အပိုင်း ၁၈
Viewers 6k

Chapter 18


------------


"ဆုံးဖြတ်ပြီးသွားပြီ နာမည်က 'မတူသောလမ်း' တဲ့" 


ရွှီလော့ယန်နှင့်ချီချန်အန်းတို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ၊ ဇာတ်လမ်းထဲမှ ချင်းချောင်နှင်ရွှီကျန့်တို့မှာ အမှန်တကယ်ပင် လုံးဝမတူညီသည့်လမ်းသို့လျှောက်သွားကြကာ၊ သူတို့၏ဘဝတစ်လျှောက်မည်သည့်အခါမျှ ပြန်လည်ဆုံတွေ့တော့မည်မဟုတ်ပေ။ ဖော်ပြ၍မရနိုင်သည့် ဝမ်းနည်းမှု....ဇာတ်ကောင်များမှပေးအပ်သည့် ခံစားချက်များထံ သူတို့နှလုံးသားမှာနစ်မြှုပ်သွားရ၏။


"ဒုတိယအကြောင်းအရာက ငါ့လက်ထဲကို စာချုပ်ရောက်လာပြီ"


ရွှီလော့ယန်က မသိ‌ပေ။ 


"ဘယ်စာချုပ်လဲ"


"ရုပ်ရှင်အဆုံးသတ်မှာ credit ထည့်ဖို့ စာချုပ်၊ ဒါရိုက်တာကျန်းက မင်းကို ပြောပြထားမယ်လို့ ငါထင်တာပဲ ဟုတ်တယ်မို့လား ငါဖတ်ကြည့်ပြီးပြီ၊ တစ်ခုမှ မှားနေတာမျိုးမရှိဘူး အဲ့ဒီတော့ မင်းဒီမှာရှိနေတုန်းလေး ညစာစားပြီးတော့ လက်မှတ်ထိုးလိုက်သင့်တယ်"


သူတို့အတူတူစားခဲ့ကြသည့် အသားကင်များကိုပြန်တွေးမိကာ၊ ဒါရိုက်တာကျန်းက အမှန်ပင် သူ့အားပြောပြခဲ့တာကို သတိရသွားသဖြင့် ရွှီလော့ယန်က သဘောတူလိုက်သည်။


"နောက်ဆုံးတစ်ခုက မင်းတို့နှစ်ယောက် hot search ကို ဖြုတ်ချမှာလား အကယ်၍ ငါတို့ cp ကိုသုံးဖို့ မစီစဉ်ထားဘူးဆိုရင် ငါတို့အဲ့ဒါကို ရှောင်ဖို့ ကြိုးစားကြည့်မယ်" 


အကယ်၍ ကောင်းကောင်းသာလုပ်နိုင်ခဲ့ပါလျှင် နှစ်ဦးနှစ်ဖက်အကျိုးအမြတ်ရမည်ဖြစ်ပြီး သူတို့၏ကျော်ကြားမှုမှာလည်း အတူတူမြင့်တက်လာနိုင်သည်။ သို့သော် တစ်ခုခုမှားသွားပါက သူတို့က နာမည်ကျသွားမည်ဖြစ်ကာ၊ နှစ်ဖက်စလုံးမှ ပရိသတ်များက တစ်ယောက်လည်မျိုတစ်‌ယောက်ညှစ်ကြမည်ဖြစ်ပြီး နှစ်ဦးက ရန်သူများပင် ဖြစ်သွားနိုင်သည်။


ယခုအခါ သူက ရွှီလော့ယန်နှင့်ချီချန်အန်းတို့က သင့်သင့်မြတ်မြတ်ရှိကြပြီး သူငယ်ချင်းများပင်ဖြစ်လာတာကိုမြင်သည့်အတွက်၊ ကျန်းသုန့်က ထိုကဲ့သို့စွန့်စားမှုမျိုးကို တတ်နိုင်သရွေ့ ရှောင်ရှားချင်နေ၏။


ရွှီလော့ယန်က ဆုံးဖြတ်ချက်တိုက်ရိုက်မချဘဲ ချီချန်အန်းအား မေးလိုက်သည်။ 


"ဘယ်လိုထင်လဲ"


