အပိုင်း ၁၆
Viewers 6k

🍬Chapter 16


------------



စားပွဲတစ်ခုလုံး တိတ်ဆိတ်သွားသည်။ သို့သော် ပထမဆုံးစကားပြောလာသည့်သူမှာ ရှစ်ယွမ်ဟောက်ဖြစ်နေလိမ့်မည်ဟု မည်သူမျှမထင်ခဲ့ကြပေ။ 


"အဲ့တော့ ငါတို့လုတော့ရော ဘာဖြစ်လဲ ဒါက မျှမျှတတတိုက်ခိုက်တာပဲ" 


သူက ဝင်ရောက်လာကတည်းက သူ့ဒေါသအားထိန်းချုပ်ထားခဲ့ရသည်။ 


ပြော၍ပြီးသွားသည့်အခါ၊ သူက ရွှီလော့ယန်အား မလိုတမာစိတ်ဖြင့် အထင်သေးစွာကြည့်လိုက်ကာ "ဒီလောက်ထိ စိတ်ပျက်စရာအရှုံးသမားဖြစ်ပြမနေစမ်းပါနဲ့" 


သူ့အစားအသောက်ကိုသာ အသေအချာစားသုံးနေတဲ့ ရွှီလော့ယန်က ထိုစကားများကိုကြားသည့်အခါ၊ ဝူပိအစားသူ့သွားများပင် နာကျင်လာရသည်။ 


ဒီရှစ်ယွမ်ဟောက်က ရူးများရူးနေတာလား...ချီချန်အန်းက သူ့ကို ပြဿနာရှာဖို့ ဒီကိုခေါ်လာတာ အသိသာကြီးပဲလေ...။ ပြီးတော့ မစ္စတာဝမ်နဲ့မစ္စတာဟယ်က့လည်း သူတို့သဘောထားကို သေချာပြပြီးပြီးလေ။ ဝူပိတောင်မှ ဇာတ်ကောင်အကြောင်းစကားမဟရဲတာကို...ရှစ်ယွမ်ဟောက်က စကားတစ်ခွန်းထဲနဲ့ မျက်နှာဖြတ်ရိုက်ပစ်လိုက်တယ်ပေါ့လေ...အံ့ပါ့။


ဝူပိမှာ ရင်ထဲမီးတောက်နေသော်ငြား၊ သု့အမူအရာက ယခင်အတိုင်း မပျက်မယွင်းရှိနေဆဲ။ ယခုလေးတင် သူကမည်ကဲ့သို့ပြန်ဖြေရမည်ကိုစဉ်းစားနေရကာ၊ ရှစ်ယွမ်ဟောက်အား တားရန်အချိန်မရလိုက်ပေ။ ပြီးတော့ ထိုသူက ပြဿနာရှာလိုက်ပြီဖြစ်သည်။


ထင်ထားသလိုပင်၊ ဝမ်လင်းရှန်က ချက်ချင်းပင်မျက်နှာပျက်သွားကာ သူ၏ဖော်ရွေသောအပြုံးကို ဆက်မပြုံးထားတော့ပေ။ 


"အစကတည်းက ဒီချင်းချောင်ရဲ့ဇာတ်ကောင်က မစ္စတာရွှီနဲ့ပဲသက်ဆိုင်တာ ဒီတော့ ကျေးဇူးပြုပြီး မင်းရဲ့စကားတွေကို ဂရုစိုက်ပေးပါ"


ရှစ်ယွမ်ဟောက်၏မျက်နှာမှာ ဖြူလျော်သွားသည်။ သူက ဆက်လက်ပြောဆိုချင်သေးသော်လည်း ဝူပိက သူ့အားဆွဲထားလေသည်။ ထို့နောက် ဝမ်လင်းရှန်၏စကားများအား ပြန်စဉ်းစားကာ သူတို့အပေါ် ထိုလူများရဲ့သဘောထားမှတဆင့် တစ်စုံတစ်ခုအား သတိထားမိလိုက်သည်။


သို့သော် ယခင်က ဤကဲ့သို့မဟုတ်သည်မှာ အသိသာကြီးပင်။ လွန်ခဲ့သည့်နှစ်ရက်က သူတို့အတူတကွ ညစာစားစဉ်က ထိုသူတို့က ဤသည်မှာ ဇာတ်ကောင်လေးတစ်ခုသာဖြစ်ပြီး ဝူပိနှင့်သူတို့ရဲ့ ရှည်ကြာသောသူငယ်ချင်းဆက်ဆံရေးကြောင့်၊ ပြဿနာရှိမည်မဟုတ်ကြောင်း အခိုင်အမာပြောခဲ့သည်။ ထို့နောက် သူတို့က သရုပ်ဆောင်အပြောင်းအလဲဖြစ်သည့်အပေါ် အခွင့်အခွင့်အရေးယူကာ ရုပ်ရှင်အား ပို၍ပင်ရေပန်းစားစေရန်ပြုလုပ်မည်ဟူ၍ပင်။ 


