🍬Chapter 45
------------
ညတာကတိတ်ဆိတ်လွန်းတာကြောင့် သူ့နားထဲလေအေးပေးစက်ကထွက်တဲ့အသံသေးသေးလေးပင်ကြားနေရသည်။ချီချန်အန်းက နေရာမှာမလှုပ်မယှက်ဖြင့် အိပ်မောကျနေတဲ့ရွှီလော့ယန်အား မျက်လုံးမခွာနိုင်ဘဲ စိုက်ကြည့်နေမိသည်။ယခုလိုအချိန်မျိုးမှာပဲ သူမဆင်မခြင်လုပ်ရဲတာပင်။
ကုတင်ဘေးရှိ ကော်ဇောပေါ်၌ဒူးတစ်ချောင်းထောက်လျက် ချီချန်အန်းက သူ့ညာလက်ဖြင့် ရွှီလော့ယန်ရဲ့လက်ချောင်းတွေအားတယုတယဖြင့်ကိုင်လိုက်ကာ အားနည်းနည်းသုံးပြီး ခွာလိုက်တော့ ပြတ်သားတဲ့လက္ခဏာမျဉ်းကြောင်းတွေဖြင့်လက်ဖဝါးပေါ်လာလေသည်။ရှရာကပျောက်ကင်းသွားပြီဖြစ်သော်လည်း အဖြူရောင်အမှတ်လေးနည်းနည်းတော့ကျန်နေသေးသည်။
ရွှီလော့ယန်ရဲ့လက်ချောင်းတွေက ကြည့်ကောင်းတဲ့ပုံရှိပေမယ့် အရအပြားကတော့နူးနူးညံညံလေးမဟုတ်သည့်အပြင် အရင်လတွေက မြှားပစ်၊ဓားကိုင်၊လေးကြိုးတွေကိုဆွဲထားရတာကြောင့် အသားမာတွေတောင်ဖြစ်ပြီး ကြမ်းတယ်လို့တောင်ပြောလို့ရလေသည်။
ချီချန်အန်းက သူ့ဘယ်ဘက်လက်အားပေါင်ပေါ်တွင်တင်ထားပြီး လက်သီးဆုပ်ထားတာကြောင့် သွေးကြောတွေကိုတောင်မှမြင်နေရလေသည်။နောက်ဆုံးသည်းမခံနိုင်တော့တာကြောင့် သူခေါင်းကိုငုံကာ သူနှုတ်ခမ်းဖြင့် ရွှီလော့ယန်လက်ကအရေအပြားအားထိတွေ့လိုက်သည်။ထိုအချိန်၌ သူအသက်တောင်မရှူရဲပေ။
နောက်နေ့မနက် လုတိအ၀တ်လဲခန်းထဲကို၀င်လာပြီးရွှီလော့ယန်ကိုတွေ့တော့ သူ့လက်ထဲပေါင်မုန့်တောင်မှပြုတ်ကျသွားရသည်။
"ရွှီကော နှစ်ချက်လောက်အထိုးခံထားရတာလား၊မိတ်ကပ်ဆရာမြင်ရင်တော့ စိတ်တွေပူပြီး ဆံပင်တောင်ကျွတ်မှာသေချာပေါက်ပဲ"
သူကရွှီလော့ယန်ရဲ့အနောက်ဘက်ကိုကြည့်လိုက်ပြီး "ချီလူကြီးမင်းကော ပြန်သွားနှင့်ပြီလား"
