အပိုင်း ၁၇
Viewers 5k

🍬Chapter 17


------------



ညသန်းခေါင်အချိန်၊ ရွှီလော့ယန်က အိပ်မက်ဆိုးမက်သည့်အတွက် အိပ်ရာမှနိုးလာခဲ့၏။ သူ့ဖုန်းအားထုတ်၍အချိန်ကိုကြည့်လိုက်ရာ၊ မနက် နှစ်နာရီခွဲရှိနေပြီဖြစ်သည်။ အိပ်ချင်မူးတူးနှင့် စိတ်ရှုပ်ထွေးစွာအိပ်ယာပေါ်မှဆင်းလိုက်ပြီး သူ့ရဲ့အိမ်တွင်းစီးဖိနပ်အားစီးကာ အခန်းတံခါးကိုဖွင့်၍ ရေသောက်ရန်ထွက်လာလိုက်သည်။


သို့သော် သူမီးဖွင့်ရန်လက်လှမ်းလိုက်သည့်အခါ၊ ဝရန်တာမှ အရိပ်ကြောင့် အင်မတန်ထိတ်လန့်သွားရသည်။ 


နှစ်ကြိမ်မျှပြန်ကြည့်လိုက်ပြီးခါမှ၊ လခွမ်း...ချီချန်အန်းက အခုချိန်ထိမအိပ်သေးဘူးလား...။ 


ဘတ်စ်ကားမှလေယာဉ်အထိ အဆင့်ဆင့်ရှည်လျားသောခရီးစဉ်အဆုံး၌၊ ရွှီလော့ယန်မှာခေါင်းအုံးနှင့်ခေါင်းထိလိုက်သည့်ခဏချင်းပင် အိပ်မောကျသွားခဲ့၏။


သူကစဉ်းစားလိုက်ပြီးနောက် ရေဖန်ခွက်ကိုကိုင်ကာ ချီချန်အန်း၏နံဘေးတွင်သွားရပ်လိုက်ပြီး "မအိပ်သေးဘူးလား" ဟုမေးလိုက်သည်။ 


ထိုသို့ပြောပြီးနောက် တဆက်တည်းဆိုသလို သူက သန်းဝေလိုက်မိသည်။


ဆောင်းဦးကာလရောက်နေပြီဖြစ်သည့်အတွက် ညပိုင်းတိုက်ခတ်သည့်လေမှာ အနည်းငယ်အေးစိမ့်စိမ့်ဖြစ်နေသည်။ ညအိပ်ဝတ်စုံလက်ရှည်၊ဘောင်းဘီရှည် မဝတ်ထားမိတာကို ရွှီလော့ယန်နောင်တရသွားသည်။


"အင်း ကိုယ်အိပ်လို့မရဘူး" 


ချီချန်အန်းကသူ့လက်အား ဝံရန်တာလက်ရန်းတွင်ထောက်ကာ အဝေးမှထွန်းလင်းနေသည့်နီယွန်အလင်းရောင်းများကို ကြည့်လျက် ရုတ်တရက်ဆန်စွာ မေးမြန်းလာသည်။ 


"ဒီနေ့က ကိုယ့်မိဘတွေရဲ့ အောက်မေ့ဖွယ်နေ့လေ" 


ထိုအဖြေက သူ့မေးခွန်းရဲ့ အတိုင်းအဆထက်ကျော်လွန်နေလေသည်။ ရွှီလော့ယန်က သူ့အားမည်ကဲ့သို့နှစ်သိမ့်ပေးရမလဲ ဆိုတာ အမြန်စဉ်းစားလိုက်သော်လည်း သူကလူများကို မည်ကဲ့သို့နှစ်သိမ့်ပေးရမည်ကို မသိမှန်း သိရှိလိုက်ရသည်။ ထို့အပြင် စကားလုံးများသက်သက်ဖြင့် အကျိုးသင့်အကြောင်းသင့်‌မပြောနိုင်ပေ။


သို့နှင့်ရွှီလော့ယန်က တစ်ဖက်သို့လှည့်ကာ ရှေ့သို့ခြေနှစ်လှမ်းလှမ်းလိုက်ပြီး သူ့လက်မောင်းများကိုဆန့်တန်းကာ ချီချန်အန်းအား ပွေ့ဖက်လိုက်သည်။ သို့သော် ဖန်ခွင်ထဲမှရေကိုမဖိတ်စင်စေလိုသည့်အတွက် သူ့ပုံစံမှာ အနည်းငယ် ကိုးရိုးကားယားနိုင်နေ၏။


