Chapter 227
လင်းလော့ချင်းက ကျိယွီရှောင်၏ ရည်ရွယ်ချက်များနှင့် အစီအစဉ်များကို ကြားသောအခါ ကျိယွီရှောင်ကို နမ်းရန် ခါးကိုင်းလိုက်သည်။
"မင်းက အရမ်း စိတ်ချရတာပဲ..."
"ဒါပေါ့..."
ကျိယွီရှောင်က ရွှင်မြူးစွာ ဆိုလိုက်သည်။
"အခုတော့ စာချုပ်လက်မှတ်ထိုးဖို့ပဲ ကျန်တော့တာ..."
ထိုညနေတွင် သူတို့၏ အစည်းအဝေးသို့ ကျွမ်းယွဲ့က အေးအေးဆေးဆေး ရောက်လာပြီး လင်းလော့ချင်းနှင့် စာချုပ် လက်မှတ်ထိုးလိုက်သည်။
ဤသို့ဖြင့် သူတို့၏ စီးပွားရေး တွဲဖက်မှုကို တရားဝင် ထူထောင်လိုက်လေသည်။
ထို့နောက် ကျွမ်းယွဲ့က လင်းလော့ချင်းကို တမင်ဆိုလိုက်သည်။
"အဲ့ဒါဆို နောက် ငါ့မှာ မေးစရာတွေ စိတ်ပူစရာတွေ ရှိလာရင် မကြာခဏ တွေ့ရတော့မှာပဲ ဥက္ကဌလေး လင်း..."
"ပြဿနာမရှိပါဘူး..."
လင်းလော့ချင်းက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။
အဖေးလင်းမှာ နားရွက်တက်ချိတ်သည်အထိ ပြုံးကာ စိတ်အားထက်သန်စွာဖြင့် ဆိုလိုက်သည်။
"အဲ့ဒါဆို နောက်မှ ထမင်းအတူစားကြတာပေါ့... ဥက္ကဌ ကျွမ်း ဘာကြိုက်တတ်လဲ... ကျွန်တော် ကျွေးပါမယ်..."
ကျွမ်းယွဲ့က သူနှင့် အချိန်မဖြုန်းနိုင်သည်မှာ နှမြောစရာပင်။ သူက တခြားကိစ္စများရှိသေးကြောင်း ရိုးရှင်းစွာ ပြောပြပြီး ထွက်သွားလိုက်သည်။
လင်းလော့ချင်း၏ ရည်မှန်းချက်သည်လည်း ပြီးမြောက်သွားပြီ ဖြစ်သည်။ သူက ဆက်လက်ဟန်ဆောင်ရန် အလွန်ပျင်းရိလာသည်ဟု ခံစားရပြီး ကလေးများကို ကျောင်းကြိုရမည်ဟူသော ဆင်ခြေဖြင့် ကျိယွီရှောင်ကို တွန်းကာ ထွက်လာလိုက်သည်။
အဖေလင်းက သူ ထိုသို့ဆိုသည်ကို ကြားသောအခါ သူတို့က ပျော်ရွှင်သည့် ရောင်ဝါများ ဖြာထွက်နေသည်ဟု စိတ်ထဲတွင် ခံစားလိုက်ရသည်။
သူက ပျော်သော်လည်း ချန်ဖုန်းနှင့် လင်းလော့ကျင်းတို့မှာမူ လုံးဝပင် မပျော်နိုင်ပါပေ။ အထူးသဖြင့် အဖေလင်းက လင်းလော့ချင်းကို ဘုတ်အဖွဲ့အစည်းအဝေးသို့ ခေါ်သွားသည်ကို သူတို့ကြားသောအခါတွင် ဖြစ်သည်။ ၄င်းကိုကြားပြီးနောက် သူတို့၏ မျက်လုံးများက ချက်ချင်းပင် မှောင်မဲလာပေသည်။
ချန်ဖုန်းက မထိန်းနိုင်တော့ပဲ မျက်ရည်များစီးကျလာကာ သူမ၏ ဘဝက အတန်ပင် ခက်ခဲသည်ဟု ခံစားလာရ၏။
လင်းလော့ကျင်းသည်လည်း သူ့အခန်းထဲသို့ ပြန်လာပြီး အလေးအနက် တွေးတောနေလိုက်သည်။