ထိုင်ခုံ၌အသက်တောင်မရှူဘဲထိုင်နေလျက် ရွှီလော့ယန်က မိတ်ကပ်ပြင်တဲ့မှန်ပတ်လည်မှာအလှဆင်ထားတဲ့မီးလုံးကိုသာစိုက်ကြည့်နေမိသည်။
"ချန်အန်းက ဒါရိုက်တာချူးကိုသွားတွေ့တယ်"
သူစဉ်စားတွေးတောပြီးတဲ့နောက် ခေါင်းကိုစောင်းလိုက်ကာလုတိကိုထပ်မေးလိုက်သည်။
"ငါနဲ့ချီချန်အန်း ဆက်ဆံရေးကောင်းတယ်လို့မင်းထင်လား"
လုတိက ပဲနို့အားတစ်ငုံလောက်သောက်လိုက်ကာခေါင်းညိတ်ပြလေသည်။
"အရမ်းကောင်းတယ်၊ကောနဲ့ချီလူကြီးမင်းလိုမျိုးက ဒီအသိုင်းအဝိုင်းထဲမှာတွေ့ရခဲတယ်လေ၊ပြောမှပဲ ခုနက ဒါရိုက်တာချူးရဲ့လက်ထောက်နဲ့စကားပြောတော့ သူကတစ်ပုံစံတည်းပြောတယ်၊သူထင်တာ ကောနဲ့ချီလူကြီးမင်းတို့ကရုပ်ရှင်ကို ပရိုမိုရှင်းဆင်းဖို့အတွက်နဲ့ ဆက်ဆံရေးကောင်းနေတယ်လို့ထင်ထားတာ၊ဒါပေမယ့် ကောတို့ရဲ့ဆက်ဆံရေးကဒီလောက်တောင်ကောင်းလိမ့်မယ်လို့သူမထင်ထားဘူးလေ၊ သူကို ဖျော်ဖြေရေးလောကကခင်မင်ရင်းနှီးမှုတွေကိုပြန်ပြီးယုံကြည်လာစေတယ်တဲ့"
'သူငယ်ချင်း'ဆိုတဲ့စကားလုံးကို ရွှီလော့ယန်ကြားတော့လက်ကိုမြှောက်လိုက်ပြီး နဖူးကိုရိုက်လိုက်ကာမျက်လုံးတွေကိုမှိတ်လိုက်သည်။
သူက ငါကိုသူငယ်ချင်းကောင်းတယောက်လိုမျိုးဆက်ဆံနေတဲ့အချိန်မှာ ငါက...
လုတိကရွှီလော့ယန် စိတ်အခြေအနေကောင်းမနေတာကိုမြင်တော့ သတိထားပြီးမေးလိုက်သည်။
"ရွှီကော မင်းတို့စကားများထားကြလို့လား"
"မဟုတ်ဘူး"
ယင်းကစကားများထားတာထက်တောင်မှပိုပြီးဆိုးသေးသည်။
"ဒါဆိုရင် ဒီနေ ချီလူကြီးမင်းပြန်သွားလို့များ စိတ်မကောင်းဖြစ်နေတာလား"
"မဟုတ်ဘူး"
မမှန်သေးဘူး၊သူကြည့်ရတာ....နည်းနည်း၀မ်းနည်းနေတဲ့ပုံပဲ။
လုတိက ရွှီလော့ယန်အားစိတ်မကောင်းဖြစ်သွားသည့်ပုံဖြင့်ကြည့်လိုက်ပြီး သူ့ပေါင်ကိုရိုက်လိုက်ကာ"အဲ့ဒါဆို ရွှီကော ဗိုက်ဆာနေတာပဲဖြစ်ရမယ်"
"............"
