အပိုင်း ၉
Viewers 5k

Chapter 9


------------



ရွှီလော့ယန် ပြောတဲ့စကားကိုနားထောင်ရန် ခေါင်းကိုနည်းနည်းလောက်စောင်းလိုက်ပြီး ချီချန်အန်းက ထိုအကြောင်းကို အရမ်းမစဉ်းစားတော့ပေ။ကုတင်ဘေးရှိစားပွဲပေါ်က ဆေးပုလင်းတွေ ၊ကြမ်းပြင်ပေါ်မှာမှောက်နေတဲ့ရေတွေ၊ ရေဇလုံနှင့်ရေစို၀တ်တို့ကို့ သူမျက်လုံးဖြင့်တစ်ချက်လောက်လေး ကြည့်လိုက်ရုံဖြင့် ဘာတွေဖြစ်ခဲ့လဲဆိုတာကို သူမှန်းဆလို့ရသည်။


"ကိုယ့်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်"


ချီချန်အန်းရဲ့အသံကအခုထိကွဲအက်နေဆဲဖြစ်ပြီး အဖျားမကျသေးတာကြောင့် သူအသက်ရှုသံကနည်းနည်းအားနည်းနေသေးသည်။ ထို့ကြောင့် သူစကားပြောသည့်အသံက အတော်လေး နူးညံညင်သာလှပြီး သူ့မျက်လုံးထောင့်ကစူးရှမှုတွေက အနည်းငယ် ပြေလျော့နေ၏။


ရွှီလော့ယန်တစ်ယောက် သူ့နားစည်တွေအား ငှက်မွှေးဖြင့် ညင်ညင်သာသာလေးထိုးကလိနေသလို ခံစားလိုက်ရပြီး ယားယံနေတဲ့ခံစားချက်ကတစ်ကိုယ်လုံးအနှံ့ပျံနှံ့သွားရပြီး နှလုံးခုန်နှုန်းပင်မမှန်ချင်သလို ဖြစ်သွားရသည်။


သို့ပေမဲ့ သူစကားကိုတော့ ရှင်းရှင်းလင်းလင်းပြောနိုင်စွမ်းရှိသေးသည်။


"ခင်ဗျားရဲ့ အခန်းဘက်ကနေ ကြမ်းပြင်ပေါ်ခွက်ပြုတ်ကျတဲ့အသံကျွန်တော်ကြားလိုက်ရတာနဲ့ စိတ်ပူလို့ ဒါနဲ့ ကျွန်တော်လာပြီးတော့မေးတာ ဒါပေမဲ့ ခင်ဗျားနာမည်ကိုခေါ်တော့လည်းပြန်မထူးဘူးလေ အဲ့ဒီတော့ ကျွန်တော်လည်း တစ်ခုခုများဖြစ်နေလားဆိုပြီး တံခါးကိုဖွင့်ကြည့်လိုက်တာ ခင်ဗျား ကြမ်းပြင်ပေါ်မှာမေ့လဲနေတာကို ကျွန်တော်တွေ့လိုက်ရတာပဲ"


ပြောနေရင်း သူက ချီချန်အန်းရဲ့နောက်ကျောကိုအသာချောင်းကြည့်လိုက်မိသည်။ 


သူဘယ်လိုများလုပ်လိုက်တာလဲ...ဖ၀ါးလေးနှင့်ပုတ်ရုံနဲ့ သူကိုနှိုးလိုက်မိတယ်...။


ငါပုတ်လိုက်တာများပြင်းသွားသလား...သူ့နောက်ကျောအရိုက်ခံလိုက်ရသလိုဖြစ်သွားလို့ ရောင်များ‌သွားသေးလားမသိ...။


သူတွေးလေတွေးလေလေ အပြစ်ရှိသလိုခံစားရလေပင်။


ချီချန်အန်းရဲ့အမြင်အာရုံက နည်းနည်းမကြည်မလင်ဖြစ်နေသေးတာကြောင့် ရွှီလော့ယန်ရဲ့လှုပ်ရှားမှုသေးသေးလေးကိုသတိမထားမိပေ။သူက ဖြည်းဖြည်းချင်းရှင်းပြပေးနေ၏။


"အဲ့ဒီအချိန်တုန်းက ကိုယ်ရုတ်တရတ်ကြီးဗိုက်အရမ်းအောင့်လာလို့ ဆေးသောက်မလိုလုပ်နေပေမယ့် ဆေးထုတ်နေတုန်း မူးလဲသွားမယ်လို့ ကိုယ်လည်းမထင်ထားဘူး"


ရွှီလော့ယန်က သူပြောတာကိုနားထောင်လိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။


သို့ပေမဲ့ သူစိတ်ထဲမှာမူ ငြီးတွားအော်ဟစ်နေမိသည်။ 


ငါ့ကိုအသိဉာဏ်မရှိဘူးဆိုပြီး အနိုင်ကျင့်ချင်နေတာလား...။ဘယ်လိုလူမျိုးက ဗိုက်အောင့်တယ်‌ပြောပြီး အဖျား40°လောက်နဲ့ မူးလဲသွားမှာလဲ....ငါအရမ်းဒေါသထွက်တာပဲနော်...။


