Chapter 231
လင်းဖေးက ရွံရှာစွာဖြင့် သူ့ကို အဝေးသို့ တွန်းထုတ်လိုက်သည်။
ကျိလဲ့ယွီကမူ ပြုံးပြီး နာခံစွာဖြင့် သူ့ကို နမ်းခွင့်ပြုလိုက်သည်။ ထို့နောက် သူက လင်းလော့ချင်း၏ပါးကိုပင် ပြန်နမ်းလိုက်သေးသည်။
ကျိယွီရှောင် သူ့သားအငယ်ဆုံးကို ကြည့်လိုက်သည်။ သူပိုကြည့်လေ၊ သူစိမ်းတစ်ယောက်လို ခံစားလာရလေလေပင်။
ရှောင်ယွီက စာမေးပွဲမှာ တတိယနေရာရခဲ့တာလား...
တကယ် အနောက်ကနေ နေထွက်လာတာပဲ...သူ့ရဲ့ရှောင်ယွီက အရမ်းမိုက်တယ်...
"မဆိုးပါဘူး"
ကျိယွီရှောင်က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
"ရှောင်ယွီ ဒီတစ်ခါ တော်တော်တိုးတက်လာတာပဲ"
ကျိလဲ့ယွီ အကူအညီမဲ့နေခဲ့သည်။ သူ ဘယ်လိုလုပ် မတိုးတက်ဘဲနေမှာလဲ... သူ့မှာ လင်းဖေးနဲ့ နေ့တိုင်း အိမ်စာလုပ်နေရတာလေ...မလုပ်ချင်လည်းလုပ်နေရတယ်...ဘယ်လိုလုပ် စာမေးပွဲစာရွက်ပေါ်မှာ ကောင်းကောင်းမဖြေနိုင်ဘဲနေမှာလဲ...
သို့ပေမဲ့ ကျိယွီရှောင်၏ မျက်နှာပေါ်က အပြုံးကို သူမြင်လိုက်သည်နှင့် စာလုပ်ခဲ့ရသည့် ပင်ပန်းနွမ်းနယ်မှုက အနည်းငယ် ပျောက်ကွယ်သွားသည်။ကျိယွီရှောင် ပျော်ရွှင်နေသရွေ့ အဆင်ပြေပါ၏။ သူပျော်သည်ဆိုလျှင် ကျိလဲ့ယွီ အမှတ်ကောင်းကောင်းရအောင်လုပ်ရသည်အား စိတ်မရှိပါချေ။
"သားတို့ ဘာလိုချင်လဲ"
ကျိယွီရှောင်က သူတို့နှစ်ယောက်ကို ရက်ရက်ရောရော ပြောလိုက်သည်။ "သားတို့ နှစ်ယောက်က ဒီ စာမေးပွဲ မှာ ကောင်းကောင်း ဖြေခဲ့ကြတယ်...သားတို့လိုချင်သမျှ ဒယ်ဒီသဘောတူပေးမယ်"
"ပါးပါးရောပဲနော်"
လင်းလော့ချင်းက သူ့လက်ကို တက်ကြွစွာ မြှောက်လိုက်သည်။
"ဒါဆို အပြင်ထွက်လည်ကြရင်ရော"
"ရုပ်ရှင်ကြည့်ကြမလား"
ကျိလဲ့ယွီက စိတ်လှုပ်ရှားစွာပြောသည်။ "မိသားစုလိုက် အတူတူသွားရအောင်"
"ကောင်းပြီ"
လင်းလော့ချင်းက စကားဆုံးပြီးနောက် လင်းဖေးကို ကြည့်လိုက်သည်။
"ဖေးဖေးရောဘယ်သွားချင်လဲ"
လင်းဖေးကမူ ဘယ်နေရာဟူ၍စိတ်ထဲမရှိပေ။
"ဘယ်ဖြစ်ဖြစ် အဆင်ပြေပါတယ်"
"ဒါဆို တိရစ္ဆာန်ရုံကို သွားကြရအောင်"
လင်းလော့ချင်းက ပြောသည်။
"မင်းနဲ့ရှောင်ယွီကို တိရစ္ဆာန်ရုံကို မခေါ်သွားဖူးသေးဘူး...ကျားလေး ခြင်္သေ့လေးတွေကြည့်ရအောင်ခေါ်သွားပေးမယ်လေ"
သူ့မွေးနေ့မှာ လင်းဖေးဆီက ကတိကိုလက်ခံရရှိကတည်းက လင်းလော့ချင်း လင်းဖေးကို ကျားလေးကြည့်ရအောငိ တိရစ္ဆာန်ရုံကို အမြဲခေါ်သွားချင်ခဲ့သည်။
