အပိုင်း ၁၂
Viewers 5k

Chapter 12



ချီချန်အန်းထံမှ ဘာမှမဖြစ်ဘူးလို့ပြောသံကြားသည်နှင့် ရွှီလော့ယန်က ထပ်မမေးတော့ဘဲ သဘာ၀ကျကျခေါင်းစဉ်ပြောင်းလိုက်ကာ လွန်ခဲ့တဲ့နှစ်ရက်ကရဲစခန်းမှာဖြစ်ပျက်ခဲ့တာတွေကိုပြောပြနေလိုက်သည်။အံဩစရာကောင်းသည့်အပိုင်းတွေအကြောင်းကိုပြောရင် သူကိုယ်တိုင် ဇာတ်ကောင်ငါးခုနေရာလောက် သရုပ်ဆောင်ပြီးတော့ကို နှိမ့်ချစွာဖြင့်သူရဲ့ခိုင်မာလှတဲ့စကားပြောစွမ်းရည်ကို ပြသပေးသည်။


ချီချန်အန်းရဲ့အသံထဲ ရယ်မောသံလေးပါလာတာကြားလိုက်မှသာ ရွှီလော့ယန်စိတ်အေးသွားရ၏။


သို့သော် ချီချန်အန်းကနိုင်ငံခြားမှာတစ်ယောက်ထဲ၊ သူ့မှာမ‌ကျေနပ်စရာတွေပြောပြဖို့ လူလည်းမရှိ၊ ရိုက်ကူးရေးအတွက် ဖျားနာနေတဲ့ခန္ဓာကိုယ်ကို သယ်ပြီးသွားရတာကို သူ့တွေးမိပြီးနောက် စိတ်မကောင်းဖြစ်သွားရသည်။နိုင်ငံခြားကအစားအသောက်တွေက အတော်လေးကိုဆိုးဝါးလှသည်။အစားရွှေးသူတို့ရဲ့ဘုရင် ချီချန်အန်းက လုံလုံလောက်လောက်တောင်စားရရဲ့လားဆိုတာသူမသိပေ။


အိုး...ဟုတ်တယ် ပြီးတော့ မကောင်းဆိုးဝါးတွေကြားမှာလည်း ခွဲခြားဆက်ဆံခံရတာမျိုး သေချာပေါက်ရှိမှာပဲ...အကယ်လို့များ သနားစရာကောင်းတဲ့ ချီချန်အန်းလေးက ဒေသခံမကောင်းဆိုးဝါးတွေဆီကနေ ဝိုင်းကျဥ်တာမျိုးခံနေရရင်ကော...တွေးလေတွေးလေ ထိုသူရဲ့သနားစရာကောင်းတဲ့အချက်တွေက အဆမတန်တိုးပွားလာလေလေပင်။


ဇာတ်ညွှန်းအကြောင်း မိနစ်အတော်အတန်ကြာပြောပြီးနောက် ရွှီလော့ယန်ကရုတ်တရတ်ထပြောလိုက်သည်။


"ကျွန်တော်လေ အဆိုတော် ဒါမှမဟုတ် အနာဂတ်မှာမင်းသားတစ်လတ်သာဖြစ်မလာဘူးဆိုရင် ကျွန်တော်က လူရွှင်တော်တစ်ယောက်ဖြစ်လာနိုင်တယ်သိလား ကျွန်တော်သာ တိုင်းပြည်အနှံဟာသဖျော်ဖြေရေးခရီးစဉ်လှည့်ဖြစ်ခဲ့ရင် ကျွန်တော် ခင်ဗျားကို ပထမဆုံးအတန်းရဲ့အလယ်ကVIP လက်မှတ်ကိုပေးမယ် သိလား"


ချီချန်အန်းရဲ့ ရယ်သံက နည်းနည်းလေးရှတတဖြစ်နေကာ"ကိုယ် သေချာပေါက်ပွဲတိုင်းကိုလာမှာ"


"ဒါပေါ့ ခင်ဗျား ကျွန်တော်အတွက် ပန်းခြင်းအကြီးကြီးလည်းပို့ပေးရမှာနော်"


ချီချန်အန်းအား သူ့ ချင်းချောင်ဇာတ်ကောင်ကို ဆက်ပြီးထိန်းထားမနိုင်တော့ဘဲ အစားထိုးခံရနိုင်သည်ဆိုတဲ့အ‌ကြောင်း၊သူ ချီချန်အန်းနှင့် ဇာတ်ကားမှာအတူတူသရုပ်မဆောင်နိုင်တော့မည့်အကြောင်း သူပြောပြလိုက်ချင်၏။


