အပိုင်း ၂၂၈
Viewers 49k

Chapter 228




ချန်ဖုန်းမှာ တွေးလေလေ စိတ်မအေးလေလေ ဖြစ်လာ၏။ သို့သော်လည်း သူမက ရဲကို ဖုန်းမခေါ်ရဲပါပေ။ သူမက ဤကိစ္စကို တစ်စုံတစ်ယောက်နှင့် ဆွေးနွေးလိုခြင်းသာဖြစ်သည်။ ချန်ဖုန်းက တခြားသူများကိုလဲ မပြောရဲပေ။ ဤကိစ္စကို အလေးအနက်စဉ်းစားပြီးနောက် လင်းမိသားစု၏ တစ်ဦးတည်းသော မိသားစုဝင် လင်းလော့ချင်းတစ်ဦးသာ ရှိပေသည်။ 


လင်းလော့ချင်းသည်လည်း ဤကဲ့သို့ အရာတစ်ခုဖြစ်ပွားမည်ဟု မမျှော်လင့်ထားပေ။ သူက လင်းဖေးနှင့် ကျိလဲ့ယွီကို အမှာစကားအနည်းငယ်ပြောလိုက်ပြီး အန်တီကျန်းကို ကလေးနှစ်ယောက်အား စောင့်ရှောက်ရန် သတိပေးကာ ကျိယွီရှောင်နှင့်အတူ အမေလင်းဆီသို့ အပြေးလာခဲ့သည်။ 


ချန်ဖုန်းမှာ ဆိုဖာပေါ်တွင် ထိုင်နေပြီး သူတို့ဝင်လာသည်ကို မြင်သောအခါ ချက်ချင်း ထရပ်ပြီး ဘာလုပ်ရမလဲ မေးလာသည်။ 


"ရဲခေါ်လိုက်မလား..."

လင်းလော့ချင်းက ဆိုလိုက်သည်။ 


ချန်ဖုန်းက ခေါင်းခါလိုက်သည်။ 

"မခေါ်ရဲဘူး..."


"ဘာမခေါ်ရဲစရာရှိလို့လဲ... ကျွန်တော်အဖေက ပျောက်နေတာ ကြာပြီလေ... အခု ရဲမခေါ်လို့ တစ်ခုခုဖြစ်သွားရင် အဲ့ကျမှ သူ့အလောင်းကို သွားကောက်ဖို့ စီစဉ်ထားတာလား...."


"ဒါပေမဲ့..."

ချန်ဖုန်းက တုံ့ဆိုင်းသွား၏။ 


လင်းလော့ချင်းက သူ့ဖုန်းကိုထုတ်လိုက်ပြီး သက်ဆိုင်ရာကို ခေါ်ရန်ပြင်လိုက်ရာ ချန်ဖုန်းက သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမက ပါးစပ်ကို အကြိမ်များစွာ အဖွင့်အပိတ်လုပ်ပြီး ကူကယ်ရာမဲ့စွာ ဆိုလိုက်၏။


"ရှောင်ကျင်းက မခေါ်ဖို့ ပြောထားတယ်..."


လင်းလော့ချင်း - ...မခေါ်ဖို့ပြောတယ်...


သူက ဘာလုပ်ချင်နေတာလဲ...


သူ့ဘာသာသူ ဖော်ထုတ်မလို့လား...


သူ့အဖေက တစ်နေနေရာမှာ သေနေမှာကို သူတကယ်မကြောက်ဘူးလား...


ချန်ဖုန်းက သူ့မျက်လုံးထဲမှ စိတ်ရှုပ်ထွေးခြင်းနှင့် သံသယများကို မြင်ပြီး သူမမျက်လုံးထဲတွင် အလင်းတစ်ခုဖြတ်သွားသော်လည်း တိတ်တဆိတ် နေလိုက်သည်။ 


လင်းပေါ်မှာ နှစ်ရက်တိုင်တိုင် ပျောက်ဆုံးနေသောအခါ သူမက ရဲကို ချက်ချင်းခေါ်လိုသော်လည်း လင်းလော့ကျင်းက ခွင့်မပြုပေ။ သူက ထိုကိစ္စကို သူ့တာဝန်ထားကာ ရဲခေါ်ရန် မလိုဟု ဆိုလာပေသည်။ သို့မဟုတ်ပါက အဖေလင်း ဘာမှမဖြစ်သော်လည်း သက်ဆိုင်ရာများပါလာခဲ့ပါက သူ့အဖေ၏ အကျင့်နှင့်ဆိုလျှင် သေချာပေါက် ဒေါသဖြစ်မည် ဖြစ်၏။ 


