အပိုင်း ၂၃
Viewers 5k

Chapter 23


------------



ငါဒီမှာရှိနေရုံနဲ့တင် အဆင်ပြေတယ်တဲ့လား....


ချန်အန်း၏စူးရှသည့်အကြည့်များကြောင့် ရွှီလော့ယန်မှာလည်ချောင်းထဲမှ အနည်းငယ်ခြောက်သွေ့သွားပြီး သူ့နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။


သူဘာပြန်ဖြေရမှန်းမသိသည့်အချိန်တွင် ရုတ်တရက် သူ့နောက်ဆီမှ ဒါရိုက်တာကျန်းရဲ့ အသံထွက်လာ၏။


"လော့ယန် ညစာစားဖို့ ဘာလို့ မလာတာလဲ“


ဤအခိုက်အတန့်တွင် ရွှီလော့ယန်သည် မသိစိတ်က သက်ပြင်းတစ်ချက်ချကာ သူ့နှလုံးသားထဲမှ ထူးဆန်းသည့်ခံစားချက်ကို လျစ်လျူရှုလိုက်သည်။ သူက ဒါရိုက်တာ ကျန်းနှင့် ဇာတ်ညွှန်းရေးဆရာ ချန်ကျင်းကို ပြန်ကြည့်ကာ ပြုံးလျက် နှုတ်ဆက်လိုက်သည်။


"ဒါရိုက်တာ ကျန်း ဆရာချန် ဘယ်လို တိုက်ဆိုင်မှုလဲ"


ချီချန်အန်းက အနည်းငယ်စိတ်ပျက်မိသွားသော်လည်း သူဘာကိုစိတ်ပျက်မိတာလဲ သို့မဟုတ် ရွှီလော့ယန်ထံမှ မည်သို့တုံ့ပြန်မှုမျိုးလိုချင်တာလဲဆိုတာကို သူမသိပေ။


ချီချန်အန်းက သူ့စိတ်တွေကို ထိန်းထားပြီး ချဉ်းကပ်လာတဲ့ လူနှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။


"ဒါရိုက်တာကျန်းက စခရင်ပိုင်းဇာတ်ညွှန်းရေးဆရာဖြစ်လာတာလား.."


အဖြူအမည်း အားကစား မော်ဒယ် ဝတ်စုံ၀တ်ဆင်ထားသော ဒါရိုက်တာ ကျန်း က ဂုဏ်ယူစွာ လက်ကိုဝှေ့ယမ်းပြသည်။


"ဒီလူနှစ်ယောက်ကို ညစာအတူစားဖို့ ဖိတ်ရမလားလို့ငါအခုထိ ဇာတ်ညွှန်းရေးဆရာနဲ့ဆွေးနွေးနေတုန်းပဲရှိသေးတယ် ဒါပေမယ့် ဒီမှာ တွေ့လိမ့်မယ်လို့တော့ မမျှော်လင့်ထားဘူး...ဘာလို့ စားပွဲတစ်ပွဲထဲကို လာမထိုင်တာလဲ ဒီနေ့ ငါ့ကျွေးပါ့မယ် အ၀သာစားကြ...လာ...“


ရွှီလော့ယန် ရယ်မောလျက် ပြောလိုက်သည်။


 "အဆင်ပြေလိုက်တာဗျာ"


သူက ချန်အန်း၏ လက်ကောက်၀တ်ကို လှမ်းဆွဲလိုက်ပြီး


"ဒါရိုက်တာ ကျန်းက အရမ်းမိုက်တာပဲ.... အလုပ်တွေပြီးလို့ အခုမှစားကြသောက်ကြတော့မလို့တဲ့လေ....ဟီးဟီး ကျွန်တော်တို့ ဒီအခွင့်အရေးကို လုံး၀ ဆုပ်ကိုင်ရမယ်"


 ဒါရိုက်တာကျန်းက သူ့ကို စိုက်ကြည့်လာသည်။


"မင်းစကားက မသိရင် ငါကမင်းနဲ့အဖွဲ့သားတွေကိုအငတ်ထားနေတာကြနေတာဘဲ"


စကားစမြည်ပြောနေစဉ် ချန်ကျင်းက သူဌေးအား နှုတ်ဆက်ရန်ခဏထွက်သွားပြီး မကြာမီ လူလေးယောက်က အတူတကွ အခန်းထဲ၀င်သွားလိုက်ကြသည်။


ချီချန်အန်းဘေးမှာထိုင်ကာ ရွှီလော့ယန်က မီနူးကို ဒါရိုက်တာ ကျန်းထံ ကမ်းပေးလိုက်သည်။


"စားစရာကို မှာလိုက်ကြရအောင်"


ဒါရိုက်တာကျန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "မင်းနဲ့ချန်အန်းကတော့ ကိုယ်ဟာကိုယ် စားချင်တာရွေးကြ"


