Chapter 226
ကျိယွီရှောင်မှာ အလုပ်လုပ်ရာတွင် စေ့စပ်သေချာလှသော လူတစ်ဦးပင်။ သူက လင်းလော့ချင်းကို ပေါယွမ်အား ထိုးဖောက်ရန် ကူညီဖို့ ရည်ရွယ်ထားရာ လင်းလော့ချင်းအား အလုပ်သမားများရှေ့တွင် မျက်နှာပြရရန် ကူညီမည်မှာ ရှင်းလင်းပေ၏။
"ကံကောင်းတာက ဦးလေး မနက်ဖြန် ရှယ်ယာရှင် အစည်းအဝေး လုပ်မှာ မဟုတ်လား... လော့ချင်း ပြန်လာပြီဆိုတော့ ကျွန်တော့်အတွေးကတော့ သူ့ကိုပါ ခေါ်လာဖို့ပဲ... ဒါက သူ့အတွက် တခြား ရှယ်ယာဝင်တွေနဲ့ တွေ့ဖို့နဲ့ ကျွမ်းမိသားစုနဲ့ ပူးပေါင်းကြောင်း တခြားလူတွေကို ကြေညာဖို့ အဓိက အခွင့်အရေးတစ်ခုပဲ... အဲ့ဒါက ဦးလေး မျက်နှာသာရအောင်လည်း ကူညီပေးမှာ မဟုတ်လား..."
ကျိယွီရှောင်က အဖေလင်းကို ဆိုလိုက်သည်။
အဖေလင်းက ၄င်းကို လိုအပ်သည်ဟု မထင်ပါချေ။ သို့သော် ဤသည်က ကျွမ်းမိသားစုများနှင့် စာချုပ်ချုပ်ခါနီး အချိန်ဖြစ်သည်။ သူက ကျိယွီရှောင်၏ တောင်းဆိုမှုကို ငြင်းဆန်လိုက်ပါက ကျွမ်းမိသားစုက စာချုပ်ချုပ်သည်ကို ပြန်ရုတ်သိမ်းသွားနိုင်သည်ကို မပြောနိုင်ပါပေ။ သို့ဖြစ်၍ သူက လိုက်လျောရန်သာ တတ်နိုင်ပေသည်။
"ကောင်းပြီလေ... အဲ့ဒါဆို လော့ချင်း မနက်ခင်း ၁၀နာရီလောက် လာခဲ့..."
"နားလည်ပါပြီ... ကျွန်တော် သူ့ကို မနက်ဖြန် မနက် လွတ်လိုက်ပါမယ်..."
ကျိယွီရှောင်က သူ့နည်းလမ်း အောင်မြင်ပြီးနောက် ဖုန်းချလိုက်သည်။
"အဲ့တော့ ငါက မနက်ဖြန် ရှယ်ယာရှင် အစည်းအဝေး တက်ရမှာပေါ့..."
လင်းလော့ချင်းက မေးမြန်းလိုက်သည်။
"အင်း..."
ကျိယွီရှောင်က စာရွက် တစ်ရွက်ကို ထုတ်လိုက်သည်။
"အဲ့အချိန်ကျလို့ မင်းအဖေက မင်းကို မိတ်ဆက်ပေးပြီးရင် ဒီဇာတ်ညွှန်းအတိုင်း ဆက်လုပ်..."
လင်းလော့ချင်းက စာရွက်ကို လက်ခံလိုက်သည်။ ထိုပေါ်တွင် ပေါ်ယွမ်အတွက် အနာဂတ် တိုးတက်ရေး အစီအစဉ်များကို အသေးစိတ်နှင့်အတူ ကုမ္ပဏီ၏ ကျွမ်းမိသားစုနှင့် ပူးပေါင်းရေး နောက်ကွယ်မှ ရည်ရွယ်ချက်များနှင့် အကြောင်းပြချက်များကို မိန့်ခွန်းတစ်ခုအဖြစ် အကြမ်းရေးသားထားသည်။
"ဟုတ်ပြီ..."