ရွှီလော့ယန်၏ခြေထောက်အပေါ်တက်နင်းရသည့် အတွေးလေးကပင် ရှစ်ယွမ်ဟောက်ရဲ့နှလုံးသားကို ကြည်နူးစိတ်ဖြင့် တစ်ဖျတ်ဖျတ်ခုန်စေသည်။ သို့သော် ယခုတွင်မူ၊ သူ့မန်နေဂျာက သူ့ခြေထောက်အား စားပွဲအောက်တွင်နင်းထားကာ သူ့အား ထပ်၍စကားတစ်ခွန်းမျှမပြောရန် တားဆီးထားလေ၏။


ဝူပိက ဝိုင်တစ်ခွက်ကိုငှဲ့ကာ ထရပ်၍ ရွှီလော့ယန်ထံ ခါးကိုင်းကာ ပြောလိုက်သည်။ 


"ကျွန်တော့်ရဲ့အရင်က မသိနားမလည်မှုနဲ့ အမှားတွေအတွက် မစ္စတာရွှီကခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်" 


ထိုသို့ပြောပြီးနောက် သူကဝိုင်ဖြူတစ်ခွက်လုံးကို တစ်ကြိုက်တည်းဖြင့် သောက်ချလိုက်သည်။


ရွှီလော့ယန်က စကားတစ်ခွန်းမျှ မဆိုပေ။


ချီချန်အန်းက သူ့လက်ချောင်းများအား သစ်သားစားပွဲပေါ် တတောက်တောက်ခေါက်ကာ မေးခွန်းထုတ်လာ၏။ 


"ဘာ မသိနားမလည်မှုလဲ"


ဘေးသို့ချထားသည့် ဝူပိ၏လက်များက လက်သီးဆုတ်လိုက်မိသည်။ ရွှီလော့ယန်အား ချီချန်အန်းက အသေအချာကို ကူညီတော့မည်ကို သူသိလိုက်ရသည်။


"ကျွန်တော့်အနေနဲ့ နည်းမျိုးစုံသုံးပြီးတော့ ချင်းချောင်ရဲ့ဇာတ်ကောင်ကို ကျွန်တော့်လက်ထဲရောက်လာဖို့ ကြိုးစားခဲ့ပါတယ်"


လျန်ချိုးက သူ့ဘေးနားတွင်ရှိနေကာ သူ့စကားဆုံးသည်နှင့် ဝိုင်ဖြူပုလင်းအားမြှောက်ကာ သူ့ခွက်ထံ ကိုယ်တိုင်ကိုယ်ကျ ထပ်ဖြည့်ပေးလိုက်သည်။


"အင်း" 


လက်ချောင်းများ၏ တတောက်တောက်ခေါက်နေသံက မရပ်တန့်သွားဘဲ ချီချန်အန်းက လေသံပျော့ပျော့ဖြင့် မေးလာသည်။ 


"နောက်ပြီးတော့ရော.." 


သူက မျက်လုံးပင့်ကာ ဝူပိအားကြည့်လာသည်။ သူ့မျက်နှာမှာ မည်သည့်အမူအရာမျှမပြသော်လည်း သူ့အရှိန်အဝါမှာ အလွန်ပင် အထင်ကြီးစရာပင်။


"ရွှီလော့... မစ္စတာရွှီရဲ့ ကျော်ကြားမှုကို သတိထားမိပြီး တစ်ယောက်ယောက်ကို မစ္စတာရွှီပုံစံဟန်ဆောင်ခိုင်းပြီး ဓာတ်ပုံရိုက်ပြီးတော့ ရွှီလော့ယန်နဲ့ယွင်ရှုတို့ ချိန်းတွေ့တဲ့အဖြစ်အပျက်ကို စီစဉ်ခဲ့ပြီး အဲ့ဒီနည်းလမ်းကတစ်ဆင့် ယွင်ရှုကို နာမည်ရအောင်လုပ်ချင်ခဲ့ပါတယ်"


ချီချန်အန်း၏စူးရှသည့်မျက်လုံးများနှင့်ရင်ဆိုင်ရသည့်အခါ၊ ဝူပိရဲ့နောက်ကျောပြင်တစ်လျှောက် ချွေး‌စီးများ စိုရွဲလာရသည်။ အခန်းထဲသို့ လေအေးများတိုက်ခတ်လာသည့်အခါ ထိုအေးစက်မှုက သူ့နှလုံးသားအထိတိုင်အောင် နစ်ဝင်သွားသည်။ သူက မတတ်နိုင်ဘဲ ဆက်လက်ပြောလိုက်ရသည်။ 


"ကျွန်တော်.... အညှီအဟောက်ပုံအတုတွေကိုလည်း လုပ်ခဲ့ပြီး အခွင့်အရေးကောင်းကိုစောင့်ပြီး အဲ့ပုံတွေကို တင်မလို့လည်း ကြံစည်ခဲ့ပါတယ်"


"ပြီးတော့ လော့ယန်ကို ဖျက်ဆီးပစ်မယ်ပေါ့" 


ချီချန်အန်း၏အသံက ရေခဲပန်း‌ဆွဲကဲ့သို့ စူးရှသည့်အေးစက်မှုများ ပါဝင်နေလေသည်။ 


သူက ခုံအနောက်‌သို့ မှီလိုက်ကာ "အကြောင်းပြချက်က"


ဝူပိက တိတ်ဆိတ်နေသည်။


"ဟက်..." 