သို့ပေမဲ့ သူပြန်လည်တွေးတောပြီးသည့်နောက် သူနားလည်နိုင်သွားသည်။ဘာပဲဖြစ်ဖြစ် မကောင်းဆိုးဝါးဖြစ်တယ်ဆိုတဲ့အကြောင်း ဖုံးကွယ်ထားရမှာဖြစ်တာကြောင့် သူကအမှန်တိုင်းမပြောနိုင်သဖြင့် သူ့ကိုယ်သူဟန်ဆောင်ဖုံးကွယ်ပြီးနေရတဲ့ ခံစားချက်ကအရမ်းကောင်းမည့်ပုံပေါ်မနေပေ။ ထို့ကြောင့် ရွှီလော့ယန်က စိတ်ထဲ၌အမြန်ဆုံး ဆုံးဖြတ်ချက်ချလိုက်ကာ ထိုသူရဲ့မိုက်မဲ့တဲ့အပြုအမှုအတွက် ချီချန်အန်းကိုခွင့်လွှတ်ပေးလိုက်သည်။


ချီချန်အန်းကို သူနေ့လို့ကောင်းရဲ့လားဟု‌သူမေးတော့မယ့်အချိန်မှာပဲ သူစောင်ကိုမကာ ကုတင်ပေါ်ကဆင်းဖို့ပြင်နေတာကိုတွေ့လိုက်ရသည်။


"ခဏလေး ခင်ဗျားဘာလိုချင်လို့လဲ ကျွန်တော်ယူပေးမယ် ခင်ဗျားရဲ့အဖျားကမကျသေးဘူး"


ရွှီလော့ယန်မှာ အလွန်ကိုထိတ်လန့်သွားရပြီး သူကိုကုတင်ပေါ်ကိုပြန်ပစ်တင်ချင်သွားသည်။ချီချန်အန်းတစ်ယောက် ကြမ်းပြင်ပေါ်မှာမေ့လဲနေတဲ့ပုံရိပ်က သူစိတ်ထဲပြန်ပေါ်လာတာကြောင့်ထိတ်လန့်သွားရသည်။


သူက မကောင်းဆိုးဝါးဆိုရင်တောင်မှ စိတ်လိုက်မာန်ပါလုပ်လို့မရဘူးလေ...ဟုတ်ပြီလား။


"ကိုယ် ရေချိုးချင်လို့" 


သူနေလို့မကောင်းတာကြောင့် နည်းနည်းလောက်စိတ်မလုံမခြုံသလို ခံစားနေရပေမယ့် ရွှီလော့ယန်ရဲ့လက်ကသူ့အရှေ့မှာပိတ်တားထားတာကိုမြင်လိုက်ရတော့ ဘာလုပ်ရမလဲမသိဖြစ်သွားရကာ သူငြိမ်ငြိမ်လေးသာထိုင်နေလိုက်သည်။


"ရေချိုးမလို့လား" 


ကြည့်ရတာကူညီနိုင်မည့်နည်းလမ်းမရှိပေ၊ ထို့အပြင် တဘက်လူက စီနီယာဖြစ်ပြီး အသန့်ကြိုက်တဲ့လူလည်းဖြစ်တာကြောင့် ချွေးတွေထွက်နေတာကို သည်းခံနိုင်မည့်ပုံမပေါ်ပေ။ 


ယင်းကိုတွေးကြည့်ပြီးနောက် ရွှီလော့ယန်ကလက်ကို ဖယ်လိုက်ပြီး"ဒါဆိုလည်း သတိထား ရေချိုးခန်းထဲမေ့မလဲစေနဲ့ဦး"


ချီချန်အန်းက ခေါင်းညိတ်ပြလိုက်ပြီး ကုတင်ပေါ်ကနေထရပ်လိုက်သည်။သူအလျင်စလိုလှုပ်ရှားလိုက်တာကြောင့် သူခန္ဓာကိုယ်က နောက်စက္ကန့်မှာ ဟန်ချက်ပျက်သွားလိမ့်မည်ဟုမထင်ထားချေ၊၊


ချီချန်အန်းက ရုတ်တရတ်ကြီး သူ့ဘက်ကိုလဲကျလာတာကိုမြင်သည်နှင့် ရွှီလော့ယန်က 100%ရှိတဲ့အရှိန်ဖြင့်တုန့်ပြန်လိုက်ပြီး လက်နှစ်ဖက်စလုံးဆန့်ကာချီချန်အန်းကို ထိန်းကိုင်ပေးလိုက်သည်။သူရဲ့ခန္ဓာကိုယ်အပူချိန်က အတော်လေးကိုမြင်မားလှပြီး သူကိုကိုင်ထားရတာ အသက်ရှိနေသည့်မီးသွေးခဲတုံးကြီးကို ကိုင်ထားရတာနှင့်တူလှ၏။