သို့ပေမယ့် သူ့ပါးစပ်ဟလိုက်ပြီး နောက်ဆုံး ချီချန်အန်းအားမေးလိုက်သည်က-"ပြောပါဦး လူကြီးမင်းချီ ကျွန်တော်နဲ့သရုပ်ဆောင်ရတာကို သဘောကျလား"


သူတစ်ခုခုကို သေချာစေလို၍ဖြစ်သည်။


"အင်း" 


ချီချန်အန်းက မဆိုင်းမတွပြန်ဖြေသည်။


"ကိုယ် မင်းနဲ့သရုပ်ဆောင်ရတာကို စွဲလမ်းနေပြီ"


ရွှီလော့ယန်ရဲ့မျက်လုံးတွေက ရုတ်ချည်းဆိုသလိုစိုစွတ်လာရပြီးစောင်ပါးပါးလေးအား သူ့အပေါ်ဆွဲခြုံကာ သူ့ခန္ဓာကိုယ်အားကွေးလိုက်ပြီးနောက် လှဲချလိုက်သည်။


သူ့အသံကနည်းနည်းတိုးသွားပေမယ့် ပေါ့ပါးနေတုန်းပင်။


"ကျွန်တော်လည်း ခင်ဗျားနဲ့သရုပ်ဆောင်ရတာကိုစွဲလမ်းနေပြီ ကျွန်တော်မှာမသိရင် စိတ်ကစဉ့်ကလျားဖြစ်သလိုတောင်ခံစားနေရပြီ တစ်ခါတစ်လေ ကျွန်တော်ကရွှီလော့ယန်ရော ဟုတ်ရဲ့လားဆိုတာကိုတောင်သံသ၀င်မိနေပြီရယ်" 


သူအဆုံးသတ်စကားကို အလေးပေးပြီးဖိပြောလိုက်သည်။


"ဒါကြောင့် ကျွန်တော် ခင်ဗျားနဲ့အပြိုင်သရုပ်ဆောင်ရတာကိုသဘောကျတယ်"


အဲ့ဒါကြောင့် ကျွန်တော် ဒီဇာတ်ကောင်ကို လုံး၀လက်မလွှတ်နိုင်ဘူး...။


"အင်း...ကိုယ်သိပါတယ်"


ချီချန်အန်းက ဖြည်းညင်းစွာအသံရှူသွင်းလိုက်ကာ"ဘာလို့လဲဆိုတော့ ကိုယ်လည်းအဲ့လိုပဲလေ"


ဖုန်းပြောတာက အတော်လေးကြာမြင့်သွားသည်။ရွှီလော့ယန်ရဲ့အသက်ရှူသံတည်ငြိမ်သွားတာကို စောင့်နေပြီး အိပ်ပျော်သွားတာ သေချာပြီဆိုမှ ချီချန်အန်းဖုန်းချလိုက်သည်။


သူ့ခန္ဓာကိုယ်က အတော်လေးပင်ပန်းနေပြီဖြစ်သည်။သူ့ပခုံးတွေကတောင့်တင်းနေပြီး နာကျင်တဲ့ဝေဒနာကိုခံစားနေရသည်။သို့သော် သူနေ့ရောညပါ ရိုက်ကူးရေးလုပ်နေရတာကြောင့် သူရဲ့ဇီ၀နာရီတွေကလုံးလုံးရှုပ်ထွေးသွားပြီး သူအိပ်ပျော်နိုင်ဖို့အချိန်အတော်လေးကြာသွား၏။


ချီချန်ယင်းက ချီချန်အန်းကိုလာပြီးနိုးချိန်တွင် သူတံခါးဖွင့်လိုက်သည်နှင့် မသဲမကွဲအသံတစ်ခုကိုကြားလိုက်ရသည်။ သူ ကုတင်နားကိုအမြန်‌သွားလိုက်ပြီး ကုတင်ဘေးကမီးအိမ်ရဲ့မှိန်ဖျော့ဖျော့အလင်းရောင်ထဲ ချီချန်အန်း၏နဖူးပေါ်၌ ချွေးအေးများထွက်နေတာကိုတွေ့လိုက်ရသည်။သူ့မျက်ခုံးတွေက တွန့်ကြုတ်နေပြီး အိပ်ပျော်နေရငလှုပ်လှုပ်ရှားရှားဖြစ်နေပုံက အိမ်မက်ဆိုးမက်နေမှန်း သိသာလွန်းလှသည်။