ရွှီလော့ယန် စက္ကန့်အနည်းငယ်လောက်စဉ်းစားပြီးတဲ့နောက်မှာတော့ ရုတ်တရတ်အဓိပ္ပာယ်ရှိသားပဲဟုခံစားမိလိုက်သည်။အစားတစ်လုပ်က ၀မ်းနည်းစရာကိစ္စများကိုဖြေရှင်းနိုင်လေသည်။
ထို့ကြောင့်သူကအသံတိုးတိုးဖြင့် "ငါနဲ့အသားပေါက်စီတစ်ခုတူတူစားပေး၊လျှိုဝှက်ထားနော်"
ချီချန်အန်းက နေ့ခင်းလေယာဉ်စီးရမှာကြောင့် နေလည်စာစားပြီးနောက် ရွှီလော့ယန်ကနာရီအနည်းငယ်လောက်ရိုက်ကူးရေးကနေခွင့်ယူကာ သူ့ကိုလေဆိပ်သို့ကားမောင်းပို့ပေးသည်။
"ရိုက်ကူးရေးပြီးဖို့ နောက်ထပ်နှစ်ရက်လောက်လိုသေးတယ်"
ရွှီလော့ယန်က စတီယာရင်ပေါ်လက်တင်ထားလျက် မီးနီနေတာကိုအခွင့်ကောင်းယူပြီး ချီချန်အန်းဘက်ကိုစောင်းပြီး တစ်ချက်ကြည့်လိုက်သည်။
"ကျွန်တော်ရိုက်ကူးရေးပြီးရင် Bမြို့ကိုပြန်မှာ မင်းကော"
ရွှီလော့ယန် မနေ့ညကမက်ခဲ့သည့်အိမ်မက်ကြောင့်လားတော့မသိ ချီချန်အန်းကိုကြည့်နေစဥ် သူအရှေ့ကလူကအရင်ကထက်တောင်မှပိုပြီးကြည့်ကောင်းလာတယ်လို့ ခံစားလိုက်သည်။
"ကိုယ်က မနက်ဖြန်နေလည်ကျရင် ကယ်လီဖိုးနီးယားကိုပြန်မှာ"
ရွှီလော့ယန်က စိတ်လှုပ်ရှားနေသည့်အသံဖြင့်အမြန်မေးလိုက်သည်။
"မင်းပါတဲ့ 'Jedi Pursuit'ရုပ်ရှင်ထွက်တော့မှာမို့လို့လား"
သူကပြောနေရင်း စိတ်ထဲ၌ကောက်ချက်ချနေမိသည်။ဘာမှမဖြစ်သ၍ Jediရဲ့ရုံတင်၀င်ငွေကသေချာပေါက်ကိုများဦးမှာပင်။အကြောင်းအရင်းကတော့ ချီချန်အန်းကနှိမ့်ချပြီး ကြေညာရုံသက်သက်သာသာလုပ်ပေမယ့် ပရိသတ်ရဲ့အာရုံစိုက်မှုကိုခံရဖို့တော့လုံလောက်လေသည်။
"အင်း post-productionပြီးသွားပြီဆိုတော့ ပရိုမိုရှင်းအဆင့်ကိုတောင်ရောက်နေပြီလေ၊ ဒါကြောင့် အဲ့မှာအစည်းအဝေးတစ်ခုသွားတတ်ရမယ်"
ချီချန်အန်းကပြောနေရင်းရပ်လိုက်ပြီး ရုတ်တရတ် သူတို့နှစ်ဦးရဲ့အချိန်ဇယားတွေက ကွက်တိကို အချိန်ကိုက်ဟုတ်မနေကြောင်း သိသွားရသည်။
ရွှီလော့ယန်ကလည်း ယင်းကိုတွေးမိပြီး စိတ်ထဲ၌ နည်းနည်းမသက်မသာဖြစ်သွားသလိုခံစားလိုက်ရပေမယ့် သူကပြုံးပြလိုက်ပြီး"ရုပ်ရှင်ထွက်လာရင် ကျွန်တော်ပထမဆုံး ကိုယ်တိုင်ကိုသွားကြည့်ပြီးတော့ စာလုံးရေသုံးထောင်လောက်ရှိတဲ့ သုံးသပ်ချက်ကိုရေးပေးမယ်"
သူ့ရယ်မောသံကြောင့် ချီချန်အန်းကလည်းအတူလိုက်ရယ်လိုက်ကာ"ကောင်းပြီလေ"
