အပိုင်း ၁၅
Viewers 6k

Chapter 15


------------



ဘီမြို့။


တစ်ကိုယ်လုံးလုံခြုံအောင်ဖုံးကွယ်ထားသည့် သူနှစ်ဦးမှာ လေဆိပ်မှထွက်လာသည်။ ရွှီလော့ယန်က ဘယ့်ကြည့်၊ညာကြည့်လိုက်နှင့် သူတို့အားမှတ်မိသွားမည်ကို စိုးရိမ်နေခဲ့သည်။ 


သူက ချီချန်အန်းအနားသို့တိုးကာ မေးလိုက်သည်။ 


"ဘယ်သူ့ကိုမှမပြောဘဲ ကျွန်တော်တို့နှစ်ယောက်တည်းထွက်လာတာ ကောင်းပါ့မလား"


ထိုသို့ပြောနေသော်လည်း သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ကြောင့် တဖြတ်ဖြတ် တောက်ပနေခဲ့သည်။ သူက အင်မတန်ရင်ခုန်စိတ်လှုပ်ရှားနေတာကြောင့် သုံးပေအမြင့်အထိရောက်အောင် ခုန်ပေါက်ချင်နေမိသည်။ ဤခံစားမှုမှာ သူအထက်တန်းကျောင်းတက်နေစဉ်အခါက၊ ဘက်စကတ်ဘောကစားရန် အပြင်သို့ခိုးထွက်လာသော်လည်း၊ အတန်းပိုင်ဆရာထံ အဖမ်းခံရပြီး သုံးသပ်ချက်ရေးရမည်ကို စိုးရိမ်နေရသည့် ခံစားချက်မျိုးပင်။


ချီချန်အန်းက အပြုံးလေးဖြင့် "ကိုယ့်နောက်ကလိုက်ခဲ့" ဟု ပြောလိုက်သည်။


ရွှီလော့ယန်က သူ့အားဘယ်သွားမည်လဲဟု မေးမလာဘဲ၊ အနောက်မှ ခပ်သွက်သွက်လေးလိုက်သွားလိုက်၏။ မည်သို့ပင်ဆိုစေ၊ ချီချန်အန်းက သူ့အားထိခိုက်စေရန်ပြုလုပ်မည်မဟုတ်ပေ။ ထို့ပြင် ယခု ကစားပွဲမှာလည်း စိတ်လှုပ်ရှားဖွယ်ကောင်းသည်လေ။ 


ချီချန်အန်းအနောက်မှ လိုက်သွားပြီးနောက်၊ ကားနံပါတ် 111 ဖြင့်ဆုံးသည့် Auston Martin ကားတစ်စီးဆီသို့ ရောက်သွားကြသည်။ 


ကားမောင်းသူထိုင်ခုံတွင်ထိုင်နေသည့်လူက လှည့်လာကာ "မင်္ဂလာပါ မစ္စတာရွှီ ကျွန်တော်က လျန်ချိုး သခင်လေးချီရဲ့ မန်နေဂျာနဲ့ လက်ထောက်ပါ"


'မစ္စတာရွှီ'နှင့်'သခင်လေးချီ' ဟူသည့် အမည်နာမနှစ်ခုအား ဆက်စပ်တွေးမိရန် ရွှီလော့ယန်အနဖြင့် အချိန်ခဏမျှယူခဲ့ရသည်။ သို့သော်သူက မြန်မြန်ပဲ အသက်ပြန်ဝင်လာသည်။ 


"မင်္ဂလာပါ ကျွန်တော်က ရွှီလော့ယန်ပါ" 


သူက သူ့နံဘေးတွင်ထိုင်နေသည့် ချီချန်အန်းအား လှမ်းကြည့်ကာ၊ ခဏလောက်တွေးလိုက်ပြီးနောက် ရိုးသားစွာပြောလိုက်သည်။ 


"ဒီ လူရွေးပွဲမှာ ချန်အန်းက ကျွန်တော့ဘက်က ရပ်တည်ပေးတာကို တကယ်ပဲ ဝမ်းမြောက်မိပါတယ် အကယ်၍ နောက်အနာဂတ်မှာ ကျွန်တော်ပြန်ကူညီနိုင်တာမျိုးရှိရင် ကျွန်တော် သေချာပေါက်ကူညီပေးပါ့မယ်" 


လျန်ချိုးက သူ့ရဲ့ရွှေဖြင့်အနားကွတ်ထားသည့်မျက်မှန်ကိုင်းကို ကိုင်ကာ ညင်ညင်သာသာလေးပြုံးပြလာ၏။


