Chapter 230
သူတို့နှစ်ဦးစလုံးမှာ ကြိုးချည်ခံထားရပြီး ပါးစပ်အား အစည်းခံထားရသည်မှာ နှမြောစရာပင်။ အဖေလင်းမှာလည်း မျက်စိပိတ်ခံထားရ၍ မည်မျှပင် ဒေါသထွက်ကာ စိတ်ထိခိုက်ပါစေ ဘာမှ မလုပ်နိုင်ပါပေ။
အဖေလင်းက လွတ်မြောက်ပြီးသည်နှင့် ပထမဆုံး အော်ဟစ်လိုက်သည့် စကားလုံးမှာ
"အစုတ်ပလုတ် သား... ငါဆိုတဲ့ လင်းပေါ်က ဘယ်လိုလုပ်ပြီး မင်းလိုသားတစ်ယောက်နဲ့ ကြုံရတာလဲ... မင်းဒီနေ့ ထောင်ကျတာ ငါမြင်ရမှ ဖြစ်မယ်..."
သို့သော် လင်းလော့ကျင်းသည်လည်း ဒဏ်ရာအတန်အသင့် ခံစားနေရသည်ဖြစ်သည်။ သူက နှစ်ရက်ကြာအောင် အငတ်ခံထားရ၍ ချက်ချင်း ထောင်မကျပါပေ။ ထိုအစား သူ့ကို ဆေးရုံတင်ထားရသည်။
လင်းလော့ချင်းမှာ အဖေလင်း၏ မကျေနပ်ချက်ကို စိတ်ရှည်စွာနားထောင်ပြီး စိတ်ထဲတွင် ပြောစရာမဲ့သွားသည်ဟု ခံစားလိုက်ရပေသည်။ အချိန်အနည်းငယ်ကုန်သွားပြီးနောက် သူ့ညီလေးအား တိတ်တဆိတ် လက်ခုပ်တီးပေးလိုက်သည်။
အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်... အရမ်း ရယ်ရတယ်... အရမ်းကို ထောင်ထဲပို့နိုင်တယ်... သူက ဒီလို ဖရဲစေ့စားပြီး ကြည့်လို့ရတဲ့ ဖျော်ဖြေမှုနဲ့ ပေါယွမ်ကို ပိုပြီး လွယ်လွယ်ကူကူ သိမ်းပိုက်ခွင့်ပြုတဲ့အတွက် လင်းလော့ကျင်းကို အရမ်းကျေးဇူးတင်ပါတယ်...
ဟားဟားဟားဟား...
လင်းလော့ချင်းမှာ အော်ရယ်ချင်လာသည်။ သူက လင်းပေါ်မှာ လောလောဆယ်တွင် လင်းပေါ်မှာ အကြီးအကျယ် သဘောပေါက်ခြင်းနှင့် နီးကပ်နေလောက်ပြီဟု ထင်၏။ ဤကိစ္စအပြီးတွင် သူက ဤအကြောင်းတွေးလိုက်သည့်အချိန်တိုင်း စားသောက်ရန် ခက်ခဲကာ လင်းလော့ကျင်းကို ပြင်းပြင်းထန်ထန် မရိုက်ရသည်ကို မုန်းနေပေလိမ့်မည်။ ဤသည်က အလွန်ပင် ရယ်ရပေသည်။
သို့သော် အပြင်ပိုင်းတွင် လင်းလော့ချင်းမှာ ခက်ခဲသော အမူအရာတစ်ခုကို ပြသလိုက်သည်။
"ဒါက..."
သူက ဟန်ဆောင်ကာ အဖေလင်းကို စတင်လိမ်လည်လိုက်သည်။
"လော့ကျင်းက ယာယီ စိတ်ရှုပ်နေလို့ပါ... သူက အဖေ့ရဲ့ အချစ်နဲ့ အာရုံစိုက်မှုကို ရချင်ရုံတင်ကို... သူက ဒီလိုဖြစ်လာဖို့ မရည်ရွယ်ပါဘူး..."