ချီချန်အန်းက အေးတိအေးစက်ရယ်လိုက်ပြီးနောက် မည်သည့်မေးခွန်းမျှမေးမလာတော့ပေ။ 


"လျန်ချိုး ဆက်ပြောလိုက်"


"ဟုတ်ကဲ့"


လျန်ချိုးက ခေါင်းငြိမ့်ကာ " ယွင်ရှု ပွဲဦးထွက်ကာစအချိန်တုန်းက ဒါရိုက်တာရွှီချွင်ချင်းရဲ့ ရိုက်ကူးရေးအဖွဲ့မှာ အမျိုးသမီးဇာတ်လိုက်အဖြစ် ပါဝင်ခွင့်ရခဲ့တယ်"


သူ့အဖေဖြစ်သူ၏အမည်အားကြားလိုက်ရသည့်အတွက် ရွှီလော့ယန်က သူ့တူအား အံ့အားသင့်စွာ ရပ်တန့်လိုက်မိသည်။


"အဖွဲ့ထဲဝင်ပြီးသိပ်မကြာခင်မှာဘဲ သူကလက်ထပ်ထားရင်တောင်မှ သူနဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ချင်ပါတယ်ဆိုပြီး ယွင်ရှုက ဒါရိုက်တာရွှီချွင်ချင်းကို ဝန်ခံခဲ့တယ် ဒါပေမယ့် အဲ့ဒီသဘောထားက ဒါရိုက်တာရွှီဆီက ပြတ်ပြတ်သားသားငြင်းဆိုခံလိုက်ရတယ်" 


လျန်ချိုးက စာမျက်နှာနောက်တစ်ရွက်အား လှန်ကာ ဆက်လပ်ပြောလာသည်။ 


"လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းက ယွင်ရှုက ယို့လိအင်တာတိန်းမန့်နဲ့သူမရဲ့စာချုပ်ကို ဖျက်သိမ်းပြီး ဟိုင်ယန်မီဒီယာနဲ့လက်တွဲခဲ့ပြီး ဝူပိနဲ့ စာချုပ်ချုပ်ခဲ့တယ် အဲ့ဒီအချိန်မှာ ဝူပိနဲ့ယွင်ရှုတို့က လျှို့ဝှက်ဆက်ဆံရေးတစ်ခု ရှိနေပြီးပြီ"


နောက်ကွယ်ကဇာတ်လမ်းက တော်တော်လေးကို အံ့အားသင့်စရာကောင်းတာပဲ...။ 


ရွှီလော့ယန်တစ်ယောက် သူ့လက်ထဲကိုင်ထားသည့်ဟင်းချိုဇွန်းက ပန်းကန်လုံးထဲပြုတ်ကျသွားရကာ၊ သူ့ခေါင်းထဲတွက် ဒရာမာအကြီးစားတစ်ခုအား ဖန်တီးနေပြီဖြစ်သည်။


ယွင်ရှုက ပွဲဦးထွက်ကာစပဲရှိသေးတဲ့အချိန်မှာ နာမည်ကြီးဒါရိုက်တာတစ်ယောက်ရဲ့အောင်မြင်မှုကို မှီခိုချင်တဲ့အတွက်၊ သူ့ကိုယ်သူ အငယ်အနှောင်းအဖြစ် အသုံးချလိုခဲ့တယ်...။ 


သို့ပေမယ့် သူ့အဖေ...ရွှီချွင်ချင်းက သူ့မိန်းမကို သူ့ဘဝတစ်ခုလုံးနဲ့ယှဉ်ပြီးချစ်တဲ့အပြင် သူ့သားအရင်းကိုတောင် သဝန်တိုတတ်တဲ့လူဖြစ်တာကြောင့်၊ ထိုသို့အမှားအယွင်းမျိုးကို သူ့အနေဖြင့်လုပ်ဖို့က ဘယ်လိုမှမဖြစ်နိုင်တဲ့အရာမျိုး။


ယွင်ရှု ရုပ်ရှင်ဧကရီဆုကိုရသည့်အချိန်၊ သူမက ယို့လိအင်တာတိန်းမန့်နှင့် ကျန်းသုန့်တို့က သူမရဲ့တိုးတက်မှုကို အဟန့်အတားဖြစ်စေတယ်လို့ခံစားရတဲ့အတွက် သူမက ဝူပိနှင့်အလုပ်လုပ်ခဲ့သည်။ ဝူပိက သူမကိုသဘောကျနေတာကို သိရှိထားသည့်အတွက်၊ သူမက သူနှင့်အတူတူနေဖို့ ရိုးရှင်းစွာသဘောတူခဲ့သည်။ သို့သော် လျှို့ဝှက်ဆက်ဆံရေးတစ်ခုအနေနှင့်သာဖြစ်ပြီး လူသိရှင်ကြားတွဲမည်မဟုတ်ပေ။