ရွှီလော့ယန်ကပွေ့ဖက်ပြီးနောက် နောက်ပြန်ဆုတ်ရန်လုပ်သော်လည်း ချီချန်အန်းက သူ့လက်များဖြင့်သူ့အား ပြန်လည်ရစ်ပတ်ပွေ့နှောင်ထားတာကို သိလိုက်ရသည်။


ထိုသူက သူ့အား လွှတ်ပေးရန်အဆင်သင့်ဖြစ်သေးပုံမပေါ်ချေ။ စဉ်းစားလိုက်ပြီးနောက်၊ သူက ဖန်ခွက်ကိုဆက်၍ကိုင်ထားကာ ထိုကိုးရိုးကားယားနိုင်သည့် အနေအထားအား ဆက်လက်ထိန်းသိမ်းထားလိုက်၏။


ကောင်းပြီလေ...ပွေ့ဖက်ကြပြီး နွေးထွေးမှုလေးအနည်းငယ်ကို ခင်ဗျားနဲ့အတူမျှဝေကြတာပေါ့ အဲ့ဒါဆို ခင်ဗျားလည်း နည်းနည်းလောက်ဖြစ်ဖြစ် ဝမ်းနည်းနေတာ သက်သာသွားမှာပဲ...။


ဆယ်စက္ကန့်မျှကြာပြီးနောက် သူက ချီချန်အန်း၏ ဆို့နင့်၊တိုးညှင်းသောအသံကို ကြားလိုက်ရသည်။ 


"တကယ်တော့ ကိုယ်လည်း ဝမ်းနည်းနေတာ ဟုတ် မဟုတ် မသေချာဘူး"


အဖြေပေးရန်မလိုအပ်သည့်အလျောက်၊ ချီချန်အန်းက ဆက်ပြောလေသည်။


"ကိုယ့် အဖေအကြောင်းကိုတော့ ကိုယ်သိပ်မမှတ်မိတော့ဘူး သူက နေ့တိုင်းအလုပ်များနေတတ်ပြီး အမြဲတမ်းအိမ်နဲ့ဝေးတဲ့နေရာကိုရောက်နေတတ်တယ် ကိုယ်နဲ့သူနဲ့ စကားတောင်မပြောဖြစ်သလောက်ပဲ ပြီးတော့ ကိုယ့်အမေ.....သူမကအမြဲ မျက်ရည်တစမ်းစမ်းနဲ့ ကိုယ်မှတ်မိသလောက်ဆို သူမကတစ်ချိန်လုံး ငိုနေတာပဲ"


သူမက ငိုကြွေးလျက်နှင့် သူ့အားဆေးဝါးများအမျိုးစုံတိုက်လေသည်။ ထို့ပြင် ဆရာဝန်၏စမ်းသပ်စစ်ဆေးမှုများအား သူ့အနေဖြင့် နာနာခံခံလိုက်လုပ်စေရန် ငိုကြွေးပြတတ်သည်။ သူကနေ့စဉ်နှင့်အမျှ ဆေးရုံကုတင်ပေါ်တွင်သာ အချိန်များကုန်ဆုံးရပြီး သူ့မိခင်ရဲ့ ငိုကြွေးကာ သူ့အားချစ်ကြောင်း၊ ဆက်တိုက်ပြောနေတာကို နားထောင်ရလိမ့်မည်ပင်။ သို့သော် ထိုအချစ်ဟုခေါ်သောအရာက သူ့အား ကြောက်လန့်စေခဲ့သည်။


သူ့စိတ်အတွင်းမှ ခံစားချက်များကို ပြင်းထန်စွာဖိနှိပ်ရန်ကြိုးစားနေသည့်အလျောက် ချီချန်အန်း၏တစ်ကိုယ်လုံး အနည်းငယ်တုန်လှုပ်နေတာကို သတိထားမိသွားရာ၊ ရွှီလော့ယန်ကညင်ညင်သာသာလေး ရွေ့ကာ၊ သူ့အားအသာလေးတွန်း၍ "ချန်အန်း ကျွန်တော်ကို ခဏလောက်စောင့်ဦး ကျွန်တော်တစ်ခုခုသွားယူလိုက်ဦးမယ်"