လင်းလော့ချင်းက ၄င်းကို လုံဝမသိ၍ သတိမမူမိပါချေ။ သူက နောက်တစ်ရက် လူရွေးပွဲအတွက် ပြင်ဆင်ကာ အလုပ်များနေပေသည်။ သူက မနက်ဖြန် လူရွေးပွဲကို အောင်မြင်ပါက TVရှိုးအသိုင်းအဝိုင်းမှ ရုပ်ရှင်လောကထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ပြီဟု ယူဆနိုင်ပေသည်။
သူက ဝူရှင်းယွမ်ပို့ထားသော လူရွေးပွဲ ဗီဒီယိုများကို ထပ်မံ ကြည့်လိုက်ပြီး ၄င်းတို့အပေါ် အတန်ကြာအောင် ပြန်လည် သုံးသပ်နေလိုက်သည်။ ထို့နောက်မှသာ သူက ဒါရိုက်တာလီနှင့် တွေ့ဆုံရန် ယုံကြည်ချက်ရှိရှိ ထွက်လာလိုက်၏။
ဒါရိုက်တာလီမှာ ယခင်အတိုင်းပင်။ သူက ရိုးရှင်းစွာ ဆံပင်တစ်ချောင်းတည်းစည်းထားပြီး သင့်တင့်သော နှုတ်ခမ်းမွေးတို့ဖြင့် အနုပညာရှင်တစ်ယောက်၏ ပုံရိပ်ရနေသည်။
သို့သော် သူက အနုပညာရှင်မဟုတ်ပေ။ သူက အလွန်အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပင်။
သူက သူ့ရှေ့တွင် ရပ်နေသောလူကို စေ့စေ့စပ်စပ်ကြည့်ရှုလိုက်သည်။ လင်းလော့ချင်းမှာ သီးခြားနေတတ်သူမဟုတ်သော်လည်း ဒါရိုက်တာလီ၏ ရှေ့သို့ ရောက်သွားသည့်အချိန်တိုင်းတွင် ဇာတ်ညွှန်းထဲရှိ ဖူရှိနှင့် ဆင်တူသော အရေးမစိုက်သည့် အေးစက်စက်မျက်နှာထားကို ပြသထားသည်။
သူက အမှန်တကယ်တွင် ဖူရှီဇာတ်ကောင်နှင့် အလွန်ပင် ကိုက်ညီပေသည်။ သူ့ရုပ်ရည်မှာ လှပကာ ငယ်ရွယ်ပြီး ချောမောသည့်အပြင် သူက ကျောင်းသားတစ်ယောက်နှင့် တူပြီး ဒါရိုက်တာလီတွင်ရှိသော ယှဉ်ပြိုင်သူများထဲတွင် လင်းလော့ချင်း၏ သရုပ်ဆောင်စွမ်းရည်များမှာ အကောင်းဆုံးဟု ယူဆနိုင်၏။ လင်းလော့ချင်း၏ ယနေ့ နာမည်ကျော်နေမှုက အမြင့်သစ်တစ်ခုသို့ ရောက်နေသည်ကို ပြောစရာပင်မလိုပါချေ။
သူ့ကို ရွေးချယ်ခြင်းနှင့် ပတ်သတ်၍ မည်သည့် ပြဿနာမှ ရှိဟန် မရပါပေ။
သူ့ရုပ်ရှင်တွင် ပွဲဦးမထွက်ခင်၌ ယခင်က ရုပ်ရှင်ထဲတွင် သရုပ်မဆောင်ဖူးသော အနုပညာရှင်တစ်ဦးကို သရုပ်ဆောင်ခွင့်ပြုသည်က သင့်တော်ဟန်တော့ မရပါချေ။ ဒါရိုက်တာလီမှာ အမြဲလိုလိုပင် ရုပ်ရှင်များတွင် အတွေ့အကြုံရှိသူများကို အသုံးပြုပေသည်။
သို့သော် လင်းလော့ချင်းတွင် ရှိသော အခြေအနေများနှင့် နောက်ခံမှာ အပြစ်ရှာရန် ခက်ခဲလှပေသည်။
ထို့နောက် လင်းလော့ချင်းက ဖူရှီပါဝင်သော အခန်းနှစ်ခန်းကို ထပ်မံ သရုပ်ဆောင်ပြလိုက်သည်။ လင်းလော့ချင်း၏ သရုပ်ဆောင်မှုက သူ့ကို စိတ်မပျက်စေပါပေ။
လင်းလော့ချင်းမှာ ကောင်းကင်ဘုံမှ ပို့လိုက်သည့် ဖူရှီ ဖြစ်နိုင်သည်ဟု ဒါရိုက်တာလီ တွေးလိုက်သည်။
"ဟုတ်ပြီ... ဘာပြဿနာမှ မရှိဘူး..."