ထို့နောက် ယွင်ရှုကဝူပိရဲ့အဆက်အသွယ်တွေနှင့် ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပြီး ချမ်းသာတဲ့မိသားစုတစ်စုထံ လက်ထပ်ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် ထိုမိသားစုဒေဝါလီရခဲ့ရပြီး ကွာရှင်းပြတ်ဆဲမှုလုပ်ပြီးနောက်၊ သူမကိုချစ်နေဆဲဖြစ်သည့် ဝူပိထံ ပြန်ရောက်လာခဲ့သည်။ ထို့နောက် သူက သူမအား ကြယ်ပွင့်တစ်ပွင့်ပြန်လည်ဖြစ်လာစေရန် သူတတ်နိုင်သရွေ့ အကောင်းဆုံးပြုလုပ်ပေးတော့၏။


ထိုအကြောင်းအားစဉ်းစားပြီးနောက်၊ ယွင်ရှုနှင့်ဝူပိတို့ရဲ့ သူ့ထံရန်လိုနေမှုမှာ မည်သည့်အတွက်ကြောင့်ဆိုတာကို ရွှီလော့ယန်သဘောပေါက်သွားရသည်။


ဝူပိရဲ့ အံ့အားသင့်နေသည့်မျက်နှာအားကြည့်ပြီးနောက် ရွှီလော့ယန်က ဒေါသမထွက်မိပေ။ သူက ဖရဲသီးတစ်လုံးအား ဝယ်ယူကာ စားသောက်နေသည့် အရည်အချင်းပြည့်မီတဲ့ ဖရဲသီးစားသူတစ်ဦးသာ။


ဝူပိက တိတ်ဆိတ်နေဆဲပင်။


ချီချန်အန်းက သူ့ရဲ့အသုံးမပြုရသေးသည့်ဇွန်းအား ရွှီလော့ယန်ထံလှမ်းပေးကာ ဝူပိအားပြောလာသည်။ 


"ခင်ဗျားရဲ့အကြောင်းပြချက်နဲ့ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ကျွန်တော်ဂရုမစိုက်ဘူး ဒါပေမယ့် ခင်ဗျားရဲ့ နည်းလမ်းတွေကို လော့ယန်အပေါ် အသုံးမချသင့်ဘူး"


ဝူပိမျက်နှာမှာ ဖြူလျော်သွားရသည်။ ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များကို တစ်ဖက်လူရှာတွေ့သွားတာကို သိရှိပြီး‌နောက်၊ သေချာပေါက်ကို ဒီအတိုင်းလွှတ်ထားတော့မည်မဟုတ်ပေ။


ထိုသို့ပြောပြီးနောက် ချီချန်အန်းက သူ့ခေါင်းကိုစောင်းကာ ရွှီလော့ယန်အား ကြည့်လိုက်သည်။ 


"မင်း စားလို့ဝပြီလား"


သူ၏အသံက ရုတ်ချည်းပင် နူးညံ့သွားရသည်။ 


ရွှီလော့ယန်က ခေါင်းညိတ်ကာ "ကျွန်တော်ဗိုက်ပြည့်ပြီ"


"အင်း အဲ့ဒါဆို သွားကြစို့"


Spire မှ သူတို့ထွက်လာသည့်အခါ၊ ညနက်နေပြီဖြစ်ပြီး ချင်းလီမြို့သို့ပြန်ရန်မှာ အင်မတန်မှ နောက်ကျနေပေပြီ။ 


သို့နှင့် ရွှီလော့ယန်က "ခင်ဗျား ညဘက်ကို ဘယ်မှာနေမှာလဲ" ဟု မေးလိုက်သည်။


ချီချန်အန်းက ခဏလောက်တွေးလိုက်ပြီး "ကိုယ် ဘီမြို့မှာနေဖို့ နေရာမရှိဘူး လျန်ချိုးကို ကိုယ့်အတွက် ဟိုတယ်တစ်ခုမှာ ဘိုကင်တင်ခိုင်းမလားလို့"


သူတို့ စကားပြောတာကို နားထောင်နေသည့် လျန်ချိုးမှာ၊ ဟိုတယ်ထံမှ ခြေလှမ်းဝေးဝေးလှမ်းလိုက်‌ကာ၊ သခင်လေးချီရဲ့သရုပ်ဆောင်စွမ်းရည်က တော်တော်ကောင်းတာပဲဟု တွေးလိုက်မိသည်။ 


သူက ဟိုတယ်ကို ဘိုကင်လုပ်ထားပြီးပါပြီ‌နော်။ 


Brighton ဟိုတယ်က ချီမိသားစုအပိုင်ဖြစ်ပြီး penthouse မှာ ချီချန်အန်းအတွက် တစ်နှစ်ပတ်လုံး ထိန်းသိမ်းထားသော်လည်း အချိန်တော်တော်တော်များများ ထိုနေရာတွင် မနေဖြစ်သလောက်ပင်။


