အပိုင်း ၅၄
Viewers 6k

🍬Chapter 54


------------


ချီးချန်အန်းရဲ့ လက်ချောင်းထိပ်တွေက 'ရွှီနျောင်နျောင်ရဲ့ စိတ်ခံစားချက်လေး' ဆိုတဲ့ စကားလုံးများပေါ်တွင် ဝေ့ဝဲနေသော်လည်း အချိန်အတော်ကြာပြီးနောက်မှာ ၎င်းကို မနှိပ်လိုက်ဘဲသူ့အကောင့်ကို ဝင်ရောက်ရန်ကိုသာရွေးချယ်လိုက်သည်။ 


ထို့နောက်မှာတော့ သူက သူ့ရဲ့ weibo အကောင့်မှာ ဆက်တိုက်ဆိုသလိုပဲ update နှစ်ခုတင်လိုက်သည်-


"ချီချန်အန်း- လူတိုင်းက သူတို့ရဲ့ လိမ်ညာမှုတွေအတွက် ပြန်ပေးဆပ်ရလိမ့်မယ်"


ပို့စ်ကိုတင်ပြီးတဲ့နောက်၊ချီချန်အန်း နောက်ထပ် စကားလုံး (၇) လုံးကို လေးနက်စွာ ရိုက်ထည့်ခြင်းမပြုမီ တစ်မိနစ်ခန့် အချိန်ယူလိုက်ရသည်။


သူ သေသေချာချာ စေ့စေ့စပ်စပ်တွေးတောပြီးမှ ပို့စ်ကိုတင်လိုက်သည်။ ယခုအခြေအနေမှာ၊ တစ်ဖက်မှလူက လူသားဆန်မှုဆိုတဲ့ အထောက်အထားကိုအသုံးပြုပြီး သူ့ကိုဆွဲချနိုင်ဖို့အတွက် ထိုသတင်းများကို ဖြန့်နေသဖြင့် ထိုသတင်းများက ရွှီလော့ယန်ကို ဖုံးအုပ်ကာ တဖြည်းဖြည်းတင်းကျပ်လာသည်။ ခိုင်လုံသောသက်သေမပြနိုင်မချင်းရွှီလော့ယန်ရဲ့ အဖွဲ့က ၎င်းတို့၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းဖြစ်စေရန် ရှေ့နေစာတစ်စောင်ကိုပေးပို့ရုံမှလွဲ၍ လောလောဆယ်တွင် နှုတ်ဆိတ်နေရပေသည်၊ မဟုတ်ပါက မည်သည့်စကားလုံးများကိုမဆို ရှုတ်ချရန်အသုံးပြုသည့် အမည်းရောင်အမှတ်အသားအဖြစ် ပြောင်းလဲသွားလိမ့်မည်ဖြစ်သည်။


သို့သော် တစ်ချိန်တည်းမှာပင်၊ တစ်စုံတစ်ယောက်က ရွှီလော့ယန်ကို ထောက်ခံနေသေးသောသူများ အလွယ်တကူ မတုန်လှုပ်သွားစေရန် ပြတ်ပြတ်သားသားဖြင့် ရှေ့သို့ ထွက်လာရန် လိုအပ်ပေသည်။


ထို့ကြောင့် သူ့ရဲ့ ပို့စ်နှစ်ခုလုံးကို အပ်ဒိတ်လုပ်ပြီးနောက်၊ ချီချန်အန်းက လူထုရဲ့ တုံ့ပြန်ချက်ကို စစ်ဆေးရန် မှတ်ချက်တွေကို စိတ်ရှည်စွာ ဖတ်လိုက်သည်။


"-မျက်ရည်တွေဝဲနေပြီလို့၊ နောက်ဆုံးတော့ Mr.ချီ စီက updateရခဲ့ပြီ၊ ဝူးဝူး ၊ ငါ ထပ်ပြီး ငိုနေပါပြီ!"