သူက ဇာတ်ညွှန်းကို အမြန်အဆန် ကြည့်လိုက်သည်။
"ငါ အလွတ်ကျက်ထားလိုက်မယ်..."
ကျိယွီရှောင်က ခေါင်းညိတ်ပြလိုက်သည်။
"ဘာပဲ ဖြစ်ဖြစ် အဲ့ဒါကအမြဲတမ်း မင်းရဲ့ အားသာချက် ဖြစ်ခဲ့တာ..."
လင်းလော့ချင်းက လက်ထဲမှ စာရွက်များကို လှန်လှောကြည့်ကာ ရယ်မောလိုက်သည်။
"ငါ ဒီအလုပ်ကို လက်ခံလိုက်ပြီ..."
"အဲ့ဒါဆို မင်းကြည့်ထားလိုက်ဦး... ငါ ရေသွားချိုးလိုက်ဦးမယ်..."
"အင်း..."
လင်းလော့ချင်းက အိပ်ရာပေါ်တွင် ထထိုင်လိုက်ပြီး ဇာတ်ညွှန်းကို အလွတ်မှတ်နေလိုက်သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် သူက နိုးစက်သံကြောင့် နိုးလာပြီးနောက် ပေါ်ယွမ်သို့ ကျိယွီရှောင်နှင့်အတူ ထွက်လာခဲ့သည်။
သူတို့ကို နှုတ်ဆက်ရန် ဆင်းလာခဲ့သည်။ ကျိယွီရှောင်က လင်းလော့ချင်း၊ အဖေလင်းတို့နှင့်အတူ အစည်းအဝေးခန်းမသို့ မလိုက်လာပေ။ ထိုအစား သူက လင်းလော့ချင်း၏ ရုံးခန်းအသစ်ထဲတွင် တစ်ယောက်တည်း ထိုင်နေလိုက်သည်။
သူက ပြတင်းပေါက်ဆီသို့ တွန်းသွားပြီး အပြင်မှ ယာဉ်ကြောတန်းကြီးကို ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ့နှုတ်ခမ်းထက်တွင် အပြုံးဖွဖွ တစ်ခု ပေါ်လွင်လာ၏။
လင်းလော့ချင်းက အဖေလင်းနှင့် အတူလျှောက်လာသည်။ တစ်ခါတစ်ရံ အလုပ်သမားတစ်ဦးက သူ့ကို ဖြတ်လျှောက်သွားသည့်အခါ သူတို့က စိတ်ရှုပ်ထွေးသောအကြည့်တစ်ခု ပေးလာသော်လည်း တစ်ခွန်းမှ မပြောဝံ့ပါပေ။ သူတို့က ဤလူက အဘယ့်ကြောင့် ရင်းနှီးနေသလဲဟူသည်ကိုသာ တွေးနေပေမည်။
သူက လင်းလော့ချင်းနှင့် တူလိုက်တာ... ဒါပေမဲ့ လင်းလော့ချင်းက သူတို့ ကုမ္ပဏီကို ဘာလို့ လာမှာလဲ...
နေပါဦး...
လွန်ခဲ့တဲ့ နှစ်ရက်က ကြေညာချက်ထုတ်ထားတယ် မဟုတ်လား... အဲ့ဒါက သူတို့ရဲ့ အထွေထွေ မန်နေဂျာအသစ်ကလည်း လင်းလော့ချင်းလို့ ခေါ်တယ်ဆိုပြီးတော့လေ....
အဲ့နာမည်... အဲ့ရုပ်.... အဲ့ဒါက အခုတစ်လော နာမည်ကြီးနေတဲ့ မင်းသား လင်းလော့ချင်း ဘာလို့ မဖြစ်နိုင်ရမှာလဲ...