ကိုယ်ကို ကိုင်းပြီးနားထောင်တော့မှ သူဘာ‌တွေပြောနေတာလဲဆိုတာကို ရှင်းရှင်းလင်းလင်းကြားလိုက်ရပြီး တဆက်တည်းဆိုသလို ချီချန်ယင်းရဲ့ခန္ဓာကိုယ်ကရုတ်တရတ်တောင့်တင်းသွားရသည်။


ချီချန်အန်းရဲ့အသံက ကြောက်ရွှံနေပုံရကာ ထပ်တလဲလဲပြောနေသည်။


"မား တကယ်ကျွန်တော်နေမကောင်းတာမဟုတ်ရပါဘူး မား"


ချီချန်အန်းကအသက်ဆယ်နှစ်နှစ်အရွယ်ကတည်းက အင်္ဂလန်ကဘော်ဒါကျောင်းမှာပညာသင်ကြားခဲ့ရတာဖြစ်ပြီး တစ်နှစ်မှာနှစ်ကြိမ်လောက်သာပြန်လာတတ်သည်။


Westminsterတက္ကသိုလ်မှာစီးပွားရေးမေဂျာဖြင့်၀င်ခွင်ရပြီးနောက်ပိုင်း သူ့‌ကျောင်းစာတွေနှင့်အလုပ်ပိုများလာခဲ့သည်။ပြီးနောက် တိုက်ဆိုင်မှုတစ်ခုကြောင့် လန်ဒန်ကဒါရိုက်တာတစ်ယောက်ဆီကနေ auditionဖြေဖို့ဖိတ်ကြားခြင်းခံခဲ့ရသည်။


"The Blizzard"ဇာတ်ကားမှာပါ၀င်ပြီး‌နောက် သိပ်မကြာခင်မှာပဲ"Desperate Hunter"ဇာတ်ကားကိုရိုက်ကူးခဲ့ပြီး သူကရိုက်ကွင်းမှာပဲစားသောက်နေထိုင်ခဲ့၏။


ချီချန်ယင်းကသူ့ညီ ရိုက်ကူးရေးတွေဖြင့် အလုပ်ရှုပ်နေတာကြောင့် အိမ်ကိုမကြာခဏပြန်မလာနိုင်တာလို့သာ ထင်ခဲ့မိသည်။ဆယ့်လေးနှစ်ပင်ကြာညောင်းသွားပြီဖြစ်တာကြောင့် အချိန်ကအရာအားလုံးကိုတိုက်စားသွားပြီဟု သူထင်ခဲ့သော်လည်း ယနေ့ ချီချန်အန်းရဲ့အိမ်မက်ဆိုး‌ကြောင့်ညည်းသံက သူ့ကို တစ်စုံတစ်ခုနားလည်သဘောပေါက်သွားစေသည်။


ဤအခန်းထဲမှာအိပ်နေရတာကိုက သူ့အတွက် နှိပ်စက်ညှဥ်းပန်းခံရသလိုဖြစ်နေသည်။


သူ့စိတ်ခံစားချက်တွေကိုဖုံးကွယ်လိုက်ပြီး"ချန်အန်း ထပြီးညစာစားတော့" 


ချီချန်ယင်းက ထိုသို့ပြောရန်အတွက် သူလေသံကိုလျှော့ဖို့လုပ်လိုက်ချိန်တွင် အနည်းငယ်ကျင့်သားမရသလိုခံစားလိုက်ရသည်။ သူပြောပြီးသည်နှင့် ချီချန်အန်းက အိပ်ပျော်နေတဲ့လူမဟုတ်သလိုမျိုး မျက်လုံးတွေပွင့်လာသည်။ သူမျက်လုံးတွေထဲ သတိနှင့် သက်တောင့်သက်သာမရှိသည့်အရိပ်အယောင်များသာရှိနေ၏။


"လော့..."