ချန်ဖုန်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သူမက ဤအချိန်တွင် လင်းလော့ချင်းမှာ အဘယ့်ကြောင့် လင်းလော့ကျင်းအတွက် ပြောပေးသည်ကို နားမလည်သော်လည်း သူမသည်လည်း ထိုစကားများကို ပြောခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ သူမက အဖေလင်းကို ဆက်လက် ဖျောင်းဖျလိုက်သည်။
"လော့ကျင်းကို ခွင့်လွတ်လိုက်ပါ... ကြီးကိစ္စကို အကျယ်မချဲ့နဲ့တော့... သူက နောက်ဆုံ ဒီလိုအမှားမျိုး ထပ်လုပ်တော့မှာ မဟုတ်ပါဘူး..."
"နောက်ဆိုရင် ဟုတ်လား..."
အဖေလင်းက ချက်ချင်းပင် ပေါက်ကွဲသွားသည်။
"သူ့မှာ နောက်ဆိုတာ ရှိသေးတာလား... သူ့ကို ချက်ချင်းသာ ထောင်ထဲထည့်လိုက် ရဲသားကြီး... ကျုပ်ပြောတာ ကြားတယ်မလား... အဲ့ဒါ သူပဲ... ဒီလို ရယ်စရာ ပြစ်မှုကို ကျူးလွန်တာ အဲ့ခွေးသားပဲ... သူ့ကို ချက်ချင်း ခေါ်သွားလို့ရပြီ... အဲ့ဒါက နှစ် ၃၀ကနေ ၅၀အထိသာမဟုတ်ရင် သူ့ကို ထွက်ခွင့်မပေးနဲ့..."
"လင်းပေါ်..."
ချန်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ရှင်ဘယ်လိုလုပ်ပြီး ဒီလောက် ရက်စက်ရတာလဲ..."
"ရက်စက်တယ်... ငါကရက်စက်တာလား... သူက ရက်စက်တာလား... ဒါက မင်းရဲ့သားနော်... မင်း ပျိုးထောင်ခဲ့တဲ့သား... အခုတော့ မင်းက ငါ့ကို ရက်စက်တယ်လို့ ပြောတယ်ပေါ့... ချန်ဖုန်း... မင်းက တကယ်ကို တတ်လည်း တတ်နိုင်ပါတယ်..."
ရဲများက သူတို့၏ အပြန်အလှန်စကားများကို နားထောင်လိုက်သောအခါ စိတ်ရှုပ်ထွေးလာသည်ဟုသာ ခံစားရပေသည်။
သူ့အဖေကို ပြန်ပေးဆွဲတဲ့သားက နောက်ဆုံးတွင် သူ့ကိုယ်တိုင်ပါ ပြန်ပေးဆွဲခံလိုက်ရသည်။ သို့ဖြစ်၍ လင်းပေါ်၏ စကားလုံးများကို ကြားသောအခါ သူတို့က တခြားအခန်းထဲသို့ သွားကာ လင်းလော့ကျင်း နိုးလာပြီလားဆိုသည်ကိုကြည့်ရန် ပြင်လိုက်သည်။ လင်းလော့ကျင်းနိုးလာပါက သူ့၏ ပြောဆိုချက်ကိုလည်း နားထောင်နိုင်ပေ၏။
ချန်ဖုန်းက သူတို့နှင့် အလျင်အမြန် လိုက်လာပြီး အနေခက်စွာပြုံးပြကာ နှိမ့်ချသော လေသံဖြင့် ဆိုလိုက်သည်။
"ဆရာကြီးတို့... ဒါက အဖေနဲ့သားကြားက နားလည်မှု လွဲတာလေးတစ်ခုပါ... ကျွန်မတို့က မိသားစုတွေပဲ... ဒီလောက် အလေးအနက် ယူနေစရာမလိုပါဘူး..."
"သခင်မကြီး ချန်... ဒါက ပြန်ပေးဆွဲမှုပါ..."
အမျိုးသမီးရဲဝန်ထမ်းက သူ့ကို လှမ်းကြည့်လိုက်သည်။
ချန်ဖုန်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ လူတိုင်းအဆင်ပြေတယ်မဟုတ်လားရှင်... ဒီလိုဆိုမှတော့ ဒါကို မေ့လိုက်ကြရအောင်ပါ... သူ့အဖေရဲ့ ဒေါသက ဒီလိုပဲ... သူက သူ့သားကို တကယ်ထောင်ထဲပို့ချင်တာ မဟုတ်ပါဘူး... သူက လောလောဆယ် ဘယ်လောက်ကြမ်းကြမ်းတမ်းတမ်း အော်နေလဲဆိုတာပဲ မကြည့်ပါနဲ့... သူက နောက်ကျရင် နောင်တရသွားမှာပါ..."