သို့ဖြစ်၍ စိတ်လှုပ်ရှားနေကြသော အမျိုးသမီး ဝန်ထမ်းများက သူတို့၏ အလုပ်နေရာဆီသို့ပြန်သွားကာ ဤအကြောင်းအရာမှာ ဝန်ထမ်းများကြားတွင် ပျံ့နှံ့သွားလေသည်။
"တကယ်ကြီး လင်းလော့ချင်းလား..."
လုပ်ဖော်ကိုင်ဖက် တစ်ဦးက မေးလိုက်သည်။
"ဟုတ်တယ်... ငါသူ့ရဲ့ ပိုစတာနဲ့ နေ့တိုင်းအိပ်တာပါ... ငါသူ့ကို မမှတ်မိဘူးဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ဝန်ထမ်းတစ်ဦးက ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
"သူက တကယ်ကြီး ဥက္ကဌ လင်းရဲ့ သားဆိုတာ ငါမယုံနိုင်သေးဘူး... အရင်က ငါက နာမည်တူတာလို့ ထင်နေတာ... ဒါက အဟုတ်ကြီးဆိုတာ ငါမယုံနိုင်သေးဘူး..."
"ဘုရားရေ... အဲ့ဒါဆို ငါတို့ ကောကောက အရပ်ရှည်၊ ရုပ်ချောပြီး ချမ်းသာတယ်ဆိုတာရဲ့ အဓိက ဥပမာပေါ့..."
တခြားသော လုပ်ဖော်ကိုင်ဖက်တစ်ခုက အံ့အားသင့်စွာ ဆိုလိုက်သည်။
"ချမ်းသာပေမဲ့ ဇာတ်ပို့အနေနဲ့ စပြီး လုပ်တာ... သူက အရမ်း အပြုအမူကောင်းတာ မဟုတ်ဘူးလား..."
"အဲ့ဒါ မဟုတ်ဘူးလား... ငါသာ သူဆိုရင် ငါ့အတွက် ရင်းမြစ်တွေဝယ်ဖို့ ပိုက်ဆံသုံးလိုက်မှာပေါ့..."
"အဲ့ဒါဆို သူက ဒီနေ့ ကုမ္ပဏီမှာ ဘာလုပ်နေတာလဲ..."
"ငါလဲ သေချာမသိဘူး... ဒါပေမဲ့ ဒီနေ့က ဗုဒ္ဓဟူးနေ့မလား... ပုံမှန်ဆို ဘုတ်အဖွဲ့ အစည်းအဝေးက ဗုဒ္ဓဟူးနေ့မဟုတ်လား... အဲ့ဒါကြောင့်ဖြစ်မယ်..."
"ဟုတ်တယ်... ဟုတ်တယ်... ဥက္ကလင်းလည်း အစည်းအဝေး အခန်းထဲ လျှောက်သွားတယ်..."
"ဘုရားရေ... မင်းသားလုပ်တာက အရံအလုပ်တစ်ခုပဲတော့ မဟုတ်လောက်ပါဘူးနော်... အဲ့ဒါက အရမ်းအထင်ကြီးစရာ မကောင်းဘူးလား... ကောကောမှာ အရည်အချင်းတွေအများကြီး ရှိတာပဲ..."
"နတ်ဘုရား ဆိုတဲ့အတိုင်းပဲ..."
ဝန်ထမ်းများက အချင်းချင်း တီးတိုးပြောဆိုနေကြစဉ်တွင် လင်းလော့ချင်းနှင့် အဖေလင်းက အစည်းအဝေး ခန်းထဲသို့ ရောက်လာလေပြီ။
တခြားသော ရှယ်ယာရှင်များက လင်းလော့ချင်း ဝင်လာသည်ကို ကြည့်ကာ လင်းပေါ်မှာ ဤအခွင့်အရေးကို ယူကာ သူ့သားကို လာမည့် CEOအဖြစ် ပျိုးထောင်ပေးနေသည်လား ဆိုသည်ကို တွေးတောနေလေသည်။
ဒါပေမဲ့ သူက လင်းလော့ချင်းကို အိမ်ကနေ နှင်ထုတ်ထားတာ မဟုတ်ဘူးလား...