ချီချန်အန်းမှာ အစက 'ကိုယ်စိတ်မရှိပါဘူး'ဟု ပြောချင်သော်လည်း ပါးစပ်မှထွက်လာသည်က "အကယ်၍ အဲ့ဒါကိုဖယ်ချလိုက်ရင် အရမ်းတမင်တကာဆန်လွန်းတယ် အစကတည်းက ဒါက ပရိတ်သတ်တွေသူတို့ဘာသာသူတို့လုပ်တဲ့ ကိစ္စပဲလေ အဲ့ဒီတော့ ဘာလို့ ကိုယ်တို့က အသာလေးမျောမလိုက်သွားရမှာလဲ မင်းရော ဘယ်လိုထင်လဲ"


"အင်း...ကျွန်တော် သဘောတူတယ်"


ကျန်းသုန့်က ခေါင်းညိတ်ကာ "အဲ့ဒါဆိုလည်းကောင်းပြီလေ ငါပြန်သွားပြီး မင်းရဲ့မန်နေဂျာကို ဆက်သွယ်လိုက်မယ်"


'ကုချန် cp' နှင့်ပတ်သက်သည့် သဘောထားအား ပွင့်လင်းစွာဖော်ပြီးဖြစ်၏။


မနက်စာစားပြီးသည့်အခါ ချီချန်အန်းက မီးဖိုခန်းထဲဝင်သွားကာ ပန်းကန်များအား ဆေးကြောလေသည်။


ကျန်းသုန့်က မသိမသာနှင့် ဖြေလျော့ကာ ရွှီလော့ယန်ရဲ့အနားတိုးသွားပြီး မေးလိုက်သည်။ 


"မင်းနဲ့ချီချန်အန်းတို့က တော်တော်လေး သင့်မြတ်ကြတယ်ပေါ့"


"အင်း သူက အရမ်းကောင်းပြီး ကျွန်တော့်ကိုလည်း ခဏခဏကူညီပေးဖူးတယ်။" 


ရွှီလော့ယန်က ခေါင်းကို စောင်းကာ မီးဖိုချောင်တွင်ပန်းကန်ဆေးနေသည့် ချီချန်အန်းအားလှမ်းကြည့်ရင်း၊ ရုတ်ချည်းဆိုသလို မနေ့ညက သူ့မိဘများ၏နှစ်ပတ်လည်အကြောင်းပြောစဉ်က ချီချန်အန်းရဲ့ မျက်နှာအား အမှတ်ရသွားသည်။


ရွှီလော့ယန်က သူ့ရင်ထဲမှ ယောင်ဝါးဝါးခံစားချက်အား မည်ကဲ့သို့ ရှင်းပြရမည်ကို မသိချေ။ သို့နှင့်သူက အချိန်ယူ၍ ဖြည်းဖြည်းချင်း အနက်ဖွင့်ရန်သာတတ်နိုင်တော့သည်။ အဘယ်ကြောင့်ဆိုသော် ချီချန်အန်းနည်းတူ၊ သူကလည်း မိဘနှစ်ပါးအား ဆုံးရှုံးလိုက်ရပြီးဖြစ်ကာ၊ သူ့အား တူညီသည့် ခံစားချက်မျိုးဖြစ်ပေါ်စေသည်။


ရွှီလော့ယန်၏ခံစားချက်များကို စိုးရိမ်စွာနှင့် ကျန်းသုန့်က သူ့အား သွယ်ဝိုက်၍သတိပေးလာသည်။ 


"သူက ရိုးရိုးသာမာန်လူ မဖြစ်နိုင်ဘူး။"


သူနှင့်ချီချန်အန်းတို့ကြား ဆက်သွယ်သည့်အချိန်မှာ တိုတောင်းသော်လည်း ကျန်းသုန့်ထံ လူများအားအကဲဖြတ်နိုင်သည့် စူးရှသည့်မျက်လုံးများပိုင်ဆိုင်ထားလေသည်။ 