ဒါရိုက်တာလီက ခါးဆန့်လိုက်သည်။
"ဒီထုတ်လုပ်ရေးရဲ့ ရုပ်ရှင်က ဧပြီလ နောင်းပိုင်းနဲ့ မေလအစမှာ စဖို့ မှန်းထားတယ်... ပြန်ပြီး မင်းကိုယ်မင်း ပြင်ဆင်ထားလိုက်... အချိန်ရောက်ရင် အဖွဲ့ကို ဆွဲထားပြီး ငါတို့အချိန်ဇယားတွေကို မနှောင့်နှေးစေနဲ့..."
"နားလည်ပါပြီ..."
လင်းလော့ချင်းက ပျော်ရွှင်စွာ အံ့ဩတကြီး ပြန်ဖြေလိုက်သည်။
ပြန်ဖြေပြီးနောက် သူက မထိန်းနိုင်ပဲ မျက်နှာထက်တွင် အပြုံးတစ်ခု ဖူးပွင့်လာပေသည်။
ထိုအပြုံးကြောင့် သူ့၏ မူလ စရိုက်နှင့် သွင်ပြင်တို့က ပေါ်လွင်သွားရာ ဒါရိုက်တာလီက မှတ်ချက်ပေးလိုက်သည်။
"မင်းက ဒီလိုကျ ဖူရှီနဲ့ လုံးဝ မတူပါဘူး..."
လင်းလော့ချင်း - ...
လင်းလော့ချင်းက ကူကယ်ရာမဲ့ ဖြစ်သွားကာ သူ့နှုတ်ခမ်းထောင့်များက ချက်ချင်း မဲ့ကျသွားသည်။
ထို့နောက် ဒါရိုက်တာလီက ကျေနပ်သွားသည်။
"ဒီလိုမှ ပိုတူတာ..."
လင်းလော့ချင်း - ...
ကောင်းပြီ... နောက်ဆို ဒါရိုက်တာလီကို တွေ့တိုင်း အေးစက်စက် မျက်နှာထားနဲ့ပဲ နှုတ်ဆက်တော့မယ်... အေးစက်ပြီး အပင်က အရွက်တွေကို ခြွေချနိုင်တဲ့ ဆောင်းဦးလေလိုပဲ အေးစက်စက် နေတော့မယ်...
လင်းလော့ချင်းမှာ လူရွေးပွဲအောင်သွားပြီ ဖြစ်ရာ သူ့ကိုယ်သူ ပြင်ဆင်ကာ အဖွဲ့ထဲသို့ မဝင်မီတွင် ဇာတ်ညွှန်းကို ကျက်ထားလိုပေသည်။
ဒါရိုက်တာလီက သူ့ရည်ရွယ်ချက်များကို ကြားသောအခါ ဤလူငယ်လေးမှာ အလွန် အလုပ်ကြိုးစားသည်ဟု တွေးကာ ကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်သည်။
ဒါက ဒီအတိုင်း...
"ဇာတ်ညွှန်းက ပြောင်းနေတုန်းပဲ... ပြီးတာနဲ့ မင်းဆီကို ပို့လိုက်မယ်... ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး... စိတ်မပူပါနဲ့... ရုပ်ရှင် မစခင် ငါပို့ပေးလိုက်ပါမယ်..."