သူတို့ ဆက်ဆံရေးက ဘယ်လိုလုပ် ပြန်ကောင်းသွားတာလဲ...
လင်းလော့ကျင်းကရော...
တခြားသူများက ထိုသို့ တွေးတောကာ လင်းလော့ချင်းအား အကြိမ်အနည်းငယ် ထပ်မကြည့်ပဲ မနေနိုင်ပါချေ။ ထို့နောက် လူအများစုက ဤကောင်လေးအား အတန်ပင် ရင်းနှီးနေသည်ကို သတိထားမိသွား၏။
အဲ့ဒါက သူတို့ သမီးတွေ အခုတစ်လော စိတ်ဝင်စားနေတဲ့ မင်းသားမဟုတ်ဘူးလား...
အဲ့ဒါက သူလား...
အဲ့ဒါက တကယ်ကို သူပဲ... မင်းသားတစ်ယောက်က ရုပ်ရှင်ရိုက်ရမဲ့အစား ဒီမှာ ဘာလာလုပ်နေတာလဲ...
ရှယ်ယာရှင်များက ဤသည်ကို တွေးတောနေစဉ် အဖေလင်းက စားပွဲထိပ်တွင် ထိုင်လိုက်ပြီး လင်းလော့ချင်းကို သူ့ညာဖက်တွင် ထိုင်ရန် လက်ဟန်ပြလိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။
"ဒါက ငါ့သား လော့ချင်း... ပြီးတော့ ဒီကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာအသစ်ပဲ..."
ဤသည်မှာ ယနေ့တွင် ရှယ်ယာရှင်များ စုဝေးရသည့် အဓိက ရည်ရွယ်ချက်ပင်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် လင်းပေါ်မှာ ထို အထွေထွေ မန်နေဂျာဟူသော ရာထူးကို ဥက္ကဌ နေရာနှင့်အတူ သိမ်းပိုက်ကာ သူကိုင်ဆောင်ထားသော အာဏာကို တခြားသူများနှင့် ဝေမျှရန် ငြင်းဆန်လိုက်ခြင်းပင်။ သူက ထိုရာထူးကို သူ အိမ်မှ နှင်ထုတ်ခဲ့ဖူးသည့် သားထံသို့ ရုတ်တရက်ကြီး လွှဲပေးမည်ကိုမူ မည်သူမှ မထင်ထားပေ။
သူက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချနေသည်ဖြစ်သော်လည်း ဤကဲ့သို့ လုပ်ဆောင်ချက်မှာ လင်းလော့ချင်းကို ကုမ္ပဏီ၏ လာမည့် ခေါင်းဆောင်အဖြစ် ပျိုးထောင်ရန် ကြံစည်နေသည်ကို ရည်ညွှန်းပေသည်။
အနာဂတ်တွင် ကုမ္ပဏီက လင်းလော့ကျင်းထက် ဤအမျိုးသားနှင့် ပိုသက်ဆိုင်သွားမည့်ပုံပင်။
လင်းလော့ချင်းက အဖေလင်း စကားပြောပြီးသည်အထိ စောင့်ကာ အပြုံးတစ်ခုကို ပြသလိုက်သည်။ သူက တခြားသူများကို ရည်မွန်စွာ နှုတ်ဆက်လိုက်ပြီးနောက် ကျိယွီရှောင် သူ့အတွက် ရေးပေးထားသော ဇာတ်ညွှန်းကို ပြန်ဆိုလိုက်သည်။