ချီချန်အန်းက လူများနှင့် ဝေးကွာနေသူမျိုးဖြစ်ပြီး၊ သူ့ထံတွင် ဝူပိနှင့်ရင်းနှီးမြှုပ်နှံသူများကို ဆက်သွယ်ကာ ရိုက်ချနိုင်သည့် အခြေအနေမျိုးလည်းရှိသေး၏။ သူ့ထံတွင် အေးတိအေးစက်သဘာဝရှိပြီး ကျန်းသုန့်သည် သူ့ထံမှ စကားပြောနေတဲ့တောက်လျှောက် ရွှီလော့ယန်၏နာမည်ကို ထုတ်ပြောသည့်ခဏမှလွဲ၍မည်သည့်စိတ်ခံစားချက်ကိုမှ ထိုးဖောက်မမြင်နိုင်ခဲ့ပေ။ 


ကျန်းသုန့်မှာ တိကျစွာပင် ရွှီလော့ယန်အကြောင်းပြောလိုက်တိုင်း ချီချန်အန်းက သူ့အာရုံအနည်းငယ်စိုက်လာတာကို သတိထားမိလေသည်။ ထို့ပြင် ရွှီလော့ယန်နှင့်အတူရှိနေပါက ချီချန်အန်းက စကားများများပြောတတ်ပြီး ပို၍ပြုံးနေတတ်သည်။


ကျန်းသုန့်၏အကြံပေးချက်ကို ကြားသည့်အခါ ရွှီလော့ယန်က "အင်း သူက တကယ်ပဲ သာမာန်လူမဟုတ်ဘူး" 


ချီချန်အန်းက သူ့ကိုယ်သူသေသေချာချာဖုံးကွယ်ထားတဲ့ ဒုတိယမျိုးဆက်နတ်ဆိုးတစ်ကောင်လေ၊ သူက ဘယ်လိုလုပ် သာမာန်လူတစ်ယောက် ဖြစ်မှာတဲ့တုန်း...။


သို့သော် ချီချန်အန်း၏အထောက်အထားအမှန်ကို သူကကူညီ၍ဖုံးကွယ်ပေးရမည့်‌အကြောင်း စိတ်ထဲမှတ်ထားကာ ရွှီလော့ယန်က စကားလမ်းကြောင်းလွှဲလိုက်သည်။


ကုမ္ပဏီတွင်လုပ်စရာကိစ္စများ ကျန်ရှိနေသေးသည့်အတွက်၊ ရှင်းပြစရာရှိတာများကို ရှင်းပြပြီးသည့်နောက်၊ ကျန်းသုန့်က ပြန်သွားရန်အဆင်သင့်ဖြစ်နေပေပြီ။ သို့သော်သူက မပြန်ခင် ရွှီလော့ယန်အား မှာကြားရန်မမေ့ပေ။ 


"ရိုးရိုးသားသားနေ အစားလျော့စား ဒါမှမဟုတ် အသားမစားနဲ့ အိုင်ဒေါလ်တစ်ယောက်ဖြစ်ကြောင်း အသိလေးတော့ရှိဦး ဟုတ်ပြီလား...မင်းသာ ဝလာရင် အဝတ်အစားဒီဇိုင်နာက နေရာမှာတင် ပေါက်ကွဲလိမ့်မယ်"


မနေ့ကပင် အသားနှင့်ငါးများပါဝင်သည့် အစားအသောက်များကိုစားထားသည့် ရွှီလော့ယန်က တစ်ချက်လေးပင် အမူအရာပြောင်းမသွားဘဲ လိမ်လိုက်သည်။ 


"ကျွန်တော်မှတ်ထားပါတယ် မစိုးရိမ်ပါနဲ့ ပြီးတော့ ကျွန်တော့်ကို စောင့်ကြည့်ပေးနေတဲ့ ချန်အန်းကောလည်း ရှိနေတာပဲမို့လား"


ချီချန်အန်းက ခေါင်းငြိမ့်ပြလိုက်သည်။ 


"အင်း ကျွန်တော် လော့ယန်ကို စောင့်ကြည့်ထားပါ့မယ်။"