သေစမ်း...ဒါဆို ချီချန်အန်းရဲ့မူလပုံစံက မီးသွေးများလား...။လောင်ကျွမ်းစေတဲ့ အမျိုးအစားလား...၊၊


သူရဲ့ပေါက်ကရအတွေးတွေအားလုံးကို အမြန်လေးဘေးဖယ်လိုက်ပြီး ရွှီလော့ယန်ကစိတ်ပူစွာဖြင့် မေးမြန်းလိုက်သည်။


"ခင်ဗျား အဆင်ပြေ....ရဲ့လား ကျွန်တော်အထင် အရမ်းကြီးတော့ မပြေလောက်ဘူး...မဟုတ်သေးပါဘူး ကျွန်တော်အရင်မေးရမှာက ခင်ဗျား ကျွန်တော်အသံကိုကြားရရဲ့လား"


ထိုအချိန်မှာ ချီချန်အန်းရဲ့မျက်လုံးကဘာမှကိုမမြင်ရတော့သည့်အပြင် အနက်ရောင်ပဲမြင်ရတော့သည်။ညာဘက်နားကလည်းဘာအသံမှမကြားရတော့ပေ။ခေါင်းကလည်းအတော်လေးကိုမူးနေတာကြောင့် စကားပြောဖို့ပင်ခက်ခဲလာသည်။


ရွှီလော့ယန်ရဲ့ လက်မောင်းပေါ်၌သူ့လက်တွေရှိနေပြီး သူကဟန်ချက်ညီဖို့ကြိုးစားရင်း ရွှီလော့ယန်မနာသွားအောင် အားကိုလည်းထိန်းဖို့ကြိုးစားနေသည်။


ယခုလိုအချိန်မျိုးဆိုလျှင် သူရဲ့စိတ်ထဲ၌အဖျက်သဘောဆောင်တဲ့ခံစားချက်တွေပြည့်နှက်နေပြီး--သူရဲ့ကျိုးပဲ့နေတဲ့ခန္ဓာကိုယ်ကြီးအား မုန်းတီးလွန်းလှသည်။ 


ပြုပြင်ထားပေမယ့် အစိတ်စိတ်အမွှာမွှာဖြစ်နေဆဲပင်။


ခက်ခက်ခဲခဲခေါင်းညိတ်ပြလိုက်ပြီူနောက် ချီချန်အန်းရဲ့ပူပြင်းလှတဲ့ ထွက်သက်ကရွှီလော့ယန်ရဲ့ပခုံးပေါ် ကျရောက်သွားပြီး နှာခေါင်းထဲ တဖြည်းဖြည်းရင်းနှီးတဲ့ရနံတစ်ခုကိုရလိုက်သည်။


သူ နည်းနည်းလောက်တွေဝေသွားရပြီး ဘယ်အချိန်ကတည်းကစပြီး သူတို့နှစ်ယောက်ရဲ့အ၀တ်တွေကိုဆယ်ပြာတစ်ခုတည်းသုံးပြီးစတင်လျှော်ခဲ့လဲကိုမသိတော့ပေ၊၊


ရနံက တကယ့်ကိုကောင်းလှသည်။


ရွှီလော့ယန်က အမြဲလေ့ကျင့်ခန်းလုပ်လေ့ရှိတာကြောင့် ချီချန်အန်းကိုအချိန်အတော်ကြာအောင်ထိန်းပေးရန် သူ့ကိုယ်သူ လူသားချိုင်းထောက်အနေဖြင့် အသုံးပြုတာမှာ ပြသနာမရှိပေ။သို့ပေမယ့် ထိုသူနောက်တစ်ကြိမ် မေ့လဲသွားမှာကို ကြောက်တာကြောင့် သူအမြန်မေးလိုက်သည်။


"ကျွန်တော်ခင်ဗျား လှဲလို့ရအောင် ကူညီပေးရမလား"


အမြင်အာရုံက ပိုပြီးကြည်လင်လာသည်။


ချီချန်အန်းက ဖြည်းဖြည်းချင်းမတ်တပ်ထရပ်လိုက်ကာ"ကိုယ်ရေချိုးလိုက်ဦးမယ် ပြီးတာနဲ့ပြန်လှဲမှာပါ ရတယ်မလား"


ရွှီလော့ယန်က စိတ်မချသေးပေ။ချီချန်အန်းတစ်ယောက် ရေချိုးနေရင်း ရေချိုးခန်းထဲမှာထပ်လဲနေမှာကိုခံစားမိတာကြောင့် အမြှီးသေးသေးလေးလိုနောက်ကနေလိုက်နေမိသည်။


ရေချိုးခန်းတံခါးပိတ်သွားသည်နှင့် တံခါး၀ကနံရံမှာရပ်ကာ အထဲကလှုပ်ရှားသံတွေကိုနားထောင်ရင်းweiboကြည့်နေလိုက်သည်။