သိပ်မကြာခင်မှာပဲ၊ ရွှီလော့ယန်က အပြေးလေးပြန်လာကာသူ့လက်ထဲမှအရာအား ချီချန်အန်း၏လက်ဖဝါးအတွင်းသို့ ထည့်ပေးလိုက်သည်။


"ကျွန်တော်အမေက ကျွန်တော်ကိုပြောလေ့ရှိတာက မင်းရဲ့နှလုံးသားထဲမှာ ဝမ်းနည်းစရာတစ်ခုခုတွေးနေမိရင်၊ ကျောက်တုံးလေးကို တိုးတိုးလေးပြောပြပြီး အဲ့ဒီကျောက်တုံးကို ဟိုးအဝေး၊အဝေးကြီးထိရောက်အောင် လွှင့်ပစ်လိုက်တဲ့ အဲ့ဒီအခါကျ...ဝမ်းနည်းစရာအတွေးတွေကလည်း မင်းဆီကနေ ဟိုးအဝေးကြီးကိုရောက်သွားလိမ့်မယ်တဲ့ " 


ရွှီလော့ယန်က ချီချန်အန်းအား စိတ်အားထက်သန်စွာ ကြည့်ကာ "ချန်အန်း ခင်ဗျားစမ်းကြည့်ချင်လား"


သူ့လက်ထဲမှ အလွန်သေးငယ်လှသည့်ကျောက်တုံးလေးနှစ်တုံးအား ကြည့်ကာ၊ ချီချန်အန်းက ရွှီလော့ယန်အား မငြင်းဆန်ရက်ပေ။ သူက ကျောက်တုံးတစ်တုံးအားယူကာ မိနစ်ဝက်မျှကိုင်ထားပြီး၊ ဟိုးအဝေးဆီသို့ အားနှင့်လွှင့်ပစ်လိုက်သည်။


ကျောက်တုံးအားလွှင့်ပစ်လိုက်သည့်အခိုက်အတန့်၊ ထိုကျောက်တုံး၏မည်သည့်အရိပ်အယောင်ကိုမှမမြင်နိုင်တော့ပေမယ့်...ချီချန်အန်းက သူ့နှလုံးသားထဲဖိနှိပ်ထားသည့် ဝမ်းနည်းပူဆွေးမှုများက ထိုအခိုက်အတန့် အနည်းငယ်ပေါ့ပါးသွားသလိုခံစားလိုက်ရပြီး သူ့အသက်ရှုသံကိုမှန်သွားစေသည်။ 


နောက်တစ်နေ့နံနက်တွင်တော့၊ မီးဖိုချောင်တွင် အေပရွန်ဝတ်ထားသည့်ရွှီလော့ယန်က ကြက်ဥကြော်နေရင်း မထိန်းနိုင်ဘဲ သန်းနေမိ၏။


ကိုးနာရီခန့်ရှိနေပြီဖြစ်သော်လည်း ချီချန်အန်းအား သွား၍နှိုးသင့်မနှိုးသင့်၊ သူဝေခွဲမရသေးပေ။ သို့သော် မတော်တဆ၊ မနေ့ညမှအဖြစ်အပျက်အား သူအမှတ်ရမိလိုက်သည်။ ဝရန်တာတွင် ချီချန်အန်းအား နာရီဝက်ကျော်ကျော်၊ သူအဖော်ပြုပေးနေစဉ်၊ ခြင်များက ချီချန်အန်းကိုမကိုက်ဘဲ သူ့ကိုသာစုပြုံကိုက်ကြသဖြင့် သူ့လည်ပင်းနှင့်လက်မောင်းတစ်ခုလုံး အနီစက်များဖြင့် ကြည့်မကောင်းမြင်မကောင်းဖြစ်နေရသည်။


ထိုအချိန်တွင်၊ တံခါးမှလူခေါ်ခေါင်းလောင်းက အသံမြည်လာချိန်တွင် ရွှီလော့ယန်ရဲ့စိတ်ထဲ အခြေအနေသိပ်မဟန်သည့်ခံစားချက်က ပေါ်ထွက်လာခဲ့သည်။ သူက တံခါးကိုဖွင့်ရန် အချိန်ဆွဲနေခဲ့မိပြီး သေချာသလောက်ပင်၊ အပြင်ကလူမှာ ကျန်းသုန့်ဖြစ်နေသည်။