ကျန်းသုန့်က စိတ်ချသွားပြီဖြစ်၍ ပြန်သွားလေသည်။


ဆယ်နာရီကျော်ခန့်ဖြစ်ကာ၊ ချီချန်အန်းက သူ့အိပ်ခန်းအတွင်းတွင်ရှိနေသည်။ သူ့ရဲ့ iris heterochromia အတွက် ဆေးသောက်ပြီးသည့်အခါ ဘေးထွက်ဆိုးကျိုးများက မြန်မြန်ပင်ဖြစ်လာသည်။ သူ့မျက်လုံးများကမူးဝေလာရကာ နဖူးမှာလည်း ယောင်ကိုင်းလာသည်။သူက အိပ်ယာပေါ်တွင်လှဲနေရုံသာတတ်နိုင်ပြီး ခဏလေးအတွင်း အိပ်မောကျသွားရသည်။ သူ့အိပ်မက်ထဲတွင် နွေဦးရေစင်ကဲ့သို့ နူးညံ့ ညင်သာသည့်စန္ဒယားသံအား ကြားနေရ၏။


အကြောင်းမှာ ရွှီလော့ယန်က စန္ဒယားတီးခတ်‌နေခြင်းကြောင့်ဖြစ်သည်။


အိပ်ခန်းထဲမှထွက်လာပြီးနောက်၊ ချီချန်အန်းက အနားသို့လျှောက်မသွားဘဲ အာရုံစိုက်၍ စန္ဒယားခုံပေါ်တွင်ထိုင်နေသည့် ရွှီလော့ယန်အားငေးကြည့်နေမိသည်။သူက အစီအစဉ်မကျသေးသည့် သံစဉ်တစ်ပုဒ်အား ဆက်စပ်ဖန်တီးနေပုံရသည်။ သို့သော် လည်း မကြာခဏဆိုသလို သူက ပူပြင်းသည့်နွေရာသီအားအမှတ်ရစေမည့်၊ ကျဉ်းမြောင်းသောလမ်းကြားလေးရှိကောင်းကင်ယံကဲ့သို့၊ မျှော်လင့်ချက်အလုံးစုံဖျက်စီးခံလိုက်ရသည့် စိတ်ပျက်အားငယ်မှုကဲ့သို့ သံစဉ်အပြည့်အစုံတစ်ခုရဲ့အစိတ်အပိုင်းငယ်လေးတစ်ခုအား ထည့်သွင်းတီးခတ်လေ့ရှိသည်။ 


စန္ဒယားမှာ ဝရန်တာနံဘေးတွင် ထားထားပြီး၊ပြတင်းပေါက်အားဖွင့်ထားသည်။ အောက်တွင် ရေပန်းတစ်ခုရှိနေ၍ထင်၊ ဝင်ရောက်လာသည့်လေပြည်ညင်းမှာ စိုစွတ်မှုအနည်းငယ်ရောယှက်လျက်ရှိ၏။


ချီချန်အန်းမှာ မနေ့ညက သူလွှင့်ပစ်လိုက်တဲ့ ကျောက်တုံးလေးမှာ ရေကန်ထဲသို့ကျသွားနိုင်ချေရှိမှန်း သိလိုက်သည်။


ကျော်လွန်ခဲ့သည့်နှစ်များအတွင်း၊ သူ့မိဘများ၏နှစ်ပတ်လည်တွင်၊ သူ့ရဲ့ အဆိုးမြင်စိတ်များအား ထိန်းချုပ်၍မရနိုင်ခဲ့ပေ။ထို့ကြောင့် မနေ့က၊ သူ့အား နေထိုင်ရန်နေရာရှိလားဟု ရွှီလော့ယန်မေးလာသည့်အခိုက်အတန့်၊ သူ့နှလုံးသားထဲ ပြင်းထန်သည့်တမ်းတမှုတစ်ခုဖြစ်ပေါ်လာရသည်။


သူက ဒီထက်ပိုပြီး တစ်ယောက်တည်းရှိမနေချင်တော့ပေ...။ သူက ထိုလူသားရဲ့အနားတွင်သာ အမြဲရှိနေချင်မိသည်။


ဝရန်တာမှပွေ့ဖက်မှုနှင့် သူ့ထံကမ်းပေး‌လာသည့် ကျောက်တုံးလေးနှစ်လုံးမှာ နှစ်ပေါင်းများစွာစုစည်းလာခဲ့တဲ့ တိမ်စိုင်များအား ချွန်ထက်သည့်အပိုင်းအစဖြင့်ဖြတ်တောက်လိုက်သကဲ့သို့ပင်။


ရွှီလော့ယန်က မီးတောက်လေးတစ်ခုနှင့်ဆင်တူလွန်းလှ၏။


ချီချန်အန်းက ပေါ့ပါးစွာခြေလှမ်းများလှမ်းကာ သူ့ထံလျှောက်သွားလိုက်သည်။

------------


"ချန်အန်း.."