Weiboပေါ်ကတိုက်ပွဲကတော့ ပြီးခါနီးပြီဖြစ်သည်။


နံနက်၁နာရီခန့်မှာ ယွင်ရှုရဲ့လက်ထောက်ကစာအရှည်ကြီးကိုတင်ထားပြီး စာထဲတိုက်ရိုက်ဖော်ပြထားတာကတော့ ယွင်ရှုမှာ ရွှီလော့ယန်ရဲ့အေးဂျင့်ကျန်းသုန့်နှင့်ပတ်သတ်ပြီး အငြိုးအတေးရှိကြောင်း၊ ကောလဟာလဖွတာအောင်မြင်ရန်အတွက် သူမက ရွှီလော့ယန်ကိုပစ်မှတ်ထားခဲ့တာဖြစ်ကြောင်း၊ အစီီအစဉ်ဆွဲပြီးတဲ့နောက်သူမက တမင်တကာရွှီလော့ယန်နှင့်ခန္ဓာကိုယ်ချင်းဆင်တဲ့လူကိုရှာပြီး ရွှီလော့ယန်အဖြစ်ဟန်ဆောင်ခိုင်းခဲ့ပြီး သတင်းထောက်တွေကို'ချိန်းတွေ့တာနှင့်ညဘက်အိမ်မှာတွေ့တာတို့အားဓာတ်ပုံရိုက်ခိုင်းကာ ၊Hotsearchများ၀ယ်ယူရန်ငွေသုံးစွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် သူမမှာအရံအနေဖြင့် အမျိုးသားရဲ့ကျောပြင်သာပြထားတဲ့မဖွယ်မရာပုံတောင်ရှိကြောင်းရေးထားလေသည်။


ထိုစာအရှည်ကြီးတင်ပြီးနောင် ယွင်ရှုနှင့် ရွှီလော့ယန်အယောင်ဆောင်လူစကားပြောထားသည့် screenshotများထွက်လာပြီး ဓာတ်ပုံရိုက်တဲ့အချိန်နှင့်နေရာ အပြင်ကိုမှ သက်ဆိုင်ရာအ၀တ်အစားတွေနှင့်၀တ်စုံများပင်ပါလိုက်သေးသည်။


ဖြစ်ရပ်မှန်ပေါ်လာတာနှင့် လူအုပ်ကြီးကအံအားသင့်သွားရပြီး ရွှီလော့ယန်ရဲ့ဖန်တွေကလည်း‌ပေါက်ကွဲကာတိုက်ပွဲမှာပါ၀င်ရန် အင်္ကျီလက်တောင်မှခေါက်တင်နေကြပြီဖြစ်သည်။


ဆယ်မိနစ်ပင်မပြည့်သေးခင်မှာပဲ ယွင်ရှုကသူ့ကိုယ်သူယုံကြည်မှုအပြည့်ဖြင့် သူမရဲ့လက်ထောက်အား အသိစိတ်မရှိသည့်အတွက်ဒေါသတကြီးဆဲဆိုနေကာ သူမကကျန်းသုန့်ဆီကနေငွေရထားတာကြောင့်သူမပြောသမျှအရာတွေအားလုံးကအမှားတွေဖြစ်ကြောင်းပြောလေသည်။သို့သော် လူထုရဲ့အမြင်ကပြောင်းသွားပြီဖြစ်ပြီး ဖြတ်သွားဖြတ်လာတွေကယွင်ရှုကိုအနားယူရန်တောင်ပြောနေကြပြီဖြစ်သည်။


ဒါမှပဲ သူ့မထွက်ခွာမှုကနည်းနည်းလေးကောင်းသွားမှာလေ...။


ရွှီလော့ယန်က ထိုပျင်းစရာဇာတ်လမ်းကိုကြည့်ပြီးနောက် weiboကနေထွက်လိုက်ပြီး ဆောင်းပါးရှည်မှာပါ၀င်သည့်ညစ်ညမ်းတဲ့ပုံကိုမှတ်မိသွားပြီ ကျန်းသုန့် ဘာကြောင့်ယွင်ရှုကိုမကြိုက်ရလဲဆိုတာကိုနားလည်သွားရသည်။


ယခုလိုတွေးတောပြီးတဲ့နောက် ကျန်းသုန့်ရဲ့wechatဆီ အပြေးလေးသွားကာစာတစ်စောင်ပို့လိုက်၏။


"ကျွန်တော်ရဲ့ကျန်းကောက အသက်ကြီးပေမယ့် ကျန်းမာသန်စွမ်းနေတုန်းပဲ"


သူထံ စက္ကန့်ပိုင်းလေးအတွင်း တဖက်ကနေပြန်စာပို့လာသည်။


"လစ်!"