ဘယ်လိုတောင် ကံမကောင်းရတာလဲ...။


ကျန်းသုန့်က တံခါးဝတွင်ရပ်ကာ၊ ညာဘက်လက်တွင် ယောက်မကိုကိုင်ပြီးညအိပ်ဝတ်စုံဖြင့် ခါးတွင်အေပရွန်စည်းထားသည့် ရွှီလော့ယန်ကိုကြည့်ကာ အချိန်ခဏမျှ ဘာပြောရမည်မှန်းမသိ ဖြစ်သွားရသည်။


စိတ်ပိုင်းဆိုင်ရာအခြေအနေကောင်းများစွာရှိနေသည့် ရွှီလော့ယန်က အရင်ဦးစွာ စနှုတ်ဆက်လိုက်သည်။ 


"ကျန်းကော မင်္ဂလာနံနက်ခင်းပါ ဟားဟားဟားဟား...မတွေ့ရတာကြာပြီနော်"


ထို့နောက်၊ သူ့အနောက်မှ ချီချန်အန်း၏အသံထွက်လာတော့သည်။ 


"လော့ယန် တစ်ယောက်ယောက် တံခါးခေါင်းလောင်းတီးနေတာကို ကိုယ်ကြားလိုက်သလိုပဲ"


ရွှီလော့ယန်နှင့်ဆင်တူ ညအိပ်ဝတ်စုံ၊ ဆင်တူအိမ်တွင်းစီးဖိနပ်ကိုဝတ်ဆင်ကာ အိပ်ခန်းထဲမှထွက်လာသည့် ချီချန်အန်းကိုကြည့်ကာ၊ ကော်လာထောင့်ရှိနေရာတွင် အနီရောင်အမှတ်များရှိနေသည့် ရွှီလော့ယန်ကို ပြန်ကြည့်ရင်း ကျန်းသုန့်၏နှလုံးသားလေးမှာ တုန်လှုပ်သွားရသည်။ 


ထို့နောက် စိတ်ထဲမှ ဆိုးရွားသည့်ခံစားချက်ကိုမျိုသိပ်ထားရင်း အံကြိတ်ကာ မေးလိုက်၏။ 


"ရွှီလော့ယန် သေချာရှင်းပြစမ်း ဒါက ဘယ်လိုအခြေအနေတုန်း"


------------

ရှုပ်ထွေးစွာနှင့် ရွှီလော့ယန်ကလက်ထဲမှယောင်းမကို နှစ်ကြိမ်မျှဝှေ့ယမ်းလိုက်မိသည်။ 


"နေပါဦး ကျန်းကော ကျွန်တော့်ကို အလောတကြီးနဲ့ အခြေအနေကိုရှင်းပြနေစေချင်ပေမယ့် ကျွန်တော်က ဘာကိုရှင်းပြရမှာလဲဆိုတာကိုတော့ အရင်ဆုံးပြောပြဦးလေ"


နှလုံးရောဂါရလုဆဲဆဲ ကျန်းသုန့်က အံ့ကြိတ်ထားသည့်လေသံဖြင့် ပြောလာသည်။ 


"မင်းနဲ့ ချီချန်အန်းလေ"


.....


ရွှီလော့ယန်က သူဘာကြောင့် စိတ်လှုပ်ရှားနေမှန်းကို နားလည်ရန်ကြိုးစားသော်လည်း နားမလည်နိုင်သည့်အတွက်၊ သူက အခြေအနေကို အမှန်အတိုင်းသာ ပြောပြလိုက်သည်။ 


"မနေ့က ချန်အန်းနဲ့ကျွန်တော် ချင်းလီမြို့ကပြန်လာပြီး မိစ္ဆာလေးတွေကို တိုက်ထုတ်ဖို့ လျှောက်သွားခဲ့တယ် ဒါပေမယ့် ချန်အန်းက ညဘက်နေစရာနေရာမရှိတာနဲ့ ကျွန်တော်နဲ့အတူတူ ညအိပ်ခိုင်းလိုက်တာလေ အဲ့ဒါကဘာဖြစ်လို့လဲ"


