို တကယ်မသိသေးဘူးပဲ...


ကျိလဲ့ယွီ - ...


ကောင်းပြီ... သူ့ဦးလေးရဲ့ မျက်လုံးထဲမှာ သူက ကမ္ဘာကြီးရဲ့ အန္တရာယ်မဲ့ပြီး နာခံတတ်တဲ့ ကလေးလေးပေါ့...


ကျိလဲ့ယွီက ပြုံးလိုက်သည်။ 

"အဲ့ဒါဆို သားကြီးလာမှ သူတို့ကို ကူပြီး ရိုက်ပေးမယ်..."


လင်းလော့ချင်း - ...ဟုတ်တယ် အခုလောလောဆယ်တော့ မင်းက သူတို့နာမည်တွေကို မင်းရဲ့ မှတ်စုစာအုပ်လို ခေါင်းသေးသေးလေးထဲမှာ မှတ်ထားပြီး ကြီးလာရင် လက်စားချေဖို့ စာရင်းလုပ်ထားလို့ပဲ ရမှာ...


သူက ၄င်းကို တွေးမိသည့်အချိန်တိုင်းတွင် လင်းလော့ချင်းက သက်ပြင်းတစ်ချက်ချလိုက်သည်။ ကံကောင်းသည်မှာ သူက စောစော ဝိညာဉ် ကူးပြောင်းလာခဲ့ခြင်းပင်။ သို့မဟုတ်ပဲ ကျိလဲ့ယွီ ကြီးလာသည့်အချိန်မှသာဆိုပါက သူရင်ဆိုင်ရမည့် လူက ကျိယွီရှောင်မဟုတ်ပဲ ခွေးလေခွေးလွင့်တစ်သိုက်ဖြစ်ပေမည်။ 


အဲ့ဒါက အရမ်းကို ကြောက်စရာကောင်းတယ်...


သူက အတွေးထဲတွင် နစ်မြုပ်နေစဉ် လင်းဖေးက မီးဖိုချောင်ထဲမှ ပြန်လာသည်ကို တွေ့လိုက်သည်။ 


လင်းဖေးက ပန်းကန်လုံးတစ်လုံးနှင့် တူတစ်စုံကို ကိုင်ထားသည်။ သူက လင်းလော့ချင်းဆီသို့ လျှောက်လာပြီး စကားတစ်ခွန်းပင် မဆိုပဲ အကုန်လုံးကို ချကာ နောက်လှည့်ပြီး ပြန်ထွက်သွားလေ၏။


လင်းလော့ချင်းက ချက်ချင်းပင် လက်ဆန့်ကာ သူ့ကို တင်းတင်းဖက်ထားလိုက်ပြီး သူ့ပါးများကို နမ်းလိုက်သည်။

"ကျေးဇူးပါ ဖေးဖေး... ဖေးဖေးက အကောင်းဆုံးပဲ... သားက ပါးပါးကို ထမင်းခူးပေးတယ်... ပါးပါးအရမ်းပျော်တာပဲ..."


လင်းဖေးက အဖက်ခံထားရ၍ ထုံးစံအတိုင်းပင် သူ့၏ ကိုယ်ပိုင် အထင်သေးဟန် အမူအရာကို ပြလိုက်၏။ သူက လင်းလော့ချင်းကို တွန်းကာ အရေးမစိုက်ဟန်ဖြင့် သူ့ခုံတွင် ပြန်ထိုင်လိုက်သည်။ 


လင်းလော့ချင်းက ကြက်တောင်ပံတစ်ခုကို သူ့ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။

"ဒီမှာ ဖေးဖေး ထည့်စား..."


လင်းဖေး - ...


လင်းဖေးက သူက သူ့အတွက်သူ ထည့်စားသင့်သည်ဟု ခံစားလိုက်ရသည်။

ဒီစားပွဲမှာ တစ်ကိုက်တောင် မစားရသေးတာ သူမဟုတ်ဘူးလား...