စိတ်ထဲနေလို့ကောင်းသွားရကာ ဖုန်းကိုပိတ်လိုက်ပြီး အချိန်ကိုကြည့်လိုက်ရာ ဆယ်မိနစ်နီးပါးရှိသွားပြီကိုသူတွေ့လိုက်ရသည်။


စိတ်ပူစိတ်ဖြင့် ရေချိုးခန်းတံခါးကိုခေါက်လိုက်ရာ သိပ်မကြာခင် ချီချန်အန်းအသံကိုအထဲကနေကြားလိုက်ရသည်။


"ကိုယ် မူးမလဲသေးဘူး"


"အိုကေ ခင်ဗျားတစ်ခုခုလိုရင် ကျွန်တော်ကိုခေါ်လိုက် ကျွန်တော်တံခါး၀‌မှာရှိတယ်"


နောက်ပိုင်းတွင် ရွှီလော့ယန်က အချိန်ကိုကြည့်နေပြီး ငါးမိနစ်ခြားတစ်ခါလောက်အချက်ပြသကဲ့သို မေးနေမိသည်။ငါးကြိမ်မြောက်သူမေးချိန်တွင် နောက်ဆုံး ချီချန်အန်းကတံခါးကိုဖွင့်ကာ ထွက်လာချေပြီ။သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ရွှီလော့ယန်နှင့် ဆင်တူ၀ယ်ထားသည့် တဘက်ဖြင့်ပတ်ထားပြီး အပေါ်ပိုင်းတွင်မူ ဘာမှမပါပေ။မခြောက်သေးတဲ့ရေတွေက


သူရဲ့ကျစ်လစ်တဲ့ရင်ဘတ်နှင့်၀မ်းဗိုက်သားတွေပေါ်လှပစွာစီးကျနေသည်။


ရွှီလော့ယန်မှာ ယင်းက အနုပညာရဲ့အလှတရားကိုအသိမှတ်ပြုသည့်မျက်လုံးများဖြင့်အကြိမ်အနည်းငယ်လောက်ကြည့်လိုက်ပြီးမှ အမြန်အင်္ကျီတစ်ထည်သွားယူလိုက်ပြီး"ခင်ဗျားက ဖျားနေသေးတယ်လေ လူနာတစ်ယောက်လိုနေစမ်းပါ"


သူရဲ့ဖြူဖျော့ဖျော့နှုတ်ခမ်းထက် အပြုံးတစ်ခုပေါ်လာပြီး ချီချန်အန်းကသူ့တွဲဖက်ရဲ့ဂရုစိုက်မှုနှင့်အာရုံစိုက်ပေးမှုကို တိတ်တိတ်လေး သဘောကျနေကာ ကြယ်သီးတပ်ပေးနေတာကိုအတော်လေးပူးပေါင်းဆောင်ရွက်ပေးလိုက်သည်။သူ့တို့ တစ်ယောက်နှင့်တစ်ယောက်နီးနီးကပ်ကပ်ရပ်နေကြတာကို ရွှီလော့ယန်နည်းနည်းထူးဆန်းတယ်ဟုခံစားလိုက်ရပြီး သူတောင်မသိလိုက်ဘဲနောက်ပြန်ဆုတ်ဖို့ကြိုစားနေတဲ့အချိန်မှာ ချီချန်အန်းပြောတာကိုကြားလိုက်ရသည်။


"ရေချိုးဆပ်ပြာရနံက အတော်လေးကောင်းတာပဲ"


ယခုလို ပြောလိုက်တာကြောင့် ရွှီလော့ယန်က သူ့အာရုံကိုပြန်စုစည်းနိုင်သွားသည်။ရွှီလောယန်ရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပူလာကာ ချီချန်အန်း ခန္ဓာကိုယ်ရဲ့အစိုဓာတ်ဓာတ်ကိုတဖြည်းဖြည်းခံစားမိလာပြီး ပေါ့ပါးတဲ့သစ်သားရနံက သူ့ကိုပိုက်ကွန်ထဲထုပ်ပိုးထားသလို တဖြည်းဖြည်းရစ်ပတ်လာ၏။


နောက်ဆုံးချီချန်အန်းဘက်ကအရင်တစ်လှမ်းဆုတ်လိုက်ပြီး"ကိုယ် ခေါင်းနည်းနည်းမူးနေသေးတယ် ကိုယ့်ကိုကူညီပေးနိုင်မလား"


ရွှီလော့ယန်ခမျာ အသိစိတ်ပြန်၀င်သွားပြီး အမြန်သူ့လက်ကိုဆန့်ပေးလိုက်သည်။


နောက်နေ့မနက်ပိုင်း ချီချန်အန်း နိုးနေကျအချိန်အတိုင်း နိုးလာခဲ့ပေမယ့် သူ့ခေါင်းကမူးနေသေးသည်။သူ့တွင် အဖျားငွေ့ငွေ့လေးရှိနေဆဲဖြစ်ပြီး ခြေလက်တွေလည်းကိုက်ခဲနေကာ ညာဘက်လက်မောင်းရှိအရေပြားက အထိမခံဖြစ်ကာ နည်းနည်းနာနေသေးသည်။


သူအ၀တ်စားလဲပြီး အိပ်ခန်းထဲကနေထွက်လာချိန်တွင် ရွှီလော့ယန်တစ်ယောက် မီးဖိုချောင်ထဲမှာရပ်ပြီးအလုပ်လုပ်ကာ သီချင်းညည်းနေတာကိုတွေ့လိုက်ရသည်။