 ရွှီလော့ယန်က ခါးသီးမှုတွေပြည့်နေတဲ့အကြည့်ဖြင့် ချန်အန်းအား ကြည့်လိုက်သည်။ 


"ကျွန်တော် အော်ဒါတင်တဲ့ အခါတိုင်း အမြဲစိတ်ဖိစီးရတာပဲ.... ကမ္ဘာကြီးရဲ့ အရသာတွေနဲ့ လိုက်လျောညီထွေရှိရှိ စားသောက်နိုင်ဖို့ ဘာကို ရွေးချယ်ရမလဲ ဆိုတာကို အမြဲမနည်းတွေးနေရတာ"


ရယ်ရယ်မောမောဖြင့် ဒါရိုက်တာကျန်းက မီနူးကိုယူဖို့ လက်မြှောက်လိုက်ပြီး ချန်ကျင်း နှင့်အတူ ဟင်းငါးမျိုးမှာလိုက်ကာ ရွှီလော့ယန်ကို ပြန်ပေးလိုက်သည်။


"ကောင်းပြီ ရွေးရမယ့်အချိန်ဘဲ"


 ရွှီလော့ယန်က ပေါ့ပေါ့ပါးပါး တစ်ချက်မျှကြည့်လိုက်သည်။


ဦးစွာ၊ သူက ပေါ့ပါးပြီး အစာကြေလွယ်ကာ အရသာကောင်းသော အရာတချို့ကို ထောက်ပြကာ ချီချန်အန်းအား ပြသလိုက်သည်။ ချီချန်အန်းအတွက် ဟင်းပွဲ ရွေးပြီးသည်နှင့် သူကိုယ်တိုင်အတွက်အသားနှစ်ပွဲနှင့် သက်သတ်လွတ်ဟင်းပွဲနှစ်ပွဲမှာလိုက်၏။


မှာယူပြီးနောက် ရွှီလော့ယန်က ချီချန်အန်းကို ဆိုင်အကြောင်း မိတ်ဆက်ပေးလိုက်သည်။


"ဒီဆိုင်က စွပ်ပြုတ်ကအောက်ခြေ ရောက်လေလေ ပိုအရသာရှိလေဘဲ အဲဒီထဲမှာ ဘိုးဘွားလက်ထက်ထဲက လျို့၀ှက်နည်းစနစ်နဲ့လုပ်လာတဲ့ အနှစ်တွေ ရှိတယ်လို့ ပြောကြတယ် ဒါပေမယ့် ကျွန်တော် သူတို့ကိုမတွေဖြစ်တာကတော့ တစ်နှစ်လောက်ရှိနေပါပြီ...."


သူပြောနေရင်း သူသည် အစားအသောက်မှာသည့် ပင်တံကို သူမေးစေ့မှာထောက်လိုက်ပြီး နောက်ထပ်ကာ အစားအစာများထပ်မှာပြန်သည်။


"ဒါနဲ့ပြောရရင် သူဌေးက ဒီမှာ အလုပ်လုပ်နေတာ အနှစ် (၂၀) ကျော်ပြီ ကျွန်တော်တို့တိုင်းပြည်ရဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားလုပ်ငန်းရဲ့ တဖြည်းဖြည်း တိုးတက်လာတာကို လုံးလုံးလျားလျား ထိုင်ကြည့်နေခဲ့တာမျိုး သိပ်ကို အထင်ကြီးစရာကောင်းတယ်"


သူဌေးဖြစ်သူက ဟင်းချိုအိုးနှင့် လူကိုယ်တိုင်ဝင်လာချိန်တွင် ရွှီလော့ယန်၏စကားကိုကြားတော့ အပြုံးလေးဖြင့်ဆိုသည်။


"လော့ယန် မင်း ငါဝင်လာတာကို သိလို့ ငါ့ကို ပျော်ရွှင်အောင် တမင်ပြောလိုက်တာမလား"


ရွှီလောယန်က ပြတ်ပြတ်သားသား ခေါင်းညိတ်ပြီး ပြောလိုက်သည်။


"သူဌေး ကျွန်တော် သူဌေးကို တကယ် အရမ်းချီးကျူးတယ် ဟင်းခတ်အမွှေးအကြိုင်အရသာတွေက အဆင်ပြေနေစေဖို့ တကယ်မျှော်လင့်မိပါရဲ့ ဒါ... ကျွန်တော်သူငယ်ချင်း လာစားတာ ပထမဆုံးဆိုတော့လေ“


"ဟုတ်ပါပြီကွာ ရှောင်တာတွေ မထည့်တာတွေများရှိသေးလား"


ဒါရိုက်တာကျန်းနှင့် ဇာတ်ညွှန်းရေးဆရာ ချန်ကျန်းတို့က ဇီဇာကြောင်သူများမဟုတ်ပေ။ ရွှီလော့ယန်က မုန်လာဥနီကလွဲလို့ အားလုံးကို စားပေမယ့် သူဌေးက မေးပြီးတာနှင့် ရွှီလော့ယန်က သူ့လက်ညှိုးကို ထောင်ပြီး စတင်ရေတွက်တော့၏။