သို့သော် ရွှီလော့ယန်က ဤအခြင်းအရာကို မသိပေ။ သူက ချီချန်အန်းတစ်ယောက်တည်း ဟိုတယ်သို့သွားရမည်ကို သူအလွန်ပင် စိတ်မချမ်းမသာဖြစ်ရတာကိုသာ သူသိသည်။ လွန်ခဲ့သည့်တစ်ခေါက်ကကဲ့သို့ ညသန်း‌ခေါင်အလယ်ချီချန်အန်း မူးလဲနေမည်ကို စိုးရိမ်နေမိသည်။


သို့နှင့် ငါးစက္ကန့်မျှအချိန်ယူပြီးနောက် သူက ဆုံးဖြတ်ချက်ချကာ ချီချန်အန်းအား အလေးအနက်ထားမေးလိုက်၏။ 


"ခင်ဗျား ကျွန်တော်အိမ်လာပြီး ငါးလလောက် ကျွန်တော်စိုက်ထားတဲ့ ရှားစောင်းပင်ကို လိုက်ကြည့်ချင်လား"


ချီချန်အန်းက အပြုံးလေးဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဒါပေါ့" 


------------


ရွှီလော့ယန်က ကျယ်ဝန်းတဲ့ တစ်ထပ်တိုက်များရှိသည့် ထျန်းဟယ်ကမ်းနားရပ်ကွက်တွင် နေထိုင်လေသည်။ 


ဓာတ်လှေကားထဲ ဝင်ကာ သူ့ရဲ့လက်ဗွေရာအားနှိပ်နေစဉ် ချီချန်အန်းအား စကားလှမ်းပြောနေလိုက်သည်။ 


"ပြောကာမှပဲ ကျွန်တော်ကဒီနေရာကို လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းကပြောင်းလာတာ ဒါပေမယ့် ကျွန်တော် ချင်းလီမြို့မှာ ခင်ဗျားနဲ့အတူတူနေရသလောက်တောင် ဒီမှာသိပ်မနေရသေးဘူးရယ်"


ချီချန်အန်းက မေးလာသည်။ 


"မင်း ရုပ်ရှင်ရိုက်ဖို့ အပြင်မှာပဲနေနေရလို့လား"


"ဟုတ်တယ် ကျွန်တော်အရင်ကလည်း ရုပ်ရှင်အဖွဲ့သားတွေနောက်ကို လိုက်နေဖူးတယ် ပြီးတော့ ကျွန်တော်အထင် နောက်ခြောက်လလောက်လည်း ဒီအတိုင်း ဆက်ဖြစ်နေဦးမယ်ထင်တာပဲ အဲ့ဒါကြောင့် ကျွန်တော်အနေနဲ့ ဒီလိုတန်ဖိုးကြီးတဲ့နေရာကို အလကားဖြုန်းတီးနေမိသလို ခံစားနေရတယ်"


ထိုအခိုက်မှာပင်၊ တစ်ဆယ့်ခြောက်လွှာသို့ရောက်ပြီဖြစ်၍ ဓာတ်လှေကားတံခါးကပွင့်သွားသည်။ 


ရွှီလော့ယန်က အရင်ဦးဆုံးထွက်ကာ၊ သစ်သားဖိနပ်စင်ထဲမှ မီးခိုးရောင်ဖျော့ဖျော့ခြေညှပ်ဖိနပ်အားထုတ်၍ ချီချန်အန်းထံ ကမ်းပေးလိုက်သည်။ 


"ဒါတွေက အသစ်တွေ ဘယ်သူမှမဝတ်ရသေးဘူး တော်ရဲ့လားလို့ စမ်းစီးကြည့်လိုက်ဦး" 


"အတော်ပါပဲ" 


ချီချန်အန်းက ဖိနပ်ကိုစီးရင်း ပြန်ဖြေလိုက်သည်။ 


ရုတ်တရက်သူက သတိထားမိသွားကာ "ချင်းလီမြို့မှာ မင်း ကိုယ့်ကိုဝယ်ပေးတဲ့ဖိနပ်ကလည်း မီးခိုးရောင်ပဲ"


ရွှီလော့ယန်က ချောချောမွေ့မွေ့ပြန်ဖြေလေသည်။ 


"ဟုတ်တယ်လေ ခင်ဗျားရဲ့ wiki မှာ ခင်ဗျားအကြိုက်ဆုံးအရောင်က မီးခိုးရောင်လို့ ရေးထားတာမှတ်မိလိုက်လို့"


ထိုစကားကိုကြားသည့်အခါ ချီချန်အန် ခဖျာအသက်ရှုသံပင်မှားသွားရသည်။ သူ့နှလုံးသားထောင့်လေးက အနည်းငယ်နစ်မွန်းသွားသလိုပင်။


တံခါးကိုဖွင့်ကာ အမည်းကွတ်ထားသောမျက်မှန်နှင့်ဦးထုပ်အားချွတ်ပြီးနောက်၊ ရွှီ‌လော့ယန်က ခွက်အသစ်၊ မျက်နှာသုတ်ပဝါနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ အစရှိသမျှတို့အား အချိန်နှစ်မိနစ်ခန့်မျှယူကာ ပြင်ဆင်လိုက်သည်။