"သခင်မကြီးချန်... အဲ့ဓားပြတွေသာ နည်းနည်းပိုပြီးအညှာအတာမဲ့ရင် ရှင့်သားနဲ့ ယောက်ျားကို အခုလို တွေ့နိုင်မှာ မဟုတ်ဘူးနော်... အဲ့ဒါကို သိတယ်မဟုတ်လား..."
သူမက ဆက်ပြောလိုက်သည်။
"ဒါက ပြန်ပေးဆွဲမှုပါ... ရှင့်သားရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်နေနေ... ဒါက ပြန်ပေးဆွဲမှုပဲ..."
ချန်ဖုန်းက သည်းမခံနိုင်တော့ပေ။
ဒါက ဘယ်လိုလုပ်ပြီး ဒီလိုယူဆလို့ရမှာလဲ...
ဘာပဲဖြစ်ဖြစ် လင်းပေါ်က အကောင်းကြီးလေ... သူတို့က ဘာလို့ လင်းလော့ကျင်းကို ဖမ်းဖို့ တစ်ပြားမှ မလျော့ရတာလဲ...
သူက ကလေးပဲ ရှိသေးတာကို...
သူက အဖေလင်း အာရုံစိုက်တာကို ခံချင်ရုံတင်ပါ... သူက ဘာမှ မရည်ရွယ်ပါဘူး...
သူ့ကို ဘာလို့ ဒီလိုဆက်ဆံကြတာလဲ...
"အဲ့ဒါက ကျွန်မပါ... အဲ့ဒါ ကျွန်မပါ... ကျွန်မက နောက်ကွယ်ကလူပါ... ကျွန်မက သူ့အဖေကို ပြန်ပေးဆွဲခိုင်းတာပါ... ကျွန်မပဲ အကုန်လုံးကို ကြံစည်ထားတာပါ..."
ချန်ဖုန်းက သူမကိုယ်မ ညွှန်ပြကာ ဆိုလိုက်သည်။
ရဲဝန်ထမ်းများ - ...
ရဲဝန်ထမ်းများက သူမကို စကားအနည်းငယ်ပြောဆိုကာ ဖျောင်းဖျလိုက်ပြီး တရားဝင် တာဝန်များကို မနှောင့်ယှက်ရန် သတိပေးလိုက်သည်။
လင်းလော့ကျင်းက နိုးနေပြီးဖြစ်သည်။ အခန်းထဲတွင် တခြားရဲဝန်ထမ်း တစ်ဦးက သူနှင့် စကားပြောနေ၏။
ချန်ဖုန်းက ချက်ချင်းပင် အပြေးဝင်လာပြီး သူ့ကို မျက်ရည်စက်လက်ဖြင့် ဖက်ထားလိုက်သည်။ သူမက အကုန်လုံးမှာ သူမအမှားဖြစ်ကာ အရာရာမှာ သူမ စီစဉ်ထားခြင်းဖြစ်ပြီး အမှားလုပ်မိသည်က သူမဟုဆိုလိုက်၏။
လင်းလော့ကျင်းက သူမကို ဤသို့မြင်လိုက်ရသောအခါ မငိုပဲမနေနိုင်တော့ပေ။ သူက ကိစ္စများက ဤမျှအထိ ကြီးကျယ်သွားမည်ဟု အမှန်ပင် မထင်ခဲ့ပါပေ။ သူက အဖေလင်းကို ကယ်တင်ကာ သူတို့နှစ်ဦးက ထိခိုက်ဒဏ်ရာမရှိ ပြန်လာနိုင်သရွေ့ ဤကိစ္စမှာ တိတ်တဆိတ်ပြီးသွားပြီး ဘာမှမဖြစ်လောက်ပေဟု ထင်ထားသည်။
အားလံုးမှာ ဘယ်သူမှ ကောင်းကောင်းမသိပဲ အရင်အတိုင်းပြန်ဖြစ်သွားလောက်ပေမည်။ သူတို့အားလုံးက ပျော်စရာမိသားစုတစ်ခုအဖြစ် ပြန်ဖြစ်သွားပေမည်။
အဲ့ဒါမကောင်းဘူးလား...