သူက အေးဆေးသော အမူအရာဖြင့် ပြေပြစ်စွာ ပြောလိုက်သည်။ သူ့မိန့်ခွန်းနောက်ပိုင်းတွင် ကုမ္ပဏီအတွက် သူ့၏ အနာဂတ်အမြင်များနှင့် ကျွမ်းမိသားစုနှင့် သူတို့ကုမ္ပဏီ၏ ပူးပေါင်းခြင်းအတွက် အကျိုးအကြောင်းသင့်သော ရည်ရွယ်ချက်များကို ပြောဆိုလိုက်သည်။ ထို့အပြင် ကျွမ်း မိသားစုနှင့် သူတို့၏ ပူးပေါင်းခြင်းအပေါ်တွင် သဘောတူညီချက်တစ်ခုပြုလုပ်ပြီးဖြစ်ကာ သူတို့က ဤညနေတွင် ဥက္ကဌ ကျွမ်းနှင့် စာချုပ်ချုပ်ရန် စောင့်နေပေသည်။ ဤသည်မှာ သူ့၏ အဖေက သူ့အား အထွေထွေ မန်နေဂျာအဖြစ် ခန့်အပ်ထားသည့် အကြောင်းပြချက်လည်း ဖြစ်သည်။
သူက အဖေလင်းနှင့်အတူ အခန်းထဲသို့ ပထမဆုံး ဝင်လိုက်သည့်အခါတွင် ရှယ်ယာရှင်များက သူ့အား ဥက္ကဌနောက်မှ အလှပြ နောက်လိုက်ဟုသာ မှတ်ယူထားကြသည်။ လင်းလော့ချင်းက အဖေလင်း၏ ညာဘက်ဘေးတွင် နေရာယူလိုက်သည့်အချိန်၌ပင် သူတို့က လင်းလော့ချင်းကို အတည်မမှတ်ယူကြချေ။
မည်သို့ပင်ဆိုစေ ဒုတိယမျိုးဆက်သစ် လူချမ်းသာ သခင်လေးများက ဤသို့ပင်။ သူတို့က ကောလိပ်မှ ဘွဲ့ရပြီးသည်နှင့် ကုမ္ပဏီတွင် ရာထူးတစ်ခု ရမည်ဟု ယူဆထားသော်လည်း အရည်အချင်း ကင်းမဲ့ကာ ထိုရာထူးနှင့်အတူ လာရောက်သည့် တာဝန်ယူမှုများအကြောင်းလည်း တစ်ခုမှ မသိပေ။ သူတို့အား မည်သည့် အောင်မြင်မှုမှ ရလိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားပါပေ။ သို့သော် သူတို့ အံ့အားသင့်ရသည်မှာ လင်းလော့ချင်းမှာ အမှန်တကယ် အရည်အချင်းပြည့်မီသော ထိုးထွင်းသိမြင်ဉာဏ်များရှိပြီး ကုမ္ပဏီသို့ ဝင်လာသည့်အချိန်မှာပင် လက်တွေ့ကျသည့် လုပ်ဆောင်မှုများ ပြုလုပ်ပေးခဲ့လေသည်။
ဤသည်က ကျွမ်းမိသားစုပင်...
သူတို့၏ ပေါယွမ် ကုမ္ပဏီက အမှန်တကယ်ပင် ကျွမ်းမိသားစုနှင့် ပူးပေါင်းသဘောတူညီချက်တစ်ခု ရခဲ့ပေသည်။ ရှယ်ယာရှင်များက ချက်ချင်းပင် နှစ်လိုသော အပြုံးများ ပြသလာသည်။ သူတို့ လင်းလော့ချင်းအားကြည့်လေ့ရှိသော အကြည့်များကပင် ပို၍ ချစ်ခင်လာပေသည်။
"လော့ချင်းပြောတာ မှန်တယ်... ကျားအဖေက ခွေးတစ်ကောင် မမွေးဘူးဆိုတာ အမှန်ပဲ... ဥက္ကဌလင်းရဲ့သားက ခင်ဗျားအမွေတွေကို ကောင်းကောင်း ဆက်ခံထားတာပဲ..."