သူကထိုပစ္စည်းများအား ထုတ်ပေးနေရင်း ချီချန်အန်းအား ရှင်းပြနေလေ၏။ 


"ကျွန်တော်အိမ်ပြောင်းလာတုန်းက တစ်ရက်ရက်တော့ သုံးရမှာပဲလို့စဉ်းစားရင်း အကုန်လုံးကို အစုံလိုက်တစ်ခါတည်းဝယ်လာခဲ့တာ" 


ပြောရင်းဖြင့် ရွှီလော့ယန်က သက်ပြင်းချလိုက်မိသည်။ 


"နောက်တော့မှ ဒီပစ္စည်းတွေရဲ့တစ်ခုတည်းသောလုပ်ဆောင်ချက်က ကျွန်တော်ကတစ်ကိုယ်ရည်ခွေးလေးဆိုတာကြိ နည်းမျိုးစုံနဲ့သတိပေးနေမှန်း သိလိုက်ရတယ် တကယ် အရမ်းကို နှိပ်ကွပ်နေတာပဲ"


ချီချန်အန်းက မျက်နှာသစ်ဘေစင်ပေါ်မှ ဆင်တူသွားတိုက်တံနှင့် ပလုတ်ကျင်းသည့်ခွက်တို့အား ကြည့်ကာ သူ့အသံက ပျော့ပျောင်းသွားရ၏။ 


"တကယ်လား ကိုယ် ဒါတွေကို သုံးလို့ရတယ်ပေါ့"


"အင်း အခုက ဒါတွေကို သုံးရမယ့်အချိန်ပဲလေ"


ပစ္စည်းများအား အဝေးသို့ထားပြီးနောက်၊ ရွှီလော့ယန်က ချီချန်အန်းအား အိမ်တွင်းပတ်ပတ်လည်လျှောက်ကြည့်ရန်ခေါ်သွားသည်။ ထို့ပြင် ငါးလခန့် သိမ်းထားသည့်တိုင် မသေသေးသော ရှားစောင်းပင်အား အထူးတလှယ်ပင် ပြလိုက်သည်။ သူက ထိုရှားစောင်းပင်အားကြည့်နေရင်း အရေးကြီးသည့်မေးခွန်းတစ်ခုကို ရုတ်တရက်အမှတ်ရသွားသည်။ 


"ခင်ဗျား ‌အဲ့ဒီနေရာမှာ ဘာမှသိပ်မစားခဲ့ဘူးပဲ ကျွန်တော် ခင်ဗျားကို ဆန်ပြုတ်ပြုတ်ပေးရမလား မိုးလင်းဖို့အချိန်အဝေးကြီးလိုနေသေးတယ်ဆိုတော့..."


အခုရက်ပိုင်းအတွင်း သူက အနည်းငယ်စိုးရိမ်နေမိသည်။ ညသန်းခေါင်ကြီး ချီချန်အန်းမူးလဲသွားပါက ဘာတွေဖြစ်ကုန်မှာလဲဟု သူ့အနေနှင့် စိုးရိမ်နေရသည်။ ထို့အတွက် သူ၏ဖြေရှင်းနည်းမှာ ရိုးရိုးလေးပင်။ ချီချန်အန်းအတွက် အစားအသောက်ပြင်ဆင်ပေးရန်ဖြစ်သည်။


ချီချန်အန်းက ခေါင်းညိတ်ကာ "အဲ့ဒါဆို ကိုယ် မင်းကို ဒုက္ခပေးပေးရတော့မယ်"


ဆယ်မိနစ်မျှကြာပြီးသည့်အခါ၊ သူ့လက်ဖက်ရည်အားသောက်ပြီးနောက်၊ ချီချန်အန်းက ထရပ်လိုက်ကာ မသိလိုက်ပါဘဲ မီးဖိုခန်းသို့လျှောက်သွားမိရာ၊ သူက ရွှီလော့ယန်တစ်ယောက် အပြာရောင်အစင်းများပါသည့် အေပရွန်ကိုဝတ်ထားကာ ကို့ရိုးကားယားနိုင်စွာဖြင့် အိုးတစ်အိုးအား ဇွန်းဖြင့်မွှေနေတာကို မြင်လိုက်ရသည်။ သူက စိတ်ကောင်းဝင်နေဟန်နှင့် သံစဉ်တစ်ခုအား ညည်းနေရာ သူ့ရဲ့နီညိုရောက်ဆံသားများက သံစဉ်နှင့်အတူ ယိမ်းထိုးနေလေသည်။


ထမင်းရဲ့အနံ့မွှေးမွှေးလေးက လေထဲသို့ပျံ့လွင့်လာရာ၊ ချီချန်အန်းမှာ ခေတ္တမျှမှင်တက်နေမိသည်။


အချိန်ခဏကြာသည့်အခါ ရွှီလော့ယန်က ချီချန်အန်းတစ်ယောက် တံခါးနားတွင် တိတ်တိတ်လေးရပ်နေတာကို သတိထားမိသွားပြီး ပြုံးပြ၍စကားဆိုလာသည်။ 