ချီချန်အန်းကို ပြန်လိုက်ပို့ပြီးနောက် ရွှီလော့ယန် အလုပ်ပြန်များသွားရပြီး ညတိုင်း ဟိုတယ်ကိုပြန်ရောက်ပြီဆိုတာနှင့် အိပ်ပျော်သွားတတ်သည်။ပင်ပန်းလွန်းတာကြောင့် ချီချန်အန်းအကြောင်းတွေးဖို့အတွက် အချိန်မရှိပေ။လွန်ခဲ့တဲ့နှစ်ရက်လုံးလုံး ရှားနန်ကတစ်ခုခုပြောချင်နေသလိုမျိုး သူကိုအမြဲကြည့်နေတာကိုသတိထားမိလေသည်။သို့ပေမယ့် ရွှီလော့ယန်ရဲ့အင်အားတွေကို ချူးဝေ့မှယူသွားတာကြောင့် ထိုအတိုင်းလျစ်လျူသာရှုထားလိုက်၏။
နောက်ဆုံးရိုက်ရတဲ့အခန်းကလည်းကောင်းကောင်းမွန်မွန်ဖြင့်ပြီးသွားလေသည်။
ရန်သူစစ်တပ်ကမြို့တော်ကိုဝိုင်းထားကာ အမှုထမ်းတွေကလည်းပုန်ကန်ပြီးထွက်ပြေးသွားကြသည်။နန်းတော်ကအထိန်းတော်တွေကော၊အစေခံတွေကော သူတို့ပစ္စည်းတွေကိုယူကာထွက်ပြေးသွားကြပြီးညတွင်းချင်း နန်းတော်ကြီးကခြောက်ကပ်သွားရသည်။
ကျစ်ချူးက ယွင်ရှုနန်းတော်ထဲသို့ သူ့နဂါးရစ်ပတ်ထားတဲ့ဓားရှည်ကိုကိုင်ဆောင်လျက် တစ်လှမ်းချင်း လျှောက်ပြီး ၀င်လာလေသည်။တော်၀င်ကြင်ယာတော်ချန်းက အလွန်တရာကိုလှပသည့် ပိုးထည်အား၀တ်ဆင်ထားပြီး ပိုးထည်ပေါ်၌ ထိုးထားတဲ့ပျိုနီပန်းကအစ အတော်လေးကိုအနုစိပ်လှသည်။
သူမရဲ့လက်သည်းများကိုကာချယ်ဆိုးထားပြီး နီးကပ်လာတဲ့ခြေသံတွေကိုကြားရတာတောင်မှ မော့မကြည့်ဘဲ ဆိုလာ၏။
"အရှင်မင်းကြီး ခဏလောက် စောင့်နိုင်မလား"
" အင်း "
ကျစ်ချူးကစိတ်ရှည်လက်ရှည်ဖြင့်မတ်တပ်ရပ်ပြီးစောင့်နေသည်။
တော်၀င်ကြင်ယာတော်ချန်းက ကျစ်ချူးကိုမကြည့်ဘဲ ကြွေပုလင်း၏အဖုံးကိုပိတ်လိုက်ကာ ဘေးတွင်ချထားလိုက်သည်။သူမကအသက်၃၀နီးပါးရှိနေပြီဖြစ်ပေမယ့်သူမရဲ့အသားရေကနှင်းကဲသို့ ဖြူဖွေးနေဆဲဖြစ်ပြီး သူမ၏အသံကလည်း ချစ်မြတ်နိုးစရာကောင်းနေဆဲဖြစ်သည်။
"အရှင်မင်းကြီး ကြောက်နေလား"
"ကျန်း မကြောက်ဘူး"
ကျစ်ချူးက တော်၀င်ကြင်ယာတော်ချန်းဆီသို့ နားကွဲနိုင်လောက်သည့်အသံဖြင့်သူ့ဓားထိပ်ဖျားကိုမြေကြီးပေါ်တရွတ်တိုက်ဆွဲလျက်ဖြေးဖြေးမှန်မှန်လျှောက်လာနေသည်။သူကတော်၀င်ကြင်ယာတော်ချန်းရှေ့မတ်တပ်ရပ်လိုက်ပြီး မြေကြီးပေါ်ထိုင်ချလိုက်ကာ သူမရဲ့ပေါင်ပေါ် တည်ငြိမ်နေသည့်မျက်နှာအမှုအယာဖြင့် သူ့ခေါင်းတင်လိုက်သည်။