ထိုသို့ပြောပြီးနောက်၊ ကျန်းသုန့်၏ 'မင်းငါ့ကိုအရူးလုပ်နေတာ'ဟူ၍ စွပ်စွဲနေသည့်မျက်နှာထားကိုမြင်လိုက်ရသည့်အခါ၊ ရွှီလော့ယန်က ပို၍ပင် နားမလည်နိုင်ဖြစ်သွားရ၏။


တစ်လလောက်ကြာသွားပြီဆိုတော့ သူ့မန်နေဂျာနှင့်သူ့ရဲ့ ဦးနှောက်လှိုင်းက စကြာဝဠာကြီးတစ်ခုလောက် ကွာခြားသွားတာများလား...။


"အဲ့ဒါဆို မင်းရဲ့ကော်လာအောက်က တစ်ဝက်တစ်ပျက်ပေါ်နေတဲ့ အချစ်မှတ်တွေကရော ဘာတွေလဲ"


ခေါင်းမာတဲ့တစ်ကိုယ်တော်ခွေးလေးမှာ ဘယ်လိုလုပ်ပြီး အချစ်မှတ်တွေရှိနေရမှာတဲ့လဲ...။


ရွှီလော့ယန်က ကျန်းသုန့်၏အကြည့်များနောက်လိုက်ကြည့်ရာ၊ သူ့ကိုယ်သူငုံ့ကြည့်လိုက်မိပြီးနောက် ရုတ်ချည်းကြက်သေသေသွားရသည်။ 


"လခွမ်း...ကျန်းကော ကျန်းကောတော့ ပေါ်သွားပြီ နှာဗူးအတွေးတွေနဲ့ပဲ ပြည့်နေတာပဲ ဒါက ခြင်ကိုက်ထားတဲ့ အရာတွေ"


ပြောပြောဆိုဆိုဖြင့်၊ ရွှီလော့ယန်က သူ့ကော်လာအားဆွဲချကာ၊ ကျန်းသုန့်အား ပွင့်လင်းစွာပြလိုက်သည်။


ချီချန်အန်းက အဝတ်အစားလဲ၍ထွက်လာသည့်အချိန်၊ ရွှီလော့ယန်ရဲ့လှုပ်ရှားမှုကို မြင်လိုက်ရသည်။ သူက မသိလိုက်ပါဘဲ လက်လှမ်း၍ ရွှီလော့ယန်ရဲ့ကော်လာအား ပြန်လည်ဆွဲတင်ပေးလိုက်သည်။ 


"အေးနေပြီ အအေးမမိစေနဲ့"


ရွှီလော့ယန် "....."


ကျန်းသုန့် "....."


အဖြစ်မှန်နှင့်လွန်စွာကွာခြားနေပုံရသည့် သူ့စကားလုံးများကို ပြန်လည်ပြင်ဆင်ရန် စိတ်ကူးမရှိဘဲ၊ ချီချန်အန်းက ကျန်းသုန့်အားယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။ 


"ဟယ်လို...ကျွန်တော်က ချီချန်အန်းပါ...တွေ့ရတာဝမ်းသာပါတယ်"


အာရုံပြောင်းသွားသည့် သူ့အေးဂျင့်မှာ ရွှီလော့ယန်နှင့် မျက်နှာချင်းမဆိုင်သရွေ့၊ သူ့အပြုံးက ရည်ရည်မွန်မွန်ရှိလှသည်။ 


"ဟယ်လို ကျွန်တေယ်က ရွှီလော့ယန်ရဲ့မန်နေဂျာ ကျန်းသုန့်ပါ အခုတလော ခင်ဗျားအကြောင်းရွှီလော့ယန်ခဏခဏပြောနေတာ ကြားဖူးပါတယ်"


ချီချန်အန်းက အပြုံးလေးတစ်ခုပေးလိုက်သည်။


အနောက်မှ တံခါးကိုပိတ်ကာ ရွှီလော့ယန်က လူနှစ်ဦးကြားရှိ ရည်မွန်သည့်နှုတ်ခွန်းဆက်စကားများကို ဝင်ရောက်နှောင့်ယှက်လိုက်၏။