သူအရှေ့ကလူကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတော့မှသာ ချီး

ချန်အန်းက စကားပြောတာရပ်တန့်လိုက်ကာ ဖြည်းဖြည်းချင်းထထိုင်ပြီး သူ့နဖူးကိုပွတ်သတ်ရင်း စကားဆိုလိုက်သည်။


"ကော ဘယ်အချိန်ရှိနေပြီလဲ"


"ငါးနာရီထိုးပြီ မီးဖိုချောင်က ညစာတောင်ပြင်ပြီးနေပြီ မင်းစားချင်ရင် စားလို့ရပြီ ခေါင်းကိုက်နေသေးလား"


ချီချန်အန်းရဲ့နီရဲနေတဲ့မျက်လုံးတွေကိုမြင်သည့်အခါ ချီချန်ယင်းမှာပိုလို့ပင် စိတ်မကောင်းဖြစ်သွားရသည်။


"ကျွန်တော် ခဏလောက်အိပ်လိုက်တာ အခု သက်သာသွားပါပြီ စိတ်မပူပါနဲ့"


ချီချန်အန်း ပြောလိုက်ပြီးနောက် စောင်ကိုမကာ အိပ်ယာကနေထလိုက်သည်။ နည်းနည်းယိုင်သွားတာ‌ကြောင့် သူ့နောက်က ကုတင်တိုင်အားတိတ်တိတ်လေး ကိုင်လိုက်ရ၏။


သူရဲ့လှုပ်ရှားမှုသေးသေးလေးအား မမြင်ချင်ယောင်ဆိုင်ကာ ချီချန်ယင်းက မီးကိုဖွင့်လိုက်ပြီး"ဒေါက်တာဟိုလ်မန်းကို ညစာစားပြီးတာနဲ့လာခိုင်းပြီး တတ်နိုင်သမျှမြန်မြန်လေးစစ်ဆေးခိုင်းဖို့ စီစဉ်လိုက်မယ် အဆင်ပြေလား"


ချီချန်အန်းခေါင်းညိတ်ပြကာ"ကောင်းပြီလေ"


ချင်းလီမြို့ ..


အကင်တွေလာချချိန်တွင် ရွှီလော့ယန်က ၀က်သားအားခဏလောက်စိုက်ကြည့်သွားမိပေမယ့် နောက်ဆုံး ဒါရိုက်တာကျန်းရဲ့ပန်းကန်ထဲကို နာကျင်နေသည့်ပုံဖြင်ထည့်ပေးလိုက်ကာ" စားပြီးရင် အကင်ချောင်းလေးကျွန်တော်ကိုပေးလို့ရမလား စားချင်ယောင်ဆောင်ချင်လို့ပါ"


"မင်း အကင်နှစ်ချောင်းလောက်တောင်မစားဘူးလား တကယ်ပါပဲ ငါ့မင်းကို လျှိုဝှက်ထားပေးမယ်လေ ကျန်းသုန့်ကိုလည်းပြန်မပြောဘူး ဘယ်လိုလဲ"


ဒါရိုက်တာကျန်းက လှောင်ပြုံးတစ်ခုဖြင့်ဘီယာဘူးကိုဖွင့်ကာ ရွှီလော့ယန်ကိုလည်း သောက်ရန်တိုက်တွန်းနေသည်။


ဒါရိုက်တာကျန်းရဲ့နာမည်အပြည်အစုံကတော့ ကျန်းပေါ်ချန်းဖြစ်လေသည်။သူကအသက်လေးဆယ်စွန်းစွန်လောက်သာရှိသေးကာ ရိုက်ကွင်းမှာမဟုတ်ပါလျှင် သူက ဖိုသီဖတ်သီနေတတ်တဲ့ဦလေးကြီးသာဖြစ်လေသည်။


သူက ကော်လာပါသည့်အားကစားအင်္ကျီ၊နက်ပြာရောက်ဘောင်းဘီတိုဖြင့် ခြေညှပ်ဖိနပ်ကိုစီးထားပုံက အကင်ဆိုင်၏လေထုဖြင့်အတော်လေးလိုက်ဖက်ညီလှသည်။


"မရဘူး ကျွန်တော်ကတောင့်တောင့်တင်းတင်းဖြစ်ချင်လို့"


ရွှီလော့ယန်က သွေးဆောင်မှုကိုတော့ခံနိုင်ရေရှိပေမယ့် ၀က်သားမစားရတာကြောင့် အဆုံးတွင် စပျစ်သီးကိုသာအားရပါးရကိုက်လိုက်သည်။ ထို့ကြောင့် သူလျှာမှာဆိုးဆိုးရွှာရွှားအပူလောင်သွားကာ မျက်ရည်တွေပင်ဝဲလာရသည်။