"-လော့ယန် အခုအချိန်မှာ ဖိအားတွေ အများကြီး ခံနေရမှာပဲ မစ္စတာချီ ငါတို့အမြဲအတူရှိနေကြပြီး၊ သူ့ကို ယုံယုံကြည်ကြည်နဲ့ အမြဲတမ်း ထောက်ခံနေတယ်ဆိုတာ ပြောပေးပါ"


"တွေ့ဆုံပွဲပြီးတာနဲ့ ဒီသတင်းကိုတန်းမြင်လိုက်ရတာပဲ ငါအခုတအား ဝမ်းနည်းနေတယ်၊ ငါတို့ရဲ့ လော့ယန်ကဘယ်လောက်ကောင်းလိုက်လဲ ပရိသတ်လက်ခံပွဲတိုင်း၊ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေနဲ့၊ တွေ့ဆုံနှုတ်ဆက်ပွဲတွေပဲဖြစ်ဖြစ် ပွဲပြီးတဲ့အချိန်တိုင်းမှာ ငါ့တို့ကို အန္တရာယ်ကင်းကင်ပြန်ရောက်အောင် သတိပေးဖို့ ဘယ်တော့မှမေ့ခဲ့တဲ့သူမဟုတ်ဘူး အဲဒီလူတွေပြောသလို နိမ့်ကျပြီး ကြမ်းကြုတ်တဲ့ စရိုက်လက္ခဏာရှိတဲ့ လူတစ်ယောက်ဖြစ်ပါ့မလား”


"-တစ်ရှူးကိုဆွဲပြီး မျက်ရည်သုပ်ပြီးရင် သွားရအောင်၊ သွားရအောင်၊ သွားရအောင်၊ ငါရဲ့ အင်္ကျီလက်တွေကို လိပ်တင်ပြီး အဲ့မြင်ကွင်းကို ဖျက်စီးပစ်မယ် အဲ့ motherf*ckers တွေကိုဆွဲမချနိုင်ရင် ငါ့ကိုယ်ငါမသေမျိုးလို့ခေါ်ဖို့က အရမ်းရှက်ဖို့ကောင်းသွားလိမ့်မယ်"


မှတ်ချက်အချို့ကိုဖတ်ပြီတဲ့းနောက်၊ ချီချန်အန်း သူ့လက်ထဲကဖုန်းကိုချကာ အပူချိန်စမ်းသပ်ရန် သူ့လက်ကို ရွှီလော့ရန်ရဲ့နဖူးပေါ်သို့ နောက်တစ်ကြိမ်ထပ်တင်လိုက်ပြီး အပူချိန်အနည်းငယ် ကျဆင်းသွားတာကို တွေ့ရှိပြီးနောက် သူ့နှလုံးသားထဲတွင် ရန်လိုမုန်းတီးမှုများ ပြန်လည်စိုးစံသွားသည်။


မင်းကို လူတွေက အနိုင်ကျင့်ပြီး ဆဲဆိုနေတာကို ကိုယ်ဘယ်လိုမှခွင့်မပြုနိုင်ဘူး မင်းက ကိုယ့်ရဲ့ လင်းလက်တောက်ပနေတဲ့ကြယ်လေး...အမြဲတမ်းအတွက်လင်းလက်နေရမယ့်ကြယ်လေးတစ်စင်း...။


ထိုင်ခုံပေါ်မှာထိုင်နေတဲ့ချီချန်အန်းတစ်ယောက် ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့လူကို စေ့စေ့ကြည့်ပြီး သူ့ရဲ့အသက်ရှုသံကို နားထောင်နေချိန်တွင် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လေထုကတဖြည်းဖြည်း ပြန်ပျော့ပျောင်းလာကာ အချိန်အတော်ကြာအောင် ချီတုံချတုံဖြစ်ပြီးနောက် ဖုန်းကို ပြန်ဖွင့်ကာ လော့ခ်ဖွင့်လိုက်ပြီး 'ရွှီနျောင်နျောင်ရဲ့ စိတ်ခံစားချက်လေး' ဆိုတဲ့ အကောင့်ကို နှိပ်၀င်လိုက်သည်။


ရွှီလော့ယန် သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ အသက်ပြန်ရှင်လာသလို ခံစားလိုက်ရပြီး အနည်းငယ် ရောင်ရမ်းနေတဲ့ မျက်လုံးတွေကို ပွတ်သပ်ရင်း မသိစိတ်က "ချန်အန်း" လို့ ခေါ်လိုက်မိပေမယ့် သူ့ခန္ဓာကိုယ်က အပြည့်အဝ ပြန်ကောင်းမလာသေးတာကြောင့် သူ့အသံက နိမ့်နေပေသည်။ 


ရွှီလော့ယန်တစ်ယောက် သူ့အသံသူကြားပြီးနောက် ထိတ်လန့်တကြားနှင့် လန့်ဖျပ်သွားရသည်- ဟေး... ခုနကပြောလိုကာတဲ့သူက ဘယ်သူလဲ ဘယ်လိုတောင်ကြမ်းတမ်းနေတဲ့အသံလဲကွ!