"သူဌေး ကျွန်တော်တို့ထဲက တစ်ယောက်က ပဲပုတ်ခေါက်ဆွဲကို မကြိုက်ဘူး ကြက်သွန်နီဖယ်မယ် နံနံပင်ဖယ်မယ် ဝက်ဆီရှောင်မယ် ရှာလကာရည်မထည့်ဘူး ငရုတ်သီးမထည့်ဘူး ဂျင်းအနှစ်မပါတာလေး... ကျေးဇူးပြုပြီး“


သူက “မထည့်ဘူး၊ ဖယ်မယ်၊ ရှောင်မယ်”တို့ကို ဆက်တိုက်ပြောနေချိန်တွင် မျက်ခုံးတွေက တွန့်ကွေးနေကာ အသက်ကိစ္စသဖွယ် အလေးအနက်ထားနေသည်မို့ သူဌေးက ပေါ့ပေါ့တန်တန်မလုပ်ရဲဘဲ ထပ်ခါတလဲလဲ ရွတ်ဆိုမှတ်သားပြီးနောက် အခန့်ထဲက ထွက်သွားတော့သည်။


ချီချန်းအန်းက သူ့ဘေးတွင် ထိုင်နေပြီး သူ၏ ဖြူဖျော့နေသော နှုတ်ခမ်းထောင့်စွန်းလေးတွေက အနည်းငယ် ကွေးတက်သွား၏။


အစားအသောက်တွေကို စောင့်ရင်း ဒါရိုက်တာကျန်း က လက်ဖက်ရည်သောက်ပြီး ရွှီလော့ယန် နှင့်စကားပြောနေခဲ့သည်။


"အရင်က ကျန်းသုန့် နဲ့ တစ်ခါ တွေ့လိုက်သေးတယ်...ပြီးတော့သူပြောတာကတော့ လွန်ခဲ့တဲ့လလောက်ကအထိ သူ့ဘ၀က အစမ်းသပ်ခံဘ၀လိုဖြစ်နေတယ်တဲ့...မင်းအတွက် သတင်းမရှိ၊ ကျော်ကြားမှု မရှိမှာကို သူစိုးရိမ်ပြီး မင်းရဲ့ကောင်းကြောင်းမှန်သမျှအားလုံးကို ငါ့ဆီအတင်းပို့ပေးခဲ့တယ်လေ...အခု နှစ်ခုဆက်တိုက် မင်းကို အထူးရှာဖွေမှုစာရင်မှာတွေ့လိုက်ရပြီဆိုတော့...သူအံဩရလွန်းလို့ ထိတ်လန့်နေလောက်ပြီ"


ရွှီလော့ယန်က ညစာမစားမီ အမဲသားအစပ်ချောင်းကို အရင်စားနေခြင်းပင်။ ယင်းကိုကြားတော့ သူအံ့သြသွားရသည်။ 


"အရှာဖွေဆုံးစာရင်း သတိတောင်မထားမိဘူး"


သူက ဘတ်စ်ကားပေါ်ရောက်တာနှင့် အနားယူသည်။ ဟိုတယ်ကိုရောက်ချိန်တွင် သူ့အခန်းကို သန့်ရှင်းရေးလုပ်ရင်း အလုပ်ရှုပ်နေရပြန်ပြီး ထို့နောက် သူ့ခေါင်းထဲမှာ အရသာရှိတဲ့ အစားအစာတွေဖြင့်သာပြည့်နေခဲ့ပြီး ဝေ့ပေါ်ကို တက်ကြည့်ဖို့ အချိန်မရှိတော့ချေ။


ဒါရိုက်တာ ကျန်းက ဒေါသတကြီး ပြုံးလိုက်ပြီး "တစ်ခုက မင်းနဲ့ ကုချန်Cpအကြောင်း နောက်တစ်ခုက မင်းနဲ့ပက်ခ်ပါပစ်အကြောင်း"


ယင်းခေါင်းစဥ်တွေက ပြဿနာမရှိဘူးလို့ထင်ရပေမယ့် ရွှီလော့ယန်ရဲ့ လေးလံကျတဲ့ နှလုံးသားလေးကတော့ နားထောင်ခံစားရန် သတ္တိရှိမနေချေ။


ဟုတ်ပေ၏။ ဒါရိုက်တာကျန်းရဲ့ ကုချန်cp အကြောင်းပြောတုန်းက သူအဆင်ပြေသေးသည်။ 


သို့သော ပက်ခ်ပါပစ်အကြောင်းကြားလိုက်ချိန်တွင် သူ့မှာ အစာစားချင်စိတ်ပင်ကုန်သွားရသည်။


အားလုံးကရွှီ‌လော့ယန်၏ အမဲသားအစပ်ချောင်းလေး ပြုတ်ကျသွားတာကိုမြင်လိုက်ရသည်။


ပက်ခ်ပါပစ်က တကယ်ကို မလွန်ဆန်နိုင်တဲ့ မတော်တဆကြီးပါလားနော်.....