"မဟုတ်ဘူးလား... ဒီလောက်အသက်ငယ်ငယ်လေးနဲ့ လော့ချင်းက အတော်လေး စွမ်းဆောင်နိုင်ပြီး အထင်ကြီးစရာကောင်းနေပြီ... အဲ့ဒါက တကယ်ကို လူငယ်မျိုးဆက်သစ်က မွေးလာတဲ့ သူရဲကောင်းတစ်ယောက်ပဲ... ဥက္ကလင်း ခင်ဗျားကတော့ ကောင်းချီးပေးတဲ့ အနာဂတ်တစ်ခု ရှိနေပြီပဲ..."
"ငါက ဥက္ကဌလင်းက ဘာလို့ ရုတ်တရက်ကြီး အထွေထွေ မန်နေဂျာ အသစ်တစ်ယောက် ခန့်တာလဲဆိုတာ သိချင်နေတာ... ဒီလိုဖြစ်နေတာကို... ခင်ဗျားရဲ့ အမြင်က တကယ်ကို အထင်ကြီးစရာပဲ... ဒါက သဘာဝပါပဲ... ဥက္ကဌလင်းမှာ ဒီလို အထင်ကြီးစရာ သားတစ်ယောက်ရှိနေတာ ဘာလို့ ကုမ္ပဏီကို အရင်ကတည်းက ခေါ်မလာတာလဲ..."
"ဟုတ်တယ်... ဥက္ကဌလင်း... ခင်ဗျားက သူ့ကို တကယ်ကို ကောင်းကောင်း ဝှက်ထားတာပဲ..."
အဖေလင်းမှာ ကြောင်အနေသော်လည်း ချီးကျူးမှုများအလည်တွင် စိတ်ခံစားချက်ကောင်းလာသည်ကို မထိန်းနိုင်ပါပေ။ သူက ရယ်မောကာ ရှယ်ယာရှင်များနှင့် အာလာပသလ္လာပများ ပြောဆိုနေလိုက်သည်။ ရှယ်ယာရှင် အစည်းအဝေးပြီးနောက် သူက လင်းလော့ချင်းကို မမေးပဲ မနေနိုင်ပါချေ။
"မင်း အစည်းအဝေးခန်းထဲမှာ ပြောခဲ့တာတွေက မင်းဘာသာ တွေးထားတာလား..."
"သေချာပေါက် မဟုတ်ဘူးပေါ့..."
လင်းလော့ချင်းမှာ အဖေလင်းစိတ်ထဲတွင် ရှိသည့် သူ့၏ ပုံရိပ်ကို အလွန်ရှင်းလင်းပေသည်။
"အဲ့ဒါတွေ အကုန်လုံးက ကျိယွီရှောင်ပြောခိုင်းတာ... သူက ကျွန်တော်ကို အကုန်လုံး ကျက်ခိုင်းထားတာ... သူက ပြောသေးတယ်... အချိန်ကျလာလို့ တစ်ယောက်ယောက်က တစ်ခုခုမေးလာရင် ကျွန်တော် မဖြေနိုင်လို့ မရဘူးတဲ့... ကျွန်တော်က အရူးတစ်ယောက်သာဖြစ်လာရင် အဖေ့ကို မျက်နှာပျက်စေမှာတဲ့... သူတို့က အဲ့လို ခပ်တုံးတုံးသားတစ်ယောက်ရှိလို့ အဖေ့နောက်ကွယ်မှာ ရယ်နေကြမှာတဲ့... သားကို ရယ်လို့ရပေမဲ့ အဖေ့ကိုတော့ အဲ့လို အဖြစ် မခံနိုင်ပါဘူး... အဲ့ဒါကြောင့် ကျွန်တော်က သူပြောတာတွေကို အလွတ်ကျက်ထားတာ..."