ချန်ဖုန်းက အဖေလင်း၏ ဒေါသကို တွေးမိသောအခါ လင်းလော့ကျင်းပြောသည့်က အဓိပ္ပာယ်ရှိသည်ဟု ခံစားမိကာ သက်ဆိုင်ရာကို အကြောင်းမကြားခဲ့ပေ။ သို့သော် လင်းလော့ကျင်း ပျောက်ဆုံးသွားပြီးနောက် သူမ၏ အကြောက်တရားက မြင့်တက်လာပေသည်။ သူမက ရဲနှင့် သက်ဆိုင်ရာများ ဤကိစ္စတွင် အမှန်တကယ် ပါဝင်လာမည်ကို ကြောက်ရွံ့ပြီး ဂယက်ရိုက်မှုက သူမကိုင်တွယ်နိုင်သည်ထက် ကြီးထွားလာမည်ကို ကြောက်ရွံ့ပေသည်။ 


"လင်းလော့ကျင်းက သက်ဆိုင်ရာကို ခေါ်ခွင့်မပြုဘူး... ဘာလို့လဲ..."


လင်းလော့ချင်းက ချန်ဖုန်းမှာ ပြောဆိုရန် ငြင်းဆန်နေသည်ကို မြင်ရာ တမင်တကာ ဆိုလိုက်သည်။

"သူ့အဖေပျောက်နေတာကို သူစိတ်မပူဘူးလား... ကျွန်တော်တို့ကို ရဲခေါ်ခွင့်မပြုပဲနဲ့ သူက ဘာလုပ်ဖို့ကြံစည်နေတာလဲ..."


ချန်ဖုန်းက တစ်ခုမှ မပြောလိုသလို ပြောလည်းမပြောရဲ၍ ခေါင်းခါလိုက်သည်။ 


လင်းလော့ချင်းက သူမ ခေါင်းငုံ့ထားသည်ကိုကြည့်ကာ တစ်ခုခု ဖုံးကွယ်ထားသည်ကို ချက်ချင်း သိလိုက်ပေသည်။


လင်းလော့ချင်းက လင်းလော့ကျင်းနှင့် အဖေလင်းအပေါ် အာရုံမရှိပါပေ။ ချန်ဖုန်းက အသေးစိတ် ပြောပြရန် တွန့်ဆုတ်နေသည်ကို မြင်သည့်အချိန်တွင် သူက ချက်ချင်းပင် နောက်လှည့်ကာ အိမ်ပြန်ရန် ရည်ရွယ်လိုက်သည်။ 


"အန်တီက ကျွန်တော်ကို မယုံမှတော့ ဒီကိစ္စမှာ ကျွန်တော်အချိန်တွေ ထပ်မဖြုန်းနေတော့ဘူး... ကျွန်တော်မှာ တခြားလုပ်စရာတွေ ရှိသေးလို့ ပြန်တော့မယ်..."


ချန်ဖုန်းက သူ့ကို အလျင်အမြန် ဆွဲထားလိုက်သည်။

"ဘယ်လို့လုပ်ပြီး ဒီလိုပြောရတာလဲ... အဲ့ဒါမင်းအဖေလေ... မင်းစိတ်မပူဘူးလား... မင်းက ဝတ္တရားသိတတ်တဲ့ သားလိုဟန်ဆောင်နေပြီး အခုကိစ္စတွေ ဒီလိုဖြစ်လာတော့ မင်းက ဒီလိုမျိုးပေါ့လေ... မင်းက သူ့ရဲ့ သားလိမ္မာလေး မဟုတ်ဘူးလား... ဘာလဲ... အခုကျ ထပ်ပြီး ဟန်မဆောင်ချင်တော့ဘူးလား..."


လင်းလော့ချင်းက နှာမှုတ်လိုက်သည်။ 

"အဲ့ဒါဆို ရဲခေါ်ကြစို့လေ... အဲ့လိုလုပ်ဖို့ တားနေတာ အန်တီမဟုတ်ဘူးလား... တစ်ဖက်မှာကျ အန်တီက အကုန်လုံးပြောပြဖို့ ငြင်းတယ်... ေနာက်တစ်ဖက်မှာကျ သက်ဆိုင်ရာတွေကို ခေါ်ခွင့်မပေးဘူး... ကျွန်တော်က ဘာလုပ်နိုင်မှာလဲ... ကျွန်တော်က မင်းသားတစ်ယောက်လေ... ရဲတစ်ယောက်မဟုတ်ဘူး... အန်တီ့သားနဲ့ ယောက်ျားကို ကျွန်တော်က ဘယ်လို သွားရှာရမှာလဲ..."