"ကျန်းကော ကျွန်တော်အိမ်မှာရှိနေမှန်း ဘယ်လိုသိတာလဲ"


"မပြောစမ်းနဲ့ မင်းပြောလိုက်တိုင်း ငါ့ရင်နာတယ် မင်းက ငါ့ကိုတောင်မပြောဘဲ တိတ်တိတ်လေးပြန်လာတယ်ပေါ့လေ ဟုတ်လား"


ရွှီလော့ယန်က ဆင်ခြေပေးလာသည်။ 


"ကျန်းကောပဲ ကျွန်တော်က တိတ်တိတ်လေးပြန်လာတယ်လို့ ပြောလိုက်တာကို အကယ်၍ ကျွန်တော်သာပြောပြခဲ့ရင် တိတ်တိတ်လေးဆိုတဲ့စကားနဲ့ ဘယ်လိုလုပ်တူတော့မှာလဲ ပြီးတော့ နံရံကျော်တက်ပြီး ဘက်စကတ်ဘောသွားဆော့ဖို့ကို ဘယ်ကျောင်းသားက ကျောင်းအုပ်ကြီးဆီ ကြိုပြီးအကြောင်းကြားဖူးလို့လဲ"


ဒီခေါင်းကတော့...၊ 


ရွှီလော့ယန်ရဲ့စကားထဲ မှန်သည့်အချက်ရှိသည်ဟု ကျန်းသုန့်တွေးလိုက်မိသည်။


"ဒါဆို အဲ့ဒီအကြောင်းမပြောတော့ဘူး မင်း‌အခုလေးတင်ပြောတော့ မင်းတို့က မိစ္ဆာပေါက်လေးတွေနဲ့ သွားတိုက်ခိုက်တာဆို မင်းဘယ်သူ့မျက်နှာကို သွားချခဲ့တာလဲ" 


နှစ်ပေါင်းများစွာ၊ အတူတကွအလုပ်လုပ်လာပြီးနောက်၊ ရွှီလော့ယန်၏ စကားအသုံးအနှုန်းများအား ကျန်းသုန့်သေချာနားလည်နေပြီဖြစ်သည်။ 


"ပြီးတော့ မနေ့ကမင်းတို့ဘာဖြစ်လို့ Spire ကို သွားခဲ့ကြတာလဲ"


"ကျွန်တော်တို့သွားတာက ...ဟမ်...ကျန်းကော ကျွန်တော်မနေ့က Spire ကို သွားတာ ဘယ်လိုလုပ်သိတာတုန်း ကောမှာ သတင်းအရင်းမြစ်တွေကျယ်ကျယ်ပြန့်ပြန့်ရှိနေတာပဲ"


"အဲ့ဒါအကုန် hot search ပေါ်ရောက်နေတာလေ ငါရူးနေမှပဲ အဲ့ဒါကို မသိမှာ။"


ရွှီလော့ယန်နှင့်ချီချန်အန်းတို့နှစ်ယောက်စလုံး hot search အကြောင်း မသိတာကိုတွေ့လိုက်ရသည့်အခါ၊ ကျန်းသုန့်က စိတ်ရှည်ရှည်နှင့်ရှင်းပြရပြန်သည်။


"မနေ့က မင်းရဲ့ပရိသတ်တွေက မင်းတို့နှစ်ယောက်ကို လေဆိတ်မှာ မှတ်မိသွားပြီး Spire အထိ မင်းတို့နောက်က လိုက်လာခဲ့တာ သူတို့ပြန်သွားပြီး ကုချန် cp ဆိုပြီး တင်လိုက်လို့ hot search ပေါ်ရောက်နေပြီ ငါ ဒီနေ့မနက်မြင်လိုက်တော့ မင်းတို့ ညတွင်းချင်းတော့ ချင်းလီမြို့ကို မပြန်လောက်သေးဘူးထင်တာနဲ့ မင်းအိမ်‌မှာရှိနေမလားလို့ လာကြည့်တာ"


ရွှီလော့ယန်က စိတ်ရှုပ်စွာနှင့် သူ့ခေါင်းကိုကုတ်လိုက်မိသည်။ 


"ကျွန်တော် မနေ့က နေကာမျက်မှန်ရော ဦးထုပ်ရော၊ mask ရောတပ်ထားတာ ကျွန်တော်သေချာအထပ်ထပ်ဖုံးကာပြီးဝတ်ထားလို့ ကျွန်တော်ကိုယ်ကျွန်တော်တောင် မမှတ်မိတာကို ပရိသတ်တွေက ကျွန်တော်ကို မှတ်မိသွားသေးတယ်လား"