စန္ဒယားနံဘေးတွင် အချိန်အတန်ကြာသည်အထိ ချီချန်အန်းရပ်နားထောင်‌နေတာကို သတိထားမိသဖြင့် ရွှီလော့ယန်က စန္ဒယားခလုတ်များကို တီးခတ်နေရာမှရပ်တန့်လိုက်ပြီး စိုးရိမ်စွာမေးလာသည်။


"မင်းနည်းနည်းလောက် ထပ်နားချင်သေးလား"


[ T/N - သူတို့ကအရမ်းရင်းနှီးနေပြီဖြစ်တာမို့လို့ အခုကစ မင်းလို့ပဲသုံးတော့မယ်နော် ]


သူက ချီချန်အန်း၏မျက်နှာအား ညွှန်ပြရင်းနှင့် ဆက်ပြောသည်။


"မင်းကိုကြည့်ရတာ တော်တော်ဆိုးဆိုးပဲ"


သူ့ရဲ့ဆိုးရွားသည့်ကျန်းမာရေးကြောင့် ချီချန်အန်း၏နှုတ်ခမ်းများမှာ အမြဲလိုလိုဖြူဖျော့နေလေ့ရှိသည်။ သို့သော်ယနေ့တွင်မူ၊ သူ့မျက်ခုံးများကပို၍နွမ်းနယ်နေဟန်ရှိပြီး သူ့ရဲ့စူးရှသည့်မျက်ဝန်းထောင့်များပင်လျှင် အနည်းငယ် အရှိန်အဝါလျော့ကျနေလေသည်။


သို့သော်ယခုကဲ့သို့ကျိုးပဲ့လွယ်သည့် ပုံစံမျိုးအား ရွှီလော့ယန်က အင်မတန်မှ လှပသည်ဟုမြင်မိလေ၏။ 


"ဖျားနေတဲ့အလှလေး"ဟူသည့် တင်စားမှုမျိုး အဘယ်ကြောင့်ရှိနေရသလဲဆိုတာ နောက်ဆုံးတော့ သူနားလည်လိုက်လေပြီ။ ယခုကဲ့သို့ချီချန်အန်းနှင့်မျက်နှာချင်းဆိုင်ရသည့်အခါ ရွှီလော့ယန်ရဲ့လေသံပင် ပျော့သွားရသည်။


သူက သူ့ရဲ့အသက်ရှုထုတ်သံကြောင့် ချီချန်အန်းလွင့်ထွက်သွားမည်ကို အမှန်ပင်စိုးရိမ်နေမိသည်။


"ကိုယ် ဆေးသောက်ပြီးသွားပါပြီ မစိုးရိမ်နဲ့တော့" 


ခေါင်းကိုအသာယမ်းခါလိုက်ရင်း ချီချန်အန်းရဲ့နှုတ်ခမ်းထောင့်များက ကွေးတက်သွားလေ၏။


ရွှီလော့ယန်ကထိုအပြုံးလှလှလေးနှင့်ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသဖြင့် လက်ရှိအချိန်၌ ချီချန်အန်း၏အပြုံးမှာ မနက်စောစောမြူထနေသည့် အယ်လ်ပိုင်းတောအုပ်ငယ်ထဲမှ မြူခိုးများကဲ့သို့ ထင်မှတ်မှားမိသွားရသည်။ 


သူက နှစ်ကြိမ်မျှ ပြန်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ထရပ်လိုက်ပြီး"ကျွန်တော်ကို ခဏစောင့် ကျွန်တော်အခုချက်ချင်းပြန်လာခဲ့မယ်" ဟုပြောကာ ထွက်ပြေးသွားတော့သည်။ 