"ဟုတ်ကဲ့"
ကျိလဲ့ယွီက သူ့လက်ကို မြှောက်လိုက်သည်။
လင်းဖေး လင်းလော့ချင်း နှင့် ကျိလဲ့ယွီတို့ နှစ်ယောက်စလုံး သွားချင်ကြောင်း မြင်လိုက်ရသောအခါ ခေါင်းညိတ်လိုက်သည်။
"အင်း"
"ဒါဆို ဒီအပတ် လိုက်ပို့ပေးမယ်"
"အွန်း အွန်း"
ကျိလဲ့ယွီက ဝမ်းသာအားရ သဘောတူလိုက်သည်။
လင်းဖေးကလည်း ခေါင်းညိတ်ကာ သဘောတူသည်။
နှစ်ဝက်စာမေးပွဲ အောင်စာရင်း ထွက်လာသောအခါ မိဘဆရာတွေ့ဆုံပွဲ ပြန်စရန် အချိန်ကျပြီဖြစ်၏။
လင်းလော့ချင်း၏ ထူးခြားသည့် အဆင့်အတန်းကြောင့် အတန်းပိုင်ဆရာမက သူ့ကို ဖုန်းဆက်ပြီး ကျောင်းကိုမလာရန် ပြောခဲ့သည်။
"လင်းဖေးနဲ့ ကျိလဲ့ယွီတို့ နှစ်ယောက်စလုံးရဲ့ အဆင့်တွေက အရမ်းကောင်းပါတယ်ရှင့်...အခု နှစ်ဝက်စာမေးပွဲမှာ လင်းဖေးက အဆင့် ၁နေရာမှာပဲဆက်ရှိနေပြီး ကျိလဲ့ယွီက အဆင့်၃ကို တက်လာခဲ့တယ်...အဲဒီတော့ ကျွန်မတို့ ဆရာဆရာမတွေအနေနဲ့ အထူးတလည်အကြံဉာဏ်ပေးစရာမလိုပါဘူး...ရှင် လာတဲ့အခါ မလိုအပ်တဲ့ အာရုံစိုက်မှုတွေရတယ်လို့ ယူဆရင် ဒီမိဘဆရာတွေ့ဆုံပွဲကို တက်ရောက်ဖို့ မလိုအပ်ပါဘူး...ဆုတွေနဲ့ လက်မှတ်တွေကို ကလေးနှစ်ယောက်ဆီ တိုက်ရိုက်ပို့ပေးလိုက်ပါ့မယ်.. သူတို့ရဲ့အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေရဲ့ လက်ရှိအခြေအနေကို ဆက်လက်ထိန်းထားနိုင်အောင် ကြည့်ရှုစောင့်ရှောက်ပေးကြပါဦးရှင်... ဒီကလေးနှစ်ယောက်က အနာဂတ်မှာ အလားအလာကောင်းတွေ ရှိမယ်လို့ ကျွန်မ ယုံကြည်ပါတယ်"
"ကောင်းပါပြီ...ကျေးဇူးတင်ပါတယ်"
လင်းလော့ချင်းက ယဉ်ကျေးစွာပြောသည်။
"ရပါတယ်... ဒီကလေးနှစ်ယောက်က အရမ်းလိမ္မာပြီး ချစ်ဖို့ကောင်းတယ်...ကျွန်မတို့အကုန်လုံး သူတို့နှစ်ယောက်လုံးကိုတအားချစ်ကြတာရယ်... ရှင်က ကလေးတွေကို ကောင်းကောင်းပျိုးထောင်ပေးသင်ကြားဆုံးမပေးထားတာပဲ"
လင်းလော့ချင်း အနည်းငယ်ရှက်သွားသည်။
"အဓိကကတော့ သူတို့နှစ်ယောက်လုံးက သိတတ်ပြီးလိမ္မာလို့ပါ"
"ကျွန်မမြင်ရပါတယ်"
အတန်းပိုင်ဆရာမက ပြုံးလိုက်သည်။
"သူများတွေကို တကယ်မနာလိုဖြစ်စေတယ်"
ကလေးနှစ်ယောက်စလုံးက ချစ်ဖို့ကောင်းပြီး စာတော်ကြသည်။ဤသည်က မည်သည့်မိသားစုကမိဘတွေအတွက်မဆို တကယ်ကို မနာလိုမဖြစ်ရန်ခက်ခဲလေသည်။အနည်းဆုံး ရုံးမှာရှိသည့် ဆရာမတွေက မနာလိုဖြစ်ကြသည်။