"ဗိုက်ဆာနေပြီလား ဒါက နောက်ထပ်မိနစ်နှစ်ဆယ်၊း သုံးဆယ်လောက်နေရင် ရတော့မှာ ခင်ဗျားရဲ့အစာအိမ်က အားနည်းနေတာမို့ အစာကြေလွယ်အောင်ဆန်ပြုတ်ကိုခပ်ပျစ်ပျစ်လေးပြုတ်နေတာ"


"အင်း" ချီချန်အန်းက တံခါးဘောင်ကို မှီကာ တုံ့ဆိုင်းစွာဖြင့် မေးလာသည်။ 


"မင်း ကိုယ့်ကို တစ်ခုခု....မေးချင်တာမျိုးရှိလား"


"ကြည့်ရအောင်....အင်း...မရှိသေးပါဘူး"


ချီချန်အန်းက အဘယ်ကြောင့်နေ့လည်ခင်းပြီး‌နောက် ရင်းနှီးမြှုပ်နှံသူများနှင့်အတူ ဝူပိနှင့်အခြားသူများထံ ချက်ချင်းသွားနိုင်ရသနည်းဟူတာကို သူ့အားရှင်းပြလိုနေကြောင်း ရွှီလော့ယန်ခန့်မှန်းမိသည်။ သို့သော် အကယ်၍သူမေးလိုက်ပါက ချီချန်အန်းက သေချာပေါက် ယုံကြည်နိုင်လောက်သည့် လက်တွေ့ကျကျအဖြေတစ်ခုအား ပြင်ဆင်ကာ သူ့အားလှည့်စားရန်ဖြေလာမည်ဟု သူခန့်မှန်းထားပြီးသားပင်။ ထို့ကြောင့် သူက ရှင်းရှင်းလေးပင် မေးခွန်းမထုတ်တော့ပေ။


ချီချန်အန်း၏စိတ်ထဲတွင်မူ ရွှီလော့ယန်က သူက ချီမိသားစုဝင်တစ်ယောက်ဖြစ်ကြောင်း ချိတ်ဆက်မိသွားပြီဟု တွေးလိုက်မိသည်။ ယခင်နှစ်များအတွင်း ချီမိသားစုပိုင်လုပ်သန်းများက ကနေဒါဘက်သို့ ဖြည်းဖြည်းချင်းအခြေချနေပြီးဖြစ်သော်လည်း တရုတ်နိုင်ငံတွင်းသူတို့၏ အရင်းအမြစ်များက သန်သန်မာမာရှိနေဆဲပင်။ ထို့ကြောင့် ဝူပိကဲ့သို့ မိနစ်အနည်းငယ်အတွင်း သူ့အထောက်အထားအား ရိပ်မိလိုက်ပြီဟုသာ ထင်လိုက်သည်။


သို့သော် ရွှီလော့ယန်ရဲ့ယခုလောလောဆယ်စိတ်အခြေအနေမှာ "ဒုတိယမျိုးဆက်နတ်ဆိုး၏ လျှို့ဝှက်ဆန်းကြယ်သည့်နောက်ခံ" နှင့် "သင့်ရန်သူများ၏စိတ်ပိုင်းဆိုင်ရာကို နတ်ဆိုးတစ်ဦးရဲ့အစွမ်းများကိုသုံးကာ မည်ကဲ့သို့ခြေမှုန်းရမည်နည်း" ဟူ၍ အစရှိသည့် အင်မတန်မှကွဲပြားခြားနားသည့်အကြောင်းအရာဆီသို့ လျှပ်စီးလိုအမြန်နှုန်းဖြင့် ပြေးနေမှန်း ချီချန်အန်းအနေဖြင့် မည်သည့်အခါကမျှ တွေးမိမည်မဟုတ်ပေ။


"နောက်ပိုင်းဖြစ်လာမဲ့အရာတွေကို ဖြေရှင်းဖို့ လျန်ချိုးကို ကိုယ်ပြောထားပြီးပြီ မနက်ဖြန်ကျရင် ရလဒ်ထွက်လာလိမ့်မယ် ပြီးတော့ သရုပ်ဆောင်အပြောင်းအလဲဖြစ်တဲ့ hotsearch ကိုလည်း ပြန်ဖြုတ်ချထားပြီးပြီ " 


ချီချန်အန်းက ပြောနေတာကို ‌ခေတ္တမျှရပ်ကာမသိမသာ တုံ့ဆိုင်းစွာဖြင့် မေးလာသည်။ 


"ကိုယ် ဒီနေ့လုပ်ခဲ့တာတွေက မင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသွားလား"


ယခုက ပထမဆုံးအကြိမ်အဖြစ် သူ့အနေဖြင့် တစ်ယောက်ယောက်နှင့်နီးကပ်လာစေရန် ကြိုးစားဖူးခြင်းပင်။ ထို့ကြောင့် သူ့အနေဖြင့် ရွှီလော့ယန်အားမည်ကဲ့သို့ ဆက်ဆံရမလဲဆိုတာ မရေမရာဖြစ်နေသည်မှာ သဘာဝကျလေသည်။သို့သော် သူရဲ့ပင်ကိုယ်အသိစိတ်က ပြောနေသည်မှာ ရွှီလော့ယန် အနိုင်ကျင့်ခံရခြင်း သို့မဟုတ် မှားယွင်းစွာဆက်ဆံခံရခြင်းကို မမြင်လိုဟူ၍ပင်။