ချန်ဖုန်းက သူ့စကားများ ကြားသောအခါ သူမ၏ ရှေ့မှ အဟုန်များက ချက်ချင်းပင် ပြိုပျက်သွားသည်။ 


သူမက အမှန်ပင် ရွေးစရာ မရှိပါပေ။ ထိုအချိန်မှသာ သူမက လင်းလော့ချင်းအား လင်းလော့ကျင်း၏ ပုံမှန်မဟုတ်ခြင်းများကို မပြောချင်ပြောချင်နှင့် ပြောပြလိုက်ရသည်။ 


လင်းလော့ချင်းက နားထောင်နေရင်းဖြင့် ပို၍ အာရုံစိုက်နားထောင်လေလေ ပို၍ စိတ်ရှုပ်လာလေလေဖြစ်လာသည်။ 


"သူက အဲ့လို ပြောတာလား..."


ချန်ဖုန်းက ခေါင်းညိတ်လိုက်သည်။ 


လင်းလော့ချင်း - ...


"လင်းလော့ကျင်းရဲ့ ဘဏ်အကောင့်ထဲမှာ ပုံမှန် ပိုက်ဆံ ဘယ်လောက်ရှိလဲ..."

လင်းလော့ချင်းက မေးလိုက်သည်။

"သန်းနည်းနည်းလောက်ပေါ့..."


"ထုံးစံအတိုင်းပါပဲ..."

ချန်ဖုန်းက ပြန်ဖြေလိုက်သည်။


လင်းလော့ကျင်းမှာ ပိုက်ဆံစုတတ်သော လူမျိုး မဟုတ်သော်လည်း သူ့အား သူမက ပိုက်ဆံလွှဲပေးတတ်ပေသည်။

ဒီလောက်နှစ်ပေါင်းများစွာကြာတာတောင် သူ့မှာ သန်းပေါင်းနည်းနည်း မရှိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... 


"အခု သူ့ဘဏ်အကောင့်ထဲမှာ ဘယ်လောက်ရှိလဲဆိုတာ စစ်ကြည့်ဖို့ မတွေးမိဘူးလား..."


ချန်ဖုန်းက သူ့စကားများကြားသောအခါ စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

"မင်းဘာကို ဆိုလိုတာလဲ..."


"အန်တီက ကျွန်တော်ကို ရဲမခေါ်ခိုင်းတာလေ... အန်တီစိတ်ထဲမှာ ကိုယ်ပိုင် သံသယတွေ ရှိမနေဘူးလို့တော့ ကျွန်တော်ကို မပြောနဲ့နော်..."


ချန်ဖုန်းက မည်သို့ တုံ့ပြန်ရမလဲ မသိတော့ပါချေ။ 

"ဘာသံသယလဲ..."


"ဘာသံသယလဲ ဟုတ်လား... ကျွန်တော် အဖေပျောက်နေတဲ့ ဒီလောက် ကိစ္စကြီးကို အန်တီရဲ့ တုံ့ပြန်မှုတွေက သာမန်လူတစ်ယောက်ရဲ့ မတူဘူးလေ... လင်းလော့ကျင်းက တစ်ခုခု မူမမှန်နေဘူးဆိုတာ အသိသာကြီးကို... အန်တီက လုံဝကို သံသယဝင်တယ်လို့ မတွေးမိဘူးပေါ့..."


"မင်း ဘာပေါက်ကရတွေ ပြောနေတာလဲ... ဘာကို သံသယဝင်ပြီး ဘာကို မဝင်ရမှာလဲ... လော့ချင်း ငါမင်းကို ယုံတယ်... လင်းမိသားစုထဲမှာ ငါတို့ နှစ်ယောက်ပဲ ရှိတော့တာမို့ ငါမင်းကို အကုန်လုံးပြောပြနေတာ... တခြားလူတွေကို ပတ်မရမ်းနဲ့...."


ဤအချိန်တွင် ကျိယွီရှောင်မှာ ပြဿနာအပေါ် ခုံငြုံကာ နားလည်နေပြီ ဖြစ်သည်။ 


သူက အနည်းငယ် အံ့အားသင့်သွားသည်။ 

"အဲ့ဒါက..."