သူမ ဖုန်းကို ချလိုက်ပြီး လင်းဖေး၊ကျိလဲ့ယွီ နှင့် အတန်းထဲတွင် ဒုတိယရသည့်ကျောင်းသားကို လူသိရှင်ကြား ချီးကျူးခဲ့သည်။ပြီးနောက်ဆုလက်မှတ်များနှင့် ဆုများကို တစ်လှည့်စီပေးခဲ့သည်။
ကျိလဲ့ယွီ လင်းဖေး၏လက်ထဲက မှတ်စုစာအုပ်ကို ကြည့်လိုက်ပြီး ဤတစ်ခေါက် လင်းဖေးက သူ့ကို ပေးလောက်သည်ဟု တွေးလိုက်သည်။
သူ့လက်ထဲတွင်လည်း ပိုပါးသော မှတ်စုစာအုပ်တစ်အုပ် ရှိသည်။သူက လင်းဖေးကို သူ့မှတ်စုစာအုပ်ပေးလိုက်၍ရသည်။လက်ဆောင်ချင်းဖလှယ်လိုက်သလိုပါပင်။
ကျိလဲယွီ ထိုသို့တွေးပြီး ကျေနပ်စွာ ပြုံးလိုက်သည်။
လင်းလော့ချင်း နေ့လည်ပိုင်းတွင် သူတို့ကို လာကြိုသောအခါ ကျိလဲ့ယွီ၏ မျက်နှာပေါ်က ပျော်ရွှင်နေသော အပြုံးကို တွေ့လိုက်ရသည်။
သူက ကျိလဲ့ယွီ၏နှာခေါင်းလေးကိုလက်ညှိုးနှင့် ကုတ်ပြီးမေးလိုက်သည်။
"ဘာလို့ ဒီလောက် ပျော်နေတာလဲ"
ကျိလဲ့ယွီက အောင်ပွဲခံလိုစွာဆို၏။
"ဆရာမက သားတို့ကို ဆုပေးတယ်"
လင်းလော့ချင်း ဤအကြောင်းကို အတန်းပိုင်ဆရာမထံမှ သိထားပြီးဖြစ်သော်လည်း အံ့အားသင့်မသွားဘဲမနေနိုင်သေးပေ။
သူကားထဲသို့ရောက်သည်နှင့် သူက ကျိလဲ့ယွီနှင့် လင်းဖေးကို သူတို့၏ ဆုလက်မှတ်များကို ထုတ်ခိုင်ခဲ့သည်။ သူ စိတ်ဝင်တစားကြည့်ကာ လော့ကျားအား ကြွားရန် မမေ့ခဲ့ပေ။
"ရှောင်ယွီက ဒီတခေါက် တတိယရခဲ့တယ်...သူအများကြီးတိုးတက်လာတာဗျ"
"မလွယ်ဘူး"
လော့ကျားက ခေါင်းမော့ပြီး နောက်ကြည့်မှန်ထဲကနေ ကျိလဲ့ယွီကို ကြည့်လိုက်သည်။
"ဒါပေမဲ့ ဖေးဖေးအတွက်လည်း သူ့ကို တတိယနေရာရအောင်ဆွဲခေါ်လာပေးဖို့မလွယ်ဘူး... တကယ်ကို လေးစားစရာပဲ"
"အဲဒါ ရှောင်ယွီကိုယ်၌ကလည်း ဉာဏ်တအားကောင်းလို့ပါ"
လင်းလော့ချင်းက ကျိလဲ့ယွီအတွက် အလျင်အမြန် ကူပြောပေးခဲ့သည်။
"ငါတို့ရဲ့ ရှောင်ယွီက ကလေးပဲရှိသေးပေမဲ့ သူက ဒီလောက်တော်နေပြီရော~"
ကျိလဲ့ယွီက ခေါင်းတညိတ်ညိတ်ဖြင့် သဘောတူလေသည်။
"အင်း အင်း"
သူက ကလေးပဲရှိသေးတာ...
လင်းဖေး: "……"
လင်းဖေး ပြတင်းပေါက်အပြင်ဘက်ကိုပဲ တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။ သူဒီလိုပုံစံ တတိယရရုံနဲ့ တော်တယ်လို့သတ်မှတ်လို့ရတယ်ပေါ့...
နေပါစေတော့...သူတို့နှစ်ယောက် ပျော်ရင်ပြီးရော...