"ဘာပဲဖြစ်ဖြစ် အခု 'ရွှီလော့ယန်ရဲ့ ၀က်ရုပ်' ဆိုပြီးအဲ့ဒီ အမျိုးအစားအားလုံးကို ထုတ်ပြီး ရောင်းခဲ့တာ စျေးကွပ်ထဲမှာ အရမ်းရောင်းအားကောင်းနေခဲ့ပြီ အခုမင်းက အဲ့ဒီ ကုန်ပစ္စည်းတွေရဲ့ မင်းသားငယ်လေးဖြစ်နေပြီဆိုတာ သိရဲ့လား"


ရွှီလော့ယန်မှာ သူ့နှလုံးသားထဲက နာကျင်မှုကို ထပ်မံခံစားလိုက်ရပြန်သည်။ 


"အခြားယောက်ျားလေးတွေက မိမိုက်တဲ့ကုတ်အင်္ကျီတွေ Limited Edition ဖိနပ်တွေ အမိုက်စား လက်၀တ်လက်စားတွေနဲ့ Hot Search ၀င်နေတဲ့အချိန် ကျွန်တော်အလှည့်ကျမှ ဘာကိစ္စ ပက်ခ်ပါပစ် ဖြစ်နေရတာလဲ"


ချန်ကျန်းက စေတနာအပြည့်ဖြင့် စကားကောင်းလေးဝင်ထောက်ပေးသည်။


"ဒါက မင်းရဲ့ အရည်အချင်းကြောင့်လည်း ဖြစ်နိုင်တာဘဲ"


ဒါရိုက်တာကျန်းက ဆိုပြန်သည်။


"ဒါက ကောင်းပါတယ် ဖျော်ဖြေရေးနယ်ပယ်ထဲက သန့်ရှင်းတဲ့ ကျော်ကြားမှုလေးပေါ့" 


ချီချန်အန်းကလည်းနောက်ကောက်အကျမခံဘဲ ၀င်၍ချီးကျူးပေး၏။


"အရမ်းချစ်စရာကောင်းတယ်"


ရွှီလော့ယန် စကားမပြောတော့ဘဲ အဖြစ်မှန်မှ လွတ်မြောက်ရန် ငြိမ်၍နေရန်သာ ဆုံးဖြတ်လိုက်သည်။


ဟင်းပွဲများနှင့် ဟင်းခတ်ဟင်းလျာများက အတူတွဲရောက်လာပြီး ဒါရိုက်တာကျန်းက "ရွှီကျန့်"၏ဇာတ်ကောင်အကြောင်း ချီချန်းအန်းနှင့် ဆွေးနွေးနေသည်။ ချန်ကျန်းက နားထောင်ရင်း တစ်ခါတစ်ခါစကားအနည်းငယ်၀င်ပြောသည်။


သူတို့အားလုံး အလုပ်ရှုပ်နေကြတာကိုမြင်တော့ ရွှီလော့ယန်က သူ့အင်္ကျီလက်တွေကို ခေါက်တင်ပြီး ချီချန်အန်းစားနိုင်တဲ့အရာတွေကို အနီးဆုံးသို့တိုးရွှေ့ပြီး ကျန်းစားရတာကြိုက်တဲ့ အစားအစာကိုမူ ဆန့်ကျင်ဘက်နေရာသို့ပြောင်းရွှေ့ ထားလိုက်ပြီးနောက် တူကိုကိုင်ကာ ပျော်ရွှင်စွာစားသောက်တော့သည်။


ချီချန်အန်က ရွှီလော့ယန်တစ်ယောက်အစာအစားတွေကို အလွန်မြန်စွာစား‌နေရင်း နင်နေတာကို မြင်လိုက်ရတာကြောင့် လက်ဖက်ရည်တစ်ခွက်ကို အမြန်ငှဲ့ပြီး ကမ်းပေးလိုက်သည်။ ရွှီလော့ယန်က တချက်ပင်မကြည့်ဘဲ ပါးစပ်ထဲသို့ လောင်းထည့်လိုက်ပုံက လုံးဝမယဉ်ကျေးပုံပေါက်နေသည်။


ဒါရိုက်တာကျန်းက ဆန့်ကျင်ဘက်မှ အခြေအနေကို ကြည့်ပြီး ကျေနပ်အားရသွားရသည်။ အတူတကွမျှဝေနေထိုင်ခြင်းရဲ့ အကျိုးသက်ရောက်မှုက တကယ့်ကိုစံထားလောက်အောင်ပင်ဖြစ်၏။


နေ့လည်စာစားပြီးနောက် လေးနာရီထိုးခါနီးနေချေပြီ။ သူ့အခန်းကို ပြန်သွားရမည့်အစား ရွှီလော့ယန်က ချင်းချောင်ရဲ့ ဇာတ်ကောင်ကို ဆွေးနွေးဖို့ရာ ချန်ကျန်းဆီကို သွားလိုက်သည်။ သူတို့နှစ်ဦးစလုံးက အသေးစိတ်ဆွေးနွေးနေခဲ့ကြပြီး နောက်ဆုံးတွင် ချင်းချောင်ဇာတ်ကောင်၏ တချို့သောအချက်အလက်လေးတွေကို ပြန်လည်ပြင်ဆင်ပြီးချိန်တွင် အတော်လေးမှောင်နေပြီဖြစ်သည်။


ရွှီလော့ယန်က ချန်ကျန်းကိုတံခါးကိုပိတ်ထားရန် ပြောလိုက်ပြီးနောက် သူ့ဖုန်းကရုတ်တရက် မြည်လာသဖြင့် စခရင်ကိုကြည့်လိုက်ရာ ပေါ်လာတဲ့နာမည်ကို ကြည့်ရင်း မသိစိတ်က ရယ်မောလိုက်မိသည်။


"ချန်အန်း..."