"သူကူညီဖို့ မကမ်းလှမ်းခင်တည်းက သခင်လေးချီက မစ္စတာရွှီနဲ့သူငယ်ချင်းဆက်ဆံရေးကို အလေးထားပါတယ် သေချာပေါက် ကျွန်တော်လည်း ထောက်ခံပေးရမှာပေါ့" 


သူ မပြောရဲခဲ့သည်မှာ---အဲ့ဒီပို့စ်လေးတင်လိုက်တာများ၊ ဘာအရေးလဲ...။ အကယ်၍ တစ်ယောက်ယောက်က မင်းနေရာမှာအစားထိုးမယ်ဆိုတာနဲ့ သူက ရင်းနှီးမြှုပ်နှံသူတွေအကုန်လုံးကို မောင်းထုတ်ပြီး ဒီဒရာမာကိုဆက်ရိုက်ဖို့ သူ့ကိုယ်ပိုင်ပိုက်ဆံတွေတောင် ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်ထားပြီးသားဟ...။ 


ကားက လမ်း‌မပေါ်မောင်းနှင်နေသည်နှင့်အပြိုင် လျန်ချိုးမှာ ရွှီလော့ယန်အား စပ်စုချင်နေလေသည်။ 


ဘယ်လိုပဲပြောပြော၊ ပထမဆုံးအကြိမ်အဖြစ် ချီချန်အန်းက လူတစ်ယောက်အား ချီးကျူးစကားပြောဆိုခဲ့ပြီး၊ ထိုသူက ရွှီလော့ယန်ဖြစ်နေသည်လေ။ 


ဒါကြီးက ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ ပထမဆုံးအကြိမ်လေ...။


ထို့ကြောင့်သူက အချိန်နှင့်အမျှ ကားအနောက်ခုံအား လှမ်းလှမ်းကြည့်နေမိသည်။


သေချာအနားမယူရသေး၍ဖြစ်ဟန်တူသည်။ သူက ရွှီလော့ယန်တစ်ယောက် သူ့မျက်ဝန်းတွေကိုမှိတ်၍၊ အချိန်ခဏလေးအတွင်း အိပ်ပျော်သွားတာကို မြင်လိုက်ရသည်။ 


အဓိကအချက်မှာ---သူက အိပ်ချင်တယ်ဆိုလည်း ဒီအတိုင်းအိပ်လေ...။ ဘာကိစ္စ သူ့ခေါင်းက ချီချန်အန်းရဲ့ပခုံးပေါ်မှီနေရတာလဲ...။


နေစမ်းပါဦး...။ သူ သု့ပခုံးပေါ်မှာလှဲနေတာ ဘယ်လောက်တောင်ကြာသွားပြီလဲ...။ ‌ဒါပေမယ့် သခင်လေးချီက ရွံရှာတဲ့ပုံနဲ့ ရှောင်ဖယ်သွားတာမျိုးလည်းမလုပ်ပါလား...။ 


ထိုနည်းတူ သူ့အား ဝေးဝေးသို့လည်း တွန်းမလွှတ်ပေ။ သူက ရွှီလော့ယန် ပို၍သက်တောင့်သက်သာဖြင့် အိပ်နိုင်စေရန်အတွက် သူ့အနေအထားကိုပင် ပြင်ပေးလိုက်သေး၏။ 


လျန်ချိုးက သူ့မျက်လုံးတွေကန်းသွားတော့မည်ဟူ၍ပင် ခံစားလိုက်ရသည်။ 


ဖြစ်နိုင်တာက သူအနောက်က လိုက်မသွားတဲ့လတွေအတွင်းမှာ သခင်လေးချီရဲ့ OCD နဲ့ လူတွေအနားကပ်လာမှာကိုမကြိုက်တဲ့စိတ်က ကုသပြီးသွားတာများလား...။ 


ကားရပ်တန့်သွားချိန်တွင် ရွှီလော့ယန်က မူးနောက်နောက်ဖြင့်နိုးလာပြီး အိပ်ချင်မူးတူးဖြင့် ချီချန်အန်းအားကြည့်ကာ "ကျွန်တော်တို့ ရောက်လာပြီလား" ဟုမေးလာသည်။ 


သူ့ရဲ့ဆံပင်က နည်းနည်းလေးရှုပ်ပွနေကာ ယင်းကသူ့မျက်နှာအား ပို၍ပင် သေးငယ်သွားစေသည်။


"အင်း...ကိုယ်တို့ရောက်ပြီ ထွက်လာတော့လေ" 