သူက နံရံကိုဖြည်းညင်းစွာမှီလိုက်ရင်း ချီချန်အန်းရဲ့မငြိမ်မသက်ဖြစ်နေတဲ့စိတ်တွေက တဖြည်းဖြည်းကွယ်ပျောက်သွားသည်။ သူ့မျက်ခွံတွေအားတ၀က်လောက်ပိတ်ထားမိကာ သူရဲ့နားထဲနူးနူးညံညံသီချင်းညည်းနေသည့်အသံ၊ ပြတင်းပေါက်အပြင်ဘက်က တောက်ပနေတဲ့ မနက်ခင်းရဲ့အလင်းရောင်၊ ယင်းတို့ကိုခံစားရင်း ခဏတာလောက် သူ့ခြေလက်တွေ ကိုက်ခဲနာကြင်နေတာသက်သာသွားရ၏။


ရွှီလော့ယန်က ကင်မရာနှင့်သူများကစိုက်ကြည့်တာကိုအကဲဆတ်လွန်းတာကြောင့် သူကိုတစ်ယောက်ယောက်က စိုက်ကြည့်နေတယ်လို့ခံစားလိုက်ရသည်။ သူ့လှည့်ကြည့်လိုက်သည့်အခါ ချီချန်အန်းက နံရံမှာမှီပြီး မှေးနေတာကိုတွေ့လိုက်ရတာကြောင့် သူ့ကနှုတ်ဆက်လိုက်သည်။


"မင်္ဂလာနံနက်ခင်းပါ ခင်ဗျားသက်သာရဲ့လား"


သူ့အကျင့်အတိုင်း ညာဘက်လက်ကိုယမ်းပြလိုက်ပေမယ့် ယခုတစ်ကြိမ်တွင်မူ သူကမီးဖိုချောင်သုံး ဓားတစ်ချောင်းကိုကိုင်ထားပြီး ဓားရဲ့မျက်နှာပြင်ကလည်းပြောင်လတ်နေတာကြောင့် မင်္ဂလာနံနက်ခင်း လို့ပြောတာနှင့်မတူဘဲ "ခင်ဗျားကို အပိုင်းပိုင်းခုတ်ပြီးသတ်ပေးရမလား"လို့မေးနေတာဖြင့်တူလှသည်။


မတ်မတ်ရပ်လိုက်ကာ ချီချန်အန်းကသူဆီကိုလျှောက်သွားလိုက်သည်။


သူမျက်လုံးထဲတွင် သဘာ၀ကျကျ အပြုံးတစ်ခုရှိနေကာ"အတော်လေးသက်သာလာပါပြီ ဒါနဲ့ မင်းဘာလုပ်နေတာလဲ"


"ကျွန်တော်ရဲ့အကျွမ်းကျင်ဆုံးလက်ရာတွေထဲက တတိယတစ်ခုဖြစ်တဲ့ သကြားခရမ်းချဉ်သီးဟင်း ချက်နေတာလေ"


ရွှီလော့ယန်က လောလောလတ်လတ်လှီးထားသည့် ခရမ်းချဉ်သီးတွေကိုပြကာ သကြားပုလင်းကိုဖွင့်လိုက်သည်။


"ခင်ဗျာစအဖျားကြီးဖျားပြီးရင် ပေါ့ပေါ့ပါးပါးဖြစ်တဲ့တစ်ခုခုကိုစားတာပိုကောင်းတယ် ရေခဲသေတ္တာထဲမှာ ခရမ်းချဉ်သီးသုံးလုံးပဲကျန်နေတော့လို့လေ ဒါနဲ့ ကျွန်တော်အားလုံးကိုထုတ်လာလိုက်တယ်"


ယခုတစ်ကြိမ်တွင်လည်း ခရမ်းချဉ်သီးဟင်းဆိုတာကို ကြည့်ပြီး ချီချန်အန်းက မျက်ခုံးပင့်လိုက်ကာ "မင်း ခရမ်းချဉ်သီးကိုအရမ်းကြိုက်တာလား"


အဖုံးပြန်ဖုံးနေသည့်လက်ကရပ်သွားကာ ရွှီလော့ယန်က ဘာမှမဖြစ်သလို သကြားပုလင်းကိုသူ့နေရာမှာသူပြန်ထားလိုက်ပြီး "ကျွန်တော် မိသားစုက ခရမ်းချဉ်သီးကိုကြိုက်ကြတယ်လေ အထူးသဖြင့် ကျွန်တော် မားပေါ့"


သူကအသာရယ်မောလိုက်ကာ "ကျွန်တော်ပြောပြဖူးလားတော့မသိဘူး ကျွန်တော် ပါးက ဒါရိုက်တာ ကျွန်တော် မားက ဇာတ်ညွှန်းရေးဆရာမလေ သူတို့နှစ်ယောက်စလုံးက ဈာန်၀င်စားလာရင် ကျွန်တော်ကိုလုံ၀ဂရုမစိုက်တော့တဲ့လူစားမျိုးတွေပဲ ဒါပေမဲ့ ကျွန်တော်မားက ကျွန်တော်ကသားအရင်းမဟုတ်ဘူးလို့ ကိုယ့်ဘာသာကိုယ်ထင်ပြီး အိမ်ကနေထွက်ပြေးမှာကိုအမြဲစိုးရိမ်နေတတ်တယ်လေ သူမရဲ့အရမ်းများလွန်းတဲ့အလုပ်ချိန်ဇယားတွေကြောင့် အမြဲတမ်း ဇာတ်ညွှန်းရေးဖို့မသွားခင် ကျွန်တော်အတွက်စားဖို့တစ်ခုခုကိုအမြန်လုပ်ပေးတတ်တယ် အဲ့လိုလုပ်ပေးတဲ့ဟင်းတော်တော်များကလည်း သကြားနဲ့ခရမ်းချဉ်သီးဟင်းတွေချည်းပဲ"