သူတို့ ချောချောမောမော အိမ်ပြန်ခဲ့ကြပြီးနောက် လင်းလော့ချင်း အိမ်တံခါးမှ ဝင်လိုက်သည်နှင့်ကျိယွီရှောင်ဆီသို့ လျှောက်သွားလိုက်သည်။သူက ဆုလက်မှတ်များကို ရတနာတစ်ခုလို ပြသလိုက်၏။
"နံရံပေါ်မှာ ချိတ်မထားခင် အားရအောင်ကြည့်ထားနော် ... နှစ်ရက်လောက်နေရင် မင်း ဒါတွေကို နံရံပေါ်မှာပဲမြင်ရတော့မှာ"
ကျိယွီရှောင်က "အိုး"ဟု အသံပြုပြီး စလိုက်သည်။
"ဒါက တကယ့်ကို ရှားပါးပဲ...ငါတို့ရဲ့ ရှောင်ယွီမှာ ပန်းချီမဟုတ်တဲ့ နံရံပေါ်မှာ ချိတ်စရာတစ်ခုရှိလာပြီ"
ကျိလဲ့ယွီက ခေါင်းလေးစောင်းလိုက်သည်။
"ဒါပေမဲ့ သားက သားရဲ့ပန်းချီကို ပိုကြိုက်တယ်"
ကျိယွီရှောင်က ရယ်လိုက်သည်။ "ဟုတ်လား...ဒယ်ဒီလည်း သားရဲ့ပန်းချီကို ပိုကြိုက်တယ်"
"ဒယ်ဒီမွေးနေ့ရောက်ရင် သားအဲဒါကိုပေးမယ်လေ"
ကျိလဲ့ယွီက ချက်ချင်းပြောလိုက်သည်။
ကျိယွီရှောင် : "……"
ကျိယွီရှောင် သူ့အပြုံးကို ထိန်းလိုက်သည်။
"ကောင်းပြီ"
အချိန်တန်ရင် သူ အဲဒါကို ဘောင်ခတ်ရမှာပေါ့...ပြီးရင် ကျိလဲ့ယွီ ကြီးလာတဲ့အခါ အဲဒါကိုပြမယ်...ဟားဟားဟားဟား...
ကျိယွီရှောင် ၎င်းကို တွေးပြီး အစီအစဥ်တွေချကာ ထိုနေ့ကိုစောင့်မျှော်နေမိသည်။
သူ၏ရှောင်ယွီ ကြီးပြင်းလာသောအခါတွင် မည်ကဲ့သို့ ဖြစ်လာမည်ကို အမှန်တကယ် သိချင်နေမိသည်။
သူက သူ့အမေလို နူးညံ့ကြင်နာလိမ့်မည်လား သို့မဟုတ် အဖေဖြစ်သူကဲ့သို့ သဘောထားကြီးပြီး တည်ကြည်ပြတ်သားလိမ့်မည်လား သူ သိချင်နေခဲ့သည်။
လင်းလော့ချင်း.. လင်းဖေးနှင့်ကျိလဲ့ယွီတို့၏ ဆုလက်မှတ်များကို ကြည့်နေချိန်မှာ ဖုန်းမြည်သံကိုကြားလိုက်၍ ကြည့်လိုက်သောအခါ အဖေလင်းဖြစ်နေ၏။
လင်းလော့ကျင်း၏အဖြစ်အပျက်ကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။အဖေလင်းက လင်းလော့ကျင်းကို အလွန်စိတ်ပျက်သွားပြီး ချန်ဖုန်းကိုပင် ဒေါသထွက်နေခဲ့သည်။ ထို့ကြောင့် လင်းလော့ချင်းက သူ့အတွက် အယုံကြည်ရဆုံးသူဖြစ်နေသကဲ့သို့ လင်းလော့ချင်းအပေါ်ထားရှိသည့် သူ့အမြင်နှင့်သဘောထားမှာ အဆင့်တွေခုန်ပေါက်ပြီးတိုးတက်လာသည်။သူ့တွင် သားတစ်ယောက်သာ ကျန်တော့သလိုမျိုး သူ့ခံစားချက်အားလုံးကို လင်းလော့ချင်းပေါ်သို့ သွန်းလောင်းချင်နေသည်။