သူ့ရဲ့လက်ကို လည်ချောင်းပေါ်မှာစမ်းနေရင်း 'ah ah ah' ဆိုပြီးအသံထွက်အောင် ကြိုးစားကြည့်နေရင်းမှ စင်ပေါ်ကဆင်းတဲ့အချိန်မှာ သူ့ကို ကောက်ချီလာတဲ့လူက ချီချန်အန်း ဆိုတာကို သတိရလိုက်သည်။ ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တော့ ကုလကာတွေဆွဲပိတ်ထားလို့ အခန်းက မှောင်နေပေမယ့် ကုတင်ဘေးမှာ IV stand ကိုတွေ့လိုက်ရတော့ ချီချန်အန်းက သူ့ကိုဆေးရုံကို ခေါ်လာခဲ့တာပဲဖြစ်မယ်လို့တွေးလိုက်သည်။


ဒါပေမယ့် သူအခုဘယ်မှာရောက်နေတာလဲ။


နံနက်ခင်းအလင်းရောင်က ခန်းစီးကြားကွက်လပ်တစ်ခုအတွင်းကနေ ဖြာကျလာသော်လည်း ရွှီလော့ယန် သူ့ရဲ့ဆဲလ်ဖုန်းကို ရှာမတွေ့သောကြောင့် နံနက် ခုနစ်နာရီခန့်သာရှိမည်ဟု ခန့်မှန်းလိုက်သည်။ တစ်စုံတစ်ခုကို တွေးတောရင်း အိပ်ယာမှထနေချိန် တံခါးအပြင်ဘက်မှ တိုးတိုးတိတ်တိတ် အသံတစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။ 


"... စုံစမ်းချက်အရ.... ဒါက ဝမ်ယွိရှင်းလုပ်တာလား"


ရင်းနှီးသောအမည်၏အသံကြောင့် ရွှီလော့ယန်ရဲ့ လှုပ်ရှားမှုတွေ လျင်မြန်စွာရပ်တန့်သွားသည်။ 'ပြည်နယ်ဆယ့်လေးခုကို အေးချမ်းစေသောဓား' ဇာတ်ကားကို ရိုက်ကူးစဉ် သူက ဒုတိယအမျိုးသားဇာတ်လိုက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ဝမ်ယွိရှင်းက စီမံခန့်ခွဲသူမှ ရွေးချယ်ထားသော ပထမအမျိုးသားဇာတ်လိုက်ဖြစ်ပြီး ၎င်းတို့အကြား ရန်ပွဲကြီးစတင်ခဲ့သည်။


ရွှီလော့ယန်က ထိုဇာတ်ကားမှာ သူ့စီကကျော်ကြားမှုကို ခိုးယူလိမ့်မယ်လို့ တွေးကာ ဝမ်ယွိရှင်းက သူ့ရဲ့အလားအလာရှိတဲ့ ပြိုင်ဘက်ကို ဖယ်ရှားရန်အတွက်၊ သူ့အပေါ် အပြင်းအထန် နှိမ့်ချကာ ရွှီလော့ယန်ကို သူ့သဘောဖြင့်သူ ရုပ်ရှင်ရိုက်ကူးရေးကနေ နုတ်ထွက်ရန် အတင်းအကြပ် ကြိုးစားခဲ့သည်။ဝမ်ယွိရှင်းက ရိုက်ကူးနေစဉ်အတွင်း ရွှီလော့ယန်ရဲ့ကြိုးကို ဖြတ်တောက်ခဲ့တဲ့အတွက် ရွှီလော့ယန် ပြုတ်ကျခဲ့ရသော်လည်း နောက်ပိုင်းမှာ ဒါရိုက်တာက အဖွဲ့သားအားလုံးကို နှုတ်ပိတ်ကာ ပြဿနာကို ရှောင်ရှားရန် ရွေးချယ်သွားခဲ့သည်။