ချီချန်အန်းက ရွှီလော့ယန်ကမ်းပေးသည့်တူအားယူကာ တစ်စိတ်အားသူ့ပါးစပ်ထဲကိုထည့်လိုက်သည်။


ချိုချိုချဉ်ချဉ်အရသာက ချက်ချင်းသူရဲ့အရသာခံနိုင်တဲ့အဖုလေးအားရစ်ပတ်သွားပေမယ့် ရွှီလော့ယန်ကသူ့အား စိတ်လှုပ်တရှားဖြင့် ကြည့်နေတာကိုမြင်ပြီး သူမပြောခင် တမင် အချိန်ဆွဲလိုက်မိ၏။


"...အရသာရှိတယ်"


ရွှီလော့ယန်က ၀မ်းသာအားရဖြင့် သူကိုယ်တိုင် တစ်စိတ်မြည်းကြည့်လိုက်ပြီးနောက် ကျေနပ်နှစ်သိမ့်မှုကြောင့်မျက်လုံးတွေပါမှေးစင်းသွားရကာ"ကျွန်တော် ရဲစခန်းကနေပြန်လာရင် ထပ်၀ယ်လာခဲ့ပေးမယ်"


"အင်း...ကောင်းတယ်"


မနက်စာ စားပြီးနောက် ရွှီလော့ယန်က ရဲစခန်းကိုအပြေးအလွှားသွားကာ ချီချန်အန်းကဆရာကြီးကျွမ်းအားဖုန်းဆက်ကာ ခွင့်ယူပြီး အိမ်မှာနေကာ ဇာတ်ညွှန်းဖတ်နေလိုက်သည်။


ဆယ်နာရီလောက်တွင် တံခါးခေါက်သံကြားလိုက်ရသည်။


သူ့အေးဂျင့် လျန်ချိုးအားတံခါးဖွင့်ပေးလိုက်ပြီးနောက် ချီချန်အန်းက သတိပေးလိုက်သည်။


"ဖိနပ်ချွတ်ဖို့မမေ့နဲ့ လော့ယန်က ဒီမနက်ကမှကြမ်းတိုက်ထားတာ"


ပြောပြီးနောက် ဆိုဖာပေါ်ပြန်ထိုင်လိုက်ပြီး ဇာတ်ညွှန်းဆက်ဖတ်နေလိုက်သည်။


လျန်ချိုးက ထသွားထလာ၀တ်စုံကို၀တ်ဆင်ထားပြီး ရွှေကိုင်းနှင်းမျက်မှန်ကို၀တ်ဆင်ထားတာကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် စာအုပ်သမားပုံပေါက်လေသည်။


သူကကော်ဖီတင်စားပွဲပေါ်သို့ အဖြူရောင်အိတ်တစ်လုံးချလိုက်ကာ"သခင်လေးချီ ဒါက သခင်လေးရဲ့ဆေးတွေပါ"


ချီချန်အန်းက မျက်လုံးတစ်ချက်ပင်လှန်မကြည့်ဘဲ ခေါင်းသာညိတ်ပြပြီး"ပင်ပန်းသွားပြီ"ဟုပြောလိုက်သည်။


သူရဲ့အခုလောလောဆယ်ဆယ်ပုံစံက ရွှီလော့ယန်နှင့်အတူရှိနေစဉ်ကထက် အများကြီးအေးတိအေးစက်ဖြစ်နေကာ သူရဲ့မျက်လုံးထောင့်ရှိစူးရှမှုတွေကအတော်ကိုသိသာလေသည်။


"ဒါကျွန်တော် လုပ်သင့်တာပါ"


လျန်ချိုးက သူ့ဘေးကဆိုဖာပေါ်၌ထိုင်လိုက်ကာ တလေးတစားအကြည့်ဖြင့်"အကြီးဆုံးသခင်လေးက သခင်လေးရဲ့ကျန်းမာရေးကိုစိုးရိမ်နေတယ် သိပ်မကြာခင် ဆေးစစ်ဖို့အတွက် Montrealကိုပြန်လာဖို့သေချာမှာလိုက်တယ်"


သူကမေးခွန်းကိုပြန်မဖြေပေမယ့် ချီချန်အန်းရဲ့လေသံကနည်းနည်းပျော့ပျောင်းသွားကာ"အစ်ကိုကြီးကော ဘယ်လိုလဲ"