ရုပ်ရှင်လောကတွင် ဤကဲ့သို့ အဖြစ်အပျက်မှာ သာမန်ပင်။ မည်သို့ပင်ဆိုစေ ရုပ်ရှင် စတင်ပြီးသည့်တိုင် ဇာတ်ညွှန်းကို အခြေမကျနိုင်သော ဒါရိုက်တာ အချို့လဲ ရှိပေသည်။ သူတို့က အနုပညာရှင်ကို မနက်ပိုင်းတွင် တစ်မျိုးတောင်းဆိုပြီး ညနေပိုင်းတွင် ရလာဒ်များကို ငြင်းပယ်တတ်ပေသည်။ လူတိုင်းတွင် ကိုယ်ပိုင် စရိုက်လက္ခဏာများရှိ၍ လင်းလော့ချင်းက ၄င်းကို များစွာမတွေ့ပါပေ။ သူက ဝူရှင်းယွမ်နှင့် ထွက်မသွားမီတွင် တခြားသော ကိစ္စများကို အသေးစိတ်မေးမြန်းလိုက်သည်။
"ကောင်းတယ်..."
ဝူရှင်းယွမ်မှာ ဤအဖိုးဖြတ်မရသော အခွင့်အရေးကို စိတ်နှစ်ထားသည်မှာ ကြာပြီ ဖြစ်သည်။ နောက်ဆုံးတွင် ဤသည်က အခြေကျသွားပြီဖြစ်ရာ သူက စိတ်လျော့နိုင်ပြီ ဖြစ်၏။
"ဒါရိုက်တာလီရဲ့ ရုပ်ရှင်တွေက အမြဲတမ်း တသတ်မတ်တည်းရှိပြီး box office ရလာဒ်လည်း အရမ်းကောင်းတယ်... ပြီးတော့ ဖူရှီကလည်း ဇာတ်ကောင်ကောင်းတစ်ခုပဲ... ဒီရုပ်ရှင်က မင်း ရုပ်ရှင်လောကမှာ ပွဲဦးထွက်ဖို့ အစကောင်းပဲ..."
လင်းလော့ချင်းသည်လည်း သူနှင့် အတွေးအတူတူပင်ဖြစ်သည်။ ဟာသမှာ အမြဲလိုလိုပင် သရုပ်ဆောင်ရန် ခက်ခဲသော အမျိုးအစားတစ်ခုဖြစ်ကာ အထူးသဖြင့် သူက သီးသန့်နေတတ်သော ဇာတ်ကောင်တစ်ဦးအဖြစ် သရုပ်ဆောင်ရသော မင်းသားဖြစ်နေသည့်အခါပင်။ သူကောင်းကောင်း သရုပ်ဆောင်ပါက အကျိုးအမြတ်များမည်ဖြစ်သော်လည်း သူမျှော်လင့်ထားသည့်အတိုင်း မလုပ်နိုင်လျှင်ပင် သူက ဖိနှိပ်ခံရကာ အတန်ကြာအောင် ဆူပူခံပေမည်။
လင်းလော့ချင်းက ထိုကိစ္စကို အလေးအနက်တွေးတောလိုက်သည်။ သူက ရုပ်ရှင် မစခင်တွင် ပြင်ဆင်ရန်လိုပေသည်။ လင်းလော့ချင်းက တစ်နေ့လျှင် အနည်းဆုံး ဟာသကားတစ်ကားကြည့်ကာ ဟာသရုပ်ရှင်များအတွက် ထူးခြားကာ လိုအပ်သော သရုပ်ဆောင်ခြင်းနှင့် ဖျော်ဖြေမှုကို ဆုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။
ကျိယွီရှောင်မှာ သူ လူရွေးပွဲကို အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီဟု ကြားသောအခါ လင်းလော့ချင်းအတွက် ပျော်ရွှင်သော်လည်း မကြာမီပင် လင်းလော့ချင်းက သူ့အား သုံးလ ထပ်မံ ထားသွားမည်ကို သတိရသွားလေသည်။
"ငါလည်း အနုပညာရှင်တစ်ယောက်ဆို ဘယ်လောက်ကောင်းမလဲ... ငါလည်း အဖွဲ့ထဲဝင်ပြီး အတူတူ ရုပ်ရှင်ရိုက်နိုင်မှာ..."
သူက သက်ပြင်းချကာဆိုလိုက်၏။
"အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
လင်းလော့ချင်းက သူ့ကို အလေးအနက် ကြည့်လိုက်သည်။
"ငါတို့က ထုတ်လုပ်ရေးတိုင်းမှာ အတူ သရုပ်ဆောင်ရမယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... အချိန်ရောက်လို့ ငါက ငါ့ဇာတ်ကွက်အတွက် ရိုက်ကူးပြီးတာနဲ့ မင်းက ထပ်ပြီးရိုက်စရာ အခန်းတွေ ကျန်ရင် ကျန်ဦးမှာ... မင်းလည်း မင်းသားသာဆိုရင် ငါတိုအချိန်အတူဖြုန်းဖို့က ပိုတောင် ခက်ဦးမှာ..."