ဒါပေမဲ့ သူက တွေးရုံသာ တွေးလိုက်ပြီး အပြင်တွင်မူ ခေါင်းငုံ့ကာ လင်းလော့ချင်း သူ့ပန်းကန်လုံးထဲသို့ ထည့်ပေးသည့် ကြက်တောင်ပံကို စားနေလိုက်၏။ 


လင်းလော့ချင်းက သူ ကြက်တောင်ပံ စားနေသည်ကို ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူက ကျိလဲ့ယွီပန်းကန်လုံးထဲသို့လည်း ထည့်ပေးလိုက်သည်။ 

"ဒီမှာ ရှောင်ယွီအတွက်လည်း တစ်ခု..."


"အင်း..."

ကျိလဲ့ယွီက ၄င်းကို ချက်ချင်း စားလိုက်သည်။ 


ထမင်းတစ်နပ်မှာ မိသားစု လေးယောက် စကားပြောရင်း စားကြရာ သာမန်ထက် ပိုကြာနေပေသည်။ ထို့နောက်တွင်မှသာ သူတို့က ထမင်းစားခန်းထဲမှ ထွက်လာပြီး သူတို့၏ အိပ်ခန်းများဆီသို့ ပြန်သွားလိုက်သည်။ 


လင်းလော့ချင်းက အိမ်ကို အမှတ်တရ ပစ္စည်းများနှင့် ဒေသထွက် အထူးထုတ်များ ပြန်ဝယ်လာသည်။ သူနှင့် ကျိယွီရှောင်အတွက် အနည်းငယ် ဖယ်ထုတ်ထားပြီးနောက် ကျန်သည်များ လင်းဖေးနှင့် ကျိလဲ့ယွီဆီသို့ ယူလာလိုက်သည်။ 


"သားတို့နှစ်ယောက်အတွက် ဒီမှာ လက်ဆောင်လေးတွေ~"

သူက ဆိုလိုက်သည်။ 

"ပါးပါးက သားတို့အတွက် တစ်ခုခု ပြန်ယူလာမယ်လို့ ကတိပေးထားတယ်မလား..."


ကျိလဲ့ယွီက ပျော်ရွှင်စွာ လက်ခံလိုက်၏။

"ကျေးဇူးပါ ပါးပါး..."


"ရပါတယ်... ကိုကိုနဲ့ အတူတူစားနော်..."


"အင်း..."


လင်းလော့ချင်းက သူ့ခေါင်းကို ပွတ်ကာ သူ့အခန်းထဲသို့ ပြန်သွားလိုက်သည်။ 


လင်းလော့ချင်း သူတို့အတွက် ဝယ်လာသည်မှာ အများစုက မုန့်များပင်။ ကလေးများအနေဖြင့် ကျိလဲ့ယွီရော လင်းဖေးရောမှာ အချိုကြိုက်ကြသည်။ သူတို့က ကိတ်မုန့်များ၊ အချိုပွဲများကြိုက်ကြ၍ လင်းလော့ချင်းက သူတို့အတွက် အများအပြား ဝယ်လာပေးခဲ့သည်။ 


ကျိလဲ့ယွီက တစ်ခုကို ကောက်ကာ မြည်းလိုက်သည်။ ၄င်းက အတန်ပင် ကောင်းမွန်၏။ ထို့နောက် သူက လင်းဖေးကို ခွံ့ကျွေးလိုက်သည်။

"မြည်းကြည့်..."


လင်းဖေးက စာဖတ်နေပြီး လက်မြှောက်ရန်ပင် ပျင်းရိနေရာ ကျိလဲ့ယွီ လက်ထဲမှပင် စားလိုက်သည်။ လုံးဝန်းသော နှမ်းလုံးက သူ့ပါးစပ်ထဲသို့ ဝင်ရောက်လာသည်။ လင်းဖေးက ဖြည်းဖြည်းချင်း ဝါးလိုက်သည်။ ၄င်းက နှင်းဆီအစာသွပ်ထားကာ ချိုပြီး နှစ်သက်စရာ အနံ့နှင့် အရသာရှိ၏။ 


ကျိလဲ့ယွီက အချိုပွဲ ထုတ်ထားသည်မှာ အတန်ပင် သဘောကျဖွယ် ကောင်းသည်ကိုကြည့်ရင်း လင်းဖေးကို နောက်တစ်ခု ခွံကျွေးလိုက်သည်။ 


လင်းဖေးက စားလိုက်သည်။


ကျိလဲ့ယွီက တတိယတစ်ခုကို အလျင်အမြန် ထုတ်လိုက်၏။

"ဒီမှာ..."