လင်းလော့ချင်းက ၎င်းကို နည်းနည်းမှရင်ထဲမထိပါချေ။လိုအပ်သည့်အချိန်တိုင်း၊ သူ့အဖေလိုချင်သည့် စံပြသားတာဝန်ကို ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပေမဲ့ အဖေလင်းကို သွားတွေ့ရန်စိတ်ကူးရှိမနေပါချေ။သူ ထိုသို့ပိုလုပ်လေလေ အဖေလင်းက သူ့ကိုကျေနပ်လေလေပဲဖြစ်၏။မသိစိတ်ဖြင့် အဖေလင်းသည် သူ့ကို ပို၍ယုံကြည်လာခဲ့သည်။
လင်းလော့ချင်း ဖုန်းကိုင်လိုက်သည်။ထုံးစံအတိုင်း ဝတ်ကျေတမ်းကျေပြုတော့မည့်အချိန်မှာ အဖေလင်းပြောသည်ကို သူကြားလိုက်ရ၏။
"အိမ်လာခဲ့...မင်းကိုငါပြောစရာရှိတယ်"
"ဘာဖြစ်လို့လဲ"
လင်းလော့ချင်းက မေးသည်။
"ငါ ချန်ဖုန်းကို ကွာရှင်းဖို့ စီစဉ်နေတယ်" အဖေလင်းက အကြိမ်အနည်းငယ် ချောင်းဆိုးရင်း ပြောလိုက်သည်။
လင်းလော့ချင်း၏ မျက်လုံးများ တောက်ပလာသည်။ အိုး အခုကျတော့ သူ့မယားငယ်ကို မချစ်တော့ဘူးလား...
နောက်ဆုံးကျ ကွာရှင်းဖို့ ဆန္ဒရှိပြီပေါ့...
သူ့စိတ်ထဲတွင် လှောင်ရယ်နေသော်လည်း "ဗျာ... အဲဒါ မကောင်းဘူးထင်တယ်နော် အဖေ" ဟု တမင်တကာ ပြောလိုက်သည်။
"ဘာလို့မကောင်းရမှာလဲ... ငါသူ့ကိုတကယ်စိတ်ကုန်နေပြီ... သူ့ကိုကွာရှင်းဖို့စိတ်ပိုင်းဖြတ်ပြီးပြီ"
အဖေလင်းက ဒေါသတကြီး ထပ်ပြောပြန်သည်။အကြိမ်အနည်းငယ် ချောင်းဆိုးနေပြီး နောက်ဆုံးတွင် သူ့လေသံကတည်ငြိမ်လာခါမှ သူကပြော၏။
"လာခဲ့... ငါ ပိုင်ဆိုင်မှုလွှဲပြောင်းရေးစာချုပ်ရေးပြီးလက်မှတ်ထိုးပြီးသွားပြီ...ငါရဲ့ပိုင်ဆိုင်မှုအများစုကို မင်းနာမည်နဲ့လွှဲပြောင်းပေးပြီးသွားပြီ...ငါ့ကို ကူပြီးစောင့်ရှောက်ပေးပါ...ဒီမိန်းမကို ငါ့ပိုက်ဆံ တစ်ပြားတစ်ချပ်မှ ယူခွင့်မပြုနိုင်ဘူး"
လင်းလော့ချင်း: "!!!"
ဒီလို ကောင်းတဲ့ အရာမျိုးလည်း ရှိသေးတာလား...
စောစောပြောပါလား...
အကယ်၍ သူစောစောကပြောခဲ့လျှင် လင်းလော့ချင်း ယခု လင်းအိမ်တံခါးဝတွင် ရှိနေပေလိမ့်မည်။
"ဒါ…"
လင်းလော့ချင်းက သူ့နှလုံးသားထဲတွင် ရွှင်မြူးနေသော်လည်း သူ့စကားများမှာ ကြီးစွာသောခဲယဥ်းမှုဖြင့်ဆိုရသကဲ့သို့ရှိနေ၏။
"ထားလိုက်ပါတော့...ကျွန်တော် အဲဒီကိုရောက်တဲ့အထိစောင့်ပါ အဖေ...တအားမလောပါနဲ့"
သူပြောပြီးသည်နှင့် ဖုန်းချပြီး ကျိယွီရှောင်ကို ကြည့်လိုက်သည်။ "ကောင်းကင်ကနေ ပိုင်မုန့်ကြီး ပြုတ်ကျလာတယ်ဆိုတာ မင်းသေချာပေါက် စိတ်ကူးကြည့်လို့ ရမှာမဟုတ်ဘူး"
ကျိယွီရှောင် သိချင်သွားသည်။
"ဘာဖြစ်တာလဲ...မင်းအဖေက မင်းကို ဘာပြောလိုက်တာလဲ"
"သူက ချန်ဖုန်းနဲ့ ကွာရှင်းပြီး သူ့ပိုင်ဆိုင်မှု အများစုကို ငါ့နာမည်နဲ့ လွှဲပေးမယ်လို့ ပြောတယ်"
ကျိယွီရှောင်: "???!!!"