ကျိယွီေရှာင် - ...နောက်တစ်နည်းပြောရရင် မင်းသားတစ်ယောက်ဖြစ်တာက အတူရှိရတဲ့အချိန်တွေကိုလည်း သက်ရောက်စေတယ်...
"အဲ့ဒါဆို ငါက မင်း ရိုက်ကူးရေးမြန်မြန်ပြီးပြီး မြန်မြန် ပြန်လာဖို့ မျှော်လင့်ရုံပဲ ရှိတာပေါ့..."
"ပြန်လာမှာပေါ့..."
လင်းဆလာ့ချင်းက အပြုံးတစ်ခုနှင့် ကတိပေးလိုက်သည်။
နောက်ဆုံးတွင် အရာရာက ချောချောမွေ့မွေ့ တိုးတက်သွားသော်လည်း ချန်ဖုန်းနှင့် လင်းလော့ကျင်းတို့အတွက်မူ မတူပါပေ။
လင်းလော့ကျင်း၏ ကိစ္စကြောင့် ချန်ဖုန်းမှာ အဖေလင်းနှင့် အကြိမ်ကြိမ် စကားများပြီး ဖြစ်ကာ နောက်ဆုံးတွင် အဖေလင်းက ကွာရှင်းရန်ပင် ပြောလာသည်။
ချန်ဖုန်းက ချက်ချင်းပင် ပါးစပ်ပိတ်ကာ ဆက်မပြောဝံ့တော့သော်လည်း လင်းလော့ကျင်း၏ ဘေးကျပ်နံကျပ် စိတ်နေစိတ်ထားမှာ ပြည့်နှက်လာပေသည်။
ဤကဲ့သို့ ဘေးကျပ်နံကျပ် ခံစားချက်အောက်တွင် သူ့ဦးနှောက်ထဲတွင် အစီအစဉ်တစ်ခု ပေါ်လာလေသည်။ သူက သူ့အဖေကို ပြန်ပေးဆွဲလိုပေသည်။ အတိအကျဆိုရသော် သူက တခြားတစ်ယောက်ကို သူ့အဖေအား ပြန်ပေးဆွဲခိုင်းကာ သူက ကယ်တင်သူ ဖြစ်ရန် ရည်ရွယ်ထားပေသည်။
နောက်ဆုံးတွင် လင်းလော့ကျင်းမှာ ငယ်ရွယ်လွန်းကာ မရင့်ကျက်ပါပေ။ သူက သူပိုင်သမျှအရာရာမှာ တဖြည်းဖြည်းနှင့် လင်းလော့ချင်းအပိုင်အဖြစ် ပြောင်းလဲလာသည်ကို ထိုင်မကြည့်နေနိုင်ပါပေ။ သို့သော် သူက ငယ်ရွယ်သည်ဖြစ်ရာ ပို၍ ကြောက်စရာကောင်းသည့် အစီအစဉ္ကို ပြုလုပ်ရန် ရဲတင်းမှုမရှိပါပေ။
သူ့အဖေက လင်းလော့ချင်းအား သူ့ထက် အသုံးဝင်သည်ဟု တွေး၍ လင်းလော့ချင်းကို ကြိုက်စပြုလာကာ သူပိုင်သင့်သည်ကို လင်းလော့ချင်းအား ပေးရန် ရွေးချယ်သည်ဟုသာ ခံစားရပေသည်။ ထို့ကြောင့် သူ့ အစီအစဉ်ထဲရှိ သူ့အဖေကို ကယ်တင်ခြင်းဟူသော သရုပ်ဆောင်ကွက်က သူ့အဖေ၍ စိတ်ထဲတွင် သူ့၏ ဂုဏ်ပုဒ်က ထိုးတက်သွားမည်ဟု တွေးနေပေသည်။
အဖေလင်းမှာ သူ့ကို ဂရုစိုက်ကာ ဝတ္တရားကျေပွန်သော သားတစ်ယောက်ကို လိုချင်သည်သာဖြစ်၍ ထိုလူက သူဖြစ်ရပေမည်။