ထို့နောက် သူက ချီချန်အန်းက ဝူပိအား အံ့အားသင့်စေရန်သူ့ကိုခေါ်သွားသည့်အချိန်၊ တစ်ဖက်လူများ၏မျက်နှာအမူအရာအတိုင်း အတုခိုးကာ မနေ့ကအဖြစ်အပျက်များအား အစီအစဉ်အတိုင်း ပြောပြရတော့သည်။ သူ့ရဲ့သရုပ်ဆောင်မှုများက အင်မတန်မှ စိတ်ပါလက်ပါရှိလှသည်။


ရွှီလော့ယန်သရုပ်ပြနေစဉ်၊ ချီချန်အန်းက နံဘေးတွင်ရပ်ကာကြည့်နေလေသည်။ ကျန်းသုန့်က ချီချန်အန်း၏အပြုံးအား သတိထားမိသွားကာ၊ အနည်းငယ်ထူးဆန်းသည်ဟု ခံစားလိုက်ရ၏။ 


ယုန်ဖြူလေးလိုဖြူစင်တဲ့ အူကြောင်ကြောင်မိန်းမငယ်လေးအား အလိုလိုက်နေသည့် လွှမ်းမိုးနိုင်တဲ့ ဥက္ကဌကဲ့သို့ idol drama နှင့်ခပ်ဆင်ဆင်ပင်။ 


ထိုအတွေးကြောင့် လန့်ဖျတ်သွားရသည့်ကျန်းသုန့်မှာ ရုတ်ချည်းတုံ့ပြန်လိုက်မိသည်။ ရွှီလော့ယန်က အရာရာတိုင်းတွင် သဘောထားကြီးသည့်ပုံပေါ်သော်လည်း၊ သူ့မိဘများ၏လမ်းကိုလိုက်ကာ အနုပညာလောကထဲတွင် ကြီးပြင်းလာသည့်အတွက် ဖြူစင်သည့်အူကြောင်ကြားမိန်းကလေးကဲ့သို့ဖြစ်ရန် ပတ်ဝန်းကျင်အခြေအနေက ရွှီလော့ယန်ထံရှိမနေပေ။


ဇာတ်လမ်းအား သဘောပေါက်သွားပြီးနောက် သုံးယောက်သား ထမင်းစားပွဲတွင် ဝိုင်းထိုင်လိုက်ကြသည်။ရွှီလော့ယန်က မီးဖိုခန်းထဲသို့ ပြန်ပြေးသွားကာ၊ ကြော်ပြီးသားဖြစ်သည့် ကြက်ဥခေါက်ကြော်အား ပန်းကန်ထဲထည့်လာကာ၊ သူ့အတွက်ဆန်ပြုတ်တစ်ပန်းကန်နှင့် ချီချန်အန်းအတွက် ဆန်ပြုတ်တစ်ပန်းကန်အား ယူလာလေသည်။


ရွှီလော့ယန်၏ကြက်ဥကြော်မှာ အင်မတန်ထူးခြားသည့် အသွင်အပြင်ဖြင့်ပင်။ ကြက်ဥအကာနှင့် ကြက်ဥအနှစ်အား သက်သက်စီကြော်ထားကာ၊ ကြောင်တစ်ကောင်၏ ပုံစံကိုပင်စိတ်ရှည်ရှည်ပုံဖော်ထားသည်။ ကြက်ဥအကာများကို ကြောင်မျက်နှာကဲ့သို့ပုံဖော်ထားပြီး ကြက်ဥအနှစ်နှစ်လုံးအား ကြောင်မျက်လုံးသဏ္ဍာန် ပုံဖော်ထားသည်။


ကျန်းသုန့်က ညည်းတွားချင်နေသည်မှာကြာလှပြီဖြစ်ရာ၊ သူကမအောင့်ထားနိုင်တော့သဖြင့် ချီချန်အန်းဘက်လှည့်၍ "မင်း မနက်စောစောစီးစီး ဒီကြက်ဥကြော်ကိုမြင်ရတာနဲ့ ချက်ချင်းအိပ်ချင်စိတ်ပါပျောက်သွားတယ်လို့ မခံစားရဘူးလား"


ချီချန်အန်းက သူ့လက်ထဲမှတူကိုချကာ ယဉ်ကျေးစွာပြန်ဖြေလာခဲ့သည်။ 


"ကျွန်တော်ကတော့ ချစ်စရာကောင်းတယ်လို့ ထင်တယ်"


"...." 