လင်းဖေး - ...


လင်းဖေးက ခေါင်းမော့ကာ သူ့ကို လှည့်ကြည့်လိုက်သည်။

"မင်း ဘာလုပ်နေတာလဲ..."


"ကိုကိုကို ခွံကျွေးနေတာလေ..."

ကျိလဲ့ယွီက လခြမ်းကွေးမျက်လုံးများဖြင့် ပြုံးပြလိုက်ပြီး စိတ်ဝင်တစား ပြန်ဖြေလိုက်သည်။


"ကိုကို စာဖတ်လို့ရပါတယ်... သားခွံ့ကျွေးမယ်..."


လင်းဖေး - ...


လင်းဖေးက သူ့လက်ထဲမှ မုန့်ဘူးကို ယူရန်လက်လှမ်းလိုက်ပြီး ဘေးတွင် ထားလိုက်ကာ ဆိုလိုက်၏။

"အခု ငါစာဖတ်လို့ရတယ်... မင်းလည်း အိမ်စာ လုပ်လို့ရပြီ..."


ကျိလဲ့ယွီ - ...


ကျိလဲ့ယွီက ဒေါသတကြီးဖြင့် လက်ကို ရုတ်လိုက်သော်လည်း သူ့လက်ထဲတွင် လင်းဖေး မစားသည့် နှမ်းလုံးတစ်လုံး ရှိနေသေးသည်ကို သတိထားမိသွားသည်။ 


သူက ၄င်းကို သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

"ကိုကို့ကို မကျွေးဘူး..."


လင်းဖေးက ဘူးထဲမှ နှမ်းလုံးနောက်တစ်လုံးကို တည်ငြိမ်စွာ ဆွဲထုတ်လိုက်ပြီး ကျိလဲ့ယွီ ရှေ့တွင် စားလိုက်သည်။ 


ကျိလဲ့ယွီ - ...


"မင်း အိမ်စာ မြန်မြန် မလုပ်ရင် မင်းအတွက် တကယ် စားစရာ ကျန်တော့မှာ မဟုတ်ဘူးနော်..."


ကျိလဲ့ယွီ၏ ပါးများက ဆူထွက်လာပြီး အရှုံးကို လက်ခံရုံမှလွဲ၍ ရွေချယ်ရာမရှိတော့ပေ။ 


ဟင်း... ကိုကိုကတော့ ခံစားချက်ကို ဘယ်လိုဖျက်ဆီးရမလဲ တကယ်သိတာပဲ...


လင်းလော့ချင်း ပြန်လာချိန်တွင် ကျိယွီရှောင်က အဖေလင်းနှင့် ဥက္ကဌ ကျွမ်းကို မကြာမီတွင် စာချုပ်ချုပ်ပေးရန် စီစဉ်လိုက်သည်။  


"မင်းအဖေက မင်းအတွက် ရုံးခန်းတစ်ခု ဖယ်ထားပေးထားပြီးပြီ... အဲ့ဒါတင် မကဘူး... ကုမ္ပဏီရဲ့ဝန်ထမ်းတွေကိုလည်း သတိပေးစာပို့ထားပြီးပြီ... အခုဆို ပေါယွမ်ကလူတိုင်း မင်းက သူတို့ရဲ့ အထွေထွေ မန်နေဂျာဆိုတာကို သိနေပြီ..."