ဤနည်းဖြင့် အဖေလင်းက သူပိုင်သင့်သော အရာများကို သူ့အား ပြန်မပေးပါက အနည်းဆုံးတွင် သူ့၌ သူ့အဖေကို ဝေဖန်နိုင်သည့် အရည်အချင်းရှိပေမည်။ အဲ့ဒါက လင်းလော့ကျင်း ပို၍ ပြင်းထန်သော ကိစ္စတစ်ခုကို ပြုလုပ်ရန် လိုအပ်ပါကလည်း သူ့အတွက် တရားမျှတမှုပေးပေမည်။
နောက်ဆုံးတွင် အဖေလင်းက သူ့အဖေပင်။ သူတို့က နှစ်ပေါင်းများစွာ အတူနေခဲ့ပေသည်။ လင်းလော့ကျင်းအတွက် အဖေလင်းအပေါ်တစ်ခုမှ မခံစားရသည်မှာ မဖြစ်နိုင်ပါပေ။ သူက ချမ်းသာမှုနှင့် အလားအလာကောင်းသော အနာဂတ်ကို အလိုရှိသော်လည်း ဖခင်ကို ပြန်လည်သတ်ခြင်းကဲ့သို့ ကိစ္စများ မပြုလုပ်လိုပါပေ။
သို့ဖြစ်၍ သူက ဤပြန်ပေးဆွဲခြင်း ကိစ္စမှာ ဖြေဆေးဖြစ်ပြီး သူတို့၏ ဆက်ဆံရေးကို တိုးတက်လာစေကာ သူတို့အား လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်စေပြီး သူနှင့်ထိုက်တန်သည်ကို ရဖို့ ကူညီပေးရန် မျှော်လင့်ပေသည်။
လင်းလော့ကျင်းက စိတ်ထဲတွင် မုန်တိုင်းထန်နေသော်လည်း ချမ်းသာမှုရရှိရန် စွန့်စားရသည်မှာ သဘာဝပင်ဖြစ်သည်ဟု သူ့ကိုယ်သူ ယုံကြည်ထားပေသည်။ သူက ဘာမှမလုပ်ပဲ ဆက်ထိုင်နေပါက လင်းလော့ချင်းမှာ ပေါ်ယွမ်တွင် ခြေကုပ်ရသွားပေမည်။ အချိန်ရောက်လာပါက သူနှင့် သူ့အမေအတွက် နေရာတစ်ခုမှ ကျန်မည် မဟုတ်ပါပေ။
သူ စွန့်စားရပေမည်။
ဤကဲ့သို့ လျှို့ဝှက်အကြံအစည်တစ်ခုက တိုးတက်ရန် အသေးစိတ်များလိုအပ်သည်ဖြစ်ရာ သူက ဤသည်ကို ဂရုတစိုက် တွေးတောရန် လိုပေသည်။
သူကခေါင်းငုံ့ကာ သူ့အတွေးများနှင့် ဒီဇိုင်းများပြည့်နေသည့် စာရွက်များကို ကြည့်လိုက်သည်။
******
လင်းလော့ချင်းက ချန်ဖုန်းထံမှ ဖုန်းရသောအခါ သူအခန်းထဲတွင် ဂုဏ်ပြု နံရံတစ်ခု ပြုလုပ်နေခြင်းပင်။ အသေအချာပင် ဂုဏ်ပြုနံရံဖြစ်၏။ အတိအကျဆိုရသော် လင်းဖေးနှင့် ကျိလဲ့ယွီတို့၏ ဂုဏ်ပြုနံရံပင်။
ကျိယွီရှောင် - ...
သူက အတန်းထဲတွင် ပထမရပြီးနောက် လင်းဖေးရခဲ့သည့် ဂုဏ်ပြုလွှာကို ကြည့်လိုက်ပြီး သူ့ဘယ်ဘက်တွင် ချိတ်လိုက်ကာ လင်းလော့ချင်းမွေးနေ့အတွက် ကျိလဲ့ယွီ ပြုလုပ်ပေးေသာ ပန်းချီကို သူ့ညာဘက်တွင် ချိတ်လိုက်သည်။ သူက မည်မျှပင် ကြည့်ကြည့် ထိုနှစ်ခုကို အတူချိတ်ထားသည်က မသင့်တော်ဟု မခံစားရပါပေ။
"မင်းက ဒါကို ဂုဏ်ယူစရာလို့ ထင်နေတာပေါ့..."