ကျိယွီရှောင် အံ့သြသွားသည်။ သူက ကိုင်းပင် မလှုပ်ရသေးခင်မှာ မက်မွန်သီးက သူ့လက်ထဲကြွေကျလာပြီးသားဖြစ်နေ၏။အဖေလင်း၏ ကြိုးစားအားထုတ်မှုကို လက်မခံလျှင် တကယ် စိတ်မကောင်းဖြစ်စရာဖြစ်လိမ့်မည်ပင်။
"သွားလေ"
ကျိယွီရှောင်က သူ့ကို ကြည့်လိုက်သည်။
"အခုသွား... ငါ မင်းနဲ့ လိုက်ခဲ့မယ်"
မဟုတ်ရင် ခဏနေလို့ အဖေလင်းရဲ့စိတ်တွေ ရှင်းလင်းသွားပြီး နောင်တရသွားရင် ဘယ်လိုလုပ်မလဲ...
"ကောင်းပြီ"
လင်းလော့ချင်း မဆိုင်းမတွ သဘောတူလိုက်သည်။
ဆုလက်မှတ်များကို သိမ်းပြီး ကလေးများနှင့် စကားအနည်းငယ် ဖလှယ်လိုက်သည်။သူတို့နှစ်ယောက်ကို အရင်စားနှင့်ရန် ပြောလိုက်ပြီးနောက် ကျိယွီရှောင် အပြင်ထွက်ပြီး မက်မွန်သီးကောက်ရန် ပြင်ဆင်လိုက်သည်။
ကျိလဲ့ယွီက သူတို့ထွက်သွားသည်ကို ကြည့်နေပြီးနောက် လင်းဖေးကို လှည့်ကြည့်လိုက်သည်။
"ကိုကို့အဘိုးက ကိုကို့ပါးပါးကို သူ့ပိုက်ဆံတွေပေးမလို့တဲ့"
လင်းဖေးက အလွန်တည်ငြိမ်၍နေသည်။
"အိုး"
"ဒါဆို နောင်ကျရင် ကိုကို့ပါးပါးမှာ ပိုက်ဆံရှိလာလိမ့်မယ်"
"အစကတည်းက သူ့မှာပိုက်ဆံရှိပါတယ်"
လင်းဖေးက သူ့ကိုယ်သူ တွေးကြည့်သည်။ သူကြီးပြင်းလာပြီး ပိုက်ဆံရှာနိုင်သည့်အခါ လင်းလော့ချင်းကို မုန့်ဖိုးပေးမည်။ ထိုအခါ လင်းလော့ချင်းမှာ သဘာဝအတိုင်း ပိုက်ဆံရှိလာလိမ့်မည်။
ကျိလဲ့ယွီက လင်းဖေး၏ နှလုံးသားထဲတွင် ဘာရှိနေသည်ကို မသိပေ။သူက မေးထောက်ကာ သိချင်စိတ်အပြည့်ဖြင့်ဆိုလေသည်။
"သားအဘိုးက သားဒယ်ဒီကို သူ့ပိုက်ဆံတွေဘယ်တော့ ပေးမှာလဲမသိဘူးနော်"
လင်းဖေး: "……"
လင်းဖေး အဖေကျိအကြောင်းကို တွေးပြီး "အဲဒါက ခက်လိမ့်မယ်" ဟု ရိုးရိုးသားသားပြောလိုက်သည်။
ကျိလဲ့ယွီ နှုတ်ခမ်းစူလိုက်သည်။
အမှန်ပဲ... တကယ်ကျတော့ သူက လင်းဖေးရဲ့အဘိုးနဲ့တောင် မယှဉ်နိုင်ဘူး... မျှော်လင့်ထားသလိုပဲ၊ သူ့အဘိုးက တကယ်ကို အသုံးမကျဘူး...