သို့သော် သူ မတွေးမိသည်မှာ ထိုလူမိုက်များက သူတို့စကားများကို ပြန်ရုတ်သိမ်းကာ သူ့ကို ပြန်ပေးဆွဲလာမည်ဟုပင်။ထို့အပြင် ထွက်မသွားမီတွင် သူတို့က သူ့အဖေကို အကုန်လုံး ပြောခဲ့ပေသည်။
ယခုတွင် သက်ဆိုင်ရာများပါ ပါဝင်လာပြီး အရာရာက ကွဲပြားသွားလေပြီ။
လင်းလော့ကျင်းက မည်မျှပင် တုံးအပါစေ ဤကိစ္စမှာ ရဲများ ပါဝင်၍ မရသော ကိစ္စဖြစ်သည်ကို သိပေ၏။
သူတို့ပါဝင်လိုက်သည့် အခိုက်အတန့်တွင် ဤသည်က အဖေနှင့် သားကြားမှ မိသားစု ပြဿနာတစ်ခုဟု ယူဆ၍ မရနိုင်တော့ပေ။
သို့သော် သူက ချန်ဖုန်းကိုလည်း အပြစ်မတင်နိုင်ချေ။ သူမက သူ့အတွက် ရွေးချယ်စရာမရှိပဲ ဤသို့ လုပ်ခဲ့ခြင်းပင်။ ထို့အပြင် ရဲများကြောင့်သာမဟုတ်ပါက သူနှင့် သူ့အဖေမှာ စွန့်ပစ်စက်ရုံတွင် လူများသူတို့ကို တွေ့ရှိရန် စောင့်မျှော်နေဆဲသာဖြစ်ပေလိမ့်မည်။
သူက ခေါင်းခါကာ ဤကိစ္စမှာ ချန်ဖုန်းနှင့် လုံးဝမဆိုင်ကြောင်းကို စိတ်ရင်းဖြင့် ပြောဆိုရန်သာ တတ်နိုင်သည်။ သူက အရာအားလုံးကို စီစဉ်ခဲ့သည့် တစ်ယောက်တည်းသော လူပင်။ သူ့အမေက တစ်ခုမှ မသိပေ။
ထိုအခိုက်အတန့်တွင် ချန်ဖုန်းကို တစ်ခွန်းမှမပြောခြင်းက သူအကျေနပ်ဆုံးသောအရာဖြစ်ပေသည်။ သူမက အမှန်ပင် တစ်ခုမှမသိပါချေ။ တစ်ယောက်ယောက်က အဖမ်းခံရမည်ဆိုလျှင် သူသာဖြစ်ရပေမည်။
ကံကောင်းစွာဖြင့် သူက သူ့အမေကို ဤကိစ္စထဲသို့ လုံးဝ ဆွဲမသွင်းခဲ့မိပေ။
ထို့နောက် မကြာမီတွင် လင်းလော့ကျင်းမှာ သံသယရှိသူတစ်ဦးအနေဖြင့် အဖမ်းခံလိုက်ရသည်။
ကျိယွီရှောင်က ၄င်းကိုကြားသောအခါ သူ့စိတ်ထဲတွင်ရွှင်မြူးလာသော ရှင်းမပြတတ်သည့် ခံစားချက်ကိုခံစားလိုက်ရသည်။
အဲ့ဒါက တကယ်ကြီး...လော့ချင်း ပြောသလိုပဲ... ယုံရခက်လိုက်တာ...
လင်းလော့ချင်းမှာ အင်တာနက်ကို ပျော်ရွှင်စွာ အသုံးပြုပြီး လင်းလော့ကျင်းအတွက် ထောင်ဒဏ်မည်မျှကြာအောင်ကျမည်ကို ဦးစွာကြည့်ပေးလိုက်သည်။
"ဘုရားရေ... ငါ့ရဲ့ သနားစရာ ညီလေး... ဒီလို ဆိုးယုတ်တဲ့ လုပ်ရပ်မျိုး ဘယ်လိုလုပ်ပြီး လုပ်နိုင်ရတာလဲ... အဲ့ဒါ တကယ်ပဲ တန်လို့လား..."
"အဲ့ဒါဆိုရင် ငါက သူထောင်ထဲဝင်သွားတာနဲ့ လူ့အသိုင်းအဝိုင်းထဲကို လူသစ်တစ်ယောက်အနေနဲ့ ပြန်ပေါ်လာဖို့ပဲ ဆုတောင်းပေးရတော့မှာပေါ့..."