ဘာစကားပြန်ဖြေသံမှမကြားရပေ။


ရွှီလော့ယန်က ရုတ်တရက်ရပ်တန့်သွားသည်။


ရွှီလော့ယန်သည် ဟန်းဆက်မှထွက်လာသောအသံကို အသေအချာ နားထောင်နေခဲ့ပြီး "ချန်းအန်း" ဟု ထပ်မံအော်ခေါ်လိုက်ပြန်သော်လည်း မည်သည့်တုံ့ပြန်မှုကိုမှပြန်မရပေ။


သူ့နှလုံးသားက ရုတ်တရက် နင့်ခနဲဖြစ်သွားရသည်။ ရွှီလော့ယန် က စကားပြောနေတာကိုရပ်တန့်လိုက်ပြီး သူ့လက်ကိုင်ဖုန်းကို တင်းတင်းဆုပ်ကိုင်လျက် အမြန်ပြေးသွားလိုက်သည်။ သူက ယခု ပဉ္စမထပ်တွင်ရှိနေပြီး ဓာတ်လှေကားရှိရာသို့ ခြေလှမ်းနှစ်လှမ်းဖြင့်အပြေးသွားလိုက်သည်။ ဓာတ်လှေကားစောင့်ရမည်ကိုမြင်သော် ရွှီလော့ယန်က ဦးတည်ချက်ပြောင်းကာ လှေကားမှ တိုက်ရိုက်တက်သွားလိုက်သည်။


သူက သူ့အခန်းတံခါးကို အမောတကောဖွင့်၀င်လိုက်ပြီးနောက် သစ်သားတံခါးဆီသို့‌ပြေးသွားကာ အသက်ပြင်းပြင်းရှူပြီး အသံကုန်တင်အော်ခေါ်လိုက်သည်။


"ချန်းအန်း ကျွန်တော်၀င်လာပြီးနော်"


ထို့နောက်တံခါးကိုတွန်းဖွင့်လိုက်သည်။


မျက်လုံးရှေ့မြင်ကွင်းတစ်ခုလုံးကမှောင်မဲနေကာ သေချာအာရုံစိုက်ကြည့်မှ ကုတင်ပေါ်တွင် လဲလျောင်းနေသော လူတစ်ဦးကို ယောင်ဝါးဝါးမြင်လိုက်ရသည်။ ရွှီလော့ယန်က သူ့အသက်ရှူသံကိုထိန်းပြီး ဂရုတစိုက် နားထောင်သော်လည်း ချီချန်အန်း၏ မည်သည့်အသက်ရှူသံကိုမျှ မကြားရပေ။ သူ့နှလုံးသားက ချက်ချင်း တင်းကျပ်သွားပြီး မီးကို တိုက်ရိုက်ဖွင့်ချလိုက်၏။


ထိုအချိန်တွင် ချီချန်အန်းက ကုတင်ပေါ်တွင် ပက်လက်လန်နေကာ လက်တစ်ဖက်က သူ့ဗိုက်ကိုအုပ်ပြီး ကျန်တစ်ဖက်ကမူ သူ့လက်ကိုင်ဖုန်းကို တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားသည်။ 


လူတစ်ကိုယ်လုံးမှာမူ တုန်ယင်နေပြီး သူဝတ်ထားသည့် ရှပ်အင်္ကျီအဖြူရောင်က ရှုံ့တွနေကာ စောင်ပါးပါးလေးကို လွှမ်းထားသော်လည်း သူ့ခါးလောက်မှတဆင့် လျော့ရွဲ့ကျနေလေသည်။


ရွှီလော့ယန်ကအသက်အားဖြေးညင်းစွာရှူထုတ်လိုက်သည်။ သူက ကုတင်ဘေးကို အသာတိုးကပ်မှီလိုက်ပြီး သူ့ လည်ချောင်းကမူခြောက်ကပ်နေသဖြင့် အသံထွက်ရန်အနည်းငယ်ခက်ခဲနေသယောင်ဖြစ်နေသည်။


"ချန်းအန်း နေကောင်းရဲ့လား ဗိုက်နာနေလို့လားဟင် “


အချိန်အတော်ကြာပြီးနောက်၊ ချီချန်အန်း၏ ထူထဲသော မျက်တောင်လေးများက အနည်းငယ် တုန်ယင်လာသည်။ သူက မျက်လုံးဖွင့်ဖို့အတော်ရုန်းကန်အားယူပြီးမှသာ ရွှီလော့ယန်ကို ကြည့်လိုက်နိုင်ပြီး သူ့မျက်လုံးများက အာရုံစူးစိုက်နိုင်မှု အနည်းငယ်သာ ရှိနေပုံပင်။