ကျိလဲ့ယွီ ချက်ချင်းလက်ငင်း လူအိုကြီးကို ပို၍ပင် မုန်းတီးသွားသည်။
*****
လင်းလော့ချင်း နှင့် ကျိယွီရှောင်တို့သည် လင်းအိမ်သို့ လျှင်မြန်စွာရောက်ရှိလာကြသည်။
ဧည့်ခန်းထဲတွင် TV ကြည့်နေသော ချန်ဖုန်းက တံခါးကိုဖွင့်ပြီးဝင်လာသည့် သူ့ကိုမြင်သောအခါ ပြုံးလိုက်သည်။
"ဒီအချိန်မှာ မင်းရောက်လာတယ်ဆိုတော့ မင်းအဖေက သူ့ရဲ့ ပိုင်ဆိုင်မှုတတွကို မင်းနာမည်နဲ့ လွှဲပေးဖို့ တကယ်ပဲ စီစဉ်နေပုံရတယ်"
"ခင်ဗျားသိတာလား"
လင်းလော့ချင်း အံ့သြသွားသည်။
ချန်ဖုန်းက ရယ်မောလိုက်သည်။
"ဒါပေါ့ ငါသိတယ်... သူ့ကို တမင်တကာ အဲလိုလုပ်အောင် အရိပ်အမြွက်ပြောခဲ့တဲ့သူက ငါလေ... ငါဘယ်လိုလုပ် မသိဘဲနေမှာမှာလဲ"
လင်းလော့ချင်း အံ့သြသွားသည်။
"ခင်ဗျားက အဲဒါကို အရိပ်အမြွက်ပြခဲ့တာလား"
"မဟုတ်ရင်"
ချန်ဖုန်းက သူ့ကို ကြည့်နေသည်။
"ငါတို့မကွာရှင်းသရွေ့ သူ့ပိုင်ဆိုင်မှုတွေက ရှောင်ကျင်းနဲ့ ငါ့အပိုင် အနှေးနဲ့အမြန် ဖြစ်လာမှာပဲလို့ ပြောခဲ့တယ်...ရှောင်ကျင်းထောင်က ထွက်လာရင် ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ကျင်းက သူ့သားဖြစ်နေတုန်းပဲ... သူသေရင် သူ့အမွေတစ်ဝက်ကို ရှောင်ကျင်းက ပိုင်တယ်"
"ဒါပေမဲ့ သူငါ့ကို ကွာရှင်းဖို့ဇွဲကောင်းနေရင် သူ့ပိုင်ဆိုင်မှုတစ်ဝက်ကို ငါ့ကိုပေးရမှာ... တစ်ဝက်မဟုတ်ရင်တောင် ငါလိုချင်သလောက်တောင်းပြီး ရှောင်ကျင်း အတွက် သိမ်းထားလို့ရတယ်"
"သူက မလုပ်ချင်ဘူးလေ...ငါ သူ့ကို ရယ်ပြီး သူဘာလုပ်နိုင်မှာလဲလို့ မေးလိုက်တယ်...ငါတို့က လင်မယားဖြစ်ပြီး ရှောင်ကျင်းက သူ့သား...သူ့မှာ ပိုက်ဆံမရှိရင်ကလွဲလို့ သူမလုပ်ချင်ရင်တောင် အသုံးမဝင်ဘူး...ဒါပေမဲ့ သူ့မှာ ပိုက်ဆံမရှိအောင် ဘယ်လိုလုပ်မလဲ...သူ့ပိုက်ဆံတွေကို တခြားတစ်ယောက်ဆီ လွှဲခဲ့မှာလား...အဲဒီလိုမလုပ်ချင်ရင် သူဘယ်သူ့ကိုပေးမလဲ...မင်းကိုလား... မင်းသူ့ကိုဘယ်လောက်ပဲ လေးစားပြနေပါစေ သူက မင်းကို ယုံတောင် မယုံဘူး... ဒါကြောင့် သူ့ပိုက်ဆံတွေကို ငါနဲ့ရှောင်ကျင်းအတွက်ချန်ထားရုံပဲရှိတယ်"
"ဒီလိုမျိုးစကားတွေက တစ်ခါနှစ်ခါပြောရင် သူဘာမှခံစားရမှာမဟုတ်ဘူး... ဒါပေမဲ့ ဆယ်ကြိမ် အကြိမ်နှစ်ဆယ် ဒါမှမဟုတ်အကြိမ်တစ်ရာပြောရင် သူ့စိတ်ထဲစပြီးထည့်စဉ်းစားမိလိမ့်မယ်...ပြီးရင် 'ဘာလို့ ဒီလိုမလုပ်ရမှာလဲ' လို့ သူခံစားရလိမ့်မယ်... သူကြိုးစားကြည့်ချင်လိမ့်မယ်...အခုပဲကြည့် မင်းကဒီကိုရောက်နေပြီ...သူတကယ်လုပ်မယ်လို့ သက်သေပြနေတာပဲလေ"
လင်းလော့ချင်း ဤကိစ္စက သူမနှင့် ပတ်သက်မည်ဟု မထင်ခဲ့ပေ။
သူနားမလည်။
"ဒါကိုလုပ်တော့ ခင်ဗျားဘာအကျိုးကျေးဇူးတွေရမှာမလို့လဲ"
ချန်ဖုန်း ရုတ်တရက်ကြီး အသိတရားရပြီး သူမရဲ့ အတိတ်က အမှားတွေအတွက် ပြင်ဆင်ဖို့ ကြံစည်ခဲ့တာတော့ မဖြစ်နိုင်ဘူးမလား...