ရွှီလော့ယန်နောက်တစ်ခေါက်ပြန်ရောက်လာချိန်တွင် သူ့လက်ထဲ၌ အမည်းရောင်ဂျက်ကတ်အပါးလေးတစ်ထည်ပါလာသည်။ သူက ဂျက်ကတ်အားချီချန်အန်းဆီလှမ်းပေးလိုက်ကာ "မင်းဘာလို့ အပေါ်ကထပ်မဝတ်လာရတာလဲ မင်းရဲ့ရှပ်အင်္ကျီကတော်တော်လေးပါးနေတာ ဒါက အသစ်နော် ကျွန်တော်တစ်ခါမှမဝတ်ရသေးဘူး" 


ချီချန်အန်းက ဂျက်ကတ်ကိုလှမ်းယူကာ ချက်ချင်းပင်ဝတ်လိုက်၏။ ဂျက်ကတ်သည် ကော်လာအထောင်ရှိပြီး လည်ပင်းလိုင်းတစ်လျှောက်ငွေရောင်ကြိုးမျှင်များဖြင့်ပန်းထိုးထားသဖြင့် သူ၏နူးညံ့သောမေးရိုးနှင့်လိုက်ဖက်လှသည်။ ရွှီလော့ယန်မှာ ကြည့်လေကြည့်လေ၊ ထိုဂျက်ကတ်က သူဝတ်ထားသည်ထက် ချီချန်အန်းဝတ်တာက ပို၍ကြည့်ကောင်းသည်ဟု မြင်မိသည်။ 


ကျေနပ်သွားပြီဖြစ်၍ သူက စန္ဒယားအရှေ့မှခုံပုလေးထံ ထိုင်ချလိုက်သည်။ ထို့နောက် ခုံရဲ့တစ်ဝက်လောက်ကိုတိုးလိုက်ပြီး "ကျွန်တော်နဲ့အတူတူထိုင်ချင်လား" ဟု မေးလိုက်သည်။


သို့သော် သူမေးမေးပြီးချင်း နောင်တရသွားရသည်။ ချီချန်အန်းက လူများနှင့်ထိတွေ့ဆက်ဆံရတာကို သဘောမကျမှန်းသူသိရှိထားလေသည်။ ထို့အတွက် မည်ကဲ့သို့ပြန်လည်ဖြန်ဖြေရအံ့နည်းဟု စဉ်းစားနေစဉ်၊ ချီချန်အန်းက သူ့နံဘေးနားတွင် အေးအေးလူလူပင် ဝင်ထိုင်လိုက်လေသည်။ 


စန္ဒယားထိုင်ခုံတွင် အရွယ်ရောက်ပြီးသူ ယောကျာ်းသားနှစ်ယောက်ထိုင်နေရာ၊ သူတို့မှာ ပူးကပ်နေမည်မှာ မလွဲ‌ပေ။ သူတို့နှစ်ဦး၏ပခုံးများက အချင်းချင်းအချိန်တိုင်းလိုလိုပင် တွန်းတိုက်နေလေသည်။ ချီချန်အန်း၏ကိုယ်ပေါ်မှ သူရင်းနှီးနေပြီးသားရနံ့ဖြစ်သည့် သူ့ရဲ့ရေချိုးဆပ်ပြာရည်အနံ့ကိုပင် ရွှီလော့ယန်ရနိုင်လေသည်။ 


ထိုရနံ့အား သူရနေကျဖြစ်နေသော်လည်း ယခုအချိန်တွင်မူ ထိုရနံ့ကပို၍မွှေးနေ၏။ 


"မင်း သံစဉ်တစ်ပုဒ်ရေးနေတာလား"


ချီချန်အန်း၏အသံမှာ အလွန်ပင်နီးကပ်နေပြီး သူက နေမကောင်းသဖြင့် အနိမ့်သံဖြစ်နေပြီး သဲသဲကွဲကွဲမကြားရပေ။ 


ရွှီလော့ယန်ကခေါင်းညိတ်လိုက်ပြီးနောက် မရှင်းပြနိုင်လောက်အောင် စပ်ဖျဥ်းဖျဥ်းဖြစ်ကာ အနေရခက်နေသည့် သူ့နားရွက်များအား ပွတ်သပ်နေမိသည်။ သို့သော် သူက အမြဲလိုလိုပင် ပွင့်လင်းသူတစ်ယောက်ဖြစ်ခဲ့တာမို့ သိပ်မကြာမီမှာဘဲ ထိုမသက်မသာဖြစ်နေမှုအား အမြန်ပင်လျစ်လျူရှုထားနိုင်လိုက်သည်။ သီချင်းစာရွက်တင်သည့်ခုံမှ ရှုပ်ပွနေသောစာရွက်အပုံလိုက်အား ပြကာ ရွှီလော့ယန်က ပြုံးရင်းပြောသည်။ 