ကားထဲမှထွက်ကာ ဘေးပတ်ပတ်လည်အား လိုက်ကြည့်ပြီးနောက် ရွှီလော့ယန်တစ်ယောက် မူးဝေနေခြင်းမှာလည်း အလျဥ်းပျောက်ကင်းသွားရသည်။ 


သူက မျက်နှာပြင်ပေါ်တွင် ပုံစံအမျိုးမျိုးထွင်းထုထားသည့် တံခါးကိုကြည့်ကာ တံတောင်ဆစ်ဖြင့် ချီချန်အန်းအားတွန်းလိုက်ပြီး "ဒါက spire club မလား" 


သူဤနေရာကို တစ်ခေါက်လာခဲ့ဖူးသည်။ gothic စတိုင် ဗိသုကာများက အင်မတန်ကိုမှ တင့်တယ်လှပသည်။ သို့သော် အဘယ်ကြောင့် ချီချန်အန်းက သူ့အားဤနေရာသို့ခေါ်လာရသနည်း။ သူ၏ကြေကွဲနေသောနှလုံးသားလေးအား နှစ်သိမ့်ပေးရန်နှင့် စားသောက်ပွဲကျင်းပပေးရန် ဤနေရာသို့ ခေါ်လာခြင်းပေလား။


------------


"ရွှီလော့ယန် မင်းက ဒီမှာဘာလုပ်နေတာလဲ"


ရှစ်ယွမ်ဟောက်၏ အံ့အားသင့်နေဟန်ဖြင့် မေးလာသည့်စကားကို ကြားသော်၊ ရွှီလော့ယန်က လက်ထဲမှ လက်ဖက်ရည်ခွက်ကို ကိုင်ထားလျက် လက်ဖက်ရည်ကို ဖြည်းဖြည်းချင်းသောက်ကာ၊ လျှို့ဝှက်နက်နဲသည့် အမူအရာဖြင့် စဉ်းစားလိုက်မိ၏။ 


' ငါမညာပါဘူး ငါလည်း ဒီမေးခွန်းရဲ့အဖြေကို သိချင်နေတာ'


သို့သော် ဝူပိနှင့်ရှစ်ယွမ်ဟောက်တို့ရောက်လာပြီးနောက် မစ္စတာဝမ်နှင့်မစ္စတာဟယ့်တို့က မာကျောက်ကစားသည့် စားပွဲအားပြင်ဆင်လိုက်တာကို မြင်သော်အခါ သူနားလည်လိုက်သည်။ သူ့ခြေလက်များထံနွေးထွေးသည့်ခံစားချက်တစ်ခုက စီးဆင်းဖြတ်သွားရလေသည်။ ရွှီလော့ယန်ကထိန်းမထားနိုင်တော့သဖြင့် စားပွဲအောက်မှ သူ့လက်ကိုလှုပ်ရှားကာ ချီချန်အန်း၏လက်ဖမိုးအား သွားရောက်ထိုးဆွလေတော့သည်။ နှစ်ချက်မှ လက်နှင့်ထိုးပြီးနောက် ရလဒ်မှာသူ့လက်ချောင်းများကို နောက်တစ်ကြိမ်ဖမ်းဆုပ်ခံလိုက်ရခြင်းပင်။ 


ချီချန်အန်းနှင့်အကြည့်ချင်းဆုံလိုက်ပြီးနောက် သူ့ဘယ်ဘက်လက်ကို ဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်လိုက်သည်။


ငါသိပါတယ် ငါသိပါတယ် ငါပြဿနာမရှာတော့ပါဘူး...။


သူက လက်ထဲမှ လက်ဖက်ရည်ခွက်ကိုချကာ ဝင်ရောက်လာသည့်လူသစ်နှစ်ဦးအားမကြည့်ခင်၊ ယခင်မေးခွန်းအား သေသေချာချာလေးပြန်ဖြေပေးလိုက်သည်။ 


"ငါ ဒီမှာ စားမလို့ရောက်နေတာလေ" 


လျန်ချိုးက သူ့ခေါင်းကိုလှည့်ကာ မျက်နှာပိုးသတ်လိုက်ပြီးနောက် ပြောလက်စအကြောင်းအရာအား ပြန်လည်အသက်သွင်းလိုက်၏။ 