လင်းလော့ချင်းက ရပ်တန့်ပြီး သိမ်မွေ့ကာ ရှက်ရွံ့သော အကြည့်တစ်ချက် ပေးလိုက်ပြီး ဆက်ပြောလိုက်သည်။
"အဆင်ပြေရဲ့လား... သူတို့က ကျွန်တော်ကို ရာထူးပေးတဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်လာမှာကို စိုးရိမ်လို့ ကျွမ်းမိသားစုနဲ့ ပူးပေါင်းတဲ့အကြောင်းကို ပြောလိုက်တာ... အဲ့ဒါဆို သူတို့က ပြောစရာ အကြောင်းမရှိတော့ဘူး..."
အဖေလင်း - ...သူပြောသလိုပဲ... လင်းလော့ချင်းမှာ ဘယ်လိုလုပ်ပြီး ဒီလို လုပ်နိုင်စွမ်း ရှိနေမှာလဲ... အကုန်လုံးက ကျိယွီရှောင် သင်ပေးတာပေါ့...
၄င်းကို သိရာ သူက စိတ်အေးသွားသည်။ ထို့နောက် လင်းလော့ချင်းက သူ့အလှောင်မခံရစေရန် ထိုမျှအများကြီးကို အလွတ်ကျက်ထားသည်ကို တွေးတောကာ လင်းလော့ချင်းမှာ ဝတ္တရားသိတတ်သော သားတစ်ယောက်ဖြစ်သည်ဟူသော အတွေးမှာ ပို၍ လေးနက်လာပေသည်။
သားလိမ္မာလေးပဲ...
ဒါက လင်းလော့ကျင်းထက် အများကြီး ပိုကောင်းမနေဘူးလား...
"မဆိုးပါဘူး..."
အဖေလင်းက သူ့ပခုံးများကို ပုတ်လိုက်သည်။
လင်းလော့ချင်း၏ မျက်လုံးများက တောက်ပသွားသည်။
"အဖေ... ကျွန်တော်ကို့ ချီးကျူးလိုက်တယ်..."
အဖေလင်းက ပျော်ရွှင်သွားသော အမူအရာကိုကြည့်ကာ ရှားရှားပါးပါး အလေးအနက်တွေးတောလိုက်သည်။ သူက ဤသားကို ချီးကျူးခဲသည်ကို သဘောပေါက်သွား၏။ သူ့ကိုယ်ထဲတွင် အပြစ်ရှိစိတ်က ခေတ္တမျှ လှုပ်ခတ်သွားလေသည်။ ထို့ကြောင့် သူက လင်းလော့ချင်းမှာ ကျွမ်းမိသားစုနှင့် ပူးပေါင်းရန်အတွက် အကြွေးယူသည်ကို အကျယ်မချဲ့တော့ပါချေ။
နောက်ဆုံးတွင် လင်းလော့ချင်းမှာ သူ့အတွက် လုပ်နေခြင်းဟု အဖေလင်းက တွေးလိုက်သည်။ အရေးမပါသည့် အသေးအဖွဲများအပေါ် အတွေးလွန်နေရန် မလိုပါပေ။
သူက သူ့သားကို ဤထက်ပိုကောင်းအောင် နားမလည်နိုင်တော့ချေ။
ဘုတ်အဖွဲ့အစည်းအဝေးပြီးနောက် လင်းလော့ချင်းက ကျိယွီရှောင်ကို ရှာရန် သူ့ရုံးခန်းထဲသို့ လျှောက်လာလိုက်သည်။
ကျိယွီရှောင် သူ့အတွက် လက်ထောက်တစ်ယောက် စီစဉ်ထားပြီးဖြစ်သည်။ သူတို့က ထိုလက်ထောက်ရောက်လာရန် နှစ်ရက်သာ စောင့်ရမည် ဖြစ်သည်။