"သားတစ်ယောက်က ကိုယ့်အဖေကို ပြန်ပေးဆွဲတာလား... လင်းလော့ကျင်းက ဘယ်လောက်ပဲ တုံးတုံး ဒီလောက်ထိတော့ မရောက်သင့်ဘူးလေ... သူက အခု ပြစ်မှုကျူးလွန်နေတာနော်... အဲ့အပြင် ပြန်ပေးဆွဲသမားတွေက သူ့တို့လက်ထဲကို ပိုက်ဆံရောက်လာရင်သူတို့ပါးစပ်ကို ပိတ်ဖို့ ဆုံးဖြတ်ရင် သူဘာလုပ်မှာလဲ..."


ချန်ဖုန်းက သက်ပြင်းချလိုက်သည်။ 


လင်းလော့ချင်းက သူမကို ကြည့်လိုက်သည်။ 

"အဲ့ဒါဆို အန်တီသား ဘာလို့ပျောက်သွားတာလဲဆိုတာ သိသင့်ပြီနော်..."


ထို့နောက် သူက ကျိယွီရှောင်ကို ခေါင်းလှည့်ကြည့်လိုက်သည်။ 

"ပုံမှန်ဆို လူတွေက ဒီလိုမျိုးကို မတတ်သာရင်တောင် လုပ်မှာမဟုတ်ဘူး... ဒါပေမဲ့ ဒီကိစ္စမှာတော့ ငါပြောတာယုံ လင်းလော့ကျင်းဆိုတဲ့ အရူး မလုပ်မဲ့ကိစ္စ ဘာမှ မရှိဘူး..."


လင်းလော့ကျင်းမှာ ငယ်စဉ်ကပင် အပူအပင်ကင်းကင်း အချုပ်အနှောင်ကင်းကင်းနှင့် ကြီးပျင်းလာခဲ့သည်။ သူ့အဖေက သူ့ကိုချစ်ကာ သူ့အမေက သူ့ကို အလိုလိုက်ထားသည်။ သူက တခြားသူတစ်ဦး၏ မိသားစုထဲသို့ ဝင်ရောက်ရမည်ကို သိသည့်အချိန်မှာပင် ၄င်းမှာ သူ့၏ ကိုယ်ပိုင်မိသားစုဖြစ်သည်ဟု တွေးတောကာ ကိုယ့်ကိုယ်ကိုမှန်ကန်သည်ဟု ခံစားခဲ့ရပေသည်။ သူက မူလပိုင်ရှင်နှင့် လင်းလော့ရှီးက သူတို့၏ အပိုင်ဖြစ်သင့်သည့် မိသားစုနှင့် အိမ်မှ နှင်ထုတ်ခံရစဉ်က ရယ်မောနိုင်ခဲ့ပေသည်။ 


သူက နွေးထွေးသော အိမ်တွင် ကြီးပျင်းလာပြီး ပတ်ဝန်ကျင်မှ ပေးအပ်သော ကြမ်းတမ်းမှုများကို မည်သည့်အခါမှ မခံစားရပါပေ။ သူလုပ်သမျှမှာ ကိုယ်ပိုင် စိတ်အပြောင်းအလဲများသော ကြိုက်ခြင်း၊ မကြိုက်ခြင်းများကိုသာ အုပ်ချုပ်ရန်လိုပေသည်။ သူက အကြောက်တရားမရှိသလို ဥပဒေများနှင့် အကြောက်တရားများကို လေးစားမှုမရှိပါပေ။ 


သူက ၂၂နှစ်သာ ရှိသေးကာ ကောလိပ်မှပင် ဘွဲ့မရသေးဟူသော အချက်ပါ ထပ်ပေါင်းပါက သူက ရည်မှန်းချက်များနှင့် ပြည့်နေသော လူငယ်တစ်ဦးဟု ယူဆနိုင်သေးပေသည်။ 

သူမလုပ်ရဲတာ ဘာရှိမှာလဲ...