 "ပြန်လာပြီလား"


 "အင်း ကျွန်တော် ပြန်လာပြီ"


ရွှီလော့ယန်သည် သူ့နှာခေါင်းထိပ်မှ ချဥ်စူးစူးဖြစ်မှုကို ခံစားနေရပြီး ချီချန်အန်းရဲ့ ဖြူဖျော့တဲ့အသွင်အပြင်ကိုကြည့်ရင်း သူ့နူတ်ခမ်းတွေကိုဖိကိုက်ထားမိသည်။ 


သူကသေချာပေါက် နာကျင် ကိုက်ခဲနေမှန်း ကြည့်ရုံဖြင့်သူသိ၏။


ချီချန်အန်းကိုကူညီဖို့ရာ စောင်ကိုအသာဆွဲဖယ်လိုက်သည်။ ရွှီလော့ယန်က သူ့ကိုယ်သူ အရင်ဆုံးတည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။


"ချန်အန်း ဘာဆေးသောက်မှာလဲ နံပါတ်4လား ကျွန်တော် မင်းအတွက် ရှာပေးမယ်လေနော်"


ချီချန်းအန်းက ခေါင်းယမ်းလိုက်ချိန်တွင် သူ့နှုတ်ခမ်းတွေက တုန်ယင်သွားပြီး မျက်ခုံးတွေကမူ ချက်ချင်းကြုံသွားသည်။ ရွှီလော့ယန်က လျင်မြန်စွာ တုံ့ပြန်လိုက်သည်။


"မင်း လျှာတွေထုံနေလို့လား အဲဒါဆိုလည်းစကားမပြောနဲ့ဦး ကျွန်တော်လက်ပေါ်မှာပဲ စာနဲ့ရေးပြ“


သူကပြောသည့်အတိုင်း ချီချန်အန်း၏လက်ချောင်းထိပ်လေးတွေကို သူ့လက်ဖဝါးပေါ်တင်လိုက်ရာ တစ်ဖက်သူ၏လက်ချောင်းများက ရေခဲပန်းပုရုပ်တုများကဲ့သို့ အေးစက်နေတာကို သိလိုက်ရသည်။


လက်ဖဝါးရဲ့ လှုပ်ရှားထိတွေ့ထံမှ "ခုနစ်"ဟူသောစာလုံးကိုခံစားလိုက်ရသည်။ ရွှီလော့ယန်က ချက်ချင်းပင် ကုတင်ခေါင်းရင်းရှိ ဒုတိယအံဆွဲကိုဖွင့်လိုက်ရာ ထိုအထဲ၌ဆေးပုလင်းများဖြင့် ပြည့်နေတာကိုတွေ့လိုက်ရသည်။


သူက နံပါတ် 07 ဆေးပုလင်းကို ချက်ချင်းရှာတွေ့ပြီးနောက် လက်ဖ၀ါးထဲလောင်းထည့်လိုက်သည်။ထို့နောက် ချီချန်အန်းကို ဆေးမတိုက်ခင် ရေရဲ့ အပူချိန်ကို သူကိုယ်တိုင် အရင် စမ်းသပ်ကြည့်၏။


ရွှီလော့ယန်က ဆေးကို တိုက်ကျွေးပြီးချိန်အထိ ချီချန်အန်းက တုန်ယင်နေဆဲဖြစ်ကြောင်း တွေ့သွားသည်နှင့် သူ့တွင်ရှိသမျှ စောင်အားလုံးကို အမြန်ပြေးရွှေ့ကာ တစ်ကြိမ်လျှင် တစ်လွှာချင်းစီခြုံ ပေးလိုက်သည်။


စိတ်ထဲမှ မှတ်သလောက်နှင် တတ်သလောက်ဖြင့် လုပ်နိုင်သမျှကိုလုပ်ပေးပြီးနောက် ရွှီလော့ယန်သည် ကုတင်ဘေးမှာ ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်သည်။ ထို့နောက် ချီချန်အန်းကို စိုးရိမ်ထိတ်လန့်စွာ စိုက်ကြည့်နေမိတော့သည်။


သူ့အသက်ရှုနှုန်းက အားနည်းနေတယ်... သူ့မျက်နှာက ဖြူဖျော့နေရုံတင်မကဘူး မျက်တောင်တွေကလည်း တချိန်လုံးတုန်ယင်နေတယ်...သူ့နဖူးကလည်း ချွေးအေးတွေနဲ့ ဖုံးနေတယ်...သူ့ဆံပင်တွေအထိပါ စိုစွတ်နေတာပဲ...ကြည့်တာနဲ့အရမ်းနာကျင်နေမှန်းသိသာလိုက်တာ...။