"သူအထဲရောက်ရင် ဝက်ဝံရုပ်တွေ ချုပ်ရတာကြိုက်ပါစေလို့ပဲ ငါဆုတောင်းပေးနိုင်တော့တယ်... ဒါပေမဲ့ သူ့ရဲ့ နမော်နမဲ့နိုင်တဲ့ လက်တွေနဲ့ဆို သူ့ကို ပရင်တာတစ်ခုနဲ့ အလုပ်လုပ်ခိုင်းတာ ပိုကောင်းမယ်ထင်တယ်... သူက နိုင်ငံအတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲတစ်ချို့ ပရင့်ထုတ်ဖို့ ကူညီပေးနိုင်လောက်မှာပါ..."
သူက တစ်ကိုယ်တည်း ကြည်နူးနေပြီးနောက် တစ်ခုခုကို တွေးမိကာ ကျိယွီရှောင်ကို လှမ်းကြည့်လိုက်သည်။
"ဖေးဖေးနဲ့ ရှောင်ယွီက အလယ်တန်းစာမေးပွဲဖြေဖို့ ပြင်ဆင်သင့်နေပြီ မဟုတ်လား..."
"ဟုတ်မယ်... ရှောင်ယွီတစ်ရက်က ပြောနေတာ ငါကြားသလိုပဲ..."
"အဲ့ဒါဆို သူ့ကို ကြိုးစားဖို့ပြောလိုက်... အဲ့ဒါဆို ငါတို့ သူ့အတွက် အသိအမှတ်လက်မှတ်တစ်ခုလောက်တော့ နံရံပေါ်မှာ တင်လို့ရမှာပါ..."
လင်းလော့ချင်းက ၄င်းကိုပြောနေစဉ်တွင် အနီးနားရှိ နံရံကို လှမ်းကြည့်လိုက်သည်။
ကျိယွီရှောင်က သူ့အကြည့်ကို လိုက်ကြည့်ကာ ၄င်းက ခက်ခဲမည်ဟု တွေးလိုက်မိ၏။
သူက နောက်ဆုံးတစ်ခေါက်က သူ့သား အဆင့်ရှစ်ရတာကို ချိတ်ဖို့တွေးနေပြီးပြီ... ဒီတစ်ခေါက်ရော ဘာကို ချိတ်ဖို့ တွေးနေလဲ ဘယ်သူသိမှာလဲ...
ထိပ်ဆုံသုံးနေရာတော့ မဖြစ်နိုင်ဘူး...
ဘာပဲဖြစ်ဖြစ် သူက သူ့သားကို ကောင်းကောင်းကြီးသိတယ်လေ...
******
လင်းလော့ကျင်း အဖမ်းခံရပြီးနောက် အဖေလင်း၏ စိတ်ဓာတ်ကျသော စိတ်သည် နောက်ဆုံးတွင် ပြန်လည် ကောင်းမွန်လာခဲကာ ဆေးရုံမှ ဆင်းနိုင်ခဲ့သည်။
ချန်ဖုန်းက ဆိုးရွားသော အမူအရာဖြင့် သူ့အား သူမသားကို သတ်သော ရန်သူတစ်ယောက်လို ကြည့်နေ၏။
အဖေလင်း သူမ၏သေနေသလိုအမူအရာကိုမြင်သောအခါ စိတ်တိုသွားသည်။လင်းလော့ကျင်းကိုအမှတ်ရပြီး သူ့အဆုတ်တွေ ဒေါသကြောင့်ဖောင်းကားလာသလို ခံစားလိုက်ရသည်။ သူက ချန်ဖုန်းကို လက်ညှိုးထိုးပြီး ဟိန်းဟောက်လိုက်သည်။
"ကွာရှင်းမယ်...ငါ မင်းနဲ့ ကွာရှင်းချင်တယ်"
"ရှင်လုပ်ရဲလား"
ချန်ဖုန်းကလည်း ဤအချိန်မှာ ပြန်ခုခံသည်။သူမသားက အခုဒီလိုဖြစ်နေပြီ...သူမဘာကိုကြောက်နေရမှာလဲ...