သူ စကားပြောနေစဉ်တွင် လင်းလော့ချင်းက အဝတ်များ ထုတ်နေလေ၏။


"မနက်ဖြန်မနက်ကျရင် ငါ ပေါယွမ်ကို မင်းနဲ့အတူ သွားမယ်... အချိန်ရောက်လာရင် မင်းကိုယ်မင်း အဲ့နေရာနဲ့ အကျွမ်းတဝင်ရှိအောင် လုပ်ထားဦး... ပြီးရင် မင်း ဥက္ကဌကျွမ်းနဲ့ စာချုပ်ချုပ်လို့ ရပြီ..."


"ဟုတ်ပြီ..."

လင်းလော့ချင်းက နာနာခံခံ ဆိုလိုက်သည်။

"ဒီတစ်ခေါက်ပဲ ဖြစ်မှာလား... နောက်ထပ်အခေါက်တွေရော ရှိဦးမှာလား..."


"မင်းက ပေါယွမ်ကို အခုရော နောက်ရော သွားရမှာ..."

ကျိယွီရှောင်က ပြန်ဖြေလိုက်သည်။ 

"ဒါပေမဲ့ မင်း ရှင်းယီကို ထပ်ပြီး သွားစရာ မလိုတော့ဘူး... ချင်မန်က အကုန်လုံးကို သေချာကိုင်တွယ်ထားလို့ မင်းအဲ့ဲဒါကို သိပ်ပြီး စိတ်ပူစရာမလိုဘူး..."


လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပြီ... ငါမင်းပြောတာ နားထောင်မယ်..."


ကျိယွီရှောင်က သူ့ကို ဖက်ထားကာ ပေါင်ပေါ်တွင် ထိုင်ခိုင်းလိုက်သည်။

"ကျွမ်းယွဲ့နဲ့ ပူပေါင်းတဲ့ ဒီအလုပ်က မင်းကို ပေါယွမ်မှာ အတော်အသင့် ဂုဏ်တက်အောင် လုပ်ပေးလိမ့်မယ်... အဲ့ဒါဆို နောက်ပိုင်း ပေါယွမ်မှာ မင်းအဖေအစား မင်းနေရာဝင်ယူဖို့ အရေးပါတယ်လို့ သက်သေပြပေးလိမ့်မယ်... အဲ့လိုဖြစ်လာရင် ကုမ္ပဏီက လူတွေက ထူးဆန်းတယ်လို့ မခံစားရပဲ သိပ်လည်းမလန့်လောက်တော့ဘူး..."


"အင်း..."

လင်းလော့ချင်းက ထိုကဏ္ဍနှင့် သိပ်၍ မကျွမ်းဝင်သေးပါချေ။ သို့ဖြစ်၍ ကျိယွီရှောင်၏ အစီအစဉ်ကို များစွာ မေးခွန်းမထုတ်ပဲ ထိုအတိုင်းသာ လိုက်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ 


သူက လင်းလော့ရှီနှင့် လင်းဖေး မူလက ပိုင်သည်ကို ပြန်ယူလိုပြီး လင်းဖေးကို ပြန်ပေးလိုခြင်းသာ။ ၄င်းက အနာဂတ်တွင် လင်းဖေး ကြီးလာသည့်အခါ ၄င်းက လင်းဖေးအတွက် စီးပွားရေးတစ်ခု စတင်ရန် လွယ်ကူစေလိမ့်မည်။ 


သို့ဖြစ်၍ လင်းလော့ချင်းက ပေါယွမ်ကို သေချာပေါက် လက်လွတ်မည် မဟုတ်ပါပေ။ ဤသည်က အဖေလင်းနှင့် အမေလင်းတို့ အတူအကွ ကြိုးစားထူထောင်ခဲ့ခြင်းပင်။ 

သူတို့ရဲ့ မြေးကိုပေးတာထက် အငယ်အနှောင်းရဲ့ သားအတွက် ချန်ထားတာက သင့်တော်ရဲ့လား...


မည်သို့ပင်ဆိုစေ လင်းလော့ချင်းက ၄င်းကို သင့်တော်သည်ဟု မထင်ပါချေ။