ရွှီလော့ယန်က သူ့လက်ကို စောင်ထဲသို့ ဂရုတစိုက်ထည့်ပြီး စမ်းသောကြည့်အခါ အပူလုံးဝမရှိဘဲ ရေခဲတုံးတစ်ခုလို ဖြစ်နေတာကို ခံစားလိုက်ရသည်။ ရှေ့ကိုနည်းနည်းထက်တိုးကြည့်ရာ လက်ချောင်းထိပ်လေးတွေက ချီချန်အန်းရဲ့ခါးကိုစမ်းမိသည်။ထိုနေရာတွင်လည်း အေးစက်နေမြဲပင်။


ရွှီလော့ယန်က သူ့ဆဲလ်ဖုန်းဖြင့် လုတိကို မျက်မှောင်ကြီးကြုတ်လျက် ခေါ်လိုက်ပြီး သူ့အသံကို အရမ်းတိုးညင်းစွာပြောလိုကါသည်။ 


"အခုချက်ချင်း လျှပ်စစ်စောင်နဲ့ ရေနွေးအိတ် ၀ယ်လာပေးလို့ရမလား"


လုတိကရှုပ်ထွေးနေမှုနှင့်အတူမေးခွန်းထုတ်လာ၏။


"ရွှီကော အခုမှ အောက်တိုဘာလပဲရှိသေးတယ်လေ ဒီဆောင်းတွင်းသုံးပစ္စည်းတွေနဲ့ ကစားဖို့မလိုသေးပါဘူးဗျ" 


ရွှီလော့ယန်တစ်ယောက်ကသာ အေးစက်တုန်ယင်နေသော ချီချန်အန်းအတွက် ယင်းပစ္စည်းတွေကိုလိုအပ်ကြောင်းသိပေသည်။


"မေ့လိုက်တော့...မေ့လိုက်တော့"


ဖုန်းချပြီးနောက် ရွှီလော့ယန်သည် နှစ်စက္ကန့်ကြာမျှ တုံ့ဆိုင်းသွားပြီးနောက် အဆုံးတွင် အင်္ကျီနှင့် ဖိနပ်တွေကို ချွတ်ကာ စောင်အထက်ထပ်များအောက်ကိုအသာတိုး၀င်၍ ကုတင်ပေါ်တွင် ဂရုတစိုက် လှဲအိပ်လိုက်သည်။ ထို့နောက် ဘေးတိုက်လှည့်ပြီး သူ့ရင်ဘတ်ကို ချီချန်အန်း၏နောက်ကျောဖြင့် နီးကပ်စွာဖိကပ်ပြီး ပွေ့ဖက်ထားလိုက်သည်။


တစ်ဖက်လူက တောင့်တင်းသွားပြီး ကြွက်သားတွေ တင်းကျပ်လာတာနှင့်အမျှ ရွှီလော့ယန်က အမြန်ဖြေလျှော့သွားစေရန်အသံတိုးတိုးဖြင့်ချော့မော့ပြောဆိုလိုက်၏။


"ချန်းအန်းကော ကျွန်တော်ပါ"


ချီးချန်အန်းသည် ထိုအသံပိုင်ရှင်အား မည်သူမှန်းပိုင်းခြားသိမြင်ပြီးမှသာ အဆုံးတွင် ဖြည်းညှင်းစွာ ဖြေလျှော့လိုက်သည်။


ရွှီလော့ယန်သည် ငယ်စဉ်ကတည်းက ဖျားနာခြင်းကို မကြိုက်သော ကလေးတစ်ဦးဖြစ်ပြီး တစ်နှစ်ပတ်လုံး လေ့ကျင့်ခန်းလုပ်အားကစားလိုက်စားသူမျိုးပင်။ သူက အရမ်းကြီးသန်မာပုံ မပေါ်ပေမယ့် ကျန်းမာရေးကောင်းပြီး ကိုယ်အပူချိန်မြင့်သည်။ ချီချန်အန်းက သူ့ကို ငြင်းပယ်နေတာကို ရပ်လိုက်သည်နှင့် သူက ထိုလူအား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။ 


ထိုသူက အမှန်ပင် အေးခဲနေခဲ့ပြီး ချီချန်အန်းက ရေခဲမကောင်းဆိုးဝါးနတ်ဆိုး ဟုပင်ခံစားလိုက်ရသည်။


နာရီဝက်နီးပါးကြာပြီးနောက် စောင်ထဲတွင် အနွေးဓာတ်အချို့ရလာပြီဖြစ်၏။


ရွှီလော့ယန်ကချီချန်အန်းရဲ့ ရေခဲနှင့်တူတဲ့ ခြေဖဝါးတွေကို တွယ်ချိတ်လိုက်ရင်းမှ မေးလိုက်သည်။


 "ပိုကောင်းလာပြီလား" 


ခဏကြာတော့ ချီချန်အန်းထံမှအသံထွက်လာသည်။


"အင်း... နည်းနည်း ပိုကောင်းလာပြီ"


လျှာဖျားမှာ ဒဏ်ရာတစ်ခုခုကြောင့် အနည်းငယ်တုန်ယင်ပြီး အသံမှာ တစ်စုံတစ်ခုကိုယောင်ဝါးဝါးပြော နေပုံပင်။