ဒါရိုက်တာကျန်းက ရွှီလော့ယန်အတွက် ဆေးဖက်၀င်လက်ဖက်ရည်တစ်ခွက်ထည့်ကာ ပေးလိုက်ပြီး ဘီယာတစ်ငုံလောက်သောက်ကာဆိုလာ၏။


"မင်း ဒီနေ့ ငါ့ကိုဇာတ်ကောင်အကြောင်း မေးချင်လို့မှတ်လား"


"ဟုတ်ကဲ့"


ရွှီလော့ယန် ခေါင်းညိတ်ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး"ရှစ်ယွမ်ဟောက်ကလည်း ချင်းချောင်ဇာတ်ကောင်ကိုလိုချင်တယ်လို့ အစ်ကိုကျန်းဆီကနေကြားတယ်"


"သတင်းက အမှန်ပဲ လွန်ခဲတဲ့ရက်အနည်းငယ်လောက်က သူရဲ့အေးဂျင့်က အဆက်အသွယ်တွေကနေတစ်ဆင့် ငါ့ဆီကိုရောက်လာတယ်"


သူ့စိတ်ထဲ နည်းနည်း မသက်မသာဖြစ်သွားရပေမယ့် ရွှီလော့ယန်က လက်ဖက်ရည်ကိုသာဆက်သောက်နေလိုက်သည်။သူ့မျက်နှာအမူအယာကခံစားချက်တစ်ခုလေးတောင်မရှိဟန်ဖြင့် တည်တင်းစွာမေးလိုက်သည်။


" အဲ့ဒါကို ဒါရိုက်တာဘယ်လိုထင်လဲ"


"ငါကလား ချက်ချင်းပြန်ပြောလိုက်တယ်လေ ရှစ်ယွမ်ဟောက်က ချင်းချောင်ဇာတ်ရုပ်နဲ့မလိုက်ဘူးဆိုတာကော သူ့သရုပ်ဆောင်စွမ်းရည်က ငါ့စံနှုန်းကိုမမှီသေးဘူးလေ သူ ဒီထက်ပိုပြီးကောင်းအောင်လုပ်ဖို့နည်းနည်းလိုသေးတယ်"


ရွှီလော့ယန် အသာရယ်မောလိုက်ကာ"ဒါဆိုရင် ကျွန်တော်ရဲ့သရုပ်ဆောင်စွမ်းရည်က ဒါရိုက်တာရဲ့အမှတ်ကိုကျော်တယ်ပေါ့လေ ဟုတ်လား ကျွန်တော် ဘယ်နှစ်မှတ်လောက်ရနိုင်လဲ"


ဒါရိုက်တာကျန်းက အပြုံးလေးဖြင့် သူ့ကိုစိုက်ကြည့်လိုက်ကာ"80 ဒီထက်တော့မပိုဘူး"


"80ဆိုလည်း ကျွန်တော်ကျေနပ်တယ်" ရွှီလော့ယန်က မေးလိုက်သည်။


"ချီချန်အန်း ဆိုရင်ကော"


ထိုမေးခွန်းကိုကြားသည်နှင့် ဒါရိုက်တာကျန်းက မဖြေခင်စက္ကန့်ပိုင်းလောက်စဉ်းစားလိုက်ပြီး"98 မင်းကငါရဲ့ဇာတ်ကားမှာ ခေါင်းဆောင်မင်းသားဖြစ်ဖူးတော့ မင်းရဲ့စံနှုန်းကို ငါသိတယ် ဒါပေမယ့် ချီချန်အန်းက ပါရမီပါတယ် အရမ်းပေါ့ပါးတယ် ဒါပေမယ့် သူ့ဇာတ်ကားတွေပဲကြည့်ဖူးသေးတာဆိုပေမယ့် ကင်မရာထဲမှာတော့မမြင်ရသေးဘူး သူ့ရဲ့စွမ်းဆောင်ရည်အတွက် နှစ်မှတ်ချန်ထားတယ်"