သူက ကျိလဲ့ယွီ၏ ပန်းချီကို မေးငေါ့ပြလိုက်သည်။
လင်းလော့ချင်းက ခေါင်းညိတ်လိုက်၏။
"အရမ်းပဲပေါ့..."
သူ့ဘေးတွင် ရပ်နေသော ကျိလဲ့ယွီသည်လည်း ခေါင်းကို ဆက်တိုက် ညိတ်လိုက်သည်။
"အင်းအင်း..."
ကျိယွီရှောင် - ...
လင်းဖေး - ...
"မင်း ဒါကို သေချာတွေးပြီး စိတ်ပိုင်းဖြတ်ပြီးပြီလား..."
ကျိယွီရှောင်က သူ့ဇနီးကို ကြည့်လိုက်သည်။
"မင်းက ဒါကို ဖေးဖေးရဲ့ စာသစ်နှစ် အောင်မြင်မှု ဂုဏ်ပြုမှတ်တမ်းရဲ့ဘေးမှာ ချိတ်မှာပေါ့..."
အဲ့ဒါ လင်းဖေးက လင်းလော့ချင်းကို သူလုပ်ထားတဲ့ မွေးနေ့ ကဒ်ကို ချိတ်ဖို့ ငြင်းလို့ မဟုတ်ဘူးလား... လင်းလော့ချင်းက ကျိယွီရှောင် လုပ်ပေးတာနဲ့ အစားထိုးစရာကလွဲရင် ရွေးချယ်စရာ မရှိတော့တာလေ...
"ဒါက အတော်လေး ကောင်းတယ်လို့ ငါထင်တယ်..."
လင်းလော့ချင်းက ပြောလိုက်သည်။
"မဟုတ်ရင် ရှောင်ယွီရဲ့ ပန်းချီတစ်ခုတည်းဆို အရမ်းနည်းနေမှာ..."
ကျိလဲ့ယွီက စိတ်ရင်းဖြင့် သဘောတူလိုက်၏။
"အင်း... အင်း..."
ကျိယွီရှောင် - ...
သူက လင်းဖေးကို တိတ်တဆိတ်လှမ်းကြည့်လိုက်သည်။
လင်းဖေး၏ မျက်လုံးများက ကူကယ်ရာမဲ့ခြင်း သုံးဆ၊ တည်ငြိမ်ခြင်း လေးဆနှင့် သူတို့လုပ်ချင်တာ လုပ်ပါစေဆိုခြင်း ငါးဆတို့ပါဝင်လေသည်။ ကျိယွီရှောင်က သူ့မျက်လုံးထဲတွင် အလိုလိုက်ခြင်းသာ မြင်ရသည်မှာ နှမြောစရာပင်။
ကောင်းပါပြီ... ပါဝင်တဲ့ နှစ်ဖက်စလုံးက ကန့်ကွက်စရာမရှိဘူးဆိုမှတော့ ထားလိုက်ပါတော့...
ဘာပဲဖြစ်ဖြစ် ကြီးလာရင် ငိုရမဲ့လူက သူမှမဟုတ်တာ... သူက အဲ့ဒါကို တားဖို့ ကြိုးစားသေးတာပဲ... သူက သူ့အပိုင်းကို လုပ်ပြီးပြီ... သူ့ လိပ်ပြာတော့ လုံပါတယ်...
သို့ဖြစ်၍ ကိစ္စများကို အကျယ်ချဲ့တတ်သည့် ကျိလဲ့ယွီက လင်းလော့ချင်းအား နံရံကို အလှဆင်ရန် ပန်းချီကို မည်သို့ ချိတ်ဆိုသည်အား စတင် ညွှန်ကြားလာလေသည်။
လင်းဖေး - ...
သူက နားထင်ကို လက်တစ်ဖက်ဖြင့် ဖိထားလိုက်သည်။
ကောင်းပြီ... သူတို့ပျော်ရင် ပြီးတာပါပဲ...
သူတို့ မိသားစုလေးယောက်မှာ နံရံကို ပျော်ရွှင်စွာ အလှဆင်နေစဉ်တွင် ချန်ဖုန်းက အလောတကြီး ဖုန်းခေါ်လာလေသည်။ လင်းလော့ချင်းက မဖြေ၍ မရပေ။
"ဘာလဲ..."