"ဘာလို့ ရုတ်တရက် ဗိုက်နာတာလဲ နေ့လယ်က အရမ်းစားလိုက်လို့လား"


ရွှီလော့ယန်သည် ခါတိုင်းထက်စာလျှင် ဟင်းအမျိုးအစားပိုများများမှာလိုက်မိကြောင်းနှင့် အသေအချာပြန်တွေးတော နှိုင်းယှဥ်ကြည့်လျှင် ထိုသူက ယနေ့တွင်ပုံမှန်ထက် အနည်းငယ်ပိုစားလိုက်ပုံရသည်။ 


သူက သက်ပြင်းအသာချလိုက်မိသည်။


"နောက်တစ်ခါဆို မင်းကို ကျွန်တော် သေချာကြီးကြပ်မှဖြစ်တော့မယ်"


"အင်း...ဟင်း"


တစ်ခုခုဘေးမှပြောနေလျှင် ချီချန်းအန်းက အာရုံပြောင်းသွားတတ်ပုံရသည်ကို ခံစားလိုက်ရပြီးနောက် ရွှီလော့ယန်သည် ပြောစရာအကြောင်းအရာတွေကို ဆက်လက်ရှာဖွေနေလိုက်သည်။


"မင်း နာကျင်လာတာနဲ့ သတိမလစ်ခင် ချက်ချင်း ကျွန်တော်ကို ခေါ်ခဲ့တာလား“


 "အင်း..."


ပေါ့ပေါ့ပါးပါး အဖြေတစ်ခုဆိုပေမယ့် ရွှီလော့ယန်ကမူ အတော်လေး စိတ်မကောင်းဖြစ်သွားရသည်။ ထိုအချိန်က မြင်ကွင်းကို သူ စိတ်ကူးကြည့်နိုင်ပြီး သတိလစ်မသွားမီ ချီချန်အန်းက သူ့ဖုန်းကိုခေါ်၍ အကူအညီတောင်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ရမည့်ပုံပင်။ 


သူသာအကယ်၍ အထာမပေါက်ခဲ့ပါလျှင်....


ဤသို့သောအတွေးလေး၀င်လာသည်နှင့် ရွှီလော့ယန်က ချက်ချင်းပင်စိတ်ကူးတွေကို ဖြတ်ချပစ်လိုက်ပြီး သူ့ရဲ့ နွေးထွေးတဲ့လက်ကို ချီချန်အန်း၏ဗိုက်အပေါ်သို့ တင်ထားလိုက်ပြီးနောက် တိုးတိုးလေးပြောလိုက်၏။


"နောက်ဆိုလည်း အဲ့ဒီလိုခေါ်ဖို့မမေ့နဲ့နော် ကျွန်တော်က မင်း‌အတွက်ဆေးကူရှာပေးဖို့ အမြန်ဆုံးနည်းနဲ့ရောက်လာပေးမယ်"


ဤသို့ဖြင့် သူက ချန်ကျန်းနှင့် သူ့ ဇာတ်ကောင်အကြောင်း ဆွေးနွေးခဲ့တဲ့ကိစ္စကို ဖြည်းညှင်းစွာ စတင်ပြောဆိုလိုက်သည်။ သူက အိပ်ရာဝင် ပုံပြင်ပြောနေသကဲ့သို့ သူ့အသံလှိုင်းများကို ကိစ္စပေါ်မူတည်ပြီး လိုက်ပြောင်းလဲကာ တိုးညင်းစွာစကားဆိုနေလိုက်သည်။


သောက်လိုက်တဲ့ဆေးကပဲ အာနိသင်ရှိ၍လား၊ ဒါမှမဟုတ် နာကျင်မှုတွေ ကုန်ဆုံးသွားတာကြောင့်ပဲလား...တစ်ခုခုကြောင့် ချီချန်အန်းက ဖြည်းဖြည်းချင်း အိပ်ပျော်သွားသည်။


ရွှီလော့ယန်က တစ်ဖက်မှသူ အိပ်ပျော်သွားချိန်တွင် သူက အိပ်ယာမှထကာ ရေနွေးပူပူနှင့် ချီချန်အန်း၏ ချွေးအေးတွေကို သုတ်ပေးချင်သည်။ မမျှော်လင့်ဘဲ သူအနည်းငယ်ရွှေ့လိုက်သည်နှင့် တပြိုင်နက် ချီချန်အန်းရဲ့ညာဖက်မျက်လုံးက ဆုံမှတ်မရှိသကဲ့သို့ပွင့်လာပြီး မသက်မသာဖြစ်နေတဲ့အသံဖြင့် ခေါ်လာသည်။


"လော့ယန်"


ချွေးသုတ်ပေးမည့် စိတ်ကူးကို ချက်ချင်းပင် စွန့်လွှတ်လိုက်ပြီး ရွှီလော့ယန်က ထိုလူကို ထပ်မံ ပွေ့ဖက်လိုက်ကာ "အိပ်တော့...ကျွန်တော် ကောကို ဖက်ထားပေးမယ်"


___



Translated By IQ-Team.