လင်းလော့ချင်းမှာ သူ့လုပ်ဆောင်ချက်များ၏ ပြင်းထန်မှုကို သံသယမဝင်ကာ အလေးအနက် မယူခဲ့ပါပေ။ သူနှင့် ပြန်ပေးဆွဲ သမားများအပြင် အဖေလင်းတို့ တစ်ခွန်းမှမပြောသရွေ့ ဤကိစ္စမှာ သူတို့အနည်းငယ်သာသိသော လျှို့ဝှက်ချက်တစ်ခုဖြစ်လာမည်ဟု သူခံစားရပေသည်။ သူက သူ့အဖေအား ကယ်တင်ရန်နှင့် ဒဏ်ရာမရပဲ လွတ်မြောက်လာစေရန် လုံလောက်သည်ထက်ပိုသော စွမ်းဆောင်ရည် ရှိသည်ထက် ပိုပေသည်။ 


လင်းလော့ကျင်း၏ ဒေါသနှင့်ဆိုပါက သူက လူသတ်မှုမပြုလုပ်ဝံ့၍ သူ့ရည်ရွယ်ချက်မှာ အဖေလင်းကို သတ်ရန်မဖြစ်နိုင်ပါပေ။ သူ့ရည်ရွယ်ချက်များက အဖေလင်း၏ လက်ခံမှုနှင့် အာရုံစိုက်မှုကို ရရှိရန်သာဖြစ်နိုင်သည်။ 


ဤရှုထောင့်မှဆိုပါက သူက သူ့၏ ကစားပွဲမှ ချော်ကျနေသွားပြီဟု ပြော၍ရပေသည်။ သူက သူ့တပ်ဖွဲ့ကို ဆုံးရှုံးသွားပြီဖြစ်ကာ နောက်ဆုံးတွင် သူကိုယ်တိုင်လည်း ကစားခံလိုက်ရခြင်းပင်။ 


"မြန်မြန် ရဲခေါ်လိုက်..."

လင်းလော့ချင်းက ကူကယ်ရာမဲ့ဆိုလိုက်သည်။ 

"အခု သက်ဆိုင်ရာကို ခေါ်ရင် အန်တီသားက နှစ်နည်းနည်းလောက်ပဲ ထောင်ကျတာ ဖြစ်နိုင်တယ်... အနည်းဆုံးတော့ သူအသက်ရှင်နေဦးမှာ... အခုမခေါ်ရင် သူ့အလောင်း လိုက်မကောက်ရဘူးလို့ ပြောမရဘူး..."


ထိုပြန်ပေးဆွဲသမားများက မည်မျှ ရက်စက်ကာ အညှာအတာ ကင်းကြသည်က အရာအားလုံး ကျရှုံးသွားခြင်းဖြစ်ပေမည်။ 


ချန်ဖုန်းမှာ သူ့စကားများကြောင့် ကြောက်လန့်သွားပြီး နောက်ဆုံးတွင် ရဲကို အလျင်အမြန် ခေါ်လိုက်သည်။ သူက သူတို့ကို ထိုကိစ္စအား သတင်းပေးလိုက်သည်။ 


သူမက ဤကိစ္စမှာ လင်းလော့ကျင်းက ကြံစည်ထားခြင်းဆိုသည်ကို မယုံနိုင်သေးပေ။ ချန်ဖုန်းက ဖုန်းချပြီးနောက် ခေါင်းကို ဆက်တိုက်ခါနေလိုက်သည်။

"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... ရှောင်ကျင်းက အဲ့လို လူမျိုး မဟုတ်ဘူး..."


လင်းလော့ချင်းမှာ သူ့၏ မှန်းဆမှုက အမှန်နှင့် အလွန် မကွာခြားနိုင်ဟု ခံစားရသည်။ သို့မဟုတ်ပါက လင်းလော့ကျင်း ဤကဲ့သို့ မူမမှန်ဖြစ်ေနမည် မဟုတ်ပေ။ 


ကျိယွီရှောင်သည် ထိုကိစ္စက သူ့ရှေ့တွင် ရှင်းလင်းလာသည်ကိုကြည့်ကာ ယုံကြည်ရန် ခက်ခဲသည်ကို တွေ့ရသည်။


လူတစ်ယောက်က အဲ့လောက်တုံးနိုင်တယ်လား...


သူက အမှန်တကယ်ပင် ကြောင်အနေပေသည်။


ခေါ်ဆိုမှုပြုလုပ်ပြီးနောက် ကျန်ရစ်သည်မှာ ချန်ဖုန်းက ရဲများနှင့် ပူးပေါင်းရန်သာ ဖြစ်သည်။ လင်းလော့ချင်းကပထမအချက်အနေဖြင့် လင်းအိမ်တော်တွင် မနေထိုင်ပါ။ ဒုတိယအချက်မှာ သူက ထိုကိစ္စကို တစ်ခုမှ မသိပေ။ ထို့အပြင် သူက လင်းလော့ချင်းနှင့် လင်းပေါ်အား မိသားစု သံယောဇဉ် မရှိပါချေ။ ဤကိစ္စတွင် သူ့၏ ကဏ္ဍမှာ ပွဲကြည့်သူတစ်ဦးအပြင်မပို၍ ရယ်ရွှင်ဖွယ် ဖခင်နှင့် သားသမီး ကြားမှ ကိုင်ရှိုင်းမှုက မည်မျှကြာမည်ကို အတန်ပင် စိတ်ဝင်စားကာ သိလိုပေသည်။ 


လင်းလော့ကျင်းနဲ့ လင်းပေါ်က ဒီမှာပဲ ဇာတ်လမ်းပြတ်သွားမှာတော့ မဟုတ်ဘူးမလား...


သို့သော် နောက်ဆုံးတွင် သူက ရဲမဟုတ်ပါပေ။ 


လင်းလော့ချင်းမှာ အိမ်ပြန်လာကာ သတင်းထူးကို စောင့်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။ သို့ဖြစ်၍ အနည်းငယ်ကြာပြီးနောက် သူနှင့် ကျိယွီရှောင်က ထွက်သွားရန် ပြင်ဆင်လိုက်သည်။ 


မသွားမီတွင် သူက ချန်ဖုန်းကို အထူးသတိပေးလိုက်သည်။

"အန်တီ တကယ်ပဲ လင်းလော့ကျင်းကို အန္တရာယ်ကင်းကင်းနဲ့ ပြန်လာစေချင်ရင် သူတို့နဲ့ ပူးပေါင်ပြီး သိသမျှကို ပြောပြတာကောင်းမယ်... ရဲတွေဆီက ဖုံးကွယ်ထားတာ များလေလေ... အန်တီသား အန္တရာယ်များလေလေ ဖြစ်မှာလဲ..."


ထိုအချိန်၌ ချန်ဖုန်းမှာ သူမ၏ ဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်သွားသည်ဟု ခံစားလိုက်ရသည်။ သူမက တစ်စုံတစ်ယောက်က သူမကို အဖော်ပြုပေးပြီး စိတ်အေးစေရန်သာ လိုချင်ပေသည်။ 


သူမက လင်းလော့ချင်းကိုကြည့်ကာ အသံတိုးတိုးနှင့် တောင်းဆိုလိုက်သည်။ 

"မင်း ဒီည မအိပ်တော့ဘူးလား..."


လင်းလော့ချင်းက သူမ ဤသို့ပြောလာမည်ဟု မမျှော်လင့်ထားပဲ ပြုံးလိုက်သည်။ သူက သိလိုစိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။ 


"ခင်ဗျားက ခင်ဗျားဖျက်စီးခဲ့တဲ့ မိသားစုက အမျိုးသမီးရဲ့ သားကို ခင်ဗျားအတွက် အဖော်လုပ်ပေးပြီး ခင်ဗျားသားနဲ့ ဆန်ကုန်မြေလေး ယောက်ျားပျောက်သွားတာကို နှစ်သိမ့်ပေးဖို့ တောင်းဆိုနေတာလား..."


သူက သူမကို လှောင်ပြောင်မှုများ ပြည့်နေသော အကြည့်တစ်ချက်ပေးလိုက်သည်။ 


 "ကျုပ် သဘောတူမယ်လို့ ခင်ဗျား ဘာအရည်အချင်းနဲ့ တွေးလိုက်တာလဲ... ခင်ဗျားက ကျုပ်အမေ အသက်ရှိတုန်းက သူ့ယောက်ျားနဲ့ဖောက်ပြန်ပြီး သူမ ဆုံးသွားတော့ သူမကလေးနှစ်ယောက်ကို အိမ်ကနေနှင်ထုတ်ပြီး သူမအခန်းကို အပိုင်သိမ်းထားရဲတာကို အခြေခံပြီးလား..."


"ချန်ဖုန်း လင်းလော့ကျင်းဒီနေ့လို့ အဆုံးသတ်တာက သူ့ရူးမိုက်မှုလို့ တစ်စိတ်တစ်ပိုင်းလို့ မှတ်ယူလို့ရတယ်... ဒါပေမဲ့ ခင်ဗျားရဲ့ တာဝန်လဲ မကင်းဘူးလို့ ပြောလို့ရတယ်... ဖောက်ပြန်ပြီး သူ့ကိုမွေးခဲ့တာ ခင်ဗျားနော်... သူ့ကို ကျုပ်အိမ်ထဲကို ခေါ်လာပြီး ကျုပ်နဲ့ ကျုပ်အမ ပိုင်သင့်တဲ့ နေရာတွေကို ခိုးယူသွားတာ ခင်ဗျားပဲ... လင်းမိသားစုက သူ့အပိုင်ဖြစ်သင့်တယ်ဆိုပြီး သူ့ကို ဦးနှောက်ဆေးခဲ့တာလည်း ခင်ဗျားပဲ... အဲ့ဒါကြောင့်မို့ သူက ကျုပ်ကို နည်းနည်းလေးတောင် သည်းမခံနိုင်တာ... ခင်ဗျားက ချန်မင်ကို ရှာပြီး လင်းဖေးရှေ့ပေါ်လာအောင် သွေးထိုးပြီး သူ့အပိုင်ဖြစ်ရမဲ့ ကုမ္ပဏီရှယ်ရာတွေကိုတောင် ရစေခဲ့တာပဲ..."


"ခင်ဗျားက သူကိုမွေးပြီး အမှိုက်ဖြစ်အောင် ပျိုးထောင်ခဲ့တာ... အဲ့ဒါကြောင့် သူက ဒီလိုမျိုး ဖြစ်သွားတာ... ဒါက ဝဋ်လည်တာပဲ... ခင်ဗျားက လူ့ကျင့်ဝတ်မရှိခဲ့ဘူး... အဲ့ဒါကြောင့် ခင်ဗျားသားကလည်း လူ့ကျင့်ဝတ်တွေ ဥပဒေတွေကို မလိုက်တာ... သူမလုပ်ရဲတာ ဘာရှိမှာလဲ... ပြီးတော့ အခုဆို ခင်ဗျားက ကျွန်တော်ကို နေခဲ့ပြီး အဖော်တောင် ပြုပေးစေချင်တယ်... ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား..."


ချန်ဖုန်းမှာ မိုးကြိုးပစ်ခံလိုက်ရပြီး သူမရပ်နေသော နေရာတွင် လဲကျသွားသည်ဟု ခံစား ပေသည်။ 


သူမ၏ မျက်နှာက ဖြူဖျော့နေကာ လင်းလော့ချင်းကို ကြောင်ကြည့်နေပြီး တစ်ခွန်းမှ ပြန်မပြောနိုင်တော့ပေ။ 


"ကျွန်တော် ဒီကိစ္စထဲမှာဝင်ပါမှာ မဟုတ်ဘူး... ရဲတွေမှာ တောင်းဆိုစရာတစ်ခုရှိရင် အပြည့်အဝ ပူးပေါင်းပေးမယ်... အဲ့ဒါက ကျွန်တော် သူတို့အပေါ်မှာ ခံစားချက်တွေ ရှိနေသေးလို့မဟုတ်ဘူး... ကျွန်တော်မှာ နိုင်ငံသားတစ်ယောက်အနေနဲ့ ဝတ္တရားတွေ ရှိနေလို့ပဲ... ကျွန်တော်က ဒီကိစ္စကို ဖော်ထုတ်တဲ့နေရာမှာ သက်ဆိုင်ရာကို ကူညီချင်ပါတယ်... ကျွန်တော်မှာ လူ့ကျင့်ဝတ်ရှိလို့ ဥပဒေကို လိုက်နာမှာပါ... ဒါပေမဲ့ သူတို့နှစ်ယောက်တစ်ခုခုဖြစ်ခဲ့ရင် သူတို့ စိုက်တာကို ရိတ်သိမ်းရတာပဲလို့ပဲ ပြောနိုင်တယ်..."


လင်းလော့ချင်း စကားဆုံးပြီးနောက် နောက်လှည့်ကာ ကျိယွီရှောင်ကို တွန်းသွားလိုက်သည်။ 


ချန်ဖုန်းက သူတို့၏ ပုံရိပ်များကို ငေးကြည့်ကာ အချိန်အကြာကြီး ကုန်သွားခါမှ မျက်ရည်များ ကျဆင်းလာပေတော့၏။ 


ဤသည်မှာ ချိုးယုံရှင်း၏ နောက်ကွယ်တွင် အဖေလင်းနှင့် ဖောက်ပြန်ခဲ့သည်အား ပထမဆုံးအကြိမ် နောင်တရမိခြင်းပင်။ ဤသည်မှာ နောက်ကျမှ ရောက်လာခဲ့သည့် ဝဋ်လည်ခြင်းကြောင့်မဟုတ်ပဲ ဤကဲ့သို့ အဆုံးသတ်မည်ဟု မတွေးခဲ့မိ၍သာ။ 


ချိုးယုံရှင်းက သူနဲ့ တစ်အိပ်ရာတည်း အိပ်နေတဲ့ လူက ဖောက်ပြန်နေတယ်ဆိုတာ သိတုန်းက ဘယ်လောက်တောင် နာကျင်နေမလဲ... 


သူမက သဘာဝအတိုင်းပင် သိနားလည်ပေသည်။ 


ပေါယွမ်မှာ ချိုးယုံရှင်းနှင့် လင်းပေါ်တို့၏ ကြိုးစားမှုကြောင့် ယနေ့ကဲ့သို့ ဖြစ်လာသည်ကို သူမသိပေသည်။ တိတ်ဆိတ်ကာ သိမ်မွေ့သော ချိုးယုံရှင်းက သူမ၏ ဝင့်ကြွားဖွယ် ခင်ပွန်းမှာ ခေါင်းငုံ့ကာ တခြားသူများကို အသနားခံသည်ကို မည်သို့ သည်းခံနေရသည်ကို သူမ သိပေသည်။ သူမက အပင်ပန်းမရှိ အလုပ်လုပ်ခဲ့ရပြီး နောက်ဆုံးတွင် သူမ၏ ခန္ဓာကိုယ် အခြေခံနှင့် ကျန်းမာရေး ထိခိုက်သွားလေသည်။ 


သူမက အရာရာကို သိပေသည်။ ချိုးယုံရှင်းသာ သူမနှင့် လင်းပေါ် အိပ်ရာပေါ်တွင် လူးလိမ့်နေသည်ကို မမိခဲ့ပါက ထိုအမျိုးသမီး ဤမျှမြန်မြန် ကွယ်လွန်မည် မဟုတ်သည်ကိုလည်း သိပေ၏။


သို့သော် သူမက ဂရုမစိုက်ခဲ့ပေ။ 


သူမက သူမ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်လာသည်မဟုတ်သော နာကျင်မှုကို မခံစားနိုင်ပါပေ။ 

ဘယ်သူက ကောင်းကောင်းမွန်မွန်မနေချင်မှာလဲ... သူမကလည်း ကောင်းကောင်းမွန်မွန်လေး နေချင်ရုံပဲလေ... အဲ့ဒါက ဘာမှားနေလို့လဲ...


သူမက အမှားတစ်ခုမှ မလုပ်ခဲ့ဟု တရားကျကျ ခံစား ပေသည်။ 


သို့သော် ယခုတွင် သူမကိုယ်တိုင် ခိုးယူခဲ့သော ဘဝ၏ တန်ကြေးကို ပြန်ပေးဆပ်နေရပေပြီ။ 


ပထမဆုံး တန်ကြေးက သူ့သား ရှင်သလား သေသလား မသိရခြင်းပင်။ သူအသက်ရှင်နေလျှင်ပင် သူက ထောင်ချနိုင်ပေသည်။ သူ့ဘဝတစ်ခုလုံးနှင့် အနာဂတ်က ပျက်စီးသွားလေပြီ။ 


ဤသည်က သူမ၏ ဝဋ်ကြွေးပင်။ 


ချန်ဖုန်းက ခေါင်းကိုက်ကာ စိတ်ဓာတ်ကျခြင်းကြောင့် မျက်ရည် ဖြိုင်ဖြိုင် ကျလာပေသည်။ သူမ၏ အတိတ်အတွက် ပေးဆပ်ရသည်က သူမသားထက် သူမသာ ဖြစ်လိုပေသည်။


လင်းလော့ကျင်းမှာ သူမ၏ ဘဝပင်။ သူက ကြမ်းတမ်းချက်ခဲလှသော အချိန်များတွင် မွေးဖွားခဲ့သော သူမ၏ တန်ဖိုးဖြတ်မရသည့် ရတနာလေးသာ။ သူက အလွန် ငယ်ရွယ်သေး၏။ 


သူ ဒီလို အဆုံးသတ်သွားလို့ ဘယ်ဖြစ်မလဲ...