ဘီယာတစ်ငုံလောက်သောက်လိုက်ပြီးနောက် ဒါရိုက်တာကျန်းကခုနကအကြောင်းပြန်ရောက်သွားပြီး"လွန်ခဲ့တဲ့၂နှစ်လောက်တည်းက ရှစ်ယွမ်ဟောက်က ဟိုင်ယန်မီဒီယာရဲ့ငွေထုပ်စက်ကြီးလေ စီးပွားဖြစ်ဇာတ်ကားတွေပဲရိုက်ကူးခဲ့တာ အဲ့ဒီမတိုင်ခင် သူ့အေးဂျင့် ဝူပိကငါ့ဇာတ်ကားတွေကိုအထင်သေးတယ်လေ လက်တွေ့မှာတော့ မင်းလိုရူးနေတဲ့လူကပဲ ကြေညာချက်ကနှစ်လလောက်နောက်ဆုတ်ထားတာကို လာပြီးထိုင်စောင့်နေတာ အမှန်ပဲလေ"


ရွှီလော့ယန်က လက်ဖက်ရည်ခွက်ကိုသာကိုင်ထားပြီး ပြုံးသာနေလိုက်သည်။ 


တွေးကြည့်လိုက်တော့လည်း သူတစ်ယောက်ထဲရူးနေတာမှမဟုတ်တာ ချီချန်အန်းလည်းပါတယ်လေ...။


"ဝူပိက အခုရုတ်တရတ်ကြီးထွက်လာပြီးဇာတ်ရုပ်ကိုလာလုတာက သူ့ကိုမင်းအရင်ကမျက်နှာသာမပေးဘဲ ကောလဟာလနဲ့ပတ်သတ်ပြီးမပူးပေါင်းပေးလို့နေမယ် ပြောရရင် တကယ်ယွင်ရှုကိုသူရဲ့အေးဂျင့်ကဆွဲချသွားတာပဲ အစကတည်းက ပွဲတွေရဲ့အကဲဖြတ်ဒိုင်ဆိုတာက အဆင့်မြှင့်တင်ခြင်းလိုမျိုးပဲ သူမမှာလည်းအဆက်အသွယ်တွေရှိမှာပဲ သူမနဲ့သင်တော်တဲ့ဇာတ်ရုပ်ကိုတစ်ခါလောက်ရလိုက်တာနဲ့ သူမအရင်နေရာကိုပြန်မရနိုင်တော့ဘူးဆိုရင်တောင်မှ သူမနောက်တစ်ခေါက်ပြန်ပြီးရေပန်းစားလာနိုင်သေးတာပဲ ဒါပေမယ့် သူမက တစ်နှစ်ခွဲလေးကိုတောင်မှမစောင်နိုင်ဘူးလေ တကယ်စိတ်မရှည်နိုင်တာပဲ"


ထိုစကားကိုပြောနေချိန်တွင် ဒါရိုက်တာကျန်းက ဒေါသထွက်လွန်းတာကြောင့်စားပွဲခုံကိုပင်ရိုက်မိလုနီးပါးဖြစ်သွားရသည်။


"သူ တတ်သစ်စအရွယ်ပဲရှိတုန်းက မင်းပါးရဲ့သင်ကြားမှုအောက်မှာ သူ့သရုပ်ဆောင်အရည်အသွေးတွေကိုမြှင်တင်နိုင်ခဲ့တယ်လေ အခုသူပြန်လာတော့လည်း မင်းကိုသုံးပြီးပွဲဆူအောင်လုပ်ချင်တယ်လေ သူထိပ်ကိုတတ်ဖို့အတွက်နဲ့ မင်းကိုတောင်တတ်နင်းသွားသေးတယ် သူကအတော်လေးကျေးဇူးကန်းတဲ့ မျက်လုံးဖြူ၀ံပုလွေပဲ"


ဒါရိုက်တာကျန်းနှင့်ရွှီလော့ယန်တို့ ဆေးဖက်၀င်လက်ဖက်ရည်ခွက်ကိုကိုင်ပြီး ခွက်ချင်းတိုက်လိုက်ချိန်တွင် သူနှုတ်ခမ်းပေါ်ကအပြုံးမှာလည်းပျောက်ကွယ်သွားရသည်။


"ဒီလိုလူမျိုးတွေကို ဒေါသထွက်ရဖို့မတန်ပါဘူး ကျွန်တော် နေသားကျနေပါပြီ"