"ရှင် ကျွန်မကိုကွာရှင်းရဲရင် တရားရုံးမှာ၊ တီဗီ၊ အင်တာနက်နဲ့ ရှင့်ကုမ္ပဏီရှေ့မှာ အသံချဲ့စက်နဲ့ဖွင့်ပြမယ် ... ချုံးယုံရှင်းရဲ့နောက်ကွယ်မှာ ရှင်ဘယ်လို ကျွန်မနဲ့ဖောက်ပြန်ခဲ့တယ်ဆိုတဲ့အကြောင်း သူတို့ကို ကျွန်မပြောပြမယ်...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မမှာ အခု ဘာမှမကျန်တော့ဘူး... ကျွန်မက ဘာသိက္ခာမှဂရုစိုက်စရာမလိုဘူး ဒါပေမဲ့ရှင်ကရော"
"မင်း"
အဖေလင်း သူ့နှလုံးမငြိမ်မသက်ဖြစ်လာသည်ကို ခံစားလိုက်ရပြီး လက်ချောင်းများ အနည်းငယ်တုန်သွားသည်။
"မင်း...ခွေးမ"
"ဟုတ်တယ် ဘာဖြစ်လဲ...ကျွန်မက ရှင်နဲ့ နှစ်တွေအများကြီးအတူရှိနေပေးခဲ့ပေမဲ့ ရှောင်ကျင်းက ရှင့်ကြောင့်အခုဘယ်လိုဖြစ်သွားလဲကြည့်...လင်းပေါ် ကျွန်မ ပြောမယ်...ကျွန်မနဲ့ရှောင်ကျင်းကိုစွန့်ပစ်ဖို့တစ်သက်လုံး မကြိုးစားနဲ့... ဒီဘဝမှာ ကျွန်မနဲ့ရှောင်ကျင်းက ရှင့်ကို အမြဲတမ်းဖက်တွယ်ထားမှာ"
"ထွက်သွား"
"မသွားဘူး"
ချန်ကျင်းက ပြုံးပြုံးလေး ပြောလိုက်သည်။
"ဒါက ကျွန်မအိမ်...ကျွန်မဘာလို့ထွက်ရမှာလဲ...ကျွန်မသွားမှာမဟုတ်ဘူး...သွားချင်းသွား ရှင့်ကိုသွားရအောင်လုပ်မှာ...ကျွန်မက ကျွန်မသားကို ဒီမှာစောင့်နေမှာ"
အဖေလင်းက ဒေါသထွက်လွန်း၍ သူမကိုပြေးရိုက်သည်။ချန်ဖုန်း သူ့ဆီက ဖြတ်ရိုက်ခံလိုက်ရသည်။ သူက သူမကို အယုတ္တအနတ္တစကားတွေပြောရင်း စိုက်ကြည့်နေသည်ကို သူမမြင်လိုက်ရသည်။သူမ သည်းမခံနိုင်ဘဲ တိုက်ရိုက်လက်ဆန့်ပြီး သူ့ကိုဆောင့်တွန်းလိုက်သည်။
အဖေလင်း အငိုက်မိသွားပြီး လှေကားမှ ပြုတ်ကျသွားလေသည်။
ချန်ဖုန်း ထိတ်လန့်သွား၏။
လင်းလော့ချင်း၏စကားကို သူမ မှတ်မိနေဆဲဖြစ်သည်။ 'ခင်ဗျားမှာ ကိုယ်ကျင့်တရားမရှိလို့ ခင်ဗျားသားကကိုယ်ကျင့်တရားရော တရားဥပဒေကိုလေးစားကြောက်ရွံ့မှုရောမရှိဘူး'
သူမ အမှားတွေ ဆက်မလုပ်နိုင်တော့ပေ။သူမ လင်းပေါ်ကို မထိခိုက်စေချင်သလို ဥပဒေကိုလည်း မချိုးဖောက်ချင်ပေ။
သူမ လူနာတင်ကားကို အမြန်ခေါ်လိုက်သည်။
သူပြုတ်ကျသည့် လှေကားက အမြင့်ကြီးမဟုတ်သည့်အတွက် အဖေလင်း ဒဏ်ရာ သိပ်မရခဲ့ချေ။သူက သတိလစ်သွားရုံသာဖြစ်ပြီး အနားယူရန် နှစ်ပတ်ခန့် ဆေးရုံတင်ထားရမည်။
ချန်ဖုန်း သက်ပြင်းချလိုက်သည်။ ထို့နောက် အဖေလင်းနှင့် ကာလကြာရှည်သော လွန်ဆွဲပွဲကြီးစတင်တော့သည်။