"ဟုတ်ပါတယ် သခင်လေးချီက ဒီမှာ ညစာစားဖို့စီစဉ်တာက အဓိကအားဖြင့် ဒီ Spire club ကအထူးဟင်းလျာအတော်များများက မစ္စတာရွှီရဲ့အကြိုက်နဲ့ ကိုက်လို့လေ"


"အင်း" 


ရွှီလော့ယန်က သဘောထာားကြီးသည့်အမူအရာဖြင့် သူ့လက်ဖက်ရည်အား ဆက်လက်သောက်သုံးနေလိုက်သည်။ 


သရုပ်ဆောင်မှုနှင့်မကိုက်ဘဲ သူ့စိတ်ထဲတွင်တွေးနေမိတာက 'ဒါဆိုဘာလို့ ဟင်းပွဲတွေကို အခုထိလာမချပေးသေးတာလဲ...ငါတကယ်ဗိုက်ဆာနေပြီ...။' 


ရှစ်ယွမ်ဟောက်က ဆက်လက်ပြောဆိုချင်နေသေးတာကို သိသည့်အလျောက် ဝူပိကသူ့အား တိတ်တိတ်နေရန် မျက်စိမှိတ်ပြသည်။ 


အခြေအနေတွေက မူမမှန်ဘူး။ 


သူတို့ဝင်ရောက်လာကတည်းက မည်သည့်အမူအရာမျှမပြသည့် ရွှီလော့ယန်နဘေးတွင် ထိုင်နေတဲ့သူအား ကြည့်လိုက်ပြီးနောက် လျန်ချိုးပြောသည့်စကားအား အမှတ်ရသွားလေသည်။ သူ့နှလုံးသားက ထိန်းမနိုင်သိမ်းမရ လန့်ဖျတ်သွားရသည်။


သူ့အားနှုတ်ဆက်ပြီးနောက် ဝူပိက ဝမ်လင်းရှန်နှင့်ဟယ့်ဝေဖုန်းတို့အား ပြုံးပြကာ မေးခွန်းထုတ်လာသည်။ 


"မစ္စတာဝမ် မစ္စတာဟယ့် ဒါက ဘယ်သူများလဲ" 


သူ့လေသံမှာ သဘာ၀ကျကျသံသယအသံစွက်ဖက်နေ၏။ 


သူချီချန်အန်းကိုမှတ်မိသည်မှာ အသေအချာပင်။ သို့သော် ဝမ်လင်းရှန်နှင့်ဟယ့်ဝေဖုန်းတို့က သိသိသာသာကိုပင် သတိတကြီးနှင့် အင်မတန်မှ စေ့စေ့စပ်စပ်ပြုမူနေသည့်အပြင်၊ ယခုထမင်းတစ်နပ်မှာလည်း ချီချန်အန်းဘက်မှ ဖိတ်ကြားသမှုပြုထားခြင်းဖြစ်ရာ၊ လမ်းခုလတ်တွင် တစ်စုံတစ်ခုဖြစ်ပွားသွားသည့်အပြင် သူလွတ်သွားတဲ့ သတင်းအချက်အလက်များ ရှိနေမည်ကို ဝူပိသိလိုက်၏။


ချီချန်အန်းမည်သည်ကိုအလိုရှိနေမှန်း သိနေပြီဖြစ်ရာ၊ ဝမ်လင်းရှန်ကလည်း ရေလိုက်ငါးလိုက် လိုက်ရုံသာကျန်တော့သည်မှာ အသေအချာပင်။ သို့နှင့် သူကထရပ်လိုက်ပြီး နှစ်ဦးနှစ်ဖက်လူများကို မိတ်ဆက်ပေးလာသည်။ 


"ဒါက သခင်လေးချီ" 


သူက သိပ်ပြီးထွေထူးရည်ညွှန်းမဆိုနေတော့ဘဲ၊ တန်း၍ ရွှီလော့ယန်ထံပြောင်းကာ မိတ်ဆက်ပေးလိုက်သည်။ 


"ဒီလူကိုတော့ မင်းတို့ပိုပြီး ရင်းနှီး‌မှာပါ သူက အရမ်းကိုနာမည်ကြီးနေတဲ့အပြင် အခုလောလောဆယ် ဒါရိုက်တာကျန်းရဲ့ရုပ်ရှင်အသစ်မှာ ပါဝင်သရုပ်ဆောင် နေတယ်လေ သူ့မှာ အနာဂတ်ကောင်းကောင်းရှိတယ်" 


ရှစ်ယွမ်ဟောက်က စိတ်တိုလွယ်သည့်လူတစ်ယောက်ဖြစ်သည်။ သို့နှင့် ဝမ်လင်းရှန်၏စကားလုံးများအား ကြားကြားချင်းပင်၊ သူကမေးလာသည်။ 


"ငါတို့ သဘောတူထားတယ်လေ အဲ့ဒါကို .."  