ရုပ်ရှင်ရိုက်ကူးမှုပြီးဆုံးပြီးနောက်မှာ ရွှီလော့ယန် ကျန်းသုန့်နှင့်အတူ ၀မ်ယွိရှင်းရဲ့ မူးယစ်ဆေးသုံးစွဲမှုဆိုင်ရာ အထောက်အထား အားလုံးကို စုဆောင်းခဲ့ပြီး ရဲထံ တိုက်ရိုက်သတင်းပို့ခဲ့သည်။


ယင်းကြောင့် သူတို့နှစ်ဦးကြားထဲက ရန်ပွဲဟာ အခြေခံအားဖြင့် သံမဏိလိုမျိုး ခိုင်မြဲတင်းမာနေခဲ့ပြီး ဒီတစ်သက်မှာ သူတို့ကို ရင်ကြားစေ့နိုင်ဖို့ရာ နည်းလမ်းမရှိချေ။


သို့ပေမယ့် ယင်းက ရွှီလော့ယန်ကို ချက်ချင်းဆိုသလို နိုးကြားသွားစေသည်။ 


ချီချန်အန်းလိုလူထံက ဝမ်ယွိရှင်း နာမည်ကို ထုတ်ပြောလာတာဆိုရင် တစ်ခုခု ဖြစ်နေပြီ မဟုတ်ဘူးလား။


ထိုအချိန်တွင် တံခါးဖွင့်သံများ ထွက်ပေါ်လာသဖြင့် ရွှီလော့ယန်က ကုတင်ပေါ်တွင် အမြန်ပြန်အိပ်ကာ မျက်လုံးကိုမှိတ်လိုက်ပြီး အသက်ရှုသံကို ထန်းထားလိုက်သည်။ သူ့ လှုပ်ရှားမှုတွေက ဘာလို့ဒီလိုမျိုး ချောမွေ့မြန်ဆန်နေသလဲဆိုတာကို မသိသော်လည်း လျှို့ဝှက်ချက်အချို့ကို ကြားလိုက်ရသလိုမျိုး ထူးထူးခြားခြား သူအပြစ်ရှိသလို ခံစားလိုက်ရသည်။


ထို့နောက်မှာ၊ ချီချန်အန်းရဲ့ ငြင်သာတဲ့ခြေသံတွေက တဖြည်းဖြည်း နီးကပ်လာပြီး ကုတင်ဘေးတွင် ရပ်လိုက်သည်။ ထို့နောက် ရွှီလော့ယန်က သူ့နဖူးပေါ်တွင် ထိုသူ့ရဲ့လက်ကို ခံစားလိုက်ရသည်။ သူက အဖျားရှိမရှိ စစ်ဆေးနေပုံရပြီး၊ထို့အပြင် ချီချန်အန်းက သူအိပ်ပျော်နေဟန်ဆောင်တာကို သတိထားမိပုံမရချေ။


ရွှီလော့ယန်မှာ သူ့ကိုယ်သူ သဘောကျသွားသည်။ သူက ငယ်စဉ်ကတည်းက ကျန်းမာသန်စွမ်းသော ကလေးတစ်ဦးဖြစ်ခဲ့ပြီး မိဘများအနေဖြင့် စိတ်ပူစရာမလိုဘဲ အအေးမိခြင်းပင် မရှိသလောက်နည်းပါးခဲ့သည်။


သူကနည်းနည်းလောက် စချင်သွားသည်- အခု မျက်လုံးဖွင့်ပြီး၊ ချီချန်အန်းကို သူပြန်ကောင်းလုနီးပါး ဖြစ်နေပြီဆိုတာ ပြောပြပြီး ၊သူ့ကို အံ့အားသင့်အောင်လုပ်ပေးလိုက်ရမလား။


သို့သော်ခဏအကြာမှာပင် ချီချန်အန်းက သူ့ထံကိုငုံ့ကိုင်းလာတယ်လို့ ခံစားလိုက်ရသဖြင့် သူ့အတွေးတွေက ပြတ်တောက်သွားရ၏။


စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာတော့ အနည်းငယ်အေးစက်ပြီးနူးညံ့တဲ့ အနမ်းလေးက သူ့မျက်ခွံပေါ်ကျရောက်လာသည်။


ရွှီလော့ယန် စောင်အောက်မှာ ထည့်ထားတဲ့ သူ့ရဲ့လက်ချောင်းတွေကို တိတ်တဆိတ် တင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်ရင်း ကုတင်ပေါ်ကနေ တည့်တည့်ထမခုန်မိစေဖို့ သူ့ခွန်အားတွေ အကုန်သုံးလိုက်ရသည်- သူ အိပ်မက်မက်နေတာများလား...တစ်ကယ်ကြီးလား...ချီချန်အန်းက တစ်ကယ်ကြီး သူ့ကို နမ်းနေတာလား။


လက်ဖက်ရွက်ရဲ့ခပ်စူးစူးရနံ့ကို နမ်းရှိုက်လိုက်မိသလိုမျိုး သူ့ခြေချောင်းတွေကို ကုပ်ထားလိုက်မိသည်။


သို့ပေမယ့် မကြာခင်မှာပဲ အနမ်းက ရပ်တန့်သွားသဖြင့် ရွှီလော့ယန်တစ်ယောက် မျှော်လင့်ချက်အပြည့်ဖြင့်စောင့်မျှော်နေမိသွားသည်။


ချီချန်အန်းက ဘယ်ကိုထပ်နမ်းမှာလဲ သူ့နဖူးကိုလား...နှာဖျားလေးကိုလား...ဒါမှမဟုတ်...သူ့နှုတ်ခမ်းကိုများလား...သူအဲ့အကြောင်းကို ပိုတွေးလေလေ စိတ်လှုပ်ရှားလာလေလေပဲ !


သို့ပေမဲ့စိတ်ပျက်စရာကောင်းစွာပင်။ချီချန်အန်းက သူ့မျက်ခွံတွေကို နမ်းပြီးတာနှင့် ကုတင်ဘေးမှာ မတ်တပ်ရပ်နေပြီး နောက်တစ်ကြိမ်မလှုပ်ရှားတော့ပေ။ ရွှီလော့ယန်ရဲ့ နှလုံးသားနှင့် ဝိညာဉ်က သူဘာမှထပ်မလုပ်တော့တာကြောင့် နာကျင်သွားရသည်။


ဒါက တစ်သက်မှာ တစ်ကြိမ်ပဲရနိုင်တဲ့ အခွင့်အရေးကို၊ သူဘယ်လို မြတ်နိုးရမှန်းမသိဘူးလား.... သူ့ခေါင်းထဲက ထိုအတွေးတွေ ရုတ်တရက် ဖြတ်သွားချိန်မှာတော့ ရွှီလော့ယန်က သူ့နှလုံးသားထဲမှာ တဖျပ်ဖျပ်ခတ်သွားသလို ခံစားလိုက်ရပြီး တစ်ခုခုတော့မှားနေပြီလို့ ခံစားလိုက်ရသည်။


ချီချန်အန်းက သူ သတိလစ်နေချိန်မှာ မျက်ခွံပေါ် နမ်းလိုက်တယ်၊ သေချာစဥ်းစားကြည့်ရင် ဆိုလိုတာက ချီချန်အန်းက သူ့ကို နမ်းလိုက်တာမလား။


ရွှီလော့ယန်ရဲ့ နှလုံးသားလေးက အရှိန်မြင့်ရထားပေါ်မှာ ရောက်နေသလိုမျိုး ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်မှာပဲ သူ့နှလုံးသားတစ်ခုလို ခုန်ထွက်သွားသလို ခံစားလိုက်ရသည်။ သူဆက်ပြီးဟန်မတောင်နိုင်တော့သဖြင့် မျက်လုံးကို ဖွင့်လိုက်ချင်းချင်း ချီချန်အန်းရဲ့အကြည့်တို့ဖြင့် စုံတွေ့လိုက်ရသည်။


"ချန်အန်း..." 