"ဒါပေါ့ အကျိုးကျေးဇူးတွေရှိတာပေါ့" ချန်ဖုန်းက အံကြိတ်လိုက်သည်။
"သူက ငါ့သားကို တက္ကသိုလ်တောင်မတက်ရသေးခင်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထောင်ကျစေခဲ့တယ်... ငါလည်း သူ့ကိုဒီဝေဒနာကို ခံစားရစေချင်တယ်...သူက ငါ့ကိုတစ်ခုမှမပေးမှာမှန်းအသိသာကြီး....တရားရင်ဆိုင်ရင်တောင် ဘယ်လောက်ရနိုင်မလဲ မသေချာဘူး...ဒါပေမဲ့ သူငါ့စကားတွေကိုယုံပြီး သူ့ပိုင်ဆိုင်မှုတွေအကုန်မင်းကိုပေးရင် စိတ်ဝင်စားစရာမကောင်းဘူးလား"
ချန်ဖုန်းက သူ့ကို အမြော်အမြင်ကြီးဟန်မျက်လုံးတွေနှင့် ကြည့်သည်။
"မင်းက သူ့ကို တကယ် ကြည်ညိုတယ်၊ လေးစားတယ်၊ သူ့သားလိမ္မာလေးပဲ ဖြစ်ချင်တယ်လို့ မင်းငါ့ကို ပြောခဲ့တယ်မဟုတ်ဘူးလား...လင်းလော့ချင်း အဲဒီနေ့က မင်းငါ့ကိုပြောခဲ့တာကို ငါမှတ်မိနေတုန်းပဲ"
"မင်း ဟန်ဆောင်နေတာကြာပြီ...အဲဒါ သူ့ပိုက်ဆံနဲ့ ကုမ္ပဏီကို လှည့်စားယူဖို့မဟုတ်ဘူးလား...ဒီအရာတွေကို ငါ ဘယ်လိုမှ မရနိုင်မှတော့ မင်းကိုပေးရင် ပိုမကောင်းဘူးလား...အဲလိုဆို သူ့မှာဘာမှကျန်တော့မှာမဟုတ်ဘူး... သူနေ့တိုင်း ချီးမွမ်းနေတဲ့ သားလိမ္မာလေးက ဘယ်လိုပုံစံလဲဆိုတာ သူမြင်ပါစေ... သူ့ဘဝတစ်ဝက်စာအတွက် သူကြိုးစားခဲ့တဲ့ ကုမ္ပဏီက တခြားသူတွေလက်ထဲမှာ ဘယ်လိုရှိလဲဆိုတာ သူ့ကို ပေးမြင်လိုက်မယ်... သူ့ဘေးမှာ ဘယ်သူမှမရှိဘူးဆိုတာကို အဆုံးမှာ သူ သိသွားပါစေ...သူ့မိန်းမက သေသွားပြီ.. သားတစ်ယောက်က သူ့ကို ပြန်ပေးဆွဲချင်နေပြီး နောက်တစ်ယောက်ကတော့ သူ့ကို လိမ်လည်ချင်နေတယ်... သူသိသမျှက
အတုအယောင်ဖြစ်ပြီး သူ့မှာ ဘာမှမရှိဘူး၊ လူရော ပိုက်ဆံရော မရှိဘူး...ဒီအဆုံးသတ်က ကျေနပ်စရာမဟုတ်ဘူးလား"
ချန်ဖုန်းက ဟိတ်ဟန်အပြည့်ဖြင့် ရယ်မောလိုက်ပြီး သူမ၏များလုံးများတွင် ကလဲ့စားချေရခြင်း၏ ကျေနပ်မှုများရှိနေသည်။
လင်းလော့ချင်း ခဏတာ ဘာပြောရမှန်းမသိဘဲ ငြိမ်သက်စွာ နားထောင်နေမိသည်။