သူက ချက်ချင်းပင် ချန်ဖုန်း၏ ငိုသံများကို ကြားလိုက်၏။
"လော့လော့ မကောင်းတော့ဘူး... လော့ကျင်းနဲ့ မင်းအဖေ ပျောက်နေတယ်..."
လင်းလော့ချင်း - ... ဟင်...
လင်းလော့ကျင်းနဲ့ လင်းပေါ်က ပျောက်နေတယ်...
အဲ့ဒါက သတင်းကောင်း မဟုတ်ဘူးလား...
လင်းလော့ချင်းက အော်မရယ်မိအောင် မနည်းထိန်းထားလိုက်ရသည်။
သူက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"ဘာကို ဆိုလိုတာလဲ... ပျောက်သွားတယ် ဟုတ်လား..."
ချန်ဖုန်းက ငိုကြွေးနေသည်။
"ငါလည်း မသိဘူး... မင်းအဖေက အိမ်ပြန်မလာတာ နှစ်ရက်လောက်ရှိပြီ... ငါ သူ့သူငယ်ချင်းတွေကို ခေါ်ကြည့်ေသးတယ်... ဒါပေမဲ့ ဘယ်သူမှ သူဘယ်ရောက်နေလဲ မသိကြဘူး... အခုကျ လော့ကျင်းပါပျောက်နေမယ်လို့ ဘယ်သူထင်မှာလဲ..."
ချန်ဖုန်းက အလန့်တကြား ဖြစ်နေ၏။
"ငါတို့ ဘာလုပ်သင့်လဲ..."
သူမက ဤသည်ကို လင်းလော့ချင်းလုပ်သည်ဟု မထင်ပါပေ။ လင်းလော့ကျင်း တစ်ယောက်တည်း ပျောက်နေသည်ဆိုပါက လင်းလော့ချင်းကို သံသယဖြစ်နိုင်သော်လည်း အဖေလင်းပျောက်သွားသည်က လင်းလော့ချင်းအတွက် မည်သည့် အကျိုး ဖြစ်စေမည်နည်း။
သူက ဒီရက်ပိုင်း အဖေလင်းရဲ့ အထူး မျက်နှာသာပေးခံရတာကို ဘယ်သူက မသိပဲနေမှာလဲ... သူက အိမ်က နှင်ထုတ်ခံရတုန်းကတောင် ပြန်ပေးစွဲဖို့ မကြံစည်ခဲ့တာ.... အခုဆို အဖေလင်းနဲ့ သူ့ရဲ့ ဆက်ဆံရေးက ချစ်ချစ်ခင်ခင်ဖြစ်နေပြီလေ... လင်းလော့ချင်း ဒီလိုမျိုး လုပ်တယ်ဆိုတာ အဓိပ္ပာယ် လုံးဝ မရှိဘူး...
ထို့အပြင်... ချန်းဖုန်းက လင်းလော့ကျင်း ဤရက်ပိုင်းတွင် တစ်ခုခုဖြစ်နေသည်ကို ခံစားရပေသည်။
အဖေလင်းက လွန်ခဲ့သည့် ရက်များတွင် အိမ်ပြန်မလာ၍ အဖလင်း၏ သူငယ်ချင်းများကို ဖုန်းခေါ်ချင်သည့်အကြောင်း သူ့ကို ပြောသည့်အချိန်တိုင်း လင်းလော့ကျင်းက သူမကို တားမြစ်ကာ စိတ်မပူရန် ပြောလာပေသည်။ သူက သူတို့အဖေမှာ အဆက်အသွယ်နှင့် ကွန်ရက် ပြတ်တောက်နေခြင်းသာ ဖြစ်မည်ဟု ဆိုလာပေသည်။
သူပြောသည်မှာ
"အမေ စိတ်မပူပါနဲ့... ကျွန်တော် အဖေနဲ့ တခြား ဦးလေးတွေကို ဖုန်းခေါ်ကြည့်လိုက်မယ်... အမေ ဒီကိစ္စကို စိတ်ပူစရာ မလိုပါဘူး..."
ထို့နောက်တွင် သူပျောက်သွားလေသည်။