သူ့အဖေ ရွှီက တစ်ချိန်က ရုပ်ရှင်လောကရဲ့သရဲဟုလူသိများလေသည်။သူ့ရုပ်ရှင်တိုင်းက ဂန္တ၀င်ဆန်လှကာသူကလူသစ်တွေကို ပျိုးထောင်ရတာနှစ်သက်သူတစ်ဦးလည်းဖြစ်သည်။ ယနေ့ဖျော်ဖြေရေးလောကမှာ နာမည်ရှိတဲ့သူအများစုကသူပျိုးထောင်ခဲ့တဲ့လူများဖြစ်သည်။သို့ပေမယ့် သူ့အမေဆုံးပါးပြီးနောက်ပိုင်း သူ့အဖေက၀မ်းနည်းပက်လက်ဖြစ်ကာ မကြာခင် ကင်ဆာရောဂါဖြင့်တစ်နှစ်ပင်မခံဘဲ ဆုံးပါးသွားလေသည်။


ထို့နောက်မှာတော့ သူ့ကို "ယန်ယန်"လို့ ကြင်ကြင်နာနာခေါ်တတ်သည့်လူတွေကပဲ သူတိုရဲ့အပြုံးမျက်နှာဖုံးတွကိုပြောင်းလဲ၀တ်ဆင်လာကြပြီး သူအား မသိသလိုပြုမူလာကြတော့သည်။


ဒါရိုက်တာကျန်းက ခွက်ထဲကအရက်တွေကိုတစ်ကျိုက်ထဲသောက်လိုက်ပြီး"ရင်းနှီးမြှပ်နှံသူတွေရဲ့သဘောထားက ဘယ်လိုလဲမသိသေးပေမယ့် ငါမင်းကိုကူညီမယ် နောက်ပြီး မင်းကိုရုပ်ရှင်ရဲ့အပိတ်သီချင်းကိုဆိုစေချင်တယ် မင်းသာ လုပ်နိုင်မယ်ဆိုရင် စာသားပါရေးပေးနိုင်ရင်ပိုကောင်းတယ်"


ရွှီလော့ယန်ရဲ့လေသံကတွန့်ဆုတ်နေကာ"အဲ့ဒါဆိုလည်း စာသားကိုရေးဖို့အချိန်ရှာလိုက်မယ် ပြီးရင် ဒါရိုက်တာကြီးကိုအရင်လာပြမယ် ဒါပေမယ့် ကျွန်တော်သာအပိတ်သီချင်းကို ရေးမယ်ဆိုရင် ထုတ်လုပ်ရေးဘက်ကကော ကန့်ကွက်စရာတွေရှိလာမလား"


သူက ပြော‌နေရင်း ဒါရိုက်တာကျန်းအတွက် အရက်ထည့်ပေးလိုက်သည်။


ဒါရိုက်တာကျန်းက "လော့ယန် မင်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစမ်းပါ ယုံကြည်မှုလေး အနည်းဆုံးတော့ရှိစမ်းပါကွ...မင်းက အယ်လ်ဘမ် နှစ်ချပ်တောင်ထွက်ပြီးပြီ အဲ့ဒီလူတွေက ဘာပြောနိုင်မှာမို့လို့လဲ"


ခွက်တွေအားလုံးပြောသလင်းခါသွားချိန်တွင် ရွှီလော့ယန်ကအပြုံးလေးဖြင့်ပြောလိုက်သည်။


"အင်း မျက်နှာမပျက်ရအောင် ကြိုးစားပါမယ် ကျေးဇူးတင်ပါတယ် အန်ကယ်ကျန်း"


အကင်စားပြီးနောက် ၁၁နာရီတောင်ထိုးနေပြီဖြစ်သည်။ဒါရိုက်တာကျန်းကမူ ဇီးသီးဝိုင်လေးသုံးခွက်ဖြင့် အတော်လေးကိုမူးနေချေပြီ။ သူ့သမီးကိုကြိုဖို့ မူကြိုကိုသွားရမယ်လို့ပင် အော်ဟစ်နေသေးသည်။ 


သူ့သမီးကဖြင့်အရွယ်ရောက်နေပြီ။


ရွှီလော့ယန်မတတ်နိုင်ဘဲ ဒါရိုက်တာကျန်းရဲ့လက်ထောက်ကိုလာခေါ်ခိုင်းရတော့သည်။သူလမ်းဘေးမှာ စောင့်နေတုန်း ဒါရိုက်တာကျန်းကသူ့သတိမထားမိတဲ့အချိန်မှာ လမ်းပေါ်ကိုပြေးဆင်းသွားမှာကိုလည်း စိုးရိမ်နေရသေးသည်။ 