ကျစ်ချူးရဲ့နားထင်တွေအား လက်သည်းအနီရောင်ဆိုးထားတဲ့ လက်ချောင်းများဖြင့်နှိပ်ပေးလိုက်ကာ တော်၀င်ကြင်ယာတော်ချန်းကမေးလာသည်။
"အရှင်မင်းကြီး တကယ်ကြောက်မနေဘူးလား"
ကျစ်ချူးက တူညီသည့်အဖြေကိုပဲပြန်ဖြေလေသည်။
"ကျန်း မကြောက်ဖူး မင်းကော"
"ကျွန်မကြောက်တယ်"
တော်၀င်ကြင်ယာတော်ချန်းက ရယ်မောလိုက်ပြီးနောက် အတော်လေးကိုထိပ်လန့်တုန်လှုပ်နေတဲ့အပြုံးမျိုးဖြင့်ကြည့်လာပြီး"ဒါပေမယ့် ကြောက်နေရင်တောင်မှ သေခြင်းတရားကို ရှောင်လွှဲလို့မရဘူးလေ"
"အင်း"
ကျစ်ချူးက ကျောက်စိမ်းနန်းဆောင်ကနေပြန်ထွက်လာတော့ သူ့ဓားရှည်၌သွေးများစွန်းထင်းနေလေသည်။သူက အတွင်းနန်ဆောင်၊နန်းတော်ညီလာခံတို့အားဖြတ်ပြီး နောက်ဆုံး မြို့တံတိုင်းထိပ်၌ရပ်လိုက်သည်။
ရန်သူစစ်တပ်ကမြို့ရိုးကိုဝိုင်းထားလေသည်။အဝါရောင်တောက်တောက်နဂါး၀တ်စုံ၀တ်ပြီးဓားရှည်တစ်ချောင်းကိုလက်ထဲမှာကိုင်ထားတဲ့ ကျစ်ချူးကိုမြို့တံတိုင်းပေါ်မှာရပ်နေတာမြင်တော့ တဖြည်းဖြည်းငြိမ်သက်သွားလေသည်။ငွေရောင်ချပ်၀တ်တန်ဆာ၀တ်ထားတဲ့အမျိုးသားတစ်ဦးက ရှေ့တန်းသို့ချီတတ်လာကာ ဘာမှမပြောဘဲကျစ်ချူးအား ကြည့်နေသည်။
ဘုရင်တစ်ပါး၏ကျရှူံးခြင်းက မြေကြီးလက်ခတ်မလွဲ နိဂုံးချုပ်တော့မည်ဖြစ်သည်။
ကျစ်ချူးက၀တ်ထားတဲ့နဂါး၀တ်ရုံကိုပြန်ပြင်လိုက်ပြီး မေးလိုက်သည်။
"မြို့ထဲကပြည်သူတွေကို ချမ်းသာပေးလို့ရမလား"
မြင်းပေါ်ကလူကပြန်ဖြေလိုက်သည်။
"ကောင်းပြီ"
ကျစ်ချူးက ခေါင်းညိတ်လိုက်ကာ"အဲ့ဒါဆို အဆင်ပြေသွားမှာပါ"
သူကလက်မြှောက်ကာမြို့ရိုးကဟောင်းနွမ်းနေပြီဖြစ်တဲ့ကျောက်နံရံတွေကိုပွတ်သပ်လိုက်ပြီး မျက်စိမှိတ်ကာ တချက်ထဲခုန်ချလိုက်သည်။
သူ့တိုင်းပြည့်အတွက် အသက်ပေးခဲ့လေပြီ။
မြို့ရိုးပေါ်ကနေခုန်ချပြီးနောက် ရွှီလော့ယန်က ကူရှင်ပေါ်တွင်လှဲလှောင်းကာ မြို့တံတိုင်းကိုမျှော်ကြည့်လိုက်သည်။သူကအသက်ရှင်နေသေးပေမယ့် ဒရာမာထဲကကျစ်ချူးကတော့သေဆုံးသွားပြီဖြစ်သည်။
"၀မ်းနည်းမနေနဲ့ ထတော့ မင်းရိုက်လို့ပြီးပြီ နေရာကဈေးကြီးတယ်"
ချူးဝေ့ကမော်နီတာနောက်ကနေမတ်တပ်ရပ်ပြီး ရွှီလော့ယန်အားပြောလိုက်သည်။
"ပစ္စည်းတွေသိမ်းပြီး မင်းသွားလို့ရပြီ"
"ဟင်း..."