"အကြီးဆုံးသခင်လေးက နေကောင်းပါတယ် ဒါပေမယ့် သခင်လေးကို စိတ်ပူနေတယ်"


သူရဲ့မျက်လုံးတွေကဇာတ်ညွှန်းပေါ်ရောက်နေပေမယ့် တစ်လုံးမှမဖတ်ရသေးပေ။


ချီချန်အန်းကခဏလောက်တိတ်သွားပြီးတော့မှ"ငါ့အစားသူ့ကိုပြောလိုက် တရုတ်မှာနည်းနည်းကြာအောင်နေဦးမယ်လို့"


"အဲ့ဒါဆို ဆေးစစ်ဖို့ကကော"


"ငါ နောက်ရက်အနည်းငယ်ကြာရင် တချို့အခန်းတွေပြန်ရိုက်ဖို့ ကယ်လီဖိုးနီးယားကိုလာရမှာ အဲ့အခါကျရင်ပြန်လာခဲ့မယ်"


လျန်ချိုးက သက်ပြင်းချလိုက်ပြီး "ကောင်းပြီ ကျွန်တော် အကြီးဆုံးသခင်လေးကိုပြောလိုက်ပါ့မယ်"


သို့ပေမယ့် သူ့သက်ပြင်းချလို့မပြီးခင်မှာဘဲ ချီချန်အန်းက ဆက်ပြောတာကိုကြားလိုက်ရသည်။


"မနေ့ညက ငါဗိုက်အောင့်ပြီးတော့ အ‌ဖျားကြီးတယ်40°နီးပါးရှိတယ် သတိလစ်သွားတယ် ငါ ပြန်နိုးလာတော့ ငါရဲ့ညာဘက်မျက်လုံးကနည်းနည်းဝါးပြီး ညာဘက်နားကဆယ်မိနစ်လောက်ဘာမှမကြားရတော့ဘူး ဒါကြောင့် အိမ်ကဆရာ၀န်ကိုအဲ့ကိစ္စ ဂရုစိုက်ပြီးစစ်ဆေးပေးဖို့ပြောထားတယ်"


လျန်ချိုးက ရုတ်တရတ်ထိတ်လန့်သွားရပြီး"သခင်လေးရဲ့နားနဲ့မျက်လုံးတွေက သက်သာသွားပြီမဟုတ်ဘူးလား"


ထိုစကားလုံးတွေ ထွက်ကျသွားအပြီး ချီချန်အန်းရဲ့မျက်လုံးတွေက သူ့ကိုတစ်ချက်ကြည့်လိုက်သည်နှင့် သူပင်မသိလိုက်ဘဲ ငြိမ်ကျသွားရသည်။


ထိုအချိန်မှာ ဖုန်းသံမြည်လာသဖြင့် ချီချန်အန်းက ကိုင်လိုက်သည်။


"လော့ယန်"


ဖုန်းထဲကနေတဆင့် ရွှီလော့ယန်ရဲ့ရွှင်မြူးနေသည့်အသံကိုကြားနေရ၏။


"ကျွန်တော်ရဲစခန်းကလုံခြုံရေးအစောင့်ဦလေးကြီးတွေကိုမေးလိုက်တာ အရမ်းကောင်းတဲ့ဆန်ပြုတ်ဆိုင်ရှိတယ်တဲ့ ကျွန်တော်ပါဆယ်၀ယ်လာပြီး ခင်ဗျားနဲ့အတူတူနေ့လည်စာစားဖို့ပြန်လာမယ်လေ...


ကျွန်တော် သိတယ် ကျွန်တော်သိတယ် ခင်ဗျားကအစားအသောက်ဂျီးများတဲ့သူပဲ ပဲနီ၊ပဲစိမ်း၊ပဲနက်၊ပဲဝါ၊မြေပဲ၊ကြာစေ့၊သကြား၊ကြက်ဥ၊ပင်လယ်စာ၊ငါး၊မုန်လာဥဖြူ၊နေ့လည်စာဘူး မစားဘူးဆိုတာ"


ရွှီလော့ယန်ကအသံတိုးတိုးဖြင့် စောတကတတ်လိုက်သေးသည်။


"တော်တော်အစာရွေးတာပဲ ခင်ဗျားဘာလို့ ကောင်းကင်ဘုံကို ကြွလှမ်းမစံမြန်းသေးတာလဲ"


ချီချန်အန်းကပြုံးရုံသာပြုံးလိုက်ပြီး"ကျေးဇူး...နေ့လည်ကျရင်စောင့်နေမယ်"


ထိုင်ကြည့်နေတဲ့ လျန်ချိုးက နေရင်းထိုင်ရင်း ဂနာမငြိမ်ဖြစ်လာရသည်_အကြီးဆုံးသခင်လေးရေ...မင်းရဲ့ညီလေးကလူစားအလဲခံလိုက်ရပြီလားမသိဘူး ကျွန်တော်အရှေ့က စိတ်ရှည် နူးညံပြီး ပြုံးရယ်နေတဲ့လူကအတုပဲဖြစ်ရမယ်...




_____


Translated By IQ-Team.