သူတို့က ဤနေရာအား ဝမ်လင်းရှန်၏ဖိတ်ကြားမှုကြောင့် ရောက်လာခဲ့ခြင်းပင်။ တစ်ဖက်လူများက ရုပ်ရှင်ရဲ့ဇာတ်ကောင်နေရာနှင့်ပတ်သက်၍ ဆွေးနွေးစရာရှိသည်ဟု သူတို့ထင်ထားခဲ့သည်။ သို့သော် ယခုအခြေအနေအရ၊ သူတို့လက်ထဲမှ ဇာတ်ကောင်အား လုယူခံရတော့မည့်ပုံပင်။


ဝူပိက သူ့စကားအားအလျင်အမြန်ပင် ဖြတ်ပြောကာ ရွှီလော့ယန်ထံရိုးသားသည့်အမူအရာဖြင့် ကြည့်လိုက်၏။ 


"ငါတို့ရဲ့ ယွမ်ဟောက်က မစ္စတာရွှီ‌ကို အမြဲတမ်းစီနီယာတစ်ယောက်အနေနဲ့ရော စံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ရော သတ်မှတ်ထားခဲ့တာပါ မစ္စတာရွှီနဲ့အတူတူ အလုပ်လုပ်ပြီး သင်ယူချင်နေပေမယ့် အခွင့်အရေးတစ်ခါမှ မရခဲ့ဘူးလေ နှမြောစရာပါပဲ"


ရွှီလော့ယန်က ဝူပိ၏မျက်လုံးများကိုဖွင့်လျက်သားနှင့် အလိမ်အညာများပြောနိုင်သည့်အရည်အချင်းအား အံ့အားသင့်စွာ သက်ပြင်းချလိုက်မိသည်။


သို့သော် သူက ဟန်ဆောင်အပြုံးလေးဖြင့်တုန့်ပြန်လိုက်သည်။


"နားလည်ပြီ ဒါပေမယ့် ငါ့အနေနဲ့ နှမြောတသတော့ ဖြစ်မနေမိဘူး"


မီးဝင်းဝင်းတောက်နေသည့်မျက်လုံးများနှင့် ရှစ်ယွမ်ဟောက်က သူ့အားကြည့်လာတာကို မြင်ပေမယ့် ရွှီလော့ယန်က သူ့မေးကိုမြှောက်ကာ တမင်တကာစိတ်ဆွပေးလိုက်ပြီး သူ့နေရာကိုပြောင်းကာ ချီချန်အန်းအနားသို့ပို၍တိုးကပ်သွားလိုက်သည်။ 


'ငါကအခု ငါ့ကောရဲ့ အကာအကွယ်ကိုရထားတဲ့သူပဲ ငါက မင်းကိုကြောက်နေရမှာလား ဟမ့်...'


ချီချန်အန်းကသူ့အား အလိုလိုက်ထားရဟန်ဖြင့် ကူကယ်ရာမဲ့စွာရယ်လိုက်ပြီး ရွှီလော့ယန်အား လက်ဖက်ရည်ခွက်အသစ်တစ်ခွက် လောင်းငှဲ့ပေးလိုက်သည်။


ဝူပိက ချီချန်အန်းအား သတိထားသည့်အကြည့်ဖြင့်ကြည့်လာပြီး သူ့အပြုံးကမူပို၍ရိုးသားလာကာ သူ့လေသံကလည်း ပိုပြီးတည်ကြည်သွားသည်။


" သခင်လေးချီနဲ့တွေ့ဆုံရတာက ဒီကကျွန်တော် ဝူပိ အတွက် ဂုဏ်ယူစရာပါပဲ"


သူ့လက်အား ဆန့်တန်းပေးလာသည်။ 


ထိုသူက သူသိထားသည့် ချီမိသားစုနှင့်အတူတူပဲလားဟု မသေချာမရေရာဖြစ်‌နေသော်လည်း သတိထားတာက ပို၍ကောင်းသည်လေ။


ချီချန်အန်းကပြုံးနေရာမှ မျက်နှာတည်သွားကာ အေးတိအေးစက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဝူပိ၏ဆန့်တန်းထားသည့်လက်အား တစ်ချက်သော်မျှ ကြည့်မလာပေ။