တွေ့လား... မင်းက ရွှီလော့ယန်နဲ့ တစ်ဖွဲ့တည်းကပဲ။


ဘေးမှ အသေ‌အချာကြားလိုက်ရသည့် ရွှီလော့ယန်က သူ့ရဲ့မကျေမနပ်ဖြစ်မှုကို ထုတ်ပြကာ ကြက်ဥကြော်အား သူ့ဖုန်းဖြင့် ဓာတ်ပုံရိုက်လိုက်ပြီး အလျင်အမြန်ပဲ ပို့စ်တင်ပစ်လိုက်သည်။


သူ့ဘက်မှ ပို့စ်တင်ပြီးမကြာမီ၊ ချီးချင်အန်းက ပို့စ်အား ထပ်ဆင့်တင်သည့်ခလုတ်အားနှိပ်ကာ ကောမန့်မန့်၏။


"စားဖူးသမျှထဲ အကောင်းဆုံးကြက်ဥကြော်ပဲ //@ရွှီလော့ယန်: လှပတဲ့မျက်လုံးတွေ//" 


ထိုလူနှစ်ဦး၊ တစ်ယောက်ပြီးတစ်ယောက် ပြုလုပ်သွားသည်များကို မြင်သောအခါ ကျန်းသုန့်မှာ အတော်လေး မျက်စိစပါးမွှေးစူးရသည်။ ယခင်က သူချီချန်အန်း၏ဝေးပေါ်အား မွှေနှောက်ကြည့်ခဲ့တာကို ပြန်အမှတ်ရသွားသည်။


ထပ်ဆင့်ပြန်တင်ထားသည့် ပို့စ်များနှင့်၊ Followထားသည့်တစ်ဦးတည်းသော လူသား၊ ထို့ပြင် မရေမတွက်နိုင်သည့် ပရိတ်သတ်များ၏ like များကြောင့် သူ့မျက်နှာအား မနက်စောစောစီးစီး ခွေးစာဖြင့်လူးလိုက်သလို ခံစားချက်မျိုးခံစားလိုက်ရသည်။


ချီချန်အန်းနှင့် တူစေရန်၊ ရွှီလော့ယန်က သူ့အစားအသောက်အမြန်နှုန်းအား လျော့ချလိုက်ကာ၊ ကျန်းသုန့်အား မေးလာသည်။ 


"ကျန်းကော ကောဒီအထိ တကူးတကလာပြီး ကျွန်တော့်ကိုလာရှာတာ တစ်ခုခုဖြစ်နေလို့လား"


"အင်း နည်းနည်းပေါ့" 


ထိုသို့ပြောကာ ကျန်းသုန့်က သူ့ဖုန်းမှ မှတ်စုအားဖွင့်လိုက်ပြီး၊ "ပထမဆုံးအကြောင်းက ရုပ်ရှင်‌အကြောင်းပဲ ဒါရိုက်တာကျန်းက ဒီနေ့မနက်မိုးမလင်းခင်က ငါ့ကိုဖုန်းဆက်လာတယ် မတော်တဆတွေထပ်မဖြစ်အောင်လို့ ဇာတ်ညွှန်းကနောက်ဆုံးအပြီးသတ်လိုက်ပြီးတော့ ရိုက်ကူးရေးကိုစောစောစချင်တယ်တဲ့ အဲ့ဒီအတွက် ငါတို့ဘက်မှာ ပြဿနာရှိ၊မရှိမေးခိုင်းလိုက်တယ်"


ရွှီလော့ယန်က ခေါင်းငြိမ့်ကာ "ဇာတ်ညွှန်းရေးပြီးသွားပြီဆိုတော့ ရုပ်ရှင်ရဲ့နာမည်ကိုရော ဆုံးဖြတ်ပြီးပြီလား"


___


Translated By IQ-Team.