ရွှီလော့ယန် ကူရှင်ပေါ်ကနေဆင်းလိုက်ပြီး အနည်းငယ်နားမလည်သည့်ဟန်ဖြင့်"ဒါဆို ကျွန်တော်ဒီအတိုင်းပြန်ရတော့မှာလား၊ ကျွန်တော်တို့လမ်းခွဲတဲ့ညစာစားပွဲတို့ ဒါမှမဟုတ် တစ်ခုခုမရှိတော့ဘူးလား"
ဒါရိုက်တာချူးက မျက်နှာသေဖြင့် "အချိန်တွေကုန်တယ်"
"........."
Lifeရဲ့ထုတ်လုပ်သူက လက်မှတ်တွေကြိုဖြတ်ထားကာ ရွှီလော့ယန်နှင့်လုတိအားလေဆိပ်သို့လိုက်ပို့ပေးကာ "ဘေးကင်းသောခရီးဖြစ်ပါစေ"ဟုပြောပြီး ကောင်းယွီရုပ်ရှင်နှင့်ရုပ်မြင်သံကြားမြို့သို့ပြန်သွားလေသည်။
လုတိကသူခရီးဆောင်အိတ်ကိုဆွဲပြီး နေ့တစ်၀က်လောက်ကြာတော့မှပဲ ဘာပြောရမလဲသိလေ၏။
"ဒါကတော်တော်လေးကိုထူးဆန်းတာပဲ"
"တော်တော်လေးထူးဆန်းတယ်"
ရွှီလော့ယန်က သူ၀တ်ထားတဲ့ဦးထုပ်အား သေချာပြန်တည့်လိုက်ပြီး"တကယ်တမ်း ဒါရိုက်တာချူးနဲ့ရိုက်ရတာတော်တော်လေးပျော်တယ်၊ ငါနေ့တိုင်း ဘယ်လိုကောင်းကောင်းသရုပ်ဆောင်ရမလဲဆိုတာကိုပဲတွေးစရာလိုတယ်၊လူတွေနဲ့ဆက်ဆံနေရပြီး ပြိုင်ဆိုင်နေရတာမရှိဘူး"
သူကပြောပြီးနောက် လုတိရဲ့ပခုံးကိုပုတ်လိုက်ကာ"သွားကြစို့ Bမြို့ကိုပြန်ပြီးကောင်းကောင်းစားရအောင်"
သူနှလုံးသားထဲကြိုးတွေပြေလျော့သွားတာကြောင့် ရွှီလော့ယန်ကလေယာဉ်ပေါ်၌တစ်လျှောက်လုံး အိပ်ပြီးလိုက်လာကာ လေယာဉ်ပေါ်ကဆင်းပြီး ကျန်းသုန့်နှင့်တွေတဲ့အချိန်ထိ အိပ်ငိုက်နေခဲ့သည်။
ကျန်းသုန့်ကလုတိကိုမေးလိုက်သည်။
"သူ တစ်လမ်းလုံး အိပ်လာတာလား"
လုတိကခေါင်းညိတ်ပြကာ"ပြီးခဲ့တဲ့နှစ်ရက်လုံး ဒရာမာကိုအချိန်မှီရုက်နိုင်ဖို့ ရွှီကော တစ်ရက်မှ သုံး လေးနာရီလောက်ပဲအိပ်ခဲ့တာ"
"အင်း"လို့ပြောပြီး ကျန်းသုန့်အိတ်ထဲကနေဖိုင်တွဲတစ်ခုထုတ်ပြီး ရွှီလော့ယန်အားပေးလိုက်ကာ"ဒါကိုဖတ်ပြီး မင်းဘယ်လိုခံစားရလဲ ငါ့ကိုပြော"
ရွှီလော့ယန်က စာရွက်ပါးပါးတွေအား တုန်ယင်နေတဲ့လက်တွေဖြင့်လှန်ကြည့်လိုက်ပြီး နိုးနိုးကြားကြားဖြစ်သွားကာစတင်ငိုကြွေးတော့သည်။
"အချိန်ဇယားက နောက်ခြောက်လလုံး ဘာလို့ပြည့်နေရတာလဲ"
ကျန်းသုန့်"မင်းရဲ့သက်တမ်းမှမကုန်သေးတာ"
"......"
အဓိပ္ပာယ်ရှိသားပဲ။
_____
Translated By IQ-Team.