လင်းလော့ချင်းက ဤအချိန်ကို အခွင့်ကောင်းယူကာ ကျိယွီရှောင်၏ လမ်းညွှန်မှုအောက်တွင် သူသည် လင်းပေါ်၏သားအဖြစ်နှင့် ကုမ္ပဏီကို လွှဲပြောင်းရယူခဲ့သည်။
သူက လင်းပေါ်ပြီးလျှင် ကုမ္ပဏီတွင် အဓိကအများဆုံးရှယ်ယာရှင်တစ်ဦးလည်းဖြစ်သည်။သူက ကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦးဖြစ်သည့်အပြင် လင်းပေါ်၏သားဖြစ်သည်။ယခုအချိန်တွင် လင်းပေါ်က မတော်တဆမှု တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူ့သားတစ်ယောက်အနေဖြင့် သူ့အစား ကုမ္ပဏီ၏ အဓိကကိစ္စများနှင့် အသေးစားကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်ချက်များချခြင်းသည် ပုံမှန်ပင်ဖြစ်သည်။၎င်းကို လင်းလော့ချင်း၏ကြယ်ပွင့်ရောင်ဝါဖြင့် ပေါင်းစပ်လိုက်သည့်အခါ သူ၏ဝန်ထမ်းများမှာ သူ့ကို ချစ်ခြင်းမေတ္တာအပြည့်ဖြင့်ရှိနေတော့သည်။
မသိလိုက်ပါဘဲ၊ ကုမ္ပဏီရှိ လင်းလော့ချင်း၏ဂုဏ်သိက္ခာသည် ပိုမိုမြင့်မားလာသည်။ ဥက္ကဌလင်းဟူသော နာမည်ဘွဲ့ကလည်း လင်းပေါ် အစား လင်းလော့ချင်းအပေါ်ကို ဖြည်းဖြည်းချင်းရည်ညွှန်း၍လာသည်။
လင်းလော့ချင်းအလုပ်များနေချိန်တွင် လင်းဖေး နှင့် ကျိလဲ့ယွီတို့ကလည်း ဒုတိယနှစ်ဝက်စာမေးပွဲတွင် ပါဝင်ခဲ့ကြသည်။
ဤကိစ္စနှင့် ပတ်သက်ပြီး လင်းဖေးနှင့် ကျိလဲ့ယွီတို့က အတော်လေး အေးအေးဆေးဆေးရှိနေကြသည်။လင်းလော့ချင်းက အနည်းငယ်စိတ်ပူနေပေမဲ့ သူတို့နှစ်ယောက်ကို ဖိအားတွေပေးမိမှာကြောက်သဖြင့် ရှင်းရှင်းလင်းလင်း မပြဝံ့ပေ။ စာမေးပွဲခန်းသို့သွားရာလမ်းတွင် သူက သူတို့ကို ညင်သာစွာသာပြောလိုက်သည်။
"စာမေးပွဲကောင်းကောင်းဖြေခဲ့ကြ...ပါးပါး သားတို့ကို ယုံတယ်"
လင်းဖေးက အလွန်တည်ငြိမ်နေသလို ကျိလဲ့ယွီကလည်း အလွန်တည်ငြိမ်၍နေသည်။
ကလေးနှစ်ယောက်သည် ဝန်ထုပ်ဝန်ပိုးမရှိဘဲ စာမေးပွဲခန်းထဲသို့ ၀င်သွားကြသည်။
ထို့နောက် ပထမနေရာနှင့် တတိယနေရာကို ရရှိခဲ့ကြသည်။
ကျိယွီရှောင် အံ့သြသင့်သွားခဲ့ချိန်၌ လင်းလော့
ချင်း က ပီတိဖြာနေခဲ့သည်။
သူ လင်းဖေးနှင့် ကျိလဲ့ယွီတို့ကို ကြည့်လိုက်ပြီး ကလေးနှစ်ယောက်ကို ပွေ့ဖက်ကာ စိတ်အားထက်သန်စွာဖြင့် ပါးများကို အားရပါးရ နမ်းလိုက်သည်။
"ကောင်းလိုက်တာ...အရမ်းတော်တာပဲ"