သူ့ဘေးရှိလျန်ချိုးက အချိန်အနည်းငယ်ယူကာ ရှေ့သို့တိုးလာပြီး ဝူပိ၏တောင့်တင်းနေသည့်လက်အား ရင်းရင်းနှီးနှီးသဘောဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး တောင်းပန်တဲ့သဘောထားဖြင့် ရှင်းပြလိုက်သည်။ 


"သခင်လေးချီက သန့်ရှင်းမှုနဲ့ပတ်သက်ပြီး အစွဲရှိလို့ပါ အဲ့အတွက် ကျွန်တော်ကပဲ တောင်းပန်ပါတယ်။" 


ဝူပိက သူ့နားလည်မှုအားပြသရန် ဆက်လက်၍ပြုံးပြနေရသော်လည်း သူ့မျက်နှာမှာမူ ကြည့်မကောင်းတော့ပေ။


လျန်ချိုးက အင်မတန်မှကြံရည်ဖန်ရည်ရှိသောသူဖြစ်သည့်အလျောက်၊ သူတို့အားလုံး နေရာတွင်ထိုင်ပြီးသည်နှင့် အခြေအနေမှာ အုံ့မှိုင်းမနေတော့ပေ။ သိပ်မကြာခင်ဘဲ အစားအစာများလာချသည်။ ရွှီလော့ယန်က သူ့တူကိုမြှောက်လိုက်စဉ် ချီချန်အန်းက ဗုဒ္ဓခုန်ထဟင်းပွဲအား သူ့အရှေ့သို့ ချပေးလာတာကို မြင်လိုက်ရသည်။ 


ချီချန်အန်းက တကယ်အလိုက်သိတဲ့သူပဲ။


ရွှီလော့ယန်က သူ့အားတောက်ပစွာပြုံးပြလိုက်ပြီး စားပွဲဝိုင်းတစ်လျောက် စမ်းသပ်မှုများနှင့် စိတ်ဆင်းရဲစရာများအားလျစ်လျူရှုလိုက်ကာ၊ သူ့အစားအသောက်များအား စားသောက်ရန်သာ အာရုံစိုက်ထားလိုက်သည်။ 


မကြာခဏဆိုသလိုပင်၊ ချီချန်အန်းက အပိုဟင်းရည်ခွက်ထံဟင်းရည်ဖြည့်ပေးလိုက်၊ ရွှီလော့ယန်ကြိုက်နှစ်သက်သည့် ဟင်းပွဲများအား နေရာရွေ့ပေးလိုက်ပြုလုပ်နေပြီး သူကိုယ်တိုင်ကတော့ အနည်းငယ်မျှသာ စားလေသည်။


အခြေအနေအားစောင့်ကြည့်နေသည့် ‌ဟယ့်ဝေဖုန်းက သဘာဝကျကျပင် ချီချန်အန်းဘက်လှည့်ကာ စကားအစပျိုးလာလေ၏။ 


"အစားအသောက်တွေကို ခံတွင်းမတွေ့ဘူးလား"


ချီချန်အန်းက သူ့အားတစ်ချက်ကြည့်လိုက်ပြီး "လော့ယန်စားရတာ ကြိုက်တယ်" 


ဆိုလိုရင်းမှာ 'ရွှီလော့ယန်က စားလို့ကောင်းတယ်ဆိုရင်ရပြီ ငါဂရုမစိုက်ဘူး' ဟူ၍ပင်။


ဤကဲ့သို့အဖြေအားရရန်မမျှော်လင့်ထားသည့် ဟယ့်ဝေဖုန်းမှာ ကြောင်အသွားရသည်။ သို့သော်သူကအလျင်အမြန်ပင် ထပ်မံ၍ပြုံးပြကာပြောလာ၏။ 


"သခင်လေးချီနဲ့မစ္စတာရွှီတို့က ဆက်ဆံရေးကောင်းကြတာပဲ"


"အင်း ဟုတ်တယ်"


ချီချန်အန်းက ရွှီလော့ယန်ထံအစားအသောက်များထည့်ပေးနေသည့် သူ့တူကိုချကာ ရုတ်ချည်းဆိုသလို ဝူပိအား တိုက်ခိုက်လာသည်။ 


"ချင်းချောင်ရဲ့ဇာတ်ကောင်ကို မင်းလုယူသွားတယ်လို့ ငါကြားတယ်"


____


Translated By IQ-Team.