"သေချာပေါက်ကို မဟုတ်ဘူးပေါ့" 


ရွှီလော့ယန်က သူ့လက်ထဲမှဇွန်းကို ဝှေ့ယမ်းကာ၊ သူ့မျက်လုံးထဲတွင် ဂုဏ်ယူမှုအပြည့်ဖြင့် ပြုံး၍ပြော‌လာသည်။ 


"မစ္စတာချီကပြိုင်ကွင်းတစ်ကွင်းလုံးကို နင်းချေလိုက်ပြီး မိစ္ဆာသေးသေးလေးတွေကို သုံးရာ့ခြောက်ဆယ်ဒီဂရီအထိ ရိုးရိုးလေး ပစ်ထုတ်လိုက်တာလေ ဒီလောက်မိုက်တာ..."


ရွှီလော့ယန်က သူ့အပေါ် မည်သူကိုကောင်းပြီး မည်သူကဆိုးသည်ကို ရှင်းရှင်းလင်းလင်းသိသူဖြစ်၍ ထိုသူတို့၏ကြင်နာမှုများကို အမြဲပင် အမှတ်တရရှိ‌လေသည်။ တွေးမိခါမှ၊ ချီချန်အန်းက သူ့အားကယ်ရန် ရေကန်ထဲသို့ ခုန်ဆင်းခဲ့ပြီး၊ နောက်ပိုင်း ယွင်ရှုကသူ့အား လုပ်ကြံစဉ်ကလည်း ချီချန်အန်းကသာ ရှေ့ထွက်၍သက်သေခံပေးသည်။ ထပ်ပြီး ယခုအကြိမ်နှင့်ဆိုပါက သူ့အားချီချန်အန်းကူညီသည်မှာ သုံးကြိမ်ရှိသွားပြီဖြစ်၏။


ချီချန်အန်းရဲ့ စိတ်အခြေအနေကိုခံစားမိသည့်အလျောက်၊ ရွှီလော့ယန်က လက်ထဲမှဇွန်းကိုချကာ ထိုသူရဲ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်၍၊ သူ့အား ဓာတ်လှေကားအရှေ့ရှိ ပင်မတံခါး‌၀အရှေ့ထိ ဆွဲခေါ်သွားလိုက်သည်။ ထို့နောက်သူက ချီချန်အန်း၏လက်အား တံခါးထံဖိကပ်ကာ ကုတ်နံပါတ်အား စက်တွင် အကြိမ်များစွာရိုက်ထည့်လိုက်သည်။ 


"လော့ယန်...."


"ပြီးပြီ" 


ရွှီလော့ယန်က ချီချန်အန်းကို မော့ကြည့်ကာပြုံးပြလိုက်သည်။ 


"ကျွန်တော် ခင်ဗျားရဲ့လက်ဗွေရာကိုလည်း ထည့်လိုက်ပြီ အဲ့ဒါဆို နောက်ပိုင်း ခင်ဗျားလာတဲ့အခါကျ ကျွန်တော်အိမ်မှာ ရှိရှိ၊မရှိရှိ ခင်ဗျားရဲ့လက်ဗွေရာကိုနှိပ်လိုက်ရုံနဲ့ တံခါးဖွင့်ဝင်လာရုံပဲ"


ချီချန်အန်း၏မျက်လုံးထဲမှ အံ့အားသင့်‌မှုကိုမြင်သည့်အခါ၊ ရွှီလော့ယန်က သူ့မေးကိုမြှောက်ကာ၊ "နောက်ပိုင်းကျ ကျွန်တော် ဒီမှာမရှိတဲ့အခါ အိမ်ကရှားစောင်းပင်လေးကို ခင်ဗျား ဂရုစိုက်ဖို့အတွက်ထားထားခဲ့မယ်နော်..."


သူ့လက်ကောက်ဝတ်တွင် ရွှီလော့ယန်၏ကိုယ်အပူချိန်မှာ စွဲထင်နေဆဲ၊ ချီချန်အန်းက ဖြည်းဖြည်းချင်းပြုံးလိုက်မိသည်။ 


"အင်း...ကိုယ် အံဒီရှားစောင်းပင်လေးကို သေသေချာချာဂရုစိုက်ထားပါ့မယ်"


ရွှီလော့ယန်က တွေးလိုက်မိသည်။ ထိုရှားစောင်းပင်မှာ အချိန်အကြာကြီး၊ အကြာကြီး၊ ကြာသည်အထိ ရှင်သန်နေလိမ့်မည်ပင်။ ဘာကြောင့်ဆို ထိုရှားစောင်းပင်က ကြီးမြတ်သည့်နတ်ဆိုး၏ကာကွယ်မှုအောက်တွင် ‌ရှိနေတဲ့အတွက်ကြောင့်ပင်။


__



Translated By IQ-Team.