"ခုလေးတင်ပဲ ဇာတ်ညွှန်းဖတ်ရင်းနဲ့ စိတ်ကူးပေါ်လာလို့ အဲ့ဒါနဲ့ စမ်းကြည့်မလို့တစ်ပုဒ်လောက် တီးကြည့်နေတာ။" 


"ရွှီကျန့်ဆီက စိတ်ကူးရတာလား"


"မင်းကြားလိုက်တာလား" 


ရွှီလော့ယန်က ချီချန်အန်းအား အံ့အားသင့်မှုအချို့နှင့်ကြည့်ကာ အမြန်ပင်ပြောလိုက်သည်။


"ဟုတ်တယ် ကျွန်တော် ရွှီကျန့်ရဲ့စာသားတွေကို ဖတ်ကြည့်နေရင်းတွေးမိတာ ပြီးတော့ ကျွန်တော်အခုသီချင်းရေးနေရင်းလည်း သူ့အကြောင်းတွေးနေတာ" 


ရွှီလော့ယန်က သူ၏ဝိဉာဉ်တွဲဖက်ကို မြင်လိုက်ရသလိုပင်။ 


"ရွှီကျန့်ရဲ့ဘဝက ရှုပ်ထွေးတယ် ပထမတော့ သူက တိတ်တိတ်လေးနဲ့ ဘာသိဘာသာနေတတ်တဲ့ အတွင်းစွဲသဘာဝရှိတယ် ကျွန်တော်ရဲ့ ဇာတ်ကောင် ချင်းချောင်လိုမျိုး၊ သူနဲ့ရွယ်တူတွေနဲ့ယှဉ်ရင် ပိုပြီးတည်ငြိမ်တယ်...


နောက်တော့...သူ့မိသားစုအသေဆိုးနဲ့သေသွားပြီးတော့ သူကလူသတ်သမားကို သူ့လက်နဲ့သူကိုယ်တိုင်သတ်ပြီး သာမန်လက်သမားတစ်ယောက်လိုပဲ ဆက်နေတယ် အကယ်၍ချင်းချောင်သာ မြို့ကိုပြန်မလာခဲ့ဘူးဆိုရင် သူက သူ့ဘဝလက်ကျန်တစ်လျှောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေသွားပြီး ဒီလျှို့ဝှက်ချက်ကို သေတဲ့အထိထိန်းသိမ်းသွားနိုင်မှာ"


ချီချန်အန်းက သူ့ပြောစကားအပေါ်အထကောက်လိုက်ပြီး၊ "အဲ့ဒီတော့မင်းရဲ့သံစဉ်က အဆုံးစွန်ထိမျှော်လင့်ချက်ပျက်သုန်းတဲ့ခံစားချက်ကို ယူဆောင်လာမှာပေါ့" 


"ဟုတ်တယ်...ဘာလို့လဲဆိုတော့ သူ လူသတ်ပြီး လက်စားချေနိုင်ခဲ့ပေမယ့် သူရဲ့မိသားစုကို ဆုံးရှုံးပြီးသွားပြီးပြီလေ တဆက်တည်း သူနဲ့အတူတူကြီးပြင်းလာတဲ့တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သူကိုပါ ဆုံးရှုံးရတော့မယ်ဆိုတာ သူသိလိုက်ရတယ်လေ" 


"အင်း" ချီချန်အန်းက သဘောတူလိုက်သည်။ 


"ချင်းချောင်က တရားမျှတမှုကိုလိုလားတဲ့ ရဲသားတစ်ယောက် အဲ့ဒါကြောင့်မို့ သူက ချင်းချောင်ကို ပွင့်ပွင့်လင်းလင်းနဲ့ဆက်ဆံလို့မရတော့ဘူး"



_____


Translated By IQ-Team.