အရက်မူးပြီးအခုထိ သမီးအကြောင်းပြောနေသည့် ဒါရိုက်တာကျန်းကိုကြည့်နေရင်း ရုတ်တရတ် သူ့မိဘတွေသာရှိသေးရင်... အဲ့ဒါကိုဆက်မတွေးနဲ့တော့ ရွှီလော့ယန် မင်း ဒီလိုမျိုးမတွေးသင့်ဘူး...။


ဒါရိုက်တာကျန်းကို ကားနားရောက်တဲ့အထိ လိုက်ပို့‌ပြီးနောက် သူ လမ်းမှာအခြေအနေကိုပြောပြဖို့ကျန်းသုန့်ကိုဖုန်းခေါ်လိုက်သည်။ သို့ပေမယ့် သူ အပေါ်ကိုမတတ်ရသေးခင်မှာပဲ ချီချန်အန်းဆီကနေစာတစ်စောင်ရောက်လာသည်။


"ကိုယ် လေယာဉ်ပေါ်ကနေဆင်းပြီး မိနစ်၃၀လောက်နေရင် arrivalကိုရောက်လိမ့်မယ်"


ရွှီလော့ယန်မှာ အချိန်ကိုတစ်ချက်တွက်လိုက်ပြီးနောက် "ငါမင်းကိုလာကြိုမယ်"ဟု ပြန်ပို့လိုက်သည်။


မနက်ခင်းစောစောစီးစီး ချီချန်အန်းကလူအုပ်ကြီးနှင့်အတူခရီးဆောင်အိတ်ကိုဆွဲပြီး ဂိတ်ကနေထွက်လာသည်။ 


'ဟိုတယ်'ဆိုတဲ့ ဆိုင်းဘုတ်လေးကိုင်ထားသည့် အဒေါ်ကြီးတွေရဲ့အလည်မှာ အနက်ရောင်ဦးထုပ်ဆောင်းထားသည့် ရွှီလော့ယန်ကိုတွေ့လိုက်ရသည်။


သူကအဖြူရောင်ရှပ်အင်္ကျီနှင့်ဟောင်းနွမ်းနေသည့်ဂျင်းဘောင်းဘီကို၀တ်ဆင်ထားကာ ဟောင်းနွမ်းနေတဲ့ကားမှတ်တိုင်ကိုမှီရပ်နေ သည်။ သူအနားရောက်ခါနီးအချိန်တွင် ရွှီလော့ယန်က တောက်ပပြီး ပျော်ရွှင်နေသည့်မျက်နှာထားဖြင့် အဒေါ်ကြီးတွေကိုကြွားလုံးထုတ်နေတာကိုကြားလိုက်ရသည်။


"ဒါက ကျွန်တော် ပထမဆုံးအကြိမ် ဧည့်သည်လာကြိုဖူးတာဆိုတဲ့အချက်ကို ထားလိုက်ပါဦး ကျွန်တော်မှာဆိုင်းဘုတ်လေးတောင်ပါမလာဘူး ဒါပေမယ့် ကျွန်တော်ဘယ်လောက်တော်လဲပြမယ်နော် ကြည့်နေ"


ထိုနောက် သူက ငါးစက္ကန့်လောက်အချိန်ယူပြီး ဘယ်ကြည့် ညာကြည့်ဖြင့် ပစ်မှတ်ကိုရှာလိုက်သည်။ 


နောက်ဆုံး ချီချန်အန်းဆီသို့လျှောက်လာကာ "ဟိုတယ်ကို ဗန်ကားနဲ့ လိုက်ချင်လား ကားပေါ်ကိုတတ်... တည်းခိုချင်လား လိုက်ခဲ့လို့ရပါတယ်ဗျ"


ချီချန်အန်းက ခေါင်းညိတ်ပြလိုက်ကာ ခရီးဆောင်အိတ်ကိုဆွဲပြီး သူနောက်လိုက်သွားတော့သည်။


ရွှီလော့ယန်က ဘေးနားကဆိုင်းဘုတ်ကိုင်ထားသည့်အဒေါ်ကြီးတွေဆီသို့ မေးငေါ့ပြလိုက်ပြီးနောက် ခေါင်းမော့ရင်ကော့ပြီး ချီချန်အန်းနှင့်အတူအဝေးသို့လျှောက်သွားလိုက်တော့၏။



___


Translated By IQ-Team.