ရွှီလော့ယန်က သူ့ခေါင်းထဲကအတွေးမျိုးစုံကို လစ်လျူရှုလိုက်ပြီး "မင်း နေကောင်းရဲ့လား" လို့မမေးမိအောင်သူ့နှုတ်ခမ်းတွေကို အတင်းထိန်းထားလိုက်ရသည်။ 


သူ့အရှေ့မှာ ရပ်နေတဲ့ ချီချန်အန်းက မျက်လုံးအောက်မှာ အပြာရောင်အရိပ်များ ထူထပ်နေပြီး ပင်ပန်းနေပုံပေါက်သဖြင့် ရွှီလော့ယန် သူ့ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ဂရုစိုက်ချင်လာသည်။


"နိုးနေပြီလား" 


ချီချန်အန်းရဲ့အသံက လန့်သွားတာကို ထိန်းချုပ်လိုက်ပုံပေါ်ပြီး"ကိုယ်နေကောင်းပါတယ်၊ မင်း ဘယ်နေရာအဆင်မပြေတာရှိလဲ ဆရာဝန် သွားခေါ်လိုက်ဦးမယ်"


ချီချန်အန်းဆရာဝန်သွားခေါ်ဖို့ တစ်ဖက်ကိုလှည့်လိုက်တဲ့အချိန်မှာ သူ့အမူအရာက ထူးဆန်းနေပုံရတာကြောင့် ရွှီလော့ယန်မသိစိတ်က သူ့အင်္ကျီရဲ့အစွန်းကိုလှမ်ပြီးဆွဲထားလိုက်သည်။ သူဆွဲထားဖို့ အသုံးပြုလိုက်တဲ့အင်အားက အလွယ်တကူပဲလျစ်လျူရှုနိုင်အောင် သေးငယ်သော်လည်း ချီချန်အန်းက လက်မဝက်လောက်ပင် မရွေ့လိုက်ချေ။


"ချန်းအန်း ကျွန်တော်အခု အရမ်းသက်သာနေပါပြီ၊ ဆရာဝန်ခေါ်စရာ မလိုပါဘူး" 


ရွှီလော့ယန်သည် လွန်ကဲစွာ အဖျားတက်ခြင်းနှင့်ပတ်သတ်ပြီး အတွေ့အကြုံများစွာရှိခဲ့တာကြောင့် သူ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ကောင်းစွာသိရှိလေသည်။ 


သူ့ရဲ့နှုတ်ခမ်းစွန်းတွေကိုကွေးညွှတ်ရင်း သူ့လက်ချောင်းတွေပေါ်မှာအားထည့်လိုက်ကာ ချီချန်အန်းရဲ့ အင်္ကျီထောင့်တွေကို လှုပ်ခါလိုက်ပြီးနောက် သူ့လေသံကိုပျော့ပျောင်းစေလိုက်ပြီး "ကျွန်တော်အခု ရေငတ်နေလို့ ရေသောက်ချင်နေတာ"


"ကိုယ် မင်းအတွက် သွားခပ်ပေးမယ်"


ချီချန်အန်းက ရွှီလော့ယန်ရဲ့ လက်ချောင်းတွေကို အသာအယာတစ်ချက်ဖျစ်ညစ်လိုက်ပြီးနောက် စောင်အပါးလေးပေါ်ပြန်တင်လိုက်ကာ စားပွဲရှည်ဆီသို့ အလျင်အမြန်လျှောက်သွားလိုက်ပြီး ရေတစ်ခွက်ထည့်ပြီးတဲ့နောက် အပူချိန်ကို သေချာစမ်းကြည့်လိုက်သည်။


ချီချန်အန်းရဲ့ ပုံစံကိုသတိထားကြည့်နေရင်း စောစောက သူ့ကိုခိုးနမ်းလိုက်မှုကြောင့် ခံစားလိုက်ရတဲ့ စိတ်လှုပ်ရှားမှုကို ရွှီလော့ယန်အခုချိန်မှာ ခဏ ဘေးဖယ်ထားလိုက်သည်။ 


သူနိုးလာကတည်းက ချီချန်အန်းရဲ့ ပုံစံထူးဆန်းနေသလို ခံစားနေရသည်- သူ့ကိုကြည့်တဲ့ပုံစံနဲ့ သူ့ရဲ့အမူအရာက အရင်ကနဲ့အနည်းငယ်ကွဲပြားနေ၏။


_____



Translated By IQ-Team.