Chapter 229
လင်းလော့ချင်းနှင့် လင်းလော့ရှီးသည်လည်း ခက်ခဲလှသော ကိုယ်ဝန်ဆောင်ချိန်များမှ မွေးဖွားခဲ့သော ချိုးယုံရှင်း၏ ကလေးများဖြစ်သည်ကို သူမ မေ့သွားခြင်း ဖြစ်နိုင်၏။ သူမက သူတို့အား အမှိုက်တစ်စသဖွယ် စွန့်ပစ်ကာ အိမ်မှ နှင်ထုတ်ခဲ့မိသည်။
တစ်စုံတစ်ဦးက ညကိုကြာရှည်ဖြတ်ကျော်ပါက တစ္ဆေများကို ကြုံရမည်မှာ မလွဲမသွေပင်။ လုပ်ခဲ့သည့် ကိစ္စများ အလွန်များပါက ဝဋ်ကြွေးက ရှောင်လွှဲ၍ မရအောင် အမှီလိုက်လာပေလိမ့်မည်။
သူက ကားထဲတွင် အထိုင်ကျပြီးသည်အထိ ကျိယွီရှောင်မှာ လင်းမိသားစု၏ သားအဖက မည်သို့ဖြင့် ဤကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံရသည်ကို တွေးတောနေဆဲဖြစ်သည်။
"မင်းညီ... သူက တကယ်ကို အဲ့လောက် တုံးတာလား..."
သူက ယုံကြည်ရန်ခက်ခဲနေဆဲပင်။
လင်းလော့ချင်းက ခေါင်းညိတ်ပြသည်။
"ဟုတ်တယ် အချစ်ရယ်... မင်းရဲ့ အရင်စေ့စပ်ထားတဲ့လူက အဲ့လောက်တောင် တုံးတယ်..."
ကျိယွီရှောင် - ...
လင်းလော့ကျင်းက သူ့ကို အထင်သေးကာ လင်းလော့ချင်းကို ပေးပစ်ရန် အစပြုသည်က ဘုရားမသည်ပင်။ သို့မဟုတ်ပါက ဤအချိန်တွင် သူက သေအောင်ဒေါသထွက်သည်ထက်ပိုနေမည်ဖြစ်၏။
"အဲ့ဒါဆို သူ့ဘဝရဲ့ လုပ်ဖူးသမျှထဲမှာ ဉာဏ်အကောင်းဆုံးကိစ္စကတော့ ငါ့ကို လက်ထပ်ဖို့ မင်းကို ခွင့်ပေးတာပဲနေမှာ...."
လင်းလော့ချင်းက ရယ်မောလိုက်သည်။
"ဘယ်သူသိမှာလဲ... သူက အဲ့ဒါကို သူလုပ်ဖူးသမျှထဲမှာ အတုံးဆုံးကိစ္စလို့ ခံစားရပြီး နောင်တရရင် ရနေမှာပေါ့..."
"သူက အဲ့ဒါကို နောင်တရဖို့ အသက်ရှင်နေဖို့လိုတယ်..."
"အမှန်ပဲ..."
လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်လိုက်သည်။
"မင်း ပြောကြည့်... သူကြုံခဲ့ရသမျှက သူ့ရဲ့ အဖိုးတန်သားလေးက လျှို့ဝှက်ကြံစည်ထားပါတယ်ဆိုတာ ငါ့အဖေ သိမယ်ထင်လား... သူသိသွားရင် ဘယ်လိုခံစားရလောက်မလဲ..."
ကျိယွီရှောင် - ...
"မယုံနိုင်ဘူး ဖြစ်နေမှာပေါ့..."
ကျိယွီရှောင်က စိတ်ရင်းဖြင့် ပြန်ဖြေလိုက်သည်။
"သူအမှန်ကိုသိသွားတဲ့အချိန် သူ့မျက်နှာကို ငါတကယ်မြင်ချင်တယ်..."
လင်းလော့ချင်းက သူ့ပါးနှစ်ဖက်ကို အုပ်ကာ သက်ပြင်းချလိုက်သည်။
သူက အဲ့မြင်ကွင်းကို မြင်နိုင်မလားဆိုတာ ဘယ်သူသိမှာလဲ...
****
လင်းလော့ချင်းမှာ ဆုတောင်းပြည့်ပြီး ၄င်းကို မြင်ခွင့်ရခဲ့ပေသည်။
ရက်အနည်းငယ်ကြာပြီးနောက် အဖေလင်းနှင့် လင်းလော့ကျင်းတို့အား စွန့်ပစ်စက်ရုံတစ်ခုတွင် ရှာတွေ့ခဲ့သည်။ ထင်ထားသည့်အတိုင်းပင် ပြန်ပေးဆွဲသမားများမှာ ရှာမတွေ့ပဲ လွတ်မြောက်သွားပြီဖြစ်သည်။ သားအဖ နှစ်ယောက်စလုံးမှာ ထိခိုက်ဒဏ်ရာရထားပြီး ဆေးရုံတင်ထားရ၏။
လင်းလော့ချင်းက ဒရမ်မာတစ်သီတစ်တန်းကို ကြည့်ရှုရန် စိတ်လှုပ်ရှားမှုဖြင့် အလျင်အမြန် ပြေးလာလိုက်သည်။
အဖေလင်းမှာ ဆဲရေးကာ သက်ဆိုင်ရာများနှင့် စကားပြောနေလေ၏။
"ဒီလို စောက်သုံးမကျတဲ့ သားမျိုးကို ခေါ်ထားလို့လဲ ဘာအသုံးဝင်မှာလဲ... သူ့ကို ချက်ချင်း ထောင်ထဲပို့လိုက်... သူ့ကို လိမ္မာအောင် အဲ့ထဲကို နှစ် ၃၀ကနေ ၅၀လောက်ထိ ထည့်ထားလိုက်... သူအဲ့မှာ တစ်သက်လုံးနေရရင် ပိုကောင်းတယ်..."
ချန်ဖုန်းများ သူ့အိပ်ရာဘေးတွင် ရပ်နေပြီး အလျင်အမြန် ခွန်းတုံ့ပြန်လိုက်သည်။
"လော့ကျင်းက ခဏ စိတ်ရှုပ်သွားလို့ပါ... သူက ကလေးပဲ ရှိသေးတာ... ရှင်သူ့ကို ဒီလို ဆက်ဆံလို့မရဘူးလေ..."
"သူက မှားမှန်းသိပါပြီ... လူတိုင်းလဲ အဆင်ပြေနေတာကို... ရှင်က ဘာလို့ တရားစွဲချင်နေသေးတာလဲ..."
"ရှင်က သူ့အတွက် ဘယ်လို ဝမ်းနည်းရမလဲတောင် မသိဘူးလား... သူက ရှင့်သားပါ..."
အဖေလင်းက သူမ၏စကားများကြားသောအခါ ပို၍ ပင် ဒေါသထွက်လာ၏။
"သား...သားဆိုတာပဲ... သူက ငါ့သားဆိုတာ မင်းသိသေးတယ်လား... ငါ့က သူ့ကို အစာမကျွေးပဲထားလို့လား... နေ့စဉ် လိုအပ်တာတွေရော မပေးပဲနေလို့လား... သူက ငါ့ကို အဲ့လိုလုပ်ရဲတယ်ပေါ့... သူက လူစိတ်ရှိသေးရဲ့လား... ငါမြင်တာကတော့ သူ့ကို ထောင်ချလိုက်ဖို့ပဲ... ဒီလို ဝတ္တရားမသိတတ်တဲ့ သားမျိုးကတော့... ငါဘာမှ မဆုံးရှုံးသွားဘူး..."
လင်းလော့ချင်းက အခန်းထဲဝင်ရန် ပြင်နေစဉ်မှာပင် ဤစကားများကိုကြားလိုက်ပြီး သူ့စိတ်ထဲတွင် တိတ်တဆိတ် ပျော်ရွှင်လာလေသည်။
ဝိုး... တကယ်ကြီး သူထင်ထားတဲ့ အတိုင်းပဲကို... အဲ့ဒါ လင်းလော့ကျင်းလုပ်တာလို့ သူသိသားပဲ... အသေအချာပဲ...
လင်းလော့ချင်းက တံခါးကို တွန်းဖွင့်လိုက်ပြီး စိုးရိမ်နေသောအမူအရာဖြင့် ဝင်သွားလိုက်၏။
"အဖေ... အဆင်ပြေရဲ့လား..."
အဖေလင်းက သူ့ကို မြင်သောအခါ စိတ်အေးသွားကာ သက်သောင့်သက်သာဖြစ်သည်ဟု ခံစားသွားရသည်။ အထူးသဖြင့် သူကြုံခဲ့ရသော အဖြစ်အပျက်ကြီး အပြီးတွင်ဖြစ်၏။
အတိုချုပ်ဆိုရသော် သူက ချန်ဖုန်းကို မြင်လိုက်သည့်အချိန်တိုင်းတွင် လင်းလော့ကျင်းကို တွေ့မိကာ ဒေါသများ ချက်ချင်း ဆူပွက်လာသည်။ သူ့အသက်ရှုသံက ချက်ချင်းပင် မြန်ဆန်လာပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။
သို့ဖြစ်၍ လင်းလော့ချင်း၏ မျက်နှာမှာ ဝမ်းမြောက်ဖွယ် မြင်ကွင်းတစ်ခုပင်။
"လော့ချင်း... နောက်ဆုံးတော့ မင်းရောက်လာပြီ..."
အဖေလင်းက သူ့လက်ကို ဆွဲကာ သူကို အနားကပ်လိုက်သည်။ သူက မြှောက်ပင့်လိုက်သည်။
"မင်းညီလေးက လုံးဝကို လူမဟုတ်ဘူး... သူက တကယ်ကို တိရိစ္ဆာန်ကောင်ပဲ..."
"ဘာဖြစ်ခဲ့တာလဲ..."
လင်းလော့ချင်းက သိလိုစွာမေးလိုက်သည်။
"အဖေ... အဖေနဲ့ ညီလေးက ဘယ်လိုလုပ်ပျောက်သွားတာလဲ... အဖေတို့နှစ်ယောက်စလုံး အဆင်ပြေရဲ့လား..."
၄င်းကို ထပ်ကြားလိုက်ရာ ဒေါသများက ထပ်မံ ဆူပွက်လာပေသည်။
"ငါဘယ်လိုလုပ်ပျောက်ရမှာလဲ... အဲ့ဒါတွေ အကုန်လုံးက ဟိုခွေးကောင် လင်းလော့ကျင်းကြောင့်ပဲ မဟုတ်ဘူးလား... သူက ဒါတွေအကုန်လုံးကို လျှို့ဝှက်ကြံစည်ထားတာလေ... အဲ့ဒါ ဘယ်လို လူမျိုးလဲ..."
လင်းလော့ချင်းက သင့်လျော်သော အံ့အားသင့်ဟန် တစ်ခုပြသလိုက်၏။
"ဘယ်လို... အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ထိုအချိန်မှသာ အဖေလင်းက ဖြစ်ပျက်သမျှကို သူ့အား ပြန်ပြောပြလာပေသည်။
ဖြစ်ခဲ့သည်မှာ အတန်ပင် ရိုးရှင်း၏။
၄င်းမှာ လင်းလော့ချင်း ထင်ထားသည့်အတိုင်း ကွက်တိပင်။
လင်းလော့ကျင်းမှာ မှန်လုံအိမ်ထဲတွင် ဂရုတစိုက် ပျိုးထောင်ထားသော ပန်းတစ်ပွင့် ဖြစ်၏။ သူက ရဲတင်းမှုနှင့် ရည်ရွယ်ချက်များ စတင် ဖြစ်လာချိန်က ကောလိပ်ကျောင်းသားတစ်ဦးသာဖြစ်၏။ သူသိကျွမ်းသော လူအရေအတွက်မှာ နည်းပါးသည်ဟု ယူဆမရသော်လည်း ၄င်းတို့မှာ စီးပွားရေး လုပ်ငန်းရှင်များ သို့မဟုတ် သာမန်ကျောင်းသားများသာဖြစ်သည်။ လူ့အသိုင်းအဝိုင်း၏ ဥပဒေမဲ့ အခြမ်းမှ လူများအတွက်မူ လင်းလော့ကျင်းက တစ်ဦးကိုမှ မသိပါချေ။
ထို့အပြင် လင်းလော့ကျင်းက သူ့အစီအစဉ်အကြောင်းကို တတ်နိုင်သမျှ လူနည်းနည်းကိုသာ သိလို၏။ သူက ဤကိစ္စကို အကြီးအကျယ်ဖြစ်သွားကာ အဖေလင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်စေမည်ကို မလိုချင်ပါပေ။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် သူက ကျောင်းပတ်ဝန်းကျင်မှ လူရမ်းကားအနည်းငယ်ကို တွေ့ပြီး ပိုက်ဆံရှာချင်လားဟု မေးလိုက်ပေသည်။
လူမိုက်သုံးဦးက ထုံးစံအတိုင်းပင် သဘောတူလာ၍ လင်းလော့ကျင်းက သူ့အစီအစဉ်ကို ပြောပြလိုက်သည်။ သူက ထိုအဖွဲ့မှာ ဤကိစ္စအား အန္တရာယ်ရှိသည်ဟုထင်ကာ ပူးပေါင်းရန် ငြင်းဆိုမည်ကို ကြောက်ရွံ့သဖြင့် ဤသည်က အဖေနှင့်သား နားလည်မှု လွဲခြင်းမှလွဲ၍ တခြားမဟုတ်ဟု ပြောလိုက်ပေသည်။ ဤသည်က အရေးကြီးသော ကိစ္စတစ်ခုမဟုတ်ပေ။ ဤကိစ္စအပြီးတွင် သူရော အဖေရောပါ ဤကိစ္စကို အကျယ်ချဲ့မည် မဟုတ်ချေ။
လူရမ်းကားအဖွဲ့က သူယွမ်တစ်သန်းပေးသည်ကို ကြားသောအခါ ချက်ချင်းပင် စိတ်ပါလာ၏။ သူတို့၏ လက်ရှိ ဘဝနှင့်ဆိုလျှင် ထိုကဲ့သို့ ပမာဏကို ဘဝတစ်လျှောက်လုံး ရှာလျှင်ပင် ပြုလုပ်နိုင်မည်မဟုတ်ပေ။ အဘယ့်ကြောင့် စွန့်စားမှု မလုပ်ရမည်နည်း။ မည်သို့ပင်ဆိုစေ ကောင်လေးမှာ ဤသည်က အဖေနှင့်သားနားလည်မှုလွဲခြင်းဟုသာ ဆိုလာသည်။ ထို့အပြင် နောက်ကွယ်မှလူမှာ လင်းလော့ကျင်းဖြစ်သည်။ အမှန်တကယ်ပင် တစ်ခုခုဖြစ်သွားပါက လင်းလော့ကျင်းသည်လည်း သူတို့နှင့်အတူ ပါလာပေမည်။ သူတို့က အံတင်းတင်းကြိတ်ကာ လင်းလော့ကျင်းနှင့် ဈေးစတင် ညှိလာပေသည်။ သူတို့က တစ်ဦးလျှင် တစ်သန်းတောင်းကာ စုစုပေါင်း သုံးသန်းတောင်းပြီး နောက်ဆုံးတွင် သဘောတူလိုက်၏။
ထို့နောက် လင်းလော့ချင်းက အဖေလင်း၏ ခရီးစဉ်ကို သူတို့အား ပြောလိုက်ပြီး အဖေလင်းတစ်ယောက်တည်း ရှိမည်ကို အခွင့်ကောင်းယူကာ ခြုံခိုတိုက်ခိုက်ပြီး ပြန်ပေးဆွဲခိုင်းလိုက်သည်။
ထို့နောက် သူတို့က အဖေလင်းကို ဇာတ်ညွှန်းအတိုင်း နိုးကာ ငွေတောင်းရန်အတွက် လင်းလော့ကျင်း၏ နံပါတ်ကို မေးမည်ဖြစ်သည်။
လင်းလော့ကျင်း စီစဉ်ထားသော ပြဇာတ်မှာ အတန်ပင် ယုံချင်စရာကောင်းသည်ဟု ပြောနိုင်ပေသည်။ သူက သူ့အဖေကို မထိခိုက်သရွေ့ တောင်းသလောက်ပေးမည်ဟု အော်ဟစ်ငိုယိုပြချင်ပေသည်။ သူက သူ့အဖေကို စိတ်မပူရန်ပြောကာ ငွေကို ချက်ချင်းပြင်ပေးပေမည်။
အဖေလင်းက အမှန်ပင် ရင်ထဲထိသွားပြီး သူ့သားမှာ စိတ်ရင်းမှန်ပြီး သူ့ကို ချစ်ခင်သည်ဟု တွေးလိုက်ပေသည်။ သူတို့နှစ်ဦးက အနေဝေးသွားသော်လည်း သူတစ်ခုခုဖြစ်သောအခါ လင်းလော့ကျင်းက ပြန်ပေးသမားများ၏ တောင်းဆိုမှုကို တုံ့ဆိုင်းခြင်းမရှိ သဘောတူကာ သူဘေးကင်းရန်သာ အလိုရှိပေသည်။
သားလိမ္မာလေးပဲ...
အဖေလင်းက သူက ဤတစ်ကြိမ်အနာတရမရှိပဲ လွတ်မြောက်သွားသည်နှင့် အတိတ်ကို ခွင့်လွတ်ကာ လင်းလော့ကျင်းကို ကုမ္ဏီထဲဝင်ရန် ခွင့်ပြုမည်ဟု ဆုံးဖြတ်လိုက်သည်။
သို့သော် လင်းလော့ကျင်းက လူလဲရန်အတွက် ပိုက်ဆံ ယူလာသော အချိန်တွင် အဖြစ်အပျက်များက တစ်မျိုးပြောင်းသွားပေသည်။
အဝါရောင် ဆံပင်နှင့်လူဆိုးက တခြားအတွေးတစ်ခု ရှိလာသည်။ သူက ထိုကိစ္စကို တွေးလေလေ ဤကိစ္စမှာ ထီအကြီးကြီး ပေါက်သည်ဟု ခံစားရလေလေပင်။
ပေးလာတဲ့ ငွေနဲ့ ဒီသားအဖက ပြေလည်သွားရင် သူတို့ကရော...
အဖေလင်းက ရဲတွေခေါ်ပြီးပြန်လာတဲ့ အချိန်ကျရင် သူတို့က ဘယ်လိုလုပ်မှာလဲ... ရဲတွေရောက်လာရင် ထိခိုက်မဲ့လူက သူတို့ပဲ မဟုတ်ဘူးလား...
လင်းလော့ကျင်းက ကတိပေးထားပြီး သူတို့က အဆင်ပြေမယ်လို့ သဘောတူထားလဲ သူက သူ့အဖေကိုတောင် ဒီလိုမျိုး လျှို့ဝှက်ကြံစည်သေးတာ... အဲ့လိုလူက ဘယ်လောက် စိတ်ချရမှာလဲ...
ဤသားအဖက ပြန်ပြေလည်ကာ လင်းလော့ကျင်းက သူတို့သဘောတူချက်ကို သစ္စာဖောက်ရန် ဆုံးဖြတ်ပြီး ရဲခေါ်ကာ သူတစ်ခုမှ မသိပါဘူး၊ သူက ခံရသူပါဟု ပြောခဲ့လျှင် သူတို့အတွက် ဘာကျန်မည်နည်း။
သူတို့မှာ ဘာသက်သေ ဗီဒီယိုမှမှ မရှိတာ... နောက်ဆုံးမှာ သူပြောသမျှကပဲ အမှန်ဖြစ်လာမှာ မဟုတ်ဘူးလား...
တစ်ဖက်တွင် လင်းလော့ကျင်းမှာ ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပြီး တစ်ဖက်တွင် ၄င်းတို့က လူမိုက်တစ်အုပ်သာဖြစ်သည်။
သူတို့ကို ဘယ်သူက ယုံမှာလဲ...
အရေးအကြီးဆုံးအချိန်တွင် လူမိုက်တစ်အုပ်က လင်းလော့ကျင်းကိုလည်း ရိုက်နှက်ကာ ကြိုးချည်ထားလိုက်ကြသည်။
သူက လက်ထဲတွင် ငွေသုံးသန်းကို မြင်သောအခါ ကိစ္စမှာ ဤအခြေအထိ ကြီးထွားလာပြီဖြစ်ရာ လင်းလော့ကျင်းနှင့် အဖေလင်းကို သတ်လိုက်သည်က ပိုကောင်းနိုင်ပေသည်။ ဤပိုက်ဆံမှာ သူတို့၃ဦး နေထိုင်ရန်လုံလောက်ပြီဖြစ်သည်။
သို့သော် တခြာသော လူမိုက်၂ဦးက ထိုမျှ သတ္တိမရှိပါပေ။ ပိုက်ဆံနှင့် ဆွဲဆောင်ခံရသည်က ကိစ္စတစ်ခုဖြစ်ကာ လူသတ်မှုကျူးလွန်ရသည်က မတူတော့ပေ။
သို့ဖြစ်၍ သူတို့၃ဦးက အငြင်းအခုံများ စတင်ဖြစ်လာပြီး ဆံပင်ဝါနှင့် လူမိုက်က လင်းလော့ကျင်းနှင့် အဖေလင်းကို တိုက်ရိုက်သတ်ပစ်လိုသော်လည်း တခြားလူမိုက်နှစ်ဦးက သူ့ကို တားမြစ်ကာ လုပ်ဆောင်ခွင့် မပြုပါပေ။ အချိန်နှစ်ရက်ကျော်ကာ ထိုလူနှစ်ဦးကို သတ်ရန် အချိန်ကောင်း ကျော်လွန်သည်အထိပင်။
သူတို့က လင်းလော့ကျင်းနှင့် အဖေလင်းကို သတ်လိုက်ပါက စွန့်စားရန် မထိုက်တန်တော့ပါပေ။ ပိုက်ဆံယူကာ ပြေးရန်က ပိုလွယ်ပေမည်။ ကံကောင်းသည်မှာ ဆံပင်ဝါနှင့် လူမိုက်က မြွေခေါင်း(မြေအောက်လောကသား)တစ်ယောက်ကို သိ၍ သူတို့သုံးဦးက ပိုက်ဆံယူကာ မြွေခေါင်းနှင့် တွေ့ရန်အတွက် အချိန်တစ်ခု နေရာတစ်ခု စီစဉ်ပြီး တိုင်းပြည်ထဲမှ ထွက်ရန်ပြင်ဆင်လိုက်သည်။
သူတို့ ထွက်မသွားခင်တွင် ဆံပင်ဝါနှင့် လူမိုက်က အဖေလင်းကိုအရာရာ ဝန်ခံခဲ့၏။
"ကျုပ်တို့ကို အပြစ်မတင်နဲ့... ဒါတွေအကုန်လုံးကို ခင်ဗျားသားက စီစဉ်ထားတာ... ကျုပ်တို့ သုံးယောက်က ပိုက်ဆံလိုချင်တာပဲ ရှိတာ... ကျုပ်ပြောတာ မယုံရင် ပြန်ရောက်တဲ့အခါ ခင်ဗျားသားရဲ့ ဘဏ်အကောင့်ကို စစ်ကြည့်လို့ရတယ်... ငွေသုံးသန်းပျောက်နေသလားဆိုတာ ကြည့်လိုက်... ကျုပ်တို့က တောင်းငွေကို သန်း၅၀လို့ပြောပေမဲ့ အမှန်တကယ်တော့ သူက သုံးသန်းပဲ ပေးတာ... အဲလိုမှ မဟုတ်ရင် သန်း၅၀ဆိုတဲ့ ငွေအများကြီးကို ခင်ဗျားသားက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် လွှဲပြီး ပြောင်းပေးနိုင်မှာလဲ..."
"ဒါက ကျုပ်တို့နဲ့ ထိုက်တဲ့ ငွေပဲ.... ကျုပ်တို့က ငွေနောက်ကိုလိုက်ခဲ့ပေမဲ့ ဘယ်သူ့ကိုမှ သတ်ဖို့ ရည်ရွယ်ချက်မရှိဘူး... ဒီငွေသုံးသန်းကို ခင်ဗျားသားရဲ့ မျက်နှာအစစ်ကို တွေ့ရဖို့ သုံးလိုက်တယ်လို့ ယူဆလိုက်... ခင်ဗျားအတွက်တော့ ဒါကို ဆိုးတယ်လို့ ပြောလို့မရပါဘူး... အဲ့တော့ ခင်ဗျားလွတ်သွားပြီးရင် ကျုပ်တို့ကို လာရှာပြီး ပြဿနာမလုပ်နဲ့တော့... အပြစ်ရှိတာ ခင်ဗျားသားပဲ... ကျုပ်တို့က လူယုံတွေလောက်ပဲ... ခင်ဗျားက ကျုပ်တို့ကို တွန်းပို့ဖို့ ဆုံးဖြတ်ရင် နောက်ပိုင်း ကျုပ်တို့ တကယ်ကြီး တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်ရင် ကျုပ်တို့ကို အပြစ်မတင်နဲ့..."
သူသတိပေးချက်ကို ချန်ထားပြီးနောက် ဆံပင်ဝါနှင့် လူဆိုးက သူ့သူငယ်ချင်းနှစ်ယောက်ကို ခေါ်ကာ ထွက်သွားပြီး ဒေါသထွက်နေသော အဖေလင်းကို မယုံနိုင်စွာနှင့် လင်းလော့ကျင်းအား "ငါမလုပ်ဘူး... ငါမလုပ်ဘူး... ပေါက်ကရတွေ မပြောစမ်းနဲ့..."ဟု အဆက်မပြတ်ဆိုကာ ထားရစ